နောင်နှစ်ခါ
တန်ဆောင်မုန်းမှာ
ပွဲမကြည့်ချင်ဘူး
နောက်တစ်ခါ
နယူးရီးယားမှာ
ပြန်တွေ့ချင်တယ်
ချစ်ရတဲ့ သင်တိုင်းဖြူရေ။
လူရွှင်တော်တွေပြောတဲ့
ဆန်ဆုံစား ကံကုန်သွား
ဇာတ်လမ်းမျိုးမဟုတ်ဘူး
ဘ၀ဆိုတဲ့ သံသယာမှာ
မင်းနဲ့ငါ ဆုံခဲ့ကြ
အဲဒီ မီးပုံပွဲတစ်ည
ငါ့အပျိုမလေး မင်းကရှက်သွေးဖြာ
မင်းအရပ်က ရှည်သွယ်
မင်းအသားက ၀ါဝင်း
ပြစ်မျိုးမှဲ့မထင်
မင်းခန္ဒာကိုယ်အချိုးအဆက်
ရိုက်ဖိုကြီးငယ်အသွယ်သွယ်မှာ
ငါကအသက်ရှူတာတောင်မှား
ငါကရင်ခုန်သံတောင်စည်းချက်မှား
ထင်းမီးဖိုအလင်းရောင်မှာ
ဖားစည်တီးသံက မြူးလို့ကြွ
စည်းချက်နဲ့အညီ
မင်းကခန္ဒာကိုယ်လူပ် ယိမ်းလို့က
မင်းလက်ထဲကအဖြူရောင်ပုဝါစလေးလူပ်ခါက
မင်းအကမှာ… မင်းအလှမှာ
ငါက ခေါင်ရည်မသောက်ပဲယစ်မူး
အဲဒီညက ငါအချစ်ရည်ပါ မူးခဲ့တယ်။
ဓါတ်ခွဲကြည့်ဖို့မလိုအပ်တဲ့ ကိစ္စထဲမှာ
အချစ်ဆိုတဲ့အကြောင်းအရာပါတယ်
ငါ့အကြည့်မှာ မင်းကခေါင်းငုံ့ ရှက်သွေးဖြာ
အလို..သောင်ရင်းတောင်ရင်ခုန်သွား
အဝေးကဇွဲကပင်လူပျိုသိုးကြီးခမျာ ကျိတ်ပြီးမျက်လွှာချ
ဒီဘဝ
နောက်ဘဝ
ဘ၀အဆက်ဆက် ပေါင်းဖက်ချင်တယ်
မြင်မြင်ချင်းချစ်မိတာ ရှေးရေစက်မို့ထင်ရဲ့။
ငါ့အချစ်က
ပထ၀ီမြေကြီးထက်ပိုပြီးလေးနက်တယ်
မင်းအချစ်က
အမုန်းတံတိုင်းကြီးကိုကျော်ခွပြီးအရောက်လာခဲ့တယ်
လက်ချည်ပွဲမှာထပ်တွေ့တော့
ရင်ထဲက ဆန္ဒတွေပွင့်အံထွက်ခဲ့
“ဒေးမူကလည်းအကျောကိုချစ်ပါတယ်” တဲ့
ရိုးသားပွင့်လင်းတဲ့ အဖြေစကားမှာ
ငါ့အနာဂတ်ဟာ ဟင်းလင်းပဲ။
မင်းတို့ရိုးရာက သင်တိုင်း
ငါတို့ရိုးရာက ပင်နီနဲ့တိုက်ပုံ
မင်းကိုးကွယ်တာက သခင်ယေရူ
ငါကိုးကွယ်တာက ဗုဒ္ဓဘုရားသခင်
ဘာသာ၊ လူမျိုး၊ ယဉ်ကျေးမူအစဉ်အလာမတူညီကြတာ
အချစ်ကို မြူတစ်မူန်စာတောင် မမှေးမှိန်နိုင်ခဲ့ဘူး။
အမိမြေနဲ့အဝေးမှာ နှစ်တွေကြာ
အနောက်တိုင်းနဲ့ကူးလူးဆက်ဆံခဲ့ကြ
ဖားတစ်ပိုင်းငါးတစ်ပိုင်းယဉ်ကျေးမူမှာ
ငါတို့ချစ်ခြင်းမေတ္တာဟာ မညစ်နွမ်းခဲ့ပါဘူး
ပိုစ့်မော်ဒန် အယောင်ဆောင်ထားတဲ့
လစ်ဗင်းတူဂဲသား Living together သရုပ်ပြက်ဝါဒကို
ငါတို့ သဘောမတူခဲ့ကြဘူးလေ။
မင်းကြိုက်တဲ့တာလဘောဟင်းနဲ့ငပိထောင်းကိုငါလည်းကြိုက်တယ်
မင်းချစ်တဲ့ဒုက္ခသည်စခမ်းလေးကိုငါလည်းချစ်တယ်
မင်းနေချင်တဲ့တောင်ပေါ်ဒေသမှာပြန်အခြေချဖို့ငါသဘောတူတယ်
မင်းတို့အလံတော်ကို ငါဦးညွှတ်တယ်
နွေဦးမှာ ပွင့်တဲ့ ပိတောက်ကို မင်းခေါင်းမှာ ပန်ပေးချင်တယ်
မင်းစိတ်တိုတဲ့အခါ ဒေါနတစ်ခက်နဲ့ ငါနှစ်သိမ့်မယ်
ငါဒေါသထွက်တဲ့အခါ မင်းအကြင်နာလက်နဲ့ချော့မြူကွယ်
မင်းငိုရင် ငါချော့မယ်
မင်းပျော်ရင် ငါပြုံးမယ်
သောင်းရင်းမှာ အိမ်ပြန်နောက်ကျနေသူကို ခွင့်လွှတ်ပါ သင်တိုင်းဖြူ။
ရိုးသားဖြူစင်တဲ့
မင်းနှလုံးသားနုနုမှာ
ဘာအရောင်မှ အလိမ်းကျံမခံရစေချင်ဘူး
ဖြောင့်မတ်မှန်ကန်တဲ့
မင်းအတွေးအခေါ်မှာ
အမှောင့်ပယောဂတွေ ပူးဝင်မခံရစေချင်ဘူး
ဘုန်းကြီးတွေ အရိုက်ခံရတော့ မင်းကငိုတယ်
မင်းတို့ရွာတွေ မီးရို့ခံရတော့ ငါကဒေါသထွက်တယ်
နိုင်ငံရေးသမားတွေ နှစ်ရှည်ထောင်ဒဏ်ချခံရတော့မင်းကစုပ်သပ်တယ်
မင်းတို့တောင်ပေါ်သူတွေမုဒိမ်းကျင့်ခံရတော့ငါကတောက်ခေါက်တယ်
တို့နှစ်ယောက်လုံးလူသားဆန်ခဲ့ပါတယ်။
မဲဆောက်မှာ နောက်ဆုံးတွေ့တဲ့အခေါက်က
မင်းမျက်နှာမသာမယာ
မင်းက မင်းလူမျိုးအတွက်
ပူပင်သောကတွေရောက်
မင်းလုပ်နေတဲ့ အလုပ်တွေအကြောင်းငါ့ကိုရှင်းပြ
၈-နှစ်သမီးလေး မုဒိမ်းကျင့်ခံရတဲ့ အကြောင်းတောင်ပါသေး
ငါက မင်းမျက်နှာကို ငေးမော
မင်းနဖူးပေါ်က ကပိုကယိုဆံစတွေကို ငေးမော
အနာဂတ်ကိုငေးမော
ပြီးတော့ စိတ်ထဲမှာ သက်ပြင်းတွေကျိတ်ပြီးချ
တူနှစ်ကိုယ်နီးနိုင်မဲ့ရက်တွေအတွက်
စိတ်မစောမိတော့ဘူး သင်တိုင်းဖြူ။
တနေ့တစ်ရက်တောင် မခွဲခွာချင်ပေမဲ့
တစ်ခါတစ်လေ တစ်နှစ်တစ်ကြိမ်တောင်
တို့တွေပြန်မတွေ့ဖြစ်ကြဘူး
မင်းက မင်းအလုပ်တွေကို အကြောင်းပြ
ငါက မင်းကိုသတိရ ကျိတ်ပြီးလွမ်း
ဖုန်းဆက်လို့မရတဲ့ အရပ်ဒေသတွေကို
မင်းကမကြာမကြာ ခရီးထွက်
ငါက မင်းအတွက်စိုးရိမ် ဘုရားမှာပန်းလှူ ကျိတ်ပြီးဆုတောင်း
ဒေးမူရေ.. အလွမ်းဆိုတာ သံသယာမှာ
မလွတ်မကျွတ်ခြင်းတရားပါပဲ။
ဒီတစ်နှစ်တော့
ငါကမင်းကိုခွဲခွာ
မင်းတို့ပွဲတော်တွေရှိရာ
အချိန်မီပြန်မရောက်နိုင်ခဲ့
မင်းဆီက စာမလာ သတင်းမပါး
ဒေးမူတစ်ယောက်..နေမှကောင်းရဲ့လား
အဆင်မှပြေရဲ့လား
ဝါရှင်တန်ဆောင်းညမှာ
မီးကိုမှိတ် အမှောင်ထဲမှာ မင်းကိုကျိတ်သတိရ ငါကငို
ဒီတစ်ညလည်း
အိပ်နိုင်တော့မယ်မထင်ဘူး ချစ်ရတဲ့သင်တိုင်းဖြူရေ။………………။
ငြိမ်းချမ်းအောင်
18 February, 2009
သောင်းရင်းမှာ အိမ်ပြန်နောက်ကျခဲ့ပြီ သင်တိုင်းဖြူ
Labels:
My poem,
ရေးသူအကြိုက်
Subscribe to:
Post Comments (Atom)
4 comments:
ငါ့အချစ်က
ပထ၀ီမြေကြီးထက်ပိုပြီးလေးနက်တယ်...
လေးနက်လှတဲ့ တင်စားချက်ပါလား ကဗျာဆရာရေ...
ပုံရိပ်တွေမျက်စိမှာမြင်လာနိုင်လောက်အောင် ရေးနိုင်ပါပေတယ်...ကဗျာရှည်ကြီးကိုဖတ်ပြီး ကဗျာဆရာအစားတောင် ဝမ်းလွမ်းသွားရပါသေးတယ်ဗျာ...
မောင့်သင်တိုင်းဖြူမလေးနဲ့ မဝေးတော့တဲ့တစ်နေ့မှာ
ပြန်လည်ဆုံဆည်းရင်း အချစ်သီချင်းလေးတွေကို သောင်ရင်းချောင်းဖျားမှာ သီဆိုနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ...
ကဗျာထဲက ခွဲခွာနေရသူ နှစ်ဦး အမြန်ပြန်လည်ဆုံစည်း
ကြပါစေလို့ ဆုတောင်းပါတယ် ကိုငြိမ်းချမ်းရေ။
သုတေသနမှန်ပြားပေါ်
တင်ကြည့်ဖို့မလိုအပ်တဲ့ ကိစ္စထဲမှာ
အချစ်ဆိုတဲ့အကြောင်းအရာပါတယ်
အရေးအသားလေးတွေ လှလိုက်တာ အစ်ကိုရာ။
ကဗျာလေးဖတ်ပြီး လွမ်းသွားတယ်c
ကဗျာလေး ဖတ်ပြီး အရမ်းလွမ်းသွားတယ်။ သောင်းရင်းက အိမ်လေးကိုပြန်မရောက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။
Post a Comment