ထီပေါက်မဲ့ရက်ကို ထိုင်မစောင့်ချင်ဘူး
ဘဏ်တိုက်တွေ မီးတင်ရို့ချင်တယ်
ကံအကြောင်းမလှရင်
ကဗျာဆရာလည်း အကြမ်းဖက်သမားဖြစ်နိုင်တယ်
မျှော်လင့်ချက်နဲ့ရှေ့ဆက်နေဆဲလူ့ဘ၀..
အမေရိကတိုက်ကို ဖြတ်လမ်းရှိတယ်
နိဗ္ပာန်ကိုဖြတ်လမ်းမရှိဘူး
ဒုက္ခသည်အတုရှိတယ်
ဒုက္ခဆိုတာအတုမရှိဘူး
သတင်းကောင်းပေးမယ်
ပျက်လုံးကောင်းတွေဖတ်ချင်ရင်
နအဖခေတ်သတင်းစာဖတ်
ငရဲပြည်ရောက်ဖူးချင်ရင်
ဂြိုလ်ကုပ်ဒူးကြီးနဲ့ပေါင်း
ဂျပုဆော်ကြမ်းတို့တောင်
ငရဲကိုဗီဇာရထားပြီဆိုပဲ
ငယ်ငယ်က စာညံ့တယ်
ကြီးလာတော့ လူမှုရေးညံ့တယ်
သံပရာသီးနဲ့ ၀က်သားဟင်းကြိုက်တယ်
ညှို့အားပြင်းရင်ဆန့်ကျင်ဖက်လိင်ကိုကြိုက်တတ်တယ် :))
မသိလို့မေးချင်တယ်
အနာဂတ်ဆိုတာအနာကပ်တဲ့ပလာစတာနဲ့
အမျိုးတော်စပ်ပါသလား
လုပ်သလိုမဖြစ်ရင်ဖြစ်သလိုလုပ်ကြမယ်
တံချူနဲ့လှမ်းလို့မမှီရင်လေးခွနဲ့ပစ်ချကြတာပေါ့ကွာ
ကိုယ့်ရပ်ဌာနေမဟုတ်ရင်
နိဗ္ပာန်ဆိုတာလည်း
မက်လောက်စရာမရှိဘူး
ချစ်သူမရှိရင်
တိမ်ပြာသောနေ့ကိုလည်း
ကိုယ်မမက်ဘူး
ယုံပါအချစ်ရယ်
လူသားမျိုးနွယ်ဆက်တွေဖြတ်လို့
မင်းကိုယ်ချစ်မိတဲ့
ကိုယ့်ချစ်ခြင်းများစွာဖြင့်
စံပယ်ပန်းတို့ပွင့်နေကြဦးမယ်။ ။။ ။
*** ကိုဆောင်းရေနောက်ကျတာ ခွင့်လွှတ်ဗျာ..။
ငြိမ်းချမ်းအောင်
23 October, 2009
အပျော်တမ်းသီချင်းသီဆိုခြင်း
10 October, 2009
အိုဘားမားမှာ တာဝန်မရှိ၊ ငါတို့မှာ တာဝန်ရှိတယ်
အိုဘားမားမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဒက်စမွန်တူးတူးမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဒလိုင်းလားမားမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဂေါ်ဒွင်ဘရောင်းမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဂျော့ဆိုးရော့မှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
နီကိုလပ်ဆာကိုဇီမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဟီလာရီကလင်တန်မှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဘူမိဘောမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
U2 မှာတာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဂျိုဒီဝီလီယံမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဥရောပသမဂ္ဂမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဆူရိန်ပက်ဆူဝမ်မှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဘားကလပ်ဟာဘယ်မှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
အန်အီးဒီမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
အိုင်စီအာစီမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
အာစီယံမှာ တာဝန်မရှိ
ငါတို့မှာသာ တာဝန်ရှိတယ်
အဘီဆစ်မှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
အမေရိကန်အစိုးရမှာတာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ငုရင်မင်းသိုက်မှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့မှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
အမေရိကန်နိုင်ငံခြားရေးမူဝါဒမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ယုတ်စွအဆုံးဘန်ကီမွန်းမှာတာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဘလာဒီမာပူတင်မှာတာဝန်မရှိ
ငါတို့မှာသာ တာဝန်ရှိတယ်
အိုဘားမားက သူ့အလုပ်သူလုပ်တာ
ငါတို့ကသာ ငါတို့အလုပ်ငါတို့ဖာသာတာဝန်မကျေပြွန်တာ
အိုဘားမားမှာ တာဝန်မရှိဘူး
ငါတို့မှာ တာဝန်ရှိတယ်
ငြိမ်းချမ်းအောင်
08 September, 2009
ကဗျာဆရာကိုယ်တိုင် ကဗျာဖြစ်နိုင်တယ်
ကဗျာဟာ..
သစ်တစ်ပင်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ပန်းချီကားတစ်ချပ်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ကာတွန်းတစ်ကွက်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ပြဇာတ်တစ်ပုဒ်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ပန်းပုရုပ်ထုတစ်ခုလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
သေဒဏ်အပေးခံထားရတဲ့ နိုင်ငံတခုလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
မိန်းမလှတစ်ယောက်ရဲ့ မျက်စောင်းလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ပင်လယ်မှာကျောက်ဆောင်ကို လိုင်းပုတ်သံလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
အာရုဏ်ဦး ကျေးငှက်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ရွဲ့စောင်းနေတဲ့ ကမ္ဘာကြီးလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
အာဏာရှင်တစ်ယောက်ရဲ့ သက်ပြင်းချသံလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ကြွေခါနီးသစ်ရွက်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
သွေးစွန်းတဲ့ ကတ္တရာလမ်းလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
အစွန့်ပစ်ခံ မြို့တစ်မြို့လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
သူဌေးသားတစ်ယောက်ရဲ့ မောက်မာရိုင်းပျမူလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
အိုးမဲ့အိမ်မဲ့တစ်ယောက်ရဲ့ ဥပေက္ခာတရားလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ဥပုတ်စောင့်ထားတဲ့ မြေခွေးလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ကျဉ်းထဲကြပ်ထဲရောက်နေတဲ့ အမှန်တရားလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ပေးဆပ်ဖို့ခက်တဲ့ နေ့ပြန်တိုးလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
နိုင်ငံသစ်တခုမွေးဖွားခြင်းလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ချောင်းကောတစ်ခုရဲ့ သံဝေဂလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
စားနေကျကြောင်ဖားရဲ့ မဲ့ပြုံးလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
သူတော်စင်တစ်ယောက်ရဲ့ စင်ကြယ်ခြင်းလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ချစ်သူအပေါ်ထားတဲ့ သစ္စာကြီးမားမူဖြစ်နိုင်သလို
ကဗျာဟာ..
တခြုံကွယ်တမယ်မေ့ ဖောက်လွဲဖောက်ပြန်တရားလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
နတ်ကတော်တစ်ယောက်ရဲ့ ရိုးသားမူဖြစ်နိုင်ပြီး
ကဗျာဟာ..
ဗေဒင်ဆရာတစ်ယောက်စောင့်ထိန်းတဲ့ ငါးပါးသီလလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ဧရာဝတီမြစ်ဘေးက တံငါရွာလေးတစ်ရွာ ဖြစ်နိုင်သလို
ကဗျာဟာ..
နိုင်ငံတစ်ခုရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တဲ့ ၀ါရှင်တန်ဒီစီက သမတ္တအိမ်ဖြူတော်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ကွန်ဆာဗေးတစ်အယူတွေကြီးစိုးတဲ့ လုံခြုံရေးကောင်စီအစည်းအဝေးလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
လက်လုပ်လက်စားတစ်ယောက်ရဲ့ နဖူးကချွေးတပေါက် ဖြစ်နိုင်သလို
ကဗျာဟာ..
အငယ်အနှောင်းတစ်ယောက် ခန္ဓာကိုယ်ကထွက်တဲ့ ရှယ်နယ်ဖိုက်ရေမွှေးနံ့လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ကလေးငယ်တစ်ယောက်ရဲ့ အပြစ်ကင်းစင်မူ ဖြစ်နိုင်သလို
ကဗျာဟာ..
အဖိုးအိုတစ်ယောက်ရဲ့ နောင်တလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ကြိုးပြတ်သွားတဲ့စွန်တစ်ကောင်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ဓမ္မနဲ့ အဓမ္မ၀ါဒီတို့စီးချင်းထိုးတဲ့ ကြိုးဝိုင်းလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
လတ်ဆတ်တဲ့ ခြံထွက်သီးနှံတွေဖြစ်နိုင်သလို
ကဗျာဟာ..
မီးဇာကုန်ဆီခန်းဝေဒနာသည် လူနာတစ်ယောက်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ဓါးအိမ်ထဲမှာ ပျင်းရိညီးငွေ့နေတဲ့ ဓါးတစ်ချောင်း ဖြစ်နိုင်သလို
ကဗျာဟာ..
ကလဲ့စားချေဖို့ အခွင့်အခါကောင်းကိုစောင့်နေတဲ့ ရန်ညှိုးရန်စလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ညစောင့်လုပ်ပြီးအပိုဝင်ငွေရှာနေရတဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ အိပ်မက်လည်း
ဖြစ်နိုင်တယ်
ကဗျာဟာ..
၂၁ ထပ်တိုက်ပေါ်က ခုန်ချပြီးသေကြောင်းကြံစည်လိုက်တဲ့ ပုရွက်ဆိတ် တစ်ကောင်လည်း
ဖြစ်နိုင်တယ်
ကဗျာဟာ..
ရေမထွက်တော့တဲ့ ရေတွင်းပြက်တခုလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
မိုးရွာမှာကြိုသိနေတဲ့ ဖားအော်သံလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
အဆောင်ခတွေမသွင်းနိုင်သေးတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ ချီတုံချတုံ
တွေဝေမူလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
နိစ္စဓူဝ လူမူဒုက္ခတွေနဲ့ နားရည်ဝနေတဲ့ လမ်းဘေးလက်ဖက်ရည်ဆိုင် ဖြစ်နိုင်သလို
ကဗျာဟာ..
အသက်ရှူကြပ်နေတဲ့ ဘတ်စ်ကားအိုတစ်စင်းလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ရင်တမမနဲ့ လောင်းလိုက်ရတဲ့ ဘောလုံးပွဲလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ဈေးကွက်မ၀င်တဲ့ အနုပညာပစ္စည်းဖြစ်သလို
ကဗျာဟာ..
ပြစ်ဒဏ်ကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရတဲ့ တရားသူကြီးရဲ့ တရားခွင်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
လမ်းကြိုလမ်းကြား မြောင်းကြိုမြောင်းကြားမှာတွားသွားနေတဲ့ မြေကြွက်တစ်ကောင်
ဖြစ်နိုင်သလို
ကဗျာဟာ..
အိမ်ရှင်မအလစ်ကိုချောင်းနေရတဲ့ ခွေးလေခွေးလွင့်တစ်ကောင်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
တရားမ၀င်အလုပ်သမားတစ်ယောက်ရဲ့ ကျီးလန့်စာစားဘ၀ ဖြစ်နိုင်သလို
ကဗျာဟာ..
ခေတ်အဆက်ဆက်ခေါက်ရိုးကျိုးနေတဲ့ အလုပ်ရှင်နဲ့အလုပ်သမားကြားက ဆက်ဆံရေးလည်း
ဖြစ်နိုင်တယ်
ကဗျာဟာ..
ချစ်သူနှစ်ယောက်နီးဖို့ ခက်နေတဲ့ ကုန်ဈေးနူန်းလည်းဖြစ်နိုင်တယ်
ကဗျာဟာ..
လာဒ်စားမူတွေများတဲ့ လူ့အဖွဲ့အစည်းဖြစ်နိုင်သလို
ကဗျာဟာ..
ပရမ်းပတာ ပျက်စီးနေတဲ့ ခေတ်တခေတ်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
မသမာမူတွေပြည့်နှက်နေတဲ့ ရွေးကောက်ပွဲဖြစ်နိုင်သလို
ကဗျာဟာ..
သူခိုးဓါးပြတွေ ကြီးစိုးတဲ့ ပါလီမန်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
မှောင်ခိုပစ္စည်းတွေရောင်းတဲ့ မြေအောက်ဈေးလည်းဖြစ်နိုင်တယ်
ကဗျာဟာ..
သရုပ်ပျက်ယဉ်ကျေးမူနောက် တကောက်ကောက်လိုက်နေတဲ့ နောက်ဆုံးပေါ်မျိုးဆက်လည်း
ဖြစ်နိုင်တယ်
ကဗျာဟာ..
ဘယ်သူသေသေ ငတေမာရင်ပြီးရော သဘောထားလည်းဖြစ်နိုင်တယ်
ကဗျာဟာ..
သစ်ရွက်ပေါ်တင်ကျန်ရစ်တဲ့ မိုးရေစက်ကလေးဖြစ်နိုင်သလို
ကဗျာဟာ..
စပါးကြီးမြွေရဲ့ ပါးစပ်ပေါက်ထဲတိုးဝင်သွားရတဲ့ သားကောင်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
အနုမြူလက်နက်တွေထုတ်လုပ်တဲ့ စက်ရုံဖြစ်နိုင်သလို
ကဗျာဟာ..
ပန်းရနံ့တွေသင်းပျံ့တဲ့ ဥယျာဉ်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ကမ္ဘာလောကရဲ့ အရိုးသားဆုံးအနုပညာဖြစ်နိုင်သလို
ကဗျာဟာ..
လူကြိုက်နည်းတဲ့ ဖျော်ရည်တစ်ခွက်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
စစ်ကြေငြာချက်တစ်စောင်ဖြစ်နိုင်သလို
ကဗျာဟာ..
မြီးကောင်ပေါက်ကောင်မလေးရဲ့ ရင်ခုန်သံလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ခြုံဖုတ်ပေါ်ကနေ ထပျံပြေးသွားတဲ့ လိပ်ပြာတစ်ကောင်ရဲ့ တောင်ပံခတ်သံ ဖြစ်နိုင်သလို
ကဗျာဟာ..
နွေဦးပေါက်မှာ မြူးတူးခုန်ပေါက်တတ်တဲ့ နွားမဒန်းမလေးရဲ့ အလိုရမ္မက်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ချစ်သူခြေကျင်းဝတ်က တက်တူးရုပ်ကလေးလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
ကြိုတင်ခန့်မှန်းတဲ့အတိုင်းဖြစ်မလာတဲ့ အနာဂတ်ဖြစ်နိုင်သလို
ကဗျာဟာ..
လက်မှတ်ဖြတ်ပြီး သွားမကြည့်ဖြစ်တော့တဲ့ရုပ်ရှင်တစ်ပွဲလည်း ဖြစ်နိုင်တယ်
ကဗျာဟာ..
အထီးကျန်သူတစ်ယောက်အညှိုးတကြီးသောက်တဲ့ အရက်ခွက်လည်း ဖြစ်နိုင်တယ်
ကဗျာဟာ.. အနိဋ္ဌာရုံပေါတဲ့ ဇာတ်ဝင်ခန်းဖြစ်နိုင်သလို
ကဗျာဟာ.. နံနက်ခင်းမှာပွင့်တဲ့ ပန်းကလေးတွေလည်း ဖြစ်နိုင်တယ်
ကဗျာဆရာရဲ့ ရိုးသားမူနဲ့ ကဗျာဟာ မွေးဖွားသန့်စင်ခဲ့ရပြီး
ကဗျာဆရာရဲ့ နာကျင်မူနဲ့ ကဗျာဟာ လှပလာခဲ့ရတယ်..။...။
ငြိမ်းချမ်းအောင်
16 August, 2009
လရောင် အဝေး
မနေ့ညက
အခန်းထဲဝင်လာတဲ့လရောင်
ငါ့အတွက်
သိပ်ပြီး.. တောက်ပြောင်လွန်းတယ်..။
တစ်ညပြီး.. နောက်..တစ်ည
တစ်လပြီး.. နောက်..တစ်လ
လကွယ်ညတွေ ကုန်လွန်သွားရင်
ငါ့ပြတင်းမှာ
လရောင် ဆက်ဆက်သာလိမ့်ဦးမယ်..။
လရောင်ဟာ
ဂုဏ်ပကာသနမမောက်ဘူး
အသားအရောင်မခွဲခြားဘူး
လရောင်မှာ လိင်တူအခွင့်အရေးရှိတယ်
ပြီးတော့ ငြိမ်းချမ်းရေးလည်းရှိတယ်..။
လရောင်နဲ့တွေ့ဖို့
မာစီဒီးကားကြီးစီးလာစရာမလိုဘူး
စိန်လက်စွပ်ကြီး ၀တ်ထားစရာမလိုဘူး..။
ဒါပေမဲ့
အကျဉ်းထောင်ထဲက အိပ်ဆောင်တွေမှာ
ဆုံးရူံးခဲ့ရတဲ့ လရောင်ကို
အစား ဘယ်သူပြန်ပေးမှာလဲ..။
တော်သေးရဲ့
လရောင်မှာ
ဇီဇ၀ါတွေ မွှေးမြလို့မို့
ငါ့နေ့တွေ အဓိပ္ပါယ်ပြည့်ဝလာခဲ့ရတယ်..။
ငြိမ်းချမ်းအောင်
07 August, 2009
ရုပ်ရှင်ကြည့်ရခြင်းအကြောင်းရင်း
သရုပ်ဆောင်မင်းသမီးအလှကို ခံစားချင်လို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ဝါသနာပါလို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
တခြားလုပ်စရာမယ်မယ်ရရမရှိလို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
အချိန်ဖြုန်းဖို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
မေတ္တာလက်မှတ်ရလို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
စပွန်ဆာရှိလို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ချစ်သူနဲ့ပွတ်သီးပွတ်သပ် ချစ်တင်းနှောဖို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ပျော်လို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ပျင်းလို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
စိတ်ညစ်လို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
အနုပညာကို လေးစားတန်ဖိုးထားလို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
လူပြောများတဲ့ဇာတ်ကားမို့ ရုပ်ရှင်ကြည့်တာလည်းဖြစ်နိုင်တယ်
ကြော်ငြာကောင်းလို့ ရုပ်ရှင်ကြည့်တာလည်းဖြစ်နိုင်တယ်
ခေတ်မီချင်လို့ ရုပ်ရှင်ကြည့်တာလည်းဖြစ်နိုင်တယ်
ပညာရှာဖို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ဇာတ်လမ်းသိချင်လို့ စပ်စုလိုစိတ်နဲ့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
လက်ရှိဘ၀ကို မိနစ် ၉၀ လောက်မေ့ထားချင်လို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ငွေယားတွေပိုလျှံနေလို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ရာဇ၀င်သိချင်လို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
သူငယ်ချင်းတွေနဲ့ ချိန်းတွေ့ဖို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ဒါရိုက်တာကို ကြည်ညိုစိတ်နဲ့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ကိုယ်မစွမ်းသမျှ မင်းသား အစွမ်းအစကို လက်ခုပ်တီးအားပေးဖို့ ရုပ်ရှင်ကြည့်တာလဲဖြစ်နိုင်တယ်
ဘယ်လိုအကြောင်းကြောင့်ပဲ ရုပ်ရှင်ကြည့်ကြည့်
စိတ်ကူးယဉ်ဇာတ်လမ်းတွေက ပျော်ရွှင်ဖွယ်ကောင်းပြီး
ဖြစ်ရပ်မှန်ဇာတ်လမ်းတွေဟာ ကြေကွဲစရာကောင်းနေခဲ့တယ်။
ငြိမ်းချမ်းအောင်
05 August, 2009
ခုတလော တက်ဂ်တဲ့စာ
ကိုအောင် (ပျူနိုင်ငံ) တက်ဂ်ပါသည်။
တွေးနေမိတာက
ကံ ကံ၏ အကျိုး ဆိုသောကိစ္စ။
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ငြိမ်းချမ်းအောင်.. မနှစ်ကထက်စာရင် ဒီနှစ် မောင်ရင် အသက်တနှစ်ပိုကြီးလာတာကလွဲလို့ အချိန်ပိုမစီးလာပါလား ငါ့ကောင်ရေ..။
ကျန်းမာရေး
ရုပ်၊ နာမ် နှစ်ခုလုံး ကျန်းမာမှ ကျန်းမာရေး ကောင်းတယ်လို့ ယူဆနိုင်တယ်ဆိုပါတယ်။ လူတွေက ကိုယ့်ကိုကိုယ်တော့ ကျန်းမာနေကြတယ်လို့ထင်တတ်ကြတယ်။ ဖျားနာနေတာမဟုတ်ရင်ကျန်းမာနေတယ်လို့ ယေဘူယျပြောနိုင်ပေမဲ့ …အတ္တ
အလုံးစုံကိုဖယ်ခွါနိုင်ပြီး အန္တိမ စင်ကြယ်ခြင်းကိုမရသေးသ၍ လူ့စိတ်ဆိုတာ တနည်းနည်းနဲ့တော့ ဖောက်ပြန်ရူးသွပ်နေကြတာပါပဲ။ ရုပ်ကျန်းမာရေးကတော့ ကျနော်ကောင်းနေပါတယ်။
ဖတ်ဖြစ်တဲ့ စာအုပ်တွေက
facebook… ပါ။ (အင်တာနက်နဲ့ဝေးနေချိန်မှလွဲ၍ facebook သုံးခဲ့တဲ့ ၂နှစ်အတွင်းမှာ တရက်မှ မပျက်မကွက် ဖွင့်ပြီး ဖတ်ဖြစ်ခဲ့တာ facebook ပါပဲ။)
ရောက်ဖြစ်နေတာက
ကွန်ပြူတာအရှေ့။
ရေးဖြစ်နေတာက
ဒီရက်ထဲမှာ ဘာမှ မရေးဖြစ်ပါဘူး။ တကယ်ပါ။
နားထောင်ဖြစ်နေတာက
ယူကျူ့မှ မြန်မာသီချင်းများ။
ရွတ်နေမိတဲ့ ကဗျာက
ဘာကဗျာမှ မရွတ်ဖြစ်ပါဘူး။ တကယ်ပြောတာပါ။
ဖြစ်ချင်နေတာက
ဘီလီယံနာ။ (ကျနော်ဘီလီယံနာဖြစ်ရင် လုပ်စရာလေး တစ်ခုရှိလို့ပါ)
သနားနေမိတာက
ပေးစရာငွေမရှိ၊ ပြေးစရာ မြေမရှိ၊ အိုးထဲမှာ ဆန်မရှိ၊ မနက်ဖြန်အကြောင်း ငါမသိ.. စသည်ဖြင့် ဆင်းရဲနုံချာလှသော ကျောမွဲ နင်းပြားများ။
လွမ်းနေမိတာက
နတ်ပြည်။
မေ့လျော့ပစ်နေမိတာက
မနက်ဖြန်။
ခါးသက်နေမိတာက
လူ့ဘ၀။
တမ်းတနေမိတာက
လူ့ဘဝ
ကြိတ်ပြီးချီးကျူးနေမိတာက
တိုင်းပြည်အကျိုးဆောင်ရွက်ရင်း အကျဉ်းကျခံနေရသူများ။
ကြိတ်ပြီးအထင်သေးနေမိတာက
အရိုးအရင်းကိုက်ပြီး နေ့စားကျွန်ခံ သခင်အားရကျွန်ပါးဝ ရိုက်ရဲနှက်ရဲ သတ်ရဲဖြတ်ရဲ လက်မရွံ့အာဏာပါးကွက်သား မြန်မာပြည်မှ ကြံ့ဖွတ်နဲ့စွမ်းအားရှင် လူဆိုးများ။
ဆန္ဒမရှိတဲ့နေရာ
ကပ်ရောဂါထူပြော၊ တောရိုင်းဥပဒေ ကြီးစိုး၊ တနေ့ထက်တနေ့အသက်ရှူကြပ်လာနေတဲ့ လူသားကမ္ဘာ။
ဆန္ဒရှိနေတဲ့ကိစ္စ
အမှန်အတိုင်းပြောရရင်တော့ လူသတ်ချင်စိတ်ပေါက်နေတယ်။
မုန်းတီးနေမိတာက
ကံကြမ္မာ
ချစ်နေတာက
ချစ်စရာကောင်းတဲ့ …. ။
စိတ်ပျက်နေမိတာက
၃၁ ဘုံ။
စွဲလန်းနေမိတာက
၃၁ ဘုံ။
လိုအပ်နေတာက
ပိုက်ဆံ။
တောင်းနေမိတဲ့ဆု
ဂျက်ပေါ့နဲ့ဒက်ထိ တိုးပါစေ။
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ထလော့မြန်မာ မြန်မာထလော့။
ဝန်ခံချင်တာက
ကိုအောင်ကို အားနာသဖြင့် စိတ်ကူးပေါက်ရာ ထင်သလို ချရေးလိုက်ခြင်းဖြစ်သည်။
23 July, 2009
ခံနိုင်ရည်ကိုစမ်းသပ်ခြင်း (၅)
တောကြောင်တွေကြောင့်
တောလည်းကြေပြီ။
တောဝက်တွေကြောင့်
တောလည်းပျက်ပြီ။
မျိုးမစစ်တွေကြောင့်
အမျိုးလည်းညစ်ခဲ့ရပြီ။
ဂုဏ်သိက္ခာအတွက်မဟုတ်ရင်
ဘာအတွက်ရှင်သန်ကြတာလဲ
ဇောက်ထိုးမိုးမျှော်နေ့ရက်တွေကို
ကျွမ်းထိုးမှောက်ခုံဖြတ်သန်းရင်း
ဘ၀ဆိုတာဒီလောက်ပဲလား
လက်ခုပ်တီးအားပေးမခံရရင်တောင်
လက်ညှိုးထိုးတံတွေးထွေးမခံရဖို့လိုတယ်
ထုံးစံအတိုင်းဆိုရင်
ဇာတ်သိမ်းခါနီးမှာ ရဲသားကြီးတွေရောက်လာမယ်
ပရိသတ်ကြီးကလက်ခုပ်တီးအားပေးမယ်
မင်းသားနဲ့မင်းသမီး ပျော်ရွှင်စွာပေါင်းဖက်ကြမယ်
ခုတော့သူငယ်ချင်းရာ
ဇာတ်ပေါင်းခန်းတောင်ရောက်တော့မယ်
လူဆိုးကြီးတွေအသာစီးရတုံးလား
စစ်ပွဲတွေဆီသွားဖို့ဆိုရင်
သတ်ရဲ သေရဲ အနိုင်ယူရဲသူတွေပဲ လိုတယ်။
သဘာဝတရားကိုသစ္စာခံဖို့
ကမ္ဘာမြေကိုပေါင်းသင်ဖို့
အမှန်တရားကိုသက်သေထွက်ဆိုဖို့
ငါအရောက်လာခဲ့တယ်
မင်းသားမဟုတ်ပေမဲ့
ဗီလိမ်မဖြစ်ခဲ့တာဂုဏ်ယူပါရစေ…။…..။
ငြိမ်းချမ်းအောင်
၁၈ ဇူလိုင် ၀၉
ကမ္ဘာပျက်အလွမ်း
ကြိုးညှိပြီးတဲ့အထိ
ဘာသီချင်းတီးရမှန်းမသိဘူး
ခံစားတတ်မယ်ဆိုရင်
သစ်ရွက်ကလေးလူပ်ခါနေသည်လည်း
စွဲမက်ဖွယ်ဂီတပင်
နွေရာသီဟာအခန်းထဲမှာချွေးတွေရွှဲနစ်လို့
အဲဒီပက်လက်ကုလားထိုင်ပေါ်
အရုပ်ကျိုးပြတ်လဲကျနေတာ
အသွေးအသားအသိညာဏ်တို့ရဲ့အစုအဝေး
သက်ရှိခန္ဒာကိုယ်တစ်ခုမဟုတ်လား။
နေရောင်ခြည်ရုပ်သိမ်းခံလိုက်ရတဲ့ညနေခင်းဟာ
သွေးပျက်ခြောက်ခြားဖွယ်ရာအတိ
လှောင်အိမ်ထဲကချိုးကူသံဟာဝမ်းနည်းပက်လက်
ကျနော့်ရှေ့ကနံရံမှာ
အဖြူရောင်အရိပ်တွေယိမ်းထိုးလူပ်ခါနေတာ
ခြောက်ကြိုးကဝေစုန်းမတွေပညာပြနေတာလား
လရောင်မှတ်လို့ငေးစိုက်ကြည့်လိုက်မိတာ
မီးစုန်းဖြစ်နေလို့မျက်စိကိုကျိမ်းစပ်သွားတာပဲ
အခန့်မသင့်ရင်တောကျွမ်းတဲ့မုဆိုးလည်း
တောမှောက်တာခံရနိုင်သည်ပင်
အထီးကျန်မူဝေဒနာဟာအနီရောင်လက်လက်တောက်ပ
ထုထည်သိပ်သိပ်သည်းသည်းနက်နက်ရိုင်းရိုင်း
စကားတွေပြောချင်နေတယ်
စကားပြောဖော်မရှိဘူး
အလုပ် လုပ်ချင်တယ်
အလုပ်ခန့်မယ့်သူမရှိဘူး
ကျနော့်ဒဏ်ရာကို ဖေးကူမဲ့သူမရှိဘူး
ကျနော့်ခံစားချက်ကို ဘယ်သူမှနားမလည်နိုင်ဘူး
ကျန်းမာရေးမကောင်းလို့
အရက်ဖြတ်လိုက်တယ်
မိတ်ဆွေမဟုတ်တော့လို့
မိတ်ဆွေတချို့နဲ့လမ်းခွဲလိုက်တယ်
ကမ္ဘာပျက်မှာကြိုသိနေသူတစ်ယောက်
သင်္ဘောမှောက်မှာတွေးကြောက်မနေတော့ဘူး..။……။
ငြိမ်းချမ်းအောင်
၂၁ ဇူလိုင် ၀၉
ဘောလုံးနဲ့ရေးတဲ့ ကဗျာ (၂)
ဘောလုံးကစားတယ်ဆိုတာ
ခြေထောက်နဲ့ကန်ကျောက်ပြီး
အနာဂတ်ကို တွန်းဖွင့်ဖို့ကြိုးစားတာပဲ။
ဘောလုံးအသင်းတစ်သင်းဟာ
ကစားကွက်လှရင် လှသလောက်
ကန်ချက်မှန်ရင် မှန်သလောက်
မဟာဗြူဟာ၊ နည်းဗြူဟာ
အားကောင်းရင်အားကောင်းသလောက်
အောင်ပွဲနဲ့ နီးစပ်မယ်။
Teamwork ကအရေးကြီးသလို
အသင်း အနိုင်ရရှိရေးဟာ
ဗြူဟာရေးဆွဲတဲ့ အသင်းမန်နေဂျာအပေါ်
၈၀ ရာခိုင်နူန်း မူတည်တယ်လို့
လေ့လာသူတွေက သုံးသပ်ကြတယ်။
အသင်းနာမည်တက်ရေးထက်
မိမိနာမည်ထွက်ရေး ပိုပြီးအာရုံစိုက်တဲ့ကစားသမားတွေရှိတယ်
အရိုးကျေကျေအရေခမ်းခမ်း သဘောထားကစားတဲ့ ကစားသမားတွေရှိသလို
ရေသာခို အချောင်လိုက်တဲ့ ကစားသမားတွေရှိတယ်
ရိုးရိုးသားသား ကစားသမားတွေရှိသလို
ငွေနောက်လိုက်တဲ့ကစားသမားတွေရှိတယ်
အရက်သေစာ၊ မိန်းမ လိုက်စားတဲ့ ကစားသမားတွေရှိတယ်
သူတို့ ခြေထောက်ထဲရောက်သွားတဲ့ဘောလုံးကို
အခြားအသင်းသားတွေဆီ အသာတကြည်မပေးလိုတဲ့
ကစားသမားတွေလည်းရှိကြတယ်။
ဘောလုံးကစားရာမှာ
လိုအပ်ရင် အသင်းအတွက် Sacrifice လုပ်ရမယ်
ကိုယ်ရောစိတ်ပါ တွန်းတွန်းတိုက်တိုက် ကစားတဲ့အခါ
အချိန်မရွေး ဒဏ်ရာဒဏ်ချက်တွေရနိုင်သလို
ကံမကောင်းအကြောင်းမလှရင်
ဘောလုံးကွင်းထဲမှာ အသက်ပေးလိုက်ရတဲ့ အဖြစ်တွေရှိခဲ့တယ်။
အနာမခံပဲ အသာစံသူတွေများနေတဲ့
ဘောလုံးအသင်းဟာ
ရူံးနိမ့်ဖို့ သေချာသလောက်ပဲ။
အခုလည်း ညီညွတ်ရေး အားနည်းပြီး
မဟာဗြူဟာ နည်းဗြူဟာတွေချိနဲ့နေတဲ့
ကျနော်တို့ဘောလုံးအသင်း
အချိန်ကုန်လူပမ်း ရူံးပွဲတွေဆက်ခဲ့တယ်
အလေအလွင့် အဖိတ်အစင်တွေများခဲ့တယ်
အသင်းကနေ နူတ်ထွက်သူတွေ များခဲ့တယ်
ကျနော့်အမြင်အရ
ခြေကုန်လက်ပမ်းကျနေတဲ့ ကစားသမားတွေ အနားပေးဖို့လိုသလို
သွေးသစ်၊ သမိုင်းသစ်၊ အနာဂတ်အသစ်
သေနင်္ဂဗြူဟာအသစ်၊ မျှော်လင့်ချက်အသစ်တွေနဲ့
အားကောင်းမောင်းသန်ဘောလုံးအသင်းတစ်သင်း ထပ်မံဖွဲ့စည်းဖို့လိုနေတယ်
ဒီလိုနဲ့ သဘောထား အမြင် အယူအဆ မတူသူတွေနဲ့
ကျနော်တို့ တစ်သင်းတည်းဘောလုံးကစားနေခဲ့တယ်..။ ။
ငြိမ်းချမ်းအောင်
၎ မေ ၀၉
16 July, 2009
ငယ်ချစ်ဟောင်းသို့ သတိတရ
ငါစိတ်ပျက်မိရဲ့
လေသင်တိုင်းများ
မင်းအလှကို တိုက်စားသွားကြ..
နှစ်ကာလများ
မင်းအလှကို နင်းခြေမွကြ..
ငါ နမ်းရိုက်ခဲ့ဖူးတဲ့
မင်းနူတ်ခမ်းက မှဲ့နက်လေး
မလှနိုင်တော့ပါလား
ငါ ရူးမိုက်စွဲလန်းခဲ့ဖူးရဲ့
မင်းပါးပြင်ထက်က ပါးချိုင့်လေး
ဘယ်ဆီမှာလဲ အချစ်ရယ်
အခုများတော့
မင်းခန္ဒာကိုယ်အဆီတွေတက်
မင်းဟာ အသားတိုးဝက်တစ်ကောင်လို
ဝမ်းပြင်မှာ ဗိုက်ခေါက်ကြီးတွေထွက်
ဂုပ်တွေသိုး၊ ပါးစုန့်ကြီးကဟက်လို့
ဟိုတုန်းကလို ငါ့အချစ် မင်း..မလှနိုင်တော့ပါလား..
သောက်ရှူးကြယ်ကလေးတွေတောင်
မနာလိုဝန်တိုဖြစ်ဖူးရဲ့
တစ်ခါက မင်းမျက်ဝန်း လဲ့ပြာတွေလည်း
အရောင်တွေမွဲခြောက်လို့..။
ကိုယ် တယုတယ ပွတ်သပ်နမ်းရိုက်ခဲ့ဖူးရဲ့
ပိတုန်းရောင်ဆံမြညှာကေသာလည်း
ဆံခြည်တွေကျွတ်လို့၊ ငွေမင်တွေစွန်းထင်း
ထိပ်တောင် ပြောင်လို့ပါလား အချစ်ရယ်..
လောကဓံဆိုတာကြီးက
ငါတို့ ရိုမန်းတစ်စိတ်ကူးတွေကို
သက်ဆိုးရှည်ခွင့်မပေးခဲ့
မြီးကောင်ပေါက်က
ငါ ပြောခဲ့ဖူးရဲ့
ရဲရဲတောက် အချစ်ကြေငြာစာတမ်းတွေလည်း
ခုပြန်စဉ်းစားကြည့်မိ
ငါ ရှက်များတောင်ရှက်မိပါရဲ့… ကွယ်။
အချစ်ရယ်
အရာရာဟာ
ပြောင်းလဲနေခဲ့တယ်…။ ။
ငြိမ်းချမ်းအောင်
22 May, 2009
လူထုတိုက်ပွဲသို့ ကြွေးကြော်သံချပ်များ
(တစ်ပိုဒ်ကို နှစ်ခေါက်ဆိုပါ)
သပိတ်စုံ သူပုန်ထ
တောရော မြို့ပါ တော်လှန်ကြ
နအဖ နွားအဖွဲ့ ပြုတ်ကာကျ။
ခေါင်းဆောင်ကို ကယ်ထုတ်ဖို့
စစ်အကျဉ်းထောင်ကို မီးတင်ရို့။
ဂြိုလ်ကုပ်ဒူးကြီး ငသန်းရွှေ
သေချင်းဆိုးနဲ့ သေပါစေ။
ခွေးဝဲစားတို့ ခွေးကြံကြံ
ပတ္တမြားမှန်ရင် နွံမနစ်ဘူး။
ဒီတစ်ပွဲမှ သွေးမရဲရင်
ခွေးဆွဲတာ ခံရကိန်းပဲ။
မြန်မာပြည်ကြီး တိုးတက်တယ်ဆို
မနက်စာ ညစာ နပ်မမှန်ဘူး။
မြန်မာပြည်ကြီး တိုးတက်တယ်ဆို
မီးမလာဘူး၊ ရေမလာဘူး။
လူထုခေါင်းဆောင်က ရှေ့ကချီ
တို့တိုင်းပြည်သူ ပါဝင်ပူးပေါင်း။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး
ပြည်သူတွေမှာ တက်တက်ကြွကြွ။
ငရဲလားမဲ့ ငသန်းရွှေ
မသေခင်မှာ ရိက္ခာယူထား။
ဗိုလ်ချုပ်ရူးကြီး ငသန်းရွှေ
နင့်မိသားစုပါ ငရဲပြည်ခေါ်သွား။
ငသန်းရွှေသမီး သန္တာရွှေ
ကလေးမွေးတာ လင်ကောင်မပေါ်ဘူး။
သမိုင်းရေးမဲ့ ပြည်သူတွေ
နအဖကို တွန်းလှန်တိုက်ထုတ်။
လူသတ်သမား ငသန်းရွှေ
ICC ကိုပို့လိုက် ပို့လိုက်။
အမျိုးယုတ်တဲ့ ငသန်းရွှေ
ငရဲပြည်ကို get out, get out
တပ်မတော်သားနဲ့ ရဲဝန်ထမ်းတွေ
ထမင်းရှင်ဟာ သန်းရွှေမဟုတ်ဘူး။
ထမင်းကျွေးတဲ့ ပြည်သူကို
ခွေးဝဲစားတောင် ပြန်မကိုက်ဘူး။
ကမ္ဘာကျော်သူခိုးကြီး ငသန်းရွှေ
နန်းတော်အိမ်ကြီးမှာနေ။
ဗိုလ်ချုပ်တွေ တိုက်ဆောက်
ပြည်သူတွေ ဗိုက်မှောက်။
ဒို့ဗိုလ်ချုပ်က မှာခဲ့တယ်
ရရင်ရ, မရရင်ချ။
တပ်မတော်ဖခင် အစစ်အမှန်ဟာ
ဗိုလ်ချုပ်အောင်ဆန်းပါ
ငသန်းရွှေဟာ မျိုးမစစ်
ငရဲပြည်ကို ပို့ပစ် ပို့ပစ်။
လယ်သမားကြီး ဦးဖိုးသာအောင်
စပါးစိုက်လို့ တိုင်းကျိုးဆောင်
ငသန်းရွှေဟာ ဆန်ကုန်မြေလေး
ပြည်သူကို ညှဉ်းဆဲသေး။
တပ်နဲ့ ပြည်သူ လက်တွဲကူ
စစ်အာဏာရူးကို တွန်းလှန်တိုက်ထုတ်။
သံချပ်ထိုးသူ ငြိမ်းချမ်းအောင်
21 May, 2009
အမျိုးသားရေးတာဝန်
အမျိုးကိုထိတော့ မချိအောင်နာ
လူထုခေါင်းဆောင်ကို ထိတော့
တတိုင်းပြည်လုံးအနာပေါ်ဒုတ်ကျ
ဆူဝေနေတဲ့ ငါဒို့.. သွေးတွေ
ပွက်ပွက် အန်ကျတယ်
နအဖဆိုတာ နွားအဖွဲ့
အဲဒီ နွားအဖွဲ့ဟာ
ပြည်သူကို သတ်နေပြီ..
အဲဒီ နအဖ ဆိုတဲ့ နွားအဖွဲ့ဟာ
သံဃာကို သတ်
သာသနာကို ဖျက်ဆီးနေပြီ..
အဲဒီ နအဖ ဆိုတဲ့ နွားအဖွဲ့ဟာ
ခေါင်းဆောင်ကိုထောင်သွင်း
လူထုကို နှိပ်စက် ညှဉ်းပမ်းနေပြီ..
အဲဒီ နအဖ ဆိုတဲ့ နွားအဖွဲ့ဟာ
တိုင်းပြည်ကို ချောက်ထဲပို့
အနာဂတ်ကို မီးရှို့နေပြီ..
ဗိုလ်ချုပ်မှူးကြီးဆိုတဲ့
ဂြိုလ်ကုပ်ဒူးကြီး
ငသန်းရွှေဟာ
စစ်ရာဇ၀တ်ကောင်
ပြည်သူ့ချဉ်ဖတ်
သေချင်းဆိုးနဲ့ သေမဲ့ ကောင်
အဲဒီ ငသန်းရွှေဟာ.. ရန်သူနံပါတ်တစ်
အဲဒီ ငသန်းရွှေဟာ.. ဟစ်တလာ
အဲဒီ ငသန်းရွှေဟာ.. ပိုပေါစ့်
အဲဒီ ငသန်းရွှေဟာ.. လူယုတ်မာ
အဲဒီ ငသန်းရွှေဟာ.. ဖက်ဆစ်စစ်မိစ္ဆာ
နားလာကိုက်လို့
ပါးပြန်ရိုက်တာ
မင်္ဂလာတရားတော်နဲ့ ညီတယ်
သူငယ်ချင်းတို့..
ကိုက်ဖို့လာတဲ့ ခွေးကို
ဒုတ်နဲ့ ပြန်မရိုက်ရင်
ခွေးကိုက်တာ ခံရလိမ့်မယ်
ရရာလက်နက်ကိုဆွဲ
ခွေးမျိုးပြုတ်အောင်
ခွေးမျိုးကိုဖြုတ်ပစ်ရမယ်
“သပိတ်.. သပိတ်.. မှောက်မှောက်”
“မီးတုတ်.. မီးတုတ်.. ရို့ ရို့”
သန်းရွှေ.. သန်းရွှေ
သေစမ်း.. သေစမ်း
“ဒေါ်အောင်ဆန်းစုကြည်.. သက်တော်ရာကျော်ရှည်ပါစေ”
“နအဖ နွားအဖွဲ့ ကျဆုံးပါစေ”
“တတိုင်းပြည်လုံးအုံကြွ.. နအဖ ပြုတ်ကျ”
“ရရင်ရ.. မရရင် ချ..”
ငြိမ်းချမ်းအောင်
၂၀-၅-၂၀၀၉
13 May, 2009
မိုးများတဲ့ နွေဦးရာသီ၊ မေ ၁၂ နေ့လည်ခင်းနှင့် သင်းပျံ့နေဆဲ ပန်းနုရောင်ဇီဇ၀ါ
ကျနော်မပျော်ရွှင်မှန်းသိလို့
ဒီနွေဦးမှာပွင့်တဲ့ ပန်းကလေးတွေတောင် ညှိုးငယ်နေကြတယ်
အရွက်စိမ်းစိမ်း သစ်ပင်တွေပေါ်မိုးရွာချလိုက်တာ
သစ်ရွက်တွေပေါ်မှာ မိုးရေစက်ကလေးတွေ တွဲလွဲခိုနေတာ
မိုးရွာပြီးစ နေရောင်ခြည်ဟာ တလက်လက်တောက်ပနေတာ
ကျနော့်ကို ဘာခံစားချက်မှ မပေးနိုင်ခဲ့ဘူး
ဖိနပ်စီးပြီး ကျနော် လမ်းလျှောက်ထွက်ခဲ့တယ်
ငယ်ငယ်ကလို လမ်းဘေးမှာ တွေ့တဲ့ အုတ်နီခဲကိုကောက်ပြီး
နီးရာ ဓါတ်တိုင်ကို ပစ်ပေါက်လိုက်ချင်စိတ်ကို မနည်းထိန်းထားရတယ်
မော်တော်ကားတွေက ကျနော့်ကို ဖြတ်ကျော်တက်သွားတယ်
ကျနော်က သစ်ပင်တွေနဲ့ အဆောက်အဦးတွေကို ဖြတ်ကျော်ခဲ့တယ်
သူငယ်ချင်းတွေနဲ့ မတွေ့တာ ရှစ်လကျော်ပြီ
ဒီနေ့ဆို ကျနော်အရက်မသောက်ဖြစ်တာ လေးလပြည့်ပြီ
ကမ္ဘာပေါ်မှာ ရှိသမျှ အလှမွေးငါးကန်တွေကို ရိုက်ခွဲပြီး
ကန်ထဲက ငါးကလေးတွေကို လွတ်လပ်ခွင့်ပေးချင်တယ်
အလှမွေးငါးမွေးပြီး ယဉ်ကျေးချင်သူတွေကို ခဏလောက်ဖြစ်ဖြစ်
ငါးကန်ထဲ ထည့်ပြီး အလှပြထားရမယ်
လတ်လတ်ဆတ်ဆတ် မရှိတဲ့ ညနေခင်းမှာ
ညှဉ်းသိုးသိုးဖြစ်နေတဲ့ ကျနော့်စိတ်ကူးက
လွန်ခဲ့တဲ့ အတိတ်ကာလကိုရောက်သွားတယ်
စိတ်ကူးမှာ ဇီဇ၀ါ ပန်းခြောက်ကလေးကို
စိတ်ရှိလက်ရှိ ပွေ့ယူ နမ်းရိုက်လိုက်မိတယ်
လေပြည်မှာ ပန်းရနံ့တွေ သင်းပျံ့နေတုံးပါပဲ
အချစ်ဆိုတာ အရွယ်သုံးပါးကို ဖြတ်သန်းပြီး
အဆင့်ဆင့်ပြောင်းလဲ ဖြစ်ပေါ်နေခဲ့တယ်
ကျနော့်စိတ်ကူးက ပစ္စုပ္ပန်ကာလကို ပြန်ရောက်လာတယ်
စိတ်ကူးမှာ ပန်းအိုးထဲ ပန်းအသစ်လဲတယ်
စိတ်ကူးမှာ အတွေးသစ်အမြင်သစ်တွေနဲ့
ကျနော့် ၀ရံတာကို အလှဆင်တယ်
စိတ်ကူးမှာ အိမ်ထောင်ကျတယ်
စိတ်ကူးမှာ မချစ်မနှစ်သက်တဲ့ အိမ်ထောင်နဲ့ ကွဲတယ်
ကျနော်က စိတ်ကူးမှာတောင်
မချစ်သော်လည်း အောင့်ကာနမ်းဖို့ခက်ပေမဲ့
ကျနော်ထားရစ်ခဲ့တဲ့ မှတ်တိုင်လေးကတော့
ဆေးအသစ်သုတ်လို့ အဓိပ္ပါယ်အသစ်တွေရေးခြစ်လို့
ကျနော်ဖြတ်ကျော်ခဲ့တဲ့ ဘူတာရုံလေးကလည်း
အသစ်ဆိုက်ကပ်လာတဲ့ ယာဉ်ရထားတွေနဲ့ ပျော်မွေ့လို့
ကျနော်က ရွာမတွေ့မချင်း
လမ်းဆက်လျှောက်နေရဆဲပါပဲ……။
ငြိမ်းချမ်းအောင်
27 April, 2009
ဘောလုံးနဲ့ရေးတဲ့ကဗျာ (၁)
ကျနော့်ကို ချ,ထားတဲ့ကောင်တွေကို
ကျနော်က ပြန်ချတယ်
ကျနော်က ချ,ထားတဲ့ကောင်တွေက
ကျနော့်ကို ပြန်ချတယ်
ဘောလုံးကစားတယ်ဆိုတာ
ပန်းနဲ့ပေါက်တန်းကစားတာမဟုတ်တော့
ထိခိုက်ဒဏ်ရာကိုယ်စီတော့ ရှိကြတယ်
လက်ရည်မမျှတဲ့ စိန်ခေါ်သံတွေကို
ကျနော် မကြားချင်ယောင်ဆောင်ခဲ့တယ်
ခရာတွတ်နေတာတောင်
ကျနော့်နားရွက်ကို တံတွေးလာစွတ်နေလို့
ဒေါသနဲ့ ဂိုးအပြတ်သွင်းပစ်ခဲ့တယ်
လူမကျွံအောင် ကျနော်သတိထားကစားတယ်
ကိုယ့်ဂိုးကိုယ်ပြန်မသွင်းမိအောင်
ကျနော် အလေးထားတယ်
အနီကဒ်ပြပြီး အထုတ်ခံရလောက်အောင်လည်း
ကျနော် စည်းကမ်းမဖောက်ဘူး
ရာသက်ပန်အနားယူရလောက်တဲ့ ဒဏ်ရာမျိုးရအောင်လည်း
ကျနော် သတိလက်လွတ် မကစားဘူး
အရံခုံမှာ ထိုင်နေရတဲ့အခါ
အသင်းဖော်တွေကို အားတက်သရော အားပေးတယ်
ကိုယ်တိုင်ဝင်ကစားရတဲ့အခါ
အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ အားမွေးတယ်
တသင်းတည်းသားချင်း ခြေခွင်မလှဲဘူး
နောက်ကျောကနေ လက်သီးပုံးမထိုးဘူး
ကျနော်ပါဝင်ကစားခွင့်ရတဲ့ အသင်းမှာ
ကျနော် အကောင်းဆုံးကစားခဲ့ပါတယ်။ ။
ငြိမ်းချမ်းအောင်