တစ်ခါတစ်ခါများ
ဘ၀ဟာ အဓိပ္ပါယ်မဲ့သလိုပဲ
ရစ်ဘီးကြိုးက ပြတ်သွားတဲ့ စက္ကူစွန်တစ်ကောင်ဟာ
လွတ်လပ်ခွင့်ရသွားတာမဟုတ်ပဲ
ဘ၀အဆုံးသတ်သွားတာပဲ
အချစ်က ပုန်းအောင်းနေတဲ့ ရန်သူလို
အလစ်အငိုက် တိုက်ခိုက်တတ်တဲ့ အရာ
ငါ မစဉ်းစားပဲနဲ့ မင်းအကြောင်း ဘာကြောင့် အာရုံမှာ ရောက်ရောက်လာရတာလဲ
ငါမကြည့်ပဲနဲ့ မင်းမျက်နှာ ဘာလို့ မြင်မြင်နေရတာလဲ
ကောင်းကင်တစ်ခုလုံး အမှောင်ပိတ်ဖုံးလို့
ကြယ်တွေ တစ်စင်းပြီးတစ်စင်း ကြွေကျနေတယ်
ရွေးချယ်ခွင့်ဟာ အလှမွေးကန်ထဲက ငါးတစ်ကောင်လို အသက်ရှူကြပ်လို့
အနိုင်ရသူသာ မှန်ကန်သူအစစ်ဖြစ်ကြောင်း သတ်မှတ်လိုက်ကြတယ်
မြုံနေတဲ့ သစ်စေ့
မီးမကူးတော့တဲ့ ဂက်စ်မီးခြစ်
ကျည်မထွက်တော့တဲ့ သေနတ်
အမိုက်ပုံးထဲ လွှင့်ပစ်လိုက်တာ ကောင်းပါတယ်
ငါဘယ်တုံးကမှ ဒစ်ပလိုမေစီကို ရှေ့တန်းမတင်ခဲ့ဘူး
ငါမင်းကို သတိမရဘူးလို့ လိမ်ညာမပြောချင်ဘူး
ညည မင်းနာမည် ယောင်ယောင် အော်မိမှာတောင်စိုးရတယ်
မင်းကြောင့် ငါ့အိပ်ချိန်တွေ နည်းသွားတယ်
မင်းကြောင့် ငါ့အာရုံတွေ ထွေပြားနေတယ်
ငါ့ကိုယ်ငါတောင် နားမလည်သေးတာ
မင်းကို ငါ နားလည်တာ မဖြစ်နိုင်ဘူး
ငါ အငိုက်မိတဲ့အခါ ငါ့အသံမှာ ငါ့စိတ်ကိုရှာတွေ့နိုင်တယ်
အသံမထွက်ပဲ ငါဆိုညဉ်းနေတဲ့သီချင်းဟာ လွမ်းတေးတစ်ပုဒ်ပဲ
ငါ ပစ်လွှတ်လိုက်တဲ့မြားက စိုက်ဝင်ဖို့နေရာ ရှာဖွေနေရဆဲ။ ။
ငြိမ်းချမ်းအောင်
07 August, 2008
ဆူးခြစ်ရာများ
28 July, 2008
အလွမ်းများနဲ့
နေ၀င်သွားပြီ
အထီးကျန်သူရဲ့ ညနေခင်းထဲ
လက်ကျန်အလင်းရောင် တစ်စနဲ့
မြက်ခင်းတွေက စိမ်းမြနေဆဲ
ဟိုမှာ..
အိပ်တန်းအ၀င်စောတဲ့ ငှက်တွေ
ဟိုင်းဝေးလမ်းမမှာ တရိပ်ရိပ်ပြေးလွှားနေတဲ့ ကားတွေ
ရည်ရွယ်ချက် တစ်စုံတရာတော့ ရှိတန်ကောင်းရဲ့
ကြီးပြီးကျယ်တဲ့ ကမ္ဘာကြီး
ငါ့မှာ တောင်ပံက မရှိတော့
ဘယ်အရပ်ဒေသကိုမှ ခြေမဆန့် နိုင်ခဲ့ဘူး
ဂေါ်ဂင်က စိတ်ညစ်ညူးလာတဲ့အခါတိုင်း
တဟီဟီကို သွားတယ်
ငါက စိတ်ဓါတ်ကျတဲ့အခါ
ဟုန်ထောင်နဲ့ နှစ်ပါးသွားတယ်
ကိုယ်ဟာ
ဖျားနာနေသူပါ .. ညီမလေး
ကိုယ်ဟာ
တစ်ခြမ်းက ဟောင်းနွမ်းပြီး
တစ်ခြမ်းက သစ်လွင်နေဆဲ
ဂျင်းဘောင်းဘီတစ်ထည်ပါ
လူ့ဘ၀ဟာ ၀တ္တူတစ်ပုဒ်လိုပဲ
အရောင်းသွက်စာရင်းဝင်ချင်ရင်
သုတပါးပါး ရသများများထည့်ပေးဖို့လိုတယ်
အနံ့အသက်ဆိုးတဲ့ လေကိုပဲ
အဆုပ်ထဲ မောကြီးပမ်းကြီး ရှူသွင်းနေခဲ့ရ
ငါနေတဲ့ အရပ်မှာ
လေကောင်းလေသန့် မရှိတာ ဆိုးတယ်
လူတစ်ယောက်ဟာ စိတ်အားငယ်တဲ့အခါ
တစ်စုံတယောက်ကိုပဲ ဖြစ်ဖြစ် တစ်စုံတရာကိုပဲဖြစ်ဖြစ်
အလွယ်တကူနဲ့ တွယ်မိတွယ်ရာ တွယ်ညိတတ်ပါသလား
အချစ်ဆိုတာ
အသွေးအသားဆန္ဒ
တောင်းဆိုမူ သက်သက်မဟုတ်ဘူးလို့
ကျနော်က သဘောပေါက်ပါတယ်
ဒီလိုနဲ့..
တက်ဈေးတွေများပြီး
နေပျော်စရာမကောင်းတော့တဲ့ ကမ္ဘာကြီးရဲ့
ခြောက်ခြောက်သွေ့သွေ့ ဘ၀တစ်ခုမှာ
ကျနော်လည်း စမ်းတ၀ါးဝါး ခရီးဆက်နေဆဲ
ရိတ်သိမ်းခွင့်မရှိရင်လည်း စိုက်ပျိုးမယ်
နေပါစေ
ကျနော့်ကို ဖေးကူဖို့မလိုဘူး
ကျနော်ကသာ ထူမမယ်
ကျနော့်ကို ခံစားဖို့မလိုဘူး
ကျနော်ကသာ ခံစားမယ်........။
ငြိမ်းချမ်းအောင်
23 June, 2008
သစ်ရွက်ပေါ် တင်ကျန်ရစ်သော မိုးရေစက်များ၏ စိတ်ကူး
မျက်လုံးထဲ ရွှေငါးတွေ မကူးခတ်တော့တာ ကြာပြီ
အစိမ်းရောင် မြက်ခင်းများ
ပီကာဆိုထားခဲ့တဲ့ ပန်းချီကား
ကျနော့်ကို ခံစားချက် တစ်စုံတရာ မပေးနိုင်ကြ
ဒီရက်တွေထဲ ကဗျာတွေမရေးဖြစ်ခဲ့
လူတွေနဲ့ စကားမပြောဖြစ်ခဲ့
အခန့်မသင့်ရင်
အမဲလိုက်ခွေးတစ်ကောင်လည်း
တောခြောက်တာ ခံရနိုင်တယ်
ကိုယ်ခံပညာသင်ယူတတ်မြောက်ထားသူ တစ်ယောက်ဟာလည်း
ခြောင်းရိုက်တာ ခံရနိုင်တယ်
သားကောင်မရမချင်း လှည့်မပြန်နိုင်ဘူးတဲ့
မာနကြီးတဲ့ မုဆိုးတစ်ယောက်က အခုလိုကြုံးဝါးတယ်
ငါးမရလို့ ရေချိုးပြန်တာ
ညံ့ဖျဉ်းတဲ့ တံငါသည်တွေရဲ့ အလုပ်ပဲလို့
ကျနော်က စဉ်းစားကြည့်မိတယ်
မိန်းကလေးရေ..
တစ်ခုခုကို မရွေးချယ် ရသေးသ၍
တစ်ခုခုကို ရွေးချယ်ခွင့် ရှိနေသေးတယ်
မင်းရွာသွန်းလေသမျှ
ငါ့ ကန္တာရမှာ မိုးတွေသာခေါင်ခဲ့
မင်းဖျန်းဆွတ်လေသမျှ
ငါ့ ဥယာဉ်မှာ စိုစွတ်ခွင့်မရခဲ့
လမသာ လေမတိုး နှင်းမကျ ပန်းမပွင့်
ကန္တာရ ကိုင်းပင်တွေသာ ရင့်ရော်ကြမ်းတမ်းလာခဲ့..
ဘ၀ဆိုတာ
ဘောလုံးကစားသလို
အချိန်အကန့်အသတ် သတ်မှတ်ချက် မရှိဘူး
အချိန်ပို ကစားခွင့်လည်း မရှိဘူး
ရပ်နေတဲ့ မော်တော်ကား တစ်စင်းပဲဖြစ်ဖြစ်
နားနေတဲ့ ငှက်တစ်ကောင်ပဲဖြစ်ဖြစ်
ခရီးဆက်ဖို့ အားယူနေတယ်
လူတစ်ယောက်..
ကမ္ဘာကြီးရဲ့ မည်သည့်အရပ်ဒေသကို ရောက်ရှိနေသည်ဖြစ်စေ
တစ်ခုခုကို အရသာ ဖြစ်ဖို့ လိုတယ်
ဘာပဲဖြစ်ဖြစ်..
ငါတို့ တန်ရာတန်ကြေးတော့ ရမှ ဖြစ်လိမ့်မယ်…..။
ငြိမ်းချမ်းအောင်
03 June, 2008
ကျနော်ကအေးဆေးပါပဲ ကောင်မလေးက မျက်နှာများတယ်
ရာဇ၀င်တွေထဲကလို ကြိုက်ရာလက်နက် ကိုယ်စီနဲ့
“စီးချင်းထိုး” ကြရအောင်လို့
ကျနော်က လူမိုက်တွေကို စိန်ခေါ်ကြည့်မိတယ်
အခန်းထဲ လှောင်ပိတ်မိနေတဲ့ “လေ” နဲ့အတူ
“စိတ်” မှာ မလတ်ဆတ်တော့တဲ့ အနံ့အသက်တွေဟာ ကပ်ညိလို့
“ဒီရက်တွေထဲ နေထိုင်ရတာ မကောင်းဘူး
တိုက်လာတဲ့လေပြေကတောင် သူစိမ်းဆန်နေတယ်” တဲ့
ဓါတ်တိုင်ပေါ်မှာ အနားယူနေတဲ့ ငှက်တစ်ကောင်က ပြောတယ်
ဟောဒီမှာ ယဉ်ကျေးတဲ့ ကမ္ဘာကြီး
အကြမ်းဖက်မှုမှန်သမျှ အတုံးအရုံး ကျရူံးနေတယ်
“လူတွေအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ
လူဆိုးတွေလက်ထဲ မရောက်အောင် ကာကွယ်ကြရမယ်” တဲ့
ဝေါထရိတ်စင်တာ ပြိုကျအပြီးမှာ ဂျော့ဒဘလျူဘွတ်ကပြောခဲ့တယ်
ကျနော်တို့တွေလည်း လူသတ်လက်နက်တွေပြပြီး အကြမ်းဖက်တာခံနေရ
အဲဒီကိစ္စကို ခင်ဗျားတို့ ဘယ်လိုဖြေရှင်းပေး ကြမှာလဲ
မြင်ကွင်းတွေက ရှင်းလင်းလွန်းလို့မို့
တစ်ခါတခါ အမြင်အာရုံတွေ မှောက်မှားသွားတယ်
ကမ္ဘာကြီး ဘယ်ကို သွားမှာလဲ ဘယ်အထိသွားမှာလဲ
ကျနော်က ရှေ့ကို လျှောက်နေပေမဲ့ ခြေလှမ်းတွေက
နောက်ကို ပြန်ရောက်နေသလို ခံစားနေရ
ဒါဝင်ကပြောတော့ “လူဆိုတာ မြောက်က ဆင်းသက်လာတာပါ” တဲ့
ကျောရိုးမဲ့ သတ္တ၀ါတွေကနေ ကျောရိုးရှိ ငါးသတ္တ၀ါတွေအထိ
လူတူမျောက်ဝံမှသည် အာကာသထဲ ဂြိုလ်တုတွေ လွှတ်တင်နိုင်တဲ့ ခေတ်အထိ
နှစ်သန်းပေါင်းများစွာ လူ့သမိုင်းဖြစ်စဉ်ကြီးထဲ
လူသားတွေ မီးကို ရှာဖွေတွေ့ရှိခဲ့တာလဲ အရေးကြီးတာပဲ
မန်ယူနဲ့ ချဲဆီး ဖလားလုပွဲကလည်း အရေးကြီးတာပဲ
လူတွေကတော့ ကိုယ့်ကိစ္စသာ အရေးအကြီးဆုံးလို့ ထင်နေကြတယ်
“ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ တော်သူနေ မတော်သူသေကြရမယ်” တဲ့
ဘောဂဗေဓ ပညာရှင်တစ်ယောက်ပြောတဲ့ စကားကို ကျနော်ကတော့ သဘောမပေါက်ဘူး
ကျနော်က ရိုးရိုးပဲနေပါတယ်
ခေတ်မီအောင်လည်း အားသွန်ခွန်စိုက် မကြိုးစားမိဘူး
ဒီအရွယ်အထိ ကာတွန်းကားတစ်ကား ပြီးအောင် မကြည့်ဖူးသေးဘူး
သီချင်းတစ်ပုဒ်ဆုံးအောင် မဆိုတတ်ဘူး
ဒီလိုပါပဲ
ကျနော်က “စီးချင်းထိုး” ချင်ပေမဲ့
ယဉ်ကျေးတဲ့ ကမ္ဘာကြီးက လက်မခံတော့
ဒီအတိုင်းပဲ ထိုင်ကြည့်နေခဲ့ရ
ကျနော်က မင်းသား မဟုတ်ပေမဲ့
ဇာတ်သိမ်းခန်းတော့ လှချင်တယ်။
ငြိမ်းချမ်းအောင်
27 May, 2008
ငါတို့ နိုင်ငံကို ပြန်ပေးပ ဧရာဝတီ
ကိုဇာဂနာ ပြောတာက
“ဘမ်ကီမွန်းလာမှ အခြေအနေတွေက ပိုပြီးဆိုးသွားတယ်” တဲ့
ကားလမ်းဘေးတစ်လျှောက်က ဒုက္ခသည်တွေကို
ဝေးရာကို မောင်းထုတ် တောထုတ် ခြောက်လှန့်ထုတ်
မြို့ပေါ်က ဒုက္ခသည်တွေကို ရွာပျက်တွေဆီ အတင်းအကြပ်ပြန်ပို့
ရိုက်နှက် ကန်ကျောက် သေနတ်ပြ ခြိမ်းခြောက်ပြီး ပြန်ပို့
“ခွက်စွဲတောင်းရမ်းတာ မင်းတို့အတွက် အကြောင်းမဟုတ်ဘူး
မင်းတို့လုပ်ရပ်ကြောင့် နိုင်ငံတော် သိက္ခာကျရသတဲ့”
ဒုက္ခသည်တွေကို အစားအစာတွေပို့ပြီး ပြန်လာတဲ့
ပုဂ္ဂလိက အလှူရှင်ကားတွေကို လမ်းကနေဖြတ်ဖမ်း
နိုင်ငံတော်အကြီးအကဲတွေ သိက္ခာကျအောင် လုပ်တဲ့အတွက်
ကားသမားတွေကို ရုံးတင်စစ်ဆေးရမယ် တဲ့…
သတင်းမှန်တွေကို သွေးအေးအေးနဲ့ နားထောင်နိုင်ဖို့
ကျနော့်မှာ ကြံ့ခိုင်တဲ့ နှလုံးသားမရှိဘူး
ယုတ်မာရက်စက်မူတွေကို ဥပေက္ခာပြုနိုင်လောက်အောင်
တည်ကြည်တဲ့ သမာဓိ ကျနော့်မှာ မရှိခဲ့ဘူး….
နာဂစ်ကို သားသမီးမြေး (၁၂) ယောက် ပေးလိုက်ရတဲ့
အမယ်အိုတစ်ယောက်က အခုလို ဆုတောင်းခဲ့တယ်
“…ဧရာဝတီရေ
ဝဋ်ရှိရင်လည်း ပြေပါ
ကြွေးရှိရင်လည်း ကျေပါ
နောင်ဘ၀ဆိုတာများ ရှိခဲ့ရင်…..တဲ့”
အင်း...
နောင်ဘ၀ဆိုတာများရှိခဲ့ရင်….
နောင်ဘ၀ဆိုတာများ တကယ်သာ ရှိခဲ့ရင်….
မနက်မိုးလင်းလာတဲ့ အခါ
ညနေ မှောင်ရီဖျိုးဖျ မိုးချုပ်တဲ့အခါ
ရေဒီယိုတွေကို နားထောင်ရမှာ ကြောက်နေမိတယ်
ကွန်ပြူတာဖွင့်ရမှာ လက်တွန့်နေမိခဲ့
ဒါ တကယ်မှဟုတ်ရဲ့လား…
ငါ နားကြားများလွဲတာလား…
အမြင်များအာရုံများ မှောက်မှားသလား…
ဒီကောင်တွေ လူမှ ဟုတ်ရဲ့လား…
“လား” ပေါင်းများစွာနဲ့ နေ့တွေ.. ညတွေ ကုန်ဆုံးနေကြတယ်
ဧရာဝတီမှာတော့ အလောင်းတွေက နေရာအနှံ့ပြန့်ကျဲနေဆဲပဲ….
သိန်းစိန်ကပြောတော့
“ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်သွားပါပြီ..” တဲ့
ဒုက္ခသည်တွေကတော့
အိပ်စရာ နေစရာမရှိလို့ ကွင်းပြင်ထဲမှာ အမိုးအကာမရှိ နေကြရတယ်..
သောက်ရေတစ်ခွက်ရဖို့ ကလေးတွေ တန်းစီနေရတယ်..
လူသူအရောက်အပေါက်နည်းတဲ့
သွားလာရခက်ခဲတဲ့
ရာပေါင်းများစွာသော ရွာတွေကို
ကယ်ဆယ်ရေး အကူအညီတွေ ရောက်မလာခဲ့ကြဘူး..
ဒုက္ခသည်တွေရဲ့ ၇၅ ရာခိုင်နူန်းဟာ အကူအညီတွေ မရကြသေးဘူး..
အစာရေစာမဲ့ ဒုက္ခသည်အများစုကြီးဟာ သေဆုံးမဲ့ အချိန်ကို
သွေးအေးအေးအေးနဲ့ စောင့်ဆိုင်းနေကြရ..
အားနွဲ့တဲ့ မိန်းမတွေ ရင်ဘတ်ကို ထုထုပြီး ငိုနေကြ..
အားကောင်းမောင်းသန် ယောင်္ကျားရင့်မကြီးတွေ
အံကိုတင်းတင်းကြိတ် လက်သီးကိုကျစ်ကျစ်ဆုပ်ပြီး မျက်ရည်တွေတွေကျ..
ညဘက်ဆို ကလေးတွေကငိုတယ်
သပိတ်မသွတ်ရလို့ မကျွတ်မလွတ်သေးတဲ့ တစ္ဆေ သူရဲတွေက
တေးသီချင်းတွေ သီဆိုတယ်….
မိဘမဲ့သွားတဲ့ ကလေးတွေရဲ့ အနာဂတ်ဟာလည်း စိုးရိမ်ဖွယ်ရာပဲ
ယောက်ျားလေးတွေက..
ပညာမဲ့ အသိညာဏ်မဲ့ အတွေးအခေါ်မဲ့တဲ့
ရမ်းကားတဲ့ နအဖ မုဒိမ်းတပ်က
လက်မရွံ့ စစ်သားလေးတွေ ဖြစ်လာနိုင်တယ်
မိန်းကလေးတွေက..
မြို့ကြီးတွေမှာ
အိမ်နီးချင်းနိုင်ငံတွေမှာ
ရောင်းစားခံရပြီး
ပြည့်တန်ဆာမကလေးတွေ ဖြစ်လာမဲ့ အန္တရာယ်ရှိနေတယ်…..
“ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအတွက်
အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ လိုအပ်တယ်” တဲ့
အရှက်မရှိ အလွယ်တကူ ပြောထွက်တဲ့စကား
ရန်ကုန်လေဆိပ်မှာ ဆိုက်ကပ်လာတဲ့ လေယာဉ် ၁၄၆ စင်းပေါ်က
ကယ်ဆယ်ရေးပစ္စည်းတွေဟာ ဒုက္ခသည်တွေဆီ ရောက်မလာခဲ့ကြ..
နိုင်ငံခြားသား ကူညီကယ်ဆယ်ရေးလုပ်သားတွေကို ဗီဇာထုတ်မပေးချင်လို့
ဘန်ကောက်သံရုံးကို ကိုယ့်ဖာသာကိုယ် မီးပြန်ရို့ကြ..
ထိုင်းရဲက ပြောတော့ ဗီဇာအဆောက်အဦးကို မီးမစွဲပါဘူးတဲ့
မြန်မာသံရုံးကပြောတော့ ဗီဇာဌာနကိုပါ မီးလောင်သွားသတဲ့…..
ဧရာဝတီရေ…
ငါ့ နိုင်ငံကို ပြန်ပေးပ
ငါတို့ မြစ်ဝကျွန်းပေါ်ဒေသကြီးကို ပြန်ပေးပါ
ငါတို့ လယ်ယာမြေတွေ ငါတို့ကိုပြန်ပေးပါ
ငါတို့ ကျွဲနွားတွေ ငါးဖမ်းစက်လှေတွေ ပြန်ပေးပါ
ငါတို့ တောသူတောင်သား လယ်သမားတွေကို ပြန်ပေးပါ
ဆင်းရဲပေမဲ့ ရိုးသားဖြူစင်တဲ့ ငါတို့ ဘ၀တွေကို ပြန်ပေးပါ
ထမင်းကြမ်းခဲကို ယပ်ခပ်ပြီးစားရတဲ့ နေ့ရက်တွေကို ပြန်ပေးပါ….
တစ်ခါက ဧရာဝတီ ညတွေကို ပြန်ပေးပါ….
ငါတို့
အတိတ်ဘ၀က မဲမှောင်ပြီး
အနာဂတ်ဟာ မှောင်မိုက်နေခဲ့….
နာဂစ်က တစ်ဘ၀စာပဲ သတ်သွားခဲ့ပေမဲ့
စစ်အာဏာရှင်က သားစဉ်မြေးဆက်
ဘ၀အဆက်အဆက် သတ်ဖို့ ပြင်ဆင်နေခဲ့ပြီ……။
ငြိမ်းချမ်းအောင်
14 May, 2008
နေပြည်တော်ကို ထိအောင်ပစ်
မုန်တိုင်းကတော့ စဲပြီ
အလောင်း ဒုက္ခသည် နဲ့
ကပ်ရောဂါ ပိုးမွှားတွေသာ ချန်ထားရစ်ခဲ့
ဟောဒီမှာ
ပင်လယ်လိုကြီးသော အပူမီးများ
ကောင်းကင်လိုကျယ်သော ဒုက္ခများ
အဆုံးအစမဲ့ သောကများ
ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို အတိအကျရေးပြနိုင်ဖို့
စကားလုံးတွေ ချို့တဲ့နေဆဲ
ဒုက္ခသည်တွေကို ကယ်တင်ဖို့
ကမ္ဘာကြီးဟာ နှေးကွေးလေးလံနေဆဲ။
နာဂစ်ရေ..
နေပြည်တော်ကို မှန်အောင်ပစ်ပါ
နာဂစ်ရေ..
နေပြည်တော်ကို ထိအောင်ပစ်ပါ
မုန်တိုင်းမှာ မျက်စိမပါတော့ ပစ်မှတ်ဟာ လွဲချော်သွားခဲ့
စက်ကွင်းမလွတ်တဲ့
သူဆင်းရဲတွေသာ
သေဒဏ်အစီရင်ခံခဲ့ရရှာတယ်
အလွမ်းများ မျက်ရည်များ ရင်နာကြေကွဲဖွယ်ရာများ
ဖြေလို့ မပြေတဲ့ အပူမီးများ
“မုန်တိုင်းမှာလည်း အောက်ဆီဂျင်ရှိတယ်” ဆိုတဲ့
ငတိနဲ့တွေ့ချင်တယ်
သူ့ဆီမှာ အောက်ဆီဂျင်နည်းနည်းလောက် တောင်းမလို့
ပြီးတော့ “ဒုက္ခက ပျားရည်စက်လိုချိုသတဲ့”
သွေးရူးသွေးတမ်းစကား
ဘယ်ငနဲကများ ပြောသွားခဲ့တာလဲ
အပြောလွယ်သလောက် အလုပ်ခက်တဲ့ လောကကြီး
လုပ်လို့ဖြစ်တဲ့ အလုပ်ကို ငါတို့က မလုပ်ခဲ့လေတော့
အခုတော့ သေကြေကြ ပျက်စီးကြ ဆုံးရူံးကြရ။
ဂျော့ဒဘလျူဘွတ်ရေ..
နေပြည်တော်ကို နူကလီးယားဗုံးကြဲပါ
မိစ္ဆာအရိုင်းအစိုင်းကောင်တွေကို သုတ်သင်ရှင်းလင်းပါ
R2P နဲ့ Airlift လုပ်ပါ
နေတိုးတပ်တွေလွှတ်ပေးပါ
ကုလသမဂ္ဂကြီးရေ..
ငြိမ်းချမ်းရေးတပ်တွေ အမြန်ဆုံးလွှတ်ပေးပါ
လုံခြုံရေးကောင်စီမှာ ဖြစ်တဲ့နည်းနဲ့ အတည်ပြုချက် ရယူပါ
မြို့တော်သန့်ရှင်းရေးအတွက် လမ်းပေါ်ကခွေးလေခွေးလွင့်တွေကို သုတ်သင်ရသလို
ကမ္ဘာမြေ သန့်ရှင်းရေးအတွက်
နေပြည်တော်က ခွေးဝဲစားတွေကို သုတ်သင်ရှင်းလင်းပါ
နေပြည်တော်က တရားခံတွေကို အသေပစ်ပါ
မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရအောင်ဝင်ပါ
တခြားနည်းလမ်းမရှိတော့လို့
ငါတို့ မှာ နောက်ထပ်သေဆုံးစရာ အသက်တွေ မရှိတော့လို့
ငါတို့ တိုက်ပွဲမှာ ပင်ပမ်းနွမ်းနယ်နေပြီမို့
ငါတို့ တော်လှန်ရေး ခရီးပမ်းနေပြီမို့
ငါတို့ ပြည်သူတွေကို အချိန်မီ ကယ်တင်နိုင်ဖို့
ငါတို့ ပြည်သူတွေမှာ ဘီလူးသဘက်တွေကို ဆန့်ကျင်ဖို့ ခွန်အားမရှိတော့လို့
နေပြည်တော်ကို အမြန်ဆုံး သိမ်းပိုက်ပါ
နေပြည်တော်ကို အမြန်ဆုံး ၀င်တိုက်ပါ
ငါတို့ ပြည်သူတွေရဲ့ အဖြစ်ချင်ဆုံး ရင်ထဲက ဆန္ဒပါ
နေပြည်တော်ကို အမြန်ဆုံးသာပစ်ပါ
ငါတို့ ပြည်သူတွေရဲ့ လိုလားတောင့်တချက်ပါ
မင်းဆိုးကို မိုးကြိုးပစ်ပါ
အကြမ်းဖက်သမားတွေကို သေအောင်သတ်ပါ။
မုန်တိုင်းစဲတဲ့အခါ လေပြေလာမှာလား
ခိုးဝှက်ထားတဲ့ နိုင်ငံတကာအကူအညီတွေနဲ့
နအဖ ဒေါက်တိုင်တွေ ကြွယ်ဝချမ်းသာလာမှာလား
ဒေါသထွက်နေတဲ့ အနောက်ကမ္ဘာက နေပြည်တော်ကို တကယ် ပစ်တော့မလား
ကူးစက်ရောဂါပိုးမွှားတွေနဲ့…
မျှော်လင့်ချက်တွေနဲ့…
နာကျည်းမှုတွေနဲ့…
တောက်ခေါက်သံတွေနဲ့…
ဒေါသတွေနဲ့…
စိတ်လျှော့လိုက်တဲ့ သက်ပြင်းချသံတွေနဲ့…
ငိုကြွေးသံတွေနဲ့…
အပြင်ဘက်မှာတော့ နာဂစ် မုန်တိုင်းကစဲသွားပြီ
ငါတို့ ရင်ထဲမှာ သောက မုန်တိုင်းတွေ အပြင်းထန်ဆုံး တိုက်ခတ်နေဆဲ။
ငြိမ်းချမ်းအောင်
12 May, 2008
Birthday
ငါ့ရင်ဘတ်ကို နာဂစ်လိုင်းတွေ တ၀ုန်းဝုန်းလာဆောင့်တယ်
လူသေအလောင်းတွေက
ရေထဲမှာမျောနေတယ်
ကိုင်းပင်တွေမှာ ညိနေတယ်
ရေကျသွားတဲ့ လယ်ကွင်း တွေထဲမှာ တုံးလုံးပက်လက်
အမြစ်ကျွတ်ပါမသွားတဲ့ သစ်ပင်ထိပ်ဖျားတွေမှာလည်းကပ်ညိလို့
ကွင်းပြင်က ပုတ်ပွနေတဲ့ အလောင်းတွေကို ကုန်းသတ္တ၀ါတွေကစားတယ်
မြစ်ချောင်းတွေထဲက ပုတ်ပွနေတဲ့ အလောင်းတွေကို ငါးတွေကစားတယ်
တမျှော်တခေါ် မြင်းကွင်းတစ်ခုလုံး အနိန္ဓာရုံသက်သက်ပဲ။
ငါ့အာရုံအားလုံးကို “ရီဖရယ်ဒမ်မဲလိမ်ပွဲ” ဆိုတဲ့ မုန်တိုင်းက တဒိုင်းဒိုင်းလာဆောင့်တယ်
လူတွေကို သေနတ်ထောက်ပြီး ထောက်ခံမဲပေးခိုင်းတယ်
လည်ပင်းညှစ်ပြီး ထောက်ခံမဲပေးခိုင်းတယ်
ပြန်ပေးဆွဲပြီး ထောက်ခံမဲပေးခိုင်းတယ်
လိမ်လည်ပြီးထောက်ခံမဲပေးခိုင်းတယ်
ချော့မော့ဖျောင်းဖျပြီးထောက်ခံမဲပေးခိုင်းတယ်
ဗြောင်ထောက်ခံမဲပေးခိုင်းတယ်
မသိမသာထောက်ခံမဲပေးခိုင်းတယ်
၉၀ ရာခိုင်နူန်း ပလပ် ထောက်ခံပါတယ်လို့
ပြည်တွင်းကလာတဲ့ အစီရင်ခံစာတွေက ညွှန်ပြနေကြတယ်
ငါခံနိုင်ရည် မရှိတော့ဘူး
ငါတင်းမခံနိုင်တော့ဘူး
ငါ့စိတ်အပေါ်ကို အဆောက်အဦးတွေ တစ်ခုပြီးတစ်ခု ပြိုကျနေတယ်
ငါကွန်ပြူတာကိုပိတ်လိုက်တယ်
မီးခလုတ်တွေအားလုံးပိတ်လိုက်တယ်
ရေဒီယိုပိတ်လိုက်တယ်
ဖုန်းပိတ်လိုက်တယ်
ငါဘာမှ မမြင်ရတော့ဘူး
ငါဘာမှ မကြားရတော့ဘူး
ခဏကလေးပဲဖြစ်ဖြစ် ငါအတိတ်မေ့ရောဂါ ရဖို့လိုအပ်နေတယ်။
ငါသတိရလာတဲ့အခါ
တစ္ဆေသရဲတွေနေတဲ့ ကျွန်းကလေး တစ်ခုပေါ်မှာရောက်နေတယ်
ငါ့ဘေးနားမှာ အစာရေစာမရလို့ သေအံ့ဆဲဆဲ လူမမာတွေ ညည်းနေကြတယ်
မြေမမြှုပ်ရသေးတဲ့ အလောင်းတွေလည်း ပြန့်ကျဲလို့
ငါအားတင်းပြီးထထိုင်လိုက်တယ်
ဒီကနေ့ ငါ့မွေးနေ့မှာ ကဗျာတစ်ပုဒ်နဲ့ ကမ္ဘာမြေကို ဂုဏ်ပြုရမယ်
ပြီးရင် ခါတိုင်းနှစ်တွေလိုပဲ မွေးနေ့ပွဲကို တိတ်တဆိတ်ကျင်းပဖို့လုပ်ရမယ်
ခါတိုင်းနှစ်တွေနဲ့ မတူတာက
ငါ့နိုင်ငံက နာဂစ်မုန်တိုင်းကြောင့် တစ္ဆေသူရဲ ဖြစ်သွားသူတွေ
ငါ့မွေးနေ့ကို တိတ်တဆိတ်လာရောက် ချီးမြင့်ကြတာပဲ
သူတို့မျက်နှာတွေမှာ ရုတ်တရက် သေဆုံးမှုအတွက်
ကြေကွဲဝမ်းနည်းနေတာမတွေ့ရပါဘူး
ငတ်မွတ်ဆင်းရဲခြင်းဆိုတဲ့ဝဋ္ဋ်ဒုက္ခက လွတ်မြောက်ခြင်းနဲ့
မချစ်မနှစ်သက်တဲ့ သူတွေ အုပ်ချုပ်တဲ့ တိုင်းပြည်က
အမြန်ဆုံး ကျွတ်လွတ်ခွင့်ရခြင်းဟာ နိဗ္ပာန်ရောက်ခြင်းပဲဆိုတာ
သူတို့တွေ စဉ်းစားကောင်းစဉ်းစားနေလိမ့်မယ်
လူတွေက မွေးနေ့ကိုသာ သတိရပြီး
သေ မဲ့နေ့ကို မေ့နေကြတယ်
ငါ့လူငယ်ဘ၀ဟာ ကျနေလိုပဲ ရုတ်ခနဲ ကုန်ဆုံးသွားတယ်
ငါ့နုနယ်ပျိုမျစ်ခြင်းဟာ အမိမြေနဲ့ ဝေးရာ တိုင်းတပါးမှာ ကုန်ဆုံးသွားတယ်
ငါနှမြောတွန့်တိုခြင်းမဖြစ်မိပါဘူး
ဒီနေ့ငါ့မွေးနေ့မှာ ဘာစကားမှ လက်ဆောင်ပါးစရာလည်းမရှိပါဘူး
လူတွေဟာ သေဆုံးဖို့ အတွက်ရှင်သန်နေကြတယ်
ရှင်သန်ဖို့အတွက် သေဆုံးနေကြတယ်။
စိတ်ဓါတ်ကို မြေကြီးထဲအထိ နှိမ့်ချကြည့်လိုက်တယ်
စိတ်ဓါတ်ကို မိုးပေါ်ရောက်အောင် တွန်းတင်ကြည့်လိုက်တယ်
ငါလုပ်လို့ရနေသားပဲ
ငါ့စိတ်နဲ့ ငါ့ခန္ဒာကိုယ်က သဘောထားချင်းတိုက်ဆိုင်နေသားပဲ
ဘာစိတ်ညစ်စရာများရှိလို့လဲ
ငါနေတဲ့ ကမ္ဘာဂြိုလ်မှာ
ပင်လယ်ကြီးက ပြာလို့
တိမ်တွေကလည်း တောက်လို့ ပလို့
မြက်ခင်းပြင်တွေကလည်း စိမ်းလို့ လန်းလို့
ဟော.. အရှေ့ဆီမှာ ရောင်နီပျို့လာပြီ
ငါခရီးဆက်ရပေဦးမယ်
သီအိုရီအတိုင်းဆိုရင်တော့ မုန်တိုင်းစဲရင် လေပြေညှင်းလာစမြဲပဲ။
ငြိမ်းချမ်းအောင်
ဒီကနေ့ကျရောက်သောမွေးနေ့အတွက်
08 May, 2008
မိုးညနေခင်း
မိုးရွာထဲကို ငါငေးကြည့်နေမိ
မိုးရွာထဲမှာ ဖြတ်လျှောက်သွားတဲ့
အရေပြား မွဲခြောက်ခြောက် လူမမာရုပ်ပေါက်နေတဲ့
အမျိုးသမီးတွေကို ငါငေးကြည့်နေမိ
လက်ထဲမှာ ဟင်းချက်စရာ တိုလီမုတ်စ ပစ္စည်းတွေ ဆွဲလို့
ကလေးတွေ လက်ကို ဆွဲလို့
စက်ရုံဆင်းချိန် ညနေခင်းဈေးတစ်ခုက ပြန်လာကြတဲ့
အသက်အရွယ်မျိုးစုံ မြန်မာအမျိုးသမီးတွေ
ငါရောက်နေတာက
မြန်မာပြည်သား (၁.၇) သန်းကို ထမ်းပိုးထားရတဲ့
မြန်မာဆိုရင် နှာခေါင်းရှုံ့တတ်တဲ့ တိုင်းပြည်တစ်ခုမှာ
ငါနေနေတာက
ပုလိပ်အဖမ်းကြမ်းပြီး
သူစိမ်းဆန်တဲ့ မြို့တစ်မြို့မှာ
အဲဒီနိုင်ငံမှာ
ဈေးသည်က ဖောက်သည်ကို ငတ်သလို
ပုလိပ်တွေက ငွေကိုငတ်တယ်
အဲဒီနိုင်ငံမှာ
အလိုမတူပဲ ဇိမ်ခန်းမှာ ရောင်းစားခံလိုက်ရတဲ့
မြန်မာအမျိုးသမီးငယ်တွေရှိတယ်
ကျောင်းတက်ခေါင်းလောင်းသံကို မကြားဖူးတဲ့
တရားမ၀င် မြန်မာအလုပ်သမား ကလေးငယ်တွေရှိတယ်
အဲဒီနိုင်ငံမှာ
မြန်မာတွေရဲ့ အမျိုးသားရေးဂုဏ်သိက္ခာနဲ့ ပုဂ္ဂလ္လိကမာနဟာ
တစ်စစီ ရိုက်ချိုးခံထားရတယ်။
ဆင်းရဲမွဲတေတဲ့အခါ
ဘ၀ဟာ ခြောက်ခြားဖွယ်ရာ အနိန္ဓာရုံပဲ
တချို့က သုခတွေစံစား
တချို့က ဒုက္ခတွေခံစားလို့
ငါလွမ်းနေမိတယ်
ငါလွမ်းနေမိတာ
ဈေးကြီးပေးဝယ်ရတဲ့ ၀ီစကီ ပုလင်းတစ်လုံး မဟုတ်ဘူး
ကုန်ဆုံးခဲ့တဲ့ အတိတ်ဘ၀ မဟုတ်ဘူး
ဖုန်ထူပြီး ဗွက်ပေါတဲ့ ငါ့မွေးရပ်ဒေသ မြေလတ်က မြို့ကလေးမဟုတ်ဘူး
သူငယ်ချင်းတွေမဟုတ်ဘူး ငယ်ချစ်ဦးမဟုတ်ဘူး
တကယ်တော့ ငါလွမ်းနေမိတာ သေချာလှတယ်မဟုတ်ပေမဲ့
မျှော်လင့်ခွင့်ရှိတဲ့ အနာဂတ်ပါ
ငါစဉ်းစားနေမိတယ်
မငိုပဲနဲ့ လူတွေဟာ ဘာကြောင့် မျက်ရည်ကျရတာလဲ
မြန်မာအလုပ်သမားတွေရဲ့ ခန္ဒာကိုယ်က ထွက်တဲ့
နံစော်တဲ့ ချွေးနံ့တွေထဲမှာ မျှော်လင့်ချက်တွေရှိနေတယ်
သူတို့နိုင်ငံသားတွေဆီကရတဲ့ အကောင်းစားရေမွှေးဆွတ်ထားတဲ့ ကိုယ်သင်းရနံ့မှာ
ခေါင်းပုံဖြတ်ခံလိုက်ရတဲ့ တရားမ၀င်အလုပ်သမားတွေရဲ့ လုပ်အားခတွေရှိတယ်
ဆန္ဒနဲ့ လက်တွေ့ဘ၀ဟာ တစ်ထပ်တည်းဘယ်တော့ ကျမှာတဲ့လဲ
လူအများနဲ့ သဘောထားချင်းမတိုက်ဆိုင်တဲ့အခါ ရေငုံနူတ်ပိတ်နေရမလားငါစဉ်းစား
ဒီထက်ပိုကောင်းတာမရှိလို့ ရှိတာကိုပဲ ရွေးချယ်လိုက်ရ
ဖြစ်သင့်ပေမဲ့ ဖြစ်မလာတဲ့အခါ ဒီလိုပဲ ဖြေသိမ့်နေရ
တကယ်တော့ ရှင်သန်းခြင်းဆိုတာ မမြင်ရတဲ့ အခွင့်အလမ်းတစ်ခုပါပဲ
ငါကထိုင်ခုံမှာထိုင်နေတယ်
ငါ့မျက်လုံးတွေက မိုးရွာထဲကို ဆက်ငေးကြည့်နေဆဲ
အဲဒီအချိန်မှာ
ငါ့ကို စိတ်တိုင်းမကျတော့တဲ့ ငါ့ကိုယ်စောင့်နတ်ဟာ စိတ်ကောက်ပြီး
အဝေးကို ထွက်ပြေးသွားလေရဲ့။
28 April, 2008 – 6:30 PM
ငြိမ်းချမ်းအောင်
27 April, 2008
အနီးအဝေး မိုင်တိုင်များ
အချစ်နဲ့ အမုန်းသာ မရှိတော့ရင်
ဘ၀က ငြီးငွေ့ဖွယ်ရာပင်။
ဖြတ်သန်းခဲ့တယ်
ပျားရည်ဆမ်းမထားတဲ့ မွဲခြောက်ခြောက် အထီးကျန်နေ့ရက်တွေ
တစ်ခါတစ်ခါတော့လည်း မချိပြုံးပြုံးရင်း
တစ်ခါတစ်ခါတော့လည်း ထင်းမီးဖိုလှုံရင်း။
ခင်မင်တဲ့ မိတ်ဆွေတွေနဲ့ ဆုံမိတဲ့အခါတိုင်း
အချစ်ရေးကိစ္စကို မေးမေးနေကြ
အကြောင်းပြချက် ရေရေရာရာ မရှိပေမဲ့
ယနေ့တိုင် လူပျိုဘ၀ကို ခုံမင်နေမိဆဲ။
ရှင်သန်ခဲ့ကြတယ်
မွေးလာကတည်းက သေဆုံးချိန်အထိ
တစ်စုံတစ်ရာကို မျှော်လင့်ရင်းနဲ့
အဲဒီမျှော်လင့်ချက်သာ မရှိတော့ရင်
လူတစ်ယောက်ဟာ
ရေသောက်မြစ် အဖြတ်ခံလိုက်ရတဲ့ သစ်ပင်တစ်ပင်လိုပဲ။
ဘယ်အရာကများ သေချာခဲ့လို့လဲ
မနက်ဖြန်ဆိုတာ ဘယ်သူမှ ကြိုတင်မမြင်ရတဲ့ အရာ
မရောက်သေးတဲ့ ကမ္ဘာတစ်ခုပဲ။
လူတွေရဲ့ အိုင်ဒီရော်လော်ဂျီတွေ
အချိန်နဲ့အမျှ ပြောင်းလဲနေတယ်
အခိုင်အမာတည်ဆောက်ထားခဲ့တဲ့ ခံစစ်စည်းရိုးတွေတောင်
အတုံးအရုံး ပြိုကျခဲ့ရတယ်။
ပါးစပ်က ထွက်ကျလာတဲ့ စကားတစ်ခွန်းအတွက်
တာဝန်ခံဖို့ လိုအပ်တယ်
ရေးလိုက်တဲ့ ကဗျာတစ်ပုဒ်အတွက်
တာဝန်ယူဖို့ လိုအပ်တယ်
လှမ်းလိုက်တဲ့ ခြေတစ်လှမ်းဟာ
သေနင်္ဂဗြူဟာမြောက်ဖို့ လိုအပ်ကောင်းလိုအပ်မယ်
လူတစ်ယောက်ဟာ ဘာမှမသိရင်လည်း
အကြောက်အလန့်ရှိမှာ မဟုတ်တော့ဘူး။
နေရာတိုင်းမှာ
မိုက်သွေးတွေ ကြွပြနေဖို့ မလိုအပ်ပေမဲ့
တစ်စုံတစ်ရာ ရဖို့ဆိုရင်
မိုက်စိတ်ကို မွေးမြူကြရလိမ့်မယ်။
နောက်ကျိနေတဲ့ အတွေးစတွေကို
တစ်ကန့်စီ ရှင်းထုတ်ဖို့
အနည်ထိုင်နေတဲ့ သွေးကို
ရဲဆေးတင်ပေးဖို့ လိုနေတယ်။
ဘီလူးတွေစောင့်ရှောက်တဲ့ မြို့တော်ကို
အကျအရှုံးမရှိပဲ
လွယ်လင့်တကူနဲ့တော့ သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။
ငြိမ်းချမ်းအောင်
19 April, 2008
အရောင်လွင့် မုန်တိုင်း
မင်း အပြုံးက
အဆိပ်လူးထားတဲ့ ပဒိုင်းသီး
နမ်းရိုက်မိရုံနဲ့ ရူးသွပ်စေနိုင်တယ်
မင်း အကြည့်က
စနိုက်ပါတပ်ထားတဲ့ ကာဘိုင်သေနတ်
အသံမထွက်ပဲနဲ့ သားကောင်ရဲ့ ချက်ကောင်းကို ထိအောင် ပစ်ချနိုင်တယ်
မင်းက မင်းရှင်သန်ကြီးထွားရာ ပတ်ဝန်းကျင် စေ့ဆော်မှုအတိုင်း
ကျင်လည်ကျက်စား သက်ဝင်လူပ်ရှားခဲ့ရသူ
မင်းနှလုံးသားက လျှပ်စစ်ဓါတ်မကူးတော့တဲ့ ၀ါယာကြိုးခွေအပျက်
အဲဒီနှလုံးသားက ချစ်ခြင်းမုန်းခြင်း ခံစားချက်မရှိဘူး
မင်းအထင်ကြီးတာက
လူရှေ့မှာ ပါးစပ်ကအမြှုပ်တစီစီထွက်အောင်
ကြွားလုံးထုတ်တတ်တဲ့ ငတိတွေ
အဲဒီငတိတွေလေမှာ မင်းဟာမျောလွင့်
ခေတ်မီတယ်လို့ ထင်ထားတဲ့ မင်းဟာ
ခေတ်နောက် ပြတ်ကျန်နေရစ်ခဲ့
နောက်ဆုံးပေါ် အ၀တ်အစားတွေ ၀တ်ဆင်ထားတဲ့ မင်းကိုယ်ခန္ဒာ
နောက်ဆုံးပေါ် အတွေးအခေါ်တွေ တပ်ဆင်မထားခဲ့
ငါတို့ ဆွေးနွေးနေတဲ့ တိုင်းရေးပြည်ရေး အကြောင်းအရာ
မင်းအာရုံမှာ စက္ကန့်ပိုင်းကလေးတောင်မှ အရိပ်ထင်ပုံ မရဘူး
ဆေးဆိုးထားတဲ့ လက်သည်းတွေကို ဖြန့်ခင်းလို့
မင်းစဉ်းစားနေတာက
နူတ်ခမ်းဆိုးဆေးတောင့်နဲ့ အ၀တ်အစား ဒီဇိုင်းလှလှတွေအကြောင်း
ပြီးတော့ အမဲကောင်တွေကို အချဉ်ဖမ်းဖို့အကြောင်း
ကောင်မလေးရေ
ကျားမြင်တိုင်း နွားမထင်နဲ့
မင်းသိဖို့လိုအပ်တာက
နေရာဒေသ အကွာအခြားမှာ
တန်ဖိုးသတ်မှတ်ချက်တွေ
ယဉ်ကျေးမှု အရောင်အသွေးတွေ ကွဲပြားခြားနားတတ်တဲ့အကြောင်း။
အချိန်ရရင်
ကျားစာဖြစ်သွားတဲ့ မုဆိုး တွေအကြောင်းနဲ့
ငါးစာ ဖြစ်သွားတဲ့ တံငါ တွေအကြောင်းလည်း
မင်းကို ပြောပြချင်တယ်
ပြီးတော့
မင်းမျက်နှာ၊ မင်းကိုယ်ခန္ဒာ “ပေါင်းတင်” သလို
မင်းဦးဏှောက်နဲ့ မင်းနှလုံးသားမှာ ကပ်ညိနေတဲ့ “ချေးညှော်” တွေကို ချွတ်ဆေးနဲ့ချွတ်ပြီး
အရောင်ပြန်တင်ဖို့ လိုအပ်တဲ့အကြောင်း
မင်း “မာယာ” မှာ “သားကောင်ရှာရေဒါ” တပ်ဆင်ထားဖို့ လိုအပ်ကြောင်း။
ငြိမ်းချမ်းအောင်
16 April 2008 - Evening
15 April, 2008
အမှတ်တရများ
ဘာလက်နက်မှ မရှိရင်တော့ ခံရတော့တာပဲ
ငွေကြေး
ဥစ္စာပစ္စည်း
အတတ်ပညာ
ဘာတစ်ခုမှ မရှိရင်တော့
ကံဆိုးပြီသာမှတ်။
ရိုးသားမှုသက်သက်နဲ့ အလုပ်မဖြစ်တော့ဘူး
ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်ဆိုတာ
ရီစရာ အကောင်းဆုံး ပျက်လုံးတစ်ခုသာပဲ။
မေတ္တာသုတ်ကို အာဂုံဆောင်ထားရုံနဲ့လည်း
အန္တရာယ်ကင်းပြီလို့ မထင်လေနဲ့
ဝှက်ဖဲထား မကစားရင်တော့
ရူံးပွဲနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ရလိမ့်မယ်။
သိက္ခာနဲ့သီလကို ချရောင်းတာ ၀ယ်မဲ့ သူမရှိဘူး
လူတွေက ကျော်ကြားမှုနောက်ကို လိုက်တယ်
ကျော်ကြားမှုနောက်ကို ငွေကလိုက်တယ်
ငွေများများရှိတဲ့ နေရာကို ငွေတွေလိုက်တယ်
ငွေမရှိတဲ့ နေရာကို ဘာငွေမှမလာဘူး
ခန္ဒာကိုယ်ပဲရှိလို့ ဒီခန္ဒာကိုယ်ပဲ ရောင်းစားရတော့တာပေါ့
ပစ္စုပ္ပန်မှာ ကြုံသလို ရှင်သန်တယ်
မနက်ဖြန်ကတော့ ကံစီမံတဲ့ အတိုင်းပဲ။
ဒီဘ၀မှာတင် ငရဲခံနေရသူတွေအတွက်
နောင်ဘ၀က ငရဲကို တွေးကြောက်နေမှာ မဟုတ်တော့။
လူ့ဘ၀ဆိုတာ
ဘုရားသခင် အပျင်းပြေလွှတ်တင်လိုက်တဲ့
စွန်တစ်ကောင်ပါပဲ
ရစ်ဘီးက သူ့လက်ထဲမှာ။
ငြိမ်းချမ်းအောင်
08 April, 2008
၂၁-ရာစု အ၀င်ဝက မင်း ဖတ်ဖို့ ကဗျာ
“ရင်ဘတ်ထဲမှာ ခွဲထည့်ထားလို့ ရရင် ထားလိုက်ချင်တယ်” တဲ့
သူပြောတော့လည်း ယုံခဲ့ရ
ဒီလိုနဲ့
ငါ့အနာဂတ် တစ်ခုလုံးကို
လုံးလုံး ပုံအပ်ခဲ့မိပါတယ်။
“မိုးလောက်ကြီးချစ်သတဲ့” လား
ကောင်မလေးရေ
မင်းရဲ့ နူတ်ခမ်းပါးကလေးက တစ်ဆင့်
မင်းရဲ့ အဇ္ဇတ္တကို ငါရှာဖွေတတ်ခဲ့ပါပြီ
ကုန်လွန်ခဲ့တဲ့ ငါ့ သက္ကရာဇ်တွေကို နှမြောတယ်
ဧရာဝတီကို မင်းချစ်သလို ငါလည်း ချစ်တယ်
မြန်မာပြည်ကြီးကို မင်းလည်း ချစ်တယ် ငါလည်း ချစ်တယ်
ဒါပေမဲ့
ကောင်မလေးရေ
အချစ်ဆိုတာ ကောက်ရိုးမီးတောက်သလို ထ, ထ တောက်တဲ့အရာ မဟုတ်ဘူး
ဟောဒီ
ရာစုသစ်မှာ
မြန်မာပြည် ခပ်ညံ့ညံ့လက်ဖက်ရည်ဆိုင်က ရိုးရိုးလက်ဖက်ရည် တစ်ခွက်လိုပဲ
လူတွေရင်ဘတ်ထဲက အချစ်တွေ ပေါ့ပျက်ပျက်ဖြစ်သွားတာ မင်းလက်ခံလိုက်ပါ။
သင်္ကြန် လက်ဆေးမိုး ရွာမှ
ပိတောက်တွေ ပွင့်ခွင့်ရတာပါကွာ
ဆင်ဖမ်းမယ် ကျားဖမ်းမယ်
စကားလုံးတွေ ငါ့အာရုံထဲ ပစ်ပစ် မထည့်ပါနဲ့
ရာသီမှန်မှ အပင်သန်ခွင့်ရမှာ
အခုမှ ရေတွင်းတူးပြီး အခုချက်ခြင်း ရေကြည်သောက်လို့ မရပါဘူး။
တောအုပ်ကြောင့် ပုတ်သင်ညိုတွေ အရောင်ပြောင်းတတ်တယ်
မင်းကတော့ ရာသီအပြောင်းမှာ ၀တ်စုံ မကြာခဏ ပြောင်းဝတ်ခဲ့
ရာသီစာ သီးပင်တွေ မင်းက မကြာမကြာ စိုက်ပျိုး
မင်းစိုက်တဲ့ သီးပင်တွေက တစ်ရာသီစာပဲ ခံလေတော့
မီးစင်ကြည့်ကတတ်တဲ့ မင်းရဲ့ မူဝါဒကို ရပ်လိုက်ပါတော့။
High-speed ခေတ်ကြီးမှာ
ဒီကနေ့ မင်းကို
မနေ့တုံးက ငါက
နားလည်အောင် ဖတ်ဖို့ ပရိုဂရမ်ဆော့ဝဲလ် မရှိသေးဘူး။
ငြိမ်းချမ်းအောင်
04 April, 2008
မဲရုံဆီသို့ ကန့်ကွက်စို့ အတာသင်္ကြန်သီချင်းများ
မြန်မာပြည်တွင်းက ဂီတအနုပညာရှင်များရဲ့ ရွှေဝါရောင်စက်တင်ဘာတေးဂီတအဖွဲ့၏ ဒုတိယခြေလှမ်းအဖြစ် “မဲရုံဆီသို့ ကန့်ကွက်စို့” အမည်ရ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်တေးသီချင်း (၂) ပုဒ်ကိုဖန်တီးထားပါတယ်။ မိုးမခ မီဒီယာမှ တဆင့်ကူးယူဖော်ပြပါတယ်။ အောက်ကလခ့်တွေမှာ နားဆင်ပါ။
၁။ မဲရုံဆီသို့ ကန့်ကွက်စို့
၂။ တောင်ပေါ်မြေပြန့် ကန့်ကွက်ကြမယ်
01 April, 2008
လွမ်းနေတဲ့ ပိတောက်ဝါ
ကောင်းကင်ကို တွန်းဖွင့်ကြည့်တော့
တစ်ပင်လုံးဝါ၀ါဝင်း
တစ်ခွင်လုံးစိန်းစိန်းစို
တောင်လည်းစို
တောလည်းစိန်း
တိမ်လည်းညို
တိုက်လာတဲ့ လေထဲမှာတောင်
လွမ်းရိပ်တွေကဝေ့ဝေ့၀ဲ
တစ်နှစ်ခင်းလုံး ဇွဲခတ်ပြီး အောင့်ထားရပုံမျိုးနဲ့
ချစ်ခြင်းနဲ့ ပွင့်လာတဲ့ ပန်းတွေ
လောကတစ်ခွင်လုံး ထိန်ထိန်ညီးလို့။
သင်္ကြန်မိုးပြေးနဲ့အတူ
ရောက်လာတဲ့ အို.. ပိတောက်ဝါ
ချိန်ခါသင့်လို့ ပွင့်တာလား
တူးပို့နဲ့လန်းဖို့ ရောက်လာသလား
တန်ခူးလေနဲ့ မြူးဖို့ ၀ါဝါထိန် တောက်ခဲ့တာလား
ရှာပုံတော်အလွမ်းဇာတ်ကို တစ်ခန်းရပ်ဖို့ လာလေသလား
ဖော်ဝေးသူကို မျှော်ငေးပူဆွေးဖို့ ရောက်လာကြတာများလား။
တစ်မြေစီ ဝေးကွာခြားပြီမို့
သွေဖည်တိမ်းကာ စိမ်းပါသလား အချစ်ရယ်
ဟောဒီမှာ … နွေဦး
မင်း.. ခူးယူလိုက်ပါ
ဟောဒီမှာ … ဧပရာယ်ဖူး
မင်း.. မြူးတူးပျော်ရွှင်ပါ
ဟောဒီမှာ … ပိတောက်ဦးတွေ
မင်း.. ဆွတ်ယူဆင်မြန်းပါလေ။
ဟောဒီ မြေကမ္ဘာမှာ
မျက်ရည်တွေရှိသလို
အပျော်အပြုံး တွေလည်းရှိပါတယ်
ဒဏ်ရာဒဏ်ချက်တွေရှိသလို
ချိုမြိန်တဲ့ နေ့ရက်တွေလည်း ရှိမှာ
လူ့ဘ၀ ရခဲလှ ခဏတာမှာ
အပျော်တွေကို စိုက်ပျိုးပါ
အပြုံးတွေနဲ့ အလှဆင်ပါ
အချစ်ဦးမို့ မေ့လို့မရပါ ချစ်သော ပိတောက်ဝါ။
သစ္စာမဖောက်တဲ့ ပိတောက်တွေက
တစ်နှစ်တစ်ခါ ရောက်လာခဲ့ပေမဲ့
လွမ်းရေးထက် ၀မ်းရေးခက်တဲ့ ခေတ်ကြပ်ကြီးထဲ
အချစ်ရေးထက် စစ်ရေးကခက်ပြီမို့
တိုင်းရေးပြည်ရေး ရတက်မအေးနိုင်လို့
တစ်ယောက်ပျိုကညာရဲ့ ကေသာဦးမှာ
ပိတောက်ပျိုအ၀ါကို ခူးဆွတ်ကာ ပန်ဆင်ပေးလိုပေမဲ့
ပြည်တော်ပြန် အ၀င်ခက်သမို့
ရွှေပြည်တော် မျှော်တိုင်းဝေးနေဆဲသာမို့
ဆယ်မိုးဆယ်နွေ ရှည်ကျော်ခဲ့ အလွမ်းရက်ရှည်ခရီးထဲ
ရည်မျှော်ကာ မပျော်ရက်နိုင်သူကို
ချစ်ဦးသူခင်က
ပန်းကြွေပိတောက်တွေနဲ့အတူ
လွမ်းနေလောက်ပြီပေါ့။
ငြိမ်းချမ်းအောင်
27 March, 2008
နံရံကိုထိမှန်၍ ပြန်ထွက်လာသော အသံများ၏ ညီမျှခြင်း
အိပ်မရလို့ စဉ်းစားနေမိတာ မဟုတ်ဘူး
စဉ်းစားနေမိလို့ အိပ်မရတာပါ။
လပြည့်ညမှာ အတောက်ပဆုံးကြယ်တစ်ပွင့်ကို လိုက်ရှာနေမိသလိုမျိုး
ညက အမြင်အာရုံကို အလှနဲ့ လှည့်စားနိုင်တယ်။
ကွန်ပြူတာမှာ ကစားရတဲ့ ဂိမ်းတစ်ခုလို အိုဗာဖြစ်သွားမှာတော့ မဟုတ်ဘူး
စာမေးပွဲတစ်ခုလို အချိန်အကန့်အသတ်လည်းမရှိဘူး
နောက်ကျမူတိုင်းမှာတော့ ဒဏ်ရာဒဏ်ချက်တွေကိုယ်စီနဲ့။
တွက်မိတဲ့ ပုစ္ဆာအားလုံးမှာ အဖြေက တစ်ခုပဲထွက်ခဲ့တယ်။
အသက်ချင်းထပ်ထားရတဲ့ ပြေးတမ်းလိုက်တမ်း ကစားပွဲတွေမှာတော့
သရီးဒီဖန်သားပြင်ပေါ်မှာကြည့်ရတဲ့ သည်းထိတ်ရင်ဖိုဟောလိဝုဒ် အက်ရှင်ဇာတ်ကားတွေလို
ဇာတ်သိမ်းခန်း ပါမလာခဲ့ဘူး။
အက်ဆစ်မိုးတွေ ကွက်ကြားရွာချပေးနေတဲ့ ဟောဒီမိုးကောင်းကင်အောက်မှာ
ဘ၀တွေက စုတ်ပြတ်နုံချာလွန်းတယ်။
လွန်ခဲ့တဲ့ သုံးနှစ်က လူငယ်တွေနဲ့ စကားပြောဖြစ်တယ်
လွန်ခဲ့တဲ့ တစ်နှစ်က လူငယ်တွေနဲ့ စကားပြောဖြစ်တယ်
လွန်ခဲ့တဲ့ တစ်ပတ်က လူငယ်တွေနဲ့ စကားပြောဖြစ်တယ်
လူငယ်တွေ ရုန်းကန်နေကြတယ်....
လူငယ်တွေ လွတ်မြောက်ချင်ကြတယ်......
လူငယ်တွေ တရားခံအစစ်ကို ရှာတွေ့ပါတယ်....
လူငယ်တွေ ပြိုင်တူတွန်းနိုင်မဲ့ ရက်ကိုစောင့်နေဆဲ.....
လူငယ်တွေရဲ့ ပစ္စုပ္ပန်နဲ့အနာဂတ်ဟာ မြူတွေလိုေ၀၀ါးနေမြဲ။
သူရဲကောင်းစိတ်ဓါတ်ဟာ
ထောင်နံရံတွေကနေ ပဲ့တင်ထပ်ပြီး ပြန်ထွက်လာတယ်
“ဘယ်တော့မှ ဒူးထောက် အညံ့ခံမှာ မဟုတ်ဘူး” တဲ့
သူရဲကောင်းသွေးဟာ အနီရောင်အလံတစ်ခုအဖြစ် ကောင်းကင်ပေါ်မှာ တလူလူလွှင့်နေတယ်။
အမှောင်ခေတ်တစ်ခုလုံး သင်္ခြိုင်းကုန်းတစ်ခုလိုပါပဲ
ကန်းနေတဲ့ အနာဂတ်နဲ့
ပြန်မရနိုင်တော့တဲ့ အတိတ်နဲ့အတူ
ကွယ်သွားတဲ့ အမြင်အာရုံနဲ့ ပျက်စီးသွားတဲ့ ဦးဏှောက်တွေကို စာအုပ်ထဲမှာချရေးထားတယ်။
ဝိညာဉ်တွေစောင့်ရှောက်တဲ့ မြို့တော်မှာ တစ္ဆေကြောက်စရာတောင် မလိုတော့ဘူး။
လူတိုင်း ကိုယ်ချင်းစာစိတ်ထားကြရင် ကောင်းမှာပဲ
လမ်းဘေးက ခွေးလေလွင့်တစ်ကောင်ကိုပဲဖြစ်ဖြစ် စာနာစိတ်ထားပါ။
သင်ကောက်ယူဖယ်ရှားလိုက်တဲ့ အမိုက်တစ်စဟာ
ပုရွက်ဆိတ်တစ်ကောင်ရဲ့ စံနန်းဂူဝကို ပိတ်ဖုံးထားတဲ့ သေမင်းနံရံ တံတိုင်းတစ်ခုလည်း ဖြစ်နိုင်တယ်။
တိုတောင်းလှတဲ့ ဘ၀မှာ လမ်းပေါ်မှာ ပိတ်နေတဲ့ အမိုက်တွေကို ရှင်းလိုက်ပါ
အလှတရားတွေကို ဖျက်ဆီးနေတဲ့ သတ္တ၀ါတွေကို သုတ်သင်ဖယ်ရှားပစ်ပါ
သင့်ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ပါ
အဓိပ္ပါယ်ရှိတဲ့ ရှင်သန်ခြင်းဆိုတာ ခေတ်က သင့်ပခုန်းပေါ်တင်ပေးလိုက်တဲ့ တာဝန်ကို
ကျေပွန်စွာ ထမ်းဆောင်ခြင်းပါပဲ
လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ ပန်းကလေးတစ်ပွင့်တောင်မှ တတ်နိုင်သလောက်
လောကကို အလှဆင်ပါတယ်။ ။
မတ် ၂၆ ရွှေဝါရောင်တော်လှန်ရေး (၆) လပြည့်အတွက် ရည်စူးရေးဖွဲ့သည်။
ငြိမ်းချမ်းအောင်