Showing posts with label ရေးသူအကြိုက်. Show all posts
Showing posts with label ရေးသူအကြိုက်. Show all posts

23 July, 2009

ကမ္ဘာပျက်အလွမ်း

ကြိုးညှိပြီးတဲ့အထိ
ဘာသီချင်းတီးရမှန်းမသိဘူး
ခံစားတတ်မယ်ဆိုရင်
သစ်ရွက်ကလေးလူပ်ခါနေသည်လည်း
စွဲမက်ဖွယ်ဂီတပင်
နွေရာသီဟာအခန်းထဲမှာချွေးတွေရွှဲနစ်လို့
အဲဒီပက်လက်ကုလားထိုင်ပေါ်
အရုပ်ကျိုးပြတ်လဲကျနေတာ
အသွေးအသားအသိညာဏ်တို့ရဲ့အစုအဝေး
သက်ရှိခန္ဒာကိုယ်တစ်ခုမဟုတ်လား။
နေရောင်ခြည်ရုပ်သိမ်းခံလိုက်ရတဲ့ညနေခင်းဟာ
သွေးပျက်ခြောက်ခြားဖွယ်ရာအတိ
လှောင်အိမ်ထဲကချိုးကူသံဟာဝမ်းနည်းပက်လက်
ကျနော့်ရှေ့ကနံရံမှာ
အဖြူရောင်အရိပ်တွေယိမ်းထိုးလူပ်ခါနေတာ
ခြောက်ကြိုးကဝေစုန်းမတွေပညာပြနေတာလား
လရောင်မှတ်လို့ငေးစိုက်ကြည့်လိုက်မိတာ
မီးစုန်းဖြစ်နေလို့မျက်စိကိုကျိမ်းစပ်သွားတာပဲ
အခန့်မသင့်ရင်တောကျွမ်းတဲ့မုဆိုးလည်း
တောမှောက်တာခံရနိုင်သည်ပင်
အထီးကျန်မူဝေဒနာဟာအနီရောင်လက်လက်တောက်ပ
ထုထည်သိပ်သိပ်သည်းသည်းနက်နက်ရိုင်းရိုင်း
စကားတွေပြောချင်နေတယ်

စကားပြောဖော်မရှိဘူး
အလုပ် လုပ်ချင်တယ်
အလုပ်ခန့်မယ့်သူမရှိဘူး
ကျနော့်ဒဏ်ရာကို ဖေးကူမဲ့သူမရှိဘူး

ကျနော့်ခံစားချက်ကို ဘယ်သူမှနားမလည်နိုင်ဘူး
ကျန်းမာရေးမကောင်းလို့
အရက်ဖြတ်လိုက်တယ်
မိတ်ဆွေမဟုတ်တော့လို့
မိတ်ဆွေတချို့နဲ့လမ်းခွဲလိုက်တယ်
ကမ္ဘာပျက်မှာကြိုသိနေသူတစ်ယောက်
သင်္ဘောမှောက်မှာတွေးကြောက်မနေတော့ဘူး..။……။

ငြိမ်းချမ်းအောင်
၂၁ ဇူလိုင် ၀၉

Read More...

21 May, 2009

အမျိုးသားရေးတာဝန်

အမျိုးကိုထိတော့ မချိအောင်နာ
လူထုခေါင်းဆောင်ကို ထိတော့
တတိုင်းပြည်လုံးအနာပေါ်ဒုတ်ကျ
ဆူဝေနေတဲ့ ငါဒို့.. သွေးတွေ
ပွက်ပွက် အန်ကျတယ်

နအဖဆိုတာ နွားအဖွဲ့
အဲဒီ နွားအဖွဲ့ဟာ
ပြည်သူကို သတ်နေပြီ..

အဲဒီ နအဖ ဆိုတဲ့ နွားအဖွဲ့ဟာ
သံဃာကို သတ်
သာသနာကို ဖျက်ဆီးနေပြီ..

အဲဒီ နအဖ ဆိုတဲ့ နွားအဖွဲ့ဟာ
ခေါင်းဆောင်ကိုထောင်သွင်း
လူထုကို နှိပ်စက် ညှဉ်းပမ်းနေပြီ..

အဲဒီ နအဖ ဆိုတဲ့ နွားအဖွဲ့ဟာ
တိုင်းပြည်ကို ချောက်ထဲပို့
အနာဂတ်ကို မီးရှို့နေပြီ..

ဗိုလ်ချုပ်မှူးကြီးဆိုတဲ့
ဂြိုလ်ကုပ်ဒူးကြီး
ငသန်းရွှေဟာ
စစ်ရာဇ၀တ်ကောင်
ပြည်သူ့ချဉ်ဖတ်
သေချင်းဆိုးနဲ့ သေမဲ့ ကောင်

အဲဒီ ငသန်းရွှေဟာ.. ရန်သူနံပါတ်တစ်
အဲဒီ ငသန်းရွှေဟာ.. ဟစ်တလာ
အဲဒီ ငသန်းရွှေဟာ.. ပိုပေါစ့်
အဲဒီ ငသန်းရွှေဟာ.. လူယုတ်မာ
အဲဒီ ငသန်းရွှေဟာ.. ဖက်ဆစ်စစ်မိစ္ဆာ

နားလာကိုက်လို့
ပါးပြန်ရိုက်တာ
မင်္ဂလာတရားတော်နဲ့ ညီတယ်
သူငယ်ချင်းတို့..

ကိုက်ဖို့လာတဲ့ ခွေးကို
ဒုတ်နဲ့ ပြန်မရိုက်ရင်
ခွေးကိုက်တာ ခံရလိမ့်မယ်

ရရာလက်နက်ကိုဆွဲ
ခွေးမျိုးပြုတ်အောင်
ခွေးမျိုးကိုဖြုတ်ပစ်ရမယ်

“သပိတ်.. သပိတ်.. မှောက်မှောက်”
“မီးတုတ်.. မီးတုတ်.. ရို့ ရို့”

သန်းရွှေ.. သန်းရွှေ
သေစမ်း.. သေစမ်း

“ဒေါ်အောင်ဆန်းစုကြည်.. သက်တော်ရာကျော်ရှည်ပါစေ”
“နအဖ နွားအဖွဲ့ ကျဆုံးပါစေ”

“တတိုင်းပြည်လုံးအုံကြွ.. နအဖ ပြုတ်ကျ”
“ရရင်ရ.. မရရင် ချ..”

ငြိမ်းချမ်းအောင်
၂၀-၅-၂၀၀၉

Read More...

13 May, 2009

မိုးများတဲ့ နွေဦးရာသီ၊ မေ ၁၂ နေ့လည်ခင်းနှင့် သင်းပျံ့နေဆဲ ပန်းနုရောင်ဇီဇ၀ါ

ကျနော်မပျော်ရွှင်မှန်းသိလို့
ဒီနွေဦးမှာပွင့်တဲ့ ပန်းကလေးတွေတောင် ညှိုးငယ်နေကြတယ်
အရွက်စိမ်းစိမ်း သစ်ပင်တွေပေါ်မိုးရွာချလိုက်တာ
သစ်ရွက်တွေပေါ်မှာ မိုးရေစက်ကလေးတွေ တွဲလွဲခိုနေတာ
မိုးရွာပြီးစ နေရောင်ခြည်ဟာ တလက်လက်တောက်ပနေတာ
ကျနော့်ကို ဘာခံစားချက်မှ မပေးနိုင်ခဲ့ဘူး

ဖိနပ်စီးပြီး ကျနော် လမ်းလျှောက်ထွက်ခဲ့တယ်
ငယ်ငယ်ကလို လမ်းဘေးမှာ တွေ့တဲ့ အုတ်နီခဲကိုကောက်ပြီး
နီးရာ ဓါတ်တိုင်ကို ပစ်ပေါက်လိုက်ချင်စိတ်ကို မနည်းထိန်းထားရတယ်
မော်တော်ကားတွေက ကျနော့်ကို ဖြတ်ကျော်တက်သွားတယ် 

ကျနော်က သစ်ပင်တွေနဲ့ အဆောက်အဦးတွေကို ဖြတ်ကျော်ခဲ့တယ်
သူငယ်ချင်းတွေနဲ့ မတွေ့တာ ရှစ်လကျော်ပြီ
ဒီနေ့ဆို ကျနော်အရက်မသောက်ဖြစ်တာ လေးလပြည့်ပြီ
ကမ္ဘာပေါ်မှာ ရှိသမျှ အလှမွေးငါးကန်တွေကို ရိုက်ခွဲပြီး
ကန်ထဲက ငါးကလေးတွေကို လွတ်လပ်ခွင့်ပေးချင်တယ်
အလှမွေးငါးမွေးပြီး ယဉ်ကျေးချင်သူတွေကို ခဏလောက်ဖြစ်ဖြစ်
ငါးကန်ထဲ ထည့်ပြီး အလှပြထားရမယ်
လတ်လတ်ဆတ်ဆတ် မရှိတဲ့ ညနေခင်းမှာ
ညှဉ်းသိုးသိုးဖြစ်နေတဲ့ ကျနော့်စိတ်ကူးက
လွန်ခဲ့တဲ့ အတိတ်ကာလကိုရောက်သွားတယ် 

စိတ်ကူးမှာ ဇီဇ၀ါ ပန်းခြောက်ကလေးကို 
စိတ်ရှိလက်ရှိ ပွေ့ယူ နမ်းရိုက်လိုက်မိတယ်
လေပြည်မှာ ပန်းရနံ့တွေ သင်းပျံ့နေတုံးပါပဲ
အချစ်ဆိုတာ အရွယ်သုံးပါးကို ဖြတ်သန်းပြီး
အဆင့်ဆင့်ပြောင်းလဲ ဖြစ်ပေါ်နေခဲ့တယ်
ကျနော့်စိတ်ကူးက ပစ္စုပ္ပန်ကာလကို ပြန်ရောက်လာတယ်
စိတ်ကူးမှာ ပန်းအိုးထဲ ပန်းအသစ်လဲတယ်
စိတ်ကူးမှာ အတွေးသစ်အမြင်သစ်တွေနဲ့
ကျနော့် ၀ရံတာကို အလှဆင်တယ်
စိတ်ကူးမှာ အိမ်ထောင်ကျတယ်
စိတ်ကူးမှာ မချစ်မနှစ်သက်တဲ့ အိမ်ထောင်နဲ့ ကွဲတယ်
ကျနော်က စိတ်ကူးမှာတောင်
မချစ်သော်လည်း အောင့်ကာနမ်းဖို့ခက်ပေမဲ့
ကျနော်ထားရစ်ခဲ့တဲ့ မှတ်တိုင်လေးကတော့
ဆေးအသစ်သုတ်လို့ အဓိပ္ပါယ်အသစ်တွေရေးခြစ်လို့
ကျနော်ဖြတ်ကျော်ခဲ့တဲ့ ဘူတာရုံလေးကလည်း
အသစ်ဆိုက်ကပ်လာတဲ့ ယာဉ်ရထားတွေနဲ့ ပျော်မွေ့လို့

ကျနော်က ရွာမတွေ့မချင်း
လမ်းဆက်လျှောက်နေရဆဲပါပဲ……။

ငြိမ်းချမ်းအောင်

Read More...

11 April, 2009

ပိရိသေသပ်သော အကြောင်းအရာ

ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားကို မကြည့်ချင်ပါဘူး
'အိုဂါကူရီလန်ကို' ဆိုတဲ့ကလေးမရဲ့ အလှဟာ
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အချစ်ဆိုတဲ့ လောင်စာဆီထည့်ပြီး
ငယ်စဉ်က မောက်မာခဲ့ဖူးတယ်
အခုတော့ ကိလေသာကိုပဲ ပြန်ပြီးလွမ်းနေရ
ငွေကြေးဆိုတာ ရှာဖွေလို့ရတယ်
လူငယ်ဘ၀ဆိုတာက ပြန်မရနိုင်တော့ဘူးမဟုတ်လား
'အင်ဒရီနာလီမာ' ကပြောတယ်
“ကျမက ကက်သလစ်ဘာသာဝင်လေ
လိင်မှုကိစ္စဆိုတာ လက်ထပ်ပြီးမှ လုပ်ရတာမျိုးပါ” တဲ့
စိတ်ကူးကို မီးရို့ရင် ပဲရစ်မြို့ကြီး ပြာကျသွားနိုင်တယ်
ကျနော်က လစ်ဘရယ်မဖြစ်ဘူး
အစွန်းနှစ်ဖက်မှာ တစ်လှည့်စီရပ်ရင်း
အလယ်ဗဟိုကို မရောက်နိုင်ဘူးဖြစ်နေတယ်
ဖြစ်သင့်တာကတခြား ဖြစ်နေတာကတခြားဆိုတော့
ယုံကြည်ရာကို မယုံကြည်သလို
မယုံကြည်ရာကို ယုံကြည်သလို ဟန်လုပ်နေရ
အကြောင်းအရာတွေက နက်နဲလွန်းပါတယ်
ခေါင်းစဉ်တစ်ခုချင်းစီနောက် လျှောက်လိုက်နေမိတော့
ဖြစ်စဉ်တစ်ခုလုံးနဲ့ ဝေးဝေးသွားတယ်
ကိုလိုနီခေတ်မှာလည်း ဧရာဝတီမြစ်ကြီး စီးဆင်းခဲ့တယ်
‘ရွှေဘ’ ခေတ်ကုန်တော့ '၀င်းဦး’ ခေတ်ရောက်လာတယ်
တစ်စက္ကန့်ခြင်း တစ်မိနစ်ခြင်း ရှူသွင်းနေရတဲ့လေထဲမှာ
အမုန်း၊ အာဃာတနဲ့ စစ်မက်ရနံ့တွေ တောက်လောင်နေတယ်
၂၀၀၈ ရုံတင်ဇာတ်ကားတွေ ကြည့်ဖြစ်တယ်
Slumdog Millionaire ထဲက အချစ်ဇာတ်လမ်းကတော့
ခမ်းနားထည်ဝါလွန်းပါတယ်
အချစ်နဲ့ မျှော်လင့်ချက်ကိုထမ်းပိုးလို့
ကမ္ဘာကြီးက ခရီးဆက်နေတယ်
အရင်းအနှီးပါတဲ့ ကဗျာတစ်ပုဒ်ဟာလည်း
ရာစုနှစ်တွေ ဖြတ်သန်းပြီး ခရီးနှင်နေဆဲ
ကျနော်တို့ မသောက်ရဲတဲ့ အဆိပ်ခွက်ဟာ
ကျနော်တို့ လိုက်ရှာနေတဲ့ ပုစ္စ္စာရဲ့ အဖြေပါပဲ
ဘာပဲဖြစ်ဖြစ် ပြတင်းတံခါးတွေ ဖွင့်လိုက်ကြတော့

အိမ်အပြင်မှာ ပိတောက်တို့ဖူးပြီ
နွေဦးသစ်ပြန်ပြီ။ ။

ငြိမ်းချမ်းအောင်

Read More...

23 March, 2009

အန်အယ်လ်ဒီ

သူ့လက်ဖျံမှာထိုးတဲ့ဆေးမင်ကြောင်ကအောင်ဆန်းစုကြည်
သူ့မဟာမိတ်ကမင်းကိုနိုင်နဲ့သူရဲကောင်းများ
သူ့ရင်ဘတ်ထဲမှာပြည်သူသာအမိပြည်သူသာအဖ
သူရင်းနှီးမြှုပ်နှံထားတာတိုင်းချစ်ပြည်ချစ်စိတ်ဓါတ်
သူ့ပန်ကြားလွှာမှာမတရားတဲ့အမိန့်အာဏာဟူသမျှတာဝန်အရဖီဆန်ကြ
သူကိုးကွယ်တဲ့ဘာသာကအမှန်တရားကိုချစ်မြတ်နိုးခြင်း
သူကျွမ်းကျင်တတ်မြောက်တာဗြဟ္မစိုရ်တရားလေးပါး
သူမေ့လို့မရတာ ၉၀-ရွေးကောက်ပွဲရလာဒ်
သူကြွေးကြော်လိုက်တာ နွေဦးဟာခူးဆွတ်ရဲသူအတွက်သာဖြစ်တယ်။ ။

ငြိမ်းချမ်းအောင်

Read More...

18 February, 2009

သောင်းရင်းမှာ အိမ်ပြန်နောက်ကျခဲ့ပြီ သင်တိုင်းဖြူ

နောင်နှစ်ခါ
တန်ဆောင်မုန်းမှာ
ပွဲမကြည့်ချင်ဘူး
နောက်တစ်ခါ
နယူးရီးယားမှာ
ပြန်တွေ့ချင်တယ်
ချစ်ရတဲ့ သင်တိုင်းဖြူရေ။

လူရွှင်တော်တွေပြောတဲ့
ဆန်ဆုံစား ကံကုန်သွား
ဇာတ်လမ်းမျိုးမဟုတ်ဘူး
ဘ၀ဆိုတဲ့ သံသယာမှာ
မင်းနဲ့ငါ ဆုံခဲ့ကြ
အဲဒီ မီးပုံပွဲတစ်ည
ငါ့အပျိုမလေး မင်းကရှက်သွေးဖြာ
မင်းအရပ်က ရှည်သွယ်
မင်းအသားက ၀ါဝင်း
ပြစ်မျိုးမှဲ့မထင်
မင်းခန္ဒာကိုယ်အချိုးအဆက်
ရိုက်ဖိုကြီးငယ်အသွယ်သွယ်မှာ
ငါကအသက်ရှူတာတောင်မှား
ငါကရင်ခုန်သံတောင်စည်းချက်မှား
ထင်းမီးဖိုအလင်းရောင်မှာ
ဖားစည်တီးသံက မြူးလို့ကြွ
စည်းချက်နဲ့အညီ
မင်းကခန္ဒာကိုယ်လူပ် ယိမ်းလို့က
မင်းလက်ထဲကအဖြူရောင်ပုဝါစလေးလူပ်ခါက
မင်းအကမှာ… မင်းအလှမှာ
ငါက ခေါင်ရည်မသောက်ပဲယစ်မူး
အဲဒီညက ငါအချစ်ရည်ပါ မူးခဲ့တယ်။
 

ဓါတ်ခွဲကြည့်ဖို့မလိုအပ်တဲ့ ကိစ္စထဲမှာ
အချစ်ဆိုတဲ့အကြောင်းအရာပါတယ်
ငါ့အကြည့်မှာ မင်းကခေါင်းငုံ့ ရှက်သွေးဖြာ
အလို..သောင်ရင်းတောင်ရင်ခုန်သွား
အဝေးကဇွဲကပင်လူပျိုသိုးကြီးခမျာ ကျိတ်ပြီးမျက်လွှာချ
ဒီဘဝ
နောက်ဘဝ
ဘ၀အဆက်ဆက် ပေါင်းဖက်ချင်တယ်
မြင်မြင်ချင်းချစ်မိတာ ရှေးရေစက်မို့ထင်ရဲ့။

ငါ့အချစ်က
ပထ၀ီမြေကြီးထက်ပိုပြီးလေးနက်တယ်
မင်းအချစ်က
အမုန်းတံတိုင်းကြီးကိုကျော်ခွပြီးအရောက်လာခဲ့တယ်
လက်ချည်ပွဲမှာထပ်တွေ့တော့
ရင်ထဲက ဆန္ဒတွေပွင့်အံထွက်ခဲ့
“ဒေးမူကလည်းအကျောကိုချစ်ပါတယ်” တဲ့
ရိုးသားပွင့်လင်းတဲ့ အဖြေစကားမှာ
ငါ့အနာဂတ်ဟာ ဟင်းလင်းပဲ။

မင်းတို့ရိုးရာက သင်တိုင်း
ငါတို့ရိုးရာက ပင်နီနဲ့တိုက်ပုံ
မင်းကိုးကွယ်တာက သခင်ယေရူ
ငါကိုးကွယ်တာက ဗုဒ္ဓဘုရားသခင်
ဘာသာ၊ လူမျိုး၊ ယဉ်ကျေးမူအစဉ်အလာမတူညီကြတာ
အချစ်ကို မြူတစ်မူန်စာတောင် မမှေးမှိန်နိုင်ခဲ့ဘူး။

အမိမြေနဲ့အဝေးမှာ နှစ်တွေကြာ
အနောက်တိုင်းနဲ့ကူးလူးဆက်ဆံခဲ့ကြ
ဖားတစ်ပိုင်းငါးတစ်ပိုင်းယဉ်ကျေးမူမှာ
ငါတို့ချစ်ခြင်းမေတ္တာဟာ မညစ်နွမ်းခဲ့ပါဘူး
ပိုစ့်မော်ဒန် အယောင်ဆောင်ထားတဲ့
လစ်ဗင်းတူဂဲသား Living together သရုပ်ပြက်ဝါဒကို
ငါတို့ သဘောမတူခဲ့ကြဘူးလေ။

မင်းကြိုက်တဲ့တာလဘောဟင်းနဲ့ငပိထောင်းကိုငါလည်းကြိုက်တယ်
မင်းချစ်တဲ့ဒုက္ခသည်စခမ်းလေးကိုငါလည်းချစ်တယ်
မင်းနေချင်တဲ့တောင်ပေါ်ဒေသမှာပြန်အခြေချဖို့ငါသဘောတူတယ်
မင်းတို့အလံတော်ကို ငါဦးညွှတ်တယ်
နွေဦးမှာ ပွင့်တဲ့ ပိတောက်ကို မင်းခေါင်းမှာ ပန်ပေးချင်တယ်
မင်းစိတ်တိုတဲ့အခါ ဒေါနတစ်ခက်နဲ့ ငါနှစ်သိမ့်မယ်
ငါဒေါသထွက်တဲ့အခါ မင်းအကြင်နာလက်နဲ့ချော့မြူကွယ်
မင်းငိုရင် ငါချော့မယ်
မင်းပျော်ရင် ငါပြုံးမယ်
သောင်းရင်းမှာ အိမ်ပြန်နောက်ကျနေသူကို ခွင့်လွှတ်ပါ သင်တိုင်းဖြူ။

ရိုးသားဖြူစင်တဲ့
မင်းနှလုံးသားနုနုမှာ
ဘာအရောင်မှ အလိမ်းကျံမခံရစေချင်ဘူး
ဖြောင့်မတ်မှန်ကန်တဲ့
မင်းအတွေးအခေါ်မှာ
အမှောင့်ပယောဂတွေ ပူးဝင်မခံရစေချင်ဘူး
ဘုန်းကြီးတွေ အရိုက်ခံရတော့ မင်းကငိုတယ်
မင်းတို့ရွာတွေ မီးရို့ခံရတော့ ငါကဒေါသထွက်တယ်
နိုင်ငံရေးသမားတွေ နှစ်ရှည်ထောင်ဒဏ်ချခံရတော့မင်းကစုပ်သပ်တယ်
မင်းတို့တောင်ပေါ်သူတွေမုဒိမ်းကျင့်ခံရတော့ငါကတောက်ခေါက်တယ်
တို့နှစ်ယောက်လုံးလူသားဆန်ခဲ့ပါတယ်။

မဲဆောက်မှာ နောက်ဆုံးတွေ့တဲ့အခေါက်က
မင်းမျက်နှာမသာမယာ
မင်းက မင်းလူမျိုးအတွက်
ပူပင်သောကတွေရောက်
မင်းလုပ်နေတဲ့ အလုပ်တွေအကြောင်းငါ့ကိုရှင်းပြ
၈-နှစ်သမီးလေး မုဒိမ်းကျင့်ခံရတဲ့ အကြောင်းတောင်ပါသေး
ငါက မင်းမျက်နှာကို ငေးမော
မင်းနဖူးပေါ်က ကပိုကယိုဆံစတွေကို ငေးမော
အနာဂတ်ကိုငေးမော
ပြီးတော့ စိတ်ထဲမှာ သက်ပြင်းတွေကျိတ်ပြီးချ
တူနှစ်ကိုယ်နီးနိုင်မဲ့ရက်တွေအတွက်
စိတ်မစောမိတော့ဘူး သင်တိုင်းဖြူ။

တနေ့တစ်ရက်တောင် မခွဲခွာချင်ပေမဲ့
တစ်ခါတစ်လေ တစ်နှစ်တစ်ကြိမ်တောင်
တို့တွေပြန်မတွေ့ဖြစ်ကြဘူး
မင်းက မင်းအလုပ်တွေကို အကြောင်းပြ
ငါက မင်းကိုသတိရ ကျိတ်ပြီးလွမ်း
ဖုန်းဆက်လို့မရတဲ့ အရပ်ဒေသတွေကို
မင်းကမကြာမကြာ ခရီးထွက်
ငါက မင်းအတွက်စိုးရိမ် ဘုရားမှာပန်းလှူ ကျိတ်ပြီးဆုတောင်း
ဒေးမူရေ.. အလွမ်းဆိုတာ သံသယာမှာ
မလွတ်မကျွတ်ခြင်းတရားပါပဲ။

ဒီတစ်နှစ်တော့
ငါကမင်းကိုခွဲခွာ
မင်းတို့ပွဲတော်တွေရှိရာ
အချိန်မီပြန်မရောက်နိုင်ခဲ့
မင်းဆီက စာမလာ သတင်းမပါး
ဒေးမူတစ်ယောက်..နေမှကောင်းရဲ့လား
အဆင်မှပြေရဲ့လား
ဝါရှင်တန်ဆောင်းညမှာ
မီးကိုမှိတ် အမှောင်ထဲမှာ မင်းကိုကျိတ်သတိရ ငါကငို
ဒီတစ်ညလည်း
အိပ်နိုင်တော့မယ်မထင်ဘူး ချစ်ရတဲ့သင်တိုင်းဖြူရေ။………………။

ငြိမ်းချမ်းအောင်

Read More...

07 February, 2009

ကျွမ်းကျင်သည့်အလုပ်အကိုင်

အလုပ်အကိုင်ဆိုတဲ့ကွက်လပ်မှာ
ကဗျာဆရာလို့ ခပ်တည်တည်ချရေးလိုက်တယ်
ဘာဖြစ်လဲ
အာဏာသိမ်းစစ်ခေါင်းဆောင်ဖြစ်ရတာထက်
ကဗျာဆရာဖြစ်ရတာဂုဏ်ယူစရာကောင်းပါတယ်
စီရော်နယ်ဒိုက
တစ်ပတ်ကို ပေါင်နှစ်သိန်းခွဲ ၀င်ငွေရနေချိန်မှာ
ကျနော်ကတစ်နှစ်ကို ပေါင်နှစ်ရာ့ငါးဆယ်တောင် ကိုယ်ပိုင်ဝင်ငွေမရှိခဲ့ဘူး
ကျွမ်းကျင်တဲ့အလုပ်အကိုင်ဆိုလို့
ကဗျာတွေမတောက်တခေါက်ရေးတတ်တာပဲရှိတယ်
အနုပညာလက်နက်နဲ့ ခံစစ်စည်းရိုးကိုမသေမသပ်ကာထားတယ်
ယုံကြည်မူတစ်ခုနောက်ကောက်ကောက်ပါအောင်လိုက်ခဲ့တယ်
နေပူမရှောင်မိုးရွာမရှောင်စီးတော်မြင်းတစ်ကောင်လို အသုံးတော်ခံခဲ့တယ်
လူဆိုတာပညာတတ်လေပိုပြီးဖောက်ပြန်တတ်လေပဲ
သွေးနားထင်ရောက်နေတဲ့ ကွက်စိပ်ဆရာတစ်ယောက်ကိုတွေ့ဖူးတယ်
သနားစရာကောင်းပါတယ်
မှတ်ကျောက်အတိုက်ခံရဲတဲ့ အညတရတစ်ယောက်နဲ့တွေ့ဖူးတယ်
သူ့အတွက်ကျနော်ဂုဏ်ယူတယ်
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ကျောင်းသုံးစာအုပ်မှာ ကျနော်ကဗျာတွေရေးတယ်
လွန်ခဲ့တဲ့ဆယ်နှစ်က မှတ်တမ်းစာအုပ်မှာ ကျနော်ကဗျာတွေရေးတယ်
အခုကွန်ပြူတာမှာ ကျနော်ကဗျာတွေရေးတယ်
အနိမ့်အမြင့် အတက်အကျ မရှိတဲ့
လောကဓံဆိုတာ
ကျနော်ချရေးလိုက်တဲ့ကဗျာတွေပါပဲ။………….။

ငြိမ်းချမ်းအောင်...

Read More...

29 January, 2009

ခံနိုင်ရည်ကိုစမ်းသပ်ခြင်း (၄)

တီဗွီနဲ့ရေခဲသေတ္တာမရှိဘူး
တီဘီနဲ့အေအိုင်ဒီအက်စ်ရောဂါတော့ရှိတယ်

အိုးပိုင်အိမ်ပိုင်မရှိဘူး
ဧည့်စာရင်းတိုင်ရတာတော့ရှိတယ်

အခွင့်အရေးမရှိဘူး
အခွန်အတုတ်တော့ရှိတယ်

ထောက်ပံ့ကြေးမရှိဘူး
ဖောက်ပြန်ရေးသမားတော့ရှိတယ်

ဘဏ်စာအုပ်မရှိဘူး၊ ခရက်ဒစ်ကဒ်မရှိဘူး
နေ့ပြန်တိုးနဲ့အပေါင်ဆုံးလက်မှတ်တော့ရှိတယ်

ဝတ်ပြုဆုတောင်းခွင့်မရှိဘူး၊ ဘာသာရေးလွတ်လပ်ခွင့်မရှိဘူး
လောင်းကစားဝိုင်းနဲ့လမ်းဘေးအရက်ဆိုင်တော့ရှိတယ်

အလုပ်လက်မဲ့တွေမိုလိုပေါက်
အမျိုးကောင်းသားသမီးတွေ
အရက်ကျွံ၊ လိင်ကျွန်ဘ၀ရောက်
လူငယ်တွေကတိုင်းတပါးရောက်
သက်ကြီးရွယ်အိုတွေလမ်းဘေးရောက်
အလားအလာကောင်းတဲ့တို့နိုင်ငံ

“သူဌေးလှေမှောက်တာပြဿနာမဟုတ်ဘူး
သူတောင်းစားခွက်ပျောက်တာကမှပြဿနာ”

ဘာတွေယူပြီးဘာတွေပြန်ပေးကြမှာလဲ
လုံခြုံရေးကောင်စီမှာ
ရွှေနိုင်ငံအကြောင်းဆွေးနွေးတိုင်း
ပေါက်ဖော်ကြီးနဲ့ရပ်ရှကြီးတို့ကရူးချင်ယောင်ဆောင်

ကျေးဇူးရှင်ကိုရီးယားသံတမန်ကြီးရေ
တနေ့ကိုထမင်းနှစ်နပ်ပုံမှန်စားနိုင်ဖို့
ကလေးတွေကျောင်းထားနိုင်ဖို့
ပြီးတော့ အမိုးအကာအောက်မှာ
အရှက်လုံအ၀တ်အစားတစ်စုံလောက်ရှိရင်တော်ပါပြီ ။……။

ငြိမ်းချမ်းအောင်

Read More...

17 January, 2009

ခံနိုင်ရည်ကိုစမ်းသပ်ခြင်း (၃)

အလုပ်လုပ်ချင်တယ်
အလုပ်ခန့်မယ့်သူမရှိဘူး
ဗိုက်ဆာတယ်
စားစရာမရှိဘူး
ရည်းစားတစ်ယောက်လောက်လိုချင်တယ်
ပိုက်ဆံမရှိဘူး

လမ်းကြိုလမ်းကြားတွေထဲ
အလေအလွင့်တစ်ယောက်လို
လျှောက်သွားနေမိ
အောက်ကိုငုံ့ကြည့်တော့
ပေါက်နေတဲ့
ငါ့ဖိနပ်တစ်ရံကိုတွေ့တယ်
အပေါ်ကိုမော့ကြည့်တော့
အိုဇုံးလွှာပါးနေတဲ့
ကောင်းကင်ကြီးကိုတွေ့တယ်
ဘေးဘီဝဲယာလှည့်ကြည့်တော့
စစ်ဖြစ်နေတဲ့ ကမ္ဘာကြီးကိုတွေ့ရတယ်

မြို့ထဲသွားဖို့ဘတ်စ်ကားလက်မှတ်မရှိဘူး
နယူးရောက်သွားပြီးအရေးဆိုဖို့
အခွင့်အရေးမရှိဘူး
နတ်ပြည်ရောက်ဖို့ကံဇာတာမရှိဘူး


စိတ်ကူးနဲ့
ရှန်ပိန်ပုလင်းကိုဖောက်

ဆဲဗင်းစတားဟိုတယ်တစ်ခုမှာ
ဇိမ်ခံကြည့်မိတယ်
 

လက်တွေ့မှာ
မီးမလာဘူး
ရေပိုက်ကရေလာရင် 

ဒုလဘ္ဘလို့သတ်မှတ်နေရ

ကမ္ဘာကြီးလုံးတာပြားတာ
အကြောင်းမဟုတ်ဘူး
ငါ့တို့ဘ၀လုံးပါးပါးနေရတဲ့ကိစ္စ
ဘယ်လိုလုပ်ကြမှာလဲ


သူငယ်ချင်းတွေနဲ့တွေ့တော့
စိတ်ဓါတ်ကျစရာစကားတွေကြားရတယ်
ကောင်မလေးတွေနဲ့တွေ့တော့
ကိုယ့်ကိုကိုယ်သနားတယ်
ဗိုင်းရပ်စ်ဝင်နေတဲ့ကမ္ဘာကြီးအကြောင်းစဉ်းစားမိတိုင်း
ဒေါသထွက်တာတရားတယ်

ဒုက္ခသစ္စာတရားကိုနာတယ်
ခန္တီစသီးခံခြင်းနဲ့ စိတ်ကိုဖြေကြည့်တယ်
မေတ္တာသုတ်နဲ့တောင်
မန်းမူတ်လို့မရတော့တဲ့အခြေအနေမှာ
ဘယ်တရားဓမ္မမှ
ငါ့ကိုနားမချနိုင်တော့
 

ချောင်ပိတ်အရိုက်ခံရရင် ခွေးတောင်
အသေခံပြီးပြန်ကိုက်တတ်တယ် ။…..။

ငြိမ်းချမ်းအောင်
11 Jan 2009

Read More...

09 January, 2009

ခံနိုင်ရည်ကိုစမ်းသပ်ခြင်း (၂)

တစ်နေ့ကိုလေးငါးခြောက်ကြိမ်
ဆာလောင်မွတ်သိပ်တဲ့
အစာအိမ်ရဲ့ စည်းကမ်းပျက်မူကို
တော်လှန်နိုင်ခဲ့ပြီ

ရုပ်ဝတ္တူပစ္စည်းအသစ်အဆန်းတွေကို
လိုချင်တပ်မက်မိတဲ့
စိတ်ရဲ့ အလိုဆန္ဒကို
ပုန်ကန်နိုင်ခဲ့ပြီ

အဖူးအငုံအချောအလှလေးနဲ့သာ
စုံမက်ပေါင်းဖက်လိုတဲ့
နှလုံးသားရဲ့ အာသာရမ္မက်ကိုလည်း
နားချနိုင်ခဲ့ပြီ

အသက်တစ်နှစ်ကြီးခဲ့တာ
သေမင်းကို တစ်ကြိမ်သတိပေးလိုက်တာပဲ

လောဘ ဒေါသ မောဟတွေ တတ်နိုင်သမျှလျှော့ဖို့
ဆန္ဒရှိတိုင်းမဖြစ်နိုင်တဲ့ အခြေအနေကိုလည်း
နားလည်နိုင်ခဲ့ပြီ

ကိုယ့်ကိုကိုယ်သေချာပြီသာဆိုရင်
အိုကေပြီသူငယ်ချင်းတို့

ငါတို့ ခေါင်းနဲ့ဆောင့်မိတဲ့အရာဟာ
အုတ်တံတိုင်းတစ်ခုမဟုတ်တာတော့ သေချာတယ်

သက်တမ်းတစ်ဝက်ကိုလောင်းကြေးထပ်
ဘ၀ကိုပုံအပ်ပြီးမှတော့
အရူံးနဲ့နောက်ကောက်ကျ
ခေါင်းငိုက်စိုက်ချ
လှည့်ပြန်လို့တော့မဖြစ်သေးဘူး

မှန်နေရင်ဆက်လျှောက်မယ်
မှားခဲ့ရင်တစ်ကနေပြန်စကြတာပေါ့ ။………။

ငြိမ်းချမ်းအောင်

Read More...

02 January, 2009

ချေ (သို့မဟုတ်) ကမ္ဘာမြေအတွက်လက်ဆောင်

ဗင်နီဇွဲလားလယ်သမားတစ်ယောက်လိုသူနေထိုင်
ပီရူးအလုပ်သမားတစ်ယောက်လိုသူစဉ်းစား။

ကိုလံဘီယာလယ်သမားတစ်ယောက်လိုသူရှင်သန်
ချီလီအလုပ်သမားတစ်ယောက်လိုသူဖြတ်သန်း။

သူဟာ ကမ္ဘာမြေအတွက်လက်ဆောင်။

အဟောင်းအမြင်းအဆောက်အအုံတွေကိုစိတ်ပျက်
လူ့ပတ်ဝန်းကျင်အသစ်ကိုအိပ်မက်ခဲ့သူ
တောင်အမေရိကတိုက်အကြောင်း
"မော်တော်ဆိုင်ကယ်ဒိုင်ယာရီ” ကိုသူရေးခဲ့သလို
ပျောက်ကျားတစ်ယောက်အဖြစ်
အတောက်ပဆုံးသမိုင်းကိုသူရေးခြစ်ခဲ့။

ဆရာဝန်တော်လှန်ရေးသမား
စစ်ရေးပညာရှင်ပျောက်ကျားခေါင်းဆောင်
စာရေးဆရာစည်းရုံးရေးမူး
မာစ့်ဝါဒဟာ
သူ့ကြောင့်လူရိုသေရှင်ရိုသေဖြစ်ခဲ့ရတာပေါ့
စိတ်ဓါတ်ကြံ့ခိုင်သူတော်လှန်ရေးသမားတစ်ယောက်အတွက်
အကန့်အသတ်အခက်အခဲတွေနဲ့
မှန်းဆလို့မရတဲ့အနာဂတ်ဆိုတာ
အတားအဆီးမဖြစ်နိုင်ပါဘူး
သွေးပြန်ကြောတွေထဲအထိတဖျဉ်းဖျဉ်းဆူပွက်နေတဲ့
သူ့လွတ်မြောက်ရေးစိတ်ဓါတ်ဟာ
ဓနရှင်တွေကိုသွေးပျက်
အဖိနှိပ်ခံတွေကိုအားတက်စေခဲ့တယ်။

ခေတ်ကိုမြစ်ရေလိုဖြတ်သန်းစီးဆင်း
သူဖြတ်သန်းခဲ့တဲ့ခေတ်ဟာ
ခေတ်အဆက်ဆက်ကလိုပဲ
နွံထူပြီးဒိုက်နဲ့အမိုက်တွေမျောတယ်
သနားကြင်နာကင်းမဲ့ မသမာသူတွေပေါတယ်။

ဖိနှိပ်သူတွေရှိနေသ၍ တော်လှန်ရေးရှိနေမယ်
သူ့ခန္ဒာကိုယ်ထဲမှာ
ဓနရှင်လူတန်းစားဟာ
အပ်တစ်ချောင်းလိုစွဲဝင်စူးစိုက်လို့
သူ့ရင်ဘတ်ထဲမှာတော့
ကဗျာတွေကိုချစ်တဲ့စိတ်က
တောင်ကျစမ်းရေလိုတသွင်သွင်ဖြတ်သန်းစီးဆင်း
ချေဂွေဘားယားနာမည်သာမပါခဲ့ရင်
တော်လှန်ရေးဆိုတဲ့စကားလုံးဟာ
သိမ်ငယ်သွားမှာပေါ့
ချေမပါပဲရေးတဲ့ ၂၀ ရာစုသမိုင်း
ရိုင်းစိုင်းသွားလိမ့်မယ်။

ကျူးဘားကဆီအဲယားမေထရာတောင်တန်းတွေအထိ
အာဖရိကတိုက်ကွန်ဂိုတောနက်ထဲအထိ
ဘိုလီးဘီးယားကယူဂိုတောင်ကြားတွေအထိ
မီးလိုတဟုန်းဟုန်းတောက်လောင်နေတဲ့
ယုံကြည်ချက်တွေကိုထမ်းပိုးလို့
ညစ်ထေးနေတဲ့အ၀တ်ကိုလျှော်ဖွပ်သလို
ခေတ်ကိုလျှော်ဖွပ်ဖို့သူအရောက်သွားခဲ့
ရိုစာရီရိုမြို့ကဆရာဝန်ဟာ
သေနတ်ပစ်ရာမှာလည်းအထူးချွန်ဆုံးဖြစ်ခဲ့ပါတယ်။

မျက်ကန်း အစ်ဇမ် (ism) မဟုတ်ကြောင်းသက်သေပြခဲ့
ခရူးရှက်တို့နဲ့သဘောထားကွဲပြီး
မော်တို့နဲ့လက်တွဲခဲ့တာ
ယုံကြည်ရာအတိုင်းရပ်တည်ရဲခဲ့လို့မဟုတ်ဘူးလား
အယူအဆကွဲပြားမူဟာ
သေဖော်ရှင်ဖက်ရဲဘော်ရဲဘက်ချင်းကိုတောင်
မိတ်ပျက်စေခဲ့
ဟားဗားနားကနေထွက်ခွာသွားရတဲ့
ခြေသလုံးအိမ်တိုင်တော်လှန်ရေးသမားတစ်ယောက်အတွက်
စွန့်လွှတ်ပေးဆပ်မူဆိုတဲ့အဓိပ္ပါယ်ဟာ
သူချရေးခဲ့တဲ့ ဒိုင်ယာရီထဲကမူန်ဝါးဝါးစကားလုံးတွေမျှသာ။

၁၉၆၇ အောက်တိုဘာလ(၉)ရက်
ဘိုလီးဗီးယားဆောင်းမနက်ခင်းနှင်းတွေပရမ်းပတာလွင့်ကျလို့
စူးရှတောက်ပြောင်တဲ့မျက်လုံးတစ်စုံကို
လုပ်ကြံသတ်ဖြတ်ရေးသမားတွေ
ရင်ဆိုင်မကြည့်ရဲခဲ့ကြဘူး
စစ်သုံ့ပန့်အဖြစ်နှောင်ကြိုးတည်းခံရ
ရက်ရက်စက်စက်အသတ်မခံရခင်မိနစ်ပိုင်းမှာတောင်
သူ့သွေးဟာအနီရောင်လက်လက်ထတောက်ပလို့နေခဲ့။

လူတစ်ယောက်ချင်းခံစားနေရတဲ့ရောဂါတွေကိုကုသရတာထက်
လူ့အဖွဲ့အစည်းအလိုက်ခံစားနေရတဲ့ဝေဒနာတွေကိုကုသပေးချင်တဲ့ရဲဘော်ကြီးရေ
ဆန်တာကလာရာဂူဘိမာန်ထဲကပျောက်ကျားခေါင်းဆောင်ရဲဘော်ကြီးရေ
ခင်ဗျားကိုလွမ်းဆွတ်တဲ့စိတ်နဲ့ကဗျာတစ်ပုဒ်ကျုပ်ရေးခြစ်ခဲ့မိပြီ 

အကယ်၍ကျုပ်စကားလုံးတွေဟာ ခင်ဗျားဂုဏ်သိမ်မှေးမှိန်စေခဲ့ရင်
ကျုပ်ညံ့ဖျဉ်းမှူသက်သက်သာဖြစ်ကြောင်း။

ခေတ်ကိုအ၀တ်လိုလျှော်ဖွပ်ဖို့ကြိုးစားရင်း
ကိုယ်တိုင်လျှော်ဖွပ်ခံလိုက်ရ
လွတ်မြောက်ရာလမ်းကိုရှာတွေ့ခဲ့တယ်
လွတ်လပ်ရေးတော့ရမသွားခဲ့ဘူး။………။

ငြိမ်းချမ်းအောင်

Read More...

18 November, 2008

ကျနော့်ရဲ့အလိုက်ကမ်းဆိုးမသိမူများ

တိမ်ပြာတဲ့တနင်္ဂနွေတစ်နေ့မှာ
အညောင်းမိနေတဲ့စိတ်ကို အနားပေးဖို့
ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံးပြတိုက်တစ်ခုကို
အလည်ရောက်ခဲ့တယ်

တိုတောင်းပြီး 
 
လုပ်စရာတွေက သိပ်ကိုများတဲ့လူ့ဘ၀မှာ

သက်တမ်းပြည့်တာဝန်ယူပြီးသွားတဲ့
နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့
လောကအမြင်ကိုမေးစမ်းကြည့်ချင်တယ်

“ပိုက်ကွန်ထဲကရုန်းထွက်လွတ်မြောက်သွားတဲ့
ငါးတွေအကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့
တံငါသည် စီမီနာတစ်ခုလောက်လုပ်ကြည့်ချင်တယ်

အိပ်မက်နဲ့လက်တွေ့ဘ၀ဟာအလှမ်းကွာဝေးနေဆဲ
အောက်ဆီဂျင်မရှိတဲ့နေ့တွေမှာလည်း
ကျနော်တို့ဟာဆက်လျှောက်နေရဆဲ

စိတ်တိုင်းမကျဘူး

မကြေနပ်ဘူး
နွေဦးကဘယ်တော့ရောက်မှာလဲ
ပီပီပြင်ပြင်မဖြစ်သေးတဲ့ဆောင်းမှာတောင်
ကျနော်ကအအေးကြိုမိနေတယ်

ယဉ်ကျေးမူများကူးလူးဆက်နွယ်သည်ပဲဆိုပါစို့
ဒေသခံတစ်ယောက်နဲ့ ချိန်းတွေ့မိတယ်
သူ့မှာအရသာခံတတ်တဲ့ လျှာပါလာတာမသေချာဘူး
ကျနော်က အရောင်လွင့်ဂျင်းဘောင်းဘီတစ်ထည်

သူပြောတဲ့စကားလုံးတွေကိုအရသာခံဖို့
ကျနော့်မှာ အပိုနားရွက်တစ်စုံပါမသွားခဲ့တာဆိုးတယ်
သူသွားခဲ့တဲ့ကျောင်းရဲ့ ခမ်းနားထည်ဝါမူဟာ
ကျနော့်ကိုဖျားလောက်တယ်
ကျနော့်ရဲ့အလိုက်ကမ်းဆိုးမသိမူကတော့
သူ့အတွက် အသစ်အဆန်းတစ်ခုခုဖြစ်နေမယ်ထင်ရဲ့

လကမ္ဘာပေါ်ကကျောက်တုံးနမူနာတစ်ကို
ကျနော့်လက်နဲ့ကိုင်တွယ်စမ်းသပ်ကြည့်မိတယ်
ဒိုင်နိုဆောသတ္တ၀ါတွေထက်အိန္ဒိယကရောက်လာတဲ့
စိန်တုံးကြီးကို လူတွေပိုပြီးစိတ်ဝင်စားနေတာသေချာတယ်
၁၉၆၉မှာ အပိုလို ၁၁ ထဲပါသွားတဲ့
အာကာသယာဉ်မူး
အမ်းစထရောင်းဆိုတာ ကျနော်မေ့နေတော့
သူမက အပေါ်စီးကနေ ကျနော့်ကိုတချက်ကြည့်တယ်
နိုင်ငံတကာရှားပါးပစ္စည်းတွေက
အမေရိကားမှာဘယ်လိုဖြစ်ပြီးစုပြုံရောက်ရှိနေရတာလဲ

ကွန်ဖြူးရှပ်ကနေအဲလ်ဘတ်ကမူးအထိ
မက်ခီယာဘီလီကနေမက်ကနာယားမားအထိ
စပင်နိုဇာနဲ့ဟေရာကလိုက်တပ်
ကားလ်မက့်နဲ့ဒေးဗစ်ဟယွမ်း
သူအထင်သေးတာ မခံနိုင်လို့
ကျနော်အလွတ်ရွတ်ပြဖြစ်တဲ့ စကားလုံးများ
သူမက ကျနော့်ထက်ပိုပြီးလက်တွေ့ကျတယ်
အိုဘားမားကို ပိုပြီးစိတ်ဝင်စားပုံပြတယ်

အီရတ်ကိစ္စမှာ သူမနဲ့ကျနော် အနည်းငယ်သဘောထားကွဲကြပေမဲ့
ဗီယက်နမ်စစ်မှာ ကျနော်တို့သဘောထားချင်းတိုက်ဆိုင်ခဲ့ကြတယ်
သူမအသက်ရှူသံပြင်းပြင်းတွေမှာကျနော်ကျဆုံးသွားခဲ့ပါသလား
ကျနော့်လက်ဖ၀ါးထဲကိုင်ဆုပ်ထားတဲ့ သူမလက်ဖြူဖြူတစ်စုံကပူနွေးနေခဲ့ပြီး
သူမကိုဆုပ်ကိုင်ထားတဲ့ကျနော့်လက်တစ်စုံကအေးစက်နေကြတယ်

ယောဂလေ့ကျင့်ခန်းတွေအကြောင်း
ခန္ဒာကိုယ်ကိုစနစ်တကျထိန်းသိမ်းဖို့လိုအပ်ကြောင်း
ကျနော်တို့ဆွေးနွေးဖြစ်ကြတယ်
ကလေးတွေကိုချစ်တဲ့သူမက
အိမ်ထောင်တစ်ခုတည်ဆောက်ပြီး
ကလေးငယ်လေးတွေကို
ပြုစုပျိုးထောင်ချင်တဲ့အကြောင်းပြောတဲ့အခါ
သူမရဲ့သူမတူအောင်ပွင့်လင်းမူက
ကျနော့်ကိုအရှက်ရစေတယ်
ကျနော့်ရဲ့အူကြောင်ကြောင်နိုင်မှုက
သူမကိုစိတ်ပျက်စေမယ်ထင်တယ်

ကျနော်တို့နှစ်ယောက်ရဲ့ တနင်္ဂနွေဟာ
ဝါရှင်တန်ပြတိုက်(၂)ခုမှာ အဆုံးသတ်သွားတယ်
ကျနော်တို့နှစ်ယောက်ရဲ့ အာသာဖြေဖျောက်မူဟာ
အပြန်ရထားပေါ်မှာ တစ်ယောက်ခန္ဒာကိုယ်ထဲတစ်ယောက်
အတွင်းကျကျပူးကပ်တိုးခွေ့ရင်း မိုးချုပ်သွားတယ်

ရထားစီးရာမှာ ကော်ဖီသောက်ရာမှာ
ကိုယ့်အဖိုးအခ ကိုယ်ထုတ်ပေးရတဲ့ယဉ်ကျေးမှုက
ကျနော့်တို့နှစ်ယောက်ရှေ့ဆက်ရမဲ့ခရီးကို
အတားအဆီးဖြစ်ခဲ့ပါသလား
အဆုံးသတ်မှာတော့ သေချာခဲ့ပြီ
ကျနော့်နာတာရှည်ဝေဒနာဟာ
ဆေးမြီးတိုကုထုံးတွေနဲ့မသက်သာနိုင်တော့ဘူးဆိုတာပါပဲ

ကဲ..ရှိစေတော့
ပိတ်နေတဲ့တံခါးတွေဖွင့်ဖို့
လှောင်အိမ်ထဲက ငှက်တွေလွှတ်ဖို့
လောင်မြိုက်နေတဲ့မီးတွေ ငြိမ်းသတ်ဖို့
လူ့ဘ၀ကို ကျနော် အရောက်လာခဲ့တယ်
မကျေနပ်တဲ့သူ လဲသေလို့ရတယ်။...။

ငြိမ်းချမ်းအောင်

Read More...

11 November, 2008

မေမေနဲ့ စကားစမြည်

အေဒီအက်လ်အယ် ၀ိုင်ယာလက်
အင်တာနက် ဟိုက်စပိတွေလည်း တပ်ပြီးပြီ
စကိုင်းပိ ဂျီတော့ ဗွီဇက်အိုချက်တင်း တယ်လီကွန်ဖရင့်
ကွန်မြူနကေးရှင်းချယ်နယ်တွေလည်း တည်ဆောက်ပြီးပြီ
စတက်ဒက်ဂျီ အိုင်ဒီယော်လော်ဂျီ ပေါ်လစီ ထရိန်နင် ၀ပ်ရှော့ စီမီနာ
အသိပညာ အတတ်ပညာလက်နက်တွေလည်းစုံသလောက်ရှိခဲ့ပြီ
ကျနေတဲ့ စိတ်ဓါတ် ညစ်ထေးဟောင်းနွမ်း နေတဲ့ရင်ခုန်သံကို
ပေါ်လစ်သုတ်အရောင်တင်ဖို့ နည်းလမ်းမရှိသေး

ပုဆိုးခြုံထဲက လက်သီး
အကဲဖြတ်တစ်ယောက်ရဲ့ ဟိတ်ကြီးဟန်ကြီးစကားသံ
အသံသာပြီး အဆံမပါတဲ့ ကြေငြာချက်
သံခင်းတမံခင်း ၀တ်ကြေတမ်းကြေ တောင်းဆိုသံ
ကြည်ကွယ်မျက်ကွယ်စည်းဝေးပွဲ
သင်းကွပ်ခံထားရတဲ့ယူအမ်အဆမ်ဘလီ
ရာသီစာအမီ ကတိုက်ကရိုက် ထွက်ပေါ်လာတဲ့ ရှော့တန်းစတက်ဒက်ဂျီ
မေမေရေ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာဦးမှာလား
ကျနော်တို့ အိုဘားမားကို တကယ်အားကိုးနိုင်မှာလား
လွယ်လွယ်ကူကူနဲ့ အပြောင်းအလဲလုပ်နိုင်မယ်ဆိုရင်
ကျနော်တို့လည်း လုပ်ချင်တယ်မေမေ

ခါးသက်တဲ့ အတိတ်
မရေရာသေးတဲ့ အနာဂတ်
ကျယ်ကျယ်လောင်လောင်ချလိုက်တဲ့သက်ပြင်း
မညီညွတ်နိုင်သေးတဲ့ ညီညွတ်ရေး
ပွင့်လန်းခွင့်မရတဲ့ လောင်းတန်းစတက်ဒက်ဂျီ
အကြပ်အတည်းကြားက ဘဏ္ဍာရေး
လျော့နည်းလာတဲ့ မန်းပါဝါ တွေနဲ့
ကျနော်တို့အောင်ပွဲမရနိုင်သေးဘူး မေမေ

ဘယ်နေရာမှာ မှားခဲ့တာလဲ
လက်နက်လည်းကိုင်ပြီးပြီ
ကွန်ပြူတာလည်းကိုင်ပြီးပြီ
ကျနော်တို့နောက်ထပ်ဘာကိုင်စရာ ကျန်သေးလဲမေမေ

ပန်းပျိုးတဲ့လက်တွေလည်း ပန်းဆိပ်သင့်ကြ
ဗမာပြည်ဖွတ်မွဲပြာထိုင်ဖြစ်စဉ်မှာ
ကျနော်တို့ဟာ တရားခံတွေမဟုတ်ပါဘူးမေမေ
စစ်ဗိုလ်ချုပ်တွေသာ တရားခံအစစ်ဖြစ်ကြောင်းပါ
အမှောင်ခေတ်ကသမိုင်းတင်ရစ်လိမ့်မယ်

ကလေးငယ်တွေအတွက်ပေးချင်တဲ့ အနာဂတ်လက်ဆောင်
အဖိုးအဖွားတွေမျှော်လင့်နေတဲ့ ဒီမိုကရေစီနဲ့ ထာဝရငြိမ်းချမ်းရေး
အလှမ်းဝေးနေဆဲပဲ မေမေ

မေမေရေ
၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်လိုအဖြေထွက်မှာလဲ
အန်အယ်ဒီရွေးကောက်ပွဲဝင်မှာလား
ယူအန်အေရွေးကောက်ပွဲဝင်မှာလား
ဒီမိုကရေစီတမတ်သား ပါလီမန်တကယ်ပေါ်လာတော့မှာလား
နယ်စပ်က ဖက်ဒရယ်ကွန်စတီကျူးရှင်းလည်း အလုပ်မဖြစ်ဘူးမေမေ
နယ်စပ်က ယူအန်-အန်စိ ပရိုဂရမ်မှာလည်း အကွဲအပြဲတွေရှိနေတာမကောင်းဘူးမေမေ
ဒီကေဘီအေနဲ့ နအဖ တပ်တွေပေါင်းပြီး ကေအန်ယူကို အနိုင်ကျင့်နေကြတယ်မေမေ
အခုလေးတင်ပဲ ကျောင်းသားခေါင်းဆောင်တွေ ထောင် ၆၅-နှစ် ချခံလိုက်ရတယ်မေမေ

ဘာတစ်ခုမှ အရသာမဖြစ်တဲ့နေ့ရက်တွေမှာ
မြင်မြင်သမျှဟာ ရူခင်းအသေတွေပဲ
အာရုံမလာဘူး
ကွန်ပြူတာမျက်နှာပြင်ဟာအသေ
ရေဒီယိုကသတင်းတွေအသေ
နှလုံးသားအသေ
ဘ၀အသေ
ကျနော့်စိတ်ကူးစိတ်သန်းတွေလည်း သေနေကြတယ်မေမေ

ရေရှည်စစ်အတွက်ပြင်ဖို့ဆိုရင်
နယူးအိုင်ဒီရော်လော်ဂျီ
နယူးဘလဒ်
နယူးမက်သပ်တွေ လိုအပ်နေတာ
သေချာပါတယ်မေမေ။..….။

မဇ္ဇျိမ ဒီဇင်ဘာလ 15 ရက် 2008 တနင်္လာနေ့။
http://www.mizzimaburmese.com/yatha-bank/poem/2147-2008-12-15-11-44-49.html

ငြိမ်းချမ်းအောင်

Read More...

09 November, 2008

ဇာတ်လမ်းနှစ်ပုဒ်

ဇာတ်လမ်းတစ်ပုဒ်မှာ
သူမက လူကုံထံ နတ်သမီး
ကျနော်က တန်ဖိုးထားမခံရတဲ့ စွန့်ပစ်ပစ္စည်း
သူမစီးတဲ့ ကားတန်ဖိုးကို ကျနော်တစ်ခါမှ စိတ်ကူးမကြည့်မိဘူး
ကျနော်မက်တဲ့ အိပ်မက်တွေအကြောင်း သူမက စိတ်မ၀င်စားဘူး
သူမသုံးတဲ့ ရေမွှေးအမည်နာမကို ကျနော်မသိဘူး
ကျနော်သုံးတဲ့ အပေါစား ဆပ်ပြာခဲအမှတ်တံဆိပ် သူမအာရုံမှာမရှိဘူး
သူမဆိုးတဲ့ လက်သည်းဆိုးဆေး ဒီဇိုင်းမျိုး ကျနော်တစ်ခါမှ မမြင်ဖူးဘူး
ကျနော့် တောဂိုက်ကို (အချိန်တွေကြာလာတာနဲ့အမျှ) သူမ မကြည်ဖြူတော့ဘူး
သူမ အပေါင်းအသင်းတွေကို ကျနော် ကြည့်မရဘူး
ကျနော့် အပေါင်းအသင်းတွေကို သူမ အထင်မကြီးဘူး
သူမက ကျနော်နဲ့ လျှောက်လည်ချင်တယ်၊ တွတ်ထိုးချင်တယ်
ကျနော်က သူမကို (ကျနော်အလုပ်လုပ်နေတဲ့အခါ) နံဘေးမှာ တိတ်တဆိတ်ထိုင်နေစေချင်တယ်
သူမက အတွေ့ကို မက်မောတယ်
ကျနော်က အငွေ့ကို တန်ဖိုးထားတယ်
သူမအတွက် ကျနော်ဟာ အလုပ်အကိုင်မယ်မယ်ရရ မရှိသူ
ဒါမှမဟုတ် ၀င်ငွေမရှိတဲ့ အလုပ်ကို လုပ်ကိုင်နေသူ
ကျနော့်အတွက် သူမဟာ မိဘပိုက်ဆံထိုင်ဖြုန်းနေသူ
ဒါမှမဟုတ် ဘ၀ကို ပေါ့ပျက်ပျက်ဖြတ်သန်းချင်သူ
တစ်ယောက်ကို တယောက်နားလည်ဖို့ မကြိုးစားမိခဲ့ကြဘူး
ကျနော့်မှာ ကုန်ထုတ်လုပ်မူမရှိဘူး
သူမမှာ ကိုယ်ပိုင်ဝင်ငွေမရှိဘူး
ကျနော်တို့နှစ်ယောက်ပေါင်းဖက်ရင်
ရေရှည်တည်တံ့တဲ့ ဘ၀တစ်ခု ဖြစ်မှာ မသေချာဘူး
ဒီလိုနဲ့ သူမနဲ့ကျနော် လမ်းခွဲခဲ့ပါတယ်။

ဇာတ်လမ်းတစ်ပုဒ်မှာ
သူမက နေ့စားလရှင်း စက်ရုံအလုပ်သမ
ကျနော်က အနာဂတ်ဝါဒီ ဂုဏ်သရေရှိ လူကြီးလူကောင်း
ဒေသအခေါ်အရ ဘွဲ့ရခေတ်ပညာတတ် သူမဟာ
ကျနော့်အမြင်မှာ အသိပညာဏ်နုံနဲသူ
သူမပြောတဲ့ စကားတွေကို ကျနော် ခံစားလို့မရဘူး
ကျနော်ပြောတဲ့ စကားတွေကို သူမ သဘောမပေါက်ဘူး
ကျနော်က အနာဂတ်အကြောင်းစဉ်းစားနေတဲ့အခါ
သူမက သူမလုပ်အားခကို စိတ်ကူးနဲ့ ဈေးတွက်တွက်နေတတ်တယ်
သူမမှာ လှပတဲ့ မျက်နှာနဲ့ အချိုးအစားပြေပြစ်တဲ့ ခန္ဒာကိုယ်ရှိတယ်
ကျနော့်မှာ ချီတုံချတုံဖြစ်နေတဲ့ စိတ်ကူးတွေရှိတယ်
သူမအနာဂတ်က ကျနော့်အတွက် ကျဉ်းမြောင်းလွန်းတယ်
ကျနော့်အနာဂတ်က သူမအတွက်ကြီးကျယ်လွန်းတယ်
သူလုပ်တဲ့အလုပ်ကို ကျနော်မလုပ်နိုင်ဘူး
ကျနော်လုပ်တဲ့အလုပ်ကို သူနားမလည်ဘူး
သူ့မှာ သူမကို မှီခိုနေတဲ့ မိသားစုကြီးရှိတယ်
ကျနော်က အနာဂတ်အတွက် စဉ်းစားနေရတယ်
သူမမှာ အမှီအခိုကင်းတဲ့ လွတ်လပ်ခြင်းမရှိဘူး
ကျနော့်မှာ မျက်ကန်းတစ္ဆေမကြောက် မိုက်ရဲတဲ့ သတ္တိမရှိဘူး
သူမနဲ့ ကျနော်ပေါင်းဖက်ရင်
ရေရှည်တည်တံ့တဲ့ ဘ၀တစ်ခုဖြစ်မှာ မသေချာဘူး
ဒီလိုနဲ့ ကျနော်နဲ့သူမ လမ်းခွဲခဲ့ပါတယ်။

အချစ်မှာ စိတ်ကူးယဉ်မူထက်ပိုပြီး
လက်တွေ့ကျတဲ့
အဓိပ္ပါယ်တွေရှိတယ်…။

ငြိမ်းချမ်းအောင်
၈ သြဂုတ် ၂၀၀၈

Read More...

13 October, 2008

မိုဒီလျာနီ

လန်းဆန်းတက်ကြွနေတဲ့အခါ
မင်းသားတစ်ပါးလို ထည်ဝါခန့်ငြားပြီး
သူစိတ်ဓါတ်ကျတဲ့အခါ
တစ္ဆေတစ်ကောင်လို အရုပ်ဆိုးအကျည်းတန်တယ်
သူ့နှလုံးသားက ရောင်စုံသက်တန့်တစ်ခုလို
တဖိတ်ဖိတ်တောက်ပလို့
သူ့အသွေးအသားထဲမှာတော့
အရောင်တွေ အရိပ်တွေ ရနံ့တွေ
မြစ်ရေလို တရဟောဖြတ်သန်းစီးဆင်း
တစ်ခါတစ်ခါ တောရိုင်းတိရစ္ဆာန်တစ်ကောင်လို ဆူညံပေါက်ကွဲတတ်ပြီး
တစ်ခါတစ်ခါ သင်္ချိုင်းတစ်စပြင်တစ်ခုလို တိတ်ဆိတ်ငြိမ်သက်တတ်သူ
"မိုဒီလျာနီ"
မျက်တွင်းဟောက်ပက် နံရိုးပြိုင်းပြိုင်း
အနုပညာ တစ္ဆေတစ်ကောင်
ကင်းဘတ်စပေါ်ကျလာတဲ့ ရောင်စုံ ဆေးစက်တွေမှာ
သူ့ဝိညာဉ်ဟာ ကပ်ညိလို့
သူ့ဆီမှာ အချစ်က ပေါင်မုန့်အသိုးတစ်လုံး
သူ့ဆီမှာ အချစ်က တစ်ရှူးအဟောင်းတစ်ခု
တစ်ခါတခါ
အချစ်က သူ့အတွက် နှင်းဆီဖြူတစ်ပွင့်လည်းဖြစ်ရဲ့
ညပေါင်းများစွာ
ရင်ခွင်ပေါင်းများစွာ
မှောင်မိုက်နေတဲ့ မောင့်မတ် အခန်းကျဉ်းထဲမှာ
အရိုးကွဲအောင်အေးတဲ့ ပါရီဆောင်း နှင်းထုအောက်မှာ
ကိုယ်လုံးတီး ကိုယ်ဟန်ပြမယ်လေးရဲ့ မျက်လုံးတွေထဲမှာ
မောကြီးပမ်းကြီး သူရှာဖွေနေခဲ့တဲ့ အရာ
အလှနဲ့ သစ္စာလား
အချစ်နဲ့ အနုပညာလား..

ကမ္ဘာမြေအတွက် အချစ်နဲ့အသစ်တွေကိုပဲ အမြဲတမ်းပေးခဲ့တယ်
သူပြန်ရခဲ့တာက အဟောင်းအမြင်းအပုတ်အသိုးတွေ
ဓါးတစ်ချောင်းလို ချွန်ထက်တဲ့ အနုပညာ
သာမန်မျက်စိနဲ့ကြည့်ရင် မြင်တွေ့နိုင်မှာမဟုတ်ဘူး
ဘယ်သူ့မျက်နှာမှသူမကြည့်ဘူး
သွေဖည်မူမရှိဘူး၊ ရှေ့ကိုပဲ မရပ်မနားသွားခဲ့
ထက်မြက်တဲ့ အနုပညာကို
သာမန်နှလုံးသားနဲ့ ခံစားကြည့်လို့ မတွေ့ထိနိုင်ဘူး
မာနဟာ အသွေးအသားထဲမှာ
မွေဟောက်တစ်ကောင်လိုပါးပြင်းထောင်ထ
သူ့အနုပညာဟာ သူ့မာနအရောင်အသွေးလို
အလံတလူလူ လွင့်လို့
တစ်လောကလုံးကို နာကျည်းနေတဲ့ တစ္ဆေတစ်ကောင်
တစ်လောကလုံးနဲ့ ရန်တုဖက်ပြိုင်ဝံ့သူတစ်ယောက်
အချစ်ကိုတွေ့ရှိခြင်းဟာလည်း
ယဉ်ကျေးတဲ့ လူသားအဖြစ်ကို ရရှိခြင်းပါပဲ
“ဂျင်ပ်း…ရေ”
ငါ့မျက်လုံးတွေထဲ မင်းမြင်အောင်ကြည့်လှည့်ပါ
အချစ်က ရမ္မက်ထက် ပိုပြီးသိမ်မွေ့တဲ့အရာ
ငါ့နောက်ဆုံးနေ့ရက်တွေမှာ
ပေါင်မုန့်နဲ့ စပျစ်သီးတွေက အရေးမကြီးပါဘူး
ဓမ္မတေးသီချင်းတွေက အရေးမကြီးပါဘူး
အရက်ပြင်းပြင်းတစ်လုံး
ချစ်သူတစ်ယောက်
ပြီးတော့
မီးလိုလောင်မြိုက်နေတဲ့ ငါ့အနုပညာ
နောက်ထပ်ပြီးတော့ကော ဘာတွေလိုအပ်သေးလို့လဲ…

ဘ၀တစ်ခုရခဲ့တယ်
ဘ၀တစ်ခုကို အနိုင်နဲ့ပိုင်းပြီး
တဖက်သတ်အဆုံးသတ် စီရင်သွားခဲ့တယ်…။

မိုဒီလျာနီ ၁၉ ရာစု အီတလီပန်းချီဆရာ

ငြိမ်းချမ်းအောင်

Read More...

19 April, 2008

အရောင်လွင့် မုန်တိုင်း

မင်း အပြုံးက
အဆိပ်လူးထားတဲ့ ပဒိုင်းသီး
နမ်းရိုက်မိရုံနဲ့ ရူးသွပ်စေနိုင်တယ်
မင်း အကြည့်က
စနိုက်ပါတပ်ထားတဲ့ ကာဘိုင်သေနတ်
အသံမထွက်ပဲနဲ့ သားကောင်ရဲ့ ချက်ကောင်းကို ထိအောင် ပစ်ချနိုင်တယ်
မင်းက မင်းရှင်သန်ကြီးထွားရာ ပတ်ဝန်းကျင် စေ့ဆော်မှုအတိုင်း
ကျင်လည်ကျက်စား သက်ဝင်လူပ်ရှားခဲ့ရသူ
မင်းနှလုံးသားက လျှပ်စစ်ဓါတ်မကူးတော့တဲ့ ၀ါယာကြိုးခွေအပျက်
အဲဒီနှလုံးသားက ချစ်ခြင်းမုန်းခြင်း ခံစားချက်မရှိဘူး
မင်းအထင်ကြီးတာက
လူရှေ့မှာ ပါးစပ်ကအမြှုပ်တစီစီထွက်အောင် 

ကြွားလုံးထုတ်တတ်တဲ့ ငတိတွေ
အဲဒီငတိတွေလေမှာ မင်းဟာမျောလွင့်
ခေတ်မီတယ်လို့ ထင်ထားတဲ့ မင်းဟာ
ခေတ်နောက် ပြတ်ကျန်နေရစ်ခဲ့
နောက်ဆုံးပေါ် အ၀တ်အစားတွေ ၀တ်ဆင်ထားတဲ့ မင်းကိုယ်ခန္ဒာ
နောက်ဆုံးပေါ် အတွေးအခေါ်တွေ တပ်ဆင်မထားခဲ့
ငါတို့ ဆွေးနွေးနေတဲ့ တိုင်းရေးပြည်ရေး အကြောင်းအရာ
မင်းအာရုံမှာ စက္ကန့်ပိုင်းကလေးတောင်မှ အရိပ်ထင်ပုံ မရဘူး
ဆေးဆိုးထားတဲ့ လက်သည်းတွေကို ဖြန့်ခင်းလို့
မင်းစဉ်းစားနေတာက
နူတ်ခမ်းဆိုးဆေးတောင့်နဲ့ အ၀တ်အစား ဒီဇိုင်းလှလှတွေအကြောင်း
ပြီးတော့ အမဲကောင်တွေကို အချဉ်ဖမ်းဖို့အကြောင်း
ကောင်မလေးရေ
ကျားမြင်တိုင်း နွားမထင်နဲ့
မင်းသိဖို့လိုအပ်တာက
နေရာဒေသ အကွာအခြားမှာ
တန်ဖိုးသတ်မှတ်ချက်တွေ
ယဉ်ကျေးမှု အရောင်အသွေးတွေ ကွဲပြားခြားနားတတ်တဲ့အကြောင်း။
အချိန်ရရင်
ကျားစာဖြစ်သွားတဲ့ မုဆိုး တွေအကြောင်းနဲ့
ငါးစာ ဖြစ်သွားတဲ့ တံငါ တွေအကြောင်းလည်း
မင်းကို ပြောပြချင်တယ်
ပြီးတော့
မင်းမျက်နှာ၊ မင်းကိုယ်ခန္ဒာ “ပေါင်းတင်” သလို
မင်းဦးဏှောက်နဲ့ မင်းနှလုံးသားမှာ ကပ်ညိနေတဲ့ “ချေးညှော်” တွေကို ချွတ်ဆေးနဲ့ချွတ်ပြီး
အရောင်ပြန်တင်ဖို့ လိုအပ်တဲ့အကြောင်း
မင်း “မာယာ” မှာ “သားကောင်ရှာရေဒါ” တပ်ဆင်ထားဖို့ လိုအပ်ကြောင်း။

ငြိမ်းချမ်းအောင်
16 April 2008 - Evening

Read More...

08 April, 2008

၂၁-ရာစု အ၀င်ဝက မင်း ဖတ်ဖို့ ကဗျာ

“ရင်ဘတ်ထဲမှာ ခွဲထည့်ထားလို့ ရရင် ထားလိုက်ချင်တယ်” တဲ့
သူပြောတော့လည်း ယုံခဲ့ရ
ဒီလိုနဲ့
ငါ့အနာဂတ် တစ်ခုလုံးကို
လုံးလုံး ပုံအပ်ခဲ့မိပါတယ်။

“မိုးလောက်ကြီးချစ်သတဲ့” လား
ကောင်မလေးရေ
မင်းရဲ့ နူတ်ခမ်းပါးကလေးက တစ်ဆင့်
မင်းရဲ့ အဇ္ဇတ္တကို ငါရှာဖွေတတ်ခဲ့ပါပြီ
ကုန်လွန်ခဲ့တဲ့ ငါ့ သက္ကရာဇ်တွေကို နှမြောတယ်
ဧရာဝတီကို မင်းချစ်သလို ငါလည်း ချစ်တယ်
မြန်မာပြည်ကြီးကို မင်းလည်း ချစ်တယ် ငါလည်း ချစ်တယ်
ဒါပေမဲ့
ကောင်မလေးရေ
အချစ်ဆိုတာ ကောက်ရိုးမီးတောက်သလို ထ, ထ တောက်တဲ့အရာ မဟုတ်ဘူး
ဟောဒီ
ရာစုသစ်မှာ
မြန်မာပြည် ခပ်ညံ့ညံ့လက်ဖက်ရည်ဆိုင်က ရိုးရိုးလက်ဖက်ရည် တစ်ခွက်လိုပဲ
လူတွေရင်ဘတ်ထဲက အချစ်တွေ ပေါ့ပျက်ပျက်ဖြစ်သွားတာ မင်းလက်ခံလိုက်ပါ။

သင်္ကြန် လက်ဆေးမိုး ရွာမှ
ပိတောက်တွေ ပွင့်ခွင့်ရတာပါကွာ
ဆင်ဖမ်းမယ် ကျားဖမ်းမယ်
စကားလုံးတွေ ငါ့အာရုံထဲ ပစ်ပစ် မထည့်ပါနဲ့
ရာသီမှန်မှ အပင်သန်ခွင့်ရမှာ
အခုမှ ရေတွင်းတူးပြီး အခုချက်ခြင်း ရေကြည်သောက်လို့ မရပါဘူး။

တောအုပ်ကြောင့် ပုတ်သင်ညိုတွေ အရောင်ပြောင်းတတ်တယ်
မင်းကတော့ ရာသီအပြောင်းမှာ ၀တ်စုံ မကြာခဏ ပြောင်းဝတ်ခဲ့
ရာသီစာ သီးပင်တွေ မင်းက မကြာမကြာ စိုက်ပျိုး
မင်းစိုက်တဲ့ သီးပင်တွေက တစ်ရာသီစာပဲ ခံလေတော့
မီးစင်ကြည့်ကတတ်တဲ့ မင်းရဲ့ မူဝါဒကို ရပ်လိုက်ပါတော့။

High-speed ခေတ်ကြီးမှာ
ဒီကနေ့ မင်းကို
မနေ့တုံးက ငါက
နားလည်အောင် ဖတ်ဖို့ ပရိုဂရမ်ဆော့ဝဲလ် မရှိသေးဘူး။

ငြိမ်းချမ်းအောင်

Read More...

01 April, 2008

လွမ်းနေတဲ့ ပိတောက်ဝါ

ကောင်းကင်ကို တွန်းဖွင့်ကြည့်တော့
တစ်ပင်လုံးဝါ၀ါဝင်း
တစ်ခွင်လုံးစိန်းစိန်းစို
တောင်လည်းစို
တောလည်းစိန်း
တိမ်လည်းညို
တိုက်လာတဲ့ လေထဲမှာတောင်
လွမ်းရိပ်တွေကဝေ့ဝေ့၀ဲ
တစ်နှစ်ခင်းလုံး ဇွဲခတ်ပြီး အောင့်ထားရပုံမျိုးနဲ့
ချစ်ခြင်းနဲ့ ပွင့်လာတဲ့ ပန်းတွေ
လောကတစ်ခွင်လုံး ထိန်ထိန်ညီးလို့။

သင်္ကြန်မိုးပြေးနဲ့အတူ
ရောက်လာတဲ့ အို.. ပိတောက်ဝါ
ချိန်ခါသင့်လို့ ပွင့်တာလား
တူးပို့နဲ့လန်းဖို့ ရောက်လာသလား
တန်ခူးလေနဲ့ မြူးဖို့ ၀ါဝါထိန် တောက်ခဲ့တာလား
ရှာပုံတော်အလွမ်းဇာတ်ကို တစ်ခန်းရပ်ဖို့ လာလေသလား
ဖော်ဝေးသူကို မျှော်ငေးပူဆွေးဖို့ ရောက်လာကြတာများလား။

တစ်မြေစီ ဝေးကွာခြားပြီမို့
သွေဖည်တိမ်းကာ စိမ်းပါသလား အချစ်ရယ်
ဟောဒီမှာ … နွေဦး
မင်း.. ခူးယူလိုက်ပါ
ဟောဒီမှာ … ဧပရာယ်ဖူး
မင်း.. မြူးတူးပျော်ရွှင်ပါ
ဟောဒီမှာ … ပိတောက်ဦးတွေ
မင်း.. ဆွတ်ယူဆင်မြန်းပါလေ။
ဟောဒီ မြေကမ္ဘာမှာ
မျက်ရည်တွေရှိသလို
အပျော်အပြုံး တွေလည်းရှိပါတယ်
ဒဏ်ရာဒဏ်ချက်တွေရှိသလို
ချိုမြိန်တဲ့ နေ့ရက်တွေလည်း ရှိမှာ
လူ့ဘ၀ ရခဲလှ ခဏတာမှာ
အပျော်တွေကို စိုက်ပျိုးပါ
အပြုံးတွေနဲ့ အလှဆင်ပါ
အချစ်ဦးမို့ မေ့လို့မရပါ ချစ်သော ပိတောက်ဝါ။

သစ္စာမဖောက်တဲ့ ပိတောက်တွေက
တစ်နှစ်တစ်ခါ ရောက်လာခဲ့ပေမဲ့
လွမ်းရေးထက် ၀မ်းရေးခက်တဲ့ ခေတ်ကြပ်ကြီးထဲ
အချစ်ရေးထက် စစ်ရေးကခက်ပြီမို့
တိုင်းရေးပြည်ရေး ရတက်မအေးနိုင်လို့
တစ်ယောက်ပျိုကညာရဲ့ ကေသာဦးမှာ
ပိတောက်ပျိုအ၀ါကို ခူးဆွတ်ကာ ပန်ဆင်ပေးလိုပေမဲ့
ပြည်တော်ပြန် အ၀င်ခက်သမို့
ရွှေပြည်တော် မျှော်တိုင်းဝေးနေဆဲသာမို့
ဆယ်မိုးဆယ်နွေ ရှည်ကျော်ခဲ့ အလွမ်းရက်ရှည်ခရီးထဲ
ရည်မျှော်ကာ မပျော်ရက်နိုင်သူကို
ချစ်ဦးသူခင်က
ပန်းကြွေပိတောက်တွေနဲ့အတူ
လွမ်းနေလောက်ပြီပေါ့။

ငြိမ်းချမ်းအောင်

Read More...

24 March, 2008

အလွမ်းနဲ့ရေးတဲ့ သီချင်းတစ်ပုဒ်

အသာတကြည်မရလို့
အကြမ်းဖက်လိုစိတ်က မကြာခဏခေါင်းထောင်ထတယ်
စိတ်ထဲမှာ ရှိတာကို ရှိတဲ့အတိုင်း လက်တုန့်ပြန်မိတော့
နိုင်ငံရေးလုပ်မယ်ဆိုရင် အရေထူဖို့ အရင်ကြိုးစားလိုက်ပါဦး ညီလေးရာတဲ့
ဆရာကြီးလေသံနဲ့ ကဲ့ရဲ့စကားဆိုတာကို ခံရတယ်
လမ်းပေါ်မှာခလုတ်တိုက်မိရင် တိုက်မိတဲ့အရာဝတ္တူ ခြေထောက်နဲ့ပိတ်ကန်လိုက်တယ်
လမ်းသွားရင်း ဟောင်တဲ့ခွေးကို ခဲနဲ့ကောက်ထုတယ်
မကျေနပ်တာကို မကျေနပ်ဘူးကွလို့ ဗြောင်ဖွင့်ပြောလိုက်တယ်
ရွှေပြည်အေးတရားဟောနေတဲ့ ပုဂ္ဂိုလ်ရဲ့ မျက်နှာကို တံတွေးနဲ့ ထွေးချင်တယ်
သူပုန်ထတာ အချိန်နေရာဒေသ ရွေးနေစရာမလိုဘူး
ဘယ်နည်းနဲ့ပဲ နိုင်နိုင် အနိုင်ရလိုစိတ် ငယ်ငယ်ကထားခဲ့ဖူးတယ်
ရန်ရန်ချင်းမတုန့်နှင်းရဘူးတဲ့
ရန်သူကို ရန်သူလို မမြင်မိတဲ့နေ့ကစပြီး ခံရတော့တာပဲ
အိပ်မက်ထဲမှာ ယောင်ယောင်ပြီး ကန်သွင်းခဲ့တဲ့ ဂိုးတွေ
နိုးလာတိုင်း လွမ်းဆွတ်နေမိတယ်
ကိုယ်ဖော့ပြီးစဉ်းစားတယ်
ခဲဆွဲပြီးစဉ်းစားတယ်
စိတ်ကိုဖွင့်ထားတယ်
နှလုံးသားကို ဖွင့်ထားတယ်
အနွေးအင်္ကျီထူထူ ၀တ်ထားတယ်
ကိုယ်ခံပညာ နည်းနည်းပါးပါး သင်ထားတယ်
လူရှေ့မှာ ဆွေးနွေးလို့ ရအောင် စာတိုပေစတွေ မတောက်တခေါက် ဖတ်ထားတယ်
မူးမှပဲ အော်အော် ဆဲလို့ကောင်းတော့ တစ်ခါတစ်ခါတော့လည်း မူးမိတာပေါ့
မူးတိုင်းလည်း နံရံကို လက်သီးနဲ့ ပစ်ပစ်ထိုးလိုက်တယ်
ရွေးချယ်စရာ မတွေ့လို့ ဘာကိုမှ မရွေးချယ်မိသေးတာပါ
ခြေမတွေ့လို့ စောစောစီးစီး ထွက်ထိုင်နေမိတာ
မနက်ဖြန်ဆိုတဲ့မမြင်ရတဲ့အနာဂတ်နဲ့
ဓါတ်တိုင်ကမီးအရောင်ပြန်ဟပ်ပြီးလင်းနေတဲ့ကာင်းကင်အောက်မှာ
ဘယ်အရာမှအစီအစဉ်တကျမရှိကြဘူး။

ငြိမ်းချမ်းအောင်

Read More...

21 March, 2008

မတ် ၁၃ အသားကင်ဆိုင် နွေဦးညနေခင်း

အဲဒီညပေါ့
အလိုမတူပဲ လမင်းကို ငါ ချစ်တင်းနှောခဲ့မိတာ
နွေဦးက ရူးလောက်အောင် ဖမ်းစား
အဝေးက ငါစောင့်မျှော်နေခဲ့ ရောက်လာလတ္တံ့သော အ၀ါရောင်အလင်းတစ်စ
ငါ့ ခန္ဒာကိုယ်က နာကျင်ခြင်းမဲ့ အိုကြီးအိုမ ၀ိညာဉ်တစ်စ
လေထဲမှာ တဖျတ်ဖျတ်လွင့်လို့ ပေါင်းဖက်မွေ့ကြ
အဲဒီတဒင်္ဂမှာ ညက ငါ့ကို ပျားရည်နဲ့ ၀မ်းချခဲ့။
မြက်ခင်းပြင်ပေါ်မှာ
ကြယ်တွေ လင်းလက်မနေခဲ့ပါ
သူကလေးရဲ့ မျက်လုံးတွေပဲ တဖျတ်ဖျတ်တောက်ပလို့နေကြ
သူစိမ်းဆန်ပေမဲ့ ယဉ်ကျေးပြူငှာတဲ့ ရေမွှေးရနံ့သင်းပျံ့ပျံ့ကလေး
ရင်ထဲအထိ တိုးလျှိုးပေါက် ချဉ်းနင်းဝင်ရောက်
ဖမ်းစားနိုင်လွန်းတယ်
အဖွင့်အပိတ်မြန်ပြီး အလိုမကျတဲ့ စကားတွေပြောတတ်တဲ့ နူတ်ခမ်းပါးကလေး
ငါ သတိလက်လွတ် ငေးကြည့်နေမိတဲ့အရာ
သူကလေးရဲ့ ဆေးရောင်စုံခြယ်သ လှပတဲ့မျက်နှာ
အဲဒီခဏကလေးမှာ
တပ်မက်စိတ်ဟာ မီးတစ်စလို ရင်ကိုလောင်မြိုက်
နှလုံးသားဟာ ပရမ်းပတာ မြူးတူးခုန်ပေါက်လို့
သံချေးတက် ဓါးမတစ်ချောင်းဟာ
ရေခဲစိမ်ပန်းသီးကို ခွဲစိတ်ဖို့ မသင့်တော်ပါဘူးကွာ
ဖမ်းဆုပ်ဖို့ ခက်တဲ့ အဲဒီ အလင်းတစ်စကိုပဲ
အငမ်းမရ ငါဟာ ဖမ်းဆုပ်
ကလေးရယ်
မင်းမျက်လုံးတွေ ရီဝေနေခဲ့
အချစ်က ရင်ဘတ်ထဲအထိ ၀င်ကြည့်မှ မြင်ရတဲ့ အရာမျိုး
အဲဒီ ခါးသက်လွန်းတဲ့ဝေဒနာ
အလွမ်းဆိုတာ အလင်းထက် ပိုမြန်တတ်သလား
မဝေးလိုပေမဲ့ ဝေးခဲ့ရ
မထားလိုပေမဲ့ ထားခဲ့ရ
မင်းအပါးက ထပြန်လာခဲ့ရပေမဲ့
သူပုန်ဆန်နေကျ ကိုယ့်ဝိညာဉ်ဟာ အခုထိ ကိုယ့်ဆီ ပန်ရောက်မလာတော့။

ငြိမ်းချမ်းအောင်

Read More...