28 June, 2010

ချစ်နေသေးတယ်ဆိုရင် ယုံမှာလား မစကားဝါ

ဇွန်ပန်းတွေပွင့်ခဲ့ပြီ မစကားဝါ
နယုန်မိုးသေးမြက်တွေသားမွေးလို့
လယ်ကွင်းနဲ့တောင်ယာခင်းတွေပျိုးကျဲ
ရှစ်ခွင်တိုင်းမှုန်မှိုင်း၊ တောင်လည်းညိုတောလည်းစို
ကျနော်တို့နေထိုင်တဲ့အရှေ့တောင်အာရှတစ်ခွင်မှာ
မုတ်သုန်မိုးမည်း ဖြိုင်ဖြိုင်သည်းခဲ့ပြီကော

မြေစိုင်မြေခဲကိုရုန်းကန်ထိုးဖောက်
ပုန်းညက်နဲ့မြတ်လေးပန်းတွေ
ပွင့်အာကြပြီ
လောကတစ်ခွင်မွှေးရနံ့ဆင်ဖို့
စံပယ်နဲ့ဇီဇ၀ါတွေ ရှင်သန်ကြီးထွားလာကြပြီ

ကဆုန်လမှာ စကား၊ စကားဝါ၊ ချဲယား
နယုန်လမှာ မုလေးနဲ့စံပယ်
ဝါဆိုမှာ ပုန်းညက်၊
ဝါခေါင်မှာ ခတ္တာနဲ့ မိုးဆွေ
တော်သလင်းမှာ ယင်းမာပန်းတွေပွင့်သတဲ့

ဘယ်ပန်းသာလို့ယဉ်မှာလဲ မစကားဝါ
ပန်းမြတ်တကာ့ပန်းတော်ဝင်ထဲမှာ
ဆယ်စုနှစ် နှစ်ခုကိုဖြတ်သန်း
အခုတိုင်စွဲလန်းနေတာ
စကားဝါပန်းရနံ့တွေပါကွယ်

ညိုညိုလေးနဲ့ချောလို့
ညိုချောလို့ခေါ်တာပေါ့လို့…

ချစ်တယ်မစကားဝါ
ထွေးထွေအုပ်အုပ်ဆံပင်ရှည်ရှည်တွေကိုချစ်တယ်
ဆင်မယဉ်သာခြေလှမ်းလေးတွေချစ်တယ်
မစကားဝါဖြတ်လျှောက်သွားတဲ့မြေနီလမ်းလေးကိုချစ်တယ်
ပြုံးလိုက်ရင်ခွက်ဝင်သွားတဲ့ပါးချိုင့်လေးကိုချစ်တယ်
‘မောင်’ လို့ခေါ်တတ်တဲ့ဆွဲလဲသံနူတ်ခမ်းပါးလေးကိုချစ်တယ်
မစကားဝါအမြဲစီးတဲ့ပန်းမြို့တော်စက်ဘီးလေးကိုချစ်တယ်
မစကားဝါကိုယ်ငွေ့နဲ့နွေးတဲ့ ‘Joy’ ဂျင်းဂျက်ကက်လေးချစ်တယ်
ကျော့ရှင်းတဲ့မူယာ၊ ပြောင်းသွယ်နွဲ့ခန္ဓာ
လည်တိုင်ရှည်ရှည်လေးနဲ့မျက်နှာသွယ်သွယ်လေးကိုချစ်တယ်

တကယ်တော့မစကားဝါ
ခင်ဗျားအတွက်ငွေဆိုတာအရေးအကြီးဆုံးမဖြစ်သင့်သလို
ကျနော့်အတွက် မစကားဝါဟာ အရေးအကြီးဆုံးမဖြစ်သင့်ပါဘူး
လူသားအဖြစ်ရရှိခြင်းမှာ
ငွေထက်အရေးကြီးတဲ့အရာတွေရှိတယ်
အချစ်ထက်အရေးကြီးတဲ့အရာတွေလည်းရှိခဲ့ပါတယ်

အားတင်းထားပါမစကားဝါ
ဝေးခဲ့တဲ့နှစ်တွေမှာ
ကျနော်လည်းကိုယ်စိတ်နှစ်ပါးကျန်းမာရေးမကောင်းလှဘူး
စစ်အေးခေတ်လွန် ၂၁ရာစုကမ္ဘာကြီး ပိုပြီးပူနွေးလာတယ်
သစ်တောတွေပြုန်းတီး၊ ရေတွေကြီး၊ မီးတွေလောင်
မီလီယံနာတွေကဘီလီယံနာတွေဖြစ်သွားကြတယ်
ဆင်းရဲသားတွေကနင်းပြားဖြစ်ဆဲပါပဲ

လူဆိုတာ ပဋိပက္ခသတ္တ၀ါပါမစကားဝါ
လူ့ဘောင်လောကကြီးတည်ရှိနေသ၍
ပြဿနာတွေ၊ အမုန်းတွေ၊ စစ်ပွဲတွေ တည်ရှိနေမယ်

ဘ၀ဆိုတာတိုက်ပွဲတဲ့
ကျနော်တို့သောကအပူမီးတွေမငြိမ်းသေးဘူး
သတ္တ၀ါတွေကိုမေတ္တာထားဖို့၊ ရောင့်ရဲတင်းတိမ်စိတ်မွေးဖို့
ဗုဒ္ဓဒေသနာတရားတွေက ကျနော်တို့ကို သင်ကြားခဲ့တယ်
အချိန်အားရတဲ့အခါ ပရဟိတ အလုပ်တွေလုပ်ကိုင်ပါ
အားနည်းသူနဲ့သတ္တ၀ါတွေကိုကြင်နာသနားပါ

မနက်ဖြန်အကြောင်းမပြောကြသေးရင်ကောင်းမယ် မစကားဝါ
ခုချိန်ဆို ဧရာဝတီမှာရေနောက်ပြီ
နယူးယောက်က ဟတ်ဆန်မြစ်ကြီးကတော့
နွေရာသီအပူလိုင်းကိုဖြတ်သန်းစီးဆင်းနေလိမ့်မယ်
ကျနော်ရောက်နေတဲ့ထိုင်းနိုင်ငံမှာတော့
လူဖမ်းပွဲတွေခြိမ့်ခြိမ့်သဲကျင်းပနေကြတယ်

ကိုယ်စီဘ၀တွေဖြတ်သန်းရင်း
ခုတော့ခင်ဗျားလည်းအိမ်ထောင်သားမွေးမိခင်ဘဝ
ကျနော်လည်း အဝေးမြို့တစ်နေရာမှာ ခရီးဆက်ဆဲပါပဲ

ဇွန်ပန်းတွေပွင့်ခဲ့ပြီ မစကားဝါ
ကမ္ဘာလောကတစ်ခွင်လုံးစိန်းစိုလန်းဆန်းလို့
ကျနော်တို့ငယ်ငယ်ကခူးယူဆော့ကစားခဲ့တဲ့
အမြီးဖွားဖွားခွေးရုပ်ပင်ကလေးတွေ
လေပြေနဲ့အတူယိမ်းထိုးလူပ်ရှားနေကြတယ်

လမ်းဘေးက မြက်ပင်တွေနဲ့အလေ့ကျတောရိုင်းပန်းကလေးတွေတောင်
ရှင်သန်ခွင့်အတွက် မိုးရေစက်တွေကို ကျေးဇူးတင်နေကြလိမ့်မယ်

ဘာပဲဖြစ်ဖြစ်
လူသားအဖြစ်ရရှိခြင်းအတွက်
ကမ္ဘာမြေကိုကျေးဇူးတင်လိုက်ပါ
ပြီးတဲ့အခါ
နံနက်ခင်းမှာပွင့်တဲ့ပန်းကလေးတွေကို ပြုံးပြလိုက်ပါ
နူတ်ဆက်လိုက်ပါတယ် မစကားဝါ
Good bye!

ငြိမ်းချမ်းအောင်

Read More...

17 June, 2010

06, 11, 2010 – 7:11 PM

ဒီလိုညနေခင်းမျိုးနဲ့ဆုံစည်းခွင့်သာမရရင်
ငါ့အတွက်လူဖြစ်ရကျိုးနပ်မှာမဟုတ်ဘူး

အမှောင်မရုပ်သိမ်းသေးဘူး
မိုးသားကင်းစင်ကြည်လင်ဝင်းပလို့
ကောင်းကင်ပြာအောက်မှာ
အိပ်တန်းအ၀င်နောက်ကျတဲ့ကျေးငှက်တွေတေးသီဆဲ
ဟောဟိုမှာရှည်မျောမျောသွယ်တန်းနေတဲ့ဓါတ်ကြိုးတွေ
သံသယာလိုရှည်လျှားလှပေစွ
နိုင်လွန်ကတ္တရာခင်း ခဲသားရောင်အဝေးပြေးလမ်းမ
တိမ်တောက်ချိန်မှာ အပျိုမပါးပြင်လိုချောညက်ပေစွ
အသုံးမတည့်လှတဲ့မြက်ရိုင်းပင်တွေ
တောထလေယူရာတိမ်းယိမ်းလို့
မုတ်သုန်ရာသီကိုဖြတ်ကျော်ဖို့
ကွင်းပြင်ထဲမှာလယ်စောင့်တဲတစ်လုံး
ကြံ့ခိုင်မူရှိပါစ
ဝမ်းရေးအတွက် အလေ့ကျကန်စွန်းနဲ့ချဉ်ပေါင်ခင်းတွေရှိတယ်
မိုးဦးစံပယ်ရုံတွေဖြတ်တိုက်လာတဲ့လေထဲမှာ
မေတ္တာတရားဟာမွှေးထုံသင်းပျံ့လို့

မဆုံးနိုင်သေးဘူး
အဲဒီသံသယာဆိုတဲ့ခရီးဟာ
နဗူးခြုံနွယ်ပေါ်ကပုစဉ်းတစ်ကောင်
‘သူ’ ဘာစဉ်းစားနေတယ်ဆိုတာငါမသိဘူး
ခြံစည်းရိုးပေါ်ကို ပဲနွယ်ပင်တွေသူ့ထက်ငါအလုအယက်နွယ်တက်လို့
မျှော်လင့်ချက်နဲ့ရှင်သန်နေကြတယ်

ငြိမ်းချမ်းအောင်

Read More...

01 June, 2010

၂၀၁၀ ဖလားလုပွဲ

အာဂျင်တီးနားအသင်းဗိုလ်စွဲရင်
ဗျူနိုအေရီစ်မြို့လယ်ခေါင်ဝတ်လစ်စလစ်ပြေးမတဲ့
ဂန္တ၀င်ဘောသမားကြီးမာရာဒိုနာကြုံးဝါးလိုက်တယ်

စိတ်လွတ်လက်လွတ်ဘယ်သူတွေပျော်ခဲ့ဖူးလဲ ?

၁၇၇၆ မှာ အမေရိကန်လွတ်လပ်ရေးရတယ်
ဂုဏ်သိက္ခာရှိတဲ့ အောင်ပွဲအတွက် အနှစ် ၂၀၀ ကျော်
သဘင်ဆင်နွှဲတာ ဘယ်သူတွေဘာပြောချင်လဲ

၈၈ အရေးအခင်းပြီးတော့
ဒီမိုကရေစီရမှ ငါ့ဆံပင်တွေဖြတ်မယ်လို့
လူတချို့ကြုံးဝါးခဲ့ဖူးတယ်
အနှစ် ၂၀ အတွင်းမှာ ဘယ်သူတွေ ဆံပင်ဘယ်လောက် ရှည်ခဲ့ကြပြီလဲ ?

တရားသဖြင့်ပြိုင်ပွဲတွေဟာ မင်္ဂလာတရားတော်နဲ့ညီတယ်
ခြေရည်တူကစားပွဲတွေမှာ ကံအကြောင်းမလှတဲ့အသင်းရူံးနိမ့်မယ်
ဒိုင်ညစ်ရင် ဒိုင်ကိုအရေးယူနိုင်တယ်
ကစားသမားညစ်ရင် အ၀ါကဒ်အနီကဒ်ပြပြီး ကွင်းပြင်ထုတ်မယ်

ကျနော်ထင်တယ်
အီတလီ (သို့မဟုတ်) အင်္ဂလန်အသင်းဗိုလ်စွဲမယ်လို့
(မည်သို့ဆိုစေ)
သန့်ရှင်းစင်ကြယ်တဲ့ကစားပွဲမှာ
ပြိုင်ပွဲဝင်အသင်းတိုင်း
ဖလားရရေးအိပ်မက်ခွင့်ရှိတယ်

အာဂျင်တီးနားဖလားရရေးအတွက်
မျိုးချစ်စိတ်အပြည့်နဲ့အားထည့်
ဂျိုဟန်နက်စ်ဘတ်မြို့က
မက်ဆီကန်သွင်းလိုက်တဲ့ဘောလုံးဟာ
ဂိုးပိုက်ကိုထုတ်ချင်းဖောက်
သိန်းစိန်နဖူးတည့်တည့်ထိမှန်လိုက်မယ်ဆိုရင်ဖြင့်
မာရာဒိုနာအပျော်ထက်
မြန်မာပြည်သူတွေရှစ်ဆကဲမယ်ဆိုတာ
မြင်ယောင်သေးတော့တယ်။ ။

(ဘောဝါသနာရှင်.. ကိုအောင်အတွက်)

ငြိမ်းချမ်းအောင်

Read More...

26 May, 2010

ထာဝရ

မနေ့ညကရွာသွန်းခဲ့မိုးရေစက်လေး
မိုးလင်းတော့ဘယ်ပျောက်သွားပြီလဲ
ညကမက်တဲ့အိပ်မက်ထဲမှာပွင့်တဲ့ပန်းကလေး
ဒီမနက်ဘာလို့မမွှေးမြတာလဲ

စိန်ပန်းနဲ့ရဲရဲနီနေတဲ့လမ်းကလေး
ကံ့ကော်ဝတ်ဆံနဲ့ချုပ်ထားတဲ့ဒန်းကလေးလွှဲလို့
အညိုရောင်ဆံနွယ်ခွေလေးတွေလေမှာဝဲလို့
ညိုပြာညက်ပါးချိုင့်လေးဘယ်ဆီမှာလဲကွယ်

ခြားရဟတ်ကလေးလေမှာဝဲသလို
ညနေခင်းမြက်ပင်လေးတွေ
ယိမ်းထိုးလူပ်ရှားကစားနေသလို
ဝေးဝေးလှမ်းလှမ်းကပန်းကလေးပြုံးပြလိုက်တာပဲဖြစ်ဖြစ်

မသိလိုက်မသိဘာသာပန်းကလေးဖြတ်လျှောက်သွားတာပဲဖြစ်ဖြစ်
သူရှိနေတယ်ဆိုတဲ့အသိနဲ့ ရှင်သန်ခဲ့တယ်

အရှိတရားတွေဒီအတိုင်းရှိစေတော့
အသိတရားတွေဒီအတိုင်းသိစေတော့
စိုက်ခင်းတွေမဖြစ်ထွန်းတာ
မုန်တိုင်းကြောင့်ချည်းမဟုတ်ဘူး

ဒီမနက်
ငှက်ကလေးတွေနဲ့အတူ
နိုးထလာတဲ့ငါ့ပြတင်းပေါက်ကလေး
လေညင်းကလေးရေ..
မင်္ဂလာနံနက်ခင်းပါကွာ

သဘာဝတရားက သစ္စာမဖောက်မလွဲ
အရိုးခံအတိုင်းရှိခဲ့တယ်။ ။

ငြိမ်းချမ်းအောင်

Read More...

19 April, 2010

အချစ်ရေ ဗုံးတွေခွဲ ဗုံးတွေကွဲ

အချစ်ရေ ဗုံးတွေခွဲ ဗုံးတွေကွဲ
နှစ်သစ်ကူးကိုဗုံးနဲ့ကြို
ဘန်ကောက်မြို့တော်ကြီးမှာ
ဗုံးတွေကွဲ ဗုံးတွေခွဲ

အချစ်ရေ ဗုံးတွေကွဲ ဗုံးတွေခွဲ
X2O ရေကစား မဏ္ဍပ်မှာ
ဗုံးတွေကွဲ ဗုံးတွေခွဲ
ပူလောင်တဲ့သင်္ကြန်ရက်တွေ
မလန်းနိုင်တော့ဘူးအချစ်ရယ်

အချစ်ရေ ဗုံးတွေခွဲ ဗုံးတွေကွဲ
ငရဲကိုအရှင်လတ်လတ်ရောက်နေသလို
အထက်မီးအောက်မီးထိုး
နိုင်ငံရေးအပူမီးကတစ်မျိုး
အရက်နဲ့ဘီယာအပူထပ်တိုး
အချစ်ရေ ဗုံးတွေခွဲ ဗုံးတွေကွဲ
စိန်ပန်းနဲ့ကံ့ကော်တွေ
ထိတ်လန့်အောင်မလုပ်နဲ့ကွယ်
မြစ်ဆုံမှာလည်း ဗုံးတွေကွဲ ဗုံးတွေခွဲ
ငုဝါပန်းကလေးတွေ
ကြောက်လန့်အောင်မလုပ်နဲ့ကွယ်

အချစ်ရေဗုံးတွေကွဲ ဗုံးတွေခွဲ
ဖက်ဆွတ်ရေမတိုး
သင်္ကြန်လက်ဆေးမိုးမရွာ
ပိတောက်မပွင့်တဲ့သင်္ကြန်
မလန်းနိုင်တော့ဘူးအချစ်ရယ်

အချစ်ရေဗုံးတွေကွဲ ဗုံးတွေခွဲ
လူအထင်ကြီးလည်းမနည်းဘူးဆိုပြီး
ဒီဗုံးကို ငါခွဲတယ် မပြောလိုက်ပါနဲ့ အချစ်ရယ်
အချစ်ရေ ဗုံးတွေခွဲ ဗုံးတွေကွဲ
ယုံထင်ကြောင်ထင်ဖြစ်အောင်
ရူးချင်ယောင်မဆောင်လိုက်ပါနဲ့ကွယ်
အချစ်ရေ ဗုံးတွေခွဲ ဗုံးတွေကွဲ
အစွယ်လိုသူမိဖုရား
အသွားစေခိုင်းသူ မင်းဧကရာဇ်
ဗုံးခွဲသူငမိုက်သား
အချစ်ရေဗုံးတွေကွဲ ဗုံးတွေခွဲ
အဲဒီဗုံးကို ဘယ်သူခွဲ
တပ်ချုပ်ကြီးမခွဲရင် ဘယ်သူခွဲမှာလဲအချစ်ရယ်
အချစ်ရေ ဗုံးတွေခွဲ ဗုံးတွေကွဲ

ငြိမ်းချမ်းအောင်

Read More...

10 April, 2010

ဇင်းမယ်မှာ ညီမလေးပန်ဖို့ ပိတောက်တွေ ၀ါဝါထိန်တောက်လို့နေခဲ့တယ်

ညီမလေးရဲ့ချစ်မေတ္တာနဲ့ပွင့်လာတဲ့ပိတောက်ဝါတွေ
ကျနော့်ရင်ခုန်သံနရီစီလိုင်းတွေနဲ့သင်းထုံဂုဏ်မောက်လို့နေခဲ့တယ်

နေကိုအန်တုလို့
နွေလေပူထဲမှာ
ပိတောက်နဲ့ငုဝါတွေ
ငွားစွံ့
ကြွားဝံ့
အပွင့်ရဲလိုက်ကြတာ

အသက်ကြီးလည်း
မပျက်စီးဆဲမေတ္တာစစ်နဲ့ချစ်ခဲ့တယ်

နီးနီးဝေးဝေး
ဝေးဝေးလှမ်းလှမ်း
အချစ်စစ်ဆိုတာ
သစ္စာနဲ့ပွင့်ပြီး
မေတ္တာကြောင့်တင့်ခဲ့တယ်

ညီမလေးရယ်
အရာအားလုံးကိုခေတ္တမေ့
သင်္ကြန်လေပြေရဲရဲပွေ့ပါ
မင်းပန်ဖို့ပိတောက်ဝါ
နိုင်ငံရေးသဘောထားမပါဘူး
အငြင်းအခုံအနိုင်အရူံးမပါဘူး
မြတ်နိုးတွယ်တာချစ်မေတ္တာရေစင်ဖျန်း
ဒီနွေဦးဟာ.. လန်းဆန်းရမယ်



ညီမလေးရယ်

မိုးလောက်ကြီးချစ်ပါတယ်
မြေလောက်ကြီးချစ်ပါတယ်
ပင်လယ်လောက်ကြီးချစ်ပါတယ်
ချစ်ချစ်ရဲ့ကြည်နူးပျော်ရွှင်မူနဲ့
ပိတောက်တွေရွှေရည်လူးခဲ့တယ်

သစ္စာမြဲရင်
နွယ်မြက်သစ်ပင်ဆေးဖက်ဝင်သတဲ့

သူရဲကောင်းတို့ရှိတဲ့မြေမှာ
သစ္စာတရားမြဲမြံစေ
ငုဝါတို့လန်းဖြန်းဝေ


၂၀၁၀ ကားလိပ်ဖွင့်တော့
ငါ့ပြည်ငါ့ရွာမှာ
စစ်ဖိနပ်နဲ့နင်းခြေမွ
ပိတောက်ဝါတွေကြေမွလို့နေခဲ့တယ်…

ငြိမ်းချမ်းအောင်

Read More...

18 March, 2010

၂၀၁၀ ကိုဖြတ်၍ ချစ်ခြင်းများစွာဖြင့် ..

အေအိုင်ဒီအက်စ်ရောဂါဖြစ်ရင်..ARV ဆေးရှိတယ်
ဆုံးဖြတ်ချက်မှားရင်.. ဆေးမရှိဘူး..။

ဒီလိုနဲ့..
ပညာတတ်တွေက ကွက်စိတ်တွေဟော
တတ်ယောင်ကားတွေကဘေးထိုင်ဘုပြော
ဖောက်ပြန်ရေးသမားတွေကဖောက်ပြန်ရေးစကားတွေပြော
အခြေအနေကရူပ်ထွေးရန်ကော

အာဏာရူးတွေက မကြာခဏဘက်ပြောင်းတယ်
လူငယ်တွေကအရက်သောက်ဘောလောင်းတယ်
ကောင်မလေးတွေကစပွန်စာကြောင့်ဘ၀ပြောင်းတယ်

နိုင်ငံရေးသမားတချို့က သဘောထားမမှန်
နအဖက ခွေးကျင့်ခွေးကြံကြံ 

ပြည်သူတို့ရေ အခြေအနေမဟန်
ဗမာပြည်ကြီးရေ ဒေ၀ါလီသာခံ

အေးလွင်က အရိုးအရင်းကိုက်ပြီးလေချဉ်တွေတက်
နေမျိုးဝေက ပါတီတွေဖွဲ့
ဦးရွှေအုန်းရေ အသက်တွေလည်းကြီးပြီစိတ်လျှော့လိုက်ပါ.. ဘဘရေ
ဦးသုဝေ နောက်တစ်ခါလာပြန်ပြီလား စိန်လားမြလား ဟေလာမောင်တို့ဝါး

ကမ္ဘာကြီးက စုတ်သတ်ပြီး ယဉ်ကျေးဟန်ဆောင်တယ်
သူဌေးသူကြွယ်တွေက တစ်ပဲခြောက်ပြားပေးပြီးကျေးဇူးတင်ခံချင်တယ်
တရုတ်ကြီးက ပေါချောင်ကောင်းရဖို့ကြံတယ်

ဒီလိုနဲ့..
ဘဒ္ဒန္တဘွဲ့ခံကျောင်းထိုင်ဆရာတော်ကသစ်ခိုးထုတ်
သံဃမဟာနာယကဆရာတော်ကြီးအများနအဖနဲ့အပေးအယူလုပ်
ပြည်သူ့ဘုန်းဘုန်းတို့ထောင်ပြင်ကန္နားထုတ်
ဗုဒ္ဓသာသနာရောင်ဝါမှေးမှိန်ဆုတ်ယုတ်

ပြည်သူတွေကတွေဝေနေတာလား
နိုင်ငံရေးသမားတွေက တာဝန်မကြေတာလား
ဗမာပြည်ကြီးဖွတ်မွဲပြာထိုင်ကျ

တေဇဆိုတဲ့ကောင်လည်းဘီလီယံနာကြီးဖြစ်လို့
အပျိုစင်သစ်တောတွေလည်းဝဋ်နာကံနာဖြစ်လို့
တိုင်းပြည်လည်း ဆင်းရဲတွင်းနစ်လို့
ခေတ်ပျက်သူဌေးတွေလည်း ခေတ်အခါခါပျက်ဖို့ဆုခြွေရစ်လို့

ပြည်သူသန်းငါးဆယ်က ပြည်တွင်းမှာ စစ်ကျွန်ခံ
ကျန် ဆယ်သန်းက တိုင်းတပါးမှာ ဖောရိန်းကျွန်ခံ
ဗမာဆိုတာကျွန်စော်နံ

စစ်တပ်ကဓါးပြတိုက်စားတယ်
ကြံ့ဖွတ်စွမ်းအားရှင်လက်ကိုင်ဒုတ်တွေကဖားပြီးစားတယ်
ဗိုလ်ချုပ်မူးကြီးတိုင်းပြည်ကိုရောင်းစားတယ်
နှမငယ်လေးတွေဖာခံပြီးစားတယ်

လူကြီးတွေက..စိတ်ဓါတ်ကျ
လူငယ်တွေက..လွမ်းနာကျ
ကောင်လေးတွေက..အရက်နာကျ
ကောင်မလေးတွေက..ဆေးချ..နှစ်လုံးထီချ
ပြည်သူတွေက.. ၀မ်းမဝ
နိုင်ငံရေးသမားတွေက လမ်းမပြ
ကုလသမဂ္ဂကြီးကလည်းသုံးမရ
SPDC ဆိုတဲ့ကောင်တွေကြောင့်ဒုက္ခ

ဗိုလ်ချုပ်ကြီးတို့ စေတနာကမမှန်
အခြေခံဥပဒေကြီးက သန္ဓေမမှန်
ရွေးကောက်ပွဲဆိုတာကြီးက အကြံအဖန်
ခေါင်းပေါင်းစတလူလူနဲ့ကြံ့ဖွတ်ကြီးတို့လွှတ်တော်တက်ဖို့ကြံ

ရွေးကောက်ပွဲဥပဒေဆိုတာလည်း လူပါးဝလွန်းတယ်
အရူးတွေအမဲသားကြိုက်တာကြားဖူးတယ်
မြေခွေးဥပုတ်စောင့်မလားစိတ်ကူးယဉ်မိတာမှားဖူးတယ်

NLD လည်း ရှေ့ဆက်ဖို့ခက်
ဗမာပြည်ကြီးလည်းဖွတ်တက်

ဒီလိုနဲ့
နောင်ဆယ်နှစ်အနှစ်နှစ်ဆယ်ကြာရင်လည်း
ပြည်သူကြီးဆင်းရဲနေဦးမှာအသေအချာပဲ
၂၀၁၀ ရွေးကောက်ပွဲဆိုတာလည်း
မျက်လှည့်ပွဲလိုပါပဲ

ဒီလိုနဲ့
အချစ်များစွာဖြင့်
ဒီကဗျာကို ကျနော်ရေးခဲ့တယ်။ ။

ငြိမ်းချမ်းအောင်

Read More...

02 March, 2010

အရက်သောက်ရခြင်းအကြောင်းရင်း

အိမ်ကမိန်းမနဲ့ အဆင်မပြေလို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
ဆယ်ကျော်သက်ကောင်လေးရည်းစားနဲ့ကွဲလို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
အလုပ်အကိုင်အဆင်မပြေလို့ အရက်သောက်တာလည်းဖြစ်နိုင်တယ်
အလုပ်အကိုင်အဆင်ပြေလို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
ချစ်သူဆီကချစ်အဖြေရလို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
ချစ်သူဆီကမုန်းတဲ့အဖြေရလို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
ယဉ်ကျေးမူအရအရက်သောက်တာလည်းဖြစ်နိုင်တယ်
ပွဲလမ်းသဘင်မို့ပျော်လို့ရွှင်လို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
သူငယ်ချင်းမိတ်ဆွေတွေအတင်းတိုက်လို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
ကြိုက်လို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
လောကကြီးကိုတခဏလောက်မေ့ထားချင်လို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
အပျင်းပြေမလားလို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
ခန္ဓာကိုယ်အသွေးအသားကတောင်းဆိုလို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
စိတ်ညစ်လို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
လူရာဝင်ချင်လို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
မသောက်ရမနေနိုင်လို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
ပျော်လို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
စားစရာမရှိလို့အရက်သောက်တာလည်းဖြစ်နိုင်တယ်
အရက်ကိုဘုရားကမကြိုက်ဘူး
သောက်တတ်ရင်ဆေး၊ မသောက်တတ်ရင်ဘေးတဲ့
အရက်ကြောင့်ဘ၀ပျက်သွားသူတွေ၊ ဘ၀ပျက်နေသူတွေအပုံကြီးရှိတယ်
လူညံ့တွေအတွက်အရက်ဆိုတာအရှင်သခင်
လူလိမ္မာတွေအတွက်အရက်ကကျေးကျွန်
ဘယ်အကြောင်းနဲ့ပဲသောက်သောက်
လူတွေရှိနေရင်အရက်တွေရှိနေဦးမယ်
အရက်တွေရှိနေသမျှလူတွေသောက်နေဦးမယ်
စိတ်ညစ်လို့အရက်ကိုသောက်တယ်
အရက်သောက်လို့စိတ်ညစ်ရရင်တော့ မမိုက်ဘူးမိတ်ဆွေ။

ငြိမ်းချမ်းအောင်

Read More...

27 February, 2010

ခွေးသားသတင်း

(မိမဆုံးမဖမဆုံးမသား သန်းရွေမြေးချာတိတ်အကြောင်းသတင်းတွေ မကြာမကြာကြားရတတ်ပါတယ်။ ဒီတစ်ခါ အီးမေလ်းထဲဝင်လာတဲ့ သတင်းနှစ်ပုဒ်ကတော့ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အဆင်အသွေးမျိုးစုံ ပေါင်းစပ်ယှက်ဖွဲ့ထားသလို ခံစားရတာမို့ အမှတ်တရအဖြစ် ဘလော့မှာ မှတ်တမ်းတင်လိုက်ပါတယ်။ ရေးသူအမည်တော့မပါ၊ မူရင်းအတိုင်းပါ။ ၇ ရက်သားသမီးများ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပြီး ရန်သူမျိုးငါးပါးဘေးမှ အမြန်ဆုံး ကင်းဝေးကြပါစေ။ ငြိမ်းချမ်းအောင်)

နေရွှေသွေးအောင် (ခ) ဖိုးလပြည့်နဲ့  တွဲပြီး မည်သူ့ ကိုမျှ ဂရုမစိုက်ဘဲ နှစ်ယောက်ပေါင်းကာ ထင်ရာစိုင်းနေသောသူ တစ်ဦးမှာ ဆေးဝန်ထမ်း ညွှန်ချူပ် ဗိုလ်ချူပ် သန်းအောင်ရဲ့  သမက်ဖြစ်သူ ချိုလေးဆိုသူ ဖြစ်ပါတယ်၊၊
နေရွှေသွေးအောင်နဲ့  ချိုလေးတို့ ဟာ သန်းရွှေရဲ့ အရှိန်အ၀ါ၊ မိဘဖြစ်သူတွေရဲ့  အရှိန်အ၀ါကို သုံးပြီး မြန်မာပြည်မှာ သောင်းကျန်းဆိုးရွားနေသူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ချိုလေးဟာ နေရွှေသွေးအောင်ကို အမှီပြုပြီး သူလုပ်ချင်တာတွေကို လုပ်ချင်သလို လုပ်ပါတယ်။ သူနဲ့ အတူ နေရွှေသွေးအောင်ကလည်း တွဲချက်ညီညီ ထင်ရာစိုင်းပါတယ်။ချိုလေးဟာ လိုင်စင်မဲ့ကားတွေကို လိုင်စင်ရအောင်လုပ်ဖို့ အတွက် နေရွှေသွေးအောင်ကို အသုံးချပါတယ်။ ဒီလိုလုပ်လို့ ရတဲ့အတွက် နေရွှေသွေးအောင်ကိုလည်း ကဲချင်တိုင်းကဲဖို့ အတွက် အတူတူ သွားလာကြပါတယ်။ သူတို့ နှစ်ယောက် အတူတူ တစ်တွဲတွဲ သွားလာတဲ့အခါမှာ မော်ဒယ်ဂဲလ် (Model Girls) တွေနဲ့  ချိန်းချက်ပြီး သွားလာကြတယ်။ သူတို့ သွားတဲ့ ကားတွေပေါါ်မှာလည်း အချက်ပြမီးလုံးကို ကားပေါ်တင်ပြီး အထူးကား (VIP car) အနေနဲ့ သိသာအောင် ပြပြီး ကြွားဝါ လုပ်ပြလေ့ ရှိကြောင်းကိုလည်း သိရှိရပါတယ်။ ဒီလို ချိုလေးရဲ့  ကပ်ဖားပြီး ပေါင်းသင်းမှုကို နေရွှေသွေားအောင်ကလည်း နဂိုကမှ သန်းရွှေရဲ့  မြေးဆိုပြီး ထင်ရာစိုင်းနေသူပီပီ အနှစ်ခြိုက်ကြီး ကြိုက်နှစ်သက်ကာ ကဲချင်တိုင်း ကဲနေပါတယ်။နေရွှေသွေးအောင်နဲ့  ချိုလေးတို့  ညတိုင်းနီးပါး သွားရောက်လေ့ရှိတာကတော့ မြရိပ်ညို ဖြစ်ပါတယ်။
သူတို့ နှစ်ဦးသွားတဲ့အခါတိုင်း သူတို့ နဲ့  ချိန်းချက်ထားတဲ့ မော်ဒယ်ဂဲလ်တစ်ချို့ ပါ ပါရှိပါတယ်။ နေရွှေသွေးအောင်၊ ချိုလေးတို့ နဲ့ အတူ အပေါင်းအပါတွေကတော့ ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီအုပ်စုပိုင်ရှင်ဖြစ်သူ ၀င်းအောင်ရဲ့ သားရယ်၊ နအဖ၀န်ကြီး စိုးသာရဲ့ သား အောင်စိုးသာတို့ ပါ ပါပါတယ်။ကဲချင်တိုင်းကဲကြတဲ့အခါမှာ မူးယစ်ဆေးဝါးသုံးစွဲတာတွေ မိန်ကလေးတွေနဲ့  အတူအိပ်တာတွေ လုပ်ကြပါတယ်။ သူတို့ က အစပြုပြီး အနှိပ်ခန်းတွေကို သွား၊ ကလပ်တွေကိုသွားပြီး သောင်းကျန်းတာမို့  နောက်ဆုံး ဒီအနှိပ်ခန်းတွေ ကလပ်တွေ ထင်ပေါ်ကျော်ကြားလာပြီး မသိနားမလည်တဲ့ အသက်အရွယ် မပြည့်သေးသူလေးတွေပါ သွားရောက်တာတွေ ဖြစ်လာကာ လူသိရှင်ကြားဖြစ်လာလို့  တစ်လောကမှသာ နေ့ ခင်းဖွင့်တဲ့ ဒေးကလပ် (Day Club) တွေ ပိတ်ပြလိုက်တာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် တိတ်တိတ်ပုံး ရှိနေသေးတဲ့ နေရွှေသွေးအောင်တို့ လို ပျက်စီးချင်တိုင်းပျက်စီး ထင်ရာစိုင်းချင်တိုင်း ထင်ရာစိုင်းနေတဲ့ အပေါင်းအပါ လူငယ်တွေ ဆုံတွေ့ ရာ နေရာတွေ ရှိနေပါသေးတယ်။ ဒီနေရာတွေမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး မိန်းကလေးများနဲ့  ဖြစ်ချင်တိုင်း ဖြစ်နေတာတွေ ရှိနေပါတယ်။ နေရွှေသွေးအောင်တို့  အုပ်စုရဲ့ အတွင်းမှာဘဲ အချင်းချင်း ဂွင်လုကြလို့  နောက်ဆုံး နေရွှေသွေးအောင်ရဲ့  ယုတ်မာတဲ့ စနက်ကြောင့် တင်အောင်မြင့်ဦးရဲ့  သားဖြစ်သူ (ဗိုလ်ကြီးဟောင်း) နိုင်လင်းဦး (တေဇာစောဦး) ပိုင်ဆိုင်တဲ့ ရန်ကုန် ကမ္ဘာအေး ဘုရားလမ်းမပေါ်ရှိ အနုပညာ ဦးစီးဌာနပိုင် မြေနေရာပေါ်မှာ ရှိတဲ့ “7 Lekker” ကဖေးဆိုင် ဖျက်ဆီးခံလိုက်ရတာပါဘဲ။ နိုင်ငံတော်မြေနေရာကွက်ပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်လို့ ရမလားဆိုပြီး မသိတဲ့သူတွေ အထင်ကြီးရအောင် အကြောင်းပြချက်နဲ့  နေရွှေသွေးအောင်က ပြောဆိုဖျက်ဆီးပြလိုက်ပေမယ့် တကယ်တော့ နေရွှေသွေးအောင်ရဲ့  အချင်းချင်းအပေါ် ကောက်ကျစ်ယုတ်မာမှုဘဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို အတွင်းသိ အစင်းသိကြသူတွေက သိကြပါတယ်။ ဒါကြောင့် သန်းရွှေ သေရင် နေရွှေသွေးအောင်တော့ သတိသာထားပေတော့လို့  ကြိမ်းဝါးနေကြပါတယ်။ ထို့ အတူ စစ်တပ်အတွင်းက ဗိုလ်ချူပ် အတော်များများဟာလည်း နေရွှေသွေးအောင်ကို မကျေမနပ်ဖြစ်နေတယ်လို့  သိရှိရပါတယ်။နေရွှေသွေးအောင်ကနေ နိုင်လင်းဦးရဲ့  ကဖေးဆိုင်ကို ဖျက်ပြစ်လိုက်တဲ့ အဓိက အကြောင်းရင်းကတော့ နေရွှေသွေးအောင်က အဲ့ဒီနေရာမှာ သူတို့ အပေါင်းအပါတွေ ကဲလို့ ရအောင် သီးသန့် ကလပ် (VIP club) တစ်ခုလုပ်ချင်လို့  ပြောဆိုရာကနေ ပြဿနာ စဖြစ်တာပါဘဲ။ ဒါကို နိုင်လင်းဦးက လက်မခံတဲ့ အတွက် နေရွှေသွေးအောင်က ချိုလေးရဲ့  မြှောက်ပင့်မှု၊ ကဖေးဆိုင် အစုရှယ်ယာပါတဲ့ အောင်စိုးသာရဲ့  ဘက်လိုက်မှုတွေကြောင့် ဒီလို အချင်းချင်း ဆော်ထည့်လိုက်တာ ဖြစ်ပါတယ်။ဒီလိုမျိုး နေရွေသွေးအောင်ကို အနီးကပ် မြှောက်ပင့်သွေးထိုးနေသူ ချိုလေးနဲ့  နဂိုကမှ ဘယ်သူကိုမှ ဗိုလ်မထားချင်တဲ့ နေရွှေသွေးအောင်တို့  ရဲ့  စနက်ဖြစ်ပါတယ်။ချိုလေးဟာ နေရွှေသွေးအောင်ကို မျောက်ပြဆန်တောင်းသလို လုပ်ပြီး စီးပွားရေးသောင်းကျန်းလာလို့  မသမာသော ငွေကြေးများနဲ့  ပြည့်စုံလာနေပါတယ်။ ချိုလေးဟာ အရပ် (၆) ပေ (၁) လက်မခန့် ရှိပြီး ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်တွေ ထိုးထားပါတယ်။ သူ့ မှာ ဆရာဝန်မတစ်ဦးနဲ့  အိမ်ထောင်ကျပြီး သမီး နှစ်ယောက်ရှိပေမယ့် သမီးချင်း နှမချင်း မစာနာဘဲ မိန်းကလေးတွေကို နေရွှေသွေးအောင်နဲ့  ပေါင်းပြီး ဖျက်ဆီးသောင်းကျန်းနေသူ ဖြစ်ပါတယ်၊၊နေရွှေသွေးအောင်ရယ် ချိုလေးရယ် အောင်စိုးသာတို့ ရယ်ဟာ ဂိုဏ်းအုပ်စုဖွဲ့ ထားပြီး ဂိုဏ်းအုပ်စုနာမည်ကို “ဆင်စွယ်” လို့  သတ်မှတ်ထားကြောင်းနဲ့  သူတို့ သွားလာသောင်းကျန်းတဲ့ နေရာတွေမှာ ဒီနာမည်ကို အသုံးပြုကြောင်း သိရှိရပါတယ်။ယခင် မဆလတစ်ပါတီ အာဏာရှင်နေ၀င်းရဲ့  မြေးတွေ သောင်းကျန်းပြီး ဂိုဏ်းဖွဲ့ ထားတဲ့ စကော်ပီယံ “Scorpion” ဂိုဏ်းထက် ပိုဆိုးတဲ့ သန်းရွှေရဲ့ မြေး နေရွှေသွေးအောင်ရဲ့  ဂိုဏ်းအုပ်စုကြောင့် သူတို့ အချင်းချင်း ဇတ်တူသားစား ဆော်ကြနှက်ကြတာအပြင် သူတို့ ရဲ့  အစပြုလုပ်ရပ်များကြောင့် အခြားသော မသိ နားမလည်သည့် အချို့ သော လူငယ်လူရွယ် ယောင်္ကျာလေး မိန်းကလေးများပါ ပျက်စီးမှု လမ်းကြောင်းပေါ်ရောက်ရှိနေတာ တွေ့ ရှိနေရပါတယ်။တင်အောင်မြင့်ဦးရဲ့  သား နိုင်လင်းဦးကို နေရွှေသွေးအောင် လူကြားကောင်းအောင် ပြောခဲ့တဲ့ “နိုင်ငံတော်မြေနေရာကွက်ပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်လို့ ရမလား” ဆိုတဲ့စကားအတိုင်း ပြောကြေးဆိုရင် “ပြည်သူတွေ ပိုင်ဆိုင်တဲ့ မြန်မာပြည်မြေပေါ်မှာ ဒီလို ထင်ရာစိုင်းလို့  ရသလား” ဆိုတာပါ။
+++++++++++++++++++++++++++++++++++++++++

ပြည်သူချစ်တဲ့အနုပညာရှင် တစ်ယောက် ရေတိမ်နစ်တော့မှာ တွေးပူနေမိတယ်။ လိုချင်ရမ္မက်ကြီးပြီး စိတ်ဓါတ်အဆင့်တန်းနိမ့်လွန်းလှတဲ့ သန်းရွှေတို့မိသားစုဟာသူတို့မနာလိုတဲ့လူတွေ ပေါ်မှာ အောက်လမ်းနည်းတွေ သုးံပြီးအနိုင်ယူလေ့ရှိတာကြောင့်ပါ။ ခုတစ်ခါတော့ စိုင်းစိုင်းအလှည့် ရောက်လို့ပါပြီ။ ပြီးခဲ့တဲ့ဖြစ်စဉ်တချို့ ပြန်ကြည့်ကြည့်ရအောင်။

၁. ကွယ်လွန်သူ အတွင်းရေးမှုး ၂ ဟောင်းတင်ဦးရဲ့သား၊ မြို့တော်ဝန်ဟောင်း ဦးကိုလေးရဲ့သမက်ဟာ ဘိုးတော် ၏ သမီး ၀က်ပုပ်မ..သန္တာရွှေကို အပျော်ကြံတယ်လို့ တစ်ဖက်သပ်စွပ်စွဲပြီးကားနဲ့တိုက်သတ်ခဲ့ ပြီး မတော်တစ်ဆမှုပါ လို့အကြောင်းပြခဲ့တယ်။ ကံကောင်းထောက်မစွာ အသက်မဆုးံရှုးံခဲ့ရပေမယ့် အဖြစ်မှန် ကို ရေလုံနှုတ်ပိတ်ပြီး နိုင်ငံခြားရေးရုးံမှလည်း အလုပ်ဖြုတ်ခံရကာ ဒုက္ခိတဘဝနဲ့ အရိုးထုပ်နေရပါတယ်။

၂. စိမ်းလဲ့ကန်သာ၅လောင်းပြိုင်လူသတ်မှု ယနေ့ထိမဖော်ထုတ်နိုင်သေးပါဘူး။ သန္တာရွှေ ရဲ့ မင်္ဂလာပွဲ အတွက် မိုးကုပ်မြမောင် မိသားစုသာလျှင် ပိုင်ဆိုင်တဲ့ ဖိတ်ဖိတ်တောက် စိန်တွေ ဌား။ အရှက်မရှိ သူ့ ဟာလိုကြွား လောဘတက် ပြန်မပေးချင်တော့ မိသားစုတစ်စုလုံး အသေသတ်ပြီး.သတင်းအမှောင်ချပြီးတော့ မီဒီယာတွေ မေ့ပျောက် သွားအောင် လှည့်စားနေပါတယ်။ အမေရိကန်သံရုးံက CCTV မှတ်တမ်းခွေပေးခဲ့တော့ ဗိုလ်ချုပ် မောင်ဘို ကိုယ်တိုင်ပြည်ထဲရေးဝန်ကြီးရုးံမှာ လာသိမ်းသွားခဲ့ပါသတဲ့။ ဘာလို့လဲဆိုတော့အဲဒီအိမ်ထဲကို နောက်ဆုးံ ဝင်သွားတဲ့ ပါရာဒိုအနက်ရောင်ကားဟာ ကြိုင်သန်းရွှေရဲ့ကားဖြစ်နေလို့ပါတဲ့။

သာမန်လူတမ်းစားတွေဒီလိုရာဇဝတ်မှုမျိုးကျုးလွန်ချင်ပါတယ် ဆိုရင်တောင် ကျုးလွန်နိုင်လောက်တဲ့ လက်နက်အင်အားမရှိပါဘူး။ ဒါကြောင့်ဗိုလ်ချုပ်ရဲမြင့်သား အောင်ဇော်ရဲမြင့် ကို စိတ်ကြွဆေးပြားတွေ ထုတ်လုပ် တာမိတော့ တရားရုးံတင်ဖို့နေနေသာ သာဖမ်း တောင်မဖမ်းရဲပါဘူး။ ဆေးသမားက သူတို့ထက်ကြမ်းတယ် ဖမ်းရဲဖမ်းကြည့် ၅ လောင်းပြိုင်ကိစ္စဖော်လိုက်မယ် ဆိုတာနဲ့သန်းရွှေကြီး အမြှီးကုပ်သွားရပါတယ်တဲ့။

၃. မေ ၃၀ ဒီပဲယင်းလူသတ်ပွဲကြီးကတော့ ကမ္ဘာသိမို့အထူးမပြောတော့ပါဘူး။ပုဂ္ဂိုလ် ရေးမနာလိုစိတ်ရယ် မိသားစု ကောင်းစားရေး အတွက် သန်းရွှေခြေကုန်ထုတ်ရမ်းခဲ့တဲ့ ရာဇ၀တ် ပွဲပါ။

၎. မကြာခင်ကမှဖြစ်သွားတဲ့နောက်တစ်ခုကတော့ 7 CORNER ဆိုတဲ့အတွင်းရေး မှုး ၁ တင်အောင်မြင့်ဦးသား နဲ့ စီမံကိန်းဝန်ကြီးစိုးသာ သာ တို့ပိုင်တဲ့ဆိုင် ကယိုးဒယားက စားဖိုမှုး၊ ကြိုးမဲ့အင်တာနက်တွေနဲ့ ရန်ကုန် လူငယ်တွေကြား ရေပန်းစားလာတော့စိန်မျောက်မျောက်က ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးခိုင်းတဲ့ထိမ နာလိုစိတ်ပြင်း တဲ့ မိသားစုတွေပါ။ မြေးကမရင့်ကျက်သေးလို့လုပ်တယ် ဆိုရင်တောင် သေခါနီး အဘိုးနဲ့အဖွားက မဆုးံမကြဘူး လား။ မြေးတစ်ယောက်ကိုတောင်နိုင်အောင် မအုပ်ထိမ်းနိုင်တဲ့အဘိုးက ၅၅ သန်းရှိတဲ့တိုင်းပြည်ကို အုပ်ချုပ်လို့ တိုင်းပြည်ပျက်တာ ဆန်းသလားဗျာ။

ခုလက်တလောစိန်မျောက်မျောက် အရူးရောဂါ နှာဘူးရောဂါ ထနေပြီး။နိုင်ငံတော်အုပ်ချုပ်ရေးပိုင်းမှာတောင်ဝင် စွက်လာပြီ။ နေမြင့်လေ အရူးရင့်ဆိုသလို။ အောက်ကသတင်းလေး ဖတ်ကြည့်ကြပါအုးံ။

အနုပညာရှင်တစ်ယောက်ရဲ့တွေရဲ့ဓါတ်ပုံဖော်ပြခွင့်ကိုအဘိုးရဲ့အာဏာသုးံပြီးပိတ်ပင်တယ်ဆိုတော့ဒီနိုင်ငံဟာဘယ်အခြေနေရောက်နေပြီလဲ။ တရားတဲ့ဥပဒေဆိုတာကောရှိသေးရဲ့လား။
မကြာခင်မှာ ဒီထက်တဆင့်တက်ပြီးမနာလိုစိတ်နဲ့ အကောက်ကျစ်ဆုးံအောက်လမ်း ပေါင်းစုံနဲ့ စိုင်းစိုင်းကို တိုက်ခိုက်တော့မယ် ဆိုတာ မြေကြီး လက်ခက်မလွဲပါဘဲ။ ဘယ်ပုံဘယ်နည်းနဲ့ယုတ်မလဲရယ်။ ဘယ်တော့လည်း ဆိုတာကိုတော့ မကြာခင် အဖြေထွက်မှာပါ။

ဒီမိသားစုတစ်စုကြောင့် ၅၅ သန်းသော ပြည်သူတွေ မှီတင်းနေထိုင်တဲ့မြန်မာနိုင်ငံမှာ
အပြစ်မဲ့ ပြည်သူဘယ်လောက်သေခဲ့ရပြီးပြီလဲ၊
အပြစ် မဲ့ပြည်သူ ဘယ်လောက် ဘဝတွေပျက်ခဲ့ရပြီလဲ၊
အပြစ်မဲ့ပြည်သူ ဘယ်လောက် အကျဉ်းကျခဲ့ကြပြီးပြီလဲ၊
အပြစ်မဲ့ပြည်သူ မည်မျှငတ်ပြတ်ခဲ့ရပြီလဲ.
မိသားစုတွေ ဘယ်လောက်ငိုကြွေးနေရဆဲလဲ။
ဒါကြောင့်နောက်ထပ်ပြည်သူချစ်တဲ့အနုပညာရှင် တစ်ယောက်အကြောင်းမဲ့ မဆုးံရလေအောင် စိုင်းစိုင်းရေ သတိထားပါ၊

Read More...

19 January, 2010

၂၀၁၀

ဆုပ်လည်းစူး
စားလည်းရူး
ဘယ်လမ်းရွေးရွေး
မထူးတဲ့ ၂၀၁၀။ ။

ငြိမ်းချမ်းအောင်

Read More...

03 December, 2009

ဆောင်းဦးပေါက်ချိန်

တောအုပ်ရဲ့အထီးကျန်မူမှာ
မေပယ်လ်ပင်တွေမျက်နှာမရကြဘူး
မှိုင်းမှိုင်းညို့ညိုတောင်တန်းနံဘေး
မြစ်မင်းရစ်ခွေစီးဖြာအပြာ
ဆောင်းဦးပေါက်မှာငွေ့ရည်ဖွဲ့သော
နှင်းတို့ရောက်ချိန်များဆိုရင်
သစ်တောဟာသူ့အပေါ်လွာဝတ်ရုံကိုတစ်လွှာချင်းခါချတယ်
နီကျင်ကျင်ဝါဖျော့ဖျော့ရွှေအိုရောင်အဆင်း
ရွက်ကြွေတို့တဖျောဖျောတသောသော
ကြည်စင်ရှင်းသန့်လို့ဝင်းပ
ကောင်းကင်ဟာဒုတ်ထိတိုးလျိုးပေါက်
အဝေးကွင်းပြင်အဆုံး
ဖြူလွလွတိမ်လွှာတို့ရဲ့အောက်
အနီရောင်သုတ်သစ်လုံးအိမ်ကလေး
တိမ်နဲ့တောင်ချစ်တင်းနှောရောယှက်
ဆောင်းဦးပေါက်ချိန်။

Nov 3, 2009

ငြိမ်းချမ်းအောင်

Read More...

23 October, 2009

အပျော်တမ်းသီချင်းသီဆိုခြင်း

ထီပေါက်မဲ့ရက်ကို ထိုင်မစောင့်ချင်ဘူး
ဘဏ်တိုက်တွေ မီးတင်ရို့ချင်တယ်

ကံအကြောင်းမလှရင်
ကဗျာဆရာလည်း အကြမ်းဖက်သမားဖြစ်နိုင်တယ်

မျှော်လင့်ချက်နဲ့ရှေ့ဆက်နေဆဲလူ့ဘ၀..

အမေရိကတိုက်ကို ဖြတ်လမ်းရှိတယ်
နိဗ္ပာန်ကိုဖြတ်လမ်းမရှိဘူး
ဒုက္ခသည်အတုရှိတယ်
ဒုက္ခဆိုတာအတုမရှိဘူး

သတင်းကောင်းပေးမယ်
ပျက်လုံးကောင်းတွေဖတ်ချင်ရင်
နအဖခေတ်သတင်းစာဖတ်
ငရဲပြည်ရောက်ဖူးချင်ရင်
ဂြိုလ်ကုပ်ဒူးကြီးနဲ့ပေါင်း
ဂျပုဆော်ကြမ်းတို့တောင်
ငရဲကိုဗီဇာရထားပြီဆိုပဲ

ငယ်ငယ်က စာညံ့တယ်
ကြီးလာတော့ လူမှုရေးညံ့တယ်
သံပရာသီးနဲ့ ၀က်သားဟင်းကြိုက်တယ်
ညှို့အားပြင်းရင်ဆန့်ကျင်ဖက်လိင်ကိုကြိုက်တတ်တယ် :))

မသိလို့မေးချင်တယ်
အနာဂတ်ဆိုတာအနာကပ်တဲ့ပလာစတာနဲ့
အမျိုးတော်စပ်ပါသလား

လုပ်သလိုမဖြစ်ရင်ဖြစ်သလိုလုပ်ကြမယ်
တံချူနဲ့လှမ်းလို့မမှီရင်လေးခွနဲ့ပစ်ချကြတာပေါ့ကွာ

ကိုယ့်ရပ်ဌာနေမဟုတ်ရင်
နိဗ္ပာန်ဆိုတာလည်း
မက်လောက်စရာမရှိဘူး

ချစ်သူမရှိရင်
တိမ်ပြာသောနေ့ကိုလည်း
ကိုယ်မမက်ဘူး

ယုံပါအချစ်ရယ်
လူသားမျိုးနွယ်ဆက်တွေဖြတ်လို့
မင်းကိုယ်ချစ်မိတဲ့
ကိုယ့်ချစ်ခြင်းများစွာဖြင့်
စံပယ်ပန်းတို့ပွင့်နေကြဦးမယ်။ ။။ ။

*** ကိုဆောင်းရေနောက်ကျတာ ခွင့်လွှတ်ဗျာ..။

ငြိမ်းချမ်းအောင်

Read More...

10 October, 2009

အိုဘားမားမှာ တာဝန်မရှိ၊ ငါတို့မှာ တာဝန်ရှိတယ်

အိုဘားမားမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဒက်စမွန်တူးတူးမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဒလိုင်းလားမားမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဂေါ်ဒွင်ဘရောင်းမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဂျော့ဆိုးရော့မှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
နီကိုလပ်ဆာကိုဇီမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဟီလာရီကလင်တန်မှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဘူမိဘောမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
U2 မှာတာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဂျိုဒီဝီလီယံမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဥရောပသမဂ္ဂမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဆူရိန်ပက်ဆူဝမ်မှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဘားကလပ်ဟာဘယ်မှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
အန်အီးဒီမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
အိုင်စီအာစီမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
အာစီယံမှာ တာဝန်မရှိ
ငါတို့မှာသာ တာဝန်ရှိတယ်
အဘီဆစ်မှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
အမေရိကန်အစိုးရမှာတာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ငုရင်မင်းသိုက်မှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့မှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
အမေရိကန်နိုင်ငံခြားရေးမူဝါဒမှာ တာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ယုတ်စွအဆုံးဘန်ကီမွန်းမှာတာဝန်မရှိ
ငါတို့မှာ တာဝန်ရှိတယ်
ဘလာဒီမာပူတင်မှာတာဝန်မရှိ
ငါတို့မှာသာ တာဝန်ရှိတယ်
အိုဘားမားက သူ့အလုပ်သူလုပ်တာ
ငါတို့ကသာ ငါတို့အလုပ်ငါတို့ဖာသာတာဝန်မကျေပြွန်တာ
အိုဘားမားမှာ တာဝန်မရှိဘူး
ငါတို့မှာ တာဝန်ရှိတယ်

ငြိမ်းချမ်းအောင်

Read More...

08 September, 2009

ကဗျာဆရာကိုယ်တိုင် ကဗျာဖြစ်နိုင်တယ်

ကဗျာဟာ..
သစ်တစ်ပင်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ပန်းချီကားတစ်ချပ်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ကာတွန်းတစ်ကွက်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ပြဇာတ်တစ်ပုဒ်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ပန်းပုရုပ်ထုတစ်ခုလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
သေဒဏ်အပေးခံထားရတဲ့ နိုင်ငံတခုလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
မိန်းမလှတစ်ယောက်ရဲ့ မျက်စောင်းလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ပင်လယ်မှာကျောက်ဆောင်ကို လိုင်းပုတ်သံလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
အာရုဏ်ဦး ကျေးငှက်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ရွဲ့စောင်းနေတဲ့ ကမ္ဘာကြီးလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
အာဏာရှင်တစ်ယောက်ရဲ့ သက်ပြင်းချသံလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ကြွေခါနီးသစ်ရွက်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
သွေးစွန်းတဲ့ ကတ္တရာလမ်းလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
အစွန့်ပစ်ခံ မြို့တစ်မြို့လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
သူဌေးသားတစ်ယောက်ရဲ့ မောက်မာရိုင်းပျမူလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
အိုးမဲ့အိမ်မဲ့တစ်ယောက်ရဲ့ ဥပေက္ခာတရားလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ဥပုတ်စောင့်ထားတဲ့ မြေခွေးလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ကျဉ်းထဲကြပ်ထဲရောက်နေတဲ့ အမှန်တရားလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ပေးဆပ်ဖို့ခက်တဲ့ နေ့ပြန်တိုးလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
နိုင်ငံသစ်တခုမွေးဖွားခြင်းလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ချောင်းကောတစ်ခုရဲ့ သံဝေဂလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
စားနေကျကြောင်ဖားရဲ့ မဲ့ပြုံးလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
သူတော်စင်တစ်ယောက်ရဲ့ စင်ကြယ်ခြင်းလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ချစ်သူအပေါ်ထားတဲ့ သစ္စာကြီးမားမူဖြစ်နိုင်သလို

ကဗျာဟာ..
တခြုံကွယ်တမယ်မေ့ ဖောက်လွဲဖောက်ပြန်တရားလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
နတ်ကတော်တစ်ယောက်ရဲ့ ရိုးသားမူဖြစ်နိုင်ပြီး

ကဗျာဟာ..
ဗေဒင်ဆရာတစ်ယောက်စောင့်ထိန်းတဲ့ ငါးပါးသီလလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ဧရာဝတီမြစ်ဘေးက တံငါရွာလေးတစ်ရွာ ဖြစ်နိုင်သလို

ကဗျာဟာ..
နိုင်ငံတစ်ခုရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တဲ့ ၀ါရှင်တန်ဒီစီက သမတ္တအိမ်ဖြူတော်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ကွန်ဆာဗေးတစ်အယူတွေကြီးစိုးတဲ့ လုံခြုံရေးကောင်စီအစည်းအဝေးလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
လက်လုပ်လက်စားတစ်ယောက်ရဲ့ နဖူးကချွေးတပေါက် ဖြစ်နိုင်သလို

ကဗျာဟာ..
အငယ်အနှောင်းတစ်ယောက် ခန္ဓာကိုယ်ကထွက်တဲ့ ရှယ်နယ်ဖိုက်ရေမွှေးနံ့လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ကလေးငယ်တစ်ယောက်ရဲ့ အပြစ်ကင်းစင်မူ ဖြစ်နိုင်သလို

ကဗျာဟာ..
အဖိုးအိုတစ်ယောက်ရဲ့ နောင်တလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ကြိုးပြတ်သွားတဲ့စွန်တစ်ကောင်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ဓမ္မနဲ့ အဓမ္မ၀ါဒီတို့စီးချင်းထိုးတဲ့ ကြိုးဝိုင်းလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
လတ်ဆတ်တဲ့ ခြံထွက်သီးနှံတွေဖြစ်နိုင်သလို

ကဗျာဟာ..
မီးဇာကုန်ဆီခန်းဝေဒနာသည် လူနာတစ်ယောက်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ဓါးအိမ်ထဲမှာ ပျင်းရိညီးငွေ့နေတဲ့ ဓါးတစ်ချောင်း ဖြစ်နိုင်သလို

ကဗျာဟာ..
ကလဲ့စားချေဖို့ အခွင့်အခါကောင်းကိုစောင့်နေတဲ့ ရန်ညှိုးရန်စလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ညစောင့်လုပ်ပြီးအပိုဝင်ငွေရှာနေရတဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ အိပ်မက်လည်း
ဖြစ်နိုင်တယ်

ကဗျာဟာ..
၂၁ ထပ်တိုက်ပေါ်က ခုန်ချပြီးသေကြောင်းကြံစည်လိုက်တဲ့ ပုရွက်ဆိတ် တစ်ကောင်လည်း
ဖြစ်နိုင်တယ်

ကဗျာဟာ..
ရေမထွက်တော့တဲ့ ရေတွင်းပြက်တခုလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
မိုးရွာမှာကြိုသိနေတဲ့ ဖားအော်သံလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
အဆောင်ခတွေမသွင်းနိုင်သေးတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ ချီတုံချတုံ
တွေဝေမူလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
နိစ္စဓူဝ လူမူဒုက္ခတွေနဲ့ နားရည်ဝနေတဲ့ လမ်းဘေးလက်ဖက်ရည်ဆိုင် ဖြစ်နိုင်သလို

ကဗျာဟာ..
အသက်ရှူကြပ်နေတဲ့ ဘတ်စ်ကားအိုတစ်စင်းလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ရင်တမမနဲ့ လောင်းလိုက်ရတဲ့ ဘောလုံးပွဲလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ဈေးကွက်မ၀င်တဲ့ အနုပညာပစ္စည်းဖြစ်သလို

ကဗျာဟာ..
ပြစ်ဒဏ်ကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရတဲ့ တရားသူကြီးရဲ့ တရားခွင်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
လမ်းကြိုလမ်းကြား မြောင်းကြိုမြောင်းကြားမှာတွားသွားနေတဲ့ မြေကြွက်တစ်ကောင်
ဖြစ်နိုင်သလို

ကဗျာဟာ..
အိမ်ရှင်မအလစ်ကိုချောင်းနေရတဲ့ ခွေးလေခွေးလွင့်တစ်ကောင်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
တရားမ၀င်အလုပ်သမားတစ်ယောက်ရဲ့ ကျီးလန့်စာစားဘ၀ ဖြစ်နိုင်သလို

ကဗျာဟာ..
ခေတ်အဆက်ဆက်ခေါက်ရိုးကျိုးနေတဲ့ အလုပ်ရှင်နဲ့အလုပ်သမားကြားက ဆက်ဆံရေးလည်း
ဖြစ်နိုင်တယ်

ကဗျာဟာ..
ချစ်သူနှစ်ယောက်နီးဖို့ ခက်နေတဲ့ ကုန်ဈေးနူန်းလည်းဖြစ်နိုင်တယ်

ကဗျာဟာ..
လာဒ်စားမူတွေများတဲ့ လူ့အဖွဲ့အစည်းဖြစ်နိုင်သလို

ကဗျာဟာ..
ပရမ်းပတာ ပျက်စီးနေတဲ့ ခေတ်တခေတ်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
မသမာမူတွေပြည့်နှက်နေတဲ့ ရွေးကောက်ပွဲဖြစ်နိုင်သလို

ကဗျာဟာ..
သူခိုးဓါးပြတွေ ကြီးစိုးတဲ့ ပါလီမန်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
မှောင်ခိုပစ္စည်းတွေရောင်းတဲ့ မြေအောက်ဈေးလည်းဖြစ်နိုင်တယ်

ကဗျာဟာ..
သရုပ်ပျက်ယဉ်ကျေးမူနောက် တကောက်ကောက်လိုက်နေတဲ့ နောက်ဆုံးပေါ်မျိုးဆက်လည်း
ဖြစ်နိုင်တယ်

ကဗျာဟာ..
ဘယ်သူသေသေ ငတေမာရင်ပြီးရော သဘောထားလည်းဖြစ်နိုင်တယ်

ကဗျာဟာ..
သစ်ရွက်ပေါ်တင်ကျန်ရစ်တဲ့ မိုးရေစက်ကလေးဖြစ်နိုင်သလို

ကဗျာဟာ..
စပါးကြီးမြွေရဲ့ ပါးစပ်ပေါက်ထဲတိုးဝင်သွားရတဲ့ သားကောင်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
အနုမြူလက်နက်တွေထုတ်လုပ်တဲ့ စက်ရုံဖြစ်နိုင်သလို

ကဗျာဟာ..
ပန်းရနံ့တွေသင်းပျံ့တဲ့ ဥယျာဉ်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ကမ္ဘာလောကရဲ့ အရိုးသားဆုံးအနုပညာဖြစ်နိုင်သလို

ကဗျာဟာ..
လူကြိုက်နည်းတဲ့ ဖျော်ရည်တစ်ခွက်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
စစ်ကြေငြာချက်တစ်စောင်ဖြစ်နိုင်သလို

ကဗျာဟာ..
မြီးကောင်ပေါက်ကောင်မလေးရဲ့ ရင်ခုန်သံလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ခြုံဖုတ်ပေါ်ကနေ ထပျံပြေးသွားတဲ့ လိပ်ပြာတစ်ကောင်ရဲ့ တောင်ပံခတ်သံ ဖြစ်နိုင်သလို

ကဗျာဟာ..
နွေဦးပေါက်မှာ မြူးတူးခုန်ပေါက်တတ်တဲ့ နွားမဒန်းမလေးရဲ့ အလိုရမ္မက်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ချစ်သူခြေကျင်းဝတ်က တက်တူးရုပ်ကလေးလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
ကြိုတင်ခန့်မှန်းတဲ့အတိုင်းဖြစ်မလာတဲ့ အနာဂတ်ဖြစ်နိုင်သလို

ကဗျာဟာ..
လက်မှတ်ဖြတ်ပြီး သွားမကြည့်ဖြစ်တော့တဲ့ရုပ်ရှင်တစ်ပွဲလည်း ဖြစ်နိုင်တယ်

ကဗျာဟာ..
အထီးကျန်သူတစ်ယောက်အညှိုးတကြီးသောက်တဲ့ အရက်ခွက်လည်း ဖြစ်နိုင်တယ်

ကဗျာဟာ.. အနိဋ္ဌာရုံပေါတဲ့ ဇာတ်ဝင်ခန်းဖြစ်နိုင်သလို
ကဗျာဟာ.. နံနက်ခင်းမှာပွင့်တဲ့ ပန်းကလေးတွေလည်း ဖြစ်နိုင်တယ်

ကဗျာဆရာရဲ့ ရိုးသားမူနဲ့ ကဗျာဟာ မွေးဖွားသန့်စင်ခဲ့ရပြီး
ကဗျာဆရာရဲ့ နာကျင်မူနဲ့ ကဗျာဟာ လှပလာခဲ့ရတယ်..။...။

ငြိမ်းချမ်းအောင်

Read More...

16 August, 2009

လရောင် အဝေး

မနေ့ညက
အခန်းထဲဝင်လာတဲ့လရောင်
ငါ့အတွက်
သိပ်ပြီး.. တောက်ပြောင်လွန်းတယ်..။

တစ်ညပြီး.. နောက်..တစ်ည
တစ်လပြီး.. နောက်..တစ်လ
လကွယ်ညတွေ ကုန်လွန်သွားရင်
ငါ့ပြတင်းမှာ
လရောင် ဆက်ဆက်သာလိမ့်ဦးမယ်..။

လရောင်ဟာ
ဂုဏ်ပကာသနမမောက်ဘူး
အသားအရောင်မခွဲခြားဘူး
လရောင်မှာ လိင်တူအခွင့်အရေးရှိတယ်
ပြီးတော့ ငြိမ်းချမ်းရေးလည်းရှိတယ်..။

လရောင်နဲ့တွေ့ဖို့
မာစီဒီးကားကြီးစီးလာစရာမလိုဘူး
စိန်လက်စွပ်ကြီး ၀တ်ထားစရာမလိုဘူး..။

ဒါပေမဲ့
အကျဉ်းထောင်ထဲက အိပ်ဆောင်တွေမှာ
ဆုံးရူံးခဲ့ရတဲ့ လရောင်ကို
အစား ဘယ်သူပြန်ပေးမှာလဲ..။

တော်သေးရဲ့
လရောင်မှာ
ဇီဇ၀ါတွေ မွှေးမြလို့မို့
ငါ့နေ့တွေ အဓိပ္ပါယ်ပြည့်ဝလာခဲ့ရတယ်..။

ငြိမ်းချမ်းအောင်

Read More...