ဗင်နီဇွဲလားလယ်သမားတစ်ယောက်လိုသူနေထိုင်
ပီရူးအလုပ်သမားတစ်ယောက်လိုသူစဉ်းစား။
ကိုလံဘီယာလယ်သမားတစ်ယောက်လိုသူရှင်သန်
ချီလီအလုပ်သမားတစ်ယောက်လိုသူဖြတ်သန်း။
သူဟာ ကမ္ဘာမြေအတွက်လက်ဆောင်။
အဟောင်းအမြင်းအဆောက်အအုံတွေကိုစိတ်ပျက်
လူ့ပတ်ဝန်းကျင်အသစ်ကိုအိပ်မက်ခဲ့သူ
တောင်အမေရိကတိုက်အကြောင်း
"မော်တော်ဆိုင်ကယ်ဒိုင်ယာရီ” ကိုသူရေးခဲ့သလို
ပျောက်ကျားတစ်ယောက်အဖြစ်
အတောက်ပဆုံးသမိုင်းကိုသူရေးခြစ်ခဲ့။
ဆရာဝန်တော်လှန်ရေးသမား
စစ်ရေးပညာရှင်ပျောက်ကျားခေါင်းဆောင်
စာရေးဆရာစည်းရုံးရေးမူး
မာစ့်ဝါဒဟာ
သူ့ကြောင့်လူရိုသေရှင်ရိုသေဖြစ်ခဲ့ရတာပေါ့
စိတ်ဓါတ်ကြံ့ခိုင်သူတော်လှန်ရေးသမားတစ်ယောက်အတွက်
အကန့်အသတ်အခက်အခဲတွေနဲ့
မှန်းဆလို့မရတဲ့အနာဂတ်ဆိုတာ
အတားအဆီးမဖြစ်နိုင်ပါဘူး
သွေးပြန်ကြောတွေထဲအထိတဖျဉ်းဖျဉ်းဆူပွက်နေတဲ့
သူ့လွတ်မြောက်ရေးစိတ်ဓါတ်ဟာ
ဓနရှင်တွေကိုသွေးပျက်
အဖိနှိပ်ခံတွေကိုအားတက်စေခဲ့တယ်။
ခေတ်ကိုမြစ်ရေလိုဖြတ်သန်းစီးဆင်း
သူဖြတ်သန်းခဲ့တဲ့ခေတ်ဟာ
ခေတ်အဆက်ဆက်ကလိုပဲ
နွံထူပြီးဒိုက်နဲ့အမိုက်တွေမျောတယ်
သနားကြင်နာကင်းမဲ့ မသမာသူတွေပေါတယ်။
ဖိနှိပ်သူတွေရှိနေသ၍ တော်လှန်ရေးရှိနေမယ်
သူ့ခန္ဒာကိုယ်ထဲမှာ
ဓနရှင်လူတန်းစားဟာ
အပ်တစ်ချောင်းလိုစွဲဝင်စူးစိုက်လို့
သူ့ရင်ဘတ်ထဲမှာတော့
ကဗျာတွေကိုချစ်တဲ့စိတ်က
တောင်ကျစမ်းရေလိုတသွင်သွင်ဖြတ်သန်းစီးဆင်း
ချေဂွေဘားယားနာမည်သာမပါခဲ့ရင်
တော်လှန်ရေးဆိုတဲ့စကားလုံးဟာ
သိမ်ငယ်သွားမှာပေါ့
ချေမပါပဲရေးတဲ့ ၂၀ ရာစုသမိုင်း
ရိုင်းစိုင်းသွားလိမ့်မယ်။
ကျူးဘားကဆီအဲယားမေထရာတောင်တန်းတွေအထိ
အာဖရိကတိုက်ကွန်ဂိုတောနက်ထဲအထိ
ဘိုလီးဘီးယားကယူဂိုတောင်ကြားတွေအထိ
မီးလိုတဟုန်းဟုန်းတောက်လောင်နေတဲ့
ယုံကြည်ချက်တွေကိုထမ်းပိုးလို့
ညစ်ထေးနေတဲ့အ၀တ်ကိုလျှော်ဖွပ်သလို
ခေတ်ကိုလျှော်ဖွပ်ဖို့သူအရောက်သွားခဲ့
ရိုစာရီရိုမြို့ကဆရာဝန်ဟာ
သေနတ်ပစ်ရာမှာလည်းအထူးချွန်ဆုံးဖြစ်ခဲ့ပါတယ်။
မျက်ကန်း အစ်ဇမ် (ism) မဟုတ်ကြောင်းသက်သေပြခဲ့
ခရူးရှက်တို့နဲ့သဘောထားကွဲပြီး
မော်တို့နဲ့လက်တွဲခဲ့တာ
ယုံကြည်ရာအတိုင်းရပ်တည်ရဲခဲ့လို့မဟုတ်ဘူးလား
အယူအဆကွဲပြားမူဟာ
သေဖော်ရှင်ဖက်ရဲဘော်ရဲဘက်ချင်းကိုတောင်
မိတ်ပျက်စေခဲ့
ဟားဗားနားကနေထွက်ခွာသွားရတဲ့
ခြေသလုံးအိမ်တိုင်တော်လှန်ရေးသမားတစ်ယောက်အတွက်
စွန့်လွှတ်ပေးဆပ်မူဆိုတဲ့အဓိပ္ပါယ်ဟာ
သူချရေးခဲ့တဲ့ ဒိုင်ယာရီထဲကမူန်ဝါးဝါးစကားလုံးတွေမျှသာ။
၁၉၆၇ အောက်တိုဘာလ(၉)ရက်
ဘိုလီးဗီးယားဆောင်းမနက်ခင်းနှင်းတွေပရမ်းပတာလွင့်ကျလို့
စူးရှတောက်ပြောင်တဲ့မျက်လုံးတစ်စုံကို
လုပ်ကြံသတ်ဖြတ်ရေးသမားတွေ
ရင်ဆိုင်မကြည့်ရဲခဲ့ကြဘူး
စစ်သုံ့ပန့်အဖြစ်နှောင်ကြိုးတည်းခံရ
ရက်ရက်စက်စက်အသတ်မခံရခင်မိနစ်ပိုင်းမှာတောင်
သူ့သွေးဟာအနီရောင်လက်လက်ထတောက်ပလို့နေခဲ့။
လူတစ်ယောက်ချင်းခံစားနေရတဲ့ရောဂါတွေကိုကုသရတာထက်
လူ့အဖွဲ့အစည်းအလိုက်ခံစားနေရတဲ့ဝေဒနာတွေကိုကုသပေးချင်တဲ့ရဲဘော်ကြီးရေ
ဆန်တာကလာရာဂူဘိမာန်ထဲကပျောက်ကျားခေါင်းဆောင်ရဲဘော်ကြီးရေ
ခင်ဗျားကိုလွမ်းဆွတ်တဲ့စိတ်နဲ့ကဗျာတစ်ပုဒ်ကျုပ်ရေးခြစ်ခဲ့မိပြီ
အကယ်၍ကျုပ်စကားလုံးတွေဟာ ခင်ဗျားဂုဏ်သိမ်မှေးမှိန်စေခဲ့ရင်
ကျုပ်ညံ့ဖျဉ်းမှူသက်သက်သာဖြစ်ကြောင်း။
ခေတ်ကိုအ၀တ်လိုလျှော်ဖွပ်ဖို့ကြိုးစားရင်း
ကိုယ်တိုင်လျှော်ဖွပ်ခံလိုက်ရ
လွတ်မြောက်ရာလမ်းကိုရှာတွေ့ခဲ့တယ်
လွတ်လပ်ရေးတော့ရမသွားခဲ့ဘူး။………။
ငြိမ်းချမ်းအောင်
02 January, 2009
ချေ (သို့မဟုတ်) ကမ္ဘာမြေအတွက်လက်ဆောင်
Labels:
My poem,
ရေးသူအကြိုက်
Subscribe to:
Post Comments (Atom)
4 comments:
ချေအတွက်ရေးဖွဲ့ထားတဲ့ကဗျာ..
အင်အားတွေပါတယ်..
ခင်မင်လျက်
ချေ အတွက်ရေးဖွဲ့ထားတဲ့ ကဗျာကို ဖတ်ရူသွားပါတယ်။
ကောင်းတယ် ကိုငြိမ်းချမ်းရေ အားပေးလျက်ပါ။
ကောင်းတယ် ညီရေ့... လာဖတ်တာ နောက်ကျသွားတယ်
ဘယ်တော့မှ မသေတဲ့ သူရဲကောင်း၊ နယ်နိမိတ်တွေကို တောင် ကျော်လွန်နိုင်တဲ့သူရဲကောင်းအကြောင်းကို ရေးဖွဲ့ ပေးလို့ ကျေးဇူးအစ်ကို။
Post a Comment