12 March, 2008

Vote “No”

အချစ်ရေ..
မသေချာ မရေရာတဲ့ သက္ကရာဇ်တွေထဲ
အနေကြာခဲ့ နှစ်တွေမြဲလို့
“လုပ်သမျှ” ကို မယုံရဲ
“ပြောသမျှ” ကို သံသယစိတ်အစွဲနဲ့
လောကအပေါ်အဆိုးမြင်
မဲမဲမြင်ရန်လိုစိတ်ဝင်မိတဲ့ ကိုယ့်ကို
လူဆိုးကြီးလို့ မထင်လိုက်နဲ့ဦး။

ကတိက၀တ်တွေဟာလည်း
အဖိအညှစ်တွေပါပဲ အချစ်ရယ်..
အဖြူနဲ့ အမဲကိုလည်း
ဗြောင်လိမ်ဝံ့ရဲသူတွေက
အကြံအဖံ အကဲမစမ်းပဲ
အမှန်အကန်အသဲတခြမ်းနဲ့
Referendum မဲမှတ်တမ်းကို
အတိအကျ ရှိသမျှ ကြေငြာပေးမယ်လို့
ဘယ်သူကများ အာမခံဝံ့မှာတဲ့လဲ။

အလိမ်အညာ အဖျီးအဖျန်းတွေနဲ့
ဗေဒင်ယတြာ နည်းလမ်းတွေချဲ့
အသေအချာ အတိအကျစီမံပြီး
ပလီပလာ ပေါက်ကရ လေကန်ပြီး
စီမံခန့်ခွဲ သူတို့ကြောင့်
တိုင်းပြည်လည်း မွဲသထက်မွဲ
အရေပြားတွေလည်း မဲသထက်မဲ
အသည်းနှလုံးတွေလည်း ကွဲသထက်ကွဲ
ကျောမွဲ မျက်နှာမွဲ အလှမွဲ အခြေအနေမှာ
သန်းခေါင်ထက်လည်းပိုပြီး
ညဥ့် မနက်နိုင်တော့ပါဘူး အချစ်ရယ်။

ကိုယ်တို့ဘ၀က
ကျွန်ဖြစ်ပြီးမှ
နွံနစ်လည်းမထူးတော့ပါဘူး..
အလိမ် ခံရတာများလွန်းလို့
လူတွေလည်း ပိန်လိန်နေပါပြီ
အထုအထောင်းခံရတာများလို့
ထုသားပေသားလည်းကျနေပါပြီ..
ဥပါဒါဏ်ကြောင့် ဥပါဒ်ဖြစ်ပေမဲ့
လူလိမ်တွေ ကြီးစိုးတဲ့ခေတ်မှာ
ဖြစ်သမျှအကြောင်းအကောင်းချည်ပဲသာမို့
ထူးပြီး စိတ်ညစ်မနေပါနဲ့တော့ အချစ်ရယ်။

ရွေးချယ်စရာဆိုတာလည်း
ဈေးဝယ်သလိုပါပဲကွယ်..
ကြေးကြီးကြီးပေးဝယ်မှ
စိတ်တိုင်းကျပစ္စည်းတွေရမယ်
အမှည့်လွန် သစ်သီးကိုလည်းမစားနဲ့
နုငယ်လွန်းတဲ့ အသီးနဲ့လည်း မကစားနဲ့
အိမ်ရှင်မတစ်ယောက်ဟာ
စစ်သူကြီးတစ်ယောက်လိုပါပဲ
အခြေအနေကိုခြုံငုံ တွက်ချက်ပြီးမှ စစ်ထွက်ရသလို
အသေအချာ ဆန်းစစ်ပြီးမှ ဈေးဝယ်ပါ အချစ်ရယ်။
ဈေးတွက်အတွက်လွန်နေရင်လည်း
ချွေးထွက်အထွက်လွန်ပေလိမ့်မယ်
နေမြင့်လို့ဈေးကွဲတဲ့အခါ
လျော့ဈေးနဲ့ ချရောင်းရမယ်
ချွေးနဲ့ရေးတော့ ချွေးသမိုင်း
သွေးနဲ့ရေးတော့ သွေးသမိုင်း ပေါ့ကွယ်
“လေထိုးရင် လေရမယ်..
ငွေထိုးရင် ငွေရမယ်” ဆိုတဲ့
လောင်းကစားဝိုင်းက “ဒိုင်လူကြီး” ပြောတဲ့ စကား
အမှန်ပါပဲ အချစ်ရယ်။

အချစ်ရေ..
ကွန်စတီကျူးရှင်း အသစ်က
ကျွန်စနစ် ခေတ်တခေတ်ကို
အတိအကျ ထူထောင်တော့မှာမို့
ကျွန်မစစ်ပေမဲ့
ကျွန်ဖြစ်နေတဲ့
ကိုယ်တို့တတွေ
ရှိသမျှဇွဲ အားမာန်ခဲလို့
ကန့်ကွက်ကြရအောင်ပါ အချစ်ရာ။
စစ်ဗိုလ်တစ်မတ်သားပါလီမန်မှာ
ယူနီဖောင်းကြီးတလွှားလွှား
ပစ္စတိုကြီး တကားကားနဲ့
ဆစ်တို ပုကွ လူလုံးမလှတဲ့
ငတိများကသာ
ကြီးစိုးတော့မှာမို့
ယီးတီးယားတားလုပ်မိရင်
သေနတ်ကြီးများနဲ့ ထပစ်နေမှဖြင့်
ခက် ခက်ရချည်သေးရဲ့ အချစ်ရယ်။

ဒီတော့ အချစ်ရေ..
“မထူးဘူး” ဆိုပြီးလည်း
စိတ်ပျက်လက်ပျက်နဲ့
မျက်နှာမလွှဲ လိုက်ပါနဲ့ဦး
မျှော်လင့်ချက်မလက်တလက်
သံသယစိတ် တစ်ဝက်တစ်ပျက်နဲ့ပဲ
လောလောဆယ်
စကားနည်း ရန်စဲ
တိတ်တိတ်ကလေးပဲ (ဖြစ်ဖြစ်)
မဲရုံကို ဒို့တတွေ သွားလို့
“ကန့်ကွက်မဲ” ကလေး ပေးလိုက် ကြပါဦးစို့ကွာ….။

ငြိမ်းချမ်းအောင်

5 comments:

Anonymous said...

အစ်ကိုရေ ဒီကဗျာက ရှည်ပြီး အဓိပ္ပာယ်လည်းရှိတယ်။ ဖတ်လို့လည်းကောင်းတယ်။ အားလုံးထဲမှာ
"မျှော်လင့်ချက်မလက်တလက်
သံသယစိတ် တစ်ဝက်တစ်ပျက်နဲ့ပဲ
လောလောဆယ်
စကားနည်း ရန်စဲ
တိတ်တိတ်ကလေးပဲ (ဖြစ်ဖြစ်)
မဲရုံကို ဒို့တတွေ သွားလို့
“ကန့်ကွက်မဲ” ကလေး ပေးလိုက် ကြပါဦးစို့ကွာ….။ "
ဒီနောက်ဆုံးအပိုဒ်လေး အကြိုက်ဆုံးပဲ။

ဆောင်းယွန်းလ said...

နဘေတွေဘာတွေထပ်လို့ပါလားဗျ..ကောင်းတယ်ဗျာ.
လိုအပ်ချက်ကိုဖြည့်ဆည်းပေးတဲ့ကဗျာလေးတစ်ပုဒ်ပါဘဲ

~P~ said...

ဟုတ်ပါ. အရမ်းကောင်းတယ်အကိုရေ..။ :)
ကန်.ကွက်ဖို.အဆင်သင်.ပါဘဲ.. :)

Anonymous said...

အကိုငြိမ်းချမ်းရေ...
ကဗျာလေးကောင်းတယ်...
တိတ်တိတ်လေးမဟုတ်ပဲ အကျယ်ကြီးနဲ့ ကန့်ကွက်မဲ ကော အတည်ပေးတဲ့ မဲပါ ရနိုင်ပါစေအကိုရေ..:)

Kaung Kin Ko said...

ကဗျာလေး ကောင်းတယ်ဗှာ။