ဆေးသားတွေစွန်းထင်သွားအောင်
ကဗျာနဲ့ ပန်းချီကားကိုဖျန်းပက်လိုက်တယ်။
ဒီကမောင်ကြီးရယ်လေ
ချစ်လိုက်ရတာ
“နှင်း..” ရယ်။
ညကမက်တဲ့ဆောင်းအိပ်မက်ထဲမှာ
"နှင်း.." ရယ်လေ
အဖြူရောင်ဆွတ်ဆွတ်ဖွေးဖွေးအုလို့က
ကိုယ့်ကိုလက်ယပ်ပြီးခေါ်နေတယ်။
စိတ်ညစ်တယ် “နှင်း..” ရယ်
လမ်းထိပ်ကချီးမွမ်းနေကျအဒေါ်ကြီး
ကွယ်ရာမှာ နှင်းအကြောင်းမကောင်းပြောနေတာ
ကိုယ်နားနဲ့ဆတ်ဆတ်ကြားခဲ့ရတယ်။
အသိဉာဏ်ဆိုတဲ့ကန့်လန့်ကာပါးပါးလေးသာ ခြားမနေတော့ရင်
လူနဲ့တိရစ္ဆာန်ဘာကွာခြားတော့မှာလဲ
မသိစိတ်များစွာစိတ်ရုပ်နာမ်နှစ်ပါးနဲ့တည်ဆောက်ထားတဲ့လူ့ဘုံလောကကြီး
ငါ့အကြောင်းတောင်ငါမသိသေးတာ
မနက်ဖြန်ခါဘာဖြစ်မယ်ဆိုတာငါမသိနိုင်ဘူး။
အဲဒီတိုးလျိုးပေါက်မြင်နေရတဲ့အခန်းငယ်ထဲ
ချစ်သူ “နှင်း..” များပုန်းအောင်နေလေမလား
စိတ်ကူးယဉ်မိသူငါသာ ရူးမိုက်သူဖြစ်တော့တယ်။
“နှင်း..ရေ”
“နှင်း..ရေ”
ကိုယ့်လက်နဲ့ဆုပ်ကိုင်မိသောအရာများ
ရွှေဖြစ်ပါစေသား
ရေငတ်သူရေရစေ..
အစာငတ်သူအစာရစေ..
ကိုယ့်မျက်ဝန်းနဲ့အကြည့်ချင်းဆုံမိသော မျက်လုံးများ
အားအင်အသစ်ဖြစ်စေသား။
ယာခင်းထဲကခြေသွားလမ်းကလေးအဆုံး
သပ်သပ်ရပ်ရပ်တောင်ယာတဲလေးတစ်လုံး
ဘ၀ကိုစိတ်သောကပူလောင်ခြင်းနဲ့ကင်းဝေးရာ
ငြိမ်းအေးချမ်းမြအဆုံးသတ်ချင်သလား
စွန့်လွှတ်မူတိုင်းမှာ စွန့်စားမူပါခဲ့တယ်။
အသက်ကြီးလာလေကိလေသာအမိုက်တွေနည်းပါးလေ
အသက်ကြီးလာလေကုသိုလ်စိတ်ပွားများလေ
အဲဒီဂုဏ်မောက်တဲ့လူ့ဘ၀။
သေခါနီးလူနာကို Long Live သွားလုပ်နေရင်
နောက်ပြောင်တာနဲ့တူမနေဘူးလား
ငါကလည်းလူတစ်မျိုး ဆောင်းဦးပေါက်ခြံမီးရို့တဲ့
မီးခိုးတွေရဲ့ရနံ့ကိုခံစားလို့ရတယ်
စားသောက်ဆိုင်ကညှော်နံ့ကိုခံစားလို့မရဘူး။
ဆေးသားတွေစွန်းထင်သွားအောင်
ကဗျာကို ပန်းချီကားနဲ့ပက်ဖျန်းလိုက်တယ်။
ဒီကမောင်ကြီးရယ်လေ
ချစ်လိုက်ရတာ
“နှင်း..ရယ်”။
ငြိမ်းချမ်းအောင်
04 December, 2010
ဆေးစက်ကျရာ ဆွဲထားတဲ့ကဗျာ
Labels:
My poem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment