17 December, 2007

မုတ်သုန်အတွေး ကဗျာ စုစည်းမူ

ကျောင်းသားတွေအတွက် ရေးပေးခဲ့တဲ့ ကမ်ပိန်းကဗျာတွေပါ။ ကဗျာ (၁၁) ပုဒ်ကို ရေးသားတာ တစ်ရက် ကျော်ကျော်ပဲ ကြာခဲ့ပါတယ်။ စကားလုံးတွေကတော့ လှပမနေပါဘူး၊ ကာရံမပါတဲ့ ပေါက်ကွဲ သံစဉ်တွေပါ။ သေချာတာကတော့ ကဗျာတွေမှာ ပါဝင်တဲ့အကြောင်းအရာတွေဟာ မျက်မှောက်ကာလကို ထင်ဟပ်တယ်။ လက်ရှိ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘ၀တွေကို ကိုယ်စားပြုထားတယ် ဆိုတာပါပဲ။ ဒီကဗျာတွေနဲ့ ပြီးခဲ့တဲ့ ဇွန်လက “မုတ်သုန်အတွေး” ဆိုတဲ့ ကဗျာစာအုပ် ထုတ်ခဲ့ပါတယ်။ တက္ကသိုလ် ပရ၀ုဏ်တွေမှာ ပါ။




စိန်စီသောည [သို့မဟုတ်] လူ့ငနွားကြီးသန်းရွှေသို့…..

လူထုကဆင်းရဲ
နွားကြီးမိသားစု ချမ်းသာ။

လူထုက တဲစုတ်မှာနေ
နွားကြီးမိသားစုက နန်းတော်အိမ်ကြီးမှာနေ။

လူထုက စားစရာမရှိ
နွားကြီးမိသားစုက ဟင်းခွက် တစ်ရာနဲ့ပွဲတော်တည်။

သိန်းထောင်ပေါင်းများစွာ အကုန်အကျခံတဲ့
ချစ်သမီးလေးမင်္ဂလာဆောင် သန်းရွှေနွားကြီးလုပ်ခဲ့ပလေ။

အမေရိကန်ဒေါ်လာ သန်း ၅၀ လက်ဖွဲ့ရသတဲ့
ဗိုလ်ချုပ်အသိုင်းအ၀ိုင်းက ပေးတဲ့လက်ဆောင်
ပြည်သူ့ဘဏ္ဏာတွေက သန်းရွှေသမီးလက်ဖွဲ့ဖြစ်သွား။

စိန်တွေသီးနေတဲ့ အကျည်းတန်ကောင်မ
ငါးစိမ်းသည်လောက်မှ မသားနား
ပြည်သူပိုင်ပစ္စည်းတွေ၊ နင့်လင်ဥစ္စာဟုတ်ဖူး။

“တူသောအကျိုးပေးတယ်”
“ကောင်းတာလုပ်ကောင်းတာဖြစ်..
မကောင်းတာလုပ်မကောင်းတာဖြစ်..” သတဲ့
ဗုဒ္ဓဘာသာဝင်တိုင်းသိတယ်
နွားကြီးနင်တို့မိသားစု မကြာခင် ဒုက္ခလှလှတွေ့မယ်။ ။


နေပြည်တော် (သို့မဟုတ်) ငရဲပြည်မှ အရိုးတွန်သံ

“နေပြည်တော်” တဲ့
ကြားကြားမိသမျှ စိတ်ဘ၀င်မချမ်းသာ။

နေပြည်တော်ဆိုတာ
မြန်မာဘုရင်တို့ထီးနန်းစိုးစံရာ
တနည်းအားဖြင့်
သူရဲကောင်းတို့ကိန်းအောင်းရာ
အထွတ်အမြတ်နေရာ။

အခုတော့
လူသတ်သမားများ
မုဒိန်းကောင်များ
သူခိုး၊ ဓါးပြများ
လူလိမ်များ
ပြည်ဖျက်များ
အမျိုးသားရေးသစ္စာဖောက်များ
တိုင်းပြည်ကို “ချောက်” ထဲဇွတ်အတင်းဆွဲချသူများ
ဆင်းရဲတွင်းနက်ရခြင်းရဲ့တရားခံများ
၎င်းတို့ကြောက်လို့ပြေးတဲ့နေရာ
“နေပြည်တော်” တဲ့လား။

ကြောက်လို့ပြေးရင်
“ကြောက်ပြေး” ဒါမှမဟုတ် မူလအတိုင်း
“ကြပ်ပြေး” ပေါ့
နေပြည်တော်လာလုပ်မနေနဲ့
ခွေးလေခွေးလွင့်တွေနှယ်
အမဲရိုးနှယ်ဟင်းအိုးမှအားမနာ ဆိုသလို
လူထု “ခဲ” နဲ့တွေ့တော့မှ နင်တို့ခွေးပြေးမှားလိမ့်မယ်။

အခုတော့ “ခွေးရူးကောင်းစား တစ်မွန်းတည့်” ပေါ့။ ။


ကြိုင်ကြိုင် (သို့မဟုတ်) သားများမိခင်

ဖတ်စ်လေဒီ ကြိုင်ကြိုင်
သန်းရွှေရဲ့ ရှုမညီးတဲ့ ချစ်မယားကြီး။

ငပေါကြီးသန်းရွှေအတွက် ကြိုင်ကြိုင်ဟာ
နံပါတ်တစ် မယားကြီးပေါ့။

ကြိုင်ကြိုင်ကြီးအတွက်တော့
ငပေါကြီးသန်းရွှေဟာ ဒုတိယမြောက် လင်။

ကြိုင်ကြိုင့်ယောင်္ကျား စစ်သား
ရှေ့တန်းမှာ သေသွားတော့
မဲနိုက်ပြီးလင်ရွေးပွဲလုပ်တော့
ကံဆိုးသူ သန်းရွှေကြီး မဲကျသွားသတဲ့
အဲဒီကတည်းက ကြိုင့်အလိုကျ ဖြစ်ခဲ့တာပေါ့။

တကယ်တော့ “နွားငတ်ရေကျ” ဇာတ်လမ်း
ကြိုင်ကြိုင်နဲ့သာမရရင်
ငပေါကြီးတစ်ယောက် မိန်းမရကိန်း လုံးဝမမြင်။

နွားငတ်ကြီး အရမ်းမရ ချစ်လိုက်ရှာတာ
ကလေးတွေတစ်ယောက်ပြီးတစ်ယောက်
အရင်ယောင်္ကျားနဲ့လည်း
ပအိုဝ်းမကြီးမှာ ကလေးတွေရခဲ့သေးသတဲ့။

အခုတော့
ကြိုင့်အလိုကျ၊ ကြိုင့်သဘော ဇာတ်လမ်းမှာ
ကြိုင်နဲ့အဆင်မပြေရင်
တိုင်းမူးတွေမျက်ခုံးလူပ်ရ
ဗိုလ်ချုပ်တွေရဲ့ မရေရာဘဝ
ကြိုင်ဖြုတ်ရင် သူတို့ပြုတ်ဆိုပဲ။

ဗေဒင်၊ နက္ခတ်၊ ယတြာ ၀ါသနာကြီးတဲ့ ကြိုင်ကြိုင်
တလောကပဲ မင်းသား “လူမင်း” နဲ့ မင်္ဂလာဆောင်လိုက်သေး။

ဒို့သာ နတ်သားကလေးဆို
ကြိုင့်ကို အိပ်မက်တစ်ခုပေးမယ်
အန်အယ်လ်ဒီကို အာဏာလွှဲပေးပါ
မဟုတ်ရင် အသေဆိုးနဲ့ သေလိမ့်မယ်လို့ပေါ့။ ။


ခန္ဒာကိုယ် ရင်းစားရသော တက္ကသိုလ်ကျောင်းသူ

ကောင်မလေး
အသားကဖြူဖြူ
မျက်ခုံးကောင်းကောင်း
ကိုယ်လုံးလှလှ
ပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့
နုနယ်ပျိုမျစ် ချစ်စရာ။

လမ်းလျှောက်ရင်မော်ဒယ်လေးလို
ဘေးဘယ်ညာ ဘယ်မှမကြည့်
အိနြေ္ဒရှင်လေး
ဘယ်အဆောင်၊ ဘယ်အတန်းကလဲကွယ်
မင်းကလေးသိပ်လှတယ်။

သိပ်လှလို့ငေးမိပါတယ်
ငေးရင်းနဲ့ချစ်မိပါတယ်
ချစ်မိတော့စုံစမ်းမိတယ်
မင်းအကြောင်းကိုယ်သိရတော့
ရင်နာရတယ် အချစ်ဆုံးရယ်
“နှစ်ပုလင်းပေးရင် ရတယ်တဲ့”
ကိုယ့်ချစ်သူ သိပ်လှတဲ့ကောင်မလေး
“ဖာ” ဖြစ်နေပါရောလား။

မှတ်ချက်။ နှစ်ပုလင်းဆိုသည်မှာ ကျပ်နှစ်သောင်း။


ပြည့်တန်ဆာမကလေး၏ မျှော်လင့်ချက်….

လင်းလက်တဲ့ ဓါတ်မီးတိုင်အောက်မှာပါပဲ
မရှက်နိုင်တော့ပါဘူး
မနက်ဖြန်အတွက် ဆန်ဝယ်ရဖို့ပဲအရေးကြီးတယ်။

“အစ်ကို.. သွားမလား”
တွေ့ကရာယောင်္ကျားကို စည်းရုံး
စိတ်ဝင်စားရှင်ဈေးညှိ
တချို့က အော်ငေါက်
တချို့က လှောင်ပြောင်သွား
တတ်နိုင်ဘူးကွယ်၊ ဒါပဲကျမဘဝ
ရှက်ရမှန်းကြောက်ရမှန်း သိနိုင်တော့ပါဘူး။

မိန်းမတို့ အိနြေ္ဒ ရွှေပေးလို့မရတဲ့
အဘွားတို့၊ အမေတို့ခေတ်က ဆိုရိုးစကား
ကျမ ဒါတွေဂရုစိုက်နေရင် ကျမကိုမှီခိုနေတဲ့မိသားစု
ထမင်းငတ်ကြလိမ့်မယ်။

မနက်ဖြန်အတွက်
ဝမ်းရေးက အရေးကြီးတယ်
ပန်းနာသည် အဖေ့အတွက် ဆေးဝယ်ရဦးမယ်
နာတာရှည် အမေက အိမ်မှာမျှော်နေလိမ့်မယ်
မောင်လေး ညီမလေးတွေလည်း
ကျောင်းထွက်ပြီး ကြုံရာအလုပ် လုပ်နေကြတယ်။

အခုလောလောဆယ်
ဖောက်သည်ရဖို့ပဲ အရေးကြီးတယ်
လူဆိုတာ သေမျိုးပဲ
အေအိုင်ဒီအက်စ်နဲ့မသေခင်
အခုလောလောဆယ် ထမင်းငတ်ပြီးအသေမခံနိုင်ဘူး
ဟောဟိုမှာ.. ဖောက်သည်တစ်ယောက်လာနေပြီ
မိန်းမမာယာ အပြည့်နဲ့ ဈေးခေါ်လိုက်မယ်
“ အစ်ကို.. သွားမလား ” ။ ။


မြို့ပြင်ရောက်နေသော တက္ကသိုလ်များနှင့်
မျှော်လင့်ချက်မဲ့နေသော
မြန်မာပြည် ပညာရေး


“အာအိုင်တီ” တဲ့
မြန်မာပြည်ရဲ့တစ်ခုတည်းသော စက်မူတက္ကသိုလ်
အာဏာရှင်ကိုဆန့်ကျင်တဲ့ သူရဲကောင်းများစွာ
မွေးဖွားသန့်စင်ရာ အထင်ကရနေရာ
ရန်ကုန်မြို့မှာ တည်ရှိတယ်။

အခုတော့
န၀တ၊ နအဖ ကိုလူဆိုး
“ အာအိုင်တီ” ကိုဖျက်
ကိုစ့်တစ်ခုလုံးကိုလည်းဖျက်
မြန်မာပြည်မှာ “အာအိုင်တီ” နာမည်လုံးဝမရှိစေရ
သမိုင်းကိုဖျောက်ဖို့ ကြိုးစား
ပညာရေးစနစ်ကိုဖျက်ဆီးသူ
အကြောက်ကြီးသော လူ့ငနွားဗိုလ်ချုပ်တစ်စု။

“ အာအိုင်တီ ” ကိုဖျက်ရုံမက
တက္ကသိုလ်ကောလိပ်တွေ မြို့ပြင်အကုန်ပို့
နယ်တွေမှာပါ ကောလိပ်တွေဖွင့်
လူစုခွဲဖို့သူတို့ ကြိုးစား
ကျောင်းသားတွေကို အကြောက်ကြီးကြောက်သူများ။

မြန်မာပြည်ပညာရေး ဗြောင်းဆန်နေလိုက်ပုံများ
ဘွဲ့ရ ခေတ်ပညာတတ်တဲ့
ဘာမှလည်းမတတ်ရှာဘူး
တစ်ချိန်က ရန်ကုန်တက္ကသိုလ်ဟာ
အာရှမှာ နာမည်ကြီးဆိုပဲ
နိုင်ငံခြားကျောင်းသားတွေတောင် လာတက်ကြသတဲ့
အခုတော့ ရန်ကုန်တက္ကသိုလ်လည်းမရှိတော့
အရှေ့ပိုင်း တက္ကသိုလ်တဲ့
အနောက်ပိုင်း တက္ကသိုလ်တဲ့
ရွာသာကြီး တက္ကသိုလ်တဲ့
နာမည်အမျိုးမျိုးနဲ့ တက္ကသိုလ်ငယ်များ မိုလိုပေါက်
လူစုခွဲတဲ့ သူတို့ရည်ရွယ်ချက်
မသိရင်ခက်မယ်။

ဝိဇ္ဇာ၊ သိပ္ပံ အတန်းများ
လေးနှစ်ကနေ သုံးနှစ်ကိုလျှော့ချခဲ့
စေတနာနဲ့ ပညာရေးစနစ်ကို ပြင်တာဟုတ်ဖူး
ကျောင်းသားတွေကို ဖိန့်ဖိန့်တုန်အောင်ကြောက်တဲ့အာဏာရှင်
ကျောင်းသားတွေကို ကျောင်းမှာကြာကြာမနေရအောင်လုပ်ခဲ့
မသိရင်ခက်မယ်။

အလုပ်တဖက်နဲ့ ကျောင်းတက်တဲ့ကျောင်းသားများ
ဒစ်စတန့်ကလပ်ကိုသွားကြ
ဆယ်ရက်နဲ့ တနှစ်စာအပြီးသင်
ပြီးရင် စာမေးပွဲထဲဝင်
အို.. မလိုပါဘူး
ဆရာမကို လုံချည်ကန်တော့လိုက်ရင် ပြီးတာပဲ
စာတွေတတ်ဖို့မလိုပါဘူး
အတန်းတက်ဖို့သာအရေးကြီး
ပိုက်ဆံရှိရင် ကျောင်းတက်ဖို့တောင်မလို
ဘွဲ့တစ်ခု အလွယ်ရ
ဗိုလ်ချုပ်တွေပြောတဲ့
ဒို့နိုင်ငံရဲ့တိုးတက်နေတဲ့ ပညာရေးစနစ်ကြီး။

သစ်ပုတ်ပင်လည်းမရှိ
မြေနီလမ်းလည်းမရှိ
ခုံပြာတန်းလည်းမရှိ
ရေတမာပင်တန်းလည်းမရှိ
-----------
-----------
စစ်ထောက်လှမ်းရေးတော့ရှိ
သတင်းပေးတော့ရှိ
-----------
ဖယ်ရီမရှိ
အတွင်းဆောင်မရှိ
ရင်ခုန်သံမရှိ
ပိုက်ဆံမရှိတော့ ချစ်သူတောင်မရှိ။

ကျောင်းဝန်းထဲမှာ
စာအံသံမကြားရ
အတင်းပြောသံသာကြားရတယ်။

ကျောင်းသူကျောင်းသားများ
စာအကြောင်းမဆွေးနွေး
နိုင်ငံခြားသွားပြီးပိုက်ဆံရှာဖို့သာ ဆွေးနွေးကြ။

အဆောင်မှာ
စာဖတ်ဝိုင်းမရှိ
ဖဲဝိုင်းတော့ရှိတယ်
အရက်ဝိုင်းတော့ရှိတယ်။
ကျောင်းသားတွေအရက်သောက်တာအရေးမယူ
ဆေးခြောက်ရှူတာအရေးမယူ
ဖဲရိုက်တာအရေးမယူ
ကျောင်းပြေးတာအရေးမယူ
စစ်အစိုးရကို မဆန့်ကျင်သ၍
ဘာကိုမှ အရေးမယူ။

တိုင်းပြည်တစ်ခုအတွက်
အကောင်းဆုံးရင်းနှီးမြှုပ်နှံမူဟာ “ပညာရေး” တဲ့
ကမ္ဘာမှာ “ပညာရေး” ရင်းနှီးမြှုပ်နှံနေကြပြီ။

ဗမာပြည်မှာတော့
ဗိုလ်ချုပ်တို့ရဲ့ “ မိမိအိတ်ဖောင်းရေး ” စီးပွားရေးပေါ်လစီကြောင့်
ကျောင်းသူတွေ “ဖာ” ဖြစ်ကုန်ပြီ၊
မြန်မာပြည်မှာ ဒီပညာရေးစနစ်နဲ့ဆက်သွားရင်
သူငယ်ချင်းတို့
ငါတို့အားလုံးကျွန်ဖြစ်တော့မယ်
ဆယ်နှစ်အတွင်း
တရုတ်ကျွန်ဖြစ်တော့မယ်။ ။


ကောင်းကင်ပေါ်တက်သွားတဲ့ ကုန်ဈေးနူန်းနှင့်
ငရဲခံနေရသော ပြည်သူများ

ဧပြီ ၂၀၀၆ မှာ ၀န်ထမ်းလစာတွေတိုးပေးပြီးကတည်းက
ကုန်ဈေးနူန်းတွေ (၆၀ ရာခိုင်နူန်း) ထိုးတက်သွားသတဲ့
ဟုတ်လားတော့မသိဘူး
လက်တွေ့မှာတော့ “ဈေးမသွားချင်တော့ဘူး” လို့
အမေက ခဏခဏ ညဉ်းတယ်။

ပြီးတော့ အမေကပြောသေးတယ်
“ ဈေးသွားခါနီး အိမ်ရှင်မတစ်ယောက်ဟာ
စစ်ထွက်ခါနီး သူရဲကောင်းတစ်ယောက်လိုပဲ ” တဲ့။

ငပိရည်ကျဲနဲ့စားနေကျ ငါ့မနက်စာ
အခုတော့ ကုန်ဈေးနူန်းက ဖျပ်ပစ်ပေါ့
မနက်စာ နေ့လည်စာ ညစာ တစ်နပ်စာပဲ ပေါင်းစားရတဲ့အဖြစ်
လူလည်း “ဒုက္ခစရိယ” ကျင့်သလို
နံရိုးပဲ ကျန်တော့တယ်။

စိတ်ညစ်တိုင်း
ငါငယ်ငယ်က အဖွားပြောပြတဲ့ အိပ်ရာဝင်ပုံပြင်တွေကိုပဲ
သတိရနေမိတော့တယ်။
အဖွားတို့ငယ်ငယ်က ဆီတွေတောင်လိုပုံ
ဆန်တွေတောင်လိုပုံ
စားစရာမုန့်ပဲသွားရေစာတွေအလျှံပယ်ပေါ့သတဲ့။
အဖိုးတစ်ယောက်လစာနဲ့
သားသမီးလေးယောက် လူတစ်လုံးသူတစ်လုံးထားနိုင်သတဲ့
တက္ကသိုလ်ပို့နိုင်သတဲ့။

ခေတ်တွေများ ကွာလိုက်တာ ပြောပါတယ် အဖွားရယ်
အဖွားပြောပြလို့သာ
ဇွတ်မှိတ်ပြီးယုံခဲ့ရ
အဖွားတို့ခေတ်က ပေါများလိုက်ပုံများ။

ဖိုင်နယ်မို့သာ ဇွဲခတ်ပြီးတက်နေရ
ငါ့အောက်က ညီလေးနဲ့ ညီမလေး
ကျောင်းထွက်ခဲ့ရရှာပြီ
အဖေ့ကျောင်းဆရာလစာ
အမေ့ရုံးစာရေးလစာ
ငါးယောက်ရှိတဲ့ ငါတို့မိသားစု ၀မ်းဝအောင် မစွမ်းဆောင်နိုင်ခဲ့။

“စိတ်ညစ်လို့တဲ့” ငါ့သူငယ်ချင်းတွေလည်း
လမ်းဘေးအရက်ဆိုင်ကိုရောက်
တချို့က ကျောင်းထွက်
ကြုံရာကျပမ်းအလုပ်ဝင်
ပန်းရန် အုတ်သယ်
မြေကျင်းတူး
ဆိုက်ကားနင်း
ဂျာနယ်လက်ပွေ့ရောင်း
အို…စုံလို့ပဲ။

ကြားနေရတယ်
တချို့ ကျောင်းသူကောင်မလေးတွေ
အချိန်ပိုင်းပြည့်တန်ဆာဖြစ်သွားကြသတဲ့
တချို့ဆို မိဘတွေကကို သိလျှက်နဲ့မျက်နှာလွှဲ
ဝမ်းရေးထက်အရေးကြီးတာ
လောကမှာ ဘာမ မရှိတော့ဖူးလား။

မြန်မာမိန်းကလေးတွေ အိနြေ္ဒကြီးပုံများ
သလုံးသားလေးတောင် ပေါ်မှာစိုး
အဖွားတို့အမေ တို့ခေတ်ကပေါ့
အခုများတော့ အိနြေ္ဒတွေဘေးချိတ်
ဝမ်းရေးကသာ အရေးကြီးတဲ့ခေတ်ကြီး
ဆိုတော့ မြန်မာပြည်ဘာ ဖြစ်နေပြီလဲ
ကိုင်း.. အမှန်အတိုင်းပြောမယ်
ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့
“ဖာ” နိုင်ငံဖြစ်သွားပြီ
မယုံမရှိနဲ့
နေရာတိုင်း၊ မြို့တိုင်း၊ မြန်မာပြည်တလွှားမှာ
ပြည်မှာကြည့်မလား၊ ရန်ကုန်၊ မကွေး၊ ဟင်္သာတ၊ မုံရွာ၊
မအူပင်၊ မော်လမြိုင်၊ ဘားအံ၊ ပခုက္ကူ၊ အောင်လံ၊ ပုသိမ်
“ဖာ” တွေပေါပါဘိသနဲ့။

ကဲဘယ်လိုလုပ်ကြမလဲ
တီဗွီထဲမှာတော့
တံတားတွေဖောက်၊ လမ်းတွေဆောက်
အပင်တွေလည်းစိုက်
ဘာတဲ့ “ စိုက်ပျိုးရေးကို အခြေခံသော
စက်မူနိုင်ငံတော်သစ်ကြီးဆီသို့ ” တဲ့
မြန်မာနိုင်ငံတော်ကြီးတိုးတက်နေတယ်ဆိုပဲ
ခွေးမသားတွေ အသေဆိုးနဲ့ သေလိုက်စေချင်တယ်။ ။



ကြံ့ဖွတ် ကိုလူဆိုးသို့

အို ကြံ့ဖွတ် ကိုလူဆိုး
မင်းဘာကြောင့်သိပ်သိပ်ဆိုး။

ထမင်းကြမ်းခဲမြင် အမြီးတနှံ့နှံ့ခွေးလို
သခင့်အလိုကျ မင်းသိပ်ကျွန်းပါးဝတယ်။

မင်းတို့လဲငတ် ငါတို့လည်းငတ်
နအဖ နဲ့အပေါင်းအသင်းမလုပ်တဲ့
ပြည်သူအားလုံးငတ်နေကြတယ်။

အခုတော့ ငတ်နေတာချင်းအတူတူ
ထမင်းကြမ်းခဲလေးပြတာနဲ့
မင်းက အမြီးလေးတနှံ့နှံ့။

သခင်လည်တဲ့လေကိုရှူ
သခင်ခိုင်းတာအကုန်လုပ်
၂၀၀၃ မေလ ဒီပဲယင်းမှာလည်း
မင်းက ဇာတ်လိုက်။

လူ့အခွင့်အရေးစာရွက်ဝေတဲ့သူတွေကို
ရိုက်တာမှာလည်း
မင်းက ဇာတ်လိုက်။

ဘုရားပေါ်တက်တဲ့သူတွေကို
ရိုက်နှက်ဖမ်းဆီးတာမှာလည်း
မင်းက ဇာတ်လိုက်။

အဓမ္မလုပ်အားပေးစေခိုင်းရာမှာလည်း
မင်းက ဇာတ်လိုက်။

တကယ်တော့ မင်းတို့ဟာ
အရိုးအရင်းတောင် ကိုက်ခွင့်မရတဲ့ဘဝ
သခင်စားတာကို စားပွဲခုံအောက်က
သွားရည်တမျှားမျှားနဲ့ကြည့်
သခင်လည်တဲ့လေနံ့လေးကိုပဲ
အားပါးတရရှူ
သခင်ခိုင်းစေသမျှ ပြည်သူကို အကြမ်းဖက်ဗိုလ်ကျ
သတိပေးလိုက်ပါရစေ
အသေဆိုးနဲ့မသေခင်
မင်းတို့ အပြုအမူတွေပြင်လိုက်ဖို့။ ။



ကျောင်းကြီးပိတ်ချိန် ချစ်သူငယ်ချင်း
မင်းကောငါ့ကို လွမ်းနေမှာလား


သူငယ်ချင်းရေ
ကျောင်းကြီးလည်းပိတ်
တို့တွေခွဲခွာ
မင်းကော ငါ့ကို လွမ်းနေမှာလား။

တွေ့ဆုံ ကြုံကွဲ
မမြဲတဲ့သံသယာထဲမှာ
တစ်နေ့ခွဲရမယ်ဆိုတာ တို့တွေကြိုသိခဲ့ပါရဲ့။

သံသယာရထားကြီး ခုတ်မောင်းနေသ၍တော့
မင်းတို့ငါတို့ ပြန်တွေ့ကြရဦးမှာပါ။
“နေရဉ္စရာ” ရယ် သိပ်လွမ်းမိပါတယ်။

တိုက်ဆိုင်မူရှိတိုင်း
အမှတ်တရ ဖြစ်စရာတွေကြုံတိုင်း
မနက်ခင်းတိုင်း
မိုးညနေတိုင်း
မင်းတို့အားလုံးကို သတိရနေမှာပါ။
ဌာနေပြန်ရောက်
လုပ်ငန်းခွင်ဝင်
ကိုယ့်လမ်းကိုယ်လျှောက်
အိမ်ယာထူထောင်
မဆုံးနိုင်တဲ့
ဘ၀သံသယာ ၀ဲဂယက်ထဲမှာ
တို့များကျင်လည်ရဦးမှာပါ။
ဒါပေမဲ့
ခေါင်းလောင်းသံတိတ်
ကျောင်းကြီးပိတ်ချိန်
နွေကြိုဥသြငှက်ကလေးတွေတေးသီတဲ့အချိန်
ငုနဲ့ပိတောက်တို့ ထိန်ထိန်ညီးတဲ့အချိန်
ဇူလိုင်မိုးနဲ့ပွင့်လာတတ်တဲ့
စပယ်နဲ့ ဇီဇ၀ါပန်းနံ့လေးတွေ ရှူရှိုက်မိတဲ့အချိန်
ငါမင်းတို့အားလုံးကို
ပြင်းပြင်းပြပြ သတိရနေမိပါတယ်
ချစ်သူငယ်ချင်းတို့ရယ်။ ။



မေဦးမိုးနှင့်အတူ…..

ကောင်လေးရေ
မင်းရောငါ့ကို လွမ်းနေမှာလား

အခုလို
ညနေခင်းတိုင်း
မိုးစက်ကလေးတွေတဖွဲဖွဲရွာတိုင်း
ငါကတော့ မင်းကို အရမ်းသတိရနေမိပါတယ်
ချစ်သူကောင်လေးရယ်။

မေဦးမိုးပွင့်တွေနဲ့အတူ
ညနေခင်း ကျောင်းဆင်းချိန်လေးတစ်ခုမှာ
ငါ တို့ စတွေ့ခဲ့ကြတယ်။

ဆံပင်ရှည်ရှည်နက်နက်တွေနဲ့
ချစ်စရာမျက်ဝန်းလေးတစ်စုံကို
ငါသိပ်ချစ်တယ်။
စကားပြောတိုင်း “ ကျနော်.. ကျနော် ” နဲ့ပြောတတ်တဲ့
မင်းစကားသံလေးတွေကို ငါရင်ခုန်တယ်။

“ စကားဝါဆောင်ရှေ့က ခုံတန်းကလေးတွေမှာ
ညနေခင်း မြေနီလမ်းကလေးပေါ်မှာ
ဧရာဝတီမြစ်သောင်ပြင်ဖြူလွလွတွေပေါ်မှာ
တန့်ကြည်တောင်တန်းကြီးနံဘေးမှာ
ငါတို့စကားတွေပြောခဲ့ကြတယ်။
“ ကျနော်.. ကျနော် ” နဲ့ ပြောတဲ့မင်းကို
တို့သိပ်ချစ်ပါတယ်။

ချစ်သူကောင်လေးရယ်
အခုမင်းဘယ်ဆီများရောက်နေသလဲကွယ်
ချစ်သက်တမ်း (၂) နှစ်အတွင်းမှာ
ငါတို့သိပ်ချစ်ခဲ့ကြ
ဧရာဝတီကို သက်သေတည်
တန့်ကြည်တောင်တန်းကြီးတွေကို ပုံခိုင်း
တသက်မခွဲကြေး ငါတို့တွေ သစ္စာထားခဲ့ကြတယ်။

“ အချစ်တစ်ခုတည်းနဲ့ ဘ၀က မပြည့်စုံဖူး ” တဲ့
ငါတို့ ချစ်သူ နှစ်ယောက်မှာတော့
“ အချစ် ” ပဲကုံလုံ ကြွယ်ဝတယ်။

“ ကျနော်တို့ ဘ၀ရှေ့ရေးအတွက်
ကျနော်ကြိုးစားမယ် ” လို့ပြောပြီး
မင်းအဝေးကို ထွက်သွားခဲ့တယ်။
အခုဆိုရင် မေဦးမိုးတွေလဲ
သုံးကြိမ်တိုင်တိုင် ရွာသွန်းခဲ့ပြီ
စာမလာ သတင်းမကြား
မင်းဘယ်ဆီများရောက်နေသလဲကွယ်။

ပြန်လာခဲ့ပါတော့
“ ငွေကြေး ” မပြည့်စုံရင်နေပါစေ
တို့ဘ၀ကို အချစ်တွေနဲ့ပဲ တည်ဆောက်ရအောင်ပါ။

ပြန်လာခဲ့ပါတော့ကွယ်
တို့ မင်းကို သိပ်လွမ်းနေပြီ ချစ်သူကောင်လေးရယ်။ ။



မကျေနပ်မူများ

မကျေနပ်တာတွေကို အကုန်ဖွင့်ပြောရရင်
ဘုတ်အုပ်ကြီးနဲ့ ပြည့်သွားမယ်။

ခေတ်ကြီးကိုလည်း မကျေနပ်ဘူး
စနစ်ကြီးကိုလည်း မကျေနပ်ဘူး
ဘုရင်ရူးကြီးကိုလည်း မကျေနပ်ဘူး
ပညာရေးဝန်ကြီးကိုလည်း မကျေနပ်ဘူး
ပါချုပ်ကိုလည်း မကျေနပ်ဘူး
မော်ကွန်းထိန်းကိုလည်း မကျေနပ်ဘူး
ဆရာမကိုလည်း မကျေနပ်ဘူး
ငါ့ကိုယ်ငါလည်း မကျေနပ်ဘူး

ဘာပညာရေးစနစ်လည်းကွာ
ခေတ် ပညာတတ် တက္ကသိုလ် ကျောင်းသားတဲ့
အခုဆိုရင် ငါဟာ ဖိုင်နယ်မှာပေါ့
သုံးနှစ်တောင်ဖြတ်သန်းခဲ့
အရင်းစစ်တော့ ဘာမှမတတ်ပါလား
ငါကပဲညံ့တာလား
ဆရာမကပဲ ညံ့တာလား
ဒါမှမဟုတ် ပညာရေးစနစ်ကပဲ ညံ့သလား
မကျေနပ်ဘူးဟေ့
လုံးဝကို မကျေနပ်ဘူး။

ကျောင်းတွေကို မြို့ပြင်ပို့ပစ်တယ်
သုဿန်နဲ့ သိပ်မဝေးဖူး
အပင်မရှိ အရိပ်မရှိ
နေ့ခင်းဆိုသိပ်ပူတယ်
မကျေနပ်ဘူးဟေ့
လုံးဝမကျေနပ်ဘူး။

“ ကျောင်းတွင်းမှာ အဆောင်မထားရ ” တဲ့
“ ညနေ ၆နာရီ ကျော်ရင်ကျောင်းထဲမ၀င်ရ ” တဲ့
အမိန့်တွေ အမိန့်တွေ
ပြီးတော့
ကျောင်းသားဟန်ဆောင်တဲ့ စစ်ထောက်လှမ်းရေး
စာသင်ရတာလုံးဝမလွတ်လပ်ဘူးကွာ
ဘယ်မှာလဲကျောင်းသားအခွင့်အရေး
မကျေနပ်ဘူးဟေ့
လုံးဝကို မကျေနပ်ဘူး။

ဖယ်ရီတွေ တိုးပေးဖို့လိုတယ်
ကျူရှင်စရိတ်လျှော့ချဖို့လိုတယ်
ပညာရေးစနစ်ပြောင်းလဲဖို့လိုနေတယ်
လိုနေတယ်
လိုနေတယ်
အားလုံးပြုပြင်လိုက်ဖို့လိုနေတယ်
မကျေနပ်ဘူးကွာ
လုံးဝကိုမကျေနပ်ဘူး။ ။

ကဗျာများရေးသားသူမှာ ငြိမ်းချမ်းအောင် ဖြစ်ပါသည်။

ပြန်ခေါက်ထားပါ...

3 comments:

Winkabar said...

ကဗျာတွေတအားကောင်းတယ်။ အဓိပွာယ်လည်းအရမ်းရှိတာပဲ။ အခုခေတ်အကြောင်းကိုသေသေချာချာမြင်လာရတယ်။ ဖတ်ပြီးစိတ်မကောင်းလိုက်တာ။

Anonymous said...

I can't see the image of book covers.
If it is possible, can you post it again?

thanks

pandora said...

ဆီပုံးမှာ ကိုဝေလင်း ပြောထားတာတွေ့မှ ပြန်ရှာဖတ်မိတယ် ဒါကတော့ အက်စစ်အပြင်းစားတွေပဲ ဆရာ
လက်မြှောက်ပါတယ်