သူငယ်ချင်း.. ကာလီဖိုးနီးယားမှာ တစ်ဆောင်းသစ်ပြန်ပြီ.. မြဒါလီတော့မရှိဘူးပေါ့ကွာ၊ သူ့အစား ကပ်ပလီမကြီးကိုလည်း ကိုယ်ထိလက်ရောက် သွားလုပ်မပစ်လိုက်နဲ့ဦး။ အခန့်မသင့်ရင်မင်း ဒုက္ခရောက်သွားနိုင်တယ်။ ကျန်းမာရေးကိုဂရုစိုက်၊ အပြင်ထွက်ရင် အနွေးအင်္ကျီထူထူဝတ်၊ ငါလည်းမကြာခင် ပြန်လာခဲ့မယ်။ မင်းအတွက် လက်ဖက်ထုပ်နဲ့ ပုန်းရည်ကြီးဝယ်ခဲ့မယ်။ ဦးချိန်တီလျှက်ဆားနဲ့ အဘထရှူဆေးလည်း မဲဆောက်က ၀ယ်ခဲ့မယ်ကွာ။ ဒါနဲ့သူငယ်ချင်း.. ရှိရှိသမျှအုပ်စုတကာမှာ မင်းပို့နေတဲ့အီးမေးလ်တွေ ငါဖျက်ရတာလက်ညောင်းလှပြီ။ ပြီးတော့ ဒို့သမ္မတကြီး အိုဘားမားကိုလည်း သနားပါကွာ၊ ခုတလောသူ့ခမျာ မျက်နှာ မကောင်းရှာဘူး၊ တိုင်းပြည်လည်း စီးပွားရေးမကောင်းဘူး။ ဖုစတမ့်နဲ့ စားပြီး အားအားယားယား မင်းအသံ ပြဲကြီးနဲ့ဖြဲဖြဲမအော်နေပါနဲ့.. ခင်လို့ပြောတာ ဖြစ်နိုင်ရင်တစ်လလောက် တိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ် ကလေးနေပေးပါလား ငါပြန်ရောက်ရင် ဂျက်ဒယ်နီရယ်အ၀တိုက်ပါ့မယ်။ ပလိစ်…။ တဆက်တည်းပြောရဦးမယ် ၀ိုင်းစုခိုင်သိန်းတို့ ရတက်မအေး အထုပ်ပိုက်ပြန်ပြေးအောင် မင်းနွှဲခဲ့တဲ့ ရဲရဲတောက် လုပ်ဆောင်ချက်ကတော့ သမိုင်းအဆောင်ဆောင်မှာ နောင်လာနောက်သားတွေ မှတ်တမ်း တင်ရစ်လိမ့်မယ်။ တကယ်ဆိုရင် အနှစ်လေးဆယ်စီမံကိန်းနဲ့ မင်းဝယ်ထားတဲ့အိမ်၊ ခြောက်နှစ်စီမံကိန်းနဲ့ မင်းဝယ်ထားတဲ့ကား၊ ဒါ..မင်းရဲ့လက်တွေ့ဆန်တဲ့ သရုပ်သကန်ပဲသူငယ်ချင်း။ ငါ့မှာလည်း ဆန္ဒတချို့ရှိတယ်။ ရောင်းမယ်ဆိုရင် နယူးရော့မြို့ကြီးကို နှစ်တစ်ထောင် စီမံကိန်းနဲ့ ၀ယ်ထားချင်တယ်။ ဈေးညှိပေးပါလား၊ အဆင်ပြေရင် ပွဲခပေးပါ့မယ်။ ပြီးတော့ အော်ဒီစပေါ့ကား တစ်စီးလောက်လည်း လိုချင်တယ်။ ကလေးမရလို့ စိတ်ညစ်နေတဲ့ ဘီယွန်းဆေးနဲ့ ဂျေဇက်တို့ ဇနီးမောင်နှံကိုလည်း အားပေးစကားပြောချင်တယ်။ အေးကွာ စိတ်မပျက်နဲ့အားမငယ်နဲ့။ ငါတို့ လက်ထက်မှာ ဒို့တော်လှန်ရေးကြီးမပြီးသေးရင် ငါတို့သားသမီးတွေဆက်လုပ်ကြလိမ့်မယ်။ မင်းလက်ထက်မှာ မင်းအိမ်အကြွေး မကြေသေး ရင်လည်း မင်းသားသမီးတွေ ဆက်ဆပ်ကြလိမ့်မယ်။ သိန်းစိန်နယူးရော့လာတုံးက ကိုမိုးသီးဖိနပ်နဲ့ပေါက်တာ ငါဂုဏ်ယူတယ်။ (ကွန်ဂယက်ကျူလေးရှင်း ကိုမိုးသီး၊ စကားစပ်မိလို့ပြောတာ)၊ ငါတို့နိုင်ငံတော်သမိုင်းမှာ ရွှေတိဂုံဘုရားရင်ပြင်ပေါ် အင်္ဂလိပ်တွေ ဖိနပ်နဲ့တက်လို့ “ဖိနပ်ပြဿနာ” တောင်ဖြစ်ခဲ့သေးမဟုတ်လား။ ၀ိုင်းစုခိုင်သိန်းနဲ့ မင်းတို့ဖြစ်တဲ့ ပြဿနာကိုတော့ ငါမဝေဖန်ပါရစေနဲ့။ ငါ..ကျန်းမာရေးသိပ်မကောင်းဘူး၊ နှာလည်းနဲနဲ စေးနေတယ်။ သြော်ဒါနဲ့ ပစိဖိတ်သမုဒ္ဒရာကြီးက အကျယ်ကြီးပဲသူငယ်ချင်း၊ ငါတို့တသက် ခတ်သောက်လို့မကုန်နိုင်ဘူး။ ကျန်တာတွေလူချင်းတွေ့မှပြောမယ်။ နူတ်တစ်ရာစာတစ်လုံးတဲ့။ အေးကွာ စာမဆုံးခင်တစ်ခုတော့ မှာခဲ့ချင်တယ် မင်းအရင် (အမေရိကားမှာသာ) ငါသေခဲ့ရင် ငါ့အသုဘဖိတ်စာမှာ နိုင်ငံရေးသမားလို့မထည့်နဲ့။ ကဗျာဆရာလို့သာထည့်ပေးပါသူငယ်ချင်း။ ပြီးတော့ငါ့အလောင်းမှာ အုတ်ဂူမတည်ပါနဲ့။ ကျောက်တိုင်မစိုက်ပါနဲ့။ အသုံးမကျတဲ့ငါ့အတွက် ကမ္ဘာမြေကြီး ပိုပြီးမလေးပင် စေချင်တော့ဘူး။ မင်းရဲ့အစဉ်ထာဝရ။
ငြိမ်းချမ်းအောင်
27 October, 2010
ဒေ၀စ္ဆရာသို့လွမ်းဆွတ်ခြင်း
Labels:
My poem
Subscribe to:
Post Comments (Atom)
2 comments:
nice!အသွင်တမျိုးနဲ့ ဒီကဗျာ (ကဗျာ လို့ပဲခေါ်မယ်ထင်ပါတယ်) ကိုဖတ်ရတာ အရသာရှိတယ်။
ဂွဒ်တယ်ဗျ။ ကြိုက်တယ်
Post a Comment