မုန်တိုင်းကတော့ စဲပြီ
အလောင်း ဒုက္ခသည် နဲ့
ကပ်ရောဂါ ပိုးမွှားတွေသာ ချန်ထားရစ်ခဲ့
ဟောဒီမှာ
ပင်လယ်လိုကြီးသော အပူမီးများ
ကောင်းကင်လိုကျယ်သော ဒုက္ခများ
အဆုံးအစမဲ့ သောကများ
ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို အတိအကျရေးပြနိုင်ဖို့
စကားလုံးတွေ ချို့တဲ့နေဆဲ
ဒုက္ခသည်တွေကို ကယ်တင်ဖို့
ကမ္ဘာကြီးဟာ နှေးကွေးလေးလံနေဆဲ။
နာဂစ်ရေ..
နေပြည်တော်ကို မှန်အောင်ပစ်ပါ
နာဂစ်ရေ..
နေပြည်တော်ကို ထိအောင်ပစ်ပါ
မုန်တိုင်းမှာ မျက်စိမပါတော့ ပစ်မှတ်ဟာ လွဲချော်သွားခဲ့
စက်ကွင်းမလွတ်တဲ့
သူဆင်းရဲတွေသာ
သေဒဏ်အစီရင်ခံခဲ့ရရှာတယ်
အလွမ်းများ မျက်ရည်များ ရင်နာကြေကွဲဖွယ်ရာများ
ဖြေလို့ မပြေတဲ့ အပူမီးများ
“မုန်တိုင်းမှာလည်း အောက်ဆီဂျင်ရှိတယ်” ဆိုတဲ့
ငတိနဲ့တွေ့ချင်တယ်
သူ့ဆီမှာ အောက်ဆီဂျင်နည်းနည်းလောက် တောင်းမလို့
ပြီးတော့ “ဒုက္ခက ပျားရည်စက်လိုချိုသတဲ့”
သွေးရူးသွေးတမ်းစကား
ဘယ်ငနဲကများ ပြောသွားခဲ့တာလဲ
အပြောလွယ်သလောက် အလုပ်ခက်တဲ့ လောကကြီး
လုပ်လို့ဖြစ်တဲ့ အလုပ်ကို ငါတို့က မလုပ်ခဲ့လေတော့
အခုတော့ သေကြေကြ ပျက်စီးကြ ဆုံးရူံးကြရ။
ဂျော့ဒဘလျူဘွတ်ရေ..
နေပြည်တော်ကို နူကလီးယားဗုံးကြဲပါ
မိစ္ဆာအရိုင်းအစိုင်းကောင်တွေကို သုတ်သင်ရှင်းလင်းပါ
R2P နဲ့ Airlift လုပ်ပါ
နေတိုးတပ်တွေလွှတ်ပေးပါ
ကုလသမဂ္ဂကြီးရေ..
ငြိမ်းချမ်းရေးတပ်တွေ အမြန်ဆုံးလွှတ်ပေးပါ
လုံခြုံရေးကောင်စီမှာ ဖြစ်တဲ့နည်းနဲ့ အတည်ပြုချက် ရယူပါ
မြို့တော်သန့်ရှင်းရေးအတွက် လမ်းပေါ်ကခွေးလေခွေးလွင့်တွေကို သုတ်သင်ရသလို
ကမ္ဘာမြေ သန့်ရှင်းရေးအတွက်
နေပြည်တော်က ခွေးဝဲစားတွေကို သုတ်သင်ရှင်းလင်းပါ
နေပြည်တော်က တရားခံတွေကို အသေပစ်ပါ
မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရအောင်ဝင်ပါ
တခြားနည်းလမ်းမရှိတော့လို့
ငါတို့ မှာ နောက်ထပ်သေဆုံးစရာ အသက်တွေ မရှိတော့လို့
ငါတို့ တိုက်ပွဲမှာ ပင်ပမ်းနွမ်းနယ်နေပြီမို့
ငါတို့ တော်လှန်ရေး ခရီးပမ်းနေပြီမို့
ငါတို့ ပြည်သူတွေကို အချိန်မီ ကယ်တင်နိုင်ဖို့
ငါတို့ ပြည်သူတွေမှာ ဘီလူးသဘက်တွေကို ဆန့်ကျင်ဖို့ ခွန်အားမရှိတော့လို့
နေပြည်တော်ကို အမြန်ဆုံး သိမ်းပိုက်ပါ
နေပြည်တော်ကို အမြန်ဆုံး ၀င်တိုက်ပါ
ငါတို့ ပြည်သူတွေရဲ့ အဖြစ်ချင်ဆုံး ရင်ထဲက ဆန္ဒပါ
နေပြည်တော်ကို အမြန်ဆုံးသာပစ်ပါ
ငါတို့ ပြည်သူတွေရဲ့ လိုလားတောင့်တချက်ပါ
မင်းဆိုးကို မိုးကြိုးပစ်ပါ
အကြမ်းဖက်သမားတွေကို သေအောင်သတ်ပါ။
မုန်တိုင်းစဲတဲ့အခါ လေပြေလာမှာလား
ခိုးဝှက်ထားတဲ့ နိုင်ငံတကာအကူအညီတွေနဲ့
နအဖ ဒေါက်တိုင်တွေ ကြွယ်ဝချမ်းသာလာမှာလား
ဒေါသထွက်နေတဲ့ အနောက်ကမ္ဘာက နေပြည်တော်ကို တကယ် ပစ်တော့မလား
ကူးစက်ရောဂါပိုးမွှားတွေနဲ့…
မျှော်လင့်ချက်တွေနဲ့…
နာကျည်းမှုတွေနဲ့…
တောက်ခေါက်သံတွေနဲ့…
ဒေါသတွေနဲ့…
စိတ်လျှော့လိုက်တဲ့ သက်ပြင်းချသံတွေနဲ့…
ငိုကြွေးသံတွေနဲ့…
အပြင်ဘက်မှာတော့ နာဂစ် မုန်တိုင်းကစဲသွားပြီ
ငါတို့ ရင်ထဲမှာ သောက မုန်တိုင်းတွေ အပြင်းထန်ဆုံး တိုက်ခတ်နေဆဲ။
ငြိမ်းချမ်းအောင်
14 May, 2008
နေပြည်တော်ကို ထိအောင်ပစ်
12 May, 2008
Birthday
ငါ့ရင်ဘတ်ကို နာဂစ်လိုင်းတွေ တ၀ုန်းဝုန်းလာဆောင့်တယ်
လူသေအလောင်းတွေက
ရေထဲမှာမျောနေတယ်
ကိုင်းပင်တွေမှာ ညိနေတယ်
ရေကျသွားတဲ့ လယ်ကွင်း တွေထဲမှာ တုံးလုံးပက်လက်
အမြစ်ကျွတ်ပါမသွားတဲ့ သစ်ပင်ထိပ်ဖျားတွေမှာလည်းကပ်ညိလို့
ကွင်းပြင်က ပုတ်ပွနေတဲ့ အလောင်းတွေကို ကုန်းသတ္တ၀ါတွေကစားတယ်
မြစ်ချောင်းတွေထဲက ပုတ်ပွနေတဲ့ အလောင်းတွေကို ငါးတွေကစားတယ်
တမျှော်တခေါ် မြင်းကွင်းတစ်ခုလုံး အနိန္ဓာရုံသက်သက်ပဲ။
ငါ့အာရုံအားလုံးကို “ရီဖရယ်ဒမ်မဲလိမ်ပွဲ” ဆိုတဲ့ မုန်တိုင်းက တဒိုင်းဒိုင်းလာဆောင့်တယ်
လူတွေကို သေနတ်ထောက်ပြီး ထောက်ခံမဲပေးခိုင်းတယ်
လည်ပင်းညှစ်ပြီး ထောက်ခံမဲပေးခိုင်းတယ်
ပြန်ပေးဆွဲပြီး ထောက်ခံမဲပေးခိုင်းတယ်
လိမ်လည်ပြီးထောက်ခံမဲပေးခိုင်းတယ်
ချော့မော့ဖျောင်းဖျပြီးထောက်ခံမဲပေးခိုင်းတယ်
ဗြောင်ထောက်ခံမဲပေးခိုင်းတယ်
မသိမသာထောက်ခံမဲပေးခိုင်းတယ်
၉၀ ရာခိုင်နူန်း ပလပ် ထောက်ခံပါတယ်လို့
ပြည်တွင်းကလာတဲ့ အစီရင်ခံစာတွေက ညွှန်ပြနေကြတယ်
ငါခံနိုင်ရည် မရှိတော့ဘူး
ငါတင်းမခံနိုင်တော့ဘူး
ငါ့စိတ်အပေါ်ကို အဆောက်အဦးတွေ တစ်ခုပြီးတစ်ခု ပြိုကျနေတယ်
ငါကွန်ပြူတာကိုပိတ်လိုက်တယ်
မီးခလုတ်တွေအားလုံးပိတ်လိုက်တယ်
ရေဒီယိုပိတ်လိုက်တယ်
ဖုန်းပိတ်လိုက်တယ်
ငါဘာမှ မမြင်ရတော့ဘူး
ငါဘာမှ မကြားရတော့ဘူး
ခဏကလေးပဲဖြစ်ဖြစ် ငါအတိတ်မေ့ရောဂါ ရဖို့လိုအပ်နေတယ်။
ငါသတိရလာတဲ့အခါ
တစ္ဆေသရဲတွေနေတဲ့ ကျွန်းကလေး တစ်ခုပေါ်မှာရောက်နေတယ်
ငါ့ဘေးနားမှာ အစာရေစာမရလို့ သေအံ့ဆဲဆဲ လူမမာတွေ ညည်းနေကြတယ်
မြေမမြှုပ်ရသေးတဲ့ အလောင်းတွေလည်း ပြန့်ကျဲလို့
ငါအားတင်းပြီးထထိုင်လိုက်တယ်
ဒီကနေ့ ငါ့မွေးနေ့မှာ ကဗျာတစ်ပုဒ်နဲ့ ကမ္ဘာမြေကို ဂုဏ်ပြုရမယ်
ပြီးရင် ခါတိုင်းနှစ်တွေလိုပဲ မွေးနေ့ပွဲကို တိတ်တဆိတ်ကျင်းပဖို့လုပ်ရမယ်
ခါတိုင်းနှစ်တွေနဲ့ မတူတာက
ငါ့နိုင်ငံက နာဂစ်မုန်တိုင်းကြောင့် တစ္ဆေသူရဲ ဖြစ်သွားသူတွေ
ငါ့မွေးနေ့ကို တိတ်တဆိတ်လာရောက် ချီးမြင့်ကြတာပဲ
သူတို့မျက်နှာတွေမှာ ရုတ်တရက် သေဆုံးမှုအတွက်
ကြေကွဲဝမ်းနည်းနေတာမတွေ့ရပါဘူး
ငတ်မွတ်ဆင်းရဲခြင်းဆိုတဲ့ဝဋ္ဋ်ဒုက္ခက လွတ်မြောက်ခြင်းနဲ့
မချစ်မနှစ်သက်တဲ့ သူတွေ အုပ်ချုပ်တဲ့ တိုင်းပြည်က
အမြန်ဆုံး ကျွတ်လွတ်ခွင့်ရခြင်းဟာ နိဗ္ပာန်ရောက်ခြင်းပဲဆိုတာ
သူတို့တွေ စဉ်းစားကောင်းစဉ်းစားနေလိမ့်မယ်
လူတွေက မွေးနေ့ကိုသာ သတိရပြီး
သေ မဲ့နေ့ကို မေ့နေကြတယ်
ငါ့လူငယ်ဘ၀ဟာ ကျနေလိုပဲ ရုတ်ခနဲ ကုန်ဆုံးသွားတယ်
ငါ့နုနယ်ပျိုမျစ်ခြင်းဟာ အမိမြေနဲ့ ဝေးရာ တိုင်းတပါးမှာ ကုန်ဆုံးသွားတယ်
ငါနှမြောတွန့်တိုခြင်းမဖြစ်မိပါဘူး
ဒီနေ့ငါ့မွေးနေ့မှာ ဘာစကားမှ လက်ဆောင်ပါးစရာလည်းမရှိပါဘူး
လူတွေဟာ သေဆုံးဖို့ အတွက်ရှင်သန်နေကြတယ်
ရှင်သန်ဖို့အတွက် သေဆုံးနေကြတယ်။
စိတ်ဓါတ်ကို မြေကြီးထဲအထိ နှိမ့်ချကြည့်လိုက်တယ်
စိတ်ဓါတ်ကို မိုးပေါ်ရောက်အောင် တွန်းတင်ကြည့်လိုက်တယ်
ငါလုပ်လို့ရနေသားပဲ
ငါ့စိတ်နဲ့ ငါ့ခန္ဒာကိုယ်က သဘောထားချင်းတိုက်ဆိုင်နေသားပဲ
ဘာစိတ်ညစ်စရာများရှိလို့လဲ
ငါနေတဲ့ ကမ္ဘာဂြိုလ်မှာ
ပင်လယ်ကြီးက ပြာလို့
တိမ်တွေကလည်း တောက်လို့ ပလို့
မြက်ခင်းပြင်တွေကလည်း စိမ်းလို့ လန်းလို့
ဟော.. အရှေ့ဆီမှာ ရောင်နီပျို့လာပြီ
ငါခရီးဆက်ရပေဦးမယ်
သီအိုရီအတိုင်းဆိုရင်တော့ မုန်တိုင်းစဲရင် လေပြေညှင်းလာစမြဲပဲ။
ငြိမ်းချမ်းအောင်
ဒီကနေ့ကျရောက်သောမွေးနေ့အတွက်
08 May, 2008
မိုးညနေခင်း
မိုးရွာထဲကို ငါငေးကြည့်နေမိ
မိုးရွာထဲမှာ ဖြတ်လျှောက်သွားတဲ့
အရေပြား မွဲခြောက်ခြောက် လူမမာရုပ်ပေါက်နေတဲ့
အမျိုးသမီးတွေကို ငါငေးကြည့်နေမိ
လက်ထဲမှာ ဟင်းချက်စရာ တိုလီမုတ်စ ပစ္စည်းတွေ ဆွဲလို့
ကလေးတွေ လက်ကို ဆွဲလို့
စက်ရုံဆင်းချိန် ညနေခင်းဈေးတစ်ခုက ပြန်လာကြတဲ့
အသက်အရွယ်မျိုးစုံ မြန်မာအမျိုးသမီးတွေ
ငါရောက်နေတာက
မြန်မာပြည်သား (၁.၇) သန်းကို ထမ်းပိုးထားရတဲ့
မြန်မာဆိုရင် နှာခေါင်းရှုံ့တတ်တဲ့ တိုင်းပြည်တစ်ခုမှာ
ငါနေနေတာက
ပုလိပ်အဖမ်းကြမ်းပြီး
သူစိမ်းဆန်တဲ့ မြို့တစ်မြို့မှာ
အဲဒီနိုင်ငံမှာ
ဈေးသည်က ဖောက်သည်ကို ငတ်သလို
ပုလိပ်တွေက ငွေကိုငတ်တယ်
အဲဒီနိုင်ငံမှာ
အလိုမတူပဲ ဇိမ်ခန်းမှာ ရောင်းစားခံလိုက်ရတဲ့
မြန်မာအမျိုးသမီးငယ်တွေရှိတယ်
ကျောင်းတက်ခေါင်းလောင်းသံကို မကြားဖူးတဲ့
တရားမ၀င် မြန်မာအလုပ်သမား ကလေးငယ်တွေရှိတယ်
အဲဒီနိုင်ငံမှာ
မြန်မာတွေရဲ့ အမျိုးသားရေးဂုဏ်သိက္ခာနဲ့ ပုဂ္ဂလ္လိကမာနဟာ
တစ်စစီ ရိုက်ချိုးခံထားရတယ်။
ဆင်းရဲမွဲတေတဲ့အခါ
ဘ၀ဟာ ခြောက်ခြားဖွယ်ရာ အနိန္ဓာရုံပဲ
တချို့က သုခတွေစံစား
တချို့က ဒုက္ခတွေခံစားလို့
ငါလွမ်းနေမိတယ်
ငါလွမ်းနေမိတာ
ဈေးကြီးပေးဝယ်ရတဲ့ ၀ီစကီ ပုလင်းတစ်လုံး မဟုတ်ဘူး
ကုန်ဆုံးခဲ့တဲ့ အတိတ်ဘ၀ မဟုတ်ဘူး
ဖုန်ထူပြီး ဗွက်ပေါတဲ့ ငါ့မွေးရပ်ဒေသ မြေလတ်က မြို့ကလေးမဟုတ်ဘူး
သူငယ်ချင်းတွေမဟုတ်ဘူး ငယ်ချစ်ဦးမဟုတ်ဘူး
တကယ်တော့ ငါလွမ်းနေမိတာ သေချာလှတယ်မဟုတ်ပေမဲ့
မျှော်လင့်ခွင့်ရှိတဲ့ အနာဂတ်ပါ
ငါစဉ်းစားနေမိတယ်
မငိုပဲနဲ့ လူတွေဟာ ဘာကြောင့် မျက်ရည်ကျရတာလဲ
မြန်မာအလုပ်သမားတွေရဲ့ ခန္ဒာကိုယ်က ထွက်တဲ့
နံစော်တဲ့ ချွေးနံ့တွေထဲမှာ မျှော်လင့်ချက်တွေရှိနေတယ်
သူတို့နိုင်ငံသားတွေဆီကရတဲ့ အကောင်းစားရေမွှေးဆွတ်ထားတဲ့ ကိုယ်သင်းရနံ့မှာ
ခေါင်းပုံဖြတ်ခံလိုက်ရတဲ့ တရားမ၀င်အလုပ်သမားတွေရဲ့ လုပ်အားခတွေရှိတယ်
ဆန္ဒနဲ့ လက်တွေ့ဘ၀ဟာ တစ်ထပ်တည်းဘယ်တော့ ကျမှာတဲ့လဲ
လူအများနဲ့ သဘောထားချင်းမတိုက်ဆိုင်တဲ့အခါ ရေငုံနူတ်ပိတ်နေရမလားငါစဉ်းစား
ဒီထက်ပိုကောင်းတာမရှိလို့ ရှိတာကိုပဲ ရွေးချယ်လိုက်ရ
ဖြစ်သင့်ပေမဲ့ ဖြစ်မလာတဲ့အခါ ဒီလိုပဲ ဖြေသိမ့်နေရ
တကယ်တော့ ရှင်သန်းခြင်းဆိုတာ မမြင်ရတဲ့ အခွင့်အလမ်းတစ်ခုပါပဲ
ငါကထိုင်ခုံမှာထိုင်နေတယ်
ငါ့မျက်လုံးတွေက မိုးရွာထဲကို ဆက်ငေးကြည့်နေဆဲ
အဲဒီအချိန်မှာ
ငါ့ကို စိတ်တိုင်းမကျတော့တဲ့ ငါ့ကိုယ်စောင့်နတ်ဟာ စိတ်ကောက်ပြီး
အဝေးကို ထွက်ပြေးသွားလေရဲ့။
28 April, 2008 – 6:30 PM
ငြိမ်းချမ်းအောင်
27 April, 2008
အနီးအဝေး မိုင်တိုင်များ
အချစ်နဲ့ အမုန်းသာ မရှိတော့ရင်
ဘ၀က ငြီးငွေ့ဖွယ်ရာပင်။
ဖြတ်သန်းခဲ့တယ်
ပျားရည်ဆမ်းမထားတဲ့ မွဲခြောက်ခြောက် အထီးကျန်နေ့ရက်တွေ
တစ်ခါတစ်ခါတော့လည်း မချိပြုံးပြုံးရင်း
တစ်ခါတစ်ခါတော့လည်း ထင်းမီးဖိုလှုံရင်း။
ခင်မင်တဲ့ မိတ်ဆွေတွေနဲ့ ဆုံမိတဲ့အခါတိုင်း
အချစ်ရေးကိစ္စကို မေးမေးနေကြ
အကြောင်းပြချက် ရေရေရာရာ မရှိပေမဲ့
ယနေ့တိုင် လူပျိုဘ၀ကို ခုံမင်နေမိဆဲ။
ရှင်သန်ခဲ့ကြတယ်
မွေးလာကတည်းက သေဆုံးချိန်အထိ
တစ်စုံတစ်ရာကို မျှော်လင့်ရင်းနဲ့
အဲဒီမျှော်လင့်ချက်သာ မရှိတော့ရင်
လူတစ်ယောက်ဟာ
ရေသောက်မြစ် အဖြတ်ခံလိုက်ရတဲ့ သစ်ပင်တစ်ပင်လိုပဲ။
ဘယ်အရာကများ သေချာခဲ့လို့လဲ
မနက်ဖြန်ဆိုတာ ဘယ်သူမှ ကြိုတင်မမြင်ရတဲ့ အရာ
မရောက်သေးတဲ့ ကမ္ဘာတစ်ခုပဲ။
လူတွေရဲ့ အိုင်ဒီရော်လော်ဂျီတွေ
အချိန်နဲ့အမျှ ပြောင်းလဲနေတယ်
အခိုင်အမာတည်ဆောက်ထားခဲ့တဲ့ ခံစစ်စည်းရိုးတွေတောင်
အတုံးအရုံး ပြိုကျခဲ့ရတယ်။
ပါးစပ်က ထွက်ကျလာတဲ့ စကားတစ်ခွန်းအတွက်
တာဝန်ခံဖို့ လိုအပ်တယ်
ရေးလိုက်တဲ့ ကဗျာတစ်ပုဒ်အတွက်
တာဝန်ယူဖို့ လိုအပ်တယ်
လှမ်းလိုက်တဲ့ ခြေတစ်လှမ်းဟာ
သေနင်္ဂဗြူဟာမြောက်ဖို့ လိုအပ်ကောင်းလိုအပ်မယ်
လူတစ်ယောက်ဟာ ဘာမှမသိရင်လည်း
အကြောက်အလန့်ရှိမှာ မဟုတ်တော့ဘူး။
နေရာတိုင်းမှာ
မိုက်သွေးတွေ ကြွပြနေဖို့ မလိုအပ်ပေမဲ့
တစ်စုံတစ်ရာ ရဖို့ဆိုရင်
မိုက်စိတ်ကို မွေးမြူကြရလိမ့်မယ်။
နောက်ကျိနေတဲ့ အတွေးစတွေကို
တစ်ကန့်စီ ရှင်းထုတ်ဖို့
အနည်ထိုင်နေတဲ့ သွေးကို
ရဲဆေးတင်ပေးဖို့ လိုနေတယ်။
ဘီလူးတွေစောင့်ရှောက်တဲ့ မြို့တော်ကို
အကျအရှုံးမရှိပဲ
လွယ်လင့်တကူနဲ့တော့ သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။
ငြိမ်းချမ်းအောင်
19 April, 2008
အရောင်လွင့် မုန်တိုင်း
မင်း အပြုံးက
အဆိပ်လူးထားတဲ့ ပဒိုင်းသီး
နမ်းရိုက်မိရုံနဲ့ ရူးသွပ်စေနိုင်တယ်
မင်း အကြည့်က
စနိုက်ပါတပ်ထားတဲ့ ကာဘိုင်သေနတ်
အသံမထွက်ပဲနဲ့ သားကောင်ရဲ့ ချက်ကောင်းကို ထိအောင် ပစ်ချနိုင်တယ်
မင်းက မင်းရှင်သန်ကြီးထွားရာ ပတ်ဝန်းကျင် စေ့ဆော်မှုအတိုင်း
ကျင်လည်ကျက်စား သက်ဝင်လူပ်ရှားခဲ့ရသူ
မင်းနှလုံးသားက လျှပ်စစ်ဓါတ်မကူးတော့တဲ့ ၀ါယာကြိုးခွေအပျက်
အဲဒီနှလုံးသားက ချစ်ခြင်းမုန်းခြင်း ခံစားချက်မရှိဘူး
မင်းအထင်ကြီးတာက
လူရှေ့မှာ ပါးစပ်ကအမြှုပ်တစီစီထွက်အောင်
ကြွားလုံးထုတ်တတ်တဲ့ ငတိတွေ
အဲဒီငတိတွေလေမှာ မင်းဟာမျောလွင့်
ခေတ်မီတယ်လို့ ထင်ထားတဲ့ မင်းဟာ
ခေတ်နောက် ပြတ်ကျန်နေရစ်ခဲ့
နောက်ဆုံးပေါ် အ၀တ်အစားတွေ ၀တ်ဆင်ထားတဲ့ မင်းကိုယ်ခန္ဒာ
နောက်ဆုံးပေါ် အတွေးအခေါ်တွေ တပ်ဆင်မထားခဲ့
ငါတို့ ဆွေးနွေးနေတဲ့ တိုင်းရေးပြည်ရေး အကြောင်းအရာ
မင်းအာရုံမှာ စက္ကန့်ပိုင်းကလေးတောင်မှ အရိပ်ထင်ပုံ မရဘူး
ဆေးဆိုးထားတဲ့ လက်သည်းတွေကို ဖြန့်ခင်းလို့
မင်းစဉ်းစားနေတာက
နူတ်ခမ်းဆိုးဆေးတောင့်နဲ့ အ၀တ်အစား ဒီဇိုင်းလှလှတွေအကြောင်း
ပြီးတော့ အမဲကောင်တွေကို အချဉ်ဖမ်းဖို့အကြောင်း
ကောင်မလေးရေ
ကျားမြင်တိုင်း နွားမထင်နဲ့
မင်းသိဖို့လိုအပ်တာက
နေရာဒေသ အကွာအခြားမှာ
တန်ဖိုးသတ်မှတ်ချက်တွေ
ယဉ်ကျေးမှု အရောင်အသွေးတွေ ကွဲပြားခြားနားတတ်တဲ့အကြောင်း။
အချိန်ရရင်
ကျားစာဖြစ်သွားတဲ့ မုဆိုး တွေအကြောင်းနဲ့
ငါးစာ ဖြစ်သွားတဲ့ တံငါ တွေအကြောင်းလည်း
မင်းကို ပြောပြချင်တယ်
ပြီးတော့
မင်းမျက်နှာ၊ မင်းကိုယ်ခန္ဒာ “ပေါင်းတင်” သလို
မင်းဦးဏှောက်နဲ့ မင်းနှလုံးသားမှာ ကပ်ညိနေတဲ့ “ချေးညှော်” တွေကို ချွတ်ဆေးနဲ့ချွတ်ပြီး
အရောင်ပြန်တင်ဖို့ လိုအပ်တဲ့အကြောင်း
မင်း “မာယာ” မှာ “သားကောင်ရှာရေဒါ” တပ်ဆင်ထားဖို့ လိုအပ်ကြောင်း။
ငြိမ်းချမ်းအောင်
16 April 2008 - Evening
15 April, 2008
အမှတ်တရများ
ဘာလက်နက်မှ မရှိရင်တော့ ခံရတော့တာပဲ
ငွေကြေး
ဥစ္စာပစ္စည်း
အတတ်ပညာ
ဘာတစ်ခုမှ မရှိရင်တော့
ကံဆိုးပြီသာမှတ်။
ရိုးသားမှုသက်သက်နဲ့ အလုပ်မဖြစ်တော့ဘူး
ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်ဆိုတာ
ရီစရာ အကောင်းဆုံး ပျက်လုံးတစ်ခုသာပဲ။
မေတ္တာသုတ်ကို အာဂုံဆောင်ထားရုံနဲ့လည်း
အန္တရာယ်ကင်းပြီလို့ မထင်လေနဲ့
ဝှက်ဖဲထား မကစားရင်တော့
ရူံးပွဲနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ရလိမ့်မယ်။
သိက္ခာနဲ့သီလကို ချရောင်းတာ ၀ယ်မဲ့ သူမရှိဘူး
လူတွေက ကျော်ကြားမှုနောက်ကို လိုက်တယ်
ကျော်ကြားမှုနောက်ကို ငွေကလိုက်တယ်
ငွေများများရှိတဲ့ နေရာကို ငွေတွေလိုက်တယ်
ငွေမရှိတဲ့ နေရာကို ဘာငွေမှမလာဘူး
ခန္ဒာကိုယ်ပဲရှိလို့ ဒီခန္ဒာကိုယ်ပဲ ရောင်းစားရတော့တာပေါ့
ပစ္စုပ္ပန်မှာ ကြုံသလို ရှင်သန်တယ်
မနက်ဖြန်ကတော့ ကံစီမံတဲ့ အတိုင်းပဲ။
ဒီဘ၀မှာတင် ငရဲခံနေရသူတွေအတွက်
နောင်ဘ၀က ငရဲကို တွေးကြောက်နေမှာ မဟုတ်တော့။
လူ့ဘ၀ဆိုတာ
ဘုရားသခင် အပျင်းပြေလွှတ်တင်လိုက်တဲ့
စွန်တစ်ကောင်ပါပဲ
ရစ်ဘီးက သူ့လက်ထဲမှာ။
ငြိမ်းချမ်းအောင်
08 April, 2008
၂၁-ရာစု အ၀င်ဝက မင်း ဖတ်ဖို့ ကဗျာ
“ရင်ဘတ်ထဲမှာ ခွဲထည့်ထားလို့ ရရင် ထားလိုက်ချင်တယ်” တဲ့
သူပြောတော့လည်း ယုံခဲ့ရ
ဒီလိုနဲ့
ငါ့အနာဂတ် တစ်ခုလုံးကို
လုံးလုံး ပုံအပ်ခဲ့မိပါတယ်။
“မိုးလောက်ကြီးချစ်သတဲ့” လား
ကောင်မလေးရေ
မင်းရဲ့ နူတ်ခမ်းပါးကလေးက တစ်ဆင့်
မင်းရဲ့ အဇ္ဇတ္တကို ငါရှာဖွေတတ်ခဲ့ပါပြီ
ကုန်လွန်ခဲ့တဲ့ ငါ့ သက္ကရာဇ်တွေကို နှမြောတယ်
ဧရာဝတီကို မင်းချစ်သလို ငါလည်း ချစ်တယ်
မြန်မာပြည်ကြီးကို မင်းလည်း ချစ်တယ် ငါလည်း ချစ်တယ်
ဒါပေမဲ့
ကောင်မလေးရေ
အချစ်ဆိုတာ ကောက်ရိုးမီးတောက်သလို ထ, ထ တောက်တဲ့အရာ မဟုတ်ဘူး
ဟောဒီ
ရာစုသစ်မှာ
မြန်မာပြည် ခပ်ညံ့ညံ့လက်ဖက်ရည်ဆိုင်က ရိုးရိုးလက်ဖက်ရည် တစ်ခွက်လိုပဲ
လူတွေရင်ဘတ်ထဲက အချစ်တွေ ပေါ့ပျက်ပျက်ဖြစ်သွားတာ မင်းလက်ခံလိုက်ပါ။
သင်္ကြန် လက်ဆေးမိုး ရွာမှ
ပိတောက်တွေ ပွင့်ခွင့်ရတာပါကွာ
ဆင်ဖမ်းမယ် ကျားဖမ်းမယ်
စကားလုံးတွေ ငါ့အာရုံထဲ ပစ်ပစ် မထည့်ပါနဲ့
ရာသီမှန်မှ အပင်သန်ခွင့်ရမှာ
အခုမှ ရေတွင်းတူးပြီး အခုချက်ခြင်း ရေကြည်သောက်လို့ မရပါဘူး။
တောအုပ်ကြောင့် ပုတ်သင်ညိုတွေ အရောင်ပြောင်းတတ်တယ်
မင်းကတော့ ရာသီအပြောင်းမှာ ၀တ်စုံ မကြာခဏ ပြောင်းဝတ်ခဲ့
ရာသီစာ သီးပင်တွေ မင်းက မကြာမကြာ စိုက်ပျိုး
မင်းစိုက်တဲ့ သီးပင်တွေက တစ်ရာသီစာပဲ ခံလေတော့
မီးစင်ကြည့်ကတတ်တဲ့ မင်းရဲ့ မူဝါဒကို ရပ်လိုက်ပါတော့။
High-speed ခေတ်ကြီးမှာ
ဒီကနေ့ မင်းကို
မနေ့တုံးက ငါက
နားလည်အောင် ဖတ်ဖို့ ပရိုဂရမ်ဆော့ဝဲလ် မရှိသေးဘူး။
ငြိမ်းချမ်းအောင်
04 April, 2008
မဲရုံဆီသို့ ကန့်ကွက်စို့ အတာသင်္ကြန်သီချင်းများ
မြန်မာပြည်တွင်းက ဂီတအနုပညာရှင်များရဲ့ ရွှေဝါရောင်စက်တင်ဘာတေးဂီတအဖွဲ့၏ ဒုတိယခြေလှမ်းအဖြစ် “မဲရုံဆီသို့ ကန့်ကွက်စို့” အမည်ရ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်တေးသီချင်း (၂) ပုဒ်ကိုဖန်တီးထားပါတယ်။ မိုးမခ မီဒီယာမှ တဆင့်ကူးယူဖော်ပြပါတယ်။ အောက်ကလခ့်တွေမှာ နားဆင်ပါ။
၁။ မဲရုံဆီသို့ ကန့်ကွက်စို့
၂။ တောင်ပေါ်မြေပြန့် ကန့်ကွက်ကြမယ်
01 April, 2008
လွမ်းနေတဲ့ ပိတောက်ဝါ
ကောင်းကင်ကို တွန်းဖွင့်ကြည့်တော့
တစ်ပင်လုံးဝါ၀ါဝင်း
တစ်ခွင်လုံးစိန်းစိန်းစို
တောင်လည်းစို
တောလည်းစိန်း
တိမ်လည်းညို
တိုက်လာတဲ့ လေထဲမှာတောင်
လွမ်းရိပ်တွေကဝေ့ဝေ့၀ဲ
တစ်နှစ်ခင်းလုံး ဇွဲခတ်ပြီး အောင့်ထားရပုံမျိုးနဲ့
ချစ်ခြင်းနဲ့ ပွင့်လာတဲ့ ပန်းတွေ
လောကတစ်ခွင်လုံး ထိန်ထိန်ညီးလို့။
သင်္ကြန်မိုးပြေးနဲ့အတူ
ရောက်လာတဲ့ အို.. ပိတောက်ဝါ
ချိန်ခါသင့်လို့ ပွင့်တာလား
တူးပို့နဲ့လန်းဖို့ ရောက်လာသလား
တန်ခူးလေနဲ့ မြူးဖို့ ၀ါဝါထိန် တောက်ခဲ့တာလား
ရှာပုံတော်အလွမ်းဇာတ်ကို တစ်ခန်းရပ်ဖို့ လာလေသလား
ဖော်ဝေးသူကို မျှော်ငေးပူဆွေးဖို့ ရောက်လာကြတာများလား။
တစ်မြေစီ ဝေးကွာခြားပြီမို့
သွေဖည်တိမ်းကာ စိမ်းပါသလား အချစ်ရယ်
ဟောဒီမှာ … နွေဦး
မင်း.. ခူးယူလိုက်ပါ
ဟောဒီမှာ … ဧပရာယ်ဖူး
မင်း.. မြူးတူးပျော်ရွှင်ပါ
ဟောဒီမှာ … ပိတောက်ဦးတွေ
မင်း.. ဆွတ်ယူဆင်မြန်းပါလေ။
ဟောဒီ မြေကမ္ဘာမှာ
မျက်ရည်တွေရှိသလို
အပျော်အပြုံး တွေလည်းရှိပါတယ်
ဒဏ်ရာဒဏ်ချက်တွေရှိသလို
ချိုမြိန်တဲ့ နေ့ရက်တွေလည်း ရှိမှာ
လူ့ဘ၀ ရခဲလှ ခဏတာမှာ
အပျော်တွေကို စိုက်ပျိုးပါ
အပြုံးတွေနဲ့ အလှဆင်ပါ
အချစ်ဦးမို့ မေ့လို့မရပါ ချစ်သော ပိတောက်ဝါ။
သစ္စာမဖောက်တဲ့ ပိတောက်တွေက
တစ်နှစ်တစ်ခါ ရောက်လာခဲ့ပေမဲ့
လွမ်းရေးထက် ၀မ်းရေးခက်တဲ့ ခေတ်ကြပ်ကြီးထဲ
အချစ်ရေးထက် စစ်ရေးကခက်ပြီမို့
တိုင်းရေးပြည်ရေး ရတက်မအေးနိုင်လို့
တစ်ယောက်ပျိုကညာရဲ့ ကေသာဦးမှာ
ပိတောက်ပျိုအ၀ါကို ခူးဆွတ်ကာ ပန်ဆင်ပေးလိုပေမဲ့
ပြည်တော်ပြန် အ၀င်ခက်သမို့
ရွှေပြည်တော် မျှော်တိုင်းဝေးနေဆဲသာမို့
ဆယ်မိုးဆယ်နွေ ရှည်ကျော်ခဲ့ အလွမ်းရက်ရှည်ခရီးထဲ
ရည်မျှော်ကာ မပျော်ရက်နိုင်သူကို
ချစ်ဦးသူခင်က
ပန်းကြွေပိတောက်တွေနဲ့အတူ
လွမ်းနေလောက်ပြီပေါ့။
ငြိမ်းချမ်းအောင်
27 March, 2008
နံရံကိုထိမှန်၍ ပြန်ထွက်လာသော အသံများ၏ ညီမျှခြင်း
အိပ်မရလို့ စဉ်းစားနေမိတာ မဟုတ်ဘူး
စဉ်းစားနေမိလို့ အိပ်မရတာပါ။
လပြည့်ညမှာ အတောက်ပဆုံးကြယ်တစ်ပွင့်ကို လိုက်ရှာနေမိသလိုမျိုး
ညက အမြင်အာရုံကို အလှနဲ့ လှည့်စားနိုင်တယ်။
ကွန်ပြူတာမှာ ကစားရတဲ့ ဂိမ်းတစ်ခုလို အိုဗာဖြစ်သွားမှာတော့ မဟုတ်ဘူး
စာမေးပွဲတစ်ခုလို အချိန်အကန့်အသတ်လည်းမရှိဘူး
နောက်ကျမူတိုင်းမှာတော့ ဒဏ်ရာဒဏ်ချက်တွေကိုယ်စီနဲ့။
တွက်မိတဲ့ ပုစ္ဆာအားလုံးမှာ အဖြေက တစ်ခုပဲထွက်ခဲ့တယ်။
အသက်ချင်းထပ်ထားရတဲ့ ပြေးတမ်းလိုက်တမ်း ကစားပွဲတွေမှာတော့
သရီးဒီဖန်သားပြင်ပေါ်မှာကြည့်ရတဲ့ သည်းထိတ်ရင်ဖိုဟောလိဝုဒ် အက်ရှင်ဇာတ်ကားတွေလို
ဇာတ်သိမ်းခန်း ပါမလာခဲ့ဘူး။
အက်ဆစ်မိုးတွေ ကွက်ကြားရွာချပေးနေတဲ့ ဟောဒီမိုးကောင်းကင်အောက်မှာ
ဘ၀တွေက စုတ်ပြတ်နုံချာလွန်းတယ်။
လွန်ခဲ့တဲ့ သုံးနှစ်က လူငယ်တွေနဲ့ စကားပြောဖြစ်တယ်
လွန်ခဲ့တဲ့ တစ်နှစ်က လူငယ်တွေနဲ့ စကားပြောဖြစ်တယ်
လွန်ခဲ့တဲ့ တစ်ပတ်က လူငယ်တွေနဲ့ စကားပြောဖြစ်တယ်
လူငယ်တွေ ရုန်းကန်နေကြတယ်....
လူငယ်တွေ လွတ်မြောက်ချင်ကြတယ်......
လူငယ်တွေ တရားခံအစစ်ကို ရှာတွေ့ပါတယ်....
လူငယ်တွေ ပြိုင်တူတွန်းနိုင်မဲ့ ရက်ကိုစောင့်နေဆဲ.....
လူငယ်တွေရဲ့ ပစ္စုပ္ပန်နဲ့အနာဂတ်ဟာ မြူတွေလိုေ၀၀ါးနေမြဲ။
သူရဲကောင်းစိတ်ဓါတ်ဟာ
ထောင်နံရံတွေကနေ ပဲ့တင်ထပ်ပြီး ပြန်ထွက်လာတယ်
“ဘယ်တော့မှ ဒူးထောက် အညံ့ခံမှာ မဟုတ်ဘူး” တဲ့
သူရဲကောင်းသွေးဟာ အနီရောင်အလံတစ်ခုအဖြစ် ကောင်းကင်ပေါ်မှာ တလူလူလွှင့်နေတယ်။
အမှောင်ခေတ်တစ်ခုလုံး သင်္ခြိုင်းကုန်းတစ်ခုလိုပါပဲ
ကန်းနေတဲ့ အနာဂတ်နဲ့
ပြန်မရနိုင်တော့တဲ့ အတိတ်နဲ့အတူ
ကွယ်သွားတဲ့ အမြင်အာရုံနဲ့ ပျက်စီးသွားတဲ့ ဦးဏှောက်တွေကို စာအုပ်ထဲမှာချရေးထားတယ်။
ဝိညာဉ်တွေစောင့်ရှောက်တဲ့ မြို့တော်မှာ တစ္ဆေကြောက်စရာတောင် မလိုတော့ဘူး။
လူတိုင်း ကိုယ်ချင်းစာစိတ်ထားကြရင် ကောင်းမှာပဲ
လမ်းဘေးက ခွေးလေလွင့်တစ်ကောင်ကိုပဲဖြစ်ဖြစ် စာနာစိတ်ထားပါ။
သင်ကောက်ယူဖယ်ရှားလိုက်တဲ့ အမိုက်တစ်စဟာ
ပုရွက်ဆိတ်တစ်ကောင်ရဲ့ စံနန်းဂူဝကို ပိတ်ဖုံးထားတဲ့ သေမင်းနံရံ တံတိုင်းတစ်ခုလည်း ဖြစ်နိုင်တယ်။
တိုတောင်းလှတဲ့ ဘ၀မှာ လမ်းပေါ်မှာ ပိတ်နေတဲ့ အမိုက်တွေကို ရှင်းလိုက်ပါ
အလှတရားတွေကို ဖျက်ဆီးနေတဲ့ သတ္တ၀ါတွေကို သုတ်သင်ဖယ်ရှားပစ်ပါ
သင့်ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ပါ
အဓိပ္ပါယ်ရှိတဲ့ ရှင်သန်ခြင်းဆိုတာ ခေတ်က သင့်ပခုန်းပေါ်တင်ပေးလိုက်တဲ့ တာဝန်ကို
ကျေပွန်စွာ ထမ်းဆောင်ခြင်းပါပဲ
လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ ပန်းကလေးတစ်ပွင့်တောင်မှ တတ်နိုင်သလောက်
လောကကို အလှဆင်ပါတယ်။ ။
မတ် ၂၆ ရွှေဝါရောင်တော်လှန်ရေး (၆) လပြည့်အတွက် ရည်စူးရေးဖွဲ့သည်။
ငြိမ်းချမ်းအောင်
24 March, 2008
အလွမ်းနဲ့ရေးတဲ့ သီချင်းတစ်ပုဒ်
အသာတကြည်မရလို့
အကြမ်းဖက်လိုစိတ်က မကြာခဏခေါင်းထောင်ထတယ်
စိတ်ထဲမှာ ရှိတာကို ရှိတဲ့အတိုင်း လက်တုန့်ပြန်မိတော့
နိုင်ငံရေးလုပ်မယ်ဆိုရင် အရေထူဖို့ အရင်ကြိုးစားလိုက်ပါဦး ညီလေးရာတဲ့
ဆရာကြီးလေသံနဲ့ ကဲ့ရဲ့စကားဆိုတာကို ခံရတယ်
လမ်းပေါ်မှာခလုတ်တိုက်မိရင် တိုက်မိတဲ့အရာဝတ္တူ ခြေထောက်နဲ့ပိတ်ကန်လိုက်တယ်
လမ်းသွားရင်း ဟောင်တဲ့ခွေးကို ခဲနဲ့ကောက်ထုတယ်
မကျေနပ်တာကို မကျေနပ်ဘူးကွလို့ ဗြောင်ဖွင့်ပြောလိုက်တယ်
ရွှေပြည်အေးတရားဟောနေတဲ့ ပုဂ္ဂိုလ်ရဲ့ မျက်နှာကို တံတွေးနဲ့ ထွေးချင်တယ်
သူပုန်ထတာ အချိန်နေရာဒေသ ရွေးနေစရာမလိုဘူး
ဘယ်နည်းနဲ့ပဲ နိုင်နိုင် အနိုင်ရလိုစိတ် ငယ်ငယ်ကထားခဲ့ဖူးတယ်
ရန်ရန်ချင်းမတုန့်နှင်းရဘူးတဲ့
ရန်သူကို ရန်သူလို မမြင်မိတဲ့နေ့ကစပြီး ခံရတော့တာပဲ
အိပ်မက်ထဲမှာ ယောင်ယောင်ပြီး ကန်သွင်းခဲ့တဲ့ ဂိုးတွေ
နိုးလာတိုင်း လွမ်းဆွတ်နေမိတယ်
ကိုယ်ဖော့ပြီးစဉ်းစားတယ်
ခဲဆွဲပြီးစဉ်းစားတယ်
စိတ်ကိုဖွင့်ထားတယ်
နှလုံးသားကို ဖွင့်ထားတယ်
အနွေးအင်္ကျီထူထူ ၀တ်ထားတယ်
ကိုယ်ခံပညာ နည်းနည်းပါးပါး သင်ထားတယ်
လူရှေ့မှာ ဆွေးနွေးလို့ ရအောင် စာတိုပေစတွေ မတောက်တခေါက် ဖတ်ထားတယ်
မူးမှပဲ အော်အော် ဆဲလို့ကောင်းတော့ တစ်ခါတစ်ခါတော့လည်း မူးမိတာပေါ့
မူးတိုင်းလည်း နံရံကို လက်သီးနဲ့ ပစ်ပစ်ထိုးလိုက်တယ်
ရွေးချယ်စရာ မတွေ့လို့ ဘာကိုမှ မရွေးချယ်မိသေးတာပါ
ခြေမတွေ့လို့ စောစောစီးစီး ထွက်ထိုင်နေမိတာ
မနက်ဖြန်ဆိုတဲ့မမြင်ရတဲ့အနာဂတ်နဲ့
ဓါတ်တိုင်ကမီးအရောင်ပြန်ဟပ်ပြီးလင်းနေတဲ့ကာင်းကင်အောက်မှာ
ဘယ်အရာမှအစီအစဉ်တကျမရှိကြဘူး။
ငြိမ်းချမ်းအောင်
21 March, 2008
မတ် ၁၃ အသားကင်ဆိုင် နွေဦးညနေခင်း
အဲဒီညပေါ့
အလိုမတူပဲ လမင်းကို ငါ ချစ်တင်းနှောခဲ့မိတာ
နွေဦးက ရူးလောက်အောင် ဖမ်းစား
အဝေးက ငါစောင့်မျှော်နေခဲ့ ရောက်လာလတ္တံ့သော အ၀ါရောင်အလင်းတစ်စ
ငါ့ ခန္ဒာကိုယ်က နာကျင်ခြင်းမဲ့ အိုကြီးအိုမ ၀ိညာဉ်တစ်စ
လေထဲမှာ တဖျတ်ဖျတ်လွင့်လို့ ပေါင်းဖက်မွေ့ကြ
အဲဒီတဒင်္ဂမှာ ညက ငါ့ကို ပျားရည်နဲ့ ၀မ်းချခဲ့။
မြက်ခင်းပြင်ပေါ်မှာ
ကြယ်တွေ လင်းလက်မနေခဲ့ပါ
သူကလေးရဲ့ မျက်လုံးတွေပဲ တဖျတ်ဖျတ်တောက်ပလို့နေကြ
သူစိမ်းဆန်ပေမဲ့ ယဉ်ကျေးပြူငှာတဲ့ ရေမွှေးရနံ့သင်းပျံ့ပျံ့ကလေး
ရင်ထဲအထိ တိုးလျှိုးပေါက် ချဉ်းနင်းဝင်ရောက်
ဖမ်းစားနိုင်လွန်းတယ်
အဖွင့်အပိတ်မြန်ပြီး အလိုမကျတဲ့ စကားတွေပြောတတ်တဲ့ နူတ်ခမ်းပါးကလေး
ငါ သတိလက်လွတ် ငေးကြည့်နေမိတဲ့အရာ
သူကလေးရဲ့ ဆေးရောင်စုံခြယ်သ လှပတဲ့မျက်နှာ
အဲဒီခဏကလေးမှာ
တပ်မက်စိတ်ဟာ မီးတစ်စလို ရင်ကိုလောင်မြိုက်
နှလုံးသားဟာ ပရမ်းပတာ မြူးတူးခုန်ပေါက်လို့
သံချေးတက် ဓါးမတစ်ချောင်းဟာ
ရေခဲစိမ်ပန်းသီးကို ခွဲစိတ်ဖို့ မသင့်တော်ပါဘူးကွာ
ဖမ်းဆုပ်ဖို့ ခက်တဲ့ အဲဒီ အလင်းတစ်စကိုပဲ
အငမ်းမရ ငါဟာ ဖမ်းဆုပ်
ကလေးရယ်
မင်းမျက်လုံးတွေ ရီဝေနေခဲ့
အချစ်က ရင်ဘတ်ထဲအထိ ၀င်ကြည့်မှ မြင်ရတဲ့ အရာမျိုး
အဲဒီ ခါးသက်လွန်းတဲ့ဝေဒနာ
အလွမ်းဆိုတာ အလင်းထက် ပိုမြန်တတ်သလား
မဝေးလိုပေမဲ့ ဝေးခဲ့ရ
မထားလိုပေမဲ့ ထားခဲ့ရ
မင်းအပါးက ထပြန်လာခဲ့ရပေမဲ့
သူပုန်ဆန်နေကျ ကိုယ့်ဝိညာဉ်ဟာ အခုထိ ကိုယ့်ဆီ ပန်ရောက်မလာတော့။
ငြိမ်းချမ်းအောင်
17 March, 2008
မီးတွေ မငြိမ်းတော့ဘူး
အရေပြားပေါ်က ချွေးတွေတိတ်ဖို့
မိုးစက်မိုးပေါက်တွေ လိုသလို
ကမ္ဘာကြီးပူနွေးလာမှုကို ဟန့်တားဖို့
လောဘနဲ့ရမ္မက်မီးတွေ ငြိမ်းသတ်ဖို့လိုတယ်။
ချွေးစက်တွေဟာ ခန္ဒာကိုယ်ကထွက်တဲ့
ဝမ်းတွင်း ချော်ရည်ပူတွေ
လောဘရမ္မက်က မီးတစ်စလို
လူ့ခန္ဒာကိုယ်ကနေ စကြ၀ဠာအနှံ့
တငွေ့ငွေ့ လောင်မြိုက်တယ်။
လောဘနဲ့ဖွဲ့တည်တဲ့မီး
ဒေါသကြောင့်ဖြစ်ပေါ်တဲ့မီး
မောဟနဲ့ယက်ဖွဲ့တဲ့မီး
သောကနဲ့လောင်မြိုက်တဲ့မီး
တဏှာကြောင့်ပေါ်ပေါက်တဲ့ရာဂမီးတွေဟာ
ပူလောင်လွန်းလှချေရဲ့။
တင်းတိမ်ရောင့်ရဲစိတ်ထားပါမှ ငြိမ်းအေးမယ်
မေတ္တာရေစင်ဖျန်းပါမှ မီးတွေငြိမ်းနိုင်မယ်။
“နိဗ္ပာန်ရောက်ကြောင်းတရား” ဟာလည်း
လောင်မြိုက်နေတဲ့ မီးတွေကို မတားနိုင် မဆီးနိုင်
“ငဲ့ညှာမှုနဲ့ ကိုယ်ချင်းစာစိတ်” ရှိမှ မီးရှိန်တွေ လျှော့ကျမယ်
မီးအမှောင်တိုက်တွေ ပိတ်ဖုံးနေမှဖြင့် စုံလုံးကန်းတော့တာပဲ
“ကိလေသာအညစ်အကြေး” တွေဟာ
မီးပြင်းထိုးနေတဲ့ “ထင်း” မျိုးတွေပေါ့။
မီးတွေ မီးတွေ ပူလောင်လှချေရဲ့
မင်းရဲ့အလှဟာလည်း မီးပါပဲ အချစ်ရယ်
တဏှာကြောင့်ဖြစ်ပေါ်တဲ့ ရာဂမီးဟာ
ငရဲမီးတစ်စလိုပဲ ရင်ကိုလောင်မြိုက်နိုင်ရဲ့။
“ငါ ဆိုတဲ့ အတ္တစိတ်အစွဲ” ဟာလည်း မီးပါပဲ
“အနိုင်ရလိုမှုနဲ့ ထင်ပေါ်ကျော်ကြားလိုစိတ်” ဟာလည်း မီးတွေပဲ
“လိုချင်တပ်မက်မှုနဲ့ ချမ်းသာကြွယ်ဝလိုစိတ်” ဟာလည်း မီးတွေပေါ့
“မနာလိုဝန်တိုမစ္ဆိယစိတ်” ဟာ မီးလိုလောင်မြိုက်
အဲဒီ မီးတွေဟာ ဖောက်ပြန်ရူးသွပ်စေတယ်
တင်းတိမ်ရောင့်ရဲစိတ် မရှိသေးသ၍ မီးတွေဆက်လောင်နေဦးမယ်။
အချစ်ရေ မင်းကို ချစ်မိတာလည်း မီးပါပဲ
အချစ်က မီးတစ်စလို အပူတိုက်သွင်းနိုင်ရဲ့
မင်းရဲ့ အမုန်းဟာလည်း မီးပါပဲ
မင်းအမုန်းကြောင့် ငါ့ရင်မှာ ပူလောင်လှချည်ရဲ့။
အစာရေစာရှားပါးခြင်းနဲ့ ငတ်မွတ်ခေါင်းပါးခြင်းဟာလည်းမီးပါပဲ
သဘာဝဘေးအန္တရာယ်နဲ့ ကပ်ရောဂါတွေဟာလည်း မငြိမ်းနိုင်တဲ့ မီးတွေပဲပေါ့ကွယ်။
မွေးဖွားလာကတည်းက သေဆုံးချိန်အထိ
လောင်မြိုက်နေတဲ့ မီးတွေ မီးတွေ
အဲဒီမီးတွေကြောင့် စစ်ပွဲတွေ ဖြစ်ခဲ့
အဲဒီမီးတွေကြောင့် လူတွေသေခဲ့
အဲဒီမီးတွေကြောင့် ရာသီဥတုတွေဖောက်ပြားခဲ့
အဲဒီမီးတွေကြောင့် အိုဇုန်းလွှာကြီး ပါးခဲ့
အဲဒီမီးတွေကြောင့် ကျင့်ဝတ်သိက္ခာနဲ့သီလတွေ ကျိုးပေါက်ခဲ့
အဲဒီမီးတွေကြောင့် အလိမ်အညာအဖျီးအဖြန်းနဲ့မသမာမှုတွေ ပေါ်ပေါက်ခဲ့
အဲဒီမီးတွေကြောင့် ခိုးဆိုးလုယက်မှုနဲ့ အကျဉ်းထောင်တွေပေါ်ပေါက်ခဲ့
အဲဒီမီးတွေဟာ အာဏာရှင်နဲ့ ရာဇ၀တ်သားတွေကို မွေးထုတ်ပြန်တယ်
အဲဒီမီးတွေဟာ စိတ်ဖောက်ပြန်သူတွေနဲ့ အစွန်းရောက်ဝါဒီတွေကို မွေးဖွားပေးခဲ့
အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေဟာလည်း မီးတွေပေါ့
ဝါဒမှိုင်း လူမျိုးရေးအမြင်ကျဉ်းမြောင်းမှုနဲ့ ဘာသာရေးအစွဲ စစ်ပွဲ တွေဟာလည်း မီးတွေပဲပေါ့ကွယ်။
အချစ်ရေ မေတ္တာရေစင်နဲ့ မီးတွေကို ငြိမ်းသတ်ပါ
မင်း အမုန်းကြောင့် ပူလောင်လှချေရဲ့
အချစ်ရေ မီးလောင်ရာ လေမပင့်လိုက်ပါနဲ့
မီးပြင်းထိုး လောင်တိုက် သွင်းသူတွေကြောင့်
မငြိမ်းသော မီးတွေ မီးတွေ စကြ၀ဠာအနှံ့ လောင်မြိုက်နေခဲ့ပြီ...........။
ငြိမ်းချမ်းအောင်
12 March, 2008
Vote “No”
အချစ်ရေ..
မသေချာ မရေရာတဲ့ သက္ကရာဇ်တွေထဲ
အနေကြာခဲ့ နှစ်တွေမြဲလို့
“လုပ်သမျှ” ကို မယုံရဲ
“ပြောသမျှ” ကို သံသယစိတ်အစွဲနဲ့
လောကအပေါ်အဆိုးမြင်
မဲမဲမြင်ရန်လိုစိတ်ဝင်မိတဲ့ ကိုယ့်ကို
လူဆိုးကြီးလို့ မထင်လိုက်နဲ့ဦး။
ကတိက၀တ်တွေဟာလည်း
အဖိအညှစ်တွေပါပဲ အချစ်ရယ်..
အဖြူနဲ့ အမဲကိုလည်း
ဗြောင်လိမ်ဝံ့ရဲသူတွေက
အကြံအဖံ အကဲမစမ်းပဲ
အမှန်အကန်အသဲတခြမ်းနဲ့
Referendum မဲမှတ်တမ်းကို
အတိအကျ ရှိသမျှ ကြေငြာပေးမယ်လို့
ဘယ်သူကများ အာမခံဝံ့မှာတဲ့လဲ။
အလိမ်အညာ အဖျီးအဖျန်းတွေနဲ့
ဗေဒင်ယတြာ နည်းလမ်းတွေချဲ့
အသေအချာ အတိအကျစီမံပြီး
ပလီပလာ ပေါက်ကရ လေကန်ပြီး
စီမံခန့်ခွဲ သူတို့ကြောင့်
တိုင်းပြည်လည်း မွဲသထက်မွဲ
အရေပြားတွေလည်း မဲသထက်မဲ
အသည်းနှလုံးတွေလည်း ကွဲသထက်ကွဲ
ကျောမွဲ မျက်နှာမွဲ အလှမွဲ အခြေအနေမှာ
သန်းခေါင်ထက်လည်းပိုပြီး
ညဥ့် မနက်နိုင်တော့ပါဘူး အချစ်ရယ်။
ကိုယ်တို့ဘ၀က
ကျွန်ဖြစ်ပြီးမှ
နွံနစ်လည်းမထူးတော့ပါဘူး..
အလိမ် ခံရတာများလွန်းလို့
လူတွေလည်း ပိန်လိန်နေပါပြီ
အထုအထောင်းခံရတာများလို့
ထုသားပေသားလည်းကျနေပါပြီ..
ဥပါဒါဏ်ကြောင့် ဥပါဒ်ဖြစ်ပေမဲ့
လူလိမ်တွေ ကြီးစိုးတဲ့ခေတ်မှာ
ဖြစ်သမျှအကြောင်းအကောင်းချည်ပဲသာမို့
ထူးပြီး စိတ်ညစ်မနေပါနဲ့တော့ အချစ်ရယ်။
ရွေးချယ်စရာဆိုတာလည်း
ဈေးဝယ်သလိုပါပဲကွယ်..
ကြေးကြီးကြီးပေးဝယ်မှ
စိတ်တိုင်းကျပစ္စည်းတွေရမယ်
အမှည့်လွန် သစ်သီးကိုလည်းမစားနဲ့
နုငယ်လွန်းတဲ့ အသီးနဲ့လည်း မကစားနဲ့
အိမ်ရှင်မတစ်ယောက်ဟာ
စစ်သူကြီးတစ်ယောက်လိုပါပဲ
အခြေအနေကိုခြုံငုံ တွက်ချက်ပြီးမှ စစ်ထွက်ရသလို
အသေအချာ ဆန်းစစ်ပြီးမှ ဈေးဝယ်ပါ အချစ်ရယ်။
ဈေးတွက်အတွက်လွန်နေရင်လည်း
ချွေးထွက်အထွက်လွန်ပေလိမ့်မယ်
နေမြင့်လို့ဈေးကွဲတဲ့အခါ
လျော့ဈေးနဲ့ ချရောင်းရမယ်
ချွေးနဲ့ရေးတော့ ချွေးသမိုင်း
သွေးနဲ့ရေးတော့ သွေးသမိုင်း ပေါ့ကွယ်
“လေထိုးရင် လေရမယ်..
ငွေထိုးရင် ငွေရမယ်” ဆိုတဲ့
လောင်းကစားဝိုင်းက “ဒိုင်လူကြီး” ပြောတဲ့ စကား
အမှန်ပါပဲ အချစ်ရယ်။
အချစ်ရေ..
ကွန်စတီကျူးရှင်း အသစ်က
ကျွန်စနစ် ခေတ်တခေတ်ကို
အတိအကျ ထူထောင်တော့မှာမို့
ကျွန်မစစ်ပေမဲ့
ကျွန်ဖြစ်နေတဲ့
ကိုယ်တို့တတွေ
ရှိသမျှဇွဲ အားမာန်ခဲလို့
ကန့်ကွက်ကြရအောင်ပါ အချစ်ရာ။
စစ်ဗိုလ်တစ်မတ်သားပါလီမန်မှာ
ယူနီဖောင်းကြီးတလွှားလွှား
ပစ္စတိုကြီး တကားကားနဲ့
ဆစ်တို ပုကွ လူလုံးမလှတဲ့
ငတိများကသာ
ကြီးစိုးတော့မှာမို့
ယီးတီးယားတားလုပ်မိရင်
သေနတ်ကြီးများနဲ့ ထပစ်နေမှဖြင့်
ခက် ခက်ရချည်သေးရဲ့ အချစ်ရယ်။
ဒီတော့ အချစ်ရေ..
“မထူးဘူး” ဆိုပြီးလည်း
စိတ်ပျက်လက်ပျက်နဲ့
မျက်နှာမလွှဲ လိုက်ပါနဲ့ဦး
မျှော်လင့်ချက်မလက်တလက်
သံသယစိတ် တစ်ဝက်တစ်ပျက်နဲ့ပဲ
လောလောဆယ်
စကားနည်း ရန်စဲ
တိတ်တိတ်ကလေးပဲ (ဖြစ်ဖြစ်)
မဲရုံကို ဒို့တတွေ သွားလို့
“ကန့်ကွက်မဲ” ကလေး ပေးလိုက် ကြပါဦးစို့ကွာ….။
ငြိမ်းချမ်းအောင်
09 March, 2008
ကချေသည် (၂)
ညကပဲ
ကြွရွလွန်းတာလား
လကပဲ
ရင်ခုန်ယစ်မူးစေသလား
မင်းကပဲ
လှပလွန်းလေသလား
မြင်သူတကာကို ရင်ဘ၀င်လှိုက်ဆူ
သည်းအူညွတ်ပြောင်း ဖမ်းစားနိုင်စွမ်းတဲ့
အို.. မင်းသမီးရယ်
ဂီတစာဆို ကိုသက်ဦးရဲ့ ဒေ၀စ္ဆရာ သီချင်းထဲကလို
“ ပြစ်မျိုးမှဲ့မထင် နတ်သွင်မူယာ ”
မင်းဟာ
ကောင်းကင်ဘုံခုနစ်ဆင့်က
ဘုံကြိုးပြတ်လာတဲ့
နတ်ဒေ၀ီ တစ်ပါးလေလား
ဆိုင်းချက်နဲ့ အညီ
ခန္ဒာကိုယ် လှုပ်လီလဲ့
ခေါင်းခါးခြေလက် စည်းချက်နဲ့အညီ
ကန့်လန့်ကာကြီး ကျမလာခင်
ငွေလမင်းနဲ့အပြိုင် လှချင်တိုင်းလှနေတဲ့
မင်းမျက်နှာလေးကို ကိုယ်ဟာ အားပါးတရ ငေးကြည့်
စွဲမက်ဖွယ် မင်းခန္ဒာကိုယ်အလှမှာ ရင်ခုန်တွယ်ငြိ
ကန့်လန့်ကာကြီး ပိတ်ဖုံးသွားတဲ့အခါ
ငါ့ အပါးကနေ မင်း အပြီးတိုင် ပျောက်ဆုံးသွားတော့မှာ
ဟောဟို အရှေ့ဖက်ကောင်းကင်မှာ
ရောင်နီပျို့လို့ မိုးလင်းလာတဲ့အခါ
မင်းက ထွက်ခွာသွားတော့မှာ
ငါ့ရင်မှာ ဆွတ်ကြင် လွမ်းစိတ်ဝင်မိပါရဲ့
ကချေသည် ဒေ၀ီ မင်းသမီးလေးရေ....။
ကိုယ်ဟာ မင်းအပါးမှာ နေခွင့်မရှိသူပါ
ကိုယ်ဟာ ဇာတ်ဆရာမဟုတ်သလို
ဂီတစာဆို လည်းမဟုတ်ပါ
ကိုယ်ဟာ အပြောကောင်းတဲ့ မင်းသားကြီး ဦးဖိုးစိန်မဟုတ်သလို
ရွှေမန်းတင်မောင်လိုလဲ အဆိုကောင်းသူ မဟုတ်ပါ
ခြေထိုးကောင်းတဲ့ ဦးအောင်မောင်းကြီးလိုလည်း မင်းကျအောင် ကမပြတတ်ပါ မင်းသမီးလေးရေ
ကိုယ်ဟာ မင်းရဲ့ ပရိသတ်များစွာထဲက တစ်ယောက်သာမို့
အချိန်တန်တဲ့အခါ တို့တွေ ခွဲကြရပြန်အုံးတော့မှာ
ဆက်ပြီးကပါ မင်းသမီးရယ်
မိုးမလင်းခင် အချိန်လေးမှာ ကြိုးစားပြီးကလိုက်ပါအုံး
မင်းရဲ့ ကောင်းခြင်းငါးဖြာ အလှမှာ
ဒီတစ်ညဖြစ်ဖြစ်၊ ခဏဖြစ်ဖြစ်
ကိုယ်ကျဆုံးပါရစေ
စိန်ရောင်ပျိုးပြက် ၀င်းလက်တဲ့
မျက်နက်ဝန်းတွေ ဒေါင့်ကပ်လို့ ကိုယ့်ကိုကြည့်ပါ
သောက်ရှူးကြယ်အလား ရွှန်းရွှန်းစားစား မင့်အပြုံးတွေနဲ့
ကြီးတောင့်ကြီးမား ဒီကောင့်နှလုံးသားကို ညှို့ယူဖမ်းစားပါ
ဟောလိဝုဒ်က မိန်းမချောတွေကို ကိုယ်မတပ်မက်ပါဘူး
ခန္ဒာကိုယ်ဖွံ့ထွားတဲ့ ဘောလိဝုဒ် မင်းသမီးတွေကို ကိုယ်မလိုချင်ပါဘူး
အာရှပဂေး ကိုရီးယားမင်းသမီးလေးတွေရဲ့ အလှမှာလည်း ကိုယ်မကျရှုံးချင်ဘူး
ကိုယ့်နှလုံးသားက မင်းကိုပဲ လိုအပ်မိလို့
ကိုယ့်ညခင်းတွေမှာ မင်းရှိမှ ပြည့်စုံမှာမို့
ကိုယ်ဟာ မင်းအနုပညာကို တန်ဖိုးထားမိသူမို့
မင့်အပြုံးမှာ ကိုယ်ဟာ ရင်ခုန်မိလို့
ကိုယ့်အတွက်
မင်းရဲ့ ပရိတ်သတ်ကြီးအတွက်
ဆက်ပြီးကလိုက်ပါအုံး
လရောင်နဲ့ အတူ
ကြယ်စင်တွေရဲ့ အလင်းရောင်နဲ့ အတူ
မင်းပျောက်ဆုံးသွားတဲ့အခါ
ကိုယ့်အမြင်အာရုံကနေ မင်းထွက်ခွာသွားတဲ့အခါ
ကိုယ့်ကို မင်းထားရစ်ခဲ့တဲ့အခါ
နေ့အချိန် အလင်းရောင်ထဲမှာလည်း မင်းအရိပ်ကို ဆက်လက်ရှာဖွေနေမိအုံးမှာ
ကိုယ်ဟာ မင်းကို ချစ်ခဲ့မိလို့ပါ မောင့်ကချေသည် ဒေ၀ီ မင်းသမီးလေးရေ.....။
ငြိမ်းချမ်းအောင်