ဒီနှစ်မှာလည်း
ကရင် နှစ်သစ်ကူးပွဲတော်ဟာ
အိုင်ဒီပီ တဲကလေးတွေဆီ
ပျော်ရွှင်မှုတွေ သယ်ဆောင်မလာနိုင်ခဲ့ပြန်ဘူး။
တစ်ခါက
အရောင်လက်ခဲ့ဖူးတဲ့
အမိုးနဲ့ အပါးတို့ရဲ့
မျက်လုံးအိမ်တွေဟာလည်း
အခုတော့ သူတို့အရေပြားတွေလို
မွဲခြောက်သယောင်းထလို့
ကိုယ့်မွေးဖွားရာ ကိုယ့်ဒေသပြန်ပြီး
ခေါင်းချမယ်ဆိုတဲ့ သူတို့အိပ်မက်ဟာလည်း
တနေ့တခြား မူန်ရီဖျော့တော့လာခဲ့။
နှစ်ကာလရှည်ကြာလွန်းတဲ့
ပြည်တွင်းစစ်က
ဘ၀တွေကို သေကွဲ ရှင်ကွဲ
ဖားစည်သံတွေ တိတ်ခဲ့ရတဲ့
ဇွဲကပင်မြေမှာ
အလွမ်းသံစဉ်တွေသာ
တိုးလို့လာခဲ့။
လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့
ပြည်တွင်းစစ် အနှစ် ၆၀ မှာ
အသေအပျောက်စာရင်း
အတိအကျမရှိဘူး
ပျက်သွားတဲ့ရွာပေါင်း အထောင်အသောင်းနဲ့
မီးရို့ခံလိုက်ရတဲ့ တောင်ယာခင်း အသိန်းအသန်းကသာ
သက်သေအဖြစ် ကြွင်းကျန်ရစ်တယ်။
တစ်ခြားနိုင်ငံကလူတွေအတွက်
နှစ်သစ်ကူးပွဲတော်ဟာ
ငြိမ်းချမ်းခြင်း
ကျန်းမာသန်စွမ်းခြင်း
အစာရေစာပေါများခြင်းပျော်ရွှင်ခြင်းတွေနဲ့
ကောင်းမြတ်တဲ့ အဓိပ္ပါယ်တွေ ရှိကောင်းရှိလိမ့်မယ်
တောထဲက အိုင်ဒီပီတဲကလေးတွေက
ကရင် နှစ်သစ်ကူးပွဲမှာတော့
နယူးရီးယား သီချင်းသံတွေမရှိဘူး
တိတ်ဆိတ်မှုနဲ့နှစ်သစ်ကိုကြိုဆိုကြရတယ်
အိုင်ဒီပီတွေအတွက်
နှစ်သစ်ကူးဆိုတာ
ငတ်မွတ်ခေါင်းပါးမှု
ရောဂါဘယထူပြောမှုနဲ့
ကြောက်ရွံ့ထိတ်လန့်မှုတွေကို
လက်ဆောင်ပေးတယ်။
နေ့စဉ်နီးပါး ဖြစ်ပွားနေတဲ့စစ်ပွဲတွေ
အိုင်ဒီပီ တဲကလေးတွေနဲ့ နီးကပ်လာတဲ့အခါ
ဒီထက်နက်တဲ့ တောတောင်တွေထဲ
သတ်ကွင်းတွေနဲ့ ဝေးရာ
လွတ်မြောက်ရာ တစ်နေရာမှာ
ထွက်ပြေး ရှောင်ပုန်းနိုင်ဖို့
အထုပ်အပိုးတွေ အမြဲ အသင့်ပြင်ထားရတယ်။
စစ်ဝါဒီတွေနဲ့ ခုခံစစ်ပွဲတွေကြားက
အပြစ်မဲ့ ပြည်သူတွေရဲ့
မြေဇာပင်ဘ၀တွေ
နေ့သေမလား၊ ညသေမလား
နေ့မြင်ညပျောက်အခြေအနေမှာ
အချိန်မရွေးသေဆုံးနိုင်တယ်
မြေမြှုပ်မိုင်းထိလို့
အချိန်မရွေး ခြေပြတ်၊ လက်ပြတ်
ဒုက္ခိတ ဖြစ်သွားနိုင်တယ်
ဘက်ပက်တွေဆီ အချိန်မီသာမရောက်ရင်
သွေးလွန်ပြီး သေဆုံးနိုင်ပြန်တယ်။
မွေးရပ်မြေကို အသက်ထက်ပိုပြီးမြတ်နိုးတန်ဖိုးထားလို့
တောတောင်တွေထဲမှာဖြစ်သလို ရှောင်ပုန်းနေကြသူတွေရှိတယ်။
ဆင်းရဲဒုက္ခဒဏ် မခံနိုင်လွန်းလို့
နယ်စပ် ဒုက္ခသည်စခမ်းတွေကိုသွားတော့လည်း
လက်မခံလို့ လှည့်ပြန်လာခဲ့ကြရသူတွေရှိတယ်
တကယ်တော့ ယူအန်အိတ်စီအာ အသိအမှတ်ပြု
ဒုက္ခသည်ဖြစ်ခွင့်တောင် မလွယ်ကူလှ
အိုင်ဒီပီတွေရဲ့ဘ၀ ခါးသက်လွန်းလှတယ်။
တနှစ်ထက်တနှစ်
တောတောင်တွေထဲမှာ
ကျောင်းမတက်ရတဲ့ ကလေးတွေ ပိုများလာတယ်
မီးမဖွားနိုင်လို့သေဆုံးနေရတဲ့ ကရင်အမျိုးသမီးတွေ ပိုများလာတယ်
ရောဂါမျိုးစုံနဲ့သေကြေသူဦးရေ ပိုများလာတယ်
မြေမြှုပ်မိုင်းထိတဲ့ ဒုက္ခိတတွေ ပိုများလာတယ်
နအဖ စစ်တပ်တွေရဲ့ အန္တရာယ် ပိုများလာတယ်
အဲဒီ ပိုများလာမှုတွေနဲ့
မရေရာတဲ့ အနာဂတ်ဟာ
ဒီနှစ်အတွက် အိုင်ဒီပီတွေရဲ့
နှစ်သစ်ကူးလက်ဆောင်ဖြစ်ခဲ့ရပြန်ပြီ…။…။
IDP: Internally displaced person
Backpacker: နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သား
UNHCR: United Nation High Commission for Refugee
ငြိမ်းချမ်းအောင်
၉ ဇန်န၀ါရီ ၂၀၀၈
10 January, 2008
အိုင်ဒီပီတို့ရဲ့ နှစ်သစ်ကူးပွဲတော်
Labels:
My poem,
ရေးသူအကြိုက်
Subscribe to:
Post Comments (Atom)
2 comments:
လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့
ပြည်တွင်းစစ် အနှစ် ၆၀ မှာ
အသေအပျောက်စာရင်း
အတိအကျမရှိဘူး
ပျက်သွားတဲ့ရွာ အထောင်အသောင်းနဲ့
မီးရို့ခံလိုက်ရတဲ့ တောင်ယာခင်း အသိန်းအသန်းကသာ
သက်သေအဖြစ် ကြွင်းကျန်ရစ်တယ်..
ကြေကွဲစရာ ကောင်းလိုက်တာဗျာ။
ဓာတ်ပုံကလည်း ထိတယ်ဗျာ။
တစ်ခြားတိုင်းပြည်ကလူသားတွေအတွက်
နှစ်သစ်ကူးပွဲတော်ဟာ
ငြိမ်းချမ်းခြင်း
အစာရေစာပေါများခြင်း
ပျော်ရွှင်ခြင်းတွေနဲ့
ကောင်းမြတ်တဲ့ အဓိပ္ပါယ်တွေ ရှိကောင်းရှိလိမ့်မယ်
တောထဲက အိုင်ဒီပီတဲကလေးတွေက
ကရင် နှစ်သစ်ကူးပွဲမှာတော့
နယူးရီးယား သီချင်းသံတွေမရှိဘူး
တိတ်ဆိတ်မှုနဲ့နှစ်သစ်ကိုကြိုဆိုရတယ်
အမှန်တရားတွေကိုလေးနက်တဲ့စာသားတွေနဲ့ထိထိမိမိရေးတတ်လွန်းတဲ့.ကဗျာဆရာရေ.လေးစားပါတယ်
အမြဲအားပေးလျက်
Post a Comment