အသာတကြည်မရလို့
အကြမ်းဖက်လိုစိတ်က မကြာခဏခေါင်းထောင်ထတယ်
စိတ်ထဲမှာ ရှိတာကို ရှိတဲ့အတိုင်း လက်တုန့်ပြန်မိတော့
နိုင်ငံရေးလုပ်မယ်ဆိုရင် အရေထူဖို့ အရင်ကြိုးစားလိုက်ပါဦး ညီလေးရာတဲ့
ဆရာကြီးလေသံနဲ့ ကဲ့ရဲ့စကားဆိုတာကို ခံရတယ်
လမ်းပေါ်မှာခလုတ်တိုက်မိရင် တိုက်မိတဲ့အရာဝတ္တူ ခြေထောက်နဲ့ပိတ်ကန်လိုက်တယ်
လမ်းသွားရင်း ဟောင်တဲ့ခွေးကို ခဲနဲ့ကောက်ထုတယ်
မကျေနပ်တာကို မကျေနပ်ဘူးကွလို့ ဗြောင်ဖွင့်ပြောလိုက်တယ်
ရွှေပြည်အေးတရားဟောနေတဲ့ ပုဂ္ဂိုလ်ရဲ့ မျက်နှာကို တံတွေးနဲ့ ထွေးချင်တယ်
သူပုန်ထတာ အချိန်နေရာဒေသ ရွေးနေစရာမလိုဘူး
ဘယ်နည်းနဲ့ပဲ နိုင်နိုင် အနိုင်ရလိုစိတ် ငယ်ငယ်ကထားခဲ့ဖူးတယ်
ရန်ရန်ချင်းမတုန့်နှင်းရဘူးတဲ့
ရန်သူကို ရန်သူလို မမြင်မိတဲ့နေ့ကစပြီး ခံရတော့တာပဲ
အိပ်မက်ထဲမှာ ယောင်ယောင်ပြီး ကန်သွင်းခဲ့တဲ့ ဂိုးတွေ
နိုးလာတိုင်း လွမ်းဆွတ်နေမိတယ်
ကိုယ်ဖော့ပြီးစဉ်းစားတယ်
ခဲဆွဲပြီးစဉ်းစားတယ်
စိတ်ကိုဖွင့်ထားတယ်
နှလုံးသားကို ဖွင့်ထားတယ်
အနွေးအင်္ကျီထူထူ ၀တ်ထားတယ်
ကိုယ်ခံပညာ နည်းနည်းပါးပါး သင်ထားတယ်
လူရှေ့မှာ ဆွေးနွေးလို့ ရအောင် စာတိုပေစတွေ မတောက်တခေါက် ဖတ်ထားတယ်
မူးမှပဲ အော်အော် ဆဲလို့ကောင်းတော့ တစ်ခါတစ်ခါတော့လည်း မူးမိတာပေါ့
မူးတိုင်းလည်း နံရံကို လက်သီးနဲ့ ပစ်ပစ်ထိုးလိုက်တယ်
ရွေးချယ်စရာ မတွေ့လို့ ဘာကိုမှ မရွေးချယ်မိသေးတာပါ
ခြေမတွေ့လို့ စောစောစီးစီး ထွက်ထိုင်နေမိတာ
မနက်ဖြန်ဆိုတဲ့မမြင်ရတဲ့အနာဂတ်နဲ့
ဓါတ်တိုင်ကမီးအရောင်ပြန်ဟပ်ပြီးလင်းနေတဲ့ကာင်းကင်အောက်မှာ
ဘယ်အရာမှအစီအစဉ်တကျမရှိကြဘူး။
ငြိမ်းချမ်းအောင်
24 March, 2008
အလွမ်းနဲ့ရေးတဲ့ သီချင်းတစ်ပုဒ်
21 March, 2008
မတ် ၁၃ အသားကင်ဆိုင် နွေဦးညနေခင်း
အဲဒီညပေါ့
အလိုမတူပဲ လမင်းကို ငါ ချစ်တင်းနှောခဲ့မိတာ
နွေဦးက ရူးလောက်အောင် ဖမ်းစား
အဝေးက ငါစောင့်မျှော်နေခဲ့ ရောက်လာလတ္တံ့သော အ၀ါရောင်အလင်းတစ်စ
ငါ့ ခန္ဒာကိုယ်က နာကျင်ခြင်းမဲ့ အိုကြီးအိုမ ၀ိညာဉ်တစ်စ
လေထဲမှာ တဖျတ်ဖျတ်လွင့်လို့ ပေါင်းဖက်မွေ့ကြ
အဲဒီတဒင်္ဂမှာ ညက ငါ့ကို ပျားရည်နဲ့ ၀မ်းချခဲ့။
မြက်ခင်းပြင်ပေါ်မှာ
ကြယ်တွေ လင်းလက်မနေခဲ့ပါ
သူကလေးရဲ့ မျက်လုံးတွေပဲ တဖျတ်ဖျတ်တောက်ပလို့နေကြ
သူစိမ်းဆန်ပေမဲ့ ယဉ်ကျေးပြူငှာတဲ့ ရေမွှေးရနံ့သင်းပျံ့ပျံ့ကလေး
ရင်ထဲအထိ တိုးလျှိုးပေါက် ချဉ်းနင်းဝင်ရောက်
ဖမ်းစားနိုင်လွန်းတယ်
အဖွင့်အပိတ်မြန်ပြီး အလိုမကျတဲ့ စကားတွေပြောတတ်တဲ့ နူတ်ခမ်းပါးကလေး
ငါ သတိလက်လွတ် ငေးကြည့်နေမိတဲ့အရာ
သူကလေးရဲ့ ဆေးရောင်စုံခြယ်သ လှပတဲ့မျက်နှာ
အဲဒီခဏကလေးမှာ
တပ်မက်စိတ်ဟာ မီးတစ်စလို ရင်ကိုလောင်မြိုက်
နှလုံးသားဟာ ပရမ်းပတာ မြူးတူးခုန်ပေါက်လို့
သံချေးတက် ဓါးမတစ်ချောင်းဟာ
ရေခဲစိမ်ပန်းသီးကို ခွဲစိတ်ဖို့ မသင့်တော်ပါဘူးကွာ
ဖမ်းဆုပ်ဖို့ ခက်တဲ့ အဲဒီ အလင်းတစ်စကိုပဲ
အငမ်းမရ ငါဟာ ဖမ်းဆုပ်
ကလေးရယ်
မင်းမျက်လုံးတွေ ရီဝေနေခဲ့
အချစ်က ရင်ဘတ်ထဲအထိ ၀င်ကြည့်မှ မြင်ရတဲ့ အရာမျိုး
အဲဒီ ခါးသက်လွန်းတဲ့ဝေဒနာ
အလွမ်းဆိုတာ အလင်းထက် ပိုမြန်တတ်သလား
မဝေးလိုပေမဲ့ ဝေးခဲ့ရ
မထားလိုပေမဲ့ ထားခဲ့ရ
မင်းအပါးက ထပြန်လာခဲ့ရပေမဲ့
သူပုန်ဆန်နေကျ ကိုယ့်ဝိညာဉ်ဟာ အခုထိ ကိုယ့်ဆီ ပန်ရောက်မလာတော့။
ငြိမ်းချမ်းအောင်
17 March, 2008
မီးတွေ မငြိမ်းတော့ဘူး
အရေပြားပေါ်က ချွေးတွေတိတ်ဖို့
မိုးစက်မိုးပေါက်တွေ လိုသလို
ကမ္ဘာကြီးပူနွေးလာမှုကို ဟန့်တားဖို့
လောဘနဲ့ရမ္မက်မီးတွေ ငြိမ်းသတ်ဖို့လိုတယ်။
ချွေးစက်တွေဟာ ခန္ဒာကိုယ်ကထွက်တဲ့
ဝမ်းတွင်း ချော်ရည်ပူတွေ
လောဘရမ္မက်က မီးတစ်စလို
လူ့ခန္ဒာကိုယ်ကနေ စကြ၀ဠာအနှံ့
တငွေ့ငွေ့ လောင်မြိုက်တယ်။
လောဘနဲ့ဖွဲ့တည်တဲ့မီး
ဒေါသကြောင့်ဖြစ်ပေါ်တဲ့မီး
မောဟနဲ့ယက်ဖွဲ့တဲ့မီး
သောကနဲ့လောင်မြိုက်တဲ့မီး
တဏှာကြောင့်ပေါ်ပေါက်တဲ့ရာဂမီးတွေဟာ
ပူလောင်လွန်းလှချေရဲ့။
တင်းတိမ်ရောင့်ရဲစိတ်ထားပါမှ ငြိမ်းအေးမယ်
မေတ္တာရေစင်ဖျန်းပါမှ မီးတွေငြိမ်းနိုင်မယ်။
“နိဗ္ပာန်ရောက်ကြောင်းတရား” ဟာလည်း
လောင်မြိုက်နေတဲ့ မီးတွေကို မတားနိုင် မဆီးနိုင်
“ငဲ့ညှာမှုနဲ့ ကိုယ်ချင်းစာစိတ်” ရှိမှ မီးရှိန်တွေ လျှော့ကျမယ်
မီးအမှောင်တိုက်တွေ ပိတ်ဖုံးနေမှဖြင့် စုံလုံးကန်းတော့တာပဲ
“ကိလေသာအညစ်အကြေး” တွေဟာ
မီးပြင်းထိုးနေတဲ့ “ထင်း” မျိုးတွေပေါ့။
မီးတွေ မီးတွေ ပူလောင်လှချေရဲ့
မင်းရဲ့အလှဟာလည်း မီးပါပဲ အချစ်ရယ်
တဏှာကြောင့်ဖြစ်ပေါ်တဲ့ ရာဂမီးဟာ
ငရဲမီးတစ်စလိုပဲ ရင်ကိုလောင်မြိုက်နိုင်ရဲ့။
“ငါ ဆိုတဲ့ အတ္တစိတ်အစွဲ” ဟာလည်း မီးပါပဲ
“အနိုင်ရလိုမှုနဲ့ ထင်ပေါ်ကျော်ကြားလိုစိတ်” ဟာလည်း မီးတွေပဲ
“လိုချင်တပ်မက်မှုနဲ့ ချမ်းသာကြွယ်ဝလိုစိတ်” ဟာလည်း မီးတွေပေါ့
“မနာလိုဝန်တိုမစ္ဆိယစိတ်” ဟာ မီးလိုလောင်မြိုက်
အဲဒီ မီးတွေဟာ ဖောက်ပြန်ရူးသွပ်စေတယ်
တင်းတိမ်ရောင့်ရဲစိတ် မရှိသေးသ၍ မီးတွေဆက်လောင်နေဦးမယ်။
အချစ်ရေ မင်းကို ချစ်မိတာလည်း မီးပါပဲ
အချစ်က မီးတစ်စလို အပူတိုက်သွင်းနိုင်ရဲ့
မင်းရဲ့ အမုန်းဟာလည်း မီးပါပဲ
မင်းအမုန်းကြောင့် ငါ့ရင်မှာ ပူလောင်လှချည်ရဲ့။
အစာရေစာရှားပါးခြင်းနဲ့ ငတ်မွတ်ခေါင်းပါးခြင်းဟာလည်းမီးပါပဲ
သဘာဝဘေးအန္တရာယ်နဲ့ ကပ်ရောဂါတွေဟာလည်း မငြိမ်းနိုင်တဲ့ မီးတွေပဲပေါ့ကွယ်။
မွေးဖွားလာကတည်းက သေဆုံးချိန်အထိ
လောင်မြိုက်နေတဲ့ မီးတွေ မီးတွေ
အဲဒီမီးတွေကြောင့် စစ်ပွဲတွေ ဖြစ်ခဲ့
အဲဒီမီးတွေကြောင့် လူတွေသေခဲ့
အဲဒီမီးတွေကြောင့် ရာသီဥတုတွေဖောက်ပြားခဲ့
အဲဒီမီးတွေကြောင့် အိုဇုန်းလွှာကြီး ပါးခဲ့
အဲဒီမီးတွေကြောင့် ကျင့်ဝတ်သိက္ခာနဲ့သီလတွေ ကျိုးပေါက်ခဲ့
အဲဒီမီးတွေကြောင့် အလိမ်အညာအဖျီးအဖြန်းနဲ့မသမာမှုတွေ ပေါ်ပေါက်ခဲ့
အဲဒီမီးတွေကြောင့် ခိုးဆိုးလုယက်မှုနဲ့ အကျဉ်းထောင်တွေပေါ်ပေါက်ခဲ့
အဲဒီမီးတွေဟာ အာဏာရှင်နဲ့ ရာဇ၀တ်သားတွေကို မွေးထုတ်ပြန်တယ်
အဲဒီမီးတွေဟာ စိတ်ဖောက်ပြန်သူတွေနဲ့ အစွန်းရောက်ဝါဒီတွေကို မွေးဖွားပေးခဲ့
အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေဟာလည်း မီးတွေပေါ့
ဝါဒမှိုင်း လူမျိုးရေးအမြင်ကျဉ်းမြောင်းမှုနဲ့ ဘာသာရေးအစွဲ စစ်ပွဲ တွေဟာလည်း မီးတွေပဲပေါ့ကွယ်။
အချစ်ရေ မေတ္တာရေစင်နဲ့ မီးတွေကို ငြိမ်းသတ်ပါ
မင်း အမုန်းကြောင့် ပူလောင်လှချေရဲ့
အချစ်ရေ မီးလောင်ရာ လေမပင့်လိုက်ပါနဲ့
မီးပြင်းထိုး လောင်တိုက် သွင်းသူတွေကြောင့်
မငြိမ်းသော မီးတွေ မီးတွေ စကြ၀ဠာအနှံ့ လောင်မြိုက်နေခဲ့ပြီ...........။
ငြိမ်းချမ်းအောင်
12 March, 2008
Vote “No”
အချစ်ရေ..
မသေချာ မရေရာတဲ့ သက္ကရာဇ်တွေထဲ
အနေကြာခဲ့ နှစ်တွေမြဲလို့
“လုပ်သမျှ” ကို မယုံရဲ
“ပြောသမျှ” ကို သံသယစိတ်အစွဲနဲ့
လောကအပေါ်အဆိုးမြင်
မဲမဲမြင်ရန်လိုစိတ်ဝင်မိတဲ့ ကိုယ့်ကို
လူဆိုးကြီးလို့ မထင်လိုက်နဲ့ဦး။
ကတိက၀တ်တွေဟာလည်း
အဖိအညှစ်တွေပါပဲ အချစ်ရယ်..
အဖြူနဲ့ အမဲကိုလည်း
ဗြောင်လိမ်ဝံ့ရဲသူတွေက
အကြံအဖံ အကဲမစမ်းပဲ
အမှန်အကန်အသဲတခြမ်းနဲ့
Referendum မဲမှတ်တမ်းကို
အတိအကျ ရှိသမျှ ကြေငြာပေးမယ်လို့
ဘယ်သူကများ အာမခံဝံ့မှာတဲ့လဲ။
အလိမ်အညာ အဖျီးအဖျန်းတွေနဲ့
ဗေဒင်ယတြာ နည်းလမ်းတွေချဲ့
အသေအချာ အတိအကျစီမံပြီး
ပလီပလာ ပေါက်ကရ လေကန်ပြီး
စီမံခန့်ခွဲ သူတို့ကြောင့်
တိုင်းပြည်လည်း မွဲသထက်မွဲ
အရေပြားတွေလည်း မဲသထက်မဲ
အသည်းနှလုံးတွေလည်း ကွဲသထက်ကွဲ
ကျောမွဲ မျက်နှာမွဲ အလှမွဲ အခြေအနေမှာ
သန်းခေါင်ထက်လည်းပိုပြီး
ညဥ့် မနက်နိုင်တော့ပါဘူး အချစ်ရယ်။
ကိုယ်တို့ဘ၀က
ကျွန်ဖြစ်ပြီးမှ
နွံနစ်လည်းမထူးတော့ပါဘူး..
အလိမ် ခံရတာများလွန်းလို့
လူတွေလည်း ပိန်လိန်နေပါပြီ
အထုအထောင်းခံရတာများလို့
ထုသားပေသားလည်းကျနေပါပြီ..
ဥပါဒါဏ်ကြောင့် ဥပါဒ်ဖြစ်ပေမဲ့
လူလိမ်တွေ ကြီးစိုးတဲ့ခေတ်မှာ
ဖြစ်သမျှအကြောင်းအကောင်းချည်ပဲသာမို့
ထူးပြီး စိတ်ညစ်မနေပါနဲ့တော့ အချစ်ရယ်။
ရွေးချယ်စရာဆိုတာလည်း
ဈေးဝယ်သလိုပါပဲကွယ်..
ကြေးကြီးကြီးပေးဝယ်မှ
စိတ်တိုင်းကျပစ္စည်းတွေရမယ်
အမှည့်လွန် သစ်သီးကိုလည်းမစားနဲ့
နုငယ်လွန်းတဲ့ အသီးနဲ့လည်း မကစားနဲ့
အိမ်ရှင်မတစ်ယောက်ဟာ
စစ်သူကြီးတစ်ယောက်လိုပါပဲ
အခြေအနေကိုခြုံငုံ တွက်ချက်ပြီးမှ စစ်ထွက်ရသလို
အသေအချာ ဆန်းစစ်ပြီးမှ ဈေးဝယ်ပါ အချစ်ရယ်။
ဈေးတွက်အတွက်လွန်နေရင်လည်း
ချွေးထွက်အထွက်လွန်ပေလိမ့်မယ်
နေမြင့်လို့ဈေးကွဲတဲ့အခါ
လျော့ဈေးနဲ့ ချရောင်းရမယ်
ချွေးနဲ့ရေးတော့ ချွေးသမိုင်း
သွေးနဲ့ရေးတော့ သွေးသမိုင်း ပေါ့ကွယ်
“လေထိုးရင် လေရမယ်..
ငွေထိုးရင် ငွေရမယ်” ဆိုတဲ့
လောင်းကစားဝိုင်းက “ဒိုင်လူကြီး” ပြောတဲ့ စကား
အမှန်ပါပဲ အချစ်ရယ်။
အချစ်ရေ..
ကွန်စတီကျူးရှင်း အသစ်က
ကျွန်စနစ် ခေတ်တခေတ်ကို
အတိအကျ ထူထောင်တော့မှာမို့
ကျွန်မစစ်ပေမဲ့
ကျွန်ဖြစ်နေတဲ့
ကိုယ်တို့တတွေ
ရှိသမျှဇွဲ အားမာန်ခဲလို့
ကန့်ကွက်ကြရအောင်ပါ အချစ်ရာ။
စစ်ဗိုလ်တစ်မတ်သားပါလီမန်မှာ
ယူနီဖောင်းကြီးတလွှားလွှား
ပစ္စတိုကြီး တကားကားနဲ့
ဆစ်တို ပုကွ လူလုံးမလှတဲ့
ငတိများကသာ
ကြီးစိုးတော့မှာမို့
ယီးတီးယားတားလုပ်မိရင်
သေနတ်ကြီးများနဲ့ ထပစ်နေမှဖြင့်
ခက် ခက်ရချည်သေးရဲ့ အချစ်ရယ်။
ဒီတော့ အချစ်ရေ..
“မထူးဘူး” ဆိုပြီးလည်း
စိတ်ပျက်လက်ပျက်နဲ့
မျက်နှာမလွှဲ လိုက်ပါနဲ့ဦး
မျှော်လင့်ချက်မလက်တလက်
သံသယစိတ် တစ်ဝက်တစ်ပျက်နဲ့ပဲ
လောလောဆယ်
စကားနည်း ရန်စဲ
တိတ်တိတ်ကလေးပဲ (ဖြစ်ဖြစ်)
မဲရုံကို ဒို့တတွေ သွားလို့
“ကန့်ကွက်မဲ” ကလေး ပေးလိုက် ကြပါဦးစို့ကွာ….။
ငြိမ်းချမ်းအောင်
09 March, 2008
ကချေသည် (၂)
ညကပဲ
ကြွရွလွန်းတာလား
လကပဲ
ရင်ခုန်ယစ်မူးစေသလား
မင်းကပဲ
လှပလွန်းလေသလား
မြင်သူတကာကို ရင်ဘ၀င်လှိုက်ဆူ
သည်းအူညွတ်ပြောင်း ဖမ်းစားနိုင်စွမ်းတဲ့
အို.. မင်းသမီးရယ်
ဂီတစာဆို ကိုသက်ဦးရဲ့ ဒေ၀စ္ဆရာ သီချင်းထဲကလို
“ ပြစ်မျိုးမှဲ့မထင် နတ်သွင်မူယာ ”
မင်းဟာ
ကောင်းကင်ဘုံခုနစ်ဆင့်က
ဘုံကြိုးပြတ်လာတဲ့
နတ်ဒေ၀ီ တစ်ပါးလေလား
ဆိုင်းချက်နဲ့ အညီ
ခန္ဒာကိုယ် လှုပ်လီလဲ့
ခေါင်းခါးခြေလက် စည်းချက်နဲ့အညီ
ကန့်လန့်ကာကြီး ကျမလာခင်
ငွေလမင်းနဲ့အပြိုင် လှချင်တိုင်းလှနေတဲ့
မင်းမျက်နှာလေးကို ကိုယ်ဟာ အားပါးတရ ငေးကြည့်
စွဲမက်ဖွယ် မင်းခန္ဒာကိုယ်အလှမှာ ရင်ခုန်တွယ်ငြိ
ကန့်လန့်ကာကြီး ပိတ်ဖုံးသွားတဲ့အခါ
ငါ့ အပါးကနေ မင်း အပြီးတိုင် ပျောက်ဆုံးသွားတော့မှာ
ဟောဟို အရှေ့ဖက်ကောင်းကင်မှာ
ရောင်နီပျို့လို့ မိုးလင်းလာတဲ့အခါ
မင်းက ထွက်ခွာသွားတော့မှာ
ငါ့ရင်မှာ ဆွတ်ကြင် လွမ်းစိတ်ဝင်မိပါရဲ့
ကချေသည် ဒေ၀ီ မင်းသမီးလေးရေ....။
ကိုယ်ဟာ မင်းအပါးမှာ နေခွင့်မရှိသူပါ
ကိုယ်ဟာ ဇာတ်ဆရာမဟုတ်သလို
ဂီတစာဆို လည်းမဟုတ်ပါ
ကိုယ်ဟာ အပြောကောင်းတဲ့ မင်းသားကြီး ဦးဖိုးစိန်မဟုတ်သလို
ရွှေမန်းတင်မောင်လိုလဲ အဆိုကောင်းသူ မဟုတ်ပါ
ခြေထိုးကောင်းတဲ့ ဦးအောင်မောင်းကြီးလိုလည်း မင်းကျအောင် ကမပြတတ်ပါ မင်းသမီးလေးရေ
ကိုယ်ဟာ မင်းရဲ့ ပရိသတ်များစွာထဲက တစ်ယောက်သာမို့
အချိန်တန်တဲ့အခါ တို့တွေ ခွဲကြရပြန်အုံးတော့မှာ
ဆက်ပြီးကပါ မင်းသမီးရယ်
မိုးမလင်းခင် အချိန်လေးမှာ ကြိုးစားပြီးကလိုက်ပါအုံး
မင်းရဲ့ ကောင်းခြင်းငါးဖြာ အလှမှာ
ဒီတစ်ညဖြစ်ဖြစ်၊ ခဏဖြစ်ဖြစ်
ကိုယ်ကျဆုံးပါရစေ
စိန်ရောင်ပျိုးပြက် ၀င်းလက်တဲ့
မျက်နက်ဝန်းတွေ ဒေါင့်ကပ်လို့ ကိုယ့်ကိုကြည့်ပါ
သောက်ရှူးကြယ်အလား ရွှန်းရွှန်းစားစား မင့်အပြုံးတွေနဲ့
ကြီးတောင့်ကြီးမား ဒီကောင့်နှလုံးသားကို ညှို့ယူဖမ်းစားပါ
ဟောလိဝုဒ်က မိန်းမချောတွေကို ကိုယ်မတပ်မက်ပါဘူး
ခန္ဒာကိုယ်ဖွံ့ထွားတဲ့ ဘောလိဝုဒ် မင်းသမီးတွေကို ကိုယ်မလိုချင်ပါဘူး
အာရှပဂေး ကိုရီးယားမင်းသမီးလေးတွေရဲ့ အလှမှာလည်း ကိုယ်မကျရှုံးချင်ဘူး
ကိုယ့်နှလုံးသားက မင်းကိုပဲ လိုအပ်မိလို့
ကိုယ့်ညခင်းတွေမှာ မင်းရှိမှ ပြည့်စုံမှာမို့
ကိုယ်ဟာ မင်းအနုပညာကို တန်ဖိုးထားမိသူမို့
မင့်အပြုံးမှာ ကိုယ်ဟာ ရင်ခုန်မိလို့
ကိုယ့်အတွက်
မင်းရဲ့ ပရိတ်သတ်ကြီးအတွက်
ဆက်ပြီးကလိုက်ပါအုံး
လရောင်နဲ့ အတူ
ကြယ်စင်တွေရဲ့ အလင်းရောင်နဲ့ အတူ
မင်းပျောက်ဆုံးသွားတဲ့အခါ
ကိုယ့်အမြင်အာရုံကနေ မင်းထွက်ခွာသွားတဲ့အခါ
ကိုယ့်ကို မင်းထားရစ်ခဲ့တဲ့အခါ
နေ့အချိန် အလင်းရောင်ထဲမှာလည်း မင်းအရိပ်ကို ဆက်လက်ရှာဖွေနေမိအုံးမှာ
ကိုယ်ဟာ မင်းကို ချစ်ခဲ့မိလို့ပါ မောင့်ကချေသည် ဒေ၀ီ မင်းသမီးလေးရေ.....။
ငြိမ်းချမ်းအောင်
26 February, 2008
သို့ ... ချစ်သော တိုရှီဘာ
အို… ဆာမူရိုင်း သွေးနဲ့ မွေးဖွားလာတဲ့ တိုရှီဘာ
မင်းအသည်းနှလုံးကို ထွင်းဖောက်မဲ့
အဆိပ်လူးမြား အစင်းစင်း
မင်းအသားကို ပါးပါးလှီးမဲ့
မိုးကြိုးသွား ဓါးအစင်းစင်း
မင်းရင်ဝတည့်တည့် ပစ်ခွင်းလာတဲ့
ကျည်ဆန် ဗုံးဆန် နောက်ဆုံးပေါ်လက်နက်ဆန်းတွေကို
ဆာမူရိုင်းသွေးမို့ အံကြိတ်ခံနိုင်ပေတော့တာ။
ရန်သူတွေရဲ့ ခြောင်းမြောင်းလုပ်ကြံမှုကို
သုံးကြိမ်တိုင် အငိုက်မိခံခဲ့ရတဲ့ တိုရှီဘာရေ
ငါ့ရဲ့ ပေါ့ဆမှုကြောင့် မင်းရင်ဝမှာ အဆိပ်သင့်ပြီလား
မင်းနှလုံးသားတွေ သွေးခုန်နူန်းမှန်သေးရဲ့လား
မင်းဦးနှောက်ကော အလုပ်လုပ်နိုင်အုံးမှာလား
မင်းရဲ့ ၀မ်းတွင်းကလီဆာတွေရော ပုံမှန်လည်ပတ်နိုင်ရဲ့လား
မင်းခန္ဓာကိုယ်က သွေးစိမ်းရှင်ရှင်ပန်းထွက်နေပြီလား
အို.. တိုရှီဘာ...
လက်ထပ်ပေါင်းသင်းခါစ ဇနီးမောင်နှံတွေလို
သုံးနှစ်တာကာလအတွင်း မင်းနဲ့ငါ အနေနီးခဲ့ကြတယ်
တနေ့ကို ဆယ်နာရီလောက် ငါတို့ မခွဲခဲ့ကြဘူး
မင်းဟာ ငါ့ဘ၀ထဲ အနက်ရိုင်းဆုံး ချဉ်းနင်းဝင်ရောက်
ငါ့ တနေ့တာအလုပ်တွေရဲ့ ၈၅ ရာခိုင်နူန်းကို မင်းကပဲ ပြီးမြောက်စေတယ်
မင်းဟာ ငါ့ရဲ့ ဒုတိယ ဦးနှောက်
မင်းဟာ ငါ့ရဲ့ ဒေတာတွေအားလုံး သိမ်းဆည်းသိုမှီးရာ
မင်းဟာ ငါ့အတွက် အရင်းနှီးဆုံးမိတ်ဆွေ
မင်းဟာ ငါ့အချစ်ဆုံး ငယ်ပေါင်း
မင်းဟာ ငါ့သစ္စာခံ သွေးသောက်ရဲဘော်
တစ်ခါ တစ်ခါ မင်းက ငါ့ရဲ့ ချစ်သူတစ်ယောက်လည်းဖြစ်ပေရဲ့
ငါပျင်းတဲ့ အခါ မင်းက ရုပ်ရှင်သဘင်ဂီတနဲ့ ဖျော်ဖြေတယ်
တစ်ခါ တစ်ခါ မင်းက ငါ့ရဲ့ ဆရာ
ငါ့ကို ကမ္ဘာကြီးအကြောင်း နေ့စဉ်ပြောပြသူ
အတတ်ပညာ၊ အသိပညာတွေလည်း ငါ့ကို သင်ပေးရဲ့
တစ်ခါ တစ်ခါ မင်းဟာ ငါ့ရဲ့နောက်လိုက်ကောင်းပေါ့
ငါ ဖွင့်မှ မင်းပွင့်တယ်
ငါ ခိုင်းတာ မင်းလုပ်တယ်
ငါ့ကို ကလန်ကဆန်မလုပ်ခဲ့ဘူး
မင်းမရှိရင် ငါ့ဦးနှောက် တစ်ခြမ်းပျက်ရချည်ရဲ့ တိုရှီဘာရေ…
ဂျပန်မှာ မွေးတဲ့ မင်းဟာ
ဂျပန်မလှလှကလေး တစ်ယောက်ထက်
ငါ့အတွက် အဓိပ္ပါယ်ပိုရှိပါတယ်
မင်းတို့ အရပ်က ဖူဂျီတောင်ကြီးကို ငါ မတပ်မက်ပါဘူး
ချယ်ရီတွေပွင့်ဖူးတဲ့ (နာမည်ကျော်) နွေဦးရာသီကို ငါ မလိုချင်ပါဘူး
ငါ့ အတွက် လိုအပ်တာ မင်းပဲ တိုရှီဘာ
ငါ မင်းကို မစွန့်ပစ်ပါရစေနဲ့ဦး
မင်းဦးနှောက်ထဲက မှတ်တမ်းမှတ်ရာတွေ ငါ့အတွက်ထားခဲ့ဦး
ပြီးရင် ငါ မင်းကို ချန်ခဲ့ရလိမ့်မယ် ချစ်သောတိုရှီဘာ
ရဲဘော်ရဲဘက်တစ်ယောက် ကျဆုံးတိုင်း
အလောင်းဖက်ပြီး ငိုကြွေးနေတဲ့ အစဉ်အလာ
ငါတို့ ရာဇ၀င်မှာ မရှိစေရ
တက်ကျိုးရင် တက်အသစ်လုပ်မယ်
တိုရှီဗာနဲ့ မရရင် ဆိုနီ နဲ့ ခရီးဆက်မယ်
နော့… နဲ့ မရရင် ပလပ် လိပ်တက်စ်ဘားရှင်းနဲ့ ခံကတုတ်စည်းရိုးကို ပြန်ပြင်ရမယ်
ခံစစ်ကို ခိုင်ခိုင်မြဲမြဲတည်ဆောက်မယ်
ထိုးစစ်ကို အပြင်းအထန်ပြန်ဆင်နွှဲရမယ်
ဝိုင်ယာလက်သွေးကြောတွေထဲက ပရိယာယ်နဲ့ ၀င်ရောက်လာတဲ့ ရန်သူကို
မြို့ပြထိုးဖောက်စစ်ဆင်ရေးနဲ့ ပြန်ခြေမှုန်းရမယ်
ရန်သူတွေ ကျဆုံးရမယ်။
အို.. ချစ်သောတိုရှီဘာ…
လမ်းတစ်ဝက်မှာ ချန်ထားရစ်ခဲ့ရတာ မခင်တွယ်လို့ မဟုတ်ရပါ
ဆာမူရိုင်းသွေးမို့ မင်း ငါ့ကို နားလည်ခွင့်လွှတ်နိုင်မှာပါ
ချစ်သောတိုရှိဘာ။...။
ငြိမ်းချမ်းအောင်
ကွန်းမန့်များတွင် ထားရစ်ခဲ့သော ဗိုင်းရပ်စ် များကို ကျနော့်စက်ထဲရှိ အန်တီဗိုင်းရပ်စ် ပရိုဂရမ်မှ ကြံ့ကြံ့ခံ တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ပါသည်။ လုံးဝအနိုင်ရခဲ့သည်တော့မဟုတ်ပါ။ ရန်သူ့ကျည်ဆန်သည် အပေါ်ယံရှပ်ထိသွား ခဲ့ပါသည်။ ကျနော်နှင့်မသက်ဆိုင်သော အီးမေးလ်များ၊ အုပ်စုအီးမေးလ်များ မှတဆင့်ဝင်လာသော မေးလ်များကို ကျနော် ဖွင့်မကြည့်တတ်ပါ၊ သို့သော် သတိထားနေသည့် ကြားမှ မိတ်ဆွေတစ်ယောက်နာမည်နှင့် ပို့လာသော အီးမေးလ် (၄င်း၏ ကလေး ဓါတ်ပုံများဖြစ်ပါသည်၊ ဖွင့်ကြည့်ပါဟု ဆိုလာသော အီးမေးလ်) ကိုဖွင့်မိခဲ့ရာ ကျနော့် တိုရှီဘာ ကွန်ပြူတာကလေး ဗိုင်းစ်ရပ်ထိသွားခဲ့ပါသည်။ ချက်ကောင်းကို ထိသွားပုံရသည်။ ဒဏ်ရာ တော်တော်ပြင်းသည်။ စ၀ယ်စဉ်ကတည်းက ဒီတစ်ကြိမ်ပါဆိုလျှင် သုံးကြိမ်မြောက် ခြောင်းမြောင်း လုပ်ကြံခံရခြင်းဖြစ်သည်။ ပထမဦးဆုံးအကြိမ်က ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး၊ ဆေးရုံတွင် တစ်လကျော်ကျော် အတွင်းလူနာအဖြစ် တက်ရောက်ကုသ ခဲ့ရသော တိုရှီဘာကလေး ယခုတစ်ကြိမ် အငိုက်အမိတိုက်ခိုက် ခံလိုက်ရသောအခါ ပြန်လည် နလန်ထူလာရန် သိပ်မလွယ် ကူတော့ပါ။
25 February, 2008
Announcement
မိတ်ဆွေများ ခင်ဗျာ...
သတိပေးစရာ ရှိလို့ပါ။ ကျနော့် ဘလောဂ့်ကို ဗိုင်းရပ်စ်နှင့် တိုက်စစ်ဆင်ခံနေရပါတယ်။ ဦးတည်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ကျနော့်ကို လာရောက်တိုက်ခိုက်တာ သုံးကြိမ်ရှိပါပြီ။
၁။ နွေးဦးကြိုတေးသံ ကဗျာရဲ့ အောက်ဆုံး ကွန်းမန့်ဟာ ဗိုင်းရပ်စ်ပါ။
၂။ ဖေဖော်ဝါရီကြေကွဲတေး ကဗျာ “၆” ခုမြောက်ကွန်းမန့် ဟာ ဗိုင်းရပ်စ်ပါ။
၃။ အခုနောက်ဆုံး ဖေဖော်ဝါရီ ဖော်တင်း ကဗျာ ပထမဦးဆုံးကွန်းမန့်ဟာ ဗိုင်းရပ်စ်ပါ။
သူတို့ပြောတဲ့အတိုင်း ဒီနေရာကို နှိပ်ကြည့်ပါတို့... ဒီမှာ ကြည့်ပါ တို့ ဆိုတာတွေကို သွားမကြည့်ပါနဲ့။ ကြည့်လိုက်ရင် မိမိစက်မှာ ရှိတဲ့ အန်တီဗိုင်းရပ်စ်ပရိုဂရမ်က မနိုင်ဘူးဆိုရင် မိမိကွန်ပြူတာမှာ ဗိုင်းရပ်စ် ၀င်သွားတော့တာပါပဲ။ ကျနော့်ဘလော်ဂ့်မှာ လာလည်ပြီး သူတို့ ပြောတဲ့အတိုင်း လုပ်လိုက်မိတဲ့ အမျိုးသမီးတစ်ယောက် ထိသွားပြီးပါပြီ။ သူ့ကွန်ပြူတာထဲက ဒေတာတွေ အကုန်လုံး ပျက်သွားတယ်လို့ သူ ပြန်ပြောပြပါတယ်။ ကျနော့်ဘလော်ဂ့်မှာ လာရောက်လည်ပတ်ရုံ၊ ကွန်းမန့်ဘောက်မှာ ကွန်းမန့်ရေးရုံ၊ စီဗောက်ထဲမှာအော်ရုံနဲ့တော့ ဗိုင်းရပ်စ် မရပါဘူး။ သူတို့ ဖွင့်ခိုင်းတာကို မဖွင့်သေးသ၍ ဘာမှ မဖြစ်ပါဘူး။
ဒီဖေဖော်ဝါရီလထဲမှာ စစ်အစိုးရနဲ့ နောက်လိုက်တွေဟာ အီးမေး၊ ဘလော့်ဂ့်တွေကို ဦးတည် တိုက်ခိုက် လာနေပါတယ်။ စက်တင်ဘာ တော်လှန်ရေးကာလမှာ ဘလော့်တွေရဲ့ အရေးပါ အရာရောက်ခဲ့ပုံကို ရန်ငြိုးဖွဲ့ ပုံရပါတယ်။ ပြီးတော့ သတင်းစီးဆင်းမှုကို ဖြတ်တောက်ဖို့ ဦးတည်ပုံရပါတယ်။ ပြည်တွင်းထဲက ပညာတတ်လူငယ် ဘလော်ဂ့်ဂါတွေနဲ့ အင်တာနက်သုံးသူတွေကို အဓိက ဦးတည် တိုက်စစ်ဆင်တာ ဖြစ်နိုင်ပါတယ်။ ၄င်းတို့ဟာ ပြည်သူလူထုကို သတင်းမှန်တွေ ပြန်ပေးနိုင်တဲ့ အဓိက သတင်းဆိုးလ် တစ်ခုဖြစ်နေလို့ပါ။ ဒါ့အပြင် ၄င်းတို့ ထံကနေပြီး ပြည်တွင်းထဲက သတင်းတွေ၊ ဓါတ်ပုံတွေ ပြင်ပ သတင်းဌာနတွေကို စီးဆင်းနေတယ်လို့ ထင်နေလို့ဖြစ်ပါတယ်။ အခု ရန်ကုန်မှာ အင်တာနက်စပိတွေ အရမ်းနှေးနေပြီလို့ ကြားရပါတယ်။ ကျနော်တို့ အတိုက်အခံတွေရဲ့ အီးမေးတွေလည်း အတိုက်အခိုက်ခံနေရပါတယ်။
လာမဲ့ မေလမှာလုပ်မဲ့ Referendum အတွက် စစ်အစိုးရဟာ စတင်ပြင်ဆင်နေတာ တွေ့ရပါတယ်။ ၄င်းတို့ ရဲ့ ဒေးတူဒေး လှုပ်ရှားမှုတွေကို တတ်နိုင်သမျှ သတင်းအမှောင်ချလိုပုံ ရပါတယ်။ ပြီးခဲ့တဲ့နှစ် ရွှေဝါရောင်တ်ာလှန်ရေး ကာလက ထိုင်းနိုင်ငံအခြစိုက် The Irrawaddy မဂ္ဂဇင်းနဲ့ အိန္ဒိယနိုင်ငံအခြေစိုက် Mizzima မဂ္ဂဇင်းတွေ အတိုက်ခံခဲ့ရပါတယ်။ အခုလည်း သတင်းဌာနတွေကိုပါ ဦးတည်တိုက်ခိုက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အင်တာနက်ဆိုက်ဘာ စစ်ဆင်ရေးကို တိုးမြှင့်မဲ့ အလားအလာရှိပါတယ်။
ပြည်တွင်းထဲက ဘလော့်ဂါ လူငယ်တွေ လုံခြုံရေးသတိ အထူးရှိဖို့ လိုပါလိမ့်မယ်။
အားလုံး သတိထားနိုင်ဖို့ သတိပေးလိုက်ပါတယ်။
ငြိမ်းချမ်းအောင်
၂၅ ဖေဖော်ဝါရီ ၂၀၀၈။
19 February, 2008
နွေဦးကြို တေးသံ
ချွေးနံ့ သေးနံ့တွေနဲ့ ရောနေတဲ့
မဲဆောက် အထည်ချုပ် စက်ရုံကြီးထဲက ကောင်မလေးရေ
ရွှေရောင် အိပ်မက်တွေကို ထမ်းပိုးရင်း
ဒုက္ခမြစ်မှာ သောကသစ်ပင်တွေ မင်းစိုက်ပျိုးနေပြီလား။
မျှော်လင့်ချက်တွေ တထမ်းတပိုးနဲ့
နယ်စပ်မျဉ်းကို ကျော်ဖြတ်
အမိအဖ မောင်ညီမ တွေအတွက်
အရဲစွန့်ပြီး လာခဲ့တဲ့မင်းဟာ
လက်တွေ့မှာ မင်းထင်သလို အခြေအနေမလှလို့
သက်မတွေ ချနေရပြီလား။
ကမ္ဘာလောကကြီးက
မင်းထင်သလောက်
မရိုးရှင်းဘူးကွဲ့ မိန်းကလေးရဲ့
ဘ၀ဆိုတာ တိုက်ပွဲတစ်ခုဆိုပေမဲ့
လက်ရုံးရည် တစ်ခုကိုအားကိုး
တိုက်ပွဲဝင်ရဲတဲ့ သတ္တိရှိရုံနဲ့
မပြည့်စုံနိုင်ဘူး
နှလုံးရည် တစ်ခုကိုအားကိုး
ကြံ့ကြံ့ခံနိုင်တဲ့ သတ္တိရှိရုံနဲ့
မလုံလောက်နိုင်ဘူး
အပေးရှိမှ အယူရှိမယ်
အလျှော်ရှိမှ အစားရှိမယ် ဆိုပေမဲ့
ပေးတိုင်းလည်း ပြန်မရနိုင်ဘူး
လျှော်တိုင်းလည်း ပြန်မစားရနိုင်တာတွေရှိတယ်
အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား ပတ်ဝန်းကျင်မှာ
မင်းအဆီ မင်းအသားကို မြိုဖို့
လူစင်စစ်က ကျားဖြစ်သွားတဲ့
အကြမ်းဖက်သမားတွေရှိတယ်။
မာယာများတဲ့ တောမှာ
မင်း မောဟိုက် နွမ်းနယ်နေပြီလား
ရေဆန်မှာကူးခတ်ရင်း
မင်း လက်ပမ်း ကျနေပြီလား
လုပ်တိုင်းမဖြစ်လို့
မင်း စိတ်ညစ်နေပြီလား
တန်ရာတန်ကြေးမရလို့
မင်း ရွာကို ပြန်ပြေးချင်နေပြီလား
အလုပ်ရှင်က လုပ်ခ ရှင်းမပေးလို့
မင်း ဒေါသထွက်နေပြီလား
နှမချင်းမစာနာ၊ ကိုယ့်အမျိုးသားချင်း မယိုင်းပင်းလို့
လူတွေအကြောင်း မင်းသဘောပေါက်နေပြီလား
အလုပ်မရှိတဲ့ရက်တွေမှာ ဟိုတွေး ဒီတွေနဲ့
ဖြတ်လမ်းက ငွေရှာရေးအတွက်
မင်းစိတ်တွေ ယိုင်နဲ့လို့များ နေလေသလား
အစားအသောက် အနေအထိုင် နုံချာလို့
မင်းအရေပြားတွေ မွဲခြောက်နေပြီလား
အပေါစားမိတ်ကပ်နဲ့ နူတ်ခမ်းနီကိုဆိုးလို့
ခေတ်တစ်ခုလုံးကို အရွဲ့တိုက်ပြစ်လိုက်ဖို့များ မင်းစဉ်းစားနေသလား။
စက်ရုံပိတ်လို့ အော်ဒါလိုက်သူတွေ
သွေးသားလှုံ့ဆော်လို့..
အခြေအနေပေးလို့..
မိဝေးဖဝေးမှာ အရမ်းကို လွတ်လပ်လို့..
တစ်ညတာ.. တစ်လတာ
အပျော်ချစ်တွေရှိတဲ့ ပတ်ဝန်းကျင်မှာ
မင်း မသာယာမိပါစေနဲ့။
ညနေခင်း စက်ရုံဆင်းချိန်တွေမှာ
တစ်ယောက်တည်း လမ်းမသလားလေနဲ့
အလုပ်သမား လက်မှတ်မရှိရင်
ဈေးထဲကိုလည်း မသွားမိစေနဲ့
ထိုင်းပုလိပ်နဲ့ လမ်းသရဲတွေဟာ
မာဖီးယားတွေကွဲ့
မင်းငွေကြေး
မင်းကိုယ်ခန္ဓာ
မင်းအသွေးအသားကို
သူတို့တွေ
ဓါးပြတိုက်ကြ ပေလိမ့်မယ်။
တောင့်ထားကွဲ့ ကောင်မလေးရဲ့
လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ
ငွေကြေးနဲ့ တိုင်းတာလို့ မရနိုင်ပါဘူး
မင်းသိက္ခာ၊ မင်းကိုယ်ကျင့်တရား
လုံးပါး မပါးစေနဲ့။
အမှောင်ညကို လွန်မြောက်ရင်
အလင်းရောက်လာမှာပါ
မင်းခွန်အားကို စုစည်း
မင်းသမာဓိကို လုံခြုံပါစေ
ဒုက္ခကို အံတု
သောကကို ခြေဖျက်
“ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့သာ နှလုံးသွင်း”
ခေတ်တခုလုံးကို လှောင်ပြုံးရင်း
ရဲရဲသာ ခရီးဆက်ပါ
မင်းချစ်တဲ့ နွေဦးဟာ
မကြာခင် ရောက်လာရမှာ
မင်းခူးဆွတ်ဖို့ စောင့်ရစ်တော့ ကောင်မလေးရေ။ ။
ငြိမ်းချမ်းအောင်
15 February, 2008
ဖေဖော်ဝါရီ ကြေကွဲ တေး
၁။
နေ့မှာပူပြီး ညမှာအေးတဲ့ ဆောင်းဟာ
အရှေ့တိုင်း အရပ်ဌာနေ မှာ
ဆောင်းပီသခွင့် မရအောင်
ကျန်းမာရေး ချို့တဲ့နေရှာ။
အ၀ါဖက်ကို ကူးပြောင်းစ
အစိမ်းရောင်ရင့် အရွက်တွေက
ဇရာ သရုပ် ကိုလှစ်ဟလို့ ပြရဲ့။
ဆောင်းဟာ
လက်ကျန် နှင်းစက်တွေကိုလည်း
အပြီးသတ် ရုပ်သိမ်းတော့မဲ့ဟန်နဲ့
နာတာရှည် သက်ပြင်းရှည်ကို သံဝေဂနဲ့ ချလိုက်ပုံ။
ငါတို့ဟာ
ကမ္ဘာမြေကို ဖျက်ဆီးလိုက်ဖို့များ
လူဖြစ်ခဲ့ လေသလား။
ငါ နားတွေ အူတယ်
ငါ ခေါင်းတွေ ပူတယ်
ဒါဟာ သဘာဝပဲလား
ဒါဟာ သဘာဝပါပဲလို့ ကျေးဇူးပြု၍ မပြောကြပါနဲ့။
ကမ္ဘာမြေ
သူ့အတိုင်း စိမ်းလန်းပါစေ
ကမ္ဘာမြေ
သူ့အတိုင်း ငြိမ်းချမ်းပါစေ
ပန်းတွေ ပွင့်လန်းခွင့် ရပါစေ
ငှက်ကလေးတွေ လွတ်လပ်စွာ တေးသီ နိုင်ပါစေ
ငါးကလေးတွေ လွတ်လပ်စွာ ကူးခတ် နိုင်ပါစေ
အာမင်
ကမ္ဘာမြေကို စောင့်ရှောက်ပါ အရှင်။
၂။
ဒီ တစ်ဆောင်းကတော့
အသေအပျောက်များလွန်းတယ်။
ဗုံးတွေ ခွဲတယ်
Gun တွေနဲ့ Shoot တယ်
ရည်ရွယ်ချက်ရှိစွာ လူတွေကိုသတ်တယ်
ရည်ရွယ်ချက်မဲ့စွာ လူတွေကိုသတ်တယ်။
“ငြိမ်းချမ်းရေး”
“ချစ်ခြင်းမေတ္တာ”
“သင်ပုန်းခြေရေး”
“ရန်ငြိုးတွေ ပြေရေး”
“အာဃာတတွေ ကင်းစင်ရေး”
“မုန်းစကို တိုစေ၊ ချစ်စကို ရှည်စေ”
ကာလ ရှည်ရှည်လျှားလျှား
လူတွေရဲ့ ပါးစပ်ဖျားက ထွက်ကျလာတဲ့ စကားလုံးတွေမှာ
အမှန်တရားတွေ တဖြေးဖြေး ပါးလျှား
အလိမ်အညာတွေများ။
ဟေ့
ခွေးကိုက် ခံရတာကို
အဲဒီ ခွေးနဲ့ ဖက်ပြိုင် ကိုက်ဖို့ကလည်း အခက်သား။
၃။
မှတ်မှတ်ရရ
အဲဒီနေ့က
ကမ္ဘာတစ်လွှားက မြီးကောင်ပေါက်တွေ
အာသာရမ္မက် ပြင်းပြတဲ့ ချစ်ခြင်းမေတ္တာနဲ့
“ဘာလင်တိုင်းဒေး” ကျင်းပနေချိန်။
နှင်းဆီဟာ
လူငယ်တွေရဲ့ အချစ်နဲ့ အလိုရမ္မက်မှာ ဓါးစာခံပန်း ဖြစ်ခဲ့ရရှာ။
အဲဒီ ချစ်ခြင်းသင်္ကေတပြ နှင်းဆီဟာ
လူတချို့ရဲ့ နောက်ဆုံး ခရီးအတွက်
ကြေကွဲမှု နိမိတ်ပြသင်္ကေတ ပန်းတွေ
တပြိုင်နက်တည်းမှာပဲ ဖြစ်သွားခဲ့ရပုံ။
ဖေဖော်ဝါရီ အချစ်နတ်သမီးရေ...
သင့်ခြေရင်းမှာ ပန်းတွေကြွေခဲ့ရ
သင့်ခြေရင်းမှာ လူတွေသေခဲ့ရ
အိုဘဲ့ အချစ်နတ်သမီးငဲ့
အသင် ပျော်ရွှင် မြူးတူးနိုင်ပါစေ။
၎။
ရပ်တည်ချက် အစဉ် ခိုင်မာသူ
တောင်ပေါ်နဲ့ မြေပြန့် ချစ်ကြည်သွေးစည်းရေး အလေးထားသူ
ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင် မြူမှုန်မျှမရှိလေသူ
“မြေ” ကို ချစ်မက်သူ
ရာသက်ပန် တော်လှန်ရေးသမား
ကော်သူးလေရဲ့ အတောက်ပဆုံး ကြယ်စင်တစ်ပွင့်
ကရင်တို့ရဲ့ အမျိုးသား ခေါင်းဆောင်
ရေဆန်လမ်းက ပန်းရိုင်းလိပ်ပြာ
အို…… ပဒိုမန်းရှာ
သင်သေသော်လည်း
သင့် ၀ိညာဉ်ဟာ
ကြယ်စင်တစ်ပွင့်အဖြစ်
ဟောဟို မိုးကောင်းကင်ပေါ်မှာ
ထာဝစဉ် လင်းလက်တောက်ပနေပါ။
သူရဲကောင်းကိုချစ်တဲ့ ကျွုပ်တို့ နှလုံးသားမှာ
သင်ဟာ ထာဝရ ရှင်သန်နေမှာ။
သင်၏ ၀ိညာဉ် ငြိမ်းချမ်းပါစေ။
အို… ဗုဒ္ဓ
ကမ္ဘာမြေကို စောင့်ရှောက် နိုင်ပါစေ။
၅။
“ရေစုန်မှာမျှောမလိုက်နဲ့ ရေဆန်ကို ဆန်ပြီး ကူးခတ်” တဲ့
သင် တစ်ခါက သွန်သင်ခဲ့ဖူးတဲ့ စကား
ကျွန်ုပ် ထာဝစဉ် မှတ်သား နာယူနေပါ့မယ်။
သင် ဖြတ်သန်း နင်းလျှောက်ခဲ့တဲ့
တော်လှန်ရေး ခြေရာများ
သင် စိုက်ထူခဲ့တဲ့ မှတ်တိုင်များ
ကျွုပ်တို့ မျိုးဆက် လူငယ်များ
ဆက်လက် ချီတက်သယ်ဆောင်မယ်
အဲဒီ ကတိစကား
ရောက်ရာ ဘုံဘ၀က
သင် ကြားခွင့် ရပါစေသား။
၆။
ဟောဒီကမ္ဘာမှာ လိုအပ်နေတာ
“ငြိမ်းချမ်းရေး” နဲ့ “ချစ်ခြင်းမေတ္တာ”
လူသားတွေ
မေတ္တာတရား ခေါင်းပါး
လောဘရမ္မက်ကြီးမားမှုမှာ
ကမ္ဘာမြေဟာ
အကျည်းတန်ခဲ့ရရှာ
အို.. ဗုဒ္ဓ
ကမ္ဘာမြေကို စောင့်ရှောက်နိုင်ပါစေ
အာမင်။
ငြိမ်းချမ်းအောင်
12 February, 2008
အချစ်မဲ့ လိပ်ပြာ
အထီးကျန်လွန်းလို့
အဖော်ရှာမယ်စိတ်ကူးနဲ့
နှလုံးသားအင်ဂျင်ကို နှိုးကြည့်မိတယ်
လူပျိုပေါက်အရွယ်ကလို တက်ကြွမြူးထူးမှုမရှိတဲ့ ၀ိညာဉ်ဟာ
လတ်ဆတ်စွင့်ကားတဲ့ ပန်းပွင့်လေးတွေဆီ
ဝတ်မူန်ကူးဖို့ ထွက်သွားလေရဲ့
လူပျိုပေါက်အရွယ်တုံးက ပန်းပွင့်တွေရဲ့အလှကိုသာ
စိတ်ဝင်စားတတ်ခဲ့တဲ့ ၀ိညာဉ်ဟာ
အခုတော့ ပင်စည်ရဲ့ကြံ့ခိုင်မှုကို
ပိုမိုအလေးထားတတ်လာခဲ့
ပန်းပွင့်တွေ အရောင်စုံ အသွေးစုံ ဆိုက်စုံ ဂိုက်စုံ
ပွင့်အာခါစ အဖွံ့ထွားဆုံး အလှပဆုံး ပန်းကလေးတစ်ပွင့်မှာ
ဝိညာဉ်ဟာ ခိုနားလိုက်တယ်
မိတ်ဖွဲ့တယ်
ပန်းကလေးက အပြုံးနဲ့တုံ့ပြန်တယ်
ဝတ်ရည်ချိုမြနဲ့ ဧည့်ဝတ်ပြုရှာရဲ့
ပန်းကလေးရဲ့ နှစ်လိုလိုက်လျှောမှုမှာ
နှစ်ပေါင်းများစွာ အိပ်မောကျနေရရှာတဲ့ဝိညာဉ်ဟာ
ကြေနပ်သွားတယ်
ဆတ်ကနဲလည်း တစ်ချက်တုန်သွားရဲ့
နှစ်ပေါင်းများစွာကရှာနေခဲ့တဲ့ ပန်းကလေးကိုတွေ့ရပြီ
ဝိညာဉ်ဟာ
ဝမ်းသာအားရ ဆုံးဖြတ်ချက်ချလိုက်တယ်
ဝိညာဉ်ဟာ
ဝတ်မှုန်ကူးဖို့ အသင့်ဖြစ်ပြီဖြစ်ကြောင်း
နှလုံးသားကို မက်ဆေ့ခ်ျလှမ်းပို့တယ်
ပြီးတော့ မပြောဖြစ်တာကြာပြီဖြစ်တဲ့ စကားတစ်ခွန်း
ဝိညာဉ်ရဲ့ နှုတ်ဖျားကထွက်ကျလာခဲ့
အားသွန်ခွန်စိုက် ပြောချလိုက်တဲ့စကားက
“ပန်းကလေးကို ချစ်တယ်” တဲ့
ပန်းခင်းကြီးတစ်ခုလုံး ငြိမ်သက်သွားတော့တယ်
ဒါပေမဲ့....
ရင်တစ်ချက် ခုန်လှုပ်အပြီးမှာ
နှလုံးသားဟာ ပြန်လည်ငြိမ်သက်သွားခဲ့
အဲဒီ အခိုက်အတန့်ကလေးမှာပဲ သိလိုက်ရတာက
ဝိညာဉ်နဲ့ နှလုံးသား အချိတ်အဆက်ကင်းမဲ့
ဝိညာဉ်က ပို့လိုက်တဲ့ မက်ဆေ့ခ်ျဟာ
နှလုံးသားကို ရောက်မလာခဲ့တော့
အထိတ်တလန့်နဲ့ပဲ လက်ခံလိုက်ရတယ်
နှလုံးသားဟာ သေဆုံးသွားခဲ့ပြီ
အနိန္ဓာရုံတွေ ရင့်ရော်ခက်ထန် ကြမ်းတမ်းမှုတွေရဲ့ ကြားမှာ
နူးညံ့လွန်းတဲ့ နှလုံးသားဟာ တကယ်သေဆုံးသွားခဲ့ပါပြီ
သိက္ခာရှိတဲ့ ၀ိညာဉ်ဟာ
ပန်းပွင့်လေးကို နှုတ်လွန်သွားတဲ့ ကတိစကားကြောင့်
လူသားမဆန်တော့တဲ့ ခန္ဒာကိုယ်ကနေ
အဝေးကို အပြီးတိုင်ထွက်ခွာသွားခဲ့
နောက်ဆုံးတော့..
သေဆုံးသွားပြီဖြစ်တဲ့ နှလုံးသားရယ်
စဉ်းစားတွေးတောဖို့အတွက်သာ အသုံးချတတ်တဲ့ဦးနှောက်ရယ်
သွေးသားဆန္ဒလိုအပ်ချက်ပဲရှိတော့တဲ့ ခန္ဒာကိုယ်တစ်ခုဟာ
အထီးကျန်စွာ ကျန်ရစ်ခဲ့တော့တယ်။
ငြိမ်းချမ်းအောင်
10 February, 2008
ပင်လယ် (၁)
မိုးရွာမဲ့ရက်ကို လက်ချိုး ရေတွက်နေစရာ မလိုဘူး
ရေခမ်းသွားမှာကိုလည်း တွေးပူစရာ မလိုဘူး
လူမသိသူမသိ တိမ်ကောသွားရတဲ့ မြောင်းကောအိုင်တွေမျိုးလည်း မဟုတ်ဘူး
ပင်လယ်မှာ ကြီးကျယ်တဲ့ သမိုင်းရှိတယ်၊ ခမ်းနားထည်ဝါတဲ့ သိက္ခာရှိတယ်
မြစ်တွေကသာ ပင်လယ်မှာ လာစီးဆင်းရလေတယ်
ကြီးရင်လည်း အကြီးဆုံး၊ ကျယ်ရင်လည်း အကျယ်ဆုံး
ဒါမှ ပင်လယ် ပီသ ပေလိမ့်မပေါ့။
ငြိမ်းချမ်းအောင်
06 February, 2008
ငါက စနက်တံဖြုတ်ထားတဲ့ ကောင်
ကောင်မလေးရေ…
ငါ့ကို ပြင်းတယ်လို့ လာမပြောနဲ့
ငါက နောက်ဆုံးပေါ် ဟိုက်ဒရိုဂျင်ဗုံးထက်
ပိုမို ပြင်းထန်တဲ့ကောင်
ငါက စနက်တံဖြုတ်ထားတဲ့ကောင်
ငါက ဆာလောင်နေတဲ့ကောင်
ငါက ပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ကောင်။
ငါဟာ စစ်သွေးကြွ မဟုတ်ဘူး
ငါဟာ အကြမ်းဖက်သမား မဟုတ်ဘူး
ငါဟာ ဘာသာရေး အစွန်းရောက် မဟုတ်ဘူး
ငါ နောင်ဘ၀ကို မယုံကြည်ပါဘူး။
တကယ်တော့
အိုဗာဖြစ်နေတဲ့ ဂိမ်းကို
ငါက တသသ လွမ်းနေမိတာ
ငါက မပြတ်သားမိတာ
ငါက အတိတ်မေ့ရောဂါ ရနေတာ
ငါက အခြေအနေအရ
ရူးချင်ယောင် ဆောင်ထားရတာ
ငါက လိုအပ်ချက်အရ
ခွေးသေကောင်ပုတ်ကြီးကို
အောင့်ပြီး နမ်းနေရတာ
ငါက မနက်ဖြန်အကြောင်း
မစဉ်းစားပဲ မေ့ချင်ယောင်ဆောင်ထားတာ။
ကောင်မလေးရေ…
ငါ့ ပရိသတ်က ကလပ်စ်စစ်တွေမကြိုက်လို့
ငါ ကလေးကြိုက်ပုံပြင်တွေ ပြောနေရတာပါ
ငါက လုပ်သလိုမဖြစ်လို့ ဖြစ်သလို လုပ်နေရတာ
ငါက မိုက်ရိုင်းစော်ကားချင်လို့ မဟုတ်ပါဘူး
အခြေအနေက ငါ့ကို တောင်းဆိုနေလို့ပါ
ငါ မိုက်သွေးတွေ ကြွနေတာ မဟုတ်ဘူး
လိုအပ်လို့ မိုက်ပြနေရတာ
ငါ့ နှလုံးသားက နူးညံ့ပါတယ်
ငါက အခြေအနေအရ ကြမ်းတမ်းနေရတာ
ငါက အချစ်ကြီးသူပါ
မချစ်မိအောင် နေ နေရတာ။
ကောင်မလေးရေ…
ငါ့ကို ပြင်းတယ်လို့ လာမပြောနဲ့
ငါက ငါ့ သွေးတွေ ပွက်ပွက်ဆူနေတဲ့အထိ
ဆာလောင်နေတဲ့ကောင်
ငါက ငါ့အသားတွေ ပူချစ်နေတဲ့အထိ
ပဋ္ဋိပက္ခ ဖြစ်နေတဲ့ကောင်
ငါက နူကလီးယားဗုံးထက်
ပိုမို ပြင်းထန်တဲ့ ကောင်။
ငြိမ်းချမ်းအောင်
29 January, 2008
ငါ ချစ်မက်တဲ့ နှင်းဆီ
အချစ်ရေ…
ကိုယ်ဟာ ငှက်တစ်ကောင်ဆိုရင်
တောတောင် အထပ်ထပ်ကို ဖြတ်ကျော်ပြီး
မင်းရှိရာအရပ်ဆီကို ပျံသန်းလို့သွားလိုက်ချင်ပါရဲ့
မင်းအချစ်ကို အလောတကြီးလိုအပ်မိလို့လေ..။
ခရီးဒေသအကွာအဝေးက
စိတ်သွားတိုင်း ကိုယ်ပါခွင့်မရအောင်
ကိုယ်တို့နှစ်ယောက်ကို စည်းခြားကန့်သတ်
ကိုယ်ကဘယ်လောက်ထိ ကြာကြာစောင့်နေရမှာတဲ့လဲ
ကိုယ်ဟာ မွတ်သိပ်စွာ ဆာလောင်နေသူပါ
ကိုယ်ဟာ အချစ်ငတ်နေသူလေ
ပင်လယ်ပျော် ဖျံတစ်ကောင်လို
ကိုယ့်မှာ ပြင်းပြတဲ့ ဆန္ဒတွေရှိတယ်
တောထဲက ကျားရဲတစ်ကောင်လို
ကိုယ့်မှာ မြဲမြံတဲ့ ခွန်အားတွေရှိတယ်
မင်းရဲ့ ဖော်ရွေလိုက်လျောမှုမှာ
ကိုယ်ဟာတပ်မက်ငြိတွယ်
မင်းရဲ့ ပွင့်လင်း လွတ်လပ်မူမှာ
ကိုယ်ဟာ အတုံးအရုံးကျရူံး
အချစ်က
တို့နှစ်ယောက်ကို
သဘာဝအတိုင်း မဖုံးမကွယ် ပွင့်လင်းစေခဲ့
တစ်ယောက်ခန္ဓာကိုယ်ထဲကို တစ်ယောက်က
ဓါးမြှောင်တစ်ချောင်းလိုစိုက်ဝင် ရှေ့ခရီးဆက်
တစ်ယောက်က တစ်ယောက်ကို လိုအပ်နေတဲ့အထိ
တို့တွေ ဆက်ချစ်ကြမယ်..။
နုနယ်ပျိုမျစ်တဲ့ မင်းရဲ့ရင်ခွင်မှာ
ခိုင်မာမြဲမြံတဲ့ ကိုယ့်ရဲ့ ဇွဲစိတ်ထက်သန်မှုနဲ့
မမောနိုင်မပမ်းနိုင် အချစ်နေ့တွေ ညတွေကို
လက်တွဲ ကူးခပ်ကြမယ်
ကိုယ်တို့ရဲ့ အချစ်ခရီးဟာ
ပင်လယ်ကို လှေငယ်နဲ့ ကျော်ဖြတ်ရသလို
တောလမ်းခရီးကြမ်းကို တောစီးဖိနပ်မပါပဲ ဖြတ်သန်းရသလို
စိန်ခေါ်မှုတွေရှိမယ်၊ ပင်ပမ်းနွမ်းနယ်ကြလိမ့်မယ်
ပင်လယ်ဆားငန်ရေသောက်ပြီး အငမ်းမရ ရေငတ်ဆာလောင်
ခရီးပမ်းတဲ့အခါ အားအင်ကုန်ခမ်း
ကိုယ်မောတဲ့အခါ မင်းကတက်ကိုကိုင်
မင်းမောတဲ့အခါ ကိုယ်ကတက်ကိုကိုင်
အပေးအယူမျှတတဲ့ အချစ်က
လောကနိဗ္ဗာန်ပဲပေါ့ အချစ်ရယ်..။
ကြင်နာသနားတတ်တဲ့ မင်းရဲ့ငဲ့ညှာမှုနဲ့
ကိုယ့်ရဲ့ အထီးကျန်မှု နှစ်တစ်ရာလွင်ပြင်ကို
အမြဲစိမ်းသစ်တောအဖြစ် ဖန်ဆင်းရမယ်
ထာဝရ မိုးခေါင်နေတတ်တဲ့ ကိုယ့်ရဲ့ကန္တာရမှာ
မင်းရဲ့ ဆန္ဒပြင်းပြတဲ့ အနမ်းတွေနဲ့
မိုးတွေကြီး ရေတွေလျှံစေရမယ် အချစ်ရယ်..။
မင်းဟာ ကိုယ့်ရဲ့ ပြီးမြောက်မှုပါ
မင်းရဲ့ ဟန်ဆောင်မှုကင်းတဲ့
ပွင့်လင်း ရိုးရှင်းမှုကို ကိုယ်ကချစ်တယ်။
မင်းဟာ ကိုယ်နမ်းလို့မ၀တဲ့ နှင်းဆီ
မင်းဟာ ကိုယ်ငတ်မပြေတဲ့ ၀တ်ရည်ပေါ့။
အချစ်မှာ ရှက်ကြောက်နေသူတွေကို ထားရစ်ခဲ့မယ်
မင်းရဲ့ ဆန္ဒ ကိုယ့်ရဲ့ ဆန္ဒတွေအပြန်အလှန်ဖြည့်ဆည်း
အချစ်နဲ့ ထာဝရစိမ်းလန်းမယ်
အချစ်နဲ့ ထာဝရနုပျိုရှင်သန်ကြမယ်..။
အချစ်ရေ…
ကိုယ်ဟာ ငါးတစ်ကောင်သာဆိုရင်
အိန္ဒိယ သမုဒ္ဒရာကြီးကိုကျော်ဖြတ်
မမောနိုင်မပန်းနိုင် လက်ပစ်ကူးခပ်
မင်းဆီိကို အရောက်လာခဲ့ချင်တယ်
ကိုယ်ဟာ ဆာလောင်နေသူပါ
ကိုယ့်အသွေးအသားတွေထဲအထိ မင်းကိုလိုအပ်နေမိလို့
ကိုယ်ဟာ အကြာကြီးစောင့်နေခဲ့ရသူလေ..။
ခုတော့…
အရှေ့တိုင်း အရပ်ဌာနေက
ရူးသွပ်မိုက်မဲစွာ မင်းကိုတပ်မက်မိတဲ့ ကိုယ့်ရဲ့ဝိညာဉ်ဟာ
မြို့တွေ ရွာတွေကိုကျော်ဖြတ်
တောအထပ်ထပ် တောင်အသွယ်သွယ်ကိုကျော်ဖြတ်
ပင်လယ် သမုဒ္ဒရာတွေကိုကျော်ဖြတ်လို့
မင်းရှိရာအရပ်ဆီကို ပျံသန်းလို့လာခဲ့ပြီ
ထွေးပို့လို့ကြိုဆိုလေမှာလား မောင့်ဒေ၀ီသခင်မဖုရား……။
ငြိမ်းချမ်းအောင်
19 January, 2008
ပန်း
ပန်းကလေး
အငုံဘ၀မှာပဲ
နေလို့ရရင်ကောင်းမယ်။
အငုံက
အပွင့်ထက်
ပိုပြီးနူးညံ့တယ်
လောကဓံကို
အရိုးခံအတိုင်း တုန့်ပြန်တယ်။
အပွင့်က
လှသွေးကြွယ်တယ်
မာယာများတယ်
ဖျားယောင်းသွေးဆောင်တတ်တယ်
လေယူရာတိမ်း
ယိမ်းတတ်ပြန်တယ်။
ပန်းပင်ရဲ့ ဘဝ
ပန်းလှလှတွေ
ပွင့်ဝေပေးဖို့။
ပန်းမပွင့်တဲ့ အပင်ဟာ
အမြုံပဲ။
အပွင့်မလှတဲ့ အကိုင်းဟာ
မျက်နှာမွဲ။
ပန်းတစ်ပွင့်ရဲ့ ဖြစ်စဉ်မှာ
ငုံပြီးရင် ပွင့်
ပွင့်ပြီးရင် ကြွေ
ဒါ သဘာဝပါပဲ။
ပန်းပွင့်ကလေးမှာ
ရွေးချယ်စရာမဲ့။
ငြိမ်းချမ်းအောင်
14 January, 2008
၂၀၀၈ နှစ်ဦး အစီရင်ခံစာ
လူထုအရေးဆိုသံများ
လမ်းမတွေပေါ်
ပွင့်အံလျှံကျ
မိစ္ဆာတို့ ဖိန့်ဖိန့်တုန်အောင်ကြောက်တဲ့
သံမဏိလက်သီးပြင်းပြင်းများ
တစ်ချက်ပြီး… တစ်ချက်ဲ
ဒါ.. ကိုထင်ကျော် စလိုက်တဲ့ မီးပွား
စက်တင်ဘာ အရေးအခင်းဖြစ်တယ်
ဒါ.. ကိုမင်းကိုနိုင်ရို့လိုက်တဲ့ မီးတုတ်
လူထုလူပ်ရှားမူဖြစ်တယ်
ဒါဟာ.. သံဃာတွေဦးဆောင်တဲ့ တော်လှန်ရေး
ရွှေဝါရောင် အရေးတော်ပုံဟေ့ ။
တော်လှန်ရေးသစ်က
ဒီရေလိုင်းလုံးတွေလို
ဝုန်းဒိုင်းကြဲ
အိပ်မောကျနေသူတွေကို
ရိုက်ပုတ်လူပ်နိုး
မျှော်လင့်ချက်အသစ်တွေ
ရုဒ်မက်အသစ်တွေနဲ့
တစ်ဖန်ရှင်သန် နိုးထလာခဲ့ရပြန် ။
သွေးစက်တွေနဲ့
ခဏခဏ လိမ်းကျံခံထားရတဲ့
လမ်းမတွေဟာ
မိစ္ဆာတွေကို ကျိန်စာတိုက်တယ်
လမ်းမတွေဟာ
အဖိနှိပ်ခံတွေဖက်က
ရည်တည်တယ်
အဖိနှိပ်ခံတွေနဲ့
ထပ်တူထပ်မျှ ခံစားတယ်
လမ်းမတွေဟာ
အဖိနှိပ်ခံတွေရဲ့ အောင်ပွဲကို
စောင့်နေခဲ့ပြီ ။
တစ်ရက်ပြီး…. တစ်ရက်
အချိန်တွေ အကုန်မြန်လွန်းခဲ့
တချို့လူတွေအတွက်
မေ့မေ့ပျောက်ပျောက် ဖြစ်ကောင်းရဲ့
သံဃာတွေနဲ့ ကျောင်းသားတွေအတွက်တော့
ကမ္ဘာကြေတောင် ဥဒါန်းမကြေတဲ့ပွဲ ။
သွေးမတိတ်သေးတဲ့
သမိုင်းက
ဒဏ်ရာအနာတရတွေကို
မှတ်တမ်းတင်ထားလိုက်တယ် ။
ပြီး.. အသစ်ရေးဖို့ အသင့် စောင့်နေခဲ့ ။
“ မြန်မာပြည်အရေးဟာ
ကမ္ဘာ့အစီအစဉ်ရဲ့
ထိပ်ဆုံးမှာ ဆက်ရှိနေရမယ် ” တဲ့
အနောက်ကမ္ဘာကပြောတယ် ။
စိုးရိမ်မူ၊ သနားညှာတာမူ၊ ပံ့ပိုးကူညီမူတွေရဖို့
ဘုန်းကြီးတွေ…. ကျောင်းသားတွေ
တိုင်းပြည်ကို အသက်စွန့်ပြီး
ချစ်ရဲသူတွေ
စွန့်လွှတ်ပေးဆပ်သွားခဲ့ကြ ။
“ ရုဒ်မက် အတိုင်းဆက်သွားမယ် " တဲ့
အိုနာကျိုးကန်း မိစ္ဆာကပြောတယ်
သူ့ကိုကြည့်တော့ ယိုင်နဲ့နဲ့
ဘုန်းကြီးသွေးနဲ့ ရာဇပ္ပလ္လင်ကို ဆေးခဲ့ရတဲ့
မိစ္ဆာအိုဟာ
စိတ်ခြောက်ခြားနေတယ်
သူ့ကိုယ်သူ ယုံကြည်မူတွေ
အောက်ဆုံးအထိ
လျှောကျသွားတယ်
ရူးကြောင်ကြောင်ဖြစ်နေတယ် ။
အာဆီယံနိုင်ငံတွေက
ရပ်တည်ချက် အမျိုးမျိုးပြောင်းတယ်
တရုတ်က
ရူးချင်ယောင်ဆောင်တယ်
ခုတော့..
မြန်မာ့အရေးဟာ
မြန်မာပြည်သူတွေရဲ့ လက်ထဲမှာ
ဝကွက် ရောက်ရှိနေရှာ ။
အခြေအနေတွေကတော့
ဝရုန်းသုန်းကား
ဝုန်းဒိုင်းကြဲပဲ
ပိုစတာ ကမ်ပိမ်းတွေ
စတစ်ကာကမ်ပိမ်းတွေ
အစိုးရ ဆန့်ကျင်ရေးစာရွက်စာတမ်းတွေ
နေရာအနှံ့ ပြန့်ကျဲနေတယ် ။
ရှော့ဝေ့ရေဒီယိုမှာ
ရပ်ကွက်ထဲမှာ
Taxi ပေါ်မှာ
တယ်လီဖုန်းလိုင်းပေါ်မှာ
အစိုးရမကောင်းကြောင်းတွေပြောနေကြတယ်
လူထုက
အစိုးရကို စိန်ခေါ်လိုက်တယ်
အစိုးရက
တဖြည်းဖြည်း နောက်ဆုတ်ပေးနေရတယ် ။
ခံရတာ များလွန်းလို့
ကျားနာခဲ ခဲကြလိမ့်မယ်
အသာတကြည်မပေးလို့
ရသလို ယူကြရတော့မယ်
“ ရရင်ရ၊ မရရင်ချ ” မူကို ကိုင်စွဲကြရတော့မယ်
အရေးတော်ပုံမှာ
ပါဝင်ကြဖို့ လူထုကြီးက
စိတ်လူပ်ရှားနေတယ်
ခေါင်းဆောင်ကို မျှော်နေတယ်
ဒီတစ်ခါ တိုက်ပွဲတွေမှာ
အင်တိုက်အားတိုက် ပါဝင်ကြမယ်လို့
ကတိပေးသူတွေလည်း ရှိရဲ့ ။
ဆယ်စုနှစ် နှစ်ခုနီးပါး ရှည်ကြာသွားတဲ့
ကစားပွဲဟာ
အဆုံးသတ်ချိန် နီးကပ်လာခဲ့
လူထုအတွက် နောက်ဆုတ်စရာ
နေရာလပ် မကျန်တော့သလို
အခွင့်ထူးခံ စစ်ဗိုလ်တစ်စု အတွက်
ရှေ့တိုးစရာ ကွက်လပ်မကျန်တော့
ကစားကွက်ကုန်သွားခဲ့ပြီ ။
စိတ်ဓာတ်ပျက်ပြားနေတဲ့
စစ်တပ်ဟာ
အရေးတော်ပုံမှာ
ပြည်သူလူထုနဲ့ ပူးပေါင်းလိမ့်မယ်
စစ်တပ်အတွက်
တခြားထွက်ပေါက်လည်း
ကင်းမဲ့ ။
ကျိန်စာမိနေတဲ့ စစ်ဗိုလ်တစ်စုကတော့
တိုင်းပြည်ကို
ပရမ်းပတာ စီမံခန့်ခွဲနေဆဲ
သွေးရူးသွေးတန်း ရှေ့ဆက်နေဆဲ
လူ့အခွင့်အရေးလူပ်ရှားသူကို
ထောင်ဆယ်နှစ်ချလိုက်တယ်
ဖိအားတွေကြောင့်
ဆယ်ရက်နဲ့ ပြန်လွှတ်ပေးလိုက်ပြန်တယ်
သတင်းစီးဆင်းမူကို ထိမ်းချုပ်ဖို့
စိတ်ကူးယဉ်တယ်
လူထုဒေါသကိုကြောက်လို့
ရူးချင်ယောင်ဆောင်လိုက်ရပြန်တယ်
ခံစစ်နဲ့ ကစားနေရတယ်
နောက်ကို တထစ်ပြီးတထစ် ဆုတ်ပေးနေရတယ် ။
တိုင်းပြည်ကတော့
ပြဿနာ မျိုးစုံ
ကူးစက်ရောဂါမျိုးစုံနဲ့
သေအံ့ ဆဲဆဲ ။
စနက်တံ
အဖြုတ်ခံလိုက်ရတဲ့
ဗုံးတစ်လုံးလို
ပေါက်ကွဲလု တဲတဲ ။
ကမ္ဘာ့ ပစ္စက္ခအခြေအနေအောက်မှာ
စစ်အာဏာရှင်တွေအတွက်
နေရာ ကျဉ်းသွားခဲ့
အာရှမှာ
မြန်မာဟာ
အထီးတည်း စစ်အာဏာရှင်အဖြစ်
ကြွင်းကျန်ရစ်တယ် ။
ဆင်းရဲမွဲတေလွန်းတဲ့
လူထုကြီးဟာ
သမိုင်းသစ်ဖွင့်လှစ်တော့မယ် ။
နိုင်ငံရေးအသိနိုးကြားလာတဲ့
လူထုကြီးဟာ
သမိုင်းသစ်ရေးခြစ်ရတော့မယ် ။
လုံးဝ နောက်မဆုတ်နဲ့
ရှေ့ဆက် တက်ရမယ်
ရှေ့ဆက်ပြီး… တက်ကြရမယ်
တိုက်ပွဲအရှိန်ကို မြှင့်တင်ကြရမယ်
အောင်စိတ်ကို ခိုင်ခိုင်မြဲမြဲကိုင်စွဲ
အောင်ပွဲက ဒို့ကိုစောင့်နေပြီ ။
သေချာတယ်
“ဒီ…. ၂၀၀၈” ဟာ
စစ်အာဏာရှင်တွေရဲ့ နိဂုံးပဲ
စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမယ်
ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမယ်ဟေ့…… ။
ငြိမ်းချမ်းအောင်
၁၄ ဇန်န၀ါရီ ၂၀၀၈