အချစ်ရေ…
ကိုယ်ဟာ ငှက်တစ်ကောင်ဆိုရင်
တောတောင် အထပ်ထပ်ကို ဖြတ်ကျော်ပြီး
မင်းရှိရာအရပ်ဆီကို ပျံသန်းလို့သွားလိုက်ချင်ပါရဲ့
မင်းအချစ်ကို အလောတကြီးလိုအပ်မိလို့လေ..။
ခရီးဒေသအကွာအဝေးက
စိတ်သွားတိုင်း ကိုယ်ပါခွင့်မရအောင်
ကိုယ်တို့နှစ်ယောက်ကို စည်းခြားကန့်သတ်
ကိုယ်ကဘယ်လောက်ထိ ကြာကြာစောင့်နေရမှာတဲ့လဲ
ကိုယ်ဟာ မွတ်သိပ်စွာ ဆာလောင်နေသူပါ
ကိုယ်ဟာ အချစ်ငတ်နေသူလေ
ပင်လယ်ပျော် ဖျံတစ်ကောင်လို
ကိုယ့်မှာ ပြင်းပြတဲ့ ဆန္ဒတွေရှိတယ်
တောထဲက ကျားရဲတစ်ကောင်လို
ကိုယ့်မှာ မြဲမြံတဲ့ ခွန်အားတွေရှိတယ်
မင်းရဲ့ ဖော်ရွေလိုက်လျောမှုမှာ
ကိုယ်ဟာတပ်မက်ငြိတွယ်
မင်းရဲ့ ပွင့်လင်း လွတ်လပ်မူမှာ
ကိုယ်ဟာ အတုံးအရုံးကျရူံး
အချစ်က
တို့နှစ်ယောက်ကို
သဘာဝအတိုင်း မဖုံးမကွယ် ပွင့်လင်းစေခဲ့
တစ်ယောက်ခန္ဓာကိုယ်ထဲကို တစ်ယောက်က
ဓါးမြှောင်တစ်ချောင်းလိုစိုက်ဝင် ရှေ့ခရီးဆက်
တစ်ယောက်က တစ်ယောက်ကို လိုအပ်နေတဲ့အထိ
တို့တွေ ဆက်ချစ်ကြမယ်..။
နုနယ်ပျိုမျစ်တဲ့ မင်းရဲ့ရင်ခွင်မှာ
ခိုင်မာမြဲမြံတဲ့ ကိုယ့်ရဲ့ ဇွဲစိတ်ထက်သန်မှုနဲ့
မမောနိုင်မပမ်းနိုင် အချစ်နေ့တွေ ညတွေကို
လက်တွဲ ကူးခပ်ကြမယ်
ကိုယ်တို့ရဲ့ အချစ်ခရီးဟာ
ပင်လယ်ကို လှေငယ်နဲ့ ကျော်ဖြတ်ရသလို
တောလမ်းခရီးကြမ်းကို တောစီးဖိနပ်မပါပဲ ဖြတ်သန်းရသလို
စိန်ခေါ်မှုတွေရှိမယ်၊ ပင်ပမ်းနွမ်းနယ်ကြလိမ့်မယ်
ပင်လယ်ဆားငန်ရေသောက်ပြီး အငမ်းမရ ရေငတ်ဆာလောင်
ခရီးပမ်းတဲ့အခါ အားအင်ကုန်ခမ်း
ကိုယ်မောတဲ့အခါ မင်းကတက်ကိုကိုင်
မင်းမောတဲ့အခါ ကိုယ်ကတက်ကိုကိုင်
အပေးအယူမျှတတဲ့ အချစ်က
လောကနိဗ္ဗာန်ပဲပေါ့ အချစ်ရယ်..။
ကြင်နာသနားတတ်တဲ့ မင်းရဲ့ငဲ့ညှာမှုနဲ့
ကိုယ့်ရဲ့ အထီးကျန်မှု နှစ်တစ်ရာလွင်ပြင်ကို
အမြဲစိမ်းသစ်တောအဖြစ် ဖန်ဆင်းရမယ်
ထာဝရ မိုးခေါင်နေတတ်တဲ့ ကိုယ့်ရဲ့ကန္တာရမှာ
မင်းရဲ့ ဆန္ဒပြင်းပြတဲ့ အနမ်းတွေနဲ့
မိုးတွေကြီး ရေတွေလျှံစေရမယ် အချစ်ရယ်..။
မင်းဟာ ကိုယ့်ရဲ့ ပြီးမြောက်မှုပါ
မင်းရဲ့ ဟန်ဆောင်မှုကင်းတဲ့
ပွင့်လင်း ရိုးရှင်းမှုကို ကိုယ်ကချစ်တယ်။
မင်းဟာ ကိုယ်နမ်းလို့မ၀တဲ့ နှင်းဆီ
မင်းဟာ ကိုယ်ငတ်မပြေတဲ့ ၀တ်ရည်ပေါ့။
အချစ်မှာ ရှက်ကြောက်နေသူတွေကို ထားရစ်ခဲ့မယ်
မင်းရဲ့ ဆန္ဒ ကိုယ့်ရဲ့ ဆန္ဒတွေအပြန်အလှန်ဖြည့်ဆည်း
အချစ်နဲ့ ထာဝရစိမ်းလန်းမယ်
အချစ်နဲ့ ထာဝရနုပျိုရှင်သန်ကြမယ်..။
အချစ်ရေ…
ကိုယ်ဟာ ငါးတစ်ကောင်သာဆိုရင်
အိန္ဒိယ သမုဒ္ဒရာကြီးကိုကျော်ဖြတ်
မမောနိုင်မပန်းနိုင် လက်ပစ်ကူးခပ်
မင်းဆီိကို အရောက်လာခဲ့ချင်တယ်
ကိုယ်ဟာ ဆာလောင်နေသူပါ
ကိုယ့်အသွေးအသားတွေထဲအထိ မင်းကိုလိုအပ်နေမိလို့
ကိုယ်ဟာ အကြာကြီးစောင့်နေခဲ့ရသူလေ..။
ခုတော့…
အရှေ့တိုင်း အရပ်ဌာနေက
ရူးသွပ်မိုက်မဲစွာ မင်းကိုတပ်မက်မိတဲ့ ကိုယ့်ရဲ့ဝိညာဉ်ဟာ
မြို့တွေ ရွာတွေကိုကျော်ဖြတ်
တောအထပ်ထပ် တောင်အသွယ်သွယ်ကိုကျော်ဖြတ်
ပင်လယ် သမုဒ္ဒရာတွေကိုကျော်ဖြတ်လို့
မင်းရှိရာအရပ်ဆီကို ပျံသန်းလို့လာခဲ့ပြီ
ထွေးပို့လို့ကြိုဆိုလေမှာလား မောင့်ဒေ၀ီသခင်မဖုရား……။
ငြိမ်းချမ်းအောင်
29 January, 2008
ငါ ချစ်မက်တဲ့ နှင်းဆီ
19 January, 2008
ပန်း
ပန်းကလေး
အငုံဘ၀မှာပဲ
နေလို့ရရင်ကောင်းမယ်။
အငုံက
အပွင့်ထက်
ပိုပြီးနူးညံ့တယ်
လောကဓံကို
အရိုးခံအတိုင်း တုန့်ပြန်တယ်။
အပွင့်က
လှသွေးကြွယ်တယ်
မာယာများတယ်
ဖျားယောင်းသွေးဆောင်တတ်တယ်
လေယူရာတိမ်း
ယိမ်းတတ်ပြန်တယ်။
ပန်းပင်ရဲ့ ဘဝ
ပန်းလှလှတွေ
ပွင့်ဝေပေးဖို့။
ပန်းမပွင့်တဲ့ အပင်ဟာ
အမြုံပဲ။
အပွင့်မလှတဲ့ အကိုင်းဟာ
မျက်နှာမွဲ။
ပန်းတစ်ပွင့်ရဲ့ ဖြစ်စဉ်မှာ
ငုံပြီးရင် ပွင့်
ပွင့်ပြီးရင် ကြွေ
ဒါ သဘာဝပါပဲ။
ပန်းပွင့်ကလေးမှာ
ရွေးချယ်စရာမဲ့။
ငြိမ်းချမ်းအောင်
14 January, 2008
၂၀၀၈ နှစ်ဦး အစီရင်ခံစာ
လူထုအရေးဆိုသံများ
လမ်းမတွေပေါ်
ပွင့်အံလျှံကျ
မိစ္ဆာတို့ ဖိန့်ဖိန့်တုန်အောင်ကြောက်တဲ့
သံမဏိလက်သီးပြင်းပြင်းများ
တစ်ချက်ပြီး… တစ်ချက်ဲ
ဒါ.. ကိုထင်ကျော် စလိုက်တဲ့ မီးပွား
စက်တင်ဘာ အရေးအခင်းဖြစ်တယ်
ဒါ.. ကိုမင်းကိုနိုင်ရို့လိုက်တဲ့ မီးတုတ်
လူထုလူပ်ရှားမူဖြစ်တယ်
ဒါဟာ.. သံဃာတွေဦးဆောင်တဲ့ တော်လှန်ရေး
ရွှေဝါရောင် အရေးတော်ပုံဟေ့ ။
တော်လှန်ရေးသစ်က
ဒီရေလိုင်းလုံးတွေလို
ဝုန်းဒိုင်းကြဲ
အိပ်မောကျနေသူတွေကို
ရိုက်ပုတ်လူပ်နိုး
မျှော်လင့်ချက်အသစ်တွေ
ရုဒ်မက်အသစ်တွေနဲ့
တစ်ဖန်ရှင်သန် နိုးထလာခဲ့ရပြန် ။
သွေးစက်တွေနဲ့
ခဏခဏ လိမ်းကျံခံထားရတဲ့
လမ်းမတွေဟာ
မိစ္ဆာတွေကို ကျိန်စာတိုက်တယ်
လမ်းမတွေဟာ
အဖိနှိပ်ခံတွေဖက်က
ရည်တည်တယ်
အဖိနှိပ်ခံတွေနဲ့
ထပ်တူထပ်မျှ ခံစားတယ်
လမ်းမတွေဟာ
အဖိနှိပ်ခံတွေရဲ့ အောင်ပွဲကို
စောင့်နေခဲ့ပြီ ။
တစ်ရက်ပြီး…. တစ်ရက်
အချိန်တွေ အကုန်မြန်လွန်းခဲ့
တချို့လူတွေအတွက်
မေ့မေ့ပျောက်ပျောက် ဖြစ်ကောင်းရဲ့
သံဃာတွေနဲ့ ကျောင်းသားတွေအတွက်တော့
ကမ္ဘာကြေတောင် ဥဒါန်းမကြေတဲ့ပွဲ ။
သွေးမတိတ်သေးတဲ့
သမိုင်းက
ဒဏ်ရာအနာတရတွေကို
မှတ်တမ်းတင်ထားလိုက်တယ် ။
ပြီး.. အသစ်ရေးဖို့ အသင့် စောင့်နေခဲ့ ။
“ မြန်မာပြည်အရေးဟာ
ကမ္ဘာ့အစီအစဉ်ရဲ့
ထိပ်ဆုံးမှာ ဆက်ရှိနေရမယ် ” တဲ့
အနောက်ကမ္ဘာကပြောတယ် ။
စိုးရိမ်မူ၊ သနားညှာတာမူ၊ ပံ့ပိုးကူညီမူတွေရဖို့
ဘုန်းကြီးတွေ…. ကျောင်းသားတွေ
တိုင်းပြည်ကို အသက်စွန့်ပြီး
ချစ်ရဲသူတွေ
စွန့်လွှတ်ပေးဆပ်သွားခဲ့ကြ ။
“ ရုဒ်မက် အတိုင်းဆက်သွားမယ် " တဲ့
အိုနာကျိုးကန်း မိစ္ဆာကပြောတယ်
သူ့ကိုကြည့်တော့ ယိုင်နဲ့နဲ့
ဘုန်းကြီးသွေးနဲ့ ရာဇပ္ပလ္လင်ကို ဆေးခဲ့ရတဲ့
မိစ္ဆာအိုဟာ
စိတ်ခြောက်ခြားနေတယ်
သူ့ကိုယ်သူ ယုံကြည်မူတွေ
အောက်ဆုံးအထိ
လျှောကျသွားတယ်
ရူးကြောင်ကြောင်ဖြစ်နေတယ် ။
အာဆီယံနိုင်ငံတွေက
ရပ်တည်ချက် အမျိုးမျိုးပြောင်းတယ်
တရုတ်က
ရူးချင်ယောင်ဆောင်တယ်
ခုတော့..
မြန်မာ့အရေးဟာ
မြန်မာပြည်သူတွေရဲ့ လက်ထဲမှာ
ဝကွက် ရောက်ရှိနေရှာ ။
အခြေအနေတွေကတော့
ဝရုန်းသုန်းကား
ဝုန်းဒိုင်းကြဲပဲ
ပိုစတာ ကမ်ပိမ်းတွေ
စတစ်ကာကမ်ပိမ်းတွေ
အစိုးရ ဆန့်ကျင်ရေးစာရွက်စာတမ်းတွေ
နေရာအနှံ့ ပြန့်ကျဲနေတယ် ။
ရှော့ဝေ့ရေဒီယိုမှာ
ရပ်ကွက်ထဲမှာ
Taxi ပေါ်မှာ
တယ်လီဖုန်းလိုင်းပေါ်မှာ
အစိုးရမကောင်းကြောင်းတွေပြောနေကြတယ်
လူထုက
အစိုးရကို စိန်ခေါ်လိုက်တယ်
အစိုးရက
တဖြည်းဖြည်း နောက်ဆုတ်ပေးနေရတယ် ။
ခံရတာ များလွန်းလို့
ကျားနာခဲ ခဲကြလိမ့်မယ်
အသာတကြည်မပေးလို့
ရသလို ယူကြရတော့မယ်
“ ရရင်ရ၊ မရရင်ချ ” မူကို ကိုင်စွဲကြရတော့မယ်
အရေးတော်ပုံမှာ
ပါဝင်ကြဖို့ လူထုကြီးက
စိတ်လူပ်ရှားနေတယ်
ခေါင်းဆောင်ကို မျှော်နေတယ်
ဒီတစ်ခါ တိုက်ပွဲတွေမှာ
အင်တိုက်အားတိုက် ပါဝင်ကြမယ်လို့
ကတိပေးသူတွေလည်း ရှိရဲ့ ။
ဆယ်စုနှစ် နှစ်ခုနီးပါး ရှည်ကြာသွားတဲ့
ကစားပွဲဟာ
အဆုံးသတ်ချိန် နီးကပ်လာခဲ့
လူထုအတွက် နောက်ဆုတ်စရာ
နေရာလပ် မကျန်တော့သလို
အခွင့်ထူးခံ စစ်ဗိုလ်တစ်စု အတွက်
ရှေ့တိုးစရာ ကွက်လပ်မကျန်တော့
ကစားကွက်ကုန်သွားခဲ့ပြီ ။
စိတ်ဓာတ်ပျက်ပြားနေတဲ့
စစ်တပ်ဟာ
အရေးတော်ပုံမှာ
ပြည်သူလူထုနဲ့ ပူးပေါင်းလိမ့်မယ်
စစ်တပ်အတွက်
တခြားထွက်ပေါက်လည်း
ကင်းမဲ့ ။
ကျိန်စာမိနေတဲ့ စစ်ဗိုလ်တစ်စုကတော့
တိုင်းပြည်ကို
ပရမ်းပတာ စီမံခန့်ခွဲနေဆဲ
သွေးရူးသွေးတန်း ရှေ့ဆက်နေဆဲ
လူ့အခွင့်အရေးလူပ်ရှားသူကို
ထောင်ဆယ်နှစ်ချလိုက်တယ်
ဖိအားတွေကြောင့်
ဆယ်ရက်နဲ့ ပြန်လွှတ်ပေးလိုက်ပြန်တယ်
သတင်းစီးဆင်းမူကို ထိမ်းချုပ်ဖို့
စိတ်ကူးယဉ်တယ်
လူထုဒေါသကိုကြောက်လို့
ရူးချင်ယောင်ဆောင်လိုက်ရပြန်တယ်
ခံစစ်နဲ့ ကစားနေရတယ်
နောက်ကို တထစ်ပြီးတထစ် ဆုတ်ပေးနေရတယ် ။
တိုင်းပြည်ကတော့
ပြဿနာ မျိုးစုံ
ကူးစက်ရောဂါမျိုးစုံနဲ့
သေအံ့ ဆဲဆဲ ။
စနက်တံ
အဖြုတ်ခံလိုက်ရတဲ့
ဗုံးတစ်လုံးလို
ပေါက်ကွဲလု တဲတဲ ။
ကမ္ဘာ့ ပစ္စက္ခအခြေအနေအောက်မှာ
စစ်အာဏာရှင်တွေအတွက်
နေရာ ကျဉ်းသွားခဲ့
အာရှမှာ
မြန်မာဟာ
အထီးတည်း စစ်အာဏာရှင်အဖြစ်
ကြွင်းကျန်ရစ်တယ် ။
ဆင်းရဲမွဲတေလွန်းတဲ့
လူထုကြီးဟာ
သမိုင်းသစ်ဖွင့်လှစ်တော့မယ် ။
နိုင်ငံရေးအသိနိုးကြားလာတဲ့
လူထုကြီးဟာ
သမိုင်းသစ်ရေးခြစ်ရတော့မယ် ။
လုံးဝ နောက်မဆုတ်နဲ့
ရှေ့ဆက် တက်ရမယ်
ရှေ့ဆက်ပြီး… တက်ကြရမယ်
တိုက်ပွဲအရှိန်ကို မြှင့်တင်ကြရမယ်
အောင်စိတ်ကို ခိုင်ခိုင်မြဲမြဲကိုင်စွဲ
အောင်ပွဲက ဒို့ကိုစောင့်နေပြီ ။
သေချာတယ်
“ဒီ…. ၂၀၀၈” ဟာ
စစ်အာဏာရှင်တွေရဲ့ နိဂုံးပဲ
စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမယ်
ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမယ်ဟေ့…… ။
ငြိမ်းချမ်းအောင်
၁၄ ဇန်န၀ါရီ ၂၀၀၈
10 January, 2008
အိုင်ဒီပီတို့ရဲ့ နှစ်သစ်ကူးပွဲတော်
ဒီနှစ်မှာလည်း
ကရင် နှစ်သစ်ကူးပွဲတော်ဟာ
အိုင်ဒီပီ တဲကလေးတွေဆီ
ပျော်ရွှင်မှုတွေ သယ်ဆောင်မလာနိုင်ခဲ့ပြန်ဘူး။
တစ်ခါက
အရောင်လက်ခဲ့ဖူးတဲ့
အမိုးနဲ့ အပါးတို့ရဲ့
မျက်လုံးအိမ်တွေဟာလည်း
အခုတော့ သူတို့အရေပြားတွေလို
မွဲခြောက်သယောင်းထလို့
ကိုယ့်မွေးဖွားရာ ကိုယ့်ဒေသပြန်ပြီး
ခေါင်းချမယ်ဆိုတဲ့ သူတို့အိပ်မက်ဟာလည်း
တနေ့တခြား မူန်ရီဖျော့တော့လာခဲ့။
နှစ်ကာလရှည်ကြာလွန်းတဲ့
ပြည်တွင်းစစ်က
ဘ၀တွေကို သေကွဲ ရှင်ကွဲ
ဖားစည်သံတွေ တိတ်ခဲ့ရတဲ့
ဇွဲကပင်မြေမှာ
အလွမ်းသံစဉ်တွေသာ
တိုးလို့လာခဲ့။
လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့
ပြည်တွင်းစစ် အနှစ် ၆၀ မှာ
အသေအပျောက်စာရင်း
အတိအကျမရှိဘူး
ပျက်သွားတဲ့ရွာပေါင်း အထောင်အသောင်းနဲ့
မီးရို့ခံလိုက်ရတဲ့ တောင်ယာခင်း အသိန်းအသန်းကသာ
သက်သေအဖြစ် ကြွင်းကျန်ရစ်တယ်။
တစ်ခြားနိုင်ငံကလူတွေအတွက်
နှစ်သစ်ကူးပွဲတော်ဟာ
ငြိမ်းချမ်းခြင်း
ကျန်းမာသန်စွမ်းခြင်း
အစာရေစာပေါများခြင်းပျော်ရွှင်ခြင်းတွေနဲ့
ကောင်းမြတ်တဲ့ အဓိပ္ပါယ်တွေ ရှိကောင်းရှိလိမ့်မယ်
တောထဲက အိုင်ဒီပီတဲကလေးတွေက
ကရင် နှစ်သစ်ကူးပွဲမှာတော့
နယူးရီးယား သီချင်းသံတွေမရှိဘူး
တိတ်ဆိတ်မှုနဲ့နှစ်သစ်ကိုကြိုဆိုကြရတယ်
အိုင်ဒီပီတွေအတွက်
နှစ်သစ်ကူးဆိုတာ
ငတ်မွတ်ခေါင်းပါးမှု
ရောဂါဘယထူပြောမှုနဲ့
ကြောက်ရွံ့ထိတ်လန့်မှုတွေကို
လက်ဆောင်ပေးတယ်။
နေ့စဉ်နီးပါး ဖြစ်ပွားနေတဲ့စစ်ပွဲတွေ
အိုင်ဒီပီ တဲကလေးတွေနဲ့ နီးကပ်လာတဲ့အခါ
ဒီထက်နက်တဲ့ တောတောင်တွေထဲ
သတ်ကွင်းတွေနဲ့ ဝေးရာ
လွတ်မြောက်ရာ တစ်နေရာမှာ
ထွက်ပြေး ရှောင်ပုန်းနိုင်ဖို့
အထုပ်အပိုးတွေ အမြဲ အသင့်ပြင်ထားရတယ်။
စစ်ဝါဒီတွေနဲ့ ခုခံစစ်ပွဲတွေကြားက
အပြစ်မဲ့ ပြည်သူတွေရဲ့
မြေဇာပင်ဘ၀တွေ
နေ့သေမလား၊ ညသေမလား
နေ့မြင်ညပျောက်အခြေအနေမှာ
အချိန်မရွေးသေဆုံးနိုင်တယ်
မြေမြှုပ်မိုင်းထိလို့
အချိန်မရွေး ခြေပြတ်၊ လက်ပြတ်
ဒုက္ခိတ ဖြစ်သွားနိုင်တယ်
ဘက်ပက်တွေဆီ အချိန်မီသာမရောက်ရင်
သွေးလွန်ပြီး သေဆုံးနိုင်ပြန်တယ်။
မွေးရပ်မြေကို အသက်ထက်ပိုပြီးမြတ်နိုးတန်ဖိုးထားလို့
တောတောင်တွေထဲမှာဖြစ်သလို ရှောင်ပုန်းနေကြသူတွေရှိတယ်။
ဆင်းရဲဒုက္ခဒဏ် မခံနိုင်လွန်းလို့
နယ်စပ် ဒုက္ခသည်စခမ်းတွေကိုသွားတော့လည်း
လက်မခံလို့ လှည့်ပြန်လာခဲ့ကြရသူတွေရှိတယ်
တကယ်တော့ ယူအန်အိတ်စီအာ အသိအမှတ်ပြု
ဒုက္ခသည်ဖြစ်ခွင့်တောင် မလွယ်ကူလှ
အိုင်ဒီပီတွေရဲ့ဘ၀ ခါးသက်လွန်းလှတယ်။
တနှစ်ထက်တနှစ်
တောတောင်တွေထဲမှာ
ကျောင်းမတက်ရတဲ့ ကလေးတွေ ပိုများလာတယ်
မီးမဖွားနိုင်လို့သေဆုံးနေရတဲ့ ကရင်အမျိုးသမီးတွေ ပိုများလာတယ်
ရောဂါမျိုးစုံနဲ့သေကြေသူဦးရေ ပိုများလာတယ်
မြေမြှုပ်မိုင်းထိတဲ့ ဒုက္ခိတတွေ ပိုများလာတယ်
နအဖ စစ်တပ်တွေရဲ့ အန္တရာယ် ပိုများလာတယ်
အဲဒီ ပိုများလာမှုတွေနဲ့
မရေရာတဲ့ အနာဂတ်ဟာ
ဒီနှစ်အတွက် အိုင်ဒီပီတွေရဲ့
နှစ်သစ်ကူးလက်ဆောင်ဖြစ်ခဲ့ရပြန်ပြီ…။…။
IDP: Internally displaced person
Backpacker: နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သား
UNHCR: United Nation High Commission for Refugee
ငြိမ်းချမ်းအောင်
၉ ဇန်န၀ါရီ ၂၀၀၈
09 January, 2008
နှင်းနှင့်အတူ အမှောင်ညကို ဖြတ်သန်းခြင်း
ဒီတစ်ည
ခါတိုင်းထက်
နှင်းတွေပိုများတယ်
အမှောင်ထဲမှာ
နှင်းက အဖြူ
ဝရံတာကနေကျော်ကြည့်တော့
အိမ်ဘေးက ဟိုင်းဝေးလမ်းမမှာ
နှင်းတွေပြွတ်သိပ်ကျလာပုံ။
ဟိုင်းဝေးဟိုဘက်ခြမ်းမှာ
သားသတ်ရုံ
ညနေက နောက်ဆုံးရောက်လာတဲ့
ခိုင်းနွားအို နှစ်ကောင်
ဒီတစ်ည
သူတို့ရဲ့ နောက်ဆုံးညအဖြစ်
အိပ်စက်ကြတော့မယ်
မနက်လင်းလို့
နေခြည်ဖျာကျလာတဲ့အခါ
နှင်းတွေနဲ့အတူ
သူတို့လည်း
ပျောက်ဆုံးသွားကြလိမ့်မယ်။
ငါက မလွတ်လပ်လို့
ငါ့ကဗျာတွေလွတ်လပ်ခွင့်ပြုပါ
ငါ့ရင်ထဲမှာ မွန်းကြပ်လွန်းလို့
စကားလုံးတွေအဖြစ် အန်ထုတ်ခွင့်ပြုပါ
ငါက မွေးဖွားလာကတည်းက
ပျော်ရွှင်မှုတွေဆိတ်သုဉ်းခဲ့ရ
ငါ့ကို မွေးဖွားခဲ့တဲ့တိုင်းပြည်က
ငါ့စိတ်ကိုအကျဉ်းချတယ်၊ ငါ့ကိုနှိပ်စက်တယ်
ငါတို့ မျိုးဆက်ကို ရှင်လျှက်နဲ့သေစေတယ်
ငါ နေထိုင်တဲ့ခေတ်က
ငါ့နှလုံးသားကို ကန့်သတ်တယ်
ငါ ပါဝင်ပတ်သက်ခွင့်ရတဲ့ ဘ၀က
ငါ့ကဗျာတစ်ချို့ကို ကန့်ကွက်တယ်
ငါဟာ ပုထုဇဉ်လူသားပါ
ချစ်ခြင်း၊ မုန်းခြင်း၊ လွတ်လပ်ခြင်းကို
ခံစားတတ်သူ
ငါ ခံစားရတာကို ခံစားရသလို
ငါ့ကဗျာထဲမှာ ချရေးချင်တယ်
ငါ့ကဗျာတွေဟာ
ငါ့ရဲ့ ကြေငြာစာတမ်း
တွေဝေစေတဲ့ အကြောင်းအရာတွေမပါ
အချစ်အကြောင်း၊ ခေတ်အကြောင်း
ငါ ခံစားသလို ငါတွေး
ငါ မြင်သလို ငါရေးမယ်။
ဒီတစ်ည
နှင်းတွေက ပိတ်ပိတ်သည်းသည်း
အမှောင်ညဟာ
နှင်းကြောင့် ဖြူစင်လင်းလက်
တစ်နေ့လုံး
အပူတွေစုပ်ယူထားရတဲ့ ကတ္တရာလမ်းမဟာ
နှင်းကြောင့် အေးမြလာတယ်
တကယ်တော့
ကမ္ဘာမြေရဲ့ ငိုရိုက်မှုမှာ
‘နှင်း’ ဟာဖြစ်တည်လာခဲ့
ကမ္ဘာမြေက နှင်းကို
မျက်ရည်အဖြစ် အန်ချတယ်။
နှင်းရဲ့ မမြဲတတ်တဲ့ သဘောကပဲ
ငါ့ကို သံဝေဂ ရစေပြန်တယ်
အို... ဘာပဲဖြစ်ဖြစ်
ငါ.. နှင်း...ကို... ချစ်..တယ်…
“အချစ်” တဲ့
လွယ်လွယ်နဲ့ ပြောလို့တော့ မဖြစ်နိုင်တဲ့ စကား
အဲဒီ အချစ်ဆိုတာ ထာဝရ တည်တံ့မှုလား
ထာဝရ ဆိုတာလည်း ယေဘူယျသတ်မှတ်ချက်ပါပဲ
ဒဗလျူအိတ်အို အစီရင်ခံစာမှာ
မြန်မာတွေရဲ့ သက်တမ်းက
“၅၂ နှစ်” တဲ့
ငါသေဆုံးသွားတဲ့အခါ
ကမ္ဘာမြေမှာ
ငါ ချစ်တဲ့ နှင်းတွေ ကျန်ရစ်လိမ့်မယ်
ငါ သေဆုံးသွားတဲ့အခါ
လူတစ်ချို့ ၀မ်းနည်းကောင်း ၀မ်းနည်းလိမ့်မယ်
ငါ့အကြောင်း စကားဝိုင်းဖွဲ့ချင်
ဝိုင်းဖွဲ့ကြလိမ့်မယ်
နှစ်အနည်းငယ် ကြာတဲ့အခါ
ငါ မရှင်သန်ခဲ့ဖူးသလို
မေ့ပျောက်သွားကြလိမ့်မယ်
လူတစ်ယောက်ရှင်သန်ခြင်း
သေဆုံးခြင်းဆိုတာ
ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခု။
နှင်းရေ..
အိပ်မက်ထဲအထိ
ငါက နှင်းကို စွဲလမ်းချင်သူ
ငါ ဖြူစင်ခွင့်မရသမျှ
နှင်းရဲ့ ဖြူစင်မှုကို အားကျတယ်
ငါ မှောင်မိုက်သမျှ
နှင်းရဲ့ ခြင်းလင်းဝင်းပခြင်းကို တမ်းတတယ်
နှင်းရဲ့ အဖြေစကားမှာ
ငှက်တွေထပျံတယ်
လယ်ကွင်းထဲက
စပါးပင်တွေကလဲ
ယိမ်းနွဲ့ကခုန်
ငါ ဒီတစ်ည
အိပ်လို့ရပါ့မလား။
ဒီတစ်ည
ငါနေထိုင်ခဲ့ဖူးတဲ့
မြောက်ပိုင်းနှင်းဆီကို လွမ်းတယ်
ငါမွေးဖွားရာ အညာကိုလည်း လွမ်းတယ်
ဒီတစ်ဆောင်းကုန်ရင်
အနွေးအင်္ကျီတွေ ပြန်သိမ်းထားရမယ်
ပြီးရင် နောက်တစ်ဆောင်းကို ထပ်ပြီးစောင့်ရုံ
ငါက နှင်းနဲ့သာ ရှင်သန်လိုသူ
နွေဦးဝင်ရင်
နှင်းတွေပျောက်ဆုံးသွားကြလိမ့်မယ်
ဒီ.. အမှောင်ညရဲ့ အပြင်ဖက်မှာတော့
နှင်းတွေက ဝေကောင်းဆဲ။ ။
ငြိမ်းချမ်းအောင်
၈ ဇန်န၀ါရီ ၂၀၀၈
05 January, 2008
အချစ်
ဟောဒီ ဟန်ဆောင်တတ်တဲ့
မိုးကောင်းကင်ကြီးအောက်မှာ
ဟန်ဆောင်မှုကင်းတဲ့ ချစ်ခြင်းနဲ့
ဘ၀ကို ရိုးရှင်းစွာ ပြန်စချင်မိတယ် ။
လူတစ်ယောက်က
အခြားလူတစ်ယောက်ကိုလိုအပ်တာ
အချစ်လို့ သတ်မှတ်ရင်
သူမကို လိုအပ်မိတဲ့ ကျနော့်ရင်ဘတ်ထဲမှာ
အချစ်ဆိုတာရှိတယ်။
အဲဒီ သူမဟာ
ကျနော် အမြဲတမ်းတနေချင်တဲ့ ကောင်းကင်ပြာ
ကျနော် ငယ်ငယ်ကမက်ခဲ့ ရတဲ့ အိပ်မက်
ကျနော့် အမှောင်ညတွေကို အဆုံးသတ်မဲ့ လမင်းငယ်
ကျနော့် အထီးကျန်ပြတင်းတံခါးတွေကို တွန်းဖွင့်ပစ်လိုက်မဲ့
ကယ်တင်ရှင် လေနီရိုင်း… အဖြစ်
ကျနော်က သတ်မှတ်ထားပါတယ်။
အများကြီး မျှော်လင့်မထားပါဘူး
မေတ္တာဓါတ်တွေနဲ့ ပြည့်လျှမ်းနေတဲ့
ရင်ခွင်တစ်စုံရယ်..
ကမ္ဘာလောကကို ချစ်တတ်တဲ့
ဆင်ခြင်တုံတရားရယ်..
ပန်းပင်လေးတွေကို
ရေလောင်းပေါင်းသင်တတ်တဲ့
ကြီးမြတ်မှုရယ်..
ပြီးတော့ လှပတဲ့ မျက်လုံးတွေနဲ့
စွဲမက်ဖွယ်
နူတ်ခမ်းတစ်စုံရယ်ပေါ့ ..။
ဟောဒီကမ္ဘာမှာ
ချစ်ခြင်းသာမရှိရင်
မျိုးဆက်ပြန့်ပွားမှုကောရှိနိုင်မှာလား
ချစ်ခြင်းမပါတဲ့
မျိုးဆက်ပြန့်ပွားမှုနဲ့
ကမ္ဘာမြေဟာ
မေတ္တာအကြည်ဓါတ်တွေ ခမ်းခြောက်သွားမှာ
ကျနော်စိုးရိမ်မိတယ် ။
လူ့ဘ၀မှာ တစ်ကြိမ်တစ်ခါပဲဖြစ်ဖြစ်
လောင်းကစားဖူးတယ်ဆိုရင်
ဒါဟာ.. အိမ်ထောင်ပြုခြင်းပဲ ဖြစ်လိမ့်မယ်၊
သူမက ကျနော့်ကို ယုံကြည်စွာ
ကျနော်က သူမကို ယုံကြည်စွာ
ဘ၀ကိုပုံအောကြရမှာ..
ချစ်မေတ္တာ၊ ငွေကြေး
နားလည်ခြင်း၊ သီးခံခွင့်လွှတ်ခြင်းနဲ့
သစ္စာတရားဟာ
အိမ်ထောင်ရေးမှာ
အဓိကဇာတ်လိုက်တွေဖြစ်ကြလိမ့်မယ်..
ကျနော်က ‘ကလေး’ လို့ ခေါ်တဲ့ သူမဟာ
ကျနော့် အတွက် ပန်းတစ်ပွင့်ဖြစ်သလို
ကျနော့်ရဲ့ တပ်မှူးကောင်းလည်း ဖြစ်ပါတယ်..
ကျနော် ပင်ပန်းနွမ်းနယ်တဲ့အခါ
သူမရဲ့ ဥယာဉ်မှာ အနားယူမယ်
ကျနော် ကြောက်စိတ်ဝင်လာတဲ့အခါ
သူမက ကျနော့်ကို စိတ်ဓါတ်ခွန်အားနဲ့
ရဲဆေးတင်ပေးလိမ့်မယ်..
သူမမှာ
နူးညံ့တဲ့ လက်တစ်စုံရှိတယ်
ကျနော့်မှာ
တွေဝေတတ်တဲ့ ဦးခေါင်းတစ်လုံးရှိတယ်..
သူမမှာ
လတ်ဆတ်တဲ့ ကိုယ်ခန္ဒာရှိတယ်
ကျနော့်မှာ
ဆွေးမြေ့ပုတ်သိုးနေတဲ့ အတွေးအခေါ် တချို့ရှိတယ်..
ဘာပဲဖြစ်ဖြစ်
ကမ္ဘာဦးလူသားတွေလိုပဲ
သူမနဲ့ ကျနော်ဟာ
ကျနော်နဲ့ သူမရဲ့ ကလေးတွေကို မွေးဖွားရင်း
သူမနဲ့ ကျနော်ရဲ့ ဒြပ်မဲ့ အိပ်မက်တွေကို
ဘီဒိုထဲ အပြီးတိုင် သော့ခတ်သိမ်းဆည်းရင်း
ကျနော်နဲ့သူမရဲ့ ပုဂ္ဂလိက မာနတွေကို မြှုပ်နှံသင်္ဂြိုလ်ရင်း
အနာဂတ်ကို မရဲတရဲ တွန်းဖွင့်ဖို့ အားယူနေခဲ့ကြပေါ့……။
ငြိမ်းချမ်းအောင်
၅ ဇန်န၀ါရီ ၂၀၀၈