အချစ်ရေ…
ကိုယ်ဟာ ငှက်တစ်ကောင်ဆိုရင်
တောတောင် အထပ်ထပ်ကို ဖြတ်ကျော်ပြီး
မင်းရှိရာအရပ်ဆီကို ပျံသန်းလို့သွားလိုက်ချင်ပါရဲ့
မင်းအချစ်ကို အလောတကြီးလိုအပ်မိလို့လေ..။
ခရီးဒေသအကွာအဝေးက
စိတ်သွားတိုင်း ကိုယ်ပါခွင့်မရအောင်
ကိုယ်တို့နှစ်ယောက်ကို စည်းခြားကန့်သတ်
ကိုယ်ကဘယ်လောက်ထိ ကြာကြာစောင့်နေရမှာတဲ့လဲ
ကိုယ်ဟာ မွတ်သိပ်စွာ ဆာလောင်နေသူပါ
ကိုယ်ဟာ အချစ်ငတ်နေသူလေ
ပင်လယ်ပျော် ဖျံတစ်ကောင်လို
ကိုယ့်မှာ ပြင်းပြတဲ့ ဆန္ဒတွေရှိတယ်
တောထဲက ကျားရဲတစ်ကောင်လို
ကိုယ့်မှာ မြဲမြံတဲ့ ခွန်အားတွေရှိတယ်
မင်းရဲ့ ဖော်ရွေလိုက်လျောမှုမှာ
ကိုယ်ဟာတပ်မက်ငြိတွယ်
မင်းရဲ့ ပွင့်လင်း လွတ်လပ်မူမှာ
ကိုယ်ဟာ အတုံးအရုံးကျရူံး
အချစ်က
တို့နှစ်ယောက်ကို
သဘာဝအတိုင်း မဖုံးမကွယ် ပွင့်လင်းစေခဲ့
တစ်ယောက်ခန္ဓာကိုယ်ထဲကို တစ်ယောက်က
ဓါးမြှောင်တစ်ချောင်းလိုစိုက်ဝင် ရှေ့ခရီးဆက်
တစ်ယောက်က တစ်ယောက်ကို လိုအပ်နေတဲ့အထိ
တို့တွေ ဆက်ချစ်ကြမယ်..။
နုနယ်ပျိုမျစ်တဲ့ မင်းရဲ့ရင်ခွင်မှာ
ခိုင်မာမြဲမြံတဲ့ ကိုယ့်ရဲ့ ဇွဲစိတ်ထက်သန်မှုနဲ့
မမောနိုင်မပမ်းနိုင် အချစ်နေ့တွေ ညတွေကို
လက်တွဲ ကူးခပ်ကြမယ်
ကိုယ်တို့ရဲ့ အချစ်ခရီးဟာ
ပင်လယ်ကို လှေငယ်နဲ့ ကျော်ဖြတ်ရသလို
တောလမ်းခရီးကြမ်းကို တောစီးဖိနပ်မပါပဲ ဖြတ်သန်းရသလို
စိန်ခေါ်မှုတွေရှိမယ်၊ ပင်ပမ်းနွမ်းနယ်ကြလိမ့်မယ်
ပင်လယ်ဆားငန်ရေသောက်ပြီး အငမ်းမရ ရေငတ်ဆာလောင်
ခရီးပမ်းတဲ့အခါ အားအင်ကုန်ခမ်း
ကိုယ်မောတဲ့အခါ မင်းကတက်ကိုကိုင်
မင်းမောတဲ့အခါ ကိုယ်ကတက်ကိုကိုင်
အပေးအယူမျှတတဲ့ အချစ်က
လောကနိဗ္ဗာန်ပဲပေါ့ အချစ်ရယ်..။
ကြင်နာသနားတတ်တဲ့ မင်းရဲ့ငဲ့ညှာမှုနဲ့
ကိုယ့်ရဲ့ အထီးကျန်မှု နှစ်တစ်ရာလွင်ပြင်ကို
အမြဲစိမ်းသစ်တောအဖြစ် ဖန်ဆင်းရမယ်
ထာဝရ မိုးခေါင်နေတတ်တဲ့ ကိုယ့်ရဲ့ကန္တာရမှာ
မင်းရဲ့ ဆန္ဒပြင်းပြတဲ့ အနမ်းတွေနဲ့
မိုးတွေကြီး ရေတွေလျှံစေရမယ် အချစ်ရယ်..။
မင်းဟာ ကိုယ့်ရဲ့ ပြီးမြောက်မှုပါ
မင်းရဲ့ ဟန်ဆောင်မှုကင်းတဲ့
ပွင့်လင်း ရိုးရှင်းမှုကို ကိုယ်ကချစ်တယ်။
မင်းဟာ ကိုယ်နမ်းလို့မ၀တဲ့ နှင်းဆီ
မင်းဟာ ကိုယ်ငတ်မပြေတဲ့ ၀တ်ရည်ပေါ့။
အချစ်မှာ ရှက်ကြောက်နေသူတွေကို ထားရစ်ခဲ့မယ်
မင်းရဲ့ ဆန္ဒ ကိုယ့်ရဲ့ ဆန္ဒတွေအပြန်အလှန်ဖြည့်ဆည်း
အချစ်နဲ့ ထာဝရစိမ်းလန်းမယ်
အချစ်နဲ့ ထာဝရနုပျိုရှင်သန်ကြမယ်..။
အချစ်ရေ…
ကိုယ်ဟာ ငါးတစ်ကောင်သာဆိုရင်
အိန္ဒိယ သမုဒ္ဒရာကြီးကိုကျော်ဖြတ်
မမောနိုင်မပန်းနိုင် လက်ပစ်ကူးခပ်
မင်းဆီိကို အရောက်လာခဲ့ချင်တယ်
ကိုယ်ဟာ ဆာလောင်နေသူပါ
ကိုယ့်အသွေးအသားတွေထဲအထိ မင်းကိုလိုအပ်နေမိလို့
ကိုယ်ဟာ အကြာကြီးစောင့်နေခဲ့ရသူလေ..။
ခုတော့…
အရှေ့တိုင်း အရပ်ဌာနေက
ရူးသွပ်မိုက်မဲစွာ မင်းကိုတပ်မက်မိတဲ့ ကိုယ့်ရဲ့ဝိညာဉ်ဟာ
မြို့တွေ ရွာတွေကိုကျော်ဖြတ်
တောအထပ်ထပ် တောင်အသွယ်သွယ်ကိုကျော်ဖြတ်
ပင်လယ် သမုဒ္ဒရာတွေကိုကျော်ဖြတ်လို့
မင်းရှိရာအရပ်ဆီကို ပျံသန်းလို့လာခဲ့ပြီ
ထွေးပို့လို့ကြိုဆိုလေမှာလား မောင့်ဒေ၀ီသခင်မဖုရား……။
ငြိမ်းချမ်းအောင်
29 January, 2008
ငါ ချစ်မက်တဲ့ နှင်းဆီ
19 January, 2008
ပန်း
ပန်းကလေး
အငုံဘ၀မှာပဲ
နေလို့ရရင်ကောင်းမယ်။
အငုံက
အပွင့်ထက်
ပိုပြီးနူးညံ့တယ်
လောကဓံကို
အရိုးခံအတိုင်း တုန့်ပြန်တယ်။
အပွင့်က
လှသွေးကြွယ်တယ်
မာယာများတယ်
ဖျားယောင်းသွေးဆောင်တတ်တယ်
လေယူရာတိမ်း
ယိမ်းတတ်ပြန်တယ်။
ပန်းပင်ရဲ့ ဘဝ
ပန်းလှလှတွေ
ပွင့်ဝေပေးဖို့။
ပန်းမပွင့်တဲ့ အပင်ဟာ
အမြုံပဲ။
အပွင့်မလှတဲ့ အကိုင်းဟာ
မျက်နှာမွဲ။
ပန်းတစ်ပွင့်ရဲ့ ဖြစ်စဉ်မှာ
ငုံပြီးရင် ပွင့်
ပွင့်ပြီးရင် ကြွေ
ဒါ သဘာဝပါပဲ။
ပန်းပွင့်ကလေးမှာ
ရွေးချယ်စရာမဲ့။
ငြိမ်းချမ်းအောင်
14 January, 2008
၂၀၀၈ နှစ်ဦး အစီရင်ခံစာ
လူထုအရေးဆိုသံများ
လမ်းမတွေပေါ်
ပွင့်အံလျှံကျ
မိစ္ဆာတို့ ဖိန့်ဖိန့်တုန်အောင်ကြောက်တဲ့
သံမဏိလက်သီးပြင်းပြင်းများ
တစ်ချက်ပြီး… တစ်ချက်ဲ
ဒါ.. ကိုထင်ကျော် စလိုက်တဲ့ မီးပွား
စက်တင်ဘာ အရေးအခင်းဖြစ်တယ်
ဒါ.. ကိုမင်းကိုနိုင်ရို့လိုက်တဲ့ မီးတုတ်
လူထုလူပ်ရှားမူဖြစ်တယ်
ဒါဟာ.. သံဃာတွေဦးဆောင်တဲ့ တော်လှန်ရေး
ရွှေဝါရောင် အရေးတော်ပုံဟေ့ ။
တော်လှန်ရေးသစ်က
ဒီရေလိုင်းလုံးတွေလို
ဝုန်းဒိုင်းကြဲ
အိပ်မောကျနေသူတွေကို
ရိုက်ပုတ်လူပ်နိုး
မျှော်လင့်ချက်အသစ်တွေ
ရုဒ်မက်အသစ်တွေနဲ့
တစ်ဖန်ရှင်သန် နိုးထလာခဲ့ရပြန် ။
သွေးစက်တွေနဲ့
ခဏခဏ လိမ်းကျံခံထားရတဲ့
လမ်းမတွေဟာ
မိစ္ဆာတွေကို ကျိန်စာတိုက်တယ်
လမ်းမတွေဟာ
အဖိနှိပ်ခံတွေဖက်က
ရည်တည်တယ်
အဖိနှိပ်ခံတွေနဲ့
ထပ်တူထပ်မျှ ခံစားတယ်
လမ်းမတွေဟာ
အဖိနှိပ်ခံတွေရဲ့ အောင်ပွဲကို
စောင့်နေခဲ့ပြီ ။
တစ်ရက်ပြီး…. တစ်ရက်
အချိန်တွေ အကုန်မြန်လွန်းခဲ့
တချို့လူတွေအတွက်
မေ့မေ့ပျောက်ပျောက် ဖြစ်ကောင်းရဲ့
သံဃာတွေနဲ့ ကျောင်းသားတွေအတွက်တော့
ကမ္ဘာကြေတောင် ဥဒါန်းမကြေတဲ့ပွဲ ။
သွေးမတိတ်သေးတဲ့
သမိုင်းက
ဒဏ်ရာအနာတရတွေကို
မှတ်တမ်းတင်ထားလိုက်တယ် ။
ပြီး.. အသစ်ရေးဖို့ အသင့် စောင့်နေခဲ့ ။
“ မြန်မာပြည်အရေးဟာ
ကမ္ဘာ့အစီအစဉ်ရဲ့
ထိပ်ဆုံးမှာ ဆက်ရှိနေရမယ် ” တဲ့
အနောက်ကမ္ဘာကပြောတယ် ။
စိုးရိမ်မူ၊ သနားညှာတာမူ၊ ပံ့ပိုးကူညီမူတွေရဖို့
ဘုန်းကြီးတွေ…. ကျောင်းသားတွေ
တိုင်းပြည်ကို အသက်စွန့်ပြီး
ချစ်ရဲသူတွေ
စွန့်လွှတ်ပေးဆပ်သွားခဲ့ကြ ။
“ ရုဒ်မက် အတိုင်းဆက်သွားမယ် " တဲ့
အိုနာကျိုးကန်း မိစ္ဆာကပြောတယ်
သူ့ကိုကြည့်တော့ ယိုင်နဲ့နဲ့
ဘုန်းကြီးသွေးနဲ့ ရာဇပ္ပလ္လင်ကို ဆေးခဲ့ရတဲ့
မိစ္ဆာအိုဟာ
စိတ်ခြောက်ခြားနေတယ်
သူ့ကိုယ်သူ ယုံကြည်မူတွေ
အောက်ဆုံးအထိ
လျှောကျသွားတယ်
ရူးကြောင်ကြောင်ဖြစ်နေတယ် ။
အာဆီယံနိုင်ငံတွေက
ရပ်တည်ချက် အမျိုးမျိုးပြောင်းတယ်
တရုတ်က
ရူးချင်ယောင်ဆောင်တယ်
ခုတော့..
မြန်မာ့အရေးဟာ
မြန်မာပြည်သူတွေရဲ့ လက်ထဲမှာ
ဝကွက် ရောက်ရှိနေရှာ ။
အခြေအနေတွေကတော့
ဝရုန်းသုန်းကား
ဝုန်းဒိုင်းကြဲပဲ
ပိုစတာ ကမ်ပိမ်းတွေ
စတစ်ကာကမ်ပိမ်းတွေ
အစိုးရ ဆန့်ကျင်ရေးစာရွက်စာတမ်းတွေ
နေရာအနှံ့ ပြန့်ကျဲနေတယ် ။
ရှော့ဝေ့ရေဒီယိုမှာ
ရပ်ကွက်ထဲမှာ
Taxi ပေါ်မှာ
တယ်လီဖုန်းလိုင်းပေါ်မှာ
အစိုးရမကောင်းကြောင်းတွေပြောနေကြတယ်
လူထုက
အစိုးရကို စိန်ခေါ်လိုက်တယ်
အစိုးရက
တဖြည်းဖြည်း နောက်ဆုတ်ပေးနေရတယ် ။
ခံရတာ များလွန်းလို့
ကျားနာခဲ ခဲကြလိမ့်မယ်
အသာတကြည်မပေးလို့
ရသလို ယူကြရတော့မယ်
“ ရရင်ရ၊ မရရင်ချ ” မူကို ကိုင်စွဲကြရတော့မယ်
အရေးတော်ပုံမှာ
ပါဝင်ကြဖို့ လူထုကြီးက
စိတ်လူပ်ရှားနေတယ်
ခေါင်းဆောင်ကို မျှော်နေတယ်
ဒီတစ်ခါ တိုက်ပွဲတွေမှာ
အင်တိုက်အားတိုက် ပါဝင်ကြမယ်လို့
ကတိပေးသူတွေလည်း ရှိရဲ့ ။
ဆယ်စုနှစ် နှစ်ခုနီးပါး ရှည်ကြာသွားတဲ့
ကစားပွဲဟာ
အဆုံးသတ်ချိန် နီးကပ်လာခဲ့
လူထုအတွက် နောက်ဆုတ်စရာ
နေရာလပ် မကျန်တော့သလို
အခွင့်ထူးခံ စစ်ဗိုလ်တစ်စု အတွက်
ရှေ့တိုးစရာ ကွက်လပ်မကျန်တော့
ကစားကွက်ကုန်သွားခဲ့ပြီ ။
စိတ်ဓာတ်ပျက်ပြားနေတဲ့
စစ်တပ်ဟာ
အရေးတော်ပုံမှာ
ပြည်သူလူထုနဲ့ ပူးပေါင်းလိမ့်မယ်
စစ်တပ်အတွက်
တခြားထွက်ပေါက်လည်း
ကင်းမဲ့ ။
ကျိန်စာမိနေတဲ့ စစ်ဗိုလ်တစ်စုကတော့
တိုင်းပြည်ကို
ပရမ်းပတာ စီမံခန့်ခွဲနေဆဲ
သွေးရူးသွေးတန်း ရှေ့ဆက်နေဆဲ
လူ့အခွင့်အရေးလူပ်ရှားသူကို
ထောင်ဆယ်နှစ်ချလိုက်တယ်
ဖိအားတွေကြောင့်
ဆယ်ရက်နဲ့ ပြန်လွှတ်ပေးလိုက်ပြန်တယ်
သတင်းစီးဆင်းမူကို ထိမ်းချုပ်ဖို့
စိတ်ကူးယဉ်တယ်
လူထုဒေါသကိုကြောက်လို့
ရူးချင်ယောင်ဆောင်လိုက်ရပြန်တယ်
ခံစစ်နဲ့ ကစားနေရတယ်
နောက်ကို တထစ်ပြီးတထစ် ဆုတ်ပေးနေရတယ် ။
တိုင်းပြည်ကတော့
ပြဿနာ မျိုးစုံ
ကူးစက်ရောဂါမျိုးစုံနဲ့
သေအံ့ ဆဲဆဲ ။
စနက်တံ
အဖြုတ်ခံလိုက်ရတဲ့
ဗုံးတစ်လုံးလို
ပေါက်ကွဲလု တဲတဲ ။
ကမ္ဘာ့ ပစ္စက္ခအခြေအနေအောက်မှာ
စစ်အာဏာရှင်တွေအတွက်
နေရာ ကျဉ်းသွားခဲ့
အာရှမှာ
မြန်မာဟာ
အထီးတည်း စစ်အာဏာရှင်အဖြစ်
ကြွင်းကျန်ရစ်တယ် ။
ဆင်းရဲမွဲတေလွန်းတဲ့
လူထုကြီးဟာ
သမိုင်းသစ်ဖွင့်လှစ်တော့မယ် ။
နိုင်ငံရေးအသိနိုးကြားလာတဲ့
လူထုကြီးဟာ
သမိုင်းသစ်ရေးခြစ်ရတော့မယ် ။
လုံးဝ နောက်မဆုတ်နဲ့
ရှေ့ဆက် တက်ရမယ်
ရှေ့ဆက်ပြီး… တက်ကြရမယ်
တိုက်ပွဲအရှိန်ကို မြှင့်တင်ကြရမယ်
အောင်စိတ်ကို ခိုင်ခိုင်မြဲမြဲကိုင်စွဲ
အောင်ပွဲက ဒို့ကိုစောင့်နေပြီ ။
သေချာတယ်
“ဒီ…. ၂၀၀၈” ဟာ
စစ်အာဏာရှင်တွေရဲ့ နိဂုံးပဲ
စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမယ်
ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမယ်ဟေ့…… ။
ငြိမ်းချမ်းအောင်
၁၄ ဇန်န၀ါရီ ၂၀၀၈
10 January, 2008
အိုင်ဒီပီတို့ရဲ့ နှစ်သစ်ကူးပွဲတော်
ဒီနှစ်မှာလည်း
ကရင် နှစ်သစ်ကူးပွဲတော်ဟာ
အိုင်ဒီပီ တဲကလေးတွေဆီ
ပျော်ရွှင်မှုတွေ သယ်ဆောင်မလာနိုင်ခဲ့ပြန်ဘူး။
တစ်ခါက
အရောင်လက်ခဲ့ဖူးတဲ့
အမိုးနဲ့ အပါးတို့ရဲ့
မျက်လုံးအိမ်တွေဟာလည်း
အခုတော့ သူတို့အရေပြားတွေလို
မွဲခြောက်သယောင်းထလို့
ကိုယ့်မွေးဖွားရာ ကိုယ့်ဒေသပြန်ပြီး
ခေါင်းချမယ်ဆိုတဲ့ သူတို့အိပ်မက်ဟာလည်း
တနေ့တခြား မူန်ရီဖျော့တော့လာခဲ့။
နှစ်ကာလရှည်ကြာလွန်းတဲ့
ပြည်တွင်းစစ်က
ဘ၀တွေကို သေကွဲ ရှင်ကွဲ
ဖားစည်သံတွေ တိတ်ခဲ့ရတဲ့
ဇွဲကပင်မြေမှာ
အလွမ်းသံစဉ်တွေသာ
တိုးလို့လာခဲ့။
လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့
ပြည်တွင်းစစ် အနှစ် ၆၀ မှာ
အသေအပျောက်စာရင်း
အတိအကျမရှိဘူး
ပျက်သွားတဲ့ရွာပေါင်း အထောင်အသောင်းနဲ့
မီးရို့ခံလိုက်ရတဲ့ တောင်ယာခင်း အသိန်းအသန်းကသာ
သက်သေအဖြစ် ကြွင်းကျန်ရစ်တယ်။
တစ်ခြားနိုင်ငံကလူတွေအတွက်
နှစ်သစ်ကူးပွဲတော်ဟာ
ငြိမ်းချမ်းခြင်း
ကျန်းမာသန်စွမ်းခြင်း
အစာရေစာပေါများခြင်းပျော်ရွှင်ခြင်းတွေနဲ့
ကောင်းမြတ်တဲ့ အဓိပ္ပါယ်တွေ ရှိကောင်းရှိလိမ့်မယ်
တောထဲက အိုင်ဒီပီတဲကလေးတွေက
ကရင် နှစ်သစ်ကူးပွဲမှာတော့
နယူးရီးယား သီချင်းသံတွေမရှိဘူး
တိတ်ဆိတ်မှုနဲ့နှစ်သစ်ကိုကြိုဆိုကြရတယ်
အိုင်ဒီပီတွေအတွက်
နှစ်သစ်ကူးဆိုတာ
ငတ်မွတ်ခေါင်းပါးမှု
ရောဂါဘယထူပြောမှုနဲ့
ကြောက်ရွံ့ထိတ်လန့်မှုတွေကို
လက်ဆောင်ပေးတယ်။
နေ့စဉ်နီးပါး ဖြစ်ပွားနေတဲ့စစ်ပွဲတွေ
အိုင်ဒီပီ တဲကလေးတွေနဲ့ နီးကပ်လာတဲ့အခါ
ဒီထက်နက်တဲ့ တောတောင်တွေထဲ
သတ်ကွင်းတွေနဲ့ ဝေးရာ
လွတ်မြောက်ရာ တစ်နေရာမှာ
ထွက်ပြေး ရှောင်ပုန်းနိုင်ဖို့
အထုပ်အပိုးတွေ အမြဲ အသင့်ပြင်ထားရတယ်။
စစ်ဝါဒီတွေနဲ့ ခုခံစစ်ပွဲတွေကြားက
အပြစ်မဲ့ ပြည်သူတွေရဲ့
မြေဇာပင်ဘ၀တွေ
နေ့သေမလား၊ ညသေမလား
နေ့မြင်ညပျောက်အခြေအနေမှာ
အချိန်မရွေးသေဆုံးနိုင်တယ်
မြေမြှုပ်မိုင်းထိလို့
အချိန်မရွေး ခြေပြတ်၊ လက်ပြတ်
ဒုက္ခိတ ဖြစ်သွားနိုင်တယ်
ဘက်ပက်တွေဆီ အချိန်မီသာမရောက်ရင်
သွေးလွန်ပြီး သေဆုံးနိုင်ပြန်တယ်။
မွေးရပ်မြေကို အသက်ထက်ပိုပြီးမြတ်နိုးတန်ဖိုးထားလို့
တောတောင်တွေထဲမှာဖြစ်သလို ရှောင်ပုန်းနေကြသူတွေရှိတယ်။
ဆင်းရဲဒုက္ခဒဏ် မခံနိုင်လွန်းလို့
နယ်စပ် ဒုက္ခသည်စခမ်းတွေကိုသွားတော့လည်း
လက်မခံလို့ လှည့်ပြန်လာခဲ့ကြရသူတွေရှိတယ်
တကယ်တော့ ယူအန်အိတ်စီအာ အသိအမှတ်ပြု
ဒုက္ခသည်ဖြစ်ခွင့်တောင် မလွယ်ကူလှ
အိုင်ဒီပီတွေရဲ့ဘ၀ ခါးသက်လွန်းလှတယ်။
တနှစ်ထက်တနှစ်
တောတောင်တွေထဲမှာ
ကျောင်းမတက်ရတဲ့ ကလေးတွေ ပိုများလာတယ်
မီးမဖွားနိုင်လို့သေဆုံးနေရတဲ့ ကရင်အမျိုးသမီးတွေ ပိုများလာတယ်
ရောဂါမျိုးစုံနဲ့သေကြေသူဦးရေ ပိုများလာတယ်
မြေမြှုပ်မိုင်းထိတဲ့ ဒုက္ခိတတွေ ပိုများလာတယ်
နအဖ စစ်တပ်တွေရဲ့ အန္တရာယ် ပိုများလာတယ်
အဲဒီ ပိုများလာမှုတွေနဲ့
မရေရာတဲ့ အနာဂတ်ဟာ
ဒီနှစ်အတွက် အိုင်ဒီပီတွေရဲ့
နှစ်သစ်ကူးလက်ဆောင်ဖြစ်ခဲ့ရပြန်ပြီ…။…။
IDP: Internally displaced person
Backpacker: နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သား
UNHCR: United Nation High Commission for Refugee
ငြိမ်းချမ်းအောင်
၉ ဇန်န၀ါရီ ၂၀၀၈
09 January, 2008
နှင်းနှင့်အတူ အမှောင်ညကို ဖြတ်သန်းခြင်း
ဒီတစ်ည
ခါတိုင်းထက်
နှင်းတွေပိုများတယ်
အမှောင်ထဲမှာ
နှင်းက အဖြူ
ဝရံတာကနေကျော်ကြည့်တော့
အိမ်ဘေးက ဟိုင်းဝေးလမ်းမမှာ
နှင်းတွေပြွတ်သိပ်ကျလာပုံ။
ဟိုင်းဝေးဟိုဘက်ခြမ်းမှာ
သားသတ်ရုံ
ညနေက နောက်ဆုံးရောက်လာတဲ့
ခိုင်းနွားအို နှစ်ကောင်
ဒီတစ်ည
သူတို့ရဲ့ နောက်ဆုံးညအဖြစ်
အိပ်စက်ကြတော့မယ်
မနက်လင်းလို့
နေခြည်ဖျာကျလာတဲ့အခါ
နှင်းတွေနဲ့အတူ
သူတို့လည်း
ပျောက်ဆုံးသွားကြလိမ့်မယ်။
ငါက မလွတ်လပ်လို့
ငါ့ကဗျာတွေလွတ်လပ်ခွင့်ပြုပါ
ငါ့ရင်ထဲမှာ မွန်းကြပ်လွန်းလို့
စကားလုံးတွေအဖြစ် အန်ထုတ်ခွင့်ပြုပါ
ငါက မွေးဖွားလာကတည်းက
ပျော်ရွှင်မှုတွေဆိတ်သုဉ်းခဲ့ရ
ငါ့ကို မွေးဖွားခဲ့တဲ့တိုင်းပြည်က
ငါ့စိတ်ကိုအကျဉ်းချတယ်၊ ငါ့ကိုနှိပ်စက်တယ်
ငါတို့ မျိုးဆက်ကို ရှင်လျှက်နဲ့သေစေတယ်
ငါ နေထိုင်တဲ့ခေတ်က
ငါ့နှလုံးသားကို ကန့်သတ်တယ်
ငါ ပါဝင်ပတ်သက်ခွင့်ရတဲ့ ဘ၀က
ငါ့ကဗျာတစ်ချို့ကို ကန့်ကွက်တယ်
ငါဟာ ပုထုဇဉ်လူသားပါ
ချစ်ခြင်း၊ မုန်းခြင်း၊ လွတ်လပ်ခြင်းကို
ခံစားတတ်သူ
ငါ ခံစားရတာကို ခံစားရသလို
ငါ့ကဗျာထဲမှာ ချရေးချင်တယ်
ငါ့ကဗျာတွေဟာ
ငါ့ရဲ့ ကြေငြာစာတမ်း
တွေဝေစေတဲ့ အကြောင်းအရာတွေမပါ
အချစ်အကြောင်း၊ ခေတ်အကြောင်း
ငါ ခံစားသလို ငါတွေး
ငါ မြင်သလို ငါရေးမယ်။
ဒီတစ်ည
နှင်းတွေက ပိတ်ပိတ်သည်းသည်း
အမှောင်ညဟာ
နှင်းကြောင့် ဖြူစင်လင်းလက်
တစ်နေ့လုံး
အပူတွေစုပ်ယူထားရတဲ့ ကတ္တရာလမ်းမဟာ
နှင်းကြောင့် အေးမြလာတယ်
တကယ်တော့
ကမ္ဘာမြေရဲ့ ငိုရိုက်မှုမှာ
‘နှင်း’ ဟာဖြစ်တည်လာခဲ့
ကမ္ဘာမြေက နှင်းကို
မျက်ရည်အဖြစ် အန်ချတယ်။
နှင်းရဲ့ မမြဲတတ်တဲ့ သဘောကပဲ
ငါ့ကို သံဝေဂ ရစေပြန်တယ်
အို... ဘာပဲဖြစ်ဖြစ်
ငါ.. နှင်း...ကို... ချစ်..တယ်…
“အချစ်” တဲ့
လွယ်လွယ်နဲ့ ပြောလို့တော့ မဖြစ်နိုင်တဲ့ စကား
အဲဒီ အချစ်ဆိုတာ ထာဝရ တည်တံ့မှုလား
ထာဝရ ဆိုတာလည်း ယေဘူယျသတ်မှတ်ချက်ပါပဲ
ဒဗလျူအိတ်အို အစီရင်ခံစာမှာ
မြန်မာတွေရဲ့ သက်တမ်းက
“၅၂ နှစ်” တဲ့
ငါသေဆုံးသွားတဲ့အခါ
ကမ္ဘာမြေမှာ
ငါ ချစ်တဲ့ နှင်းတွေ ကျန်ရစ်လိမ့်မယ်
ငါ သေဆုံးသွားတဲ့အခါ
လူတစ်ချို့ ၀မ်းနည်းကောင်း ၀မ်းနည်းလိမ့်မယ်
ငါ့အကြောင်း စကားဝိုင်းဖွဲ့ချင်
ဝိုင်းဖွဲ့ကြလိမ့်မယ်
နှစ်အနည်းငယ် ကြာတဲ့အခါ
ငါ မရှင်သန်ခဲ့ဖူးသလို
မေ့ပျောက်သွားကြလိမ့်မယ်
လူတစ်ယောက်ရှင်သန်ခြင်း
သေဆုံးခြင်းဆိုတာ
ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခု။
နှင်းရေ..
အိပ်မက်ထဲအထိ
ငါက နှင်းကို စွဲလမ်းချင်သူ
ငါ ဖြူစင်ခွင့်မရသမျှ
နှင်းရဲ့ ဖြူစင်မှုကို အားကျတယ်
ငါ မှောင်မိုက်သမျှ
နှင်းရဲ့ ခြင်းလင်းဝင်းပခြင်းကို တမ်းတတယ်
နှင်းရဲ့ အဖြေစကားမှာ
ငှက်တွေထပျံတယ်
လယ်ကွင်းထဲက
စပါးပင်တွေကလဲ
ယိမ်းနွဲ့ကခုန်
ငါ ဒီတစ်ည
အိပ်လို့ရပါ့မလား။
ဒီတစ်ည
ငါနေထိုင်ခဲ့ဖူးတဲ့
မြောက်ပိုင်းနှင်းဆီကို လွမ်းတယ်
ငါမွေးဖွားရာ အညာကိုလည်း လွမ်းတယ်
ဒီတစ်ဆောင်းကုန်ရင်
အနွေးအင်္ကျီတွေ ပြန်သိမ်းထားရမယ်
ပြီးရင် နောက်တစ်ဆောင်းကို ထပ်ပြီးစောင့်ရုံ
ငါက နှင်းနဲ့သာ ရှင်သန်လိုသူ
နွေဦးဝင်ရင်
နှင်းတွေပျောက်ဆုံးသွားကြလိမ့်မယ်
ဒီ.. အမှောင်ညရဲ့ အပြင်ဖက်မှာတော့
နှင်းတွေက ဝေကောင်းဆဲ။ ။
ငြိမ်းချမ်းအောင်
၈ ဇန်န၀ါရီ ၂၀၀၈
05 January, 2008
အချစ်
ဟောဒီ ဟန်ဆောင်တတ်တဲ့
မိုးကောင်းကင်ကြီးအောက်မှာ
ဟန်ဆောင်မှုကင်းတဲ့ ချစ်ခြင်းနဲ့
ဘ၀ကို ရိုးရှင်းစွာ ပြန်စချင်မိတယ် ။
လူတစ်ယောက်က
အခြားလူတစ်ယောက်ကိုလိုအပ်တာ
အချစ်လို့ သတ်မှတ်ရင်
သူမကို လိုအပ်မိတဲ့ ကျနော့်ရင်ဘတ်ထဲမှာ
အချစ်ဆိုတာရှိတယ်။
အဲဒီ သူမဟာ
ကျနော် အမြဲတမ်းတနေချင်တဲ့ ကောင်းကင်ပြာ
ကျနော် ငယ်ငယ်ကမက်ခဲ့ ရတဲ့ အိပ်မက်
ကျနော့် အမှောင်ညတွေကို အဆုံးသတ်မဲ့ လမင်းငယ်
ကျနော့် အထီးကျန်ပြတင်းတံခါးတွေကို တွန်းဖွင့်ပစ်လိုက်မဲ့
ကယ်တင်ရှင် လေနီရိုင်း… အဖြစ်
ကျနော်က သတ်မှတ်ထားပါတယ်။
အများကြီး မျှော်လင့်မထားပါဘူး
မေတ္တာဓါတ်တွေနဲ့ ပြည့်လျှမ်းနေတဲ့
ရင်ခွင်တစ်စုံရယ်..
ကမ္ဘာလောကကို ချစ်တတ်တဲ့
ဆင်ခြင်တုံတရားရယ်..
ပန်းပင်လေးတွေကို
ရေလောင်းပေါင်းသင်တတ်တဲ့
ကြီးမြတ်မှုရယ်..
ပြီးတော့ လှပတဲ့ မျက်လုံးတွေနဲ့
စွဲမက်ဖွယ်
နူတ်ခမ်းတစ်စုံရယ်ပေါ့ ..။
ဟောဒီကမ္ဘာမှာ
ချစ်ခြင်းသာမရှိရင်
မျိုးဆက်ပြန့်ပွားမှုကောရှိနိုင်မှာလား
ချစ်ခြင်းမပါတဲ့
မျိုးဆက်ပြန့်ပွားမှုနဲ့
ကမ္ဘာမြေဟာ
မေတ္တာအကြည်ဓါတ်တွေ ခမ်းခြောက်သွားမှာ
ကျနော်စိုးရိမ်မိတယ် ။
လူ့ဘ၀မှာ တစ်ကြိမ်တစ်ခါပဲဖြစ်ဖြစ်
လောင်းကစားဖူးတယ်ဆိုရင်
ဒါဟာ.. အိမ်ထောင်ပြုခြင်းပဲ ဖြစ်လိမ့်မယ်၊
သူမက ကျနော့်ကို ယုံကြည်စွာ
ကျနော်က သူမကို ယုံကြည်စွာ
ဘ၀ကိုပုံအောကြရမှာ..
ချစ်မေတ္တာ၊ ငွေကြေး
နားလည်ခြင်း၊ သီးခံခွင့်လွှတ်ခြင်းနဲ့
သစ္စာတရားဟာ
အိမ်ထောင်ရေးမှာ
အဓိကဇာတ်လိုက်တွေဖြစ်ကြလိမ့်မယ်..
ကျနော်က ‘ကလေး’ လို့ ခေါ်တဲ့ သူမဟာ
ကျနော့် အတွက် ပန်းတစ်ပွင့်ဖြစ်သလို
ကျနော့်ရဲ့ တပ်မှူးကောင်းလည်း ဖြစ်ပါတယ်..
ကျနော် ပင်ပန်းနွမ်းနယ်တဲ့အခါ
သူမရဲ့ ဥယာဉ်မှာ အနားယူမယ်
ကျနော် ကြောက်စိတ်ဝင်လာတဲ့အခါ
သူမက ကျနော့်ကို စိတ်ဓါတ်ခွန်အားနဲ့
ရဲဆေးတင်ပေးလိမ့်မယ်..
သူမမှာ
နူးညံ့တဲ့ လက်တစ်စုံရှိတယ်
ကျနော့်မှာ
တွေဝေတတ်တဲ့ ဦးခေါင်းတစ်လုံးရှိတယ်..
သူမမှာ
လတ်ဆတ်တဲ့ ကိုယ်ခန္ဒာရှိတယ်
ကျနော့်မှာ
ဆွေးမြေ့ပုတ်သိုးနေတဲ့ အတွေးအခေါ် တချို့ရှိတယ်..
ဘာပဲဖြစ်ဖြစ်
ကမ္ဘာဦးလူသားတွေလိုပဲ
သူမနဲ့ ကျနော်ဟာ
ကျနော်နဲ့ သူမရဲ့ ကလေးတွေကို မွေးဖွားရင်း
သူမနဲ့ ကျနော်ရဲ့ ဒြပ်မဲ့ အိပ်မက်တွေကို
ဘီဒိုထဲ အပြီးတိုင် သော့ခတ်သိမ်းဆည်းရင်း
ကျနော်နဲ့သူမရဲ့ ပုဂ္ဂလိက မာနတွေကို မြှုပ်နှံသင်္ဂြိုလ်ရင်း
အနာဂတ်ကို မရဲတရဲ တွန်းဖွင့်ဖို့ အားယူနေခဲ့ကြပေါ့……။
ငြိမ်းချမ်းအောင်
၅ ဇန်န၀ါရီ ၂၀၀၈
31 December, 2007
အသက်ငင်နေတဲ့ ကမ္ဘာ
တနှစ်ပြီး တနှစ်
တရစ်ပြီးတရစ် ပူနွေးလာတဲ့ မြေကမ္ဘာမှာ
ငါဟာ အနေကြာ.. ပြီး.. အပူတွေကြာ
အခုတော့ အပူလူသားလုံးလုံးဖြစ်ခဲ့ပြီ ။
ငွေအတွက်ပူရ
လုံခြုံမူအတွက်ပူရ
အစားအစာအတွက်ပူရ
အတတ်ပညာအတွက်ပူရ
ပူလို့ကိုမဆုံးနိုင်တော့
အပူသံသယာထဲ
ဒီတစ်နှစ်လည်း
ထူးမခြားနားပဲ ဇာတ်သိမ်းခဲ့ပြန်ပြီ ။
ဒီလိုနဲ့
၃၆၅ ရက်ကိုအဆုံးသတ်ဖို့
၃၆၅ စက္ကန့်အလိုမှာ
ဒီ… ကဗျာကို ငါချရေးနေမိ
နောက်ထပ်
“၃၆၅ လ” ထပ်ပြီး နေဖို့ မျှော်လင့်မနေချင်တော့ဘူး
လူအဖြစ်ရှင်သန်ရခြင်းက
ခက်ခဲပင်ပန်းလွန်းပေစွ ။
ရီမုတ်ကွန်ထရိုးတချက်နှိပ်လိုက်ရုံ
ကွန်ပြူတာမှာ အန်းတား (enter) တချက်ခေါက်လိုက်ရုံနဲ့
ကမ္ဘာကြီးတစ်ခုလုံး ပြာကျသွားနိုင်တယ်ဆိုပဲ
အလိုလေး ကိုယ့်လူတို့ စဉ်းစဉ်းစားစားတော့ လုပ်ကြပါ
တွေးကြည့်ရုံနဲ့တင် ကျောချမ်းလွန်လွန်းလို့ ။
လူတွေရှင်သန်ဖို့
တိရစ္ဆာန်တွေ သေပေးနေကြရ
လူသားတွေကို ထမ်းပိုးထားရတဲ့
ကမ္ဘာမြေကိုလည်း အားနာလှပါပြီ ။
ကျောက်ခေတ်မှသည် အင်တာနက်ခေတ်အထိ
ခေတ်တွေတခေတ်ပြီးတခေတ်
စစ်အေးခေတ်တော့ ကုန်ခဲ့ပြီ
ဒီနေ့ခေတ်ကဘာခေတ်လဲ
စူပါ ပါဝါတွေရဲ့ကြားမှာ
ငါတို့က နူရာဝဲစွဲ ။
“ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်” တဲ့
“ကံကြမ္မာ” ဆိုတာကို သေချာနားလည်ဖို့ အရင်ကြိုးစားရမယ်
တစ်တောလုံးမြင်၊ တစ်ပင်ချင်းသိ
လွတ်အဘစ် ပစ်ချား (Look a big picture)
၂၁ ရာစုမှာ ရှင်သန်နိုင်ဖို့
နည်းနည်းတော့ ၀ိရိယ စိုက်ထုတ်ဖို့လိုတယ် ။
ဆိုင်းယပ်တက်ခနိုလိုဂျီ အစွမ်းကုန်ဖွံ့ဖြိုးခဲ့ပြီ
ဝိုင်ယာလက် မြို့ပြတွေလည်းတည်ဆောက်ပြီးပြီ
တောတွေလည်းကုန်သလောက်ဖြစ်ပြီ
အညစ်အကြေးတွေလည်း စိတ်ရှိလက်ရှိ စွန့်ထုတ်ခဲ့ပြီးပြီ
ကမ္ဘာမြေလည်း စိတ်ရှိလက်ရှိ ညစ်ထေးနေခဲ့ပြီ ။
ခုတော့
သေမဲ့နေ့ကို စောင့်နေရ ပုံမျိုးနဲ့
နာတာရှည်ရောဂါတွေ ရထားတဲ့
အိုမင်းရွတ်တွ ကမ္ဘာမြေဟာ
ဗိုင်းရပ်စ်ပိုးမွှား အသစ်တွေကို ခုခံကာကွယ်နိုင်ဖို့
လုံလောက်တဲ့ ကိုယ်ခံအား မရှိတော့
မနက်ဖြန်မှာ မွေးဖွားလာမဲ့ ကလေးတွေကိုတော့ သနားမိပါရဲ့ ။
၂၀၀၇ မှာ
ပဲရစ်ဟယ်တန် ထောင်ကျတဲ့သတင်း
ဟောလိဝုဒ်က ဘရက်ပစ်နဲ့ဂျိုလီတို့ စုံတွဲသတင်း
မြန်မာပြည်က ရွှေဝါရောင်တော်လှန်ရေးသတင်း
ဘရစ်တနေစပီးယားရဲ့အသက် ၁၆နှစ်ညီမလေး ကိုယ်ဝန်ရှိတဲ့သတင်း
ဘနက်ဇီယာဘူတို လုပ်ကြံခံရတဲ့သတင်းတွေ
လူကြိုက်များခဲ့ ။
၂၀၀၇ ထဲမှာ
နယ်စပ်က ဒုက္ခသည်
တစ်သောင်းငါးထောင်ကျော် အမေရိကကို ထွက်ခွာ
“ဗမာ့လုပ်အား ကမ္ဘာကျော်ရမှာပေါ့”
ခိုင်းနွားကောင်းတွေလို
မြန်မာဒုက္ခသည်တွေဟာ
မြောက်အမေရိကတိုက်က စက်ရုံတွေမှာ
တာဝန်ယူကြလိမ့်မယ်
ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲ ရောက်နေနေ
ငါတို့ ဗမာတွေဟာ
ကမ္ဘာ့ ကုန်ထုတ်လုပ်မူမှာ တာဝန်ကြေရမယ်ဟေ့ ။
၂၀၀၇ မှာ
ငါလည်းအသက်တနှစ်ပိုကြီးလာတယ်
ပိုပြီး ရင့်ရော် ခက်ထန် ကြမ်းတမ်း
ငါ့တသက်တာအတွက်တော့
ကမ္ဘာမြေဟာ လုံလောက်တဲ့ ကျန်းမာရေး ရှိတန်ကောင်းပါရဲ့ ။
ဘာပဲဖြစ်ဖြစ်
ဒီတစ်ညမှာတော့
ကမ္ဘာ့အရှေ့ဖက်ခြမ်းက တို့တစ်တွေ
အနောက်ဖက်ခြမ်းထက်ဦးစွာ
နှစ်သစ်ကို ကြိုဆိုလိုက်ကြဦးစို့ရဲ့ ။ ။
နှစ်ဟောင်းကိုနူတ်ဆက်၊ နှစ်သစ်ကိုကြိုဆိုပါသည်။
ငြိမ်းချမ်းအောင်
၃၁ ဒီဇင်ဘာ ၂၀၀၇
28 December, 2007
သံမဏိ နတ်သမီး အိမ်ပြန်ချိန်
ဒီဇင်ဘာလမှာ မျက်ပင်တွေက
အစိမ်းရောင်တ၀က်၊ ညို့မိုင်းမိုင်းရောယှက်။
အိပ်တန်းအ၀င်စောတဲ့ ငှက်ကလေးတွေကတော့
ဘာမှသိခွင့်ရလိုက်မှာမဟုတ်ဘူး။
ဆောင်းညနေခင်းက
ရက်စက်မူပုဝါတစ်စကို လူပ်ခါကတယ်။
နှင်းပွင့်တွေဟာ ထူထပ်သိပ်သည်းစွာ
အဆုပ်လိုက် အပွင့်လိုက်
မြေပြင်မှာ လဲလျောင်းငြိမ်သက်
နှင်းတွေ ကျတာများလွန်းရင်လည်း
မျက်ပင်တွေကိုသေစေပြန်တယ်။
နှင်းတွေကြောင့် မျက်ပင်တွေရှင်သန်ခွင့်ရသလို
နှင်းတွေကြောင့်ပဲ မျက်ပင်တွေ သေဆုံးနေကြရ။
လူသတ်ဝါဒ ကျဆုံးပါစေ
ကမ္ဘာမြေမှာ သဘောကောင်းပြီး ဖွံ့ဖြိုးလှပတဲ့
မိန်းမပျိုများ၊ အရည်ရွှမ်းတဲ့ သစ်သီးဝလံများ
ရှင်သန်ကြီးထွားကြပါစေ
ငါဟာ ဆုတောင်းရုံသာတတ်နိုင်ခဲ့သူ။
ရှင်လျှက်နဲ့သေနေတဲ့ ကမ္ဘာမြေဟာ
သေလျှက်နဲ့ရှင်နေတဲ့ သူတွေကြောင့်
အကျည်းတန်ခဲ့ရ။
လူပီသစွာ ရှင်သန်သူအားလုံး
နာကျည်းကြေကွဲ မျက်ရည်ဝဲကြရ
ညနေခင်းသတင်းတွေ ကြေငြာအပြီးမှာ
ကမ္ဘာမြေ သေဆုံးသွားခဲ့ပြီ။
သစ်အယ်ပင်တွေတောင် ၀မ်းနည်းပက်လက်ဖြစ်ကြ
လမ်းဘေးက မျက်ပင်လေးတွေကလည်း
သူမကို ဒူးကွေး ဦးညွှတ်
သူမကိုချစ်တဲ့ ပြည်သူတွေ
သူမကချစ်တဲ့ ပြည်သူတွေ
ငိုနေကြတယ်
နှင်းတွေကတော့ အညှိုးတကြီး ကျနေဆဲပဲ။
စစ်သွေးကြွတွေရဲ့ နှလုံးသားမှာ ပန်းမပွင့်ဘူး
စစ်သွေးကြွတွေရဲ့ ရင်ဘတ်ထဲမှာ ခံစားချက်မရှိဘူး
မျက်ရည်မရှိဘူး၊ လူလိုမရှင်သန်ဘူး
ခံစားတတ်တဲ့ နှလုံးသား မရှိရင်
စဉ်းစားဆင်ခြင်နိုင်တဲ့ ဦးဏှောက်မရှိရင်
လူတစ်ယောက်ဟာ သားရဲတိရစ္ဆာန်တစ်ကောင်ပဲ။
အာဏာအတွက်လား
အစွန်းရောက်မှုသက်သက်လား
မူရှာရတ်လား၊ အယ်ကိုင်းဒါးလား၊ တာလီဘန်လား
တရားခံဘယ်သူလဲ
သံမဏိသူရဲကောင်းတစ်ယောက် ကျဆုံးခန်း
အမှန်တရားတွေ ဆွံ့အ
မှောင်မိုက်လွန်းပေစွ။
သူရဲကောင်းဟာ ဘယ်တော့မှမသေရဘူး
ရာဇ၀င်အစဉ်အဆက် ရှင်သန်ရမယ်
သံမဏိ သူရဲကောင်း ဘူတိုရေ..
ခင်ဗျားရဲ့အပြုံးဟာ ငြိမ်းချမ်းရေးသင်္ကေတပါ
ခင်ဗျားရဲ့ရဲရဲတောက်စကား အမှန်တရားရဲ့ဘက်တော်သားပေါ့
သွေးစွန်းတဲ့ ဒီဆောင်းတစ်ည
ထာဝရ တည်တံ့နေပါစေ
ပါကစ္စတန် ပြည်သူတွေနဲ့အတူ
ကမ္ဘာသူ ကမ္ဘာသားတွေနဲ့အတူ
နောင်လာ နောင်သားတွေ
အားလုံး သတိရနေကြမှာပါ။
ဟောဒီ ကမ္ဘာမြေမှာ
ငြိမ်းချမ်းရေးတွေ ရှင်သန်လာတဲ့အခါ
ပြန်ဆုံတွေ့ကြတာပေါ့
အစ္စလာမ်မာဘတ်မှာပဲဖြစ်ဖြစ် ပြန်ဆုံတွေ့ကြရအောင်ပါ
သူရဲကောင်းပီသစွာကျဆုံးခြင်း
ဝမ်းမနည်းကြပါနဲ့
အလေးပြုကြမယ်
ကျနော်တို့ အလေးပြုကြရအောင်ပါ
မျက်ပင်တွေ၊ နှင်းစက်တွေ၊ သစ်အယ်ပင်တွေ
ဘူတိုကို ချစ်မြတ်နိုးသူတွေ အားလုံးနဲ့အတူ
ကဲ… အလေးပြုကြပါစို့
ရောက်ရာအရပ်ဒေသမှာ ငြိမ်းချမ်းပါစေ
ချစ်စွာသော ဘူတို။ ။
27 ရက်နေ့ည (9:20) နာရီအချိန်တွင် ဘန်ကောက်တွင်အခြေစိုက်သော The Nation သတင်းစာမှ ကျနော့် ဆဲလ်ဖုန်းသို့ message တစ်ခုဝင်လာသည်။ ဘူတို လုပ်ကြံခံလိုက်ရပြီ၊ သေသွားပြီတဲ့။ ကျနော် အံ့သြခြင်း ကြီးစွာဖြင့် နေရာမှာပင် မင်သက်သွားမိပါတယ်။ ကျနော့်ဆွေမျိုးတစ်ယောက်၊ ကျနော့် ခေါင်းဆောင်တစ် ယောက်၊ လုပ်ဖော်ကိုင်ဖက် ရဲဘော်တစ်ယောက်၊ ကျနော် ချစ်မြတ်နိုးရသူ တစ်ယောက် ရဲ့ နာရေး သတင်းကို ကြားလိုက်ရ သလို ကျနော် ၀မ်းနည်း ပူဆွေးခဲ့မိပါတယ်။ ကမ္ဘာမှာ မူဆလင်ဘာသာဝင်များ ဒုတိယအများဆုံး နေထိုင်ရာ ပါကစ္စတန် နိုင်ငံမှာ ၀န်ကြီးချုပ်အဖြစ် နှစ်ကြိမ်လုပ်ခဲ့ဖူးတဲ့ Benazir Bhutto ဟာ Rawalpindi မြို့ မဲဆွယ် စည်းရုံးရေး ခရီးစဉ်မှာ အသေခံ ဗုံးခွဲသမားတစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက် မူကြောင့် လည်ချောင်း၊ ဦးခေါင်း တို့မှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး၊ ၂၇ ရက်နေ့ ညနေ (6) နာရီခန့်တွင် ကျဆုံးသွားခဲ့ ရခြင်းပါ။ သူမကျဆုံးမူဟာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို လိုလားသော ကမ္ဘာသူကမ္ဘာသားများ အတွက် လွန်စွာကြီးမားသော ဆုံးရူံးမူကြီး ဖြစ်ပါတယ်။ ဒါ့အပြင် အကြမ်းဖက် ၀ါဒရဲ့ ရွံရှာစက်ဆုပ်ဖွယ် ဇာတ်လမ်း တစ်ပုဒ်လည်း ဖြစ်တယ်။
ငြိမ်းချမ်းအောင်
၂၈ ဒီဇင်ဘာ ၂၀၀၇
ကချေသည် စကား
ကျနော့်ကဗျာ “ကချေသည်” မှာ “အမည်မသိ” နဲ့လာရေးသွားတဲ့ Comment ပါ။ “ကချေသည် စကား” တဲ့။ ဒီ Comment က ကျနော်ခံစားလို့ ရတဲ့ ကဗျာတစ်ပုဒ်ပါ။ ဒါကြောင့် ကဗျာ အဖြစ်တင်လိုက်ပါတယ်။ အမည်မသိ ဆရာခင်ဗျား Comment အတွက် ကျေးဇူးပါနော်..
Anonymous Anonymous said...
ကချေသည် စကား
ကျေနပ်ပါကွယ်
ပင်ပန်းနွမ်းနယ်နေပေမဲ့
အချစ်ရဲ့ တန်ခိုးကြောင့်
မရိုးနိုင်တဲ့ အကတွေနဲ့
ဖျော်ဖြေလိုက်ပါရစေ... ။
သီချင်းတပုဒ် ...
ပြီးတော့ နောက်တပုဒ်လေ
သီချင်းတွေ မဆုံးခင်
မိုးလည်း မလင်းစေချင်ပါ
မိုးလင်းတဲ့အခါ ဒီနေရာက
ထွက်ခွာသွားရတော့မှာ ... ။
မျက်နှာက ပြုံးနေပေမဲ့
နှလုံးသားမှာ ငိုကြွေး
အလွမ်းတေးတွေ သီဆို
ခွဲရမှာကို ကြိုသိနေလို့ပါ ... ။
ရွှေနားတော်သွင်း တေးသီချင်း
မင်းအတွက် အပျင်းပြေ
သီဆိုနေပါ့မယ် ...
ကကြိုးကကွက်ဆန်းပြား
မင်းရှုစားဖို့
ကြိုးစားက-နေတယ် ...
နှလုံးသားနဲ့ ခံစား
နှလုံးသားနဲ့ နားဆင်
မင်း မြင်လှည့်ပါ့ကွယ် ... ။
December 28, 2007 1:07 AM
26 December, 2007
ကချေသည်
ဆက်ပြီးကပါ ငါ့မင်းသမီးလေး
သီချင်းတစ်ပုဒ်ဆုံးအောင် ဆက်ပြီးကပါဦး
မင်းအသံလေးကိုကြားချင်လို့ပါ
တဏှာရာဂ မပါဘူး
အချစ်ဆိုတဲ့ ဘာသာဗေဒမှာ
မင်းအပြုံးမှာ ကျေနပ်ရင်ခုန်ရုံ
(မင်းလက်ကလေး ကိုင်ထားခွင့်တော့ရချင်ရဲ့)
မင်းမျက်နှာလေး ငေးကြည့်နေရုံနဲ့ ပြီးပြည့်စုံပါတယ်
ငါသေချာတယ်၊ ငါ့စိတ်တွေ ဖြူစင်သန့်ရှင်းနေပါတယ်
ငါလောဘမကြီးပါဘူး
မင်းဆီက ငါဘာမှမျှော်လင့်မထားပါဘူး
အတတ်ပညာ၊ ဥစ္စာဓန
ငါဘာမှ မတပ်မက်ပါဘူး
ဒီတစ်ညတော့ ငါလွတ်လပ်ချင်တယ်
မင်းအပြုံးမှာ စိတ်ရှိလက်ရှိ ကျဆုံးချင်တယ်
မင်းမတောင်းဆိုပေမဲ့ ငါပေးဆပ်ချင်တယ်
မင်းလိုအပ်မယ်ဆိုရင် ငါအဆင်သင့်ဖြစ်ချင်တယ်
(တစ်ဘ၀စာအတွက်ပဲဖြစ်ဖြစ်၊ တစ်ခဏတာအတွက်ပဲဖြစ်ဖြစ်ပေါ့)
မင်းက ရိုးရာအစဉ်အလာကို ထိမ်းသိမ်းသူ
မင်းကြွယ်ဝတဲ့ အနုပညာနဲ့ တာဝန်ကျေပွန်ချင်သူ
ငါက မင်းချစ်တဲ့ အနုပညာကို ချစ်မြတ်နိုးသူ
တို့နှစ်ယောက်အတွက် ဒီလောက်ဆိုရင် ပြည့်စုံမှာပါ
အချစ်ဆိုတဲ့ ဆန်းကြယ်တဲ့စိတ်ခံစားမူမှာ
တစ်ညတာပဲ ဖြစ်ဖြစ်
မိုးမလင်းခင်အထိပေါ့
ဆက်ပြီးကပါ မင်းသမီးလေး
သီချင်းတစ်ပုဒ်ပြီးရင်၊ နောက်တစ်ပုဒ်ပေါ့
ငါ မအိပ်ချင်သေးလို့ပါ
တစ်ဘ၀မှာ တစ်ခါပဲဖြစ်ဖြစ်
အချစ်ရဲ့ ပြီးပြည့်စုံမူမှာ ငါကျေနပ်ပါရစေ ။ ။
ငြိမ်းချမ်းအောင်
၂၆ ဒီဇင်ဘာ ၂၀၀၇
20 December, 2007
ငါ ဖတ်ချင်တဲ့ ဒီဇင်ဘာ
ခေါင်းအုံးဘေးမှာ
ဖတ်လက်စ စာအုပ်တစ်ချို့
ဖုန်းတစ်လုံး၊ ကွန်ပြူတာတစ်ခု
ပြီးတော့ ငါ့ခေါင်းထဲမှာ မရေမရာ
အတွေးစတချို့နဲ့အတူ
နှင်းရဲ့မနက်ခင်းဟာ ငါ့ကိုစောင့်ကြိုနေခဲ့ပြန်ပြီ
မောဟိုက်စွာ အိပ်ရာဝင်ခဲ့တဲ့ငါ
မွန်းကြပ်စွာ နိုးထလာခဲ့
တစ်ခါတစ်ခါ
အာဖရိက ခြင်္သေ့တစ်ကောင်လို
ကျယ်လောင်ပေါက်ကွဲပစ်လိုက်ချင်စိတ်က
ငါ့ကိုပူလောင်တယ်
မြိုသိပ်ထားရတဲ့ တင်းမာမှုတွေက
ငါ့ကိုလောင်မြိုက်တယ်
ဖြည့်စွက်ပြင်ဆင်ရန်လိုနေသေးသော စီမံကိန်းများ
နိဂုံးမချုပ်နိုင်သေးသော မိုင်းစတုန်းများ
အစီရင်ခံစာများ၊ မြေပုံကားချပ်များ
ပြည်တော်ပြန် ဇာတ်ဝင်ခန်းများ ရောယှက်ယက်ဖောက်
ပြည်ပြေးတစ်ယောက်ရဲ့ အိပ်မက်တွေဟာ
ဆောင်းတစ်ညမှာ အဆက်အစပ်မဲ့
ဦးလေးဟိုခင်ဗျာ ကျနော့်ကို တော်လှန်တဲ့ဝိညာဉ်ပူးကပ်ပါ
ဒါပေမဲ့ ဦးလေးဟိုလို အထီးကျန်မဖြစ်ချင်ပါ
နိုင်ငံမဲ့ပေမဲ့
အချစ်မမဲ့ခဲ့ပါကွယ်
“နှင်းပွင့်ဖြူ” ရေ…
ငါ့ကို အေးမြပါ၊ ဖျန်းဆွတ်ပါ
နှင်းရဲ့ စာနာနားလည်မှုနဲ့
ငါ့ရဲ့ ပြတင်းတံခါးတွေ ပြန်ဖွင့်ပါရစေ
စွန့်လွှတ်ဖက်တွယ်မူက ဘ၀ကို နာကျင်စေတယ်
ကိုယ်လွတ်ရုန်းထွက်မူက တစ်ဘ၀စာအတွက် ပြီးပြည့်စုံတယ်
အိမ်ယာထူထောင်ခြင်းဆိုတာ ဘ၀ရဲ့ မဖြစ်မနေလိုအပ်ချက်တခု
(မကြားပါရစေနဲ့)
အညံ့ခံသူတစ်ယောက်ပြောတဲ့ ငြိမ်းချမ်းရေးစကားကို မကြားပါရစေနဲ့
ငါ ရေဆာတယ်....
ငါ ရင်ပူတယ်....
အတိတ်က ခြောက်လှန့်ပြီး
အနာဂတ်က မွန်းကြပ်တယ်
ပစ္စုပ္ပန်မှာတော့ ငါဟာအလဲလဲ အကွဲကွဲ
ရန်သူရဲ့ မိတ်ဆွေဟာ
ရန်သူဖြစ်
ရန်သူရဲ့ ရန်သူဟာ
မိတ်ဆွေဖြစ်
နှင်းရေ…
မင်းဟာငါ့ရဲ့ ထာဝရအမှန်တရားပါ
မင်းဟာငါ့ရဲ့ အမြဲစိမ်းသစ်တော
မင်းဟာငါ့ရဲ့ ဒီဇင်ဘာ
မင်းဟာငါ အမြဲဖတ်ချင်တဲ့ကဗျာတစ်ပုဒ်
မင်းဟာငါ့ရဲ့ နိဒါန်း
မင်းဟာငါ့ရဲ့ အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်
မင်းဟာငါမခူးရက်တဲ့ နှင်းဆီဖြူ
အဓိပ္ပါယ်ရှိတဲ့ ရှင်သန်ခြင်းမှာ
ချစ်ခြင်းမေတ္တာပါတယ်
ငါ့အတွက်
နှင်းမရှိတဲ့ မနက်ခင်းဟာ
အနုမြူဗုံးကျဲချခံလိုက်ရတဲ့ မြို့တစ်မြို့ဖြစ်တယ်
စစ်ရူံးထားတဲ့ တိုင်းပြည်တစ်ခုဖြစ်တယ်
နှင်းက အေးမြတယ်
ငါက ပူလောင်တယ်
နှင်းက ဖြူစင်တယ်
ငါက ညစ်ထေးတယ်
နှင်းရေ ငါ့ကို ငြိမ်းသတ်ပါ
မီးတောင်က ချော်ရည်တွေလို
ငါ့ရင်မှာ ပူလောင်လှချည်ရဲ့
ဂရင်းကင်ညွန်ချောက်ထက် နက်ရှိုင်းတဲ့မေတ္တာတွေနဲ့
ပစိဖိတ်သမုဒ္ဒရာထက် ကျယ်ပြန့်တဲ့ချစ်ခြင်းနဲ့
ငါမင်းကိုတပ်မက်တယ်
ချစ်ခြင်းမေတ္တာဟာ ဘယ်တော့မှမိုးမခေါင်နိုင်ပါ
ဆန်ရေစပါးရှားပါးတဲ့နိုင်ငံမှာ
ချစ်မေတ္တာတွေ ချောင်းကောတစ်ခုလို
သောင်ထွန်းတတ်ပါသလား
အစာအာဟာရမပြည့်ဝတဲ့
မွဲခြောက်ခြောက်အရေပြားအောက်က
လောင်မြိုက်နေတဲ့နှလုံးသားများ
ချစ်မေတ္တာကို ဆာလောင်သလား
အလိုရမ္မက်အတွက် ရှင်သန်သလား
အို.. ငါဘာမှမစဉ်းစားချင်သေးပါ
အခုလောလောဆယ် ဘာမှမသိချင်သေးပါ
တိုင်းရေး ပြည်ရေး ငါ့ကိုဘာမှ မဆွေးနွေးကြပါနဲ့
ငါအိပ်ရေး ၀၀ အိပ်ပါရစေ
ငါ့ကို ရေတစ်ခွက်လောက်တိုက်ပါ
ပြီးရင် နှင်းအကြောင်းစဉ်းစားရဦးမယ်
ကမ္ဘာမြေခင်ဗျာ
ခင်ဗျားရဲ့ပူနွေးလာတဲ့ ကျောကုန်းပေါ်မှာ
ကျနော့်ရဲ့သတို့သမီး “နှင်းပွင့်ဖြူ” ကို မွေးဖွားသန့်စင်ပေးခဲ့တဲ့အတွက်
ကျေးဇူးအထူးတင်ရှိပါတယ်
ကျနော်ဟာ ဗမာပြည်လို့ခေါ်တွင်တဲ့
ဆင်းရဲစုတ်ပြတ်တဲ့ တိုင်းပြည်တစ်ခုက
ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်းမေတ္တာကို အငမ်းမရ ဆာလောင်နေတဲ့
မအောင်မြင်သေးတဲ့ အညတရတော်လှန်ရေးသမားတစ်ယောက်ဖြစ်ပါတယ်။ ။
ငြိမ်းချမ်းအောင်
၁၉ ဒီဇင်ဘာ ၂၀၀၇
19 December, 2007
Personal
မိတ်ဆွေများခင်ဗျာ..
သတင်းများစုဆောင်းမူကို http://roadtofreedom2008.blogspot.com/ တွင်ဆက်လက် ပြုလုပ်သွားပါမည်။ ဤဘလော့်တွင် ကဗျာများ ဆက်လက်၍ ရေးသားပါမည်။ ဆက်လက်အားပေးကြပါအုံး...
အားလုံးကိုကျေးဇူးတင်ပါသည်
ငြိမ်းချမ်းအောင်
Friends,
I will stop posing news collection on this blog, instead i will post them on http://roadtofreedom2008.blogspot.com/. On this blog i will continue to post poems and hope to enjoy your continuous support.
Thank you all,
Nyein Chan Aung
18 December, 2007
News collection - Congressional Gold Medal Awarded to Aung San Suu Kyi; Mr Gambari to report Burma issue at UN general assembly
- စက်မူ (၁) ၀န်ကြီး ဦးအောင်သောင်း၏ ဆွမ်းကို သပိတ်မှောက်၊ စင်ရော်မောင်မောင်၏ ပြည်ခိုင်ဖြိုးဇာတ်ကားအတွက် သံဃာများ အရိုက်မခံ ဤနေရာမှာပါ
- ကိုထင်ကျော်ကို အင်းစိန်ထောင် သီးသန့်တရားရုံးတွင်ရုံးထုတ်တော့မည် ဤနေရာမှာပါ
- ပဲခူးတိုင်းနှင့် မကွေးတိုင်း သုံးရက်တခါသာ မီးလာ ဤနေရာမှာပါ
- ကာကွယ်ရေးဝန်ကြီးဌာန ကြံစက်ရုံကြောင့် တောင်သူများ အခက်ကြုံနေ ဤနေရာမှာပါ
- တောင်ကုတ်အဖွဲ့ချုပ်ဝင်များကို စစ်အစိုးရ အကြိမ်ကြိမ်ခေါ်စစ်နေ ဤနေရာမှာပါ
- ဒီကေဘီအေကားပစ်ခတ်ခံရ လူ (၈) ဦးပွဲချင်းပြီးသေ ဤနေရာမှာပါ
- နအဖလေယာဉ်ပျက်ကျ ပြန်ပြီ ဤနေရာမှာပါ
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး အင်္ဂနေ့ဆုတောင်းပွဲများ ဆက်လက်ဆောင်ရွက်နေ ဤနေရာမှာပါ
- ကိုကျော်ထင်ကို ရုံးမထုတ်တော့ပဲ အင်းစိန်ထောင်ထဲတွင် စစ်တော့မည်၊ သံတမန်များအပါအ၀င် ပြည်သူလူထု အများအပြားစောင့်နေကြ ဤနေရာမှာပါ
- အစိုးရဆန့်ကျင်ရေး စာရွက်များ စစ်ကိုင်းတိုင်း တမူးတွင် ဖြန့်ဝေ Link here
- မစ္စတာဂမ်ဘာရီ အမေရိကန်သမ္မတကတော် လော်ရာဘုရှ်နှင့် မြန်မာ့အရေးဆွေးနွေးပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစီရင်ခံတင်ပြ Link here
- ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆု ချီးမြှင့် Link here
- စစ်အစိုးရက ဖမ်းဆီးခံသံဃာအချို့ ပြန်လွှတ်ပေးလိုက်သည့်အပေါ် ပြည်ပရောက် သာသနာ့ဥသျှောင်အဖွဲ့၏ တုံ့ပြန်ပြောဆိုချက် Link here
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို သာမန် ရာဇ၀တ်သားများနှင့် တွဲထားသည့်အပေါ် တုံ့ပြန်ပြောဆိုချက် Link here
- ကိုထင်ကျော်ကို အင်းစိန်ထောင်သီးသန့်တရားရုံးတွင် ပြောင်းရွှေ့ရုံးထုတ် Link here
- ပြည်တွင်းပြည်ပရှိ သံဃာတော်များ တပြိုင်နက်လှုပ်ရှားရန် စီစဉ်နေ Link here
- ဒေါ်အောင်ဆန်းစုကြည်အား ကွန်ဂရက်ရွှေတံဆိပ်ဆု ချီးမြှင့်ရန် အမေရိကန်အောက်လွှတ်တော် ဆုံးဖြတ် Link here
- ဒီကေဘီအေကား တိုက်ခိုက်ခံရသဖြင့် လူ(၂) ဦးသေဆုံး Link here
- ရွှေ့ပြောင်းအလုပ်သမားများ တန်းတူအခွင့်အရေးရှိရန်တောင်းဆို Link here
- ကမ္ဘောဒီးယားတွင် သံဃာနှင့်ရဲတပ်ဖွဲ့ဝင်တို့ အဓိကရုဏ်းဖြစ်ပွား Link here
ပြန်ခေါက်ထားပါ...
17 December, 2007
မုတ်သုန်အတွေး ကဗျာ စုစည်းမူ
ကျောင်းသားတွေအတွက် ရေးပေးခဲ့တဲ့ ကမ်ပိန်းကဗျာတွေပါ။ ကဗျာ (၁၁) ပုဒ်ကို ရေးသားတာ တစ်ရက် ကျော်ကျော်ပဲ ကြာခဲ့ပါတယ်။ စကားလုံးတွေကတော့ လှပမနေပါဘူး၊ ကာရံမပါတဲ့ ပေါက်ကွဲ သံစဉ်တွေပါ။ သေချာတာကတော့ ကဗျာတွေမှာ ပါဝင်တဲ့အကြောင်းအရာတွေဟာ မျက်မှောက်ကာလကို ထင်ဟပ်တယ်။ လက်ရှိ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘ၀တွေကို ကိုယ်စားပြုထားတယ် ဆိုတာပါပဲ။ ဒီကဗျာတွေနဲ့ ပြီးခဲ့တဲ့ ဇွန်လက “မုတ်သုန်အတွေး” ဆိုတဲ့ ကဗျာစာအုပ် ထုတ်ခဲ့ပါတယ်။ တက္ကသိုလ် ပရ၀ုဏ်တွေမှာ ပါ။

စိန်စီသောည [သို့မဟုတ်] လူ့ငနွားကြီးသန်းရွှေသို့…..
လူထုကဆင်းရဲ
နွားကြီးမိသားစု ချမ်းသာ။
လူထုက တဲစုတ်မှာနေ
နွားကြီးမိသားစုက နန်းတော်အိမ်ကြီးမှာနေ။
လူထုက စားစရာမရှိ
နွားကြီးမိသားစုက ဟင်းခွက် တစ်ရာနဲ့ပွဲတော်တည်။
သိန်းထောင်ပေါင်းများစွာ အကုန်အကျခံတဲ့
ချစ်သမီးလေးမင်္ဂလာဆောင် သန်းရွှေနွားကြီးလုပ်ခဲ့ပလေ။
အမေရိကန်ဒေါ်လာ သန်း ၅၀ လက်ဖွဲ့ရသတဲ့
ဗိုလ်ချုပ်အသိုင်းအ၀ိုင်းက ပေးတဲ့လက်ဆောင်
ပြည်သူ့ဘဏ္ဏာတွေက သန်းရွှေသမီးလက်ဖွဲ့ဖြစ်သွား။
စိန်တွေသီးနေတဲ့ အကျည်းတန်ကောင်မ
ငါးစိမ်းသည်လောက်မှ မသားနား
ပြည်သူပိုင်ပစ္စည်းတွေ၊ နင့်လင်ဥစ္စာဟုတ်ဖူး။
“တူသောအကျိုးပေးတယ်”
“ကောင်းတာလုပ်ကောင်းတာဖြစ်..
မကောင်းတာလုပ်မကောင်းတာဖြစ်..” သတဲ့
ဗုဒ္ဓဘာသာဝင်တိုင်းသိတယ်
နွားကြီးနင်တို့မိသားစု မကြာခင် ဒုက္ခလှလှတွေ့မယ်။ ။
နေပြည်တော် (သို့မဟုတ်) ငရဲပြည်မှ အရိုးတွန်သံ
“နေပြည်တော်” တဲ့
ကြားကြားမိသမျှ စိတ်ဘ၀င်မချမ်းသာ။
နေပြည်တော်ဆိုတာ
မြန်မာဘုရင်တို့ထီးနန်းစိုးစံရာ
တနည်းအားဖြင့်
သူရဲကောင်းတို့ကိန်းအောင်းရာ
အထွတ်အမြတ်နေရာ။
အခုတော့
လူသတ်သမားများ
မုဒိန်းကောင်များ
သူခိုး၊ ဓါးပြများ
လူလိမ်များ
ပြည်ဖျက်များ
အမျိုးသားရေးသစ္စာဖောက်များ
တိုင်းပြည်ကို “ချောက်” ထဲဇွတ်အတင်းဆွဲချသူများ
ဆင်းရဲတွင်းနက်ရခြင်းရဲ့တရားခံများ
၎င်းတို့ကြောက်လို့ပြေးတဲ့နေရာ
“နေပြည်တော်” တဲ့လား။
ကြောက်လို့ပြေးရင်
“ကြောက်ပြေး” ဒါမှမဟုတ် မူလအတိုင်း
“ကြပ်ပြေး” ပေါ့
နေပြည်တော်လာလုပ်မနေနဲ့
ခွေးလေခွေးလွင့်တွေနှယ်
အမဲရိုးနှယ်ဟင်းအိုးမှအားမနာ ဆိုသလို
လူထု “ခဲ” နဲ့တွေ့တော့မှ နင်တို့ခွေးပြေးမှားလိမ့်မယ်။
အခုတော့ “ခွေးရူးကောင်းစား တစ်မွန်းတည့်” ပေါ့။ ။
ကြိုင်ကြိုင် (သို့မဟုတ်) သားများမိခင်
ဖတ်စ်လေဒီ ကြိုင်ကြိုင်
သန်းရွှေရဲ့ ရှုမညီးတဲ့ ချစ်မယားကြီး။
ငပေါကြီးသန်းရွှေအတွက် ကြိုင်ကြိုင်ဟာ
နံပါတ်တစ် မယားကြီးပေါ့။
ကြိုင်ကြိုင်ကြီးအတွက်တော့
ငပေါကြီးသန်းရွှေဟာ ဒုတိယမြောက် လင်။
ကြိုင်ကြိုင့်ယောင်္ကျား စစ်သား
ရှေ့တန်းမှာ သေသွားတော့
မဲနိုက်ပြီးလင်ရွေးပွဲလုပ်တော့
ကံဆိုးသူ သန်းရွှေကြီး မဲကျသွားသတဲ့
အဲဒီကတည်းက ကြိုင့်အလိုကျ ဖြစ်ခဲ့တာပေါ့။
တကယ်တော့ “နွားငတ်ရေကျ” ဇာတ်လမ်း
ကြိုင်ကြိုင်နဲ့သာမရရင်
ငပေါကြီးတစ်ယောက် မိန်းမရကိန်း လုံးဝမမြင်။
နွားငတ်ကြီး အရမ်းမရ ချစ်လိုက်ရှာတာ
ကလေးတွေတစ်ယောက်ပြီးတစ်ယောက်
အရင်ယောင်္ကျားနဲ့လည်း
ပအိုဝ်းမကြီးမှာ ကလေးတွေရခဲ့သေးသတဲ့။
အခုတော့
ကြိုင့်အလိုကျ၊ ကြိုင့်သဘော ဇာတ်လမ်းမှာ
ကြိုင်နဲ့အဆင်မပြေရင်
တိုင်းမူးတွေမျက်ခုံးလူပ်ရ
ဗိုလ်ချုပ်တွေရဲ့ မရေရာဘဝ
ကြိုင်ဖြုတ်ရင် သူတို့ပြုတ်ဆိုပဲ။
ဗေဒင်၊ နက္ခတ်၊ ယတြာ ၀ါသနာကြီးတဲ့ ကြိုင်ကြိုင်
တလောကပဲ မင်းသား “လူမင်း” နဲ့ မင်္ဂလာဆောင်လိုက်သေး။
ဒို့သာ နတ်သားကလေးဆို
ကြိုင့်ကို အိပ်မက်တစ်ခုပေးမယ်
အန်အယ်လ်ဒီကို အာဏာလွှဲပေးပါ
မဟုတ်ရင် အသေဆိုးနဲ့ သေလိမ့်မယ်လို့ပေါ့။ ။
ခန္ဒာကိုယ် ရင်းစားရသော တက္ကသိုလ်ကျောင်းသူ
ကောင်မလေး
အသားကဖြူဖြူ
မျက်ခုံးကောင်းကောင်း
ကိုယ်လုံးလှလှ
ပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့
နုနယ်ပျိုမျစ် ချစ်စရာ။
လမ်းလျှောက်ရင်မော်ဒယ်လေးလို
ဘေးဘယ်ညာ ဘယ်မှမကြည့်
အိနြေ္ဒရှင်လေး
ဘယ်အဆောင်၊ ဘယ်အတန်းကလဲကွယ်
မင်းကလေးသိပ်လှတယ်။
သိပ်လှလို့ငေးမိပါတယ်
ငေးရင်းနဲ့ချစ်မိပါတယ်
ချစ်မိတော့စုံစမ်းမိတယ်
မင်းအကြောင်းကိုယ်သိရတော့
ရင်နာရတယ် အချစ်ဆုံးရယ်
“နှစ်ပုလင်းပေးရင် ရတယ်တဲ့”
ကိုယ့်ချစ်သူ သိပ်လှတဲ့ကောင်မလေး
“ဖာ” ဖြစ်နေပါရောလား။
မှတ်ချက်။ နှစ်ပုလင်းဆိုသည်မှာ ကျပ်နှစ်သောင်း။
ပြည့်တန်ဆာမကလေး၏ မျှော်လင့်ချက်….
လင်းလက်တဲ့ ဓါတ်မီးတိုင်အောက်မှာပါပဲ
မရှက်နိုင်တော့ပါဘူး
မနက်ဖြန်အတွက် ဆန်ဝယ်ရဖို့ပဲအရေးကြီးတယ်။
“အစ်ကို.. သွားမလား”
တွေ့ကရာယောင်္ကျားကို စည်းရုံး
စိတ်ဝင်စားရှင်ဈေးညှိ
တချို့က အော်ငေါက်
တချို့က လှောင်ပြောင်သွား
တတ်နိုင်ဘူးကွယ်၊ ဒါပဲကျမဘဝ
ရှက်ရမှန်းကြောက်ရမှန်း သိနိုင်တော့ပါဘူး။
မိန်းမတို့ အိနြေ္ဒ ရွှေပေးလို့မရတဲ့
အဘွားတို့၊ အမေတို့ခေတ်က ဆိုရိုးစကား
ကျမ ဒါတွေဂရုစိုက်နေရင် ကျမကိုမှီခိုနေတဲ့မိသားစု
ထမင်းငတ်ကြလိမ့်မယ်။
မနက်ဖြန်အတွက်
ဝမ်းရေးက အရေးကြီးတယ်
ပန်းနာသည် အဖေ့အတွက် ဆေးဝယ်ရဦးမယ်
နာတာရှည် အမေက အိမ်မှာမျှော်နေလိမ့်မယ်
မောင်လေး ညီမလေးတွေလည်း
ကျောင်းထွက်ပြီး ကြုံရာအလုပ် လုပ်နေကြတယ်။
အခုလောလောဆယ်
ဖောက်သည်ရဖို့ပဲ အရေးကြီးတယ်
လူဆိုတာ သေမျိုးပဲ
အေအိုင်ဒီအက်စ်နဲ့မသေခင်
အခုလောလောဆယ် ထမင်းငတ်ပြီးအသေမခံနိုင်ဘူး
ဟောဟိုမှာ.. ဖောက်သည်တစ်ယောက်လာနေပြီ
မိန်းမမာယာ အပြည့်နဲ့ ဈေးခေါ်လိုက်မယ်
“ အစ်ကို.. သွားမလား ” ။ ။
မြို့ပြင်ရောက်နေသော တက္ကသိုလ်များနှင့်
မျှော်လင့်ချက်မဲ့နေသော
မြန်မာပြည် ပညာရေး
“အာအိုင်တီ” တဲ့
မြန်မာပြည်ရဲ့တစ်ခုတည်းသော စက်မူတက္ကသိုလ်
အာဏာရှင်ကိုဆန့်ကျင်တဲ့ သူရဲကောင်းများစွာ
မွေးဖွားသန့်စင်ရာ အထင်ကရနေရာ
ရန်ကုန်မြို့မှာ တည်ရှိတယ်။
အခုတော့
န၀တ၊ နအဖ ကိုလူဆိုး
“ အာအိုင်တီ” ကိုဖျက်
ကိုစ့်တစ်ခုလုံးကိုလည်းဖျက်
မြန်မာပြည်မှာ “အာအိုင်တီ” နာမည်လုံးဝမရှိစေရ
သမိုင်းကိုဖျောက်ဖို့ ကြိုးစား
ပညာရေးစနစ်ကိုဖျက်ဆီးသူ
အကြောက်ကြီးသော လူ့ငနွားဗိုလ်ချုပ်တစ်စု။
“ အာအိုင်တီ ” ကိုဖျက်ရုံမက
တက္ကသိုလ်ကောလိပ်တွေ မြို့ပြင်အကုန်ပို့
နယ်တွေမှာပါ ကောလိပ်တွေဖွင့်
လူစုခွဲဖို့သူတို့ ကြိုးစား
ကျောင်းသားတွေကို အကြောက်ကြီးကြောက်သူများ။
မြန်မာပြည်ပညာရေး ဗြောင်းဆန်နေလိုက်ပုံများ
ဘွဲ့ရ ခေတ်ပညာတတ်တဲ့
ဘာမှလည်းမတတ်ရှာဘူး
တစ်ချိန်က ရန်ကုန်တက္ကသိုလ်ဟာ
အာရှမှာ နာမည်ကြီးဆိုပဲ
နိုင်ငံခြားကျောင်းသားတွေတောင် လာတက်ကြသတဲ့
အခုတော့ ရန်ကုန်တက္ကသိုလ်လည်းမရှိတော့
အရှေ့ပိုင်း တက္ကသိုလ်တဲ့
အနောက်ပိုင်း တက္ကသိုလ်တဲ့
ရွာသာကြီး တက္ကသိုလ်တဲ့
နာမည်အမျိုးမျိုးနဲ့ တက္ကသိုလ်ငယ်များ မိုလိုပေါက်
လူစုခွဲတဲ့ သူတို့ရည်ရွယ်ချက်
မသိရင်ခက်မယ်။
ဝိဇ္ဇာ၊ သိပ္ပံ အတန်းများ
လေးနှစ်ကနေ သုံးနှစ်ကိုလျှော့ချခဲ့
စေတနာနဲ့ ပညာရေးစနစ်ကို ပြင်တာဟုတ်ဖူး
ကျောင်းသားတွေကို ဖိန့်ဖိန့်တုန်အောင်ကြောက်တဲ့အာဏာရှင်
ကျောင်းသားတွေကို ကျောင်းမှာကြာကြာမနေရအောင်လုပ်ခဲ့
မသိရင်ခက်မယ်။
အလုပ်တဖက်နဲ့ ကျောင်းတက်တဲ့ကျောင်းသားများ
ဒစ်စတန့်ကလပ်ကိုသွားကြ
ဆယ်ရက်နဲ့ တနှစ်စာအပြီးသင်
ပြီးရင် စာမေးပွဲထဲဝင်
အို.. မလိုပါဘူး
ဆရာမကို လုံချည်ကန်တော့လိုက်ရင် ပြီးတာပဲ
စာတွေတတ်ဖို့မလိုပါဘူး
အတန်းတက်ဖို့သာအရေးကြီး
ပိုက်ဆံရှိရင် ကျောင်းတက်ဖို့တောင်မလို
ဘွဲ့တစ်ခု အလွယ်ရ
ဗိုလ်ချုပ်တွေပြောတဲ့
ဒို့နိုင်ငံရဲ့တိုးတက်နေတဲ့ ပညာရေးစနစ်ကြီး။
သစ်ပုတ်ပင်လည်းမရှိ
မြေနီလမ်းလည်းမရှိ
ခုံပြာတန်းလည်းမရှိ
ရေတမာပင်တန်းလည်းမရှိ
-----------
-----------
စစ်ထောက်လှမ်းရေးတော့ရှိ
သတင်းပေးတော့ရှိ
-----------
ဖယ်ရီမရှိ
အတွင်းဆောင်မရှိ
ရင်ခုန်သံမရှိ
ပိုက်ဆံမရှိတော့ ချစ်သူတောင်မရှိ။
ကျောင်းဝန်းထဲမှာ
စာအံသံမကြားရ
အတင်းပြောသံသာကြားရတယ်။
ကျောင်းသူကျောင်းသားများ
စာအကြောင်းမဆွေးနွေး
နိုင်ငံခြားသွားပြီးပိုက်ဆံရှာဖို့သာ ဆွေးနွေးကြ။
အဆောင်မှာ
စာဖတ်ဝိုင်းမရှိ
ဖဲဝိုင်းတော့ရှိတယ်
အရက်ဝိုင်းတော့ရှိတယ်။
ကျောင်းသားတွေအရက်သောက်တာအရေးမယူ
ဆေးခြောက်ရှူတာအရေးမယူ
ဖဲရိုက်တာအရေးမယူ
ကျောင်းပြေးတာအရေးမယူ
စစ်အစိုးရကို မဆန့်ကျင်သ၍
ဘာကိုမှ အရေးမယူ။
တိုင်းပြည်တစ်ခုအတွက်
အကောင်းဆုံးရင်းနှီးမြှုပ်နှံမူဟာ “ပညာရေး” တဲ့
ကမ္ဘာမှာ “ပညာရေး” ရင်းနှီးမြှုပ်နှံနေကြပြီ။
ဗမာပြည်မှာတော့
ဗိုလ်ချုပ်တို့ရဲ့ “ မိမိအိတ်ဖောင်းရေး ” စီးပွားရေးပေါ်လစီကြောင့်
ကျောင်းသူတွေ “ဖာ” ဖြစ်ကုန်ပြီ၊
မြန်မာပြည်မှာ ဒီပညာရေးစနစ်နဲ့ဆက်သွားရင်
သူငယ်ချင်းတို့
ငါတို့အားလုံးကျွန်ဖြစ်တော့မယ်
ဆယ်နှစ်အတွင်း
တရုတ်ကျွန်ဖြစ်တော့မယ်။ ။
ကောင်းကင်ပေါ်တက်သွားတဲ့ ကုန်ဈေးနူန်းနှင့်
ငရဲခံနေရသော ပြည်သူများ
ဧပြီ ၂၀၀၆ မှာ ၀န်ထမ်းလစာတွေတိုးပေးပြီးကတည်းက
ကုန်ဈေးနူန်းတွေ (၆၀ ရာခိုင်နူန်း) ထိုးတက်သွားသတဲ့
ဟုတ်လားတော့မသိဘူး
လက်တွေ့မှာတော့ “ဈေးမသွားချင်တော့ဘူး” လို့
အမေက ခဏခဏ ညဉ်းတယ်။
ပြီးတော့ အမေကပြောသေးတယ်
“ ဈေးသွားခါနီး အိမ်ရှင်မတစ်ယောက်ဟာ
စစ်ထွက်ခါနီး သူရဲကောင်းတစ်ယောက်လိုပဲ ” တဲ့။
ငပိရည်ကျဲနဲ့စားနေကျ ငါ့မနက်စာ
အခုတော့ ကုန်ဈေးနူန်းက ဖျပ်ပစ်ပေါ့
မနက်စာ နေ့လည်စာ ညစာ တစ်နပ်စာပဲ ပေါင်းစားရတဲ့အဖြစ်
လူလည်း “ဒုက္ခစရိယ” ကျင့်သလို
နံရိုးပဲ ကျန်တော့တယ်။
စိတ်ညစ်တိုင်း
ငါငယ်ငယ်က အဖွားပြောပြတဲ့ အိပ်ရာဝင်ပုံပြင်တွေကိုပဲ
သတိရနေမိတော့တယ်။
အဖွားတို့ငယ်ငယ်က ဆီတွေတောင်လိုပုံ
ဆန်တွေတောင်လိုပုံ
စားစရာမုန့်ပဲသွားရေစာတွေအလျှံပယ်ပေါ့သတဲ့။
အဖိုးတစ်ယောက်လစာနဲ့
သားသမီးလေးယောက် လူတစ်လုံးသူတစ်လုံးထားနိုင်သတဲ့
တက္ကသိုလ်ပို့နိုင်သတဲ့။
ခေတ်တွေများ ကွာလိုက်တာ ပြောပါတယ် အဖွားရယ်
အဖွားပြောပြလို့သာ
ဇွတ်မှိတ်ပြီးယုံခဲ့ရ
အဖွားတို့ခေတ်က ပေါများလိုက်ပုံများ။
ဖိုင်နယ်မို့သာ ဇွဲခတ်ပြီးတက်နေရ
ငါ့အောက်က ညီလေးနဲ့ ညီမလေး
ကျောင်းထွက်ခဲ့ရရှာပြီ
အဖေ့ကျောင်းဆရာလစာ
အမေ့ရုံးစာရေးလစာ
ငါးယောက်ရှိတဲ့ ငါတို့မိသားစု ၀မ်းဝအောင် မစွမ်းဆောင်နိုင်ခဲ့။
“စိတ်ညစ်လို့တဲ့” ငါ့သူငယ်ချင်းတွေလည်း
လမ်းဘေးအရက်ဆိုင်ကိုရောက်
တချို့က ကျောင်းထွက်
ကြုံရာကျပမ်းအလုပ်ဝင်
ပန်းရန် အုတ်သယ်
မြေကျင်းတူး
ဆိုက်ကားနင်း
ဂျာနယ်လက်ပွေ့ရောင်း
အို…စုံလို့ပဲ။
ကြားနေရတယ်
တချို့ ကျောင်းသူကောင်မလေးတွေ
အချိန်ပိုင်းပြည့်တန်ဆာဖြစ်သွားကြသတဲ့
တချို့ဆို မိဘတွေကကို သိလျှက်နဲ့မျက်နှာလွှဲ
ဝမ်းရေးထက်အရေးကြီးတာ
လောကမှာ ဘာမ မရှိတော့ဖူးလား။
မြန်မာမိန်းကလေးတွေ အိနြေ္ဒကြီးပုံများ
သလုံးသားလေးတောင် ပေါ်မှာစိုး
အဖွားတို့အမေ တို့ခေတ်ကပေါ့
အခုများတော့ အိနြေ္ဒတွေဘေးချိတ်
ဝမ်းရေးကသာ အရေးကြီးတဲ့ခေတ်ကြီး
ဆိုတော့ မြန်မာပြည်ဘာ ဖြစ်နေပြီလဲ
ကိုင်း.. အမှန်အတိုင်းပြောမယ်
ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့
“ဖာ” နိုင်ငံဖြစ်သွားပြီ
မယုံမရှိနဲ့
နေရာတိုင်း၊ မြို့တိုင်း၊ မြန်မာပြည်တလွှားမှာ
ပြည်မှာကြည့်မလား၊ ရန်ကုန်၊ မကွေး၊ ဟင်္သာတ၊ မုံရွာ၊
မအူပင်၊ မော်လမြိုင်၊ ဘားအံ၊ ပခုက္ကူ၊ အောင်လံ၊ ပုသိမ်
“ဖာ” တွေပေါပါဘိသနဲ့။
ကဲဘယ်လိုလုပ်ကြမလဲ
တီဗွီထဲမှာတော့
တံတားတွေဖောက်၊ လမ်းတွေဆောက်
အပင်တွေလည်းစိုက်
ဘာတဲ့ “ စိုက်ပျိုးရေးကို အခြေခံသော
စက်မူနိုင်ငံတော်သစ်ကြီးဆီသို့ ” တဲ့
မြန်မာနိုင်ငံတော်ကြီးတိုးတက်နေတယ်ဆိုပဲ
ခွေးမသားတွေ အသေဆိုးနဲ့ သေလိုက်စေချင်တယ်။ ။
ကြံ့ဖွတ် ကိုလူဆိုးသို့
အို ကြံ့ဖွတ် ကိုလူဆိုး
မင်းဘာကြောင့်သိပ်သိပ်ဆိုး။
ထမင်းကြမ်းခဲမြင် အမြီးတနှံ့နှံ့ခွေးလို
သခင့်အလိုကျ မင်းသိပ်ကျွန်းပါးဝတယ်။
မင်းတို့လဲငတ် ငါတို့လည်းငတ်
နအဖ နဲ့အပေါင်းအသင်းမလုပ်တဲ့
ပြည်သူအားလုံးငတ်နေကြတယ်။
အခုတော့ ငတ်နေတာချင်းအတူတူ
ထမင်းကြမ်းခဲလေးပြတာနဲ့
မင်းက အမြီးလေးတနှံ့နှံ့။
သခင်လည်တဲ့လေကိုရှူ
သခင်ခိုင်းတာအကုန်လုပ်
၂၀၀၃ မေလ ဒီပဲယင်းမှာလည်း
မင်းက ဇာတ်လိုက်။
လူ့အခွင့်အရေးစာရွက်ဝေတဲ့သူတွေကို
ရိုက်တာမှာလည်း
မင်းက ဇာတ်လိုက်။
ဘုရားပေါ်တက်တဲ့သူတွေကို
ရိုက်နှက်ဖမ်းဆီးတာမှာလည်း
မင်းက ဇာတ်လိုက်။
အဓမ္မလုပ်အားပေးစေခိုင်းရာမှာလည်း
မင်းက ဇာတ်လိုက်။
တကယ်တော့ မင်းတို့ဟာ
အရိုးအရင်းတောင် ကိုက်ခွင့်မရတဲ့ဘဝ
သခင်စားတာကို စားပွဲခုံအောက်က
သွားရည်တမျှားမျှားနဲ့ကြည့်
သခင်လည်တဲ့လေနံ့လေးကိုပဲ
အားပါးတရရှူ
သခင်ခိုင်းစေသမျှ ပြည်သူကို အကြမ်းဖက်ဗိုလ်ကျ
သတိပေးလိုက်ပါရစေ
အသေဆိုးနဲ့မသေခင်
မင်းတို့ အပြုအမူတွေပြင်လိုက်ဖို့။ ။
ကျောင်းကြီးပိတ်ချိန် ချစ်သူငယ်ချင်း
မင်းကောငါ့ကို လွမ်းနေမှာလား
သူငယ်ချင်းရေ
ကျောင်းကြီးလည်းပိတ်
တို့တွေခွဲခွာ
မင်းကော ငါ့ကို လွမ်းနေမှာလား။
တွေ့ဆုံ ကြုံကွဲ
မမြဲတဲ့သံသယာထဲမှာ
တစ်နေ့ခွဲရမယ်ဆိုတာ တို့တွေကြိုသိခဲ့ပါရဲ့။
သံသယာရထားကြီး ခုတ်မောင်းနေသ၍တော့
မင်းတို့ငါတို့ ပြန်တွေ့ကြရဦးမှာပါ။
“နေရဉ္စရာ” ရယ် သိပ်လွမ်းမိပါတယ်။
တိုက်ဆိုင်မူရှိတိုင်း
အမှတ်တရ ဖြစ်စရာတွေကြုံတိုင်း
မနက်ခင်းတိုင်း
မိုးညနေတိုင်း
မင်းတို့အားလုံးကို သတိရနေမှာပါ။
ဌာနေပြန်ရောက်
လုပ်ငန်းခွင်ဝင်
ကိုယ့်လမ်းကိုယ်လျှောက်
အိမ်ယာထူထောင်
မဆုံးနိုင်တဲ့
ဘ၀သံသယာ ၀ဲဂယက်ထဲမှာ
တို့များကျင်လည်ရဦးမှာပါ။
ဒါပေမဲ့
ခေါင်းလောင်းသံတိတ်
ကျောင်းကြီးပိတ်ချိန်
နွေကြိုဥသြငှက်ကလေးတွေတေးသီတဲ့အချိန်
ငုနဲ့ပိတောက်တို့ ထိန်ထိန်ညီးတဲ့အချိန်
ဇူလိုင်မိုးနဲ့ပွင့်လာတတ်တဲ့
စပယ်နဲ့ ဇီဇ၀ါပန်းနံ့လေးတွေ ရှူရှိုက်မိတဲ့အချိန်
ငါမင်းတို့အားလုံးကို
ပြင်းပြင်းပြပြ သတိရနေမိပါတယ်
ချစ်သူငယ်ချင်းတို့ရယ်။ ။
မေဦးမိုးနှင့်အတူ…..
ကောင်လေးရေ
မင်းရောငါ့ကို လွမ်းနေမှာလား
အခုလို
ညနေခင်းတိုင်း
မိုးစက်ကလေးတွေတဖွဲဖွဲရွာတိုင်း
ငါကတော့ မင်းကို အရမ်းသတိရနေမိပါတယ်
ချစ်သူကောင်လေးရယ်။
မေဦးမိုးပွင့်တွေနဲ့အတူ
ညနေခင်း ကျောင်းဆင်းချိန်လေးတစ်ခုမှာ
ငါ တို့ စတွေ့ခဲ့ကြတယ်။
ဆံပင်ရှည်ရှည်နက်နက်တွေနဲ့
ချစ်စရာမျက်ဝန်းလေးတစ်စုံကို
ငါသိပ်ချစ်တယ်။
စကားပြောတိုင်း “ ကျနော်.. ကျနော် ” နဲ့ပြောတတ်တဲ့
မင်းစကားသံလေးတွေကို ငါရင်ခုန်တယ်။
“ စကားဝါဆောင်ရှေ့က ခုံတန်းကလေးတွေမှာ
ညနေခင်း မြေနီလမ်းကလေးပေါ်မှာ
ဧရာဝတီမြစ်သောင်ပြင်ဖြူလွလွတွေပေါ်မှာ
တန့်ကြည်တောင်တန်းကြီးနံဘေးမှာ
ငါတို့စကားတွေပြောခဲ့ကြတယ်။
“ ကျနော်.. ကျနော် ” နဲ့ ပြောတဲ့မင်းကို
တို့သိပ်ချစ်ပါတယ်။
ချစ်သူကောင်လေးရယ်
အခုမင်းဘယ်ဆီများရောက်နေသလဲကွယ်
ချစ်သက်တမ်း (၂) နှစ်အတွင်းမှာ
ငါတို့သိပ်ချစ်ခဲ့ကြ
ဧရာဝတီကို သက်သေတည်
တန့်ကြည်တောင်တန်းကြီးတွေကို ပုံခိုင်း
တသက်မခွဲကြေး ငါတို့တွေ သစ္စာထားခဲ့ကြတယ်။
“ အချစ်တစ်ခုတည်းနဲ့ ဘ၀က မပြည့်စုံဖူး ” တဲ့
ငါတို့ ချစ်သူ နှစ်ယောက်မှာတော့
“ အချစ် ” ပဲကုံလုံ ကြွယ်ဝတယ်။
“ ကျနော်တို့ ဘ၀ရှေ့ရေးအတွက်
ကျနော်ကြိုးစားမယ် ” လို့ပြောပြီး
မင်းအဝေးကို ထွက်သွားခဲ့တယ်။
အခုဆိုရင် မေဦးမိုးတွေလဲ
သုံးကြိမ်တိုင်တိုင် ရွာသွန်းခဲ့ပြီ
စာမလာ သတင်းမကြား
မင်းဘယ်ဆီများရောက်နေသလဲကွယ်။
ပြန်လာခဲ့ပါတော့
“ ငွေကြေး ” မပြည့်စုံရင်နေပါစေ
တို့ဘ၀ကို အချစ်တွေနဲ့ပဲ တည်ဆောက်ရအောင်ပါ။
ပြန်လာခဲ့ပါတော့ကွယ်
တို့ မင်းကို သိပ်လွမ်းနေပြီ ချစ်သူကောင်လေးရယ်။ ။
မကျေနပ်မူများ
မကျေနပ်တာတွေကို အကုန်ဖွင့်ပြောရရင်
ဘုတ်အုပ်ကြီးနဲ့ ပြည့်သွားမယ်။
ခေတ်ကြီးကိုလည်း မကျေနပ်ဘူး
စနစ်ကြီးကိုလည်း မကျေနပ်ဘူး
ဘုရင်ရူးကြီးကိုလည်း မကျေနပ်ဘူး
ပညာရေးဝန်ကြီးကိုလည်း မကျေနပ်ဘူး
ပါချုပ်ကိုလည်း မကျေနပ်ဘူး
မော်ကွန်းထိန်းကိုလည်း မကျေနပ်ဘူး
ဆရာမကိုလည်း မကျေနပ်ဘူး
ငါ့ကိုယ်ငါလည်း မကျေနပ်ဘူး
ဘာပညာရေးစနစ်လည်းကွာ
ခေတ် ပညာတတ် တက္ကသိုလ် ကျောင်းသားတဲ့
အခုဆိုရင် ငါဟာ ဖိုင်နယ်မှာပေါ့
သုံးနှစ်တောင်ဖြတ်သန်းခဲ့
အရင်းစစ်တော့ ဘာမှမတတ်ပါလား
ငါကပဲညံ့တာလား
ဆရာမကပဲ ညံ့တာလား
ဒါမှမဟုတ် ပညာရေးစနစ်ကပဲ ညံ့သလား
မကျေနပ်ဘူးဟေ့
လုံးဝကို မကျေနပ်ဘူး။
ကျောင်းတွေကို မြို့ပြင်ပို့ပစ်တယ်
သုဿန်နဲ့ သိပ်မဝေးဖူး
အပင်မရှိ အရိပ်မရှိ
နေ့ခင်းဆိုသိပ်ပူတယ်
မကျေနပ်ဘူးဟေ့
လုံးဝမကျေနပ်ဘူး။
“ ကျောင်းတွင်းမှာ အဆောင်မထားရ ” တဲ့
“ ညနေ ၆နာရီ ကျော်ရင်ကျောင်းထဲမ၀င်ရ ” တဲ့
အမိန့်တွေ အမိန့်တွေ
ပြီးတော့
ကျောင်းသားဟန်ဆောင်တဲ့ စစ်ထောက်လှမ်းရေး
စာသင်ရတာလုံးဝမလွတ်လပ်ဘူးကွာ
ဘယ်မှာလဲကျောင်းသားအခွင့်အရေး
မကျေနပ်ဘူးဟေ့
လုံးဝကို မကျေနပ်ဘူး။
ဖယ်ရီတွေ တိုးပေးဖို့လိုတယ်
ကျူရှင်စရိတ်လျှော့ချဖို့လိုတယ်
ပညာရေးစနစ်ပြောင်းလဲဖို့လိုနေတယ်
လိုနေတယ်
လိုနေတယ်
အားလုံးပြုပြင်လိုက်ဖို့လိုနေတယ်
မကျေနပ်ဘူးကွာ
လုံးဝကိုမကျေနပ်ဘူး။ ။
ကဗျာများရေးသားသူမှာ ငြိမ်းချမ်းအောင် ဖြစ်ပါသည်။
ပြန်ခေါက်ထားပါ...
News collection - Laura Bush meets with UN envoy on Myanmar
- Laura Bush meets with UN envoy on Myanmar, Link here
- Bush likely to cancel US ASEAN summit over Myanmar: diplomats, Link here
- သံဃာ့ဦးသျှောင် အိန္ဒိယဌာနခွဲက နအဖသံရုံးအလှူကို လုံးဝလက်မခံ ဤနေရာမှာ
- လွှတ်တော်ကိုယ်စားလှယ်၏ဇနီး တက္ကသိုလ်တွဲဖက်ပါမောက္ခ နယ်ပြောင်းခံရ ဤနေရာမှာ
- ကျောင်းသားခေါင်းဆောင်များကို ရာဇ၀တ်သားများထဲ ထည့်ထားလိုက်ပြီ၊ နအဖ အပြောနှင့်အလုပ်ညီရန် ၈၈ ကျောင်းသားများ တောင်းဆို ဤနေရာမှာ
- ၁၈-ရက်မြောက်အစာငတ်ခံဆန္ဒပြနေသူကို မနက်ဖြန်ရုံးထုတ်မည် ဤနေရာမှာ
- ဖခင်တလပြည့်ဆွမ်းကျွေးကို မဖြူဖြူသင်း လာခွင့်မကြုံ ဤနေရာမှာ
- ငွေကြာယံဆရာတော် ကျောင်းတိုက်ကို ပြန်လည်ရောက်ရှိ သတင်းသုံးနေ ဤနေရာမှာ
- အခမဲ့ အမည်ခံ ပြည်ခိုင်ဖြိုးဆေးခန်း တိုကင်ဖိုးကောက်နေ ဤနေရာမှာ
- ဗီဇာတစ်ခုတည်းနဲ့ နှစ်နိုင်ငံခရီးသွားနိုင်ရေးမူ ထိုင်းနှင့် ကမ္ဘောဒီးယားသဘောတူ ဤနေရာမှာ
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို အင်းစိန် သီးသန့်ထောင်မှ ထောင်မကြီးသို့ပြောင်းပြီး သာမန်ရာဇ၀တ် သားများနှင့်တွဲထား Link here
- ငွေကြာယံစာသင်တိုက် ဆရာတော်ကြီး အပါအ၀င် သံဃာတော်အချို့ ပြန်လည်လွတ်မြောက် Link here
- ရှမ်းအမျိုးသမီးတဦးကို မြန်မာစစ်တပ်က အုပ်စုလိုက် အဓမ္မပြုကျင့် Link here
- ကရင်နီ ဒုက္ခသည်စခန်းအတွင်း လမ်းလျှောက်ဆန္ဒပြမှု ဆက်လက်ပြုလုပ် Link here
- နအဖ က ဆက်သွယ်ရေးနည်းပညာ အိုင်တီမြို့တော် ဖွင့်လှစ် Link here
- ငွေကြာယံစာသင်တိုက် ဆရာတော်ကြီး အပါအ၀င် သံဃာတော်အချို့ ပြန်လည်လွတ်မြောက် Link here
- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို အင်းစိန်သီးသန့်ထောင်မှ ထောင်မကြီးသို့ပြောင်းပြီး သာမန် ရာဇ၀တ်သားများနှင့်တွဲထား Link here
- မြန်မာစစ်အစိုးရက သံဃာတော် (၉၆) ပါးကို ပြန်လွှတ်ပေး Link here
- ထိုင်းပြည်သူ့စစ်များကို ကရင်နီကျောင်းသားများ ဆက်လက်ဆန္ဒပြ Link here
- အီရန်အနုမြူ ဓါတ်ပေါင်းဖိုအတွက် လိုအပ်တဲ့ လောင်စာတွေ ရုရှား တင်ပို့ Link here
- မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ လူကိုကူးစက်ခဲ့သော်လည်း ရောဂါမပြန့်ပွားရန် ထိန်းချုပ်နိုင်ပြီဟု WHO ပြော Link here
- အီရန်နိုင်ငံကို ရုရှားက နျူကလီးယား လောင်စာပေးပို့မှု သမ္မတဘုရှ် သတိနဲ့တုန့်ပြန် Link here
- မြန်မာနိုင်ငံ၌ ကြက်ငှက်တုပ်ကွေးရောဂါ လူကိုကူးစက်မှုစတင်ဖြစ်ပွား Link here
- Burma quietly releases 96 monks, Link here
- Myanmar refugees face wretched existence in Malaysia, Link here
- WHO urges vigilance as bird flu spreads, Link here
- Turkey says US approved Iraq strikes, Link here
ပြန်ခေါက်ထားပါ...