ကျနော့်ကို ချ,ထားတဲ့ကောင်တွေကို
ကျနော်က ပြန်ချတယ်
ကျနော်က ချ,ထားတဲ့ကောင်တွေက
ကျနော့်ကို ပြန်ချတယ်
ဘောလုံးကစားတယ်ဆိုတာ
ပန်းနဲ့ပေါက်တန်းကစားတာမဟုတ်တော့
ထိခိုက်ဒဏ်ရာကိုယ်စီတော့ ရှိကြတယ်
လက်ရည်မမျှတဲ့ စိန်ခေါ်သံတွေကို
ကျနော် မကြားချင်ယောင်ဆောင်ခဲ့တယ်
ခရာတွတ်နေတာတောင်
ကျနော့်နားရွက်ကို တံတွေးလာစွတ်နေလို့
ဒေါသနဲ့ ဂိုးအပြတ်သွင်းပစ်ခဲ့တယ်
လူမကျွံအောင် ကျနော်သတိထားကစားတယ်
ကိုယ့်ဂိုးကိုယ်ပြန်မသွင်းမိအောင်
ကျနော် အလေးထားတယ်
အနီကဒ်ပြပြီး အထုတ်ခံရလောက်အောင်လည်း
ကျနော် စည်းကမ်းမဖောက်ဘူး
ရာသက်ပန်အနားယူရလောက်တဲ့ ဒဏ်ရာမျိုးရအောင်လည်း
ကျနော် သတိလက်လွတ် မကစားဘူး
အရံခုံမှာ ထိုင်နေရတဲ့အခါ
အသင်းဖော်တွေကို အားတက်သရော အားပေးတယ်
ကိုယ်တိုင်ဝင်ကစားရတဲ့အခါ
အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ အားမွေးတယ်
တသင်းတည်းသားချင်း ခြေခွင်မလှဲဘူး
နောက်ကျောကနေ လက်သီးပုံးမထိုးဘူး
ကျနော်ပါဝင်ကစားခွင့်ရတဲ့ အသင်းမှာ
ကျနော် အကောင်းဆုံးကစားခဲ့ပါတယ်။ ။
ငြိမ်းချမ်းအောင်
27 April, 2009
ဘောလုံးနဲ့ရေးတဲ့ကဗျာ (၁)
20 April, 2009
11 April, 2009
ပိရိသေသပ်သော အကြောင်းအရာ
ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားကို မကြည့်ချင်ပါဘူး
'အိုဂါကူရီလန်ကို' ဆိုတဲ့ကလေးမရဲ့ အလှဟာ
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အချစ်ဆိုတဲ့ လောင်စာဆီထည့်ပြီး
ငယ်စဉ်က မောက်မာခဲ့ဖူးတယ်
အခုတော့ ကိလေသာကိုပဲ ပြန်ပြီးလွမ်းနေရ
ငွေကြေးဆိုတာ ရှာဖွေလို့ရတယ်
လူငယ်ဘ၀ဆိုတာက ပြန်မရနိုင်တော့ဘူးမဟုတ်လား
'အင်ဒရီနာလီမာ' ကပြောတယ်
“ကျမက ကက်သလစ်ဘာသာဝင်လေ
လိင်မှုကိစ္စဆိုတာ လက်ထပ်ပြီးမှ လုပ်ရတာမျိုးပါ” တဲ့
စိတ်ကူးကို မီးရို့ရင် ပဲရစ်မြို့ကြီး ပြာကျသွားနိုင်တယ်
ကျနော်က လစ်ဘရယ်မဖြစ်ဘူး
အစွန်းနှစ်ဖက်မှာ တစ်လှည့်စီရပ်ရင်း
အလယ်ဗဟိုကို မရောက်နိုင်ဘူးဖြစ်နေတယ်
ဖြစ်သင့်တာကတခြား ဖြစ်နေတာကတခြားဆိုတော့
ယုံကြည်ရာကို မယုံကြည်သလို
မယုံကြည်ရာကို ယုံကြည်သလို ဟန်လုပ်နေရ
အကြောင်းအရာတွေက နက်နဲလွန်းပါတယ်
ခေါင်းစဉ်တစ်ခုချင်းစီနောက် လျှောက်လိုက်နေမိတော့
ဖြစ်စဉ်တစ်ခုလုံးနဲ့ ဝေးဝေးသွားတယ်
ကိုလိုနီခေတ်မှာလည်း ဧရာဝတီမြစ်ကြီး စီးဆင်းခဲ့တယ်
‘ရွှေဘ’ ခေတ်ကုန်တော့ '၀င်းဦး’ ခေတ်ရောက်လာတယ်
တစ်စက္ကန့်ခြင်း တစ်မိနစ်ခြင်း ရှူသွင်းနေရတဲ့လေထဲမှာ
အမုန်း၊ အာဃာတနဲ့ စစ်မက်ရနံ့တွေ တောက်လောင်နေတယ်
၂၀၀၈ ရုံတင်ဇာတ်ကားတွေ ကြည့်ဖြစ်တယ်
Slumdog Millionaire ထဲက အချစ်ဇာတ်လမ်းကတော့
ခမ်းနားထည်ဝါလွန်းပါတယ်
အချစ်နဲ့ မျှော်လင့်ချက်ကိုထမ်းပိုးလို့
ကမ္ဘာကြီးက ခရီးဆက်နေတယ်
အရင်းအနှီးပါတဲ့ ကဗျာတစ်ပုဒ်ဟာလည်း
ရာစုနှစ်တွေ ဖြတ်သန်းပြီး ခရီးနှင်နေဆဲ
ကျနော်တို့ မသောက်ရဲတဲ့ အဆိပ်ခွက်ဟာ
ကျနော်တို့ လိုက်ရှာနေတဲ့ ပုစ္စ္စာရဲ့ အဖြေပါပဲ
ဘာပဲဖြစ်ဖြစ် ပြတင်းတံခါးတွေ ဖွင့်လိုက်ကြတော့
အိမ်အပြင်မှာ ပိတောက်တို့ဖူးပြီ
နွေဦးသစ်ပြန်ပြီ။ ။
ငြိမ်းချမ်းအောင်
03 April, 2009
ခြင်္သေ့
ခေတ်မကောင်းတဲ့အခါမှာလည်း
ရူးချင်ယောင်မဆောင်ဘူး
သားကောင်မရလို့လည်း
မြက်မစားဘူး
တောခွေးအတွေ အူတိုင်းလည်း
ခေါင်းထောင်မကြည့်ဘူး
ယုန်သူငယ်နဲ့လည်း
ပရောပရီမလုပ်ဘူး
ခြင်္သေ့ဟာ တောရဲ့အရောင်
တောင်ရဲ့အရိပ်ကို သိတယ်
တိုက်လာတဲ့ လေထဲကရနံ့မှာ
ရန်သူလား၊ မိတ်ဆွေလားခွဲခြားသိတယ်
ဒဏ်ရာဒဏ်ချက်တွေနဲ့
ဝမ်းနည်းပက်လက် နေ့ရက်တွေမှာတောင်
ခြင်္သေ့ဆိုတာ အကြီးမြတ်ဆုံးရှင်သန်တယ်။ ။
ငြိမ်းချမ်းအောင်
၂၅ မတ်၊ ၂၀၀၉