08 July, 2011

“အချစ်ဆိုတာ… ငါပြန်မဆပ်နိုင်တဲ့ ကြွေးမြီပါပဲ”

ကျနော်ကြည့်ဖူးတဲ့အနောက်တိုင်းရုပ်ရှင်ကားတွေမှာ
အချစ်ဆိုတာဝုန်းဝုန်းဒိုင်းဒိုင်းကြမ်းကြမ်းတမ်းတမ်းရမ်းရမ်းကားကားသည်းထိတ်ရင်ဖို
ကျနော်ကြည့်ဖူးတဲ့အရှေ့တိုင်းဂျပန်ကိုရီးယားထိုင်းဇာတ်ကားတွေမှာ
အချစ်ကနူးနူးညံ့ညံ့ညင်ညင်သာသာသိမ်သိမ်မွေ့မွေ့ယဉ်ယဉ်ကျေးကျေး ကျနော်ကြည့်ဖူးတဲ့ဟိုတုန်းကမြန်မာဇာတ်လမ်းတွေမှာ
မင်းသားနဲ့မင်းသမီးပုဝါတစ်ကမ်းကစကားပြောတယ်
ကျနော်ကြားဖူးတဲ့ကနေ့ခေတ်မြန်မာလူငယ်အချစ်ဇာတ်လမ်းတွေမှာပန်းခြံထဲချိန်းတွေ့တယ်
ကာယာအိုကေအမှောင်ခန်းထဲသီချင်းဆိုတယ်
နှုတ်ခမ်းချင်းစုတ်တယ်
တည်းခိုခန်းသွားကြတယ်

ဒါသမရိုးကျဖြစ်ရိုးဖြစ်စဉ်လား
ထိုးဇာတ်လား
ခေတ်ရေစီးကြောင်းလား
ထွက်ပေါက်လား
လုပ်ကြံဖန်တီးမှုတစ်ခုလား
အချစ်လား?

လက်မထပ်ခင်အတူမအိပ်တဲ့ကျနော်တို့ခေတ်ကလူငယ်များ
ဂျင်းပင်နဲ့ပေါ့ကျလက်ဖက်ရည်ကြိုက်တဲ့လူငယ်များ
အရေပြားထက်နှလုံးသားကိုတန်ဖိုးထားတဲ့ခေတ်
အတွေ့ထက်အငွေ့ကိုမြတ်နိုးတဲ့ခေတ်အကြောင်း
ယနေ့ခေတ်နောက်ဆုံးပေါ်လူငယ်များငါ့ကဗျာမှာလာဖတ်ကြပါ။
(ငါးကြော်မကြိုက်ကြောင်မိုက်ရယ်လို့စွပ်စွဲလိုကစွပ်စွဲ၊ ခင်ဗျားရူးနေသလားလို့ပြောချင်လဲပြော၊ ဆဲလိုကဆဲကြပါ)

စကားဝါရေ..မမရွှေစကားဝါ..အချစ်ဆိုတာကျနော်ပြန်မဆပ်နိုင်တဲ့ကြွေးမြီပါပဲကွယ်။

ကျနော်တသက်လုံးမှတ်မိနေတယ်ရိုးရိုးသာမန်နေ့ကလေးတစ်နေ့ပါပဲ
လေပြင်းမတိုး စနေမိုးမရွာ ၀တ်လစ်စလစ် ညနေခင်း
တောပန်းတောင်ပန်းကလေးတွေယိမ်းထိုးလှုပ်ရှားကစားလျှက်
တစ်ထောင့်ကိုးရာရှစ်ဆယ့်ကိုး ဇွန်လကောင်းကင်ပြာပြာကြီးရဲ့အောက်
ကျနော်တို့ကျောက်ချရပ်နေမိတဲ့လမ်းနံဘေး
ဘောင်းဘီဝတ်မထားဝါဂွမ်းလိုဖြူလွင်သောတိမ်တွေတောက်ပ
နှစ်ကိုယ်ကြားကျီစယ်တိုက်ခတ်ကစားသောလေညင်းကလေး
ပန်းမြို့တော်စက်ဘီးကလေးကတ္တီပါဖိနပ်နှစ်ရံကျနော့်ဇီဇ၀ါပန်းများ
သံသာကမ်းတိုင်ထုတ်ချင်းခတ်မွှေးမြကိုယ်သင်းနံ့လေး
သတိတရဖြစ်နေမည့်အမှတ်တရများစွာ
အချစ်ဆိုတာတေးဆိုနေတဲ့ငှက်ကလေး..
အိပ်ချင်ယောင်ဆောင်နေတဲ့ညနေခင်း..
အချစ်ဆိုတာချစ်သူဝတ်ထားတဲ့ရွှေခြည်ထိုးအနက်ရောင်လုံခြည်ကလေး..
ဝင်းဝါသွယ်လျခြေဖမိုးပြည့်ပြည့်လေး..
အချစ်ဆိုတာရှက်ပြုံး..နွေးထွေးသောကိုယ်ငွေ့.. စကားလုံးမဲ့သိနားလည်မှု ဖြစ်တယ်

ကမ္ဘာမြေကကျနော့်ကိုမွေးပြီးဒဏ်ရာတွေပေးပြီး
လက်ဆောက်လှလှလေးတွေနဲ့ကျီစယ်ဆော့ကစားပြန်တယ်။
ကျနော်ထားရစ်ခဲ့
ယာခင်းကိုထွန်ယက်ဖို့မီးရှို့နေကျမြို့ကလေး
ကောက်သစ်နံ့ သင်းသင်းမွှေးရာ ဇာတိမြေ..
ကြမ်းတမ်းမှုနဲ့ရင်ဆိုင်ရတိုင်း
နူးညံ့မှုကိုသတိရမိသောနေ့ရက်များ..
ရိုးပြတ်ရနံ့လောက်တပ်မက်စရာမကောင်းသော
ရှူရှိုက်မိသောမွှေးရနံ့များစွာ..

ရွှေသားလိုဝင်းဝါ စကားဝါရေ..
ဖဲသမားတစ်ယောက်က
စပိတ်တစ် ဖဲတစ်ချပ်ကို တောင့်တမိသလိုမျိုး
အရက်သမားတစ်ယောက်အရက်ဆာသလိုမျိုး
ငါမင်းကိုဆာလောင်နေခဲ့တယ်..

အကင်းမသေနိုင်တဲ့ဒဏ်ရာထိမိခိုက်မိတိုင်းသွေးစိမ်းရှင်ရှင်ပန်းထွက်
သတိရတိုင်းအချစ်စိတ်ဟာနလံထ
ဆောင်းဦးပေါက်သစ်ရွက်ကလေးလို
ဖုံးစလုံးစစပါးပင်ကလေးလို
စိမ်းစိုလတ်ဆတ် နုပျိုဆဲပဲ..

ဘ၀ဆိုတာ ..
အရေခွံပြန်ပြန်လဲရတဲ့မြွေတစ်ကောင်လို
သစ်ရွက်လေးတစ်ရွက်ဖြုတ်ခနဲကြွေသွားသလို
ဘ၀ဆိုတာ ..
ပြန်မရွေးနိုင်မှန်းသိရက်အောက်ဈေးနဲ့ထိုးပေါင်လိုက်ရတဲ့ထဘီအသစ်တထည်လို
လေထိုးထားတဲ့ပူစီဖောင်းလို
ဘ၀ဆိုတာ..ငယ်သွားတစ်ခါလဲတယ်၊ ပြီးရင်ဘယ်တော့မှသွားတွေပြန်မပေါက်တော့ဘူး။

ကံကြမ္မာ၏စိမ်းကားရက်စက်မှု..
ပျစ်ပျစ်နှစ်နှစ်နေ့ရက်များ..
အထီးကျန်ညနေခင်းများစွာ..
ခုတော့ ငါ့မျက်လုံးတွေလည်း
အရင်လို တဖြတ်ဖြတ်မတောက်ပကြတော့ဘူး။
ငါလည်း လက်ဖျံတဖြောင်းဖြောင်းခတ်
မိုက်သွေးမကြွတတ်တော့ဘူး။

ငါတို့ရပ်နေတဲ့ မြေကြီးပေါ်မှာ
ကမ္ဘာကြီးက မစိမ်းလန်းသေးဘူး
ငါတို့ဖတ်နေတဲ့ စာမျက်နှာတွေမှာ
ကမ္ဘာကြီးက မငြိမ်းချမ်းသေးဘူး။
ငါစားမိတဲ့ စပျစ်သီးတွေကလည်း (အော်ဂင်းနစ်မဟုတ်တော့) အရင်ကလို မချိုမြိန်တော့ဘူး
ငါမက်တဲ့ အိပ်မက်တွေလည်း ရင်ခုန်စရာမကောင်းတော့ဘူး။

ငါထည့်ထားတဲ့ခရီးဆောင်ကျောပိုးအိတ်ထဲမှာဂျင်းပင်အပြာ
ငါ့ဆီမှာတွေဝေတတ်တဲ့ဦးဏှောက်နဲ့ယိုင်နဲ့နဲ့နှလုံးသား
ငါ့အတိတ်ပစ္စုပ္ပန်နဲ့အနာဂတ်မှာလူသားရဲ့မျှော်လင့်ခြင်း ငါ့ခရီး ပြင်း..ပြင်း..တွေ..ပြင်း..ပြင်း..တွေ
လေညင်းကလေးရေ ကိုယ်.. ပြန်မလာဖြစ်တဲ့အကြောင်း
ထားနှမသက်လျာမျက်ဝန်းလဲ့ပြာကလေးကို ပြောလိုက်ပါကွယ် ..

အချစ်ဆိုတာပါးပြင်ချင်းအပ်လိုက်တဲ့တဒင်္ဂအချိန်ကလေးဖြစ်တယ်..
အချစ်ဆိုတာသက်ထက်ဆုံးသတိရနေမဲ့ “အို..”ဆိုတဲ့အာမေဋိတ်သံကလေးဖြစ်တယ်..
အချစ်ဆိုတာသေရာပါဒဏ်ရာဒဏ်ချက်ဖြစ်တယ်…

ဆံပင်ရှည်ထားပြီးကတ္တီပါဖိနပ်စီးတဲ့
နတ်သမီးလိုလှပြီးဇွန်ပန်းပွင့်လေးလိုစင်ကြယ်သန့်ရှင်းတဲ့
မိုးရာသီကိုချစ်တဲ့ကောင်မလေးရေ..
အချစ်ဆိုတာ…ငါပြန်မဆပ်နိုင်တဲ့ကြွေးမြီပါပဲကွယ်..

ရွှေသားလိုဝင်းဝါ..စကားဝါရေ..အချစ်ဆိုတာငါပြန်မဆပ်နိုင်တဲ့ကြွေးမြီပါပဲကွယ်..။…။

ငြိမ်းချမ်းအောင်

No comments: