03 January, 2011

"မင်္ဂလာနှစ်သစ်ပါ ကမ္ဘာကြီး"

“မင်္ဂလာနှစ်သစ်ပါ ကမ္ဘာကြီး…”
ဒီလိုပဲ..စိုးရိမ်ပူပင်စိတ်တွေနဲ့
နှစ်သစ်တစ်ခုထဲ ငါခြေကျွံကျခဲ့ပြန်ပြီ။

အမှန်အတိုင်းပြောရရင်
၂၀၁၀ မှာ
ငါလိုချင်တာတွေ မရခဲ့ဘူး
ငါမလိုချင်တာတွေတော့ရခဲ့တယ်၊
ငါလုပ်ချင်တာတွေမလုပ်ခဲ့ရဘူး
ငါမလုပ်ချင်တာတွေတော့လုပ်ခဲ့ရတယ်။

စိတ်ညစ်တာကတော့
သေကောင်ပေါင်းလဲပါပဲ “နှင်းရယ်…”
ချစ်တတ်တဲ့စိတ်သာမရှိရင် ငါငုတ်တုတ်သေသွားနိုင်တယ်
ချစ်တတ်တဲ့စိတ်သာမရှိရင် ငါအငွေ့ပျံပြီးလွင့်ပျောက်သွားနိုင်တယ်

“နှင်းရယ်…”

မင်းမျက်နှာကြည့်နေရတာလောက် သာယာနာပျော်ဖွယ်ကောင်းတဲ့အချိန်မရှိပါဘူး
မင်းအကြောင်းစဉ်းစားနေရတာလောက် ရင်ခုန်ကြည်နူးဖွယ်ကောင်းတဲ့အရာမရှိခဲ့ဘူး

ဖြစ်နိုင်ရင်
အ၀တ်အသစ်လဲသလို
၂၀၁၁ မှာ
ဘ၀ကို အသစ်ပြန်လဲပစ်လိုက်ချင်တယ်

တကယ်ပါ
၂၀၁၀ ထဲမှာ
ကျွန်တော်စိုက်ခဲ့တဲ့နှင်းဆီပင်လေးပိုးကျပြီးသေသွားတယ်

၂၀၁၀ ထဲမှာ
ကျွန်တော်ပျိုးခဲ့တဲ့စံပယ်ပင်လေးလည်းမရှင်သန်ခဲ့ရှာဘူး

ကျွန်တော်စိုးရိမ်တယ်
ကြုံလှီသေးကွေးတဲ့ ကျွန်တော့်သစ်ခွပင်ကလေးတွေ
ကျွန်တော်မရှိခိုက် ဘယ်သူရေလောင်းပေးမှာလဲ

ဘာပဲဖြစ်ဖြစ်
“မင်္ဂလာနှစ်သစ်ပါ ကမ္ဘာကြီး…”
ကျွန်တော်ယဉ်ကျေးစွာ နှုတ်ဆက်ဖြစ်ခဲ့တယ်။

ငြိမ်းချမ်းအောင်

Read More...

02 January, 2011

A letter from an ABSDF official

လုပ်ဖော်ကိုင်ဖက်ရဲဘော်များ ခင်ဗျား..

အားလုံးကျန်းမာကြပါစေလို့ ဆုတောင်းရင်း မိတ်ဆက်လိုပါတယ်။ ကျနော့ အမည်က ဆလိုင်းယော အောင်ဖြစ်ပြီး ယခုထက်ထိ မကဒတ (ကျောင်းသားတပ်မတော်) မှာဆက်လက် တာဝန်ထမ်း ဆောင်နေတဲ့ ရဲဘော်တဦးပါ။

အခါအခွင့်သင့်တဲ့အတွက်ယနေ့ မကဒတ (ကျောင်းသားတပ်မတော်) အခြေအနေကို မိတ်ဆက် ပေးခြင်ပါတယ်။ အချို့လည်း သိကြမယ်လို့ မျှော်လင့်ပါတယ်။ မကဒတ (ကျောင်းသားတပ်မတော်) ရဲ့သက်တမ်းဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ ဆိုလျင်(၂၂)နှစ်ပြည့်မှာဖြစ်ပါတယ်။

ဒီ (၂၂)နှစ် တာကာလမှာ ယနေ့ အခြေအနေဟာ အခက်အခဲဆုံး အခြေအနေနှင့် ရင်ဆိုင်နေရတဲ့ကာလလို့ ပြောရင်မမှား နိုင်ပါ ဘူး။ မည့်သည့် NGOs များရဲ့အကူအညီမှ မရှိဘဲရပ်တည်နေရတဲ့ အခြေအနေပါ။ လူအင်အား ကျဆင်းမှု၊ ရုပ်ဝတ္ထုအင်အား ကျ ဆင်းမှု၊ နိုင်ငံရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရတဲ့ ကာလဖြစ်သလို ခေါင်းဆောင်မှုအပေါ်လည်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေ ရတဲ့ ကာလလည်းဖြစ်ပါတယ်။ မကဒတကို လက်နက်ကိုင်တော်လှန်ရေးလုပ်ဘို့ ၁၉၈၈ ခုနှစ် ၈၈၈၈ လူထု အရေး တော်ပုံကြီးက တာဝန်ပေးခဲ့တာဖြစ်တယ် မွေးဖွားပေးခဲ့တာဖြစ်တယ်။ မကဒတ (ကျောင်းသားတပ်မတော်) ဟာ ကမ္ဘာမြေကြီးနှင့် မြန်မာ့မြေ ပေါ်မှာ တကယ်တည်ရှိခဲ့တယ်။

ကမ္ဘာနှင့် မြန်မာ့သမိုင်းမှာ တကယ် ပေါ်ထွန်းခဲ့တာဖြစ်တယ်။ ယနေ့ထက်ထိ ဆက်လက်တည်ရှိနေဆဲ ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရနိုင်တဲ့ အမှန်တရားဖြစ်ပါတယ်။ အနှစ်(၂၀)ကာလအတွင်းမှာ လက်လှမ်းမှီသလောက် ပြုစုထားတဲ့မှတ်တမ်းများအရ ကျဆုံး၊ ဒဏ်ရာနှင့် သေဆုံးသူဦးရေ (၁,၀၀၅)ယောက်ရှိသွားပြီဖြစ်ပါတယ်။ အဲဒီရဲဘော်တွေဟာ ကျနော်တို့ တိုင်းပြည်ရဲ့လိုအပ် ချက်ဖြစ်တဲ့ ဒီမိုကရေစီရေးအတွက်၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် အနစ်နာခံပေးဆပ် စွန့်လွှတ် ခဲ့သူများဖြစ် တယ်ဆိုတာ ကျနော်တို့အားလုံး မငြင်းနိုင်ပါဘူး။

မကဒတ(ကျောင်းသားတပ်မတော်) ပျောက်ရင် ထိုရဲဘော်တွေရဲ့ အနစ်နာခံ ပေးဆပ်မှုတွေလည်း သူ့အလိုလိုပျောက်သွား မှာ ဖြစ်ပါတယ်။ ထိုအချက်ကို စစ်အာဏာရှင်တွေက လိုလားနေတာဖြစ်တယ်။ စစ်အာဏာရှင်တွေရဲ့အကြောက်ဆုံး ရန်သူဟာ မက ဒတ (ကျောင်းသားတပ်မတော်) ဖြစ်တယ်။

ထိုရဲဘော်တွေအတွက် ဘယ်သူတွေမှာတာဝန်ရှိပါသလဲ။
ကျနော်တို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ယုံကြည်လက်ခံထားပါတယ်။ လက်ရှိ မကဒတ (ကျောင်းသားတပ်မတော်)တခုတည်း မှာတင် တာဝန်ရှိတာမဟုတ်ပါ။ မကဒတနှင့် ပက်သက်ခဲ့သူများ အားလုံးမှာ တာဝန်ရှိတယ်လို့ ထင်ပါတယ် ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားတို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် ဒီမိုကရေစီကိုမြတ်နိုးတဲ့ မြန်မာနိုင်ငံသူ/သား အားလုံးမှာ တာဝန်ရှိပါတယ်။

ယနေ့ကာလသည် ကျနော်တို့ အကြားမှာ တယောက်နှင့် တယောက်အပြစ်တင် ဝေဖန်ရမည့် အချိန်ကာလ မဟုတ်ပါ။ သွေးစည်းရမည့်အချိန်ဖြစ်ပါတယ်။ ကျနော်တို့တတွေရဲ့ ခွပ်ဒေါင်းစိတ်ဓါတ် ကိုပြသရမည့် အချိန်ကာလ လည်းဖြစ်ပါတယ်။

အဲဒီတော့ မကဒတ (ကျောင်းသားတပ်မတော်) ဆက်လက်ရှင်သန်နိုင်ရေး တည်ရှိရေး တနည်း အားဖြင့် တိုက်ပွဲဝင်ခွပ်ဒေါင်းအလံ ဆက် လက်လွှင့်ထူနိုင်ရေးဟာ ကျနော်တို့ အတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ ထို့အတူကျနော်တို့ တိုင်းပြည်အတွက်လည်း အရေးကြီး သော အချိန် ကာလကိုရောက်ရှိနေပြီဟု မှတ်ယူပါတယ်။

ကျနော်တို့ တိုင်းပြည်ရဲ့ကံကြမ္မာဟာ ကျနော်တို့ လက်ထဲမှာဘဲရှိပါတယ် မည့်သည့် နိုင်ငံခြားတိုင်းပြည်ကမှ ၀င်ရောက်ကူညီဖြေရှင်း ပေးမည် မဟုတ်ပါ။ ကျနော်တို့ ကိုယ်တိုင်ဖန်တီးယူရမှာဖြစ်ပါတယ်။

ကျနော်တို့ရဲ့ လုံးလထုတ် ကြိုးစား မှုမပါဘဲ မည်သည့် ပြောင်းလဲမှုမျိုးမှ မဖြစ်နိုင်သလို မည်သည့် နိုင်ငံခြားတိုင်းပြည်များ ထံမှလည်း အကူအညီများ ရရှိနိုင် မည် မဟုတ်ပါ။

မကဒတမှ တတိယနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာ သွားသူများ အရေအတွက်မှာ မနည်းပါ။ ယနေ့ မကဒတ (ကျောင်းသားတပ်မတော်) ဆက်လက်ရှင်သန် ရပ်တည်ရေးအတွက် ထိုသူများ၏ အကူအညီများ လိုအပ်လျက်ရှိတယ်ဆိုသည်မှာ သေချာပါတယ်။ ထို့ကြောင့် လုပ်ဖော် ကိုင်ဖက်များအနေဖြင့် ကျနော့၏ တင်ပြချက်ကို လေးနက်စွာ စဉ်းစားပေးကြဘို့ ပန်းကြားအပ်ပါတယ်။

လေးစားစွာဖြင့်

ဆလိုင်းယောအောင်
မကဒတ

မှတ်ချက်။ ။ လက်လှမ်းမှီသလောက် ဆက်လက်ဖြန့်ချီပေးကြဘို့ မေတ္တာရပ်ခံအပ်ပါတယ်။

Read More...

19 December, 2010

ငါးတစ်ကောင်ရဲ့ဒုက္ခ

ကိုးလက်မတစ်ပေခွဲပတ်လည်အကျယ်အ၀န်းမှာ
မိုင်ပေါင်းထောင်သောင်းများစွာကူးခတ်နေရ
အဖော်တွေဆီဘယ်နေ့ရောက်မှာလဲ
အထီးကျန်ငါးကလေးဟာ
စိတ်မှန်းနဲ့ရမ်းယော်မျှော်မှန်း
နေ့စဉ်မိုင်ပေါင်းများစွာကူးခတ်နေတယ်
နန်းတော်လိုအချွန်အတက်တွေနဲ့
အိမ်သေးသေးလေးတစ်လုံးလည်းရှိတယ်
အခင်းကြမ်းပြင်မှာလှပတဲ့ရောင်စုံကျောက်ခဲလေးတွေရှိတယ်
ပန်းခြံနဲ့ကျောက်ခက်ကြိုကျောက်ခက်ကြား
အတုတွေနဲ့အလှဆင်ယင်ထားတဲ့ရေလှောင်ကန်လေးထဲမှာ
ငါးကလေးဟာအဖော်မဲ့တစ်ကောင်တည်းပဲ
နာရီတိုင်းမိနစ်တိုင်းကူးခတ်လို့နေခဲ့တယ်
ရွှေရောင်အသွေးအမွေးလည်းရှိတယ်
ကြည်စင်တဲ့အရေခွံလည်းရှိတယ်
တပ်မက်တိမ်းညွတ်ဖွယ်စွဲဆောင်နိုင်စွမ်းလည်းရှိတယ်
သူဟာ သူမတူအောင်လှပတဲ့အလှပိုင်ရှင်ငါးကလေးပေါ့
လှောင်ကန်ကိုနေ့စဉ်ရေလဲမယ်
ငါးကလေးကိုအစာကြွေးမယ်
နည်းနည်းအားတဲ့အခါ ငါးကလေးကူးခတ်နေတာထိုင်ကြည့်ရင်း
အပမ်းဖြေမယ်
လူတစ်ယောက်လား၊ နှစ်ယောက်လား
မိသားစုတစ်စုလား
စိတ်အာသာပြေဖို့
ငါးကလေးဟာလှောင်ကန်ထဲမှာ
မိုင်ထောင်ပေါင်းများစွာ မမောမပမ်းကူးခတ်လို့နေခဲ့တယ်။

ငြိမ်းချမ်းအောင်

Read More...

16 December, 2010

သံမဏိပိုးမျှဉ်လမ်းခွဲ

တစ်နေ့ခွဲရမှာပဲ
ကောင်မလေးရေ
တစ်နေ့တော့ခွဲရမှာပဲကွယ်

ဒီသံသယာဆိုတဲ့ခရီးရှည်ထဲ
မင်းလည်းတစ်ယောက်တည်း
ငါလည်းတစ်ယောက်တည်း

တည်မြဲခြင်းဆိုတာ
တစ်နေ့တော့ခွဲရမှာပဲ
ကောင်မလေးရေ
တစ်နေ့တော့ခွဲရမှာပဲ

ချစ်လည်းခွဲ
မုန်းလည်းခွဲ
ပြုံးလည်းခွဲ
မဲ့လည်းခွဲ
ပျော်လည်းခွဲ
ပျင်းလည်းခွဲ

တစ်ယောက်ယောက်က
တစ်ယောက်ယောက်ကိုလမ်းခွဲ
တစ်ယောက်ယောက်ကို
တစ်ယောက်ယောက်ကလမ်းခွဲ

တစ်နေ့တော့ခွဲရမှာပဲ
ကောင်မလေးရေ
တစ်နေ့တော့ခွဲရမှာပါပဲကွယ်။ ။

ငြိမ်းချမ်းအောင်

Read More...

04 December, 2010

ဆေးစက်ကျရာ ဆွဲထားတဲ့ကဗျာ

ဆေးသားတွေစွန်းထင်သွားအောင်
ကဗျာနဲ့ ပန်းချီကားကိုဖျန်းပက်လိုက်တယ်။

ဒီကမောင်ကြီးရယ်လေ
ချစ်လိုက်ရတာ
“နှင်း..” ရယ်။

ညကမက်တဲ့ဆောင်းအိပ်မက်ထဲမှာ
"နှင်း.." ရယ်လေ
အဖြူရောင်ဆွတ်ဆွတ်ဖွေးဖွေးအုလို့က

ကိုယ့်ကိုလက်ယပ်ပြီးခေါ်နေတယ်။

စိတ်ညစ်တယ် “နှင်း..” ရယ်
လမ်းထိပ်ကချီးမွမ်းနေကျအဒေါ်ကြီး
ကွယ်ရာမှာ နှင်းအကြောင်းမကောင်းပြောနေတာ
ကိုယ်နားနဲ့ဆတ်ဆတ်ကြားခဲ့ရတယ်။
 

အသိဉာဏ်ဆိုတဲ့ကန့်လန့်ကာပါးပါးလေးသာ ခြားမနေတော့ရင်
လူနဲ့တိရစ္ဆာန်ဘာကွာခြားတော့မှာလဲ
မသိစိတ်များစွာစိတ်ရုပ်နာမ်နှစ်ပါးနဲ့တည်ဆောက်ထားတဲ့လူ့ဘုံလောကကြီး
ငါ့အကြောင်းတောင်ငါမသိသေးတာ
မနက်ဖြန်ခါဘာဖြစ်မယ်ဆိုတာငါမသိနိုင်ဘူး။

အဲဒီတိုးလျိုးပေါက်မြင်နေရတဲ့အခန်းငယ်ထဲ
ချစ်သူ “နှင်း..” များပုန်းအောင်နေလေမလား
စိတ်ကူးယဉ်မိသူငါသာ ရူးမိုက်သူဖြစ်တော့တယ်။

“နှင်း..ရေ”
“နှင်း..ရေ”
ကိုယ့်လက်နဲ့ဆုပ်ကိုင်မိသောအရာများ
ရွှေဖြစ်ပါစေသား
ရေငတ်သူရေရစေ..
အစာငတ်သူအစာရစေ..
ကိုယ့်မျက်ဝန်းနဲ့အကြည့်ချင်းဆုံမိသော မျက်လုံးများ
အားအင်အသစ်ဖြစ်စေသား။

ယာခင်းထဲကခြေသွားလမ်းကလေးအဆုံး
သပ်သပ်ရပ်ရပ်တောင်ယာတဲလေးတစ်လုံး
ဘ၀ကိုစိတ်သောကပူလောင်ခြင်းနဲ့ကင်းဝေးရာ
ငြိမ်းအေးချမ်းမြအဆုံးသတ်ချင်သလား
စွန့်လွှတ်မူတိုင်းမှာ စွန့်စားမူပါခဲ့တယ်။

အသက်ကြီးလာလေကိလေသာအမိုက်တွေနည်းပါးလေ
အသက်ကြီးလာလေကုသိုလ်စိတ်ပွားများလေ
အဲဒီဂုဏ်မောက်တဲ့လူ့ဘ၀။

သေခါနီးလူနာကို Long Live သွားလုပ်နေရင်
နောက်ပြောင်တာနဲ့တူမနေဘူးလား
ငါကလည်းလူတစ်မျိုး ဆောင်းဦးပေါက်ခြံမီးရို့တဲ့
မီးခိုးတွေရဲ့ရနံ့ကိုခံစားလို့ရတယ်
စားသောက်ဆိုင်ကညှော်နံ့ကိုခံစားလို့မရဘူး။

ဆေးသားတွေစွန်းထင်သွားအောင်
ကဗျာကို ပန်းချီကားနဲ့ပက်ဖျန်းလိုက်တယ်။

ဒီကမောင်ကြီးရယ်လေ
ချစ်လိုက်ရတာ
“နှင်း..ရယ်”။


ငြိမ်းချမ်းအောင်

Read More...

26 November, 2010

"သူမဟာ မြန်မာပြည် ဖြစ်တယ်"

စာဖတ်သူ said...

ကဗျာဆရာကတော့ အချစ်ကဗျာရေးတာပါပဲ။ စာဖတ်သူကတော့ ဒီကဗျာကို ဖတ်ပြီး ကိုယ်လေးစားတဲ့ အမျိုးသမီးကို အစားထိုးထည့်ကြည့် မိတယ်။ ပြီးတော့ ခုလို ပြန်ရေးကြည့်မိတယ်။ မူရင်း ကဗျာရဲ့အနှစ်သာရ ပျက်ပြယ်သွားခဲ့ရင် ဆောရီးပါပဲ။
++++++++++++++++++++++++++++
"သူမဟာ မြန်မာပြည် ဖြစ်တယ်"

ပြည်တွင်းယက်ထည် ချည်လုံချည်သာ ၀င်ဆင်ပါသော ...
ပြည်သူများအရေး အလေးပေးကာ တနေ့ငါးနာရီ သတင်းနားထောင်သော ...
နက်မှောင်နွယ်ဖြာ ဆံကေသာမှာ မာလာပန်းခက် ဆင်မြန်းတတ်သော ...
သူမသည်သာ မြန်မာပြည် အစစ် ဖြစ်ကြီးဖြစ်တယ်။

တခါတွေ့က တသက်မမေ့စရာ မစွမ်းသာသော ...
မေတ္တာဓာတ်ပြည့် ကရုဏာငွေ့လွှမ်း တင့်တယ်ဆန်းသော ...
သူမသည်သာ မြန်မာပြည် အစစ် ဖြစ်ကြီးဖြစ်တယ်။

တိမ်မျှင်ကင်းပ လှပပြာလွင် မိုးကောင်းကင်ထက် ကြည်လင်လတ်သော ...
ပြည့်ရွှန်းတောက်ပ လပြည့်ညထက် ချမ်းမြေ့အေးမြ သာယာလှသော …
ကတ္တီပါနက်ပြာ မိုးဝဠာမှ ကြယ်တာရာထက် ပိုလင်းလက်သော ...
နေမင်းသူရိန် ရောင်ဝါရှိန်ထက် လင်းထိန်တောက်ပ နွေးထွေးလှသော ...
ဖိုးအနဂ္ဂ ထိုက်တန်လှစွာ ရတနာထက် ပိုမြင့်မြတ်သော ...
သူမသည်သာ မြန်မာပြည် အစစ် ဖြစ်ကြီးဖြစ်တယ်။

ရနံ့စုံစွာ ပန်းမာလာထက် လွန်စွာမွှေးကြိုင် သင်းပျံ့လှိုင်သော …
ခက်ထန်သူအား နူးညံ့သွားအောင် စွမ်းဆောင်နိုင်သော …
ဣတ္ထိများစွာ လူတကာထက် သာလွန်မြတ်သော ...
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီးဖြစ်တယ်။

သေအံ့မူးစွာ လူမမာကို ညင်သာနှစ်သိမ့် ပေးစွမ်းစိမ့်သော ...
ဂီတသံစဉ် တေးဝိညာဉ်ထက် သာယာမြည်ချို နှုတ်ခွန်းဆိုသော ...
ထက်မြက်တောက်ရွှန်း ကြည်မျက်ဝန်းမှာ အားမာန်ပါသော ...
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီး ဖြစ်တယ်။

စမ်းရေသံလို မြည်သံချို၍ မေတ္တာပြည့်သော ...
ဂုဏ်ကျက်သရေ ကိုယ်နေလန်းဆန်း ရွှေရောင်လွှမ်းသော ...
ထက်မြက်စကား ခွန်အားများစွာ ပေးစွမ်းပါသော ...
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီးဖြစ်တယ်။

အသက် ခြောက်ဆယ့်ငါး
ထိုမိန်းမသားရဲ့
အင်အားမဟာ
မြန်မာအပြင်
ကမ္ဘာပင် လွှမ်းခဲ့ ...

အိုနေသော်လဲ
ပျိုဆဲမိခင် … အိုမိခင်ငဲ့
ခြေရာခွက်ထဲ
ရေနည်းသော်ငြား
ပင်လယ်မှားမှတ်
ကူးခတ်နေသူ
ထိုလူစုအား
အမှန်အမှား ခွဲခြားပါလှည့်
ခွဲပေးလှည့်လော့ … ။

ပါးရေနားရေ
တွန့်ကြေသော်ငြား
ခွန်အားရှိဆဲ ပျိုဆဲမိခင်
အို မိခင်ငဲ့ …
ကောင်းကင်ယံထက်
လင်းလက်သော်တာ
ငွေစန္ဒာအား
ရငြားပါစေ ထိုးဟောင်နေသော
တောခွေးနှင့်တူ
ထိုလူတွေအား
အမှန်အမှား ခွဲခြားပါလှည့်
ခွဲပေးလှည့်လော့ … ။

နိုင်ငံ့အရေး
တိုင်းရေးဟုသာ
ဆိုနေပါလည်း
မိမိအရေး ကိုယ်ရေးသာကြည့်
အတ္တပြည့်သူ
ထိုလူတွေအား
အမှန်အမှား ခွဲခြားပါလှည့်
ခွဲပေးလှည့်လော့ … ။

အလင်းကိုရှောင်
အမှောင်ထဲတိုး
အဆိုးဘက်သာ ဦးတည်ပါသော
ဒီလောကသား
လူအများတွက်
လင်းလက်ရောင်ရွှန်း
ထွန်းညှိပေးပါ
ညှိပေးပါလော့ ... ။

ကမ္ဘာတ၀ှမ်း
ငြိမ်းချမ်းပါစေ ...
တောင်းဆုချွေရင်း
မြန်မာပြည်စစ်စစ်
ဖြစ်ကြီးဖြစ်သူ
ထိုသူမအား
ချမ်းမြေ့စေသား
အေးစေသားဟု
ဦးညွှတ်ဆုတောင်း
မေတ္တာလောင်းသည်
နှစ်ထောင်းအားရ ရှိစေသောဝ်။
++++++++++++++++++++++++++
p.s
မကြိုက်ရင် ဖျက်လိုက်နိုင်ပါတယ်။ ကဗျာဆရာရေးတဲ့ စာပိုဒ် တပိုဒ်ချင်းနဲ့ လိုက်ဖက်အောင် ကြိုးစားရေးကြည့်ထားတာပါ။ (စာပိုဒ် အားလုံးတော့မဟုတ်ပါဘူး။)

Read More...

24 November, 2010

“သူမဟာ အမေရိကတိုက်ဖြစ်တယ်”

ဘနားနားရီပတ်ဘလစ်ဂျင်းဘောင်းဘီဖင်ကြပ်အမြဲဝတ်သော
တစ်ပတ်မှာသုံးခါ Gym ကိုလာတတ်သော
Tamming နဲ့မိုင်းမိုင်းညိုညိုအရောင်အဆင်းရှိသော
သူမဟာ အမေရိကတိုက်ဖြစ်တယ်..

တစ်ခါတွေ့ရင်တစ်သက်မေ့ဖို့ရာမဖြစ်နိုင်သော
ညှို့ဓါတ်ပိုင်ရှင်… ဓါတ်မသဘာဝအပြည့်ရှိသူ
သူမဟာ အမေရိကတိုက်ဖြစ်တယ်..

မိုးရွာပြီးစ ကမ္ဘာမြေထက်သန့်ရှင်းလတ်ဆတ်သော
လပြည့်ညကြယ်တာရာတို့ထက်လင်းလက်တောက်ပသော
လမင်းတစ်ရာထက် ချင်းလင်းဝင်းပသော
နေဆယ်ဆင်းမက ထိန်လင်းရွှန်းပသော
ရတီအများဆုံးစိန်ပွင့်တွေထက်အဖိုးအနဂ္ဂထိုက်တန်သော
သူမဟာ အမေရိကတိုက်ဖြစ်တယ်..

ပန်းပွင့်တကာတို့ထက်မွှေးကြိုင်သင်းပျံ့သော
စစ်ထိုးခါနီးယောင်္ကျားရင့်မာကြီးတို့အားတားဆီးနိုင်စွမ်းသော
မိန်းမမြတ်အားလုံးရဲ့အထွတ်အမြတ်ဖြစ်သော
သူမဟာ အမေရိကတိုက်ဖြစ်တယ်..

သေအံ့မူးလူနာတွေကိုပြုံးပျော်ရွှင်မြူးနှစ်သိမ့်ကြည်နူးစေနိုင်သော
ဂီတတကာတို့ထက်ယစ်မူးသာယာနာပျော်ဖွယ်ကောင်းသော
သားသမင်တို့ရဲ့မျက်ဝန်းလိုနှစ်လိုဖွယ်ဖြစ်သော
သူမဟာ အမေရိကတိုက်ဖြစ်တယ်..

စမ်းချောင်းရေစီးသံလိုညက်ညောညင်သာသော
ရွှေအဆင်းလိုဝါ၀င်းသောအသားစိုင်တို့ရဲ့ပိုင်ရှင်ဖြစ်သော
ချစ်ဖွယ်သောစကားကို တွတ်တီးတွတ်တာဆိုတတ်သော
သူမဟာ အမေရိကတိုက်ဖြစ်တယ်..

ကြွကြွရွရွညက်ညောညင်သာလှမ်းလျှောက်တတ်သော
ရင်သပ်ရှုမောဖွယ်၊ နှစ်သက်ကြည်နူးဖွယ်၊ တပ်မက်တွယ်ညိဖွယ်အလှဘုရင်မ
သူမဟာ အမေရိကတိုက်ဖြစ်တယ်

ကောင်မလေးရယ်
ငါဟာ
နွားခြေရာခွက်ကို သမုဒ္ဒရာရေပြင်မှတ်ပြီး
မမောမပမ်းကူးသန်းနေမိသူလား

ငါဟာ
ပိုင်ဆိုင်ခွင့်မရလို့
လရောင်ကို ထိုးထိုးဟောင်နေတဲ့ တောခွေးအတစ်ကောင်လား

ကောင်မလေးရယ်
အချစ်ဆိုတာ
ဇက်ကြိုးဖြေလွှတ်ပေးလိုက်တဲ့ပြိုင်မြင်းတစ်ကောင်းလို
ကဆုန်စိုင်းဝိုင်းဒိုင်းကြဲပြေးလွှားပေါက်ကွဲတတ်တဲ့အရာမျိုးလား

ဒါမှမဟုတ်
နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့မိုက်မိုက်မဲမဲစွဲလန်း
တိတ်တိတ်ကလေးကြိတ်လွမ်းနေရတာမျိုးလား

ချစ်တယ်ကောင်မလေးရယ်
လူသားစစ်စစ်ဧကန်ဖြစ်တဲ့ငါ့သဘောထားအမှန်ကိုတင်ပြခွင့်ပေးပါ
နားနဲ့မနာဖ၀ါးနဲ့သာကြားနာပါတော့
လုံးကျစ်ဖုထစ်မင်းတင်ပါးလေးကိုချစ်တယ်
ရင်ဖိုမသန်းခုံးထမောက်ကြွမင်းရင်သားတွေချစ်တယ်
မင်းဖောဌသအာရုံအားလုံးကိုချစ်တယ်
ဆေးမဆိုးပန်းရောင်သန်းလက်သည်းခြေသည်းတွေကိုချစ်တယ်
မိမွေးတိုင်းဖမွေးတိုင်းရွှေဝါရောင်ဆံနွယ်ခွေကလေးတွေချစ်တယ်

နှစ်ဆယ့်တစ်နှစ်အရွယ်အဲဒီအမျိုးသမီးငယ်ဟာ
နှစ်ဆယ့်တစ်ရာစု ကမ္ဘာကြီးဖြစ်ခဲ့ပါသလား

တာဝတိသာက နတ်သမီးတစ်ပါးကို ငါမမြင်ဖူးဘူး
ဘုံကြိုးပြတ်တဲ့နတ်မျိုးနွယ်သီချင်းကို ငါကြားဖူးတယ်

မိန်းမတစ်ယောက်ဟာ အချင်းတင်မက
အဆင်းပါလိုအပ်တာ ငါနားလည်လိုက်ပြီ။

မြန်မာပြည်သားဖြစ်ရလို့ငါဂုဏ်ယူနေမယ်
မင်းချစ်သူဖြစ့်ခွင့်မရတာငါဝမ်းနည်းတယ်။

ဆောင်းလေကြမ်းတွေရိုင်းရိုင်းကြမ်းကြမ်းတိုက်ခတ်နေတဲ့
အခုလိုရာသီမျိုးမှာ
ငါ့ရင်ဘတ်အုံကြီး ပူလောင်ကြွတ်ဆတ်လာတဲ့အထိ
မင်းကိုသတိယလိုက်တာ။

အလင်းထက်အမှောင်အမိုက်များတဲ့လောကမှာ
အကောင်းထက်အဆိုးဘက်ကိုဦးတည်နေတဲ့လောကမှာ
အဖြစ်ထက်အပျက်များတဲ့လောကမှာ
ကမ္ဘာကြီးငြိမ်းချမ်းပါစေ..
ချစ်စွာသော ထိုသူငယ်မလည်း ငြိမ်းချမ်းပါစေသား..
ချစ်စွာသော ထိုသူငယ်မလည်း ငြိမ်းချမ်းပါစေသား..
ချစ်စွာသော ထိုသူငယ်မလည်း ငြိမ်းချမ်းပါစေသား..

ငြိမ်းချမ်းအောင်

Read More...

17 November, 2010

“ငါရွေးချယ်လိုက်တာ မင်းပါ ရွှေကံ့ကော်ဝါ”

“ဟောဟိုမှာ…
အဘိုးအိုတစ်ယောက်
ဂန္တ၀င်မြောက်ကျောက်ဆစ်ပုတီးတစ်ကုံးထုဆစ်နေတယ်
ဒီမှာတော့…
ကောင်းခြင်းငါးပါးအလှတရားကိုဖြန့်ခင်း
မိန်းမမြတ်တစ်ယောက်ကျော့ရှင်းစွာထိုင်နေရဲ့”

ကဲ..မောင်ရင်။ မင်းဘယ်တစ်ခုကိုရွေးချယ်ကြည့်ရှုချင်သလဲ? တဲ့

အဘိဓ္ဓမာလွန်ကဲတဲ့အဲသလိုမေးခွန်းတွေကျုပ်ကိုမမေးကြပါနဲ့

ကံ့ကော်ရေ…
ချစ်သောကံ့ကော်ရေ
သစ္စာမပြယ် ရနံ့ကြွယ်ဆဲ
ဘ၀ဆက်တိုင်းလှနေမြဲရွှေကံ့ကော်ရေ
ပဋိပက္ခတွေရဲ့အဆုံးမှာ
မင်းနဲ့ပဲနေဖို့ ငါဆုံးဖြတ်လိုက်တော့တယ်
မွန်မြတ်သန့်စင်သောချစ်စွာသောရွှေကံ့ကော်ဝါ…

“ဘာ…”
တိုင်းပြည် “ချောက်” ထဲကျတော့မယ်ဟုတ်လား
သြော်အေးအေး
ငါလည်း နယူးရော့က၀ယ်လာတဲ့
လေမူတ်တူရိယာတစ်ခု
အမူတ်ကျင့်နေပါတယ်။
ပြီးတော့
သီတင်းကျွတ်တန်ဆောင်တိုင်ဆီမီးထွန်းညှိပူဇော်ပွဲတော်ကြီးလည်းနီးပါပြီ
အေးဆေးပဲ။ ဘာအကန့်မှမရှိဘူး။

အဲဒီအင်ဂျင်ကျနေတဲ့ ငါ့ဆိုင်ကယ်အစုတ်နဲ့လည်းဒုက္ခ
ငါ့အမြင်အာရုံကို ခလုပ်လာလာတိုက်နေတဲ့
ကောင်မလေးကလည်း ဒုက္ခ
တနင်္ဂနွေဈေးမှာပန်းဝယ်ပြီး
အိမ်ကဘုရားပန်းအိုးမှာ ပန်းအသစ်လဲလိုက်တယ်
ငါးပါးသီလယူတယ်
ဝေန္တေယျသတ္တ၀ါတွေကျန်းမာပါစေချမ်းသာပါစေ

မကြေနပ်ဖူးဆိုရင်
ကောင်မလေးရယ်
ငါထုတ်ခဲ့တဲ့စတိတ်မင့်နဲ့သာငါ့ကိုပေါက်သတ်သွားလိုက်ပါ
သေဖို့ကလွယ်ပါတယ်
နေဖို့သာခက်တာ။

“၁၁ ကျပ်ကျတယ်အစ်ကို” တဲ့
မနက်ကဈေးထဲမှာ
လက်ဖက်ရည်က ၈ ကျပ်
အီကြာကွေးတစ်ချောင်း ၃ ကျပ်
ပေါင်း ၁၁ ကျပ် ကျသင့်တယ်။
လမ်းဘေးကဖိနပ်ချုပ်သမားလည်း ပညာရှင်ပဲ လို့
ကျနော်ပြောရင် ခင်ဗျားတို့ငြင်းချင်ကြသလား။

ရှိစေတော့
ရှိပါစေတော့
ငါ့ဒေါသတွေငါထိန်း
ငါ့သောကတွေငါသိမ်းပြီး
ကိလေသာအမိုက်အမှောင်တွေနဲ့ကင်းဝေးရာ..
ဖြူစင်သန့်ရှင်းသောသစ္စာတရားတို့ကိန်းဝပ်ရာ
ငါ့အရိုးပြာငါပိုက်လို့
မင်းရှိရာ ငါလိုက်ခဲ့မယ်
မွန်မြတ်သန့်စင်သောချစ်စွာသောရွှေကံ့ကော်ဝါရေ
မင်းရှိရာငါလိုက်လို့လာခဲ့မယ်…

ငြိမ်းချမ်းအောင်

Read More...

15 November, 2010

အဖြူရောင်နှင်းဆီသို့

ဆူးပင်ပါလျှက်
ခက်ထန်ကြမ်းရှ
ရိုးသားလှသူ
နှင်းဆီဖြူအား
ဆွတ်လိုငြားက
ချွေသွားမည့်လက်
ဆူးချက်သင့်စေ
စူးပါစေသား ...
စူးစေသား ..... ။

ငြိမ်းချမ်းအောင်နှင့် 'အမည်မသိ'ပူးပေါင်းရေးသားသည်

Read More...

30 October, 2010

ဒေ၀စ္ဆရာသို့လွမ်းဆွတ်ခြင်း (၂)

အမေရိကန်ဒေါ်လာ၂၉ သန်းနဲ့ကန်တော်ကြီး ပဲလေစ့်ဟိုတယ်ကို ထူးကုမ္ပဏီက ၀ယ်လိုက်ပြီဟေ့၊ သြော်.. သာဓု သာဓု။ သာဓု ပါကိုတေဇ။ သူ့ခမျာချမ်းသာလိုက်ရှာတာ အရင်ဘ၀က ကုသိုလ်ကောင်းမူတွေ ပက်ပက်စက်စက် လုပ်ခဲ့တယ်ထင်ရဲ့။ ဒို့ပြည်သူမှာတော့ ကုသိုလ်မရှိ ကံမရှိဉာဏ်ရှိတိုင်းမွဲ။ ဒါနဲ့ ခင်ဗျား လူသေဖြေယူနေ တာတော့မဟုတ်ပါဘူးနော်၊ ဗမာပြည်မှာသေရင်တောင် မလှမပအလောင်းကောင်ဘ၀ နံရိုးပြိုင်းပြိုင်းခါးကိုင်းကိုင်း မျက်တွင်းဟောက်ပက်နဲ့ အဆီအသားတောင်ရှိရှာတာမဟုတ်ဘူးလေ။ နောက်တစ်ကြိမ်ထပ်ပြောမယ် အမျှအမျှအမျှကိုတေဇ ရောက်ရာဘုံဘ၀က သာဓုခေါ်လိုက်ပါ.. ရောက်ရာဘုံဘ၀မှာ ဒီထက်လည်း များများကြီးပိုချမ်းသာ ကြီးပွားနိုင်ပါစေသား။ မုဒိတာပွားရမယ်တဲ့ ဒို့ဘုရားကမှာခဲ့တယ်မဟုတ်လား။ ဒီလိုနဲ့ ကွန်မြူနစ်ပါတီက ဦးကျော်ငြိမ်းနဲ့ဦးနုကို လက်ညှိုးထိုးတယ်၊ ဦးနုကနေ၀င်းကို ယိုးစွပ်တယ်၊ နေ၀င်းက သန်းရွှေသာတရားခံအစစ်လို့ပြောသွားမသွားကျွန်တော်မသိဘူး။ (၆၂ က သမဂ္ဂအဆောက်အအုံကို ဗုံးခွဲတာ အောင်ကြီးလုပ်တာ ငါမဟုတ်ဘူးလို့တော့ ပြောသွားတယ်။)။ ဟုတ်ကဲ့ခင်ဗျာ ပြောပရစေ ဖဆပလနဲ့ကွန်မြူနစ်ပါတီ.. ကွန်မြူနစ်ပါတီနဲ့ဖဆပလ ဟတ်ဆစ်ဟတ်ဆစ်ပဲ (ထိုင်းလိုပြောတာ ငါးဆယ်ငါးဆယ်တဲ့)။ အကြောင်းရှိလို့အကျိုးဖြစ်တာ၊ ဒါဘုရားဟောခဲ့တာနော် လမ်းဘေးက အုတ်ကြားမြက်ပေါက် ကလေကချေကလေက၀ စကားလုံးမဟုတ်ဘူး။ ဆောရီးပဲ၊ မကြိုက်ရင်လဲသေလိုက်။ ကျွန်တော် ဗုဒ္ဓကို ခင်ဗျားတို့ထက် ပိုယုံကြည်တယ်။ ဒီလိုနဲ့ ခွေးဝဲစားကြားက ၀င်စားသွားတယ်။ နောက်တော့ ခွေးဝဲစားလက်မှ ခွေးသူခိုးလက်သို့ရောက်ခဲ့လေသတည်း။ ဗမာပြည်ကျွန်ဖြစ်နွံနစ်ခဲ့လေပြီ။ အနှစ် (၆၀) အလွမ်းဇာတ် စိန်အောင်မင်းနဲ့နွဲ့ရမှာလား.. ရွှေမန်းတင်မောင်နဲ့လွမ်းရမှာလား၊ ခင်ရေ.. လွမ်းလိုက်စမ်းပါခင်ရေ၊ အဲဒီအနှစ် (၆၀) အလွမ်းဇာတ်ကို ပိုးစိုးပက်စက်ပိုးလိုးပက်လက်ကြီးသာ လွမ်းလိုက်စမ်းပါခင်ရေ။ ခင်ရေ.. ခင်ရေ.. ခင်ရေ.. ခင်ရေ.. အမိန့်ချမယ်။ ဦးနုနဲ့ဦးကျော်ငြိမ်း သင်တို့ဗမာပြည်အပေါ် ကျူးလွန်ခဲ့သော ခွင့်လွှတ်ရန်မဖြစ်နိုင်သော ပြစ်မူကြောင့် ဘ၀ဆက်တိုင်း ဆက်တိုင်း သင်တို့အားမသေမချင်း ကြိုးကွင်းစွပ်သတ်စေ((ပုံ ပြည်သူ့ခုံရုံး))။ ဗကပ-ဗမာပြည်သမိုင်းမှာ အရှည်ကြာဆုံး ပါတီ၊ သခင်အောင်ဆန်း ဦးဆောင်ဖွဲ့စည်းခဲ့သော အစဉ်အလာကြီးမြတ်သော အနှီပါတီအားခုချက်ခြင်း ဖျက်သိမ်းစေ၊ ဖုတ်သွင်းမြေမြှုပ်ပစ်စေ။ ((ပုံ ပြည်သူ့တရားရုံး))။ ဒီလိုနဲ့ ကျွန်တော်တို့ သမိုင်းဟာအကွဲအပြဲသွေးမုန်တိုင်းလိုင်းနဲ့ ရိုင်းချင်တိုင်းရိုင်း ကြမ်းချင်တိုင်းကြမ်း နွမ်းချင်တိုင်းနွမ်းနယ်ခဲ့တယ်။ ကျွန်တော်တို့ နိုင်ငံရေးယဉ်ကျေးမူဟာ ဥခွံထဲက မကျွတ်မလွတ်သေးတဲ့ သန္ဓေသားအဖြစ် အကောင်မပေါက်ခင်ကတည်းက သေဆုံးခဲ့ရတယ်။ ကောင်းမွန်တဲ့အစဉ်အလာ တွေကို စောင့်ထိမ်းကြ၊ ဆိုးယုတ်တဲ့ အစဉ်အလာတွေကို ကျူပင်ခုတ် ကျူငုတ်မကျန်သုတ်သင်ကြ။ အမျိုးဘာသာ သာသနာရိုးရာ အစဉ်အလာကို ထိမ်းသိမ်းစောင့်ရှောက်ခြင်း ဟာလည်း အနာဂတ်ကို စောင့်ရှောက်ခြင်းပါပဲ။ ကဲစိတ်ချမ်းသာစရာလေးတွေ ပြောကြမယ်။ ညီလေး တင်မောင်ဆန်းမင်းဝင်း.. ညီလေးကျော်ကျော်ဗို.. သစ္စာမေတ္တာရွှေမန်းသဘင်။ ဗမာ့ဇာတ်သဘင်အလံကို အမြင့်မားဆုံးလွှင့်ထူ လိုက်ကြ.. ညီလေးတို့။ နောက်မဆုတ်နဲ့ တစ်လက်မမှ နောက်ဆုတ်မပေးနဲ့၊ အသက်သေချင်သေသွားပစေ ခံစစ်စည်းရိုးကို လုံအောင်ကာကြ။ ကြေးကြိုးသရေလေလက်ခုပ် ရိုးရာအစဉ်အလာမြန်မာ့သဘင်ပညာ။ မင်းတို့အဘိုး ဘဘရွှေမန်း ဦးတင်မောင် ထားခဲ့တဲ့အမွေ၊ အနော်ရထာမင်းကြီးလက်ထက်ကစ နှစ်ရာထောင်ချီသော ဗမာ့ရိုးရာအစဉ်အလာ ချစ်ခြင်းမေတ္တာ အနုပညာ။ အလို ဟောဟိုမှာကြည့်လိုက်ကြစမ်း.. အလင်းလက်ဆုံးတောက်ပနေတဲ့အရာ အဲဒါ ပိုးသားချည်မျှဉ်လို လှပတဲ့ ချစ်ခြင်းမေတ္တာ အနုပညာ။ မိုးသားတိမ်တိုက်လွှာတွေထက် သိမ်မွေ့နက်နဲတဲ့ ချစ်ခြင်းမေတ္တာ အနုပညာ။ အပျိုစင်ကညာ နတ်ဒေ၀ီတစ်ပါးရဲ့ ရှိုက်ဖိုကြီးငယ်ပမာ ရင်သပ်လိုက်မော ဖွယ်ရာ ချစ်ခြင်းမေတ္တာ အနုပညာ။ နှင်းဆီပွင့်လွှာဖတ်လေးလို သန့်ရှင်းစင်ကြယ် ကြည်စင်ဝင်းပတဲ့ ချစ်ခြင်းမေတ္တာ အနုပညာ။ မိုးသားကင်းစင် ကြည်လင်တောက်ပ လပြည့်ညထက် ကျက်သရေမင်္ဂလာရှိတဲ့ ချစ်ခြင်းမေတ္တာ အနုပညာ။ တိမ်လွှာကြားမှာ ငှက်အသွင် ပျံဝဲ ဘုံလွှာခုနစ်ဆင့်မှာ ဈာန်ရသလို မာန်ကြွနေတဲ့ ချစ်ခြင်းမေတ္တာ အနုပညာ။ ရတနာကိုးသွယ် ပြည်တန်ပတ္တမြား ရတီများတဲ့ စိန်ပွင့်တကာထက် အဖိုးအနဂ္ဂ ထိုက်တန်သော ချစ်ခြင်းမေတ္တာ အနုပညာ။ ဟုတ်တယ်။ ငါဒေ၀စ္ဆရာကို အသည်းပေါက်မတတ်ချစ်ခဲ့တယ်။

ငြိမ်းချမ်းအောင်

Read More...

27 October, 2010

ဒေ၀စ္ဆရာသို့လွမ်းဆွတ်ခြင်း

သူငယ်ချင်း.. ကာလီဖိုးနီးယားမှာ တစ်ဆောင်းသစ်ပြန်ပြီ.. မြဒါလီတော့မရှိဘူးပေါ့ကွာ၊ သူ့အစား ကပ်ပလီမကြီးကိုလည်း ကိုယ်ထိလက်ရောက် သွားလုပ်မပစ်လိုက်နဲ့ဦး။ အခန့်မသင့်ရင်မင်း ဒုက္ခရောက်သွားနိုင်တယ်။ ကျန်းမာရေးကိုဂရုစိုက်၊ အပြင်ထွက်ရင် အနွေးအင်္ကျီထူထူဝတ်၊ ငါလည်းမကြာခင် ပြန်လာခဲ့မယ်။ မင်းအတွက် လက်ဖက်ထုပ်နဲ့ ပုန်းရည်ကြီးဝယ်ခဲ့မယ်။ ဦးချိန်တီလျှက်ဆားနဲ့ အဘထရှူဆေးလည်း မဲဆောက်က ၀ယ်ခဲ့မယ်ကွာ။ ဒါနဲ့သူငယ်ချင်း.. ရှိရှိသမျှအုပ်စုတကာမှာ မင်းပို့နေတဲ့အီးမေးလ်တွေ ငါဖျက်ရတာလက်ညောင်းလှပြီ။ ပြီးတော့ ဒို့သမ္မတကြီး အိုဘားမားကိုလည်း သနားပါကွာ၊ ခုတလောသူ့ခမျာ မျက်နှာ မကောင်းရှာဘူး၊ တိုင်းပြည်လည်း စီးပွားရေးမကောင်းဘူး။ ဖုစတမ့်နဲ့ စားပြီး အားအားယားယား မင်းအသံ ပြဲကြီးနဲ့ဖြဲဖြဲမအော်နေပါနဲ့.. ခင်လို့ပြောတာ ဖြစ်နိုင်ရင်တစ်လလောက် တိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ် ကလေးနေပေးပါလား ငါပြန်ရောက်ရင် ဂျက်ဒယ်နီရယ်အ၀တိုက်ပါ့မယ်။ ပလိစ်…။ တဆက်တည်းပြောရဦးမယ် ၀ိုင်းစုခိုင်သိန်းတို့ ရတက်မအေး အထုပ်ပိုက်ပြန်ပြေးအောင် မင်းနွှဲခဲ့တဲ့ ရဲရဲတောက် လုပ်ဆောင်ချက်ကတော့ သမိုင်းအဆောင်ဆောင်မှာ နောင်လာနောက်သားတွေ မှတ်တမ်း တင်ရစ်လိမ့်မယ်။ တကယ်ဆိုရင် အနှစ်လေးဆယ်စီမံကိန်းနဲ့ မင်းဝယ်ထားတဲ့အိမ်၊ ခြောက်နှစ်စီမံကိန်းနဲ့ မင်းဝယ်ထားတဲ့ကား၊ ဒါ..မင်းရဲ့လက်တွေ့ဆန်တဲ့ သရုပ်သကန်ပဲသူငယ်ချင်း။ ငါ့မှာလည်း ဆန္ဒတချို့ရှိတယ်။ ရောင်းမယ်ဆိုရင် နယူးရော့မြို့ကြီးကို နှစ်တစ်ထောင် စီမံကိန်းနဲ့ ၀ယ်ထားချင်တယ်။ ဈေးညှိပေးပါလား၊ အဆင်ပြေရင် ပွဲခပေးပါ့မယ်။ ပြီးတော့ အော်ဒီစပေါ့ကား တစ်စီးလောက်လည်း လိုချင်တယ်။ ကလေးမရလို့ စိတ်ညစ်နေတဲ့ ဘီယွန်းဆေးနဲ့ ဂျေဇက်တို့ ဇနီးမောင်နှံကိုလည်း အားပေးစကားပြောချင်တယ်။ အေးကွာ စိတ်မပျက်နဲ့အားမငယ်နဲ့။ ငါတို့ လက်ထက်မှာ ဒို့တော်လှန်ရေးကြီးမပြီးသေးရင် ငါတို့သားသမီးတွေဆက်လုပ်ကြလိမ့်မယ်။ မင်းလက်ထက်မှာ မင်းအိမ်အကြွေး မကြေသေး ရင်လည်း မင်းသားသမီးတွေ ဆက်ဆပ်ကြလိမ့်မယ်။ သိန်းစိန်နယူးရော့လာတုံးက ကိုမိုးသီးဖိနပ်နဲ့ပေါက်တာ ငါဂုဏ်ယူတယ်။ (ကွန်ဂယက်ကျူလေးရှင်း ကိုမိုးသီး၊ စကားစပ်မိလို့ပြောတာ)၊ ငါတို့နိုင်ငံတော်သမိုင်းမှာ ရွှေတိဂုံဘုရားရင်ပြင်ပေါ် အင်္ဂလိပ်တွေ ဖိနပ်နဲ့တက်လို့ “ဖိနပ်ပြဿနာ” တောင်ဖြစ်ခဲ့သေးမဟုတ်လား။ ၀ိုင်းစုခိုင်သိန်းနဲ့ မင်းတို့ဖြစ်တဲ့ ပြဿနာကိုတော့ ငါမဝေဖန်ပါရစေနဲ့။ ငါ..ကျန်းမာရေးသိပ်မကောင်းဘူး၊ နှာလည်းနဲနဲ စေးနေတယ်။ သြော်ဒါနဲ့ ပစိဖိတ်သမုဒ္ဒရာကြီးက အကျယ်ကြီးပဲသူငယ်ချင်း၊ ငါတို့တသက် ခတ်သောက်လို့မကုန်နိုင်ဘူး။ ကျန်တာတွေလူချင်းတွေ့မှပြောမယ်။ နူတ်တစ်ရာစာတစ်လုံးတဲ့။ အေးကွာ စာမဆုံးခင်တစ်ခုတော့ မှာခဲ့ချင်တယ် မင်းအရင် (အမေရိကားမှာသာ) ငါသေခဲ့ရင် ငါ့အသုဘဖိတ်စာမှာ နိုင်ငံရေးသမားလို့မထည့်နဲ့။ ကဗျာဆရာလို့သာထည့်ပေးပါသူငယ်ချင်း။ ပြီးတော့ငါ့အလောင်းမှာ အုတ်ဂူမတည်ပါနဲ့။ ကျောက်တိုင်မစိုက်ပါနဲ့။ အသုံးမကျတဲ့ငါ့အတွက် ကမ္ဘာမြေကြီး ပိုပြီးမလေးပင် စေချင်တော့ဘူး။ မင်းရဲ့အစဉ်ထာဝရ။

ငြိမ်းချမ်းအောင်

Read More...

25 October, 2010

မြန်မာပြည်ရွေးဂေါက်ပွဲ၊ ၂၁ရာစုကမ္ဘာကြီးနှင့် အချစ်အကြောင်းများ

ဒီနေ့နေပူတယ်။ တနေ့ခင်းလုံးအိုက်စပ်ပူလောင်၊ ဆောင်းဦးပေါက်ကြီး ပန်ကာဖွင့်ဖို့တော့ မနိပ်သေးဘူးကွနော်။ အမှတ်တမဲ့ပါပဲ တနေ့က သီတင်းကျွတ်သွားတယ်။ ကလေးတွေက ဗြောက်အိုးဖောက်တမ်း ကစားပြီးလူကြီးတွေက လက်ပစ်ဗုံးဖောက်တမ်းကစားကြတယ်။ ဒီတစ်ပတ်သီတင်းခေါင်းစဉ်တွေကြည့်တော့ အလိုဘုရားဘုရား.. ဂီရိမုန်တိုင်းကြောင့်ကျောက်ဖြူတစ်မြို့လုံးပျက်စီးသွားပြီတဲ့၊ မူဆလင်တွေတိုက်ပွဲဝင်ကြဖို့ အယ်ခိုင်းဒါး စပုတ်ပါစင်နိုးဆော်လိုက်သတဲ့၊ အမေရိကန်ကျူးကျော်မူကြောင့် အီရတ်အရပ်သား တစ်သိန်းကျော် သေဆုံးဆိုပဲ။ အမင်္ဂလာတွေချည်းသယ်ဆောင်လာတဲ့ကမ္ဘာမြေ မင်းနဲ့ငါသေခန်းပြတ် ချင်ပြတ်၊ ရှင်ခန်းပြတ်ချင်ပြတ် တစ်ခုခုတော့ ပြတ်မှဖြစ်တော့မယ်။ မနက်ဖြန် ဘန်ကီမွန်း ဘန်ကောက်ကိုရောက်မယ်ဆိုပဲ။ လူ့အခွင့်အရေးအလုပ်သမားရေးပတ်ဝန်းကျင်ထိန်းသိမ်းရေး သားလေးရှင်ပြုရေးသမီးလေးနားသရေး၊ (ဟာမဟုတ်သေးပါဘူး ဘွာတေးဘွာတေး) ဂေးလက်စဘီယမ်အရေး ဘာအရေး ညာအရေးဟိုအရေးဒီအရေး အဲဒီအရေးလူပ်ရှားသူတွေ စာရွက်တွေကိုင်ပြီး အဲဒီဘဲကြီးကို တိုင်ဖို့တောဖို့စောင့်နေကြတယ်။ သြော် သာဓု.. သာဓု.. သာဓု.. “သဗ္ဗေ သင်္ခါရာ အနိစ္စာ”။ ဒီနှစ် စပါးရွှေဝါ၀င်းပါစေ ပန်းတွေသင်း ပါစေ။ ဒါနဲ့စကားမစပ် ဒီလိုဗျာ ကျနော်တို့အိမ်ရှေ့တည့်တည့်မှာ ပုလိပ်ဂိတ်အသစ် တစ်ခုလာ ဆောက်နေတယ်။ လက်မှတ်မရှိတဲ့ ဗမာအလုပ်သမားတွေကိုဖမ်းဖို့တဲ့၊ အဲဒီအဆောက်အအုံကို ဗမာနေ့စားအလုပ်သမားတွေနဲ့ ဆောက်နေကြတယ်။ တောက် ခွေးမသား တွေလူပါးဝတယ်။ မကြာခင် ကျက်သရေမရှိတဲ့မျက်ခွက် ကျက်သရေမရှိတဲ့အသံတွေ မြင်ရ ကြားရ တော့မယ်။ ဒီနှစ်ပွဲရာသီအစမှာ ဖာဂူဆန် တွက်ကိန်းတွေလွဲနေတယ်။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်က အသင်းစွဲတွေအရောင်စွဲတွေသိပ်မကြီး တတ်ပါဘူး။ လာမယ့်ခုနစ်ရက်နေ့မှာ ရွေးဂေါက်ပွဲကြီး ကျင်းပတော့မယ်တဲ့။ တစ်ယောက်ယောက်တော့ကျွတ်မှဖြစ်မယ်။ ဟော ခုတော့ ဗိုလ်သန်းရွှေတစ်ယောက် တိုးလို့တွဲလောင်း တစ်ဝက်တစ်ပျက်ကျွတ်သွားရှာပြီ။ တကယ်ပြောတာ လူရွှင်တော် ကိုငြိမ်းချမ်း ပြောသလို စေ့စေ့ကြည့်တော့ ဒီလူကြီး ရုပ်မဆိုးဘူး၊ တနေ့လုံးထိုင်ကြည့်မှမြင်ရတဲ့အလှမျိုးဆိုလား၊ ညိုချောကြီးဗျနော်။ ငယ်ငယ်က စစ်ထဲမ၀င်ပဲ ဓါတ်ရှင်မင်းသားလုပ်ခဲ့ရင် တိုင်းပြည်ဒီလောက် ဒုက္ခများမှာ မဟုတ်ဘူး။ ညီလေးတစ်ယောက်ကမေးတယ် “အစ်ကို အလံဆိုတာဘယ်သူလုပ်တာလဲ၊ ဘယ်မှာလုပ်တာလဲ”တဲ့.. အလံဆိုတာ လူတွေလုပ်တာ၊ စက်ရုံမှာလုပ်တာပေါ့ညီလေးရာ… လေးလေး နက်နက်မထားပါနဲ့.. ဒီတစ်ခုမကြိုက်ရင် နောက်တစ်ခုလဲလို့ရပါတယ်လို့ပြောလိုက်တယ်။ စကားပြော ကောင်းရင် လေယာဉ်တောင်အလကားစီးလို့ရတယ်ဆိုပဲ။ ဒီမှာမိတ်ဆွေ လျှာအရိုးမရှိတိုင်း ပြောတဲ့ စကားတွေ ဒီနေ့ခေတ်လူငယ်တွေမယုံတော့ဘူးဗျ။ သြော် ဒုက္ခ..ဒုက္ခ သိခြင်းသည်လည်းဒုက္ခ၊ မသိခြင်းသည်လည်းဒုက္ခပါတကား။ ဟောလာပြီ.. စိန်ကောင်းကျောက်ကောင်း ရောင်းတဲ့နေရာမှာ ဆေးရိုးသည်က ကန့်လန့်ကန့်လန့်.. ဘာတဲ့ “မေတ္တာတစ်ဆင်စာပေးရင် ယူမလားမိန်းကလေး” တဲ့.. တောပြန်လိုက်တော့ ကိုသိန်းတန် ရှင့်မေတ္တာက ကျမဒေါက်ဖိနပ်တစ်ရန်စာရှိလို့လား။ ဟားဟားဟား။ “ဒါနဲ့ နေပါဦး အချစ်ဆိုတာဘာလဲဗျ” ကျနော်တော့ မသိဘူး၊ ဟိုကောင်မလေး သင်ဇာဝင့်ကျော်ကို သွားမေးကြည့်လိုက်တော့ဗျာ။ တော်ပြီ.. တော်ပြီ စိတ်ညစ်ရတဲ့အထဲ အဲဒီရွေး ဂေါက်ပွဲ ဆိုတာကြီး ကလည်း တစ်ဒုက္ခ။ ခွေးမသား ထိုင်းပုလိပ်တွေကလည်းတစ်ဒုက္ခ။ ခေတ်မကောင်းတဲ့အခါ ဗမာဖြစ်ရ တာလည်း တစ်ဒုက္ခ။ ဒီနေ့မဲဆောက်မှာနေပူတယ်။ မနက်ဖြန်မိုးရွာချင်ရွာမယ်။ လူတွေကလည်း ဖောက်ပြန်တယ်။ သဘာဝတရားကလည်းဖောက်ပြန်တယ်။ “သဗ္ဗေသတ္တာ၊ ကမ္မသကာ” ပါတကား။ “အလုံးစုံသော သတ္တာဝါတို့အား ကံစီမံရာအတိုင်းသာလျှင် ဖြစ်ရအံ့” တဲ့။ အဲဒါ ကျုပ်ပြောတာ မဟုတ် ဘူး ဗုဒ္ဓမြတ်စွာဘုရား ဟောသွားတာ ခင်ဗျားတို့ယုံချင်ယုံ မယုံချင်နေကြ။

ငြိမ်းချမ်းအောင်

Read More...

30 September, 2010

ကျနော်ကမငြိမ်းချမ်းသေးတဲ့ကောင်

တံခါးပေါက်အားလုံးဖွင့်လိုက်တယ်
ရေမီးအစုံဓါးလှံလေးမြားလက်နက်ကိရိယာအစုံအလင်ရှိနေသလိုမျိုး
တကယ်တော့ကျနော်ကအိပ်ရာပေါ်လဲနေတဲ့လူနာ
စိတ်အကြီးအကျယ်ပျက်မိရဲ့
မိုးလင်းတိုင်းဖျက်လို့မနိုင်တဲ့အကောင့်ထဲကအီးမေးလ်တွေ
သေချာပါတယ်
စကားပြောကြည့်နေစရာမလိုတော့ဘူး
အဲဒီလူယဉ်ယဉ်လေးနဲ့ရူးနေပြီ
ဘ၀ကိုဘာနဲ့ကပ်ချည်ထားမလဲ
ဖေ့စ်ဘွတ်ပရိုဖိုင်မှာညီမလေးတစ်ယောက်ကရေးတယ်
"သင့်ကိုယ်သင်ရည်မှန်းချက်နဲ့ပူးချည်ထားပါ
လူတစ်ယောက်နဲ့တွဲမချည်မိစေနဲ့"ဆိုပဲ
မြွေဆိုးတစ်ကောင်အခန်းထဲဝင်လာတယ်
သူ့ကိုမရိုက်ရင်ကျနော့်ကိုကိုက်လိမ့်မယ်
အရှင်မြတ်ဘုရားတပည့်တော်ကိုရွေးချယ်ခွင့်တစ်ခုမကပေးသနားတော်မူခဲ့ပါ
နောက်ဘ၀အထိသယ်မသွားတော့ဘူး
ယူစရာရှိတာတွေယူပြီးပေးစရာရှိတာတွေပေးလိုက်ကြရအောင်
ဆေးခါးကြီးတွေလည်းသောက်ခဲ့တယ်
အိတ်ဇိုင်းဘ၀နဲ့အိမ်နီးချင်းနိုင်ငံအချုပ်ခန်းအိမ်သာတွေမှာလည်း
မကြာမကြာမျက်နှာသစ်ခဲ့တယ်
န၀တစစ်ကြောရေးစခမ်းမှာလည်းမသေလို့အသက်ရှင်ခဲ့တယ်
ညစ်ပေနေတဲ့လက်နဲ့အစားအစာတွေကိုင်စားရင်
အသက်တိုမှာပေါ့သူငယ်ချင်း
ကဲ..ရှိစေတော့
ဒဏ်ရာဒဏ်ချက်တွေနဲ့သင်ခန်းစာအသစ်တွေပေးလို့
အမှတ်တမဲ့ဖြတ်သန်းဖြစ်ခဲ့တဲ့နှစ်ကာလများကိုလည်းကျေးဇူးတင်တယ်
လူဖြစ်အောင်မွေးခဲ့တဲ့မိဘနှစ်ပါးကိုလည်းကျေးဇူးတင်တယ်
ကြည်နူးပျော်ရွှင်ပြုံးရယ်ရွှင်လန်းအောင်ဖန်တီးနိုင်စွမ်းတဲ့
မိန်းမလှအားလုံးကိုလည်းကျေးဇူးတင်တယ်
ကျောကုံးပေါ်ထမ်းတင်ထားရရှာတဲ့ကမ္ဘာမြေကြီးကိုလည်းကျေးဇူးတင်တယ်
(ကျနော့်ကြောင့်ဝန်ပိမှာစိုးလို့ဝိတ်လျှော့နေတယ်)
လှုပ်နေတဲ့အရာတိုင်းကိုပစ်မချနဲ့
ငြိမ်သက်နေတိုင်းလည်းလျှော့မတွက်မိစေနဲ့
လူရှိန်လည်းမနည်းဘူးဆိုပြီး
သတ္တိလို့လက်ဖျံမှာ ဆေးမင်ကြောင်ရေးလိုက်တယ်
တကယ်တော့ကျနော်ကငကြောက်ပါ
တရားမရှိတော့သေရမှာကြောက်တယ်။...။

ငြိမ်းချမ်းအောင်

Read More...

19 September, 2010

ပင်လယ်မှာ တစ်ညနေ

အဆုပ်ထဲ
လေတွေတစ်ဝရှူသွင်းလိုက်တယ်
ကမ်းခြေနဲ့မိုင်ပေါင်းများစွာ အဝေးမှာ
စိတ်ထားတတ်တဲ့အခါ
တွားသွားနေတဲ့ကဏန်းတစ်ကောင်
ယက်ကန်ယက်ကန်တွေ့ရမယ်

စင်ရော်အုပ်နှုတ်သီးဖျားပါသွားတဲ့
ငါးသတ္တ၀ါများ
ကိုယ့်အန္တရာယ်ကိုယ်မသိတော့
စောစောနိဂုံးချုပ်ရှာပြီ
နေ့လည် ၁၂ နာရီထိုးနေပြီ
ဟင်းချက်စရာကဘယ်မှာလဲ
ဖိလစ်ပင်းကသားသည်အမေတစ်ယောက်သက်ပြင်းချလိုက်တယ်
စီးပွားရေးကဦးမမော့နိုင်သေးဘူး
အာဖဂ္ဂန်နစ္စတန်စစ်ပွဲဘယ်လိုရပ်မှာလဲ

အိမ်ဖြူတော်ကသမတ္တအိုဘားမားဗျာများနေရှာတယ်
အမေရိကန်ကသူငယ်ချင်းတစ်ယောက်
ဆူရှီလိပ်ချင်လိပ်နေမယ်။ စိတ်ဓါတ်ကျချင်ကျနေမယ်
ဗမာပြည်ကသူငယ်ချင်းတစ်ယောက်
စစ်ထောက်လှမ်းရေးနဲ့ပေါင်းပြီးသစ်ခိုးထုတ်ချင်ထုတ်နေမယ်
အရက်သမားဖြစ်ချင်ဖြစ်နေမယ်
မဲဆောက်ကသူငယ်ချင်းတစ်ယောက်
ဘ၀င်မြင့်ချင်မြင့်နေမယ်။ ကျနော့်ကို ကျိန်ဆဲချင်ဆဲနေမယ်

ဂျူးလီးယက်ဆီဆာထားခဲ့တဲ့တိုက်ပွဲဝင်ဓါးတစ်ချောင်း
ဟစ်တလာထားခဲ့တဲ့လုပ်ကြံရေးကျည်တစ်တောင့်
အားလုံးသံချေးတက်ကုန်ပြီ။

ခရုမှန်ရင်အဆံနဲ့၊ လူမှန်ရင်အကြံနဲ့ဆိုလားပဲ
ဟီလာရီကလင်တန်လည်းတစ်ခုခုကြံနေတယ်
ဗိုလ်သန်းရွှေလည်းတစ်ခုခုကြံနေတယ်
နေ့ပြန်တိုးယူပြီးဈေးရောင်းတဲ့အစ်မကြီးလည်းတစ်ခုခုကြံနေတယ်။

ကျနော်စဉ်းစားကြည့်တယ်
မုန်တိုင်းမရှိတဲ့အခါ
ပင်လယ်ဟာသဘာဝတရားကပေးတဲ့
အလှပဆုံးလက်ဆောင်ဖြစ်တယ်။ ။

ငြိမ်းချမ်းအောင်

Read More...

09 September, 2010

ထိပ်တန်းလျှို့ဝှက်ကိုယ်ပိုင်မှတ်စုများ

လမိုက်ခဲ့ပြီ
အိမ်ခေါင်မိုးအုတ်ကြွတ်ပေါ်
မိုးရေစက်တွေတဖျောဖျောကျလို့
ပိန်းပိတ်အောင်မှောင်တဲ့ညအမှောင်ထဲ
သစ်ကိုင်းကိုလေတိုးသံတရှဲရှဲ
အလုံပိတ်အခန်းထဲမှာ
စိတ်လုံခြုံမူမရှိခဲ့ဘူး

နှစ်ကာလများ
အညစ်အကြေးများစွာ
ပိုပြီးထူထပ်သိပ်သည်းမဲမှောင်

မိုးတွေသည်းနေတော့မြင်ကွင်းဟာမသဲကွဲ
တောမကျွမ်းတဲ့မုဆိုး
တောကောင်ပြန်ဖြစ်သွား

အမှိုက်တွေမီးရို့ပြီးပြီ
ကိလေသာအညစ်အကြေးတွေ
မီးမရို့နိုင်သေး
ဘ၀ဆိုတာမြူတစ်မူန်သာဆိုရင်
ခေတ်တခေတ်ကကော
ကျောက်တုံးတစ်တုံးလား

ချွေးစက်ကလေးတစ်ပေါက်ပါပဲ
ချစ်သူခန္ဒာကိုယ်ကထွက်လို့
မက်မက်စက်စက်ချစ်ခဲ့တယ်

စံပယ်ရုံကလေးရေ
ကိုယ့်ကိုကြင်နာပါ..။
တောင်ပေါ်မှာနေ၀င်သွားတာ
ရောင်စုံလိပ်ပျာလေးတွေပျံဝဲနေတာ
ကန်ထဲအလှမွေးငါးကလေးတွေကူးခတ်နေတာ
ငါ့ဒဏ်ရာကိုသက်သာအောင်မစွမ်းဆောင်နိုင်ပါကွယ်..။

မိုက်ရူးရဲဆန်တဲ့အမိန့်သံအောက်မှာ
အနာဂတ်ဟာသွေးသံရဲရဲ
သေရာပါဒဏ်ရာရခဲ့ပြီ

ကိုယ့်ငါးချဉ်မို့ကိုယ်ချဉ်ရတယ်
ချစ်စိတ်ကပြယ်။ ။

ငြိမ်းချမ်းအောင်

Read More...