08 August, 2011

8-8-88 Peacock Poems (ခွပ်ဒေါင်းကဗျာများ)



"ပြန်လာပြီ ပန်ထွာ ဧကရီ"
တေးရေး - မင်းကိုနိုင်
သီဆိုသူ - မျိုးဆက်သစ် လူငယ်များ

ရန်ပယ်ချောင်းတွင်း ရန်စွယ်အပေါင်းရှင်းဖို့ ------- ညီညာရုန်းစုလို့---- ဟန်ပြင်နေပြီမို့ ---------
ဒီမြို့ရိုးထက်သို့----ခြေတင်ပြီးတက်လို့ -- စည်တော်ကြီး တီးနိုင်ရန်---------
ပြန်လာပြီ ပန်ထွာ ဧကရီ

ရာထောင်သောင်းသိန်းသန်း --- တောင်ပံဖြန့်ငှက်တို့ ---- ဝေဟင်ထဲရိုက်ခတ်--- ---ဟစ်ကြွေးသံမြည်သို့---
ညာဘယ်ပြောင်းသွဲ့သွဲ့----- ကြာစွယ်ဖယောင်းလက်နဲ့ ------- မာန်တင်ပြီး တီးနိုင်ရန်
ပြန်လာပြီ ပန်ထွာ ဧကရီ

သေနင်္ဂဗျူဟာ ---- နည်းပရိယာယ်တွေ----- အမြင်မှန်တွေး-
အပြင်ကလူကို အတွင်းစည်း အ၀င်မခံရေး ---

ဘယ်သူတရားမျှတ ------ ဘယ်သူက အဓမ္မ -------- အမှောင်နဲ့အလင်း --- အားခြင်း
မျက်နှာခြင်းဆိုင်ပြီမို့ ------

ဒီ -- မြို့ရိုးထက်သို့------ ခြေတင်ပြီး တက်လို့ ----- စည်တော်ကြီးတီးနိုင်ရန်------
ပြန်လာပြီ ပန်ထွာ ဧကရီ
ပြန်လာပြီ ပန်ထွာ ဧကရီ
ပြန်လာပြီ ပန်ထွာ ဧကရီ
****

“ဘဝ ၈၈ ဂါရဝ”

အိပ်မက်ဒီရေတွေ တရွေ့ရွေ့ အောင်မြင်စွာ ခွဲခွာ
ဒေါသရင်ကျိုးအင်းတွေသာ တခုပြီးတခု ဖြစ်တည်
ဆန္ဒမိုးမခတောမှာ ပဉ္စမံမြွေတွေ မြူးကခုန်နေကြ၊

သူရဲကောင်း ကြယ်စင်တွေ အတိတ်ပြန်တူးဖော်ဆွ
အာဂ မဟာ လူထုအရေးတော်ပုံ မေ့ချန်ဖုံးမရ
အခါအခါ သိက္ခာရှိစွာ ရှင်သန် ထမြောက်လာရ၊

ဂတိသွေးကျိန်စာ အကြွေးဟောင်း နှစ်ကာလကြာ
ငါတို့ တာဝန် မပြီးဆုံးတဲ့ လက်ကျန် အာရုံလမ်းတွေ
ခေတ်ရဲ့မျိုးဆက်သစ်တွေနဲ့  ယုံကြည်စွာ အာခံ ပျံသန်းနေမြဲသာပ။ ။

ဒေါင်းနီ
ဝ၃- ဝ၈- ၂ဝ၁၁
****

“ကမ္ဘာလောကရဲ့ သမီး”

ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။

အိပ်ရာထ၊ မျက်နှာသစ်၊ အ၀တ်လဲ
ကျောင်းသွားဖို့
ပြင်ဆင်နေတဲ့
သမီးလေးဟန်ပန်က
လေပြေနဲ့အတူ
ယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။

သမီး
လမ်းကူးရင် သတိထားနော်
ဆော့လည်းမသွားနဲ့
ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့
ဟုတ်လား… သမီး၊
နားထောင်နေတဲ့ သမီးလေးဟာ
ပါးချိုင့်လေးနဲ့ တခါပြုံး
အဖေ့ပါးကို တချက်နမ်းလို့
ပေါ့ပါးစွာပြေးထွက်သွားခဲ့တ​ယ်
လွယ်အိတ်လေးကို
မနိုင့်တနိုင်ဆွဲလို့
ဂါဝန်လေးက လေမှာလွှဲလို့။

ပြန်ရောက်မလာတော့ပါလား
“ခလေးတွေ သတ္တိ ရှိလိုက်ကြတာ
ခွေးတွေ ရက်စက်လိုက်ကြတာ
ကောင်မလေးတယောက်ဆိုရင်….”
အို…
တော်ကြပါတော့ တော်ကြပါတော့
ဆက်မပြောကြပါနဲ့တော့ဗျာ၊

သမီးလေးရယ်
အဖေနဲ့အမေတို့ရဲ့
အချစ်တွေနဲ့တင် မလုံလောက်လို့
ကမ္ဘာလောက တခုလုံးရဲ့အချစ်ကို
သိမ်းကြုံးပြီး အရယူသွားလေရော့သလားကွယ်။

(ဌေးအောင်)
မှတ်ချက် - 8888 ကာလကရေးဖွဲ့ခဲ့သောကဗျာဖြစ်။ ကဗျာဆရာမှာ ကျောင်းသားတပ်မတော်ခေါင်းဆောင် တစ်ယောက်ဖြစ်၊ နောက်အဖမ်းခံရ၊ ယခုအခါ ထောင်တွင်းကျခံနေရဆဲဖြစ်။
****

"သမီးလေးအတွက် အမှတ်တရ"

တနေ့ တနေ့နဲ့
ဒီနေ့ကို
ရောက်ခဲ့ရပြန်ပေါ့
အရင့်အရင်
နှစ်တွေကလိုပဲ
မိုးစက်တွေဟာ
ဖြည်းဖြည်း ဖြည်းဖြည်းနဲ့
ကြွေနေကြတယ် သမီး။

သမီးရဲ့ အမေကတော့
အစိမ်းမှာ
အဖြူလေးတွေ ကွပ်ထားတဲ့
ဂါဝန်လေးကိုပဲ
အသာအယာ ပိုက်ရင်း
ပင့်သက်တွေ ချနေလေရဲ့။

ဒီအချိန်ဆိုရင်
ထပြီ
မျက်နှာသစ်ပြီ
ရေချိုးပြီ
အော် …
ကြာခဲ့ပေမယ့်လည်း
အဖေတို့အတွက်
လန်းဆန်းနေဆဲပါ
သမီးရဲ့ ဓာတ်ပုံရှေ့
ပန်းအိုးထဲက
စံပယ်ပွင့် သေးသေးလေးတွေလိုပေါ့။

ကာတွန်းစာအုပ်လေးတွေကလည်း
သမီးကို ဖတ်ပြလို့ဆိုပြီး
ငြိမ်နေအောင်
နားထောင်တတ်တဲ့ သမီးကို
သတိရနေမှာပါ။

တဖက်ထဲ ပြန်ရတဲ့
ဂေါက်ဂေါက်ဖိနပ်လေးက
အဖေတို့
အမြင်လိုက်ရတဲ့အကြောင်းတွေ
ပြန်ပြောပြတဲ့အခါတိုင်း။

သမီးလေးရယ်
တကယ်ကတော့
မိုးကောင်းကင်ကြီးတောင်မှ
ငိုလို့ မ၀သေးပါဘူးကွယ်

ဋ္ဌေးအောင်
****

"သစ္စာ"

အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏ သွေးမနီသေးလျှင်
အသင်တို့သွေး ပတ်ဖျန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိဉာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနဲလျှင်
သင်တို့ ၀ိဉာဉ်ပူးကပ်ဝင်၍
ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်မောက် သစ္စာဖေါက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွှတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပစ်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်အသက် လမ်းတ၀က်မှ ပေးဆပ်ရလည်း

လူ့ဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တစ်ရပ် ကျေပြွန်မှတ်၍
ထပ်ဆင့်ပျော်ရွှင် ကျွန်ုပ်ဝိဉာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုဆိုကြပါလေ။

မင်းကိုနိုင်
****

"ဖောင်ဖျက်ကြစို့ .... အင်ဒရီနာ"
(by atn)

အဲသည့် အရိပ်ကလေးကနေ ထွက်လာတော့
ဘယ်လိုမှကို နှုတ်မဆက်မိဘူး...
(အမေရယ်... ရင်တွေပူပြီး ကျန်နေခဲ့မယ်ဆိုတာလည်းသိတယ်...)
(ဘာမှ မတတ်နိုင်ဘူး... ဟာ...
ငါ ... လုပ်စရာရှိတာတော့ လုပ်ရမှာပဲ...)
သူငယ်ချင်းမတဦးကိုလည်း
အရူးအမူး ပြောနေမိသေးတယ်...
အဲသည် ဆက်ထုံးတွေဟာ
ငါတို့တသက်လုံး
မပြီးဆုံးတော့ဘူးလား... အင်ဒရီယာ...
နင့် ချစ်သူ... ငါ...
ဘ၀မှာ မေးခွန်းတွေ များများလာတယ်...
ကြင်ကြင်နာနာဖြေပါ... အင်ဒရီယာ...
အနှစ် ၂၀ အကျော်မှာ
အတွေးအခေါ်တွေ... ခွာနာ လျှာနာဖြစ်သူကလည်း ဖြစ်ရဲ့...
ပရိဒေ၀တွေနဲ့... ကိုယ့်လည်ပင်းကိုယ်... ညှစ်သူကလည်း ညှစ်ရဲ့...
ငါကတော့... မင့်ကိုချစ်တာပဲ သိတော့တယ် အင်ဒရီယာ...
မနိုင်ဘူး...
မရှုံးဘူး...
မမုန်းဘူး...
မချစ်ဘူး...
သရေပွဲတွေနဲ့
ကြေကွဲနေခဲ့ရတာ အနှစ် ၂၀ ကျော်ခဲ့ပြီ ... အင်ဒရီယာ...
သွားကြပါစို့တဖက်ကမ်း...
ဘုရင့်နောင်လမ်းကို
ရဲရဲလျှောက်လှမ်းမယ့်သူတွေပဲလိုမယ်... အင်ဒရီယာ...

သြဂုတ် ၈၊ ၂၀၁၁
****

"ပြတိုက်သက်တမ်း ၂၃ နှစ်"

ကတ္တရာလမ်းပေါ်မှာ
ရာဇ၀င်ရေးထုံးကို
လူထုသွေးစာလုံးနဲ့ ဖလှယ်ခဲ့ကြ။

လွတ်မြောက်ရေးအတွက်
ဘ၀နဲ့ အသက်ကို လောင်းကစားလုပ်ကြ
ဆယ်စုနှစ်တွေ ကြာရှည်နိုင်သမျှ ...။

ဖုံးကွယ်ထားသမျှကို
ခွာချနိုင်ခဲ့သလို
နိမ့်ကျခဲ့သမျှ တွန်းလှန်ပြခဲ့ကြ။

အစွယ်အဆိပ်ကြောင့် စိုးမထိတ်
စိတ်မဆင်းရဲဘူး၊ စိတ်ဓာတ်မကျဘူး
စိတ်ပျက်အားငယ်ခြင်းမရှိဘူး
စိတ်လေ တွေဝေမှု အလျဉ်းကင်းမဲ့
စိတ်က ရှင်းပ
ဗကသရဲဘော်များနဲ့ လူထုကြီးရဲ့
အရေးတော်ပုံဆိုတဲ့ မုန်တိုင်း။

ညီညွတ်မှုအတိုင်းမဲ့
ဦးညွှတ်မှု ဒီရေလှိုင်းနဲ့
မုန်တိုင်းမှာ ပျော်ပါးကြ
မုန်တိုင်းကို ဂုဏ်ပြုကြ ...။ ။

(ကိုမွန်းအောင်သို့ ...)
မောင်လွမ်းဏီ
၁၉-၇-၂၀၁၁

Read More...

04 August, 2011

အိပ်မက်ပေးလို့ရေးရတဲ့ကဗျာ

နိဗ္ပာန်မရောက်ချင်ဘူး ဒီတပတ်ထွက်မဲ့ဂဏန်းသိချင်တယ်
ရှေ့ကိုဆက်သွားရင်းလမ်းပျောက်သွားတဲ့ကမ္ဘာဂြိုလ်ပေါ်မှာ
လူသားတစ်ယောက်တောမှောက်ခံရတဲ့အဖြစ်ဟာမဆန်းကြယ်
အသက်ကိုဉာဏ်မစောင့်ဘူးကျန်းမာရေးအာမခံကုမ္ပဏီစောင့်တယ်
အနာဂတ်ကိုနူကလီးယားလက်နက်စောင့်တယ် အလှကိုစပွန်ဆာစောင့်ပြီး အင်တာနက်ကဇိမ်ခံပစ္စည်းဖြစ်နေတုံးမှာပဲ ရူးချင်ယောင်ဆောင်ရင်းရူးသွပ်သွားခြင်းများ
လိမ်စရာမရှိကိုယ့်ပေါင်ကိုယ်ပြန်လိမ်ရင်း မုန့်ကြိုးလိမ်ဖြစ်သွားခြင်းများအပါအ၀င်
၂၁ ရာစုတောက်ခေါက်သံဇာတ်ကားကြီးမှာ ဒီပဲယင်း-၂၀၀၇-ကာလီဖိုးနီးယား လွတ်လပ်ရေး ကြေငြာစာတမ်းတွေပါတယ် မြန်မာဆိုတာသမိုင်းလှတဲ့ အာဇာနည်မျိုးဆိုလား ဗမာ့ကြွေး ကြော်သံသီချင်း နားထောင်ဖို့ရာ နားရှက်ခဲ့ခြင်းတွေပါတယ် သူဌေးဖြစ်ဖို့နဲ့သူဌေး ကတော်ဖြစ်ဖို့ ဘယ်ဟာကပိုပြီး လွယ်ကူမလဲ အရွယ်လွန်တဲ့အထိအချိန်ယူ စဉ်းစားမနေနဲ့ ရိုးသားနိုးကြား သူပုန်မလေးမေရီသကြား ပြန်မလာတော့ဘူးကွယ်သီချင်း ဟစ်လို့ခုတော့အမေရိကားမှာ ဘောင်းဘီဖင်ကြပ်နဲ့ ဂိုက်ပေး နည်းနည်းကြမ်းတယ်ကွယ် အရိပ်ကိုအယောင်ထင် ရွှေသမင်အလိုက်မှားတာလား ကြော်ငြာဟာထုတ်ကုန်ပစ္စည်းထက် အရေးပါလာတဲ့ခေတ်မှာ ကျမတို့ကုမ္ပဏီထုတ် ကွန်ဒုံးတွေဟာ ဘယ်လိုကောင်းပါတယ် ဘာညာ ဘာတွေပဲပြောပြော ကိုယ်လိုအပ်တာ ကွန်ဒုံးမဟုတ်ဘူး ကွန်ဒုံးကြော်ငြာတဲ့ ကောင်မလေးဆိုတာလည်း သေချာခဲ့ပြီ ယောင်တိယောင်ချာလူဖြစ်လာပြီး အူတိအူကြောင် သေဆုံးသွားတဲ့အဖြစ်တွေမှာ တစ်ခါပဲဝတ်ပြီး မာရီလင်မွန်ရိုး ချွတ်ထားပစ်ခဲ့တဲ့ အတွင်းခံတစ်ထည်လောက် ကိုယ့်ဘ၀ဟာ တန်ကြေးမပေါက်လို့လည်း ၀မ်းမနည်းတော့ဘူး မေတ္တာခြုံလို့လုံပါ့မလား လိုရမယ်ရ ထိုးလို့ခုတ်လို့ပစ်လို့ခတ်လို့ရတဲ့ လက်နက်တခုခု ဆောင်ထားရင်တော့ လက်တွေ့ပိုကျတာပေါ့ အချစ်ကရှေးဟောင်းပစ္စည်း ပွတ်သပ်ကိုင်တွယ် လို့လည်းမရဘူး ဒဏ္ဍာရီဆန်တယ် ယဉ်ကျေးမှုအဆင့်အတန်းမြင့်တယ် ဓလေ့ထုံးစံ ဆိုတာကလည်း တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုတော့ လူ့အခွင့်အရေး ကဏ္ဍမှာဂလိုဘယ်မဆန်သေးလည်း လိင်စားသုံးမှုကဏ္ဍမှာ အစွမ်းကုန်တန်းတူလာတာပဲ ၀မ်းသာပေးရတော့မလိုလို လူပျိုဆိုတော့စိတ်ထဲရှိတာရှိတဲ့အတိုင်း ပြောလို့ကောင်းပေမဲ့ တီတီတာတာ ပလီပလာတွေလည်း မပြောတော့ပါဘူး ကျနော်က လူကြီးလူကောင်းပါ ကျနော့်စိတ်ကိုက ဖောက်ပြန်နေတာ ပျော်အောင်နေပါသားရယ် ပျော်အောင်နေရင်း ကျွန်တော်ပျော့ပြဲသွားပြီ တိုက်စစ်တွေ မအောင်မြင်ခဲ့လည်း ကြာပေါကြီးကြောင်မဖြစ်အောင် ခံစစ်စစ်မျက်နှာမှာ ရွပ်ရွပ်ချွံချွံ ကျွန်တော်တိုက်ပွဲဝင်လျှက်ပါမေမေ ဗင့်ဆင့်ဗန်ဂိုးနဲ့ဟိုးမား ဘယ်သူပိုပြီး ကြီးကျယ်ခမ်းနားသလဲ သေဆုံးသွားပြီဖြစ်တဲ့ ဆရာ့ဆရာတွေကိုလည်း ရန်တိုက်မပေး ချင်တော့ဘူး ပန်းချီကားတွေလို တစ်ချိန်ချိန်မှာ ကဗျာတွေဈေးကောင်းရလာရင် ကဗျာဆရာတွေလည်း ဈေးကွက်ဝင် ရောင်းကုန်ဖြစ် မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ ခုတော့ရှင့်ကဗျာတွေ ကျမသိပ်ကြိုက်တာပဲ ဖောလည်း ဒေါက်ဖိနပ်တစ်ရံလောက် ကဗျာဟာဈေးမမြောက်တဲ့ခေတ်မှာ လည်ကုပ်ပေါ်ဓါးသွား ဒုတ်ကနဲကျမလာမချင်း မျှော်လင့်ခြင်းတွေ ရှင်သန်နေဆဲ ဆိုသော်ငြားလည်း မျှော်လင့်ခြင်းကိုပဲ မျှော်လင့်နေခြင်းက မမျှော်လင့်တော့တဲ့အဖြစ်မှာ မျှော်လင့်နေခြင်းကို မျှော်လင့်ခြင်းကလည်း မျှော်လင့်မနေတော့ပါဘူး

ငြိမ်းချမ်းအောင်

Read More...

02 August, 2011

ဒေါ်သန်းသန်းအေးရဲ့မြတ်ဒါန

Read More...

ပဒိုမန်းရင်စိန်နဲ့ကိုကျော်စွာ

Read More...

သုဝဏကွင်းက မြန်မာ-အိုမန် ဘောလုံးပွဲ

Read More...

26 July, 2011

၃၃ လမ်း ထမင်းတစ်လုပ် ဆာလောင်နေသော အနုပညာ

ထမင်းတစ်လုပ်အတွက် မိမိပိုင်ခန္ဒာကိုယ်အရင်းလုပ်ရတဲ့ ဘ၀များမှကမ္ဘာသူကမ္ဘာသား လူသားအားလုံး ကင်းဝေးကြပါစေ။ ဒီအထဲကသမီးလေးတို့လည်း လူကောင်းသူကောင်းများနဲ့သာတွေ့ကြုံပြီး ကြီးပြင်းလာတဲ့အခါ မိန်းမကောင်းလေးတွေအဖြစ်သာ တိုးတက်ကောင်းမွန်တဲ့ဘ၀တွေ ပိုင်ဆိုင်ရရှိကြပါစေ။

Read More...

22 July, 2011

ငြိမ်းချမ်းအောင် ကောင်မလေးလင်နောက်လိုက်ပြေးခြင်းအပါအ၀င် သက်ဆိုင်ခြင်းမသက်ဆိုင်ခြင်းနှင့်လူပီသခြင်းများ

ဆိုမာလီးယားမှာလူလေးသန်းအငတ်ဘေးကြုံနေရတယ်ဆိုပဲ
ဟုတ်လားသတ္တ၀ါတခုကံတခုပေါ့ဘယ်တတ်နိုင်ပါ့မလဲ
ငါ့မှာတော့စားစရာရှိနေသေးတာပဲ
လစ်ဗျားမှာ ‘ချ’ နေကြတုံးပဲ
ထားလိုက်ပါငါ့ခေါင်းပေါ်ဗုံးမှမကွဲသေးပဲ
အာရပ်လှိုင်းအပုတ်မှာသေတဲ့မသာတွေမနည်းဘူးဆိုပဲ
သေကြကွာသေကြရဲရဲကြီးသေလိုက်ကြလူဆိုတာသေတစ်နေ့မွေးတစ်နေ့ပဲ
မြန်မာအမျိုးသမီးလိင်အလုပ်သမတွေခုတလောပိုပိုများလာတယ်
အဲဒါငါနဲ့ဘာဆိုင်လဲငါမှယောင်္ကျားပြည့်တန်ဆာမဖြစ်သေးပဲ
လာမဲ့ရွေးကောက်ပွဲမှာအိုဘားမားအရွေးခံရပါ့မလားသူငယ်ချင်းရာ
အဲဒီကိစ္စကောငါနဲ့ဘာဆိုင်လဲသူသမ္မတဖြစ်တော့ငါထမင်းစားရတာမှမဟုတ်ပဲ
(တစ်ခုတော့ရှိတယ် ရန်ကုန်မှာပလက်ဖောင်းပေါ်အိပ်တဲ့အရူးတစ်ယောက်က
အိုဘားမားကိုပြောတယ် ငါ့ကိုမသနားနဲ့ နင့်ကိုယ်နင်သနား၊ ငါ့ကိုကယ်ဖို့
မကြိုးစားနဲ့နင်တို့အမေရိကားကိုကင်တင်ဖို့အရင်ကြိုးစားတဲ့)
ဦးသန်းရွှေနဲ့ကိုတေဇတို့အပေါင်းပါတွေ ‘ငရဲ’ ကျတော့မယ်တဲ့
ဟုတ်လားအရှင်လတ်လတ်မြေမြိုသွားရင်ပိုကောင်းတာပေါ့ကွာ
ဟိုတစ်နေ့ကရှမ်းနယ်ထဲမှာမြန်မာစစ်သားတွေမုဒိမ်းကျင့်တာ
၁၂ နှစ်သမီးရှမ်းကလေးမလေးလည်းပါတယ်
အော်ဟုတ်လား မှတ်တမ်းတင်ထားလိုက်ပါလိုအပ်ရင်ကြေငြာချက်ထုတ်ရအောင်
မြန်မာပြည်ကအေအိုင်ဒီအက်စ်ဝေဒနာသည်တွေအေအာဗွီဆေးလိုအပ်နေတယ်
ငါ့မှာအေအိုင်ဒီအက်စ်မှမရှိပဲထားလိုက်ပါလူဆိုတာသေနေ့စေ့ရင်သေကြရမှာပဲ
ခိုးလမ်းကဘန်ကောက်တက်တဲ့မြန်မာအလုပ်သမားတွေအဖမ်းခံရတဲ့သတင်းကြားတယ်
ဟုတ်လားဖမ်းပြီးရင်ပြန်လွှတ်မှာပေါ့ဒါအဆန်းတကြယ်ကိစ္စမှမဟုတ်ပဲ
ဒီမှာသူငယ်ချင်းလူဆိုတာမွေးပြီးရင်သေမယ်၊ အဖမ်းရှိရင်အလွှတ်ရှိရမယ်
ချမ်းသာခြင်းဆင်းရဲခြင်းပေါများခြင်းရှားပါးခြင်းဆိုတာသင်္ခါရတရားတွေပါကွာ
ငါ့ကိုဘာမှလာလာမပြောနဲ့
ကျေးဇူးပြုပြီးမင်းကြည့်နေတဲ့တယ်လီဗီးရှင်းကိုအခုချက်ခြင်းပိတ်လိုက်ပါ
ကွန်ပြူတာမဖွင့်နဲ့၊ လက်ကိုင်ဖုန်းတွေပိတ်ထား၊ ဖုန်းကြိုးတွေဖြုတ်ထား
ငါနားအေးပါးအေးနေပါရစေ၊ ဥပေက္ခာတရားနာပါရစေ
ဟေ့..ဒီမှာ ‘ငြိမ်းချမ်းအောင်’ မောင်ရင့်ကောင်မလေးလင်နောက်လိုက်ပြေးသွားပြီ
“…ဘာကွ….”
ဘာပြောတယ်
ဘယ်ခွေးမသားနဲ့လဲ
အဲဒီကောင်ငါကိုယ်တိုင်သတ်မယ်…။…။

ငြိမ်းချမ်းအောင်
ဇူလိုင် ၂၁၊ ၂၀၁၁

Read More...

ပြတိုက်ထဲကလူသားများ

Read More...

21 July, 2011

ဗိုလ်ချုပ်


Read More...

ဗိုလ်ချုပ်


Read More...

ဗိုလ်ချုပ်


Read More...

15 July, 2011

ကယ်တင်ဖို့လိုနေတဲ့ အမိဧရာဝတီ

Read More...

10 July, 2011

ဂစ်တာတီးတဲ့ကျောင်းအုပ်ကြီး


Read More...

08 July, 2011

“အချစ်ဆိုတာ… ငါပြန်မဆပ်နိုင်တဲ့ ကြွေးမြီပါပဲ”

ကျနော်ကြည့်ဖူးတဲ့အနောက်တိုင်းရုပ်ရှင်ကားတွေမှာ
အချစ်ဆိုတာဝုန်းဝုန်းဒိုင်းဒိုင်းကြမ်းကြမ်းတမ်းတမ်းရမ်းရမ်းကားကားသည်းထိတ်ရင်ဖို
ကျနော်ကြည့်ဖူးတဲ့အရှေ့တိုင်းဂျပန်ကိုရီးယားထိုင်းဇာတ်ကားတွေမှာ
အချစ်ကနူးနူးညံ့ညံ့ညင်ညင်သာသာသိမ်သိမ်မွေ့မွေ့ယဉ်ယဉ်ကျေးကျေး ကျနော်ကြည့်ဖူးတဲ့ဟိုတုန်းကမြန်မာဇာတ်လမ်းတွေမှာ
မင်းသားနဲ့မင်းသမီးပုဝါတစ်ကမ်းကစကားပြောတယ်
ကျနော်ကြားဖူးတဲ့ကနေ့ခေတ်မြန်မာလူငယ်အချစ်ဇာတ်လမ်းတွေမှာပန်းခြံထဲချိန်းတွေ့တယ်
ကာယာအိုကေအမှောင်ခန်းထဲသီချင်းဆိုတယ်
နှုတ်ခမ်းချင်းစုတ်တယ်
တည်းခိုခန်းသွားကြတယ်

ဒါသမရိုးကျဖြစ်ရိုးဖြစ်စဉ်လား
ထိုးဇာတ်လား
ခေတ်ရေစီးကြောင်းလား
ထွက်ပေါက်လား
လုပ်ကြံဖန်တီးမှုတစ်ခုလား
အချစ်လား?

လက်မထပ်ခင်အတူမအိပ်တဲ့ကျနော်တို့ခေတ်ကလူငယ်များ
ဂျင်းပင်နဲ့ပေါ့ကျလက်ဖက်ရည်ကြိုက်တဲ့လူငယ်များ
အရေပြားထက်နှလုံးသားကိုတန်ဖိုးထားတဲ့ခေတ်
အတွေ့ထက်အငွေ့ကိုမြတ်နိုးတဲ့ခေတ်အကြောင်း
ယနေ့ခေတ်နောက်ဆုံးပေါ်လူငယ်များငါ့ကဗျာမှာလာဖတ်ကြပါ။
(ငါးကြော်မကြိုက်ကြောင်မိုက်ရယ်လို့စွပ်စွဲလိုကစွပ်စွဲ၊ ခင်ဗျားရူးနေသလားလို့ပြောချင်လဲပြော၊ ဆဲလိုကဆဲကြပါ)

စကားဝါရေ..မမရွှေစကားဝါ..အချစ်ဆိုတာကျနော်ပြန်မဆပ်နိုင်တဲ့ကြွေးမြီပါပဲကွယ်။

ကျနော်တသက်လုံးမှတ်မိနေတယ်ရိုးရိုးသာမန်နေ့ကလေးတစ်နေ့ပါပဲ
လေပြင်းမတိုး စနေမိုးမရွာ ၀တ်လစ်စလစ် ညနေခင်း
တောပန်းတောင်ပန်းကလေးတွေယိမ်းထိုးလှုပ်ရှားကစားလျှက်
တစ်ထောင့်ကိုးရာရှစ်ဆယ့်ကိုး ဇွန်လကောင်းကင်ပြာပြာကြီးရဲ့အောက်
ကျနော်တို့ကျောက်ချရပ်နေမိတဲ့လမ်းနံဘေး
ဘောင်းဘီဝတ်မထားဝါဂွမ်းလိုဖြူလွင်သောတိမ်တွေတောက်ပ
နှစ်ကိုယ်ကြားကျီစယ်တိုက်ခတ်ကစားသောလေညင်းကလေး
ပန်းမြို့တော်စက်ဘီးကလေးကတ္တီပါဖိနပ်နှစ်ရံကျနော့်ဇီဇ၀ါပန်းများ
သံသာကမ်းတိုင်ထုတ်ချင်းခတ်မွှေးမြကိုယ်သင်းနံ့လေး
သတိတရဖြစ်နေမည့်အမှတ်တရများစွာ
အချစ်ဆိုတာတေးဆိုနေတဲ့ငှက်ကလေး..
အိပ်ချင်ယောင်ဆောင်နေတဲ့ညနေခင်း..
အချစ်ဆိုတာချစ်သူဝတ်ထားတဲ့ရွှေခြည်ထိုးအနက်ရောင်လုံခြည်ကလေး..
ဝင်းဝါသွယ်လျခြေဖမိုးပြည့်ပြည့်လေး..
အချစ်ဆိုတာရှက်ပြုံး..နွေးထွေးသောကိုယ်ငွေ့.. စကားလုံးမဲ့သိနားလည်မှု ဖြစ်တယ်

ကမ္ဘာမြေကကျနော့်ကိုမွေးပြီးဒဏ်ရာတွေပေးပြီး
လက်ဆောက်လှလှလေးတွေနဲ့ကျီစယ်ဆော့ကစားပြန်တယ်။
ကျနော်ထားရစ်ခဲ့
ယာခင်းကိုထွန်ယက်ဖို့မီးရှို့နေကျမြို့ကလေး
ကောက်သစ်နံ့ သင်းသင်းမွှေးရာ ဇာတိမြေ..
ကြမ်းတမ်းမှုနဲ့ရင်ဆိုင်ရတိုင်း
နူးညံ့မှုကိုသတိရမိသောနေ့ရက်များ..
ရိုးပြတ်ရနံ့လောက်တပ်မက်စရာမကောင်းသော
ရှူရှိုက်မိသောမွှေးရနံ့များစွာ..

ရွှေသားလိုဝင်းဝါ စကားဝါရေ..
ဖဲသမားတစ်ယောက်က
စပိတ်တစ် ဖဲတစ်ချပ်ကို တောင့်တမိသလိုမျိုး
အရက်သမားတစ်ယောက်အရက်ဆာသလိုမျိုး
ငါမင်းကိုဆာလောင်နေခဲ့တယ်..

အကင်းမသေနိုင်တဲ့ဒဏ်ရာထိမိခိုက်မိတိုင်းသွေးစိမ်းရှင်ရှင်ပန်းထွက်
သတိရတိုင်းအချစ်စိတ်ဟာနလံထ
ဆောင်းဦးပေါက်သစ်ရွက်ကလေးလို
ဖုံးစလုံးစစပါးပင်ကလေးလို
စိမ်းစိုလတ်ဆတ် နုပျိုဆဲပဲ..

ဘ၀ဆိုတာ ..
အရေခွံပြန်ပြန်လဲရတဲ့မြွေတစ်ကောင်လို
သစ်ရွက်လေးတစ်ရွက်ဖြုတ်ခနဲကြွေသွားသလို
ဘ၀ဆိုတာ ..
ပြန်မရွေးနိုင်မှန်းသိရက်အောက်ဈေးနဲ့ထိုးပေါင်လိုက်ရတဲ့ထဘီအသစ်တထည်လို
လေထိုးထားတဲ့ပူစီဖောင်းလို
ဘ၀ဆိုတာ..ငယ်သွားတစ်ခါလဲတယ်၊ ပြီးရင်ဘယ်တော့မှသွားတွေပြန်မပေါက်တော့ဘူး။

ကံကြမ္မာ၏စိမ်းကားရက်စက်မှု..
ပျစ်ပျစ်နှစ်နှစ်နေ့ရက်များ..
အထီးကျန်ညနေခင်းများစွာ..
ခုတော့ ငါ့မျက်လုံးတွေလည်း
အရင်လို တဖြတ်ဖြတ်မတောက်ပကြတော့ဘူး။
ငါလည်း လက်ဖျံတဖြောင်းဖြောင်းခတ်
မိုက်သွေးမကြွတတ်တော့ဘူး။

ငါတို့ရပ်နေတဲ့ မြေကြီးပေါ်မှာ
ကမ္ဘာကြီးက မစိမ်းလန်းသေးဘူး
ငါတို့ဖတ်နေတဲ့ စာမျက်နှာတွေမှာ
ကမ္ဘာကြီးက မငြိမ်းချမ်းသေးဘူး။
ငါစားမိတဲ့ စပျစ်သီးတွေကလည်း (အော်ဂင်းနစ်မဟုတ်တော့) အရင်ကလို မချိုမြိန်တော့ဘူး
ငါမက်တဲ့ အိပ်မက်တွေလည်း ရင်ခုန်စရာမကောင်းတော့ဘူး။

ငါထည့်ထားတဲ့ခရီးဆောင်ကျောပိုးအိတ်ထဲမှာဂျင်းပင်အပြာ
ငါ့ဆီမှာတွေဝေတတ်တဲ့ဦးဏှောက်နဲ့ယိုင်နဲ့နဲ့နှလုံးသား
ငါ့အတိတ်ပစ္စုပ္ပန်နဲ့အနာဂတ်မှာလူသားရဲ့မျှော်လင့်ခြင်း ငါ့ခရီး ပြင်း..ပြင်း..တွေ..ပြင်း..ပြင်း..တွေ
လေညင်းကလေးရေ ကိုယ်.. ပြန်မလာဖြစ်တဲ့အကြောင်း
ထားနှမသက်လျာမျက်ဝန်းလဲ့ပြာကလေးကို ပြောလိုက်ပါကွယ် ..

အချစ်ဆိုတာပါးပြင်ချင်းအပ်လိုက်တဲ့တဒင်္ဂအချိန်ကလေးဖြစ်တယ်..
အချစ်ဆိုတာသက်ထက်ဆုံးသတိရနေမဲ့ “အို..”ဆိုတဲ့အာမေဋိတ်သံကလေးဖြစ်တယ်..
အချစ်ဆိုတာသေရာပါဒဏ်ရာဒဏ်ချက်ဖြစ်တယ်…

ဆံပင်ရှည်ထားပြီးကတ္တီပါဖိနပ်စီးတဲ့
နတ်သမီးလိုလှပြီးဇွန်ပန်းပွင့်လေးလိုစင်ကြယ်သန့်ရှင်းတဲ့
မိုးရာသီကိုချစ်တဲ့ကောင်မလေးရေ..
အချစ်ဆိုတာ…ငါပြန်မဆပ်နိုင်တဲ့ကြွေးမြီပါပဲကွယ်..

ရွှေသားလိုဝင်းဝါ..စကားဝါရေ..အချစ်ဆိုတာငါပြန်မဆပ်နိုင်တဲ့ကြွေးမြီပါပဲကွယ်..။…။

ငြိမ်းချမ်းအောင်

Read More...

06 July, 2011

ပုဂံဘုရားဖူး


“အောင်ဆန်းစုကြည်ပုဂံခရီး”
အောင်ဆန်း - အောင်ပွဲခံ သူရဲကောင်း
စုကြည် - စင်ကြယ်ဖြောင့်မတ် ကြည်လင်သန့်ရှင်းသော ကိုယ်ကျင့်သိက္ခာ
ပုဂံ - ထည်ဝါ ခမ်းနား ကြီးကျယ် မြင့်မြတ်သောမြေ
ခရီး - ရုန်းကန်လှုပ်ရှား မရပ်မနားရွှေ့လျှားနေသော
ထည်ဝါ ခမ်းနား ကြီးကျယ် မြင့်မြတ်သောမြေသို့
စင်ကြယ်ဖြောင့်မတ် ကြည်လင်သန့်ရှင်းသော ကိုယ်ကျင့်သိက္ခာရှိ
အောင်ပွဲခံ သူရဲကောင်း၏
ရုန်းကန်လှုပ်ရှား မရပ်မနားရွှေ့လျှားနေသောခရီး။

Read More...