28 November, 2008

ရှည်လျှားသောဆောင်းရက်များနဲ့ အဝေးကရွာကလေး



ကျနော့်အိမ်က ဟိုင်းဝေးလမ်းမကြီး ဘေးနားမှာ ကပ်ရက်ရှိတယ်။ အိပ်ခန်းနှစ်ခန်းပါပြီး၊ အပေါ်ထပ် အောက်ထပ်နှစ်ထပ်ရှိတဲ့ အလယ်အလတ်မကြီးမသေး အိမ်တစ်လုံးပါ။ ကျနော့်အိမ် ဘေးမှာခေတ်မီပုံစံ ဆောက်လုပ်ထားတဲ့ ရွာလူကြီးရဲ့ ဆေးဖြူသုတ် တိုက်အိမ်ကြီးတစ်လုံး ရှိပါတယ်။ ကျနော့်အိမ်ရဲ့ နောက်ဖက်မှာတော့ ရွာလူကြီးမိဘတွေရဲ့အိမ်၊ အဲဒီအိမ်မှာ အဖိုးကြီးအဖွားကြီး နှစ်ယောက် နေထိုင်ကြတယ်။

ကျယ်ဝန်းတဲ့ ခြံဝန်းထဲမှာ အိမ်သုံးလုံးဟာ ဖိုခနောက်ပုံစံမျိုး ဆောက်လုပ်ထားတာပါ။ တကယ်တော့ အိမ်သုံးလုံးစလုံးကို ရွာလူကြီး မိဘတွေကပိုင်ဆိုင်ကြတယ်။ သူတို့ဟာ လယ်ဧကများစွာ၊ အိမ်ခြံမြေများစွာပိုင်ဆိုင်တဲ့ တောသူဌေးတွေဖြစ်ပါတယ်။ အိမ်ရှင်အဖိုးကြီး အဖွားကြီးဟာ ရွာသားတွေအပေါ် သြဇာအလွန် ညောင်းပါတယ်။ သက်ဦးဆံပိုင်စနစ်လွှမ်းမိုးမင်းမူနေဆဲ လူ့ပတ်ဝန်းကျင်မှာ ပိုက်ဆံရှိတဲ့ သူတွေဆီမှာ ပစ္စည်းမဲ့တွေက ရိုကျိုးခယ နေကြဆဲ။

ကျနော့်အိမ်ကလေးက ရွာရဲ့ အစွန်ဆုံး (ရွာထိပ်) မှာရှိပြီး၊ ရွာထဲကိုဝင်တဲ့ အဓိက လမ်းမကြီး ကကျနော့် အိမ်ရှေ့ ကနေ ဖြတ်ဖောက်ထား ပါတယ်။ အိမ်ဒေါင့် ခြံစည်းရိုး အပြင်ဖက်မှာ ပိုက်ဆံ အကြွေစေ့ထည့်ပြီးဆက်ရတဲ့ တယ်လီဖုန်းရုံလေး တစ်ခုရှိတယ်။ တယ်လီဖုန်း ရုံလေးကို ပုဂ္ဂလိက တယ်လီဖုန်း ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တာ ဖြစ်ပြီး၊ ဖုန်းရုံလေးရဲ့ အကာမှန်ထူထူ တွေဟာ ရွာခံ ကာလသား လူငယ်တွေရဲ့ ခဲလုံးနဲ့ကျောက်ခဲစာတွေကြောင့် မကြာခဏ ကွဲကြေကြရတယ်။ မကြာခဏ အသစ်လဲလှယ် ရတယ်။

အဲဒီတယ်လီဖုန်းရုံကလေးဟာ ရွာရဲ့အမည်နာမနဲ့တည်ရှိရာကို ဖော်ပြထားတဲ့ ဆိုင်းဘုတ်ကြီးအောက်မှာ ရှိပြီး၊ အဲဒီနေရာတစ်ဝိုင်ဟာ ရွာကာလသား၊ ကာလသမီးတွေ ညပိုင်းအရက်ဝိုင်းဖွဲ့တတ်တဲ့ နေရာလည်းဖြစ်တယ်။ ခြေခင်းလက်ခင်းသာတဲ့ တစ်ချို့ရက်တွေမှာ ရွာထဲက ဆယ်ကျော်သက်ကောင်လေး၊ ကောင်မလေးတွေဟာ ညသန်းခေါင်သန်းလွဲအထိ စုဝေးတတ် ကြတယ်။ ၀ိုင်းဖွဲစားသောက် ကခုန်ပျော်ပါးတတ်ကြတယ်။ လူငယ်တွေ ကြားက ဆက်ဆံရေး ဟာတော်တော် ပွင့်လင်းပုံရှိတယ်။ တစ်ခါတစ်ခါတော့လည်း အော်ကြီးဟစ်ကျယ် ရန်ဖြစ်တတ်ကြပြီး၊ အုပ်စုလိုက် တိုက်ခိုက်တတ်ကြတယ်။

ကျနော့်အိမ်ကလေးရဲ့တစ်ဖက် ဟိုင်းဝေးလမ်းမ ဟိုဖက်ခြမ်းမှာတော့ သားသတ်ရုံ တစ်ခုရှိတယ်။ ညနေပိုင်း နေ၀င်ရီတရော အချိန်တွေ ရောက်ရင် ကျွဲတွေ၊ နွားတွေကို သားသတ်ရုံ ကလေးဆီ ကားတွေနဲ့ လာပို့ကြတယ်။ ခေါင်းဖြတ်စက်ထဲကို မရောက်ခင် ငယ်သံပါ အောင်စူးစူးဝါးဝါး အော်ဟစ်လိုက်တဲ့ ကျွဲနွား အသံတွေကို ကျနော့်အိမ်ကလေးကနေ တစ်ခါတရံ ကြားရတတ်တယ်။

သားသတ်ရုံပိုင်ရှင်တွေဟာ ကျွဲနွားတွေကိုသတ်ဖို့ဖြတ်ဖို့နဲ့ ကုန်ချောဖြစ်လာအောင် ခုတ်ဖို့ထစ်ဖို့ မြန်မာ အလုပ်သမား လူငယ်တွေကို ငှားရမ်းထားကြတယ်။ တစ်ချို့နေ့တွေမှာ သားသတ်ရုံ မီးဖို မီးခိုးခေါင်တိုင်က ထွက်လာတဲ့ မီးခိုးငွေ့တွေနဲ့ အသားကင်နံ့ စူးစူးဝါးဝါးကို ကျနော့်အိမ်ကလေးကနေ ရနေတတ်တယ်။ ရောင်းမကုန်တဲ့ အသားတွေ ပုတ်သိုးမသွားအောင် မီးဖုတ်လိုက်ပြီးမှ ပြန်ရောင်းကြတယ်။ အိမ်ကလေး နောက်ဖက် ၀ရံတာကလေးကနေ ဟိုင်းဝေးလမ်းမကိုဖြတ်ပြီး ဟိုဘက်ကိုမျှော်ကြည့်ရင် သားသတ်ရုံက မြင်ကွင်းတွေကို မြင်နေရတယ်။

ကျနော့်အိမ်ကလေးရှိရာဘက်အခြမ်းမှာ ပင်မရွာမကြီးတည်ရှိပြီး၊ သားသတ်ရုံဖက်အခြမ်းမှာ နောက်တိုး အိမ်စုလေးတွေရှိတယ်။ အိမ်စုလေးတွေ ဆိုပေမဲ့ တိုက်အိမ်တွေ၊ ကျွန်းအိမ်ကြီးတွေ၊ အိမ်ကြီးအိမ် ကောင်းတွေ။ သားသတ်ရုံရဲ့နံဘေးဝန်းကျင်မှာ လယ်ကွင်းတွေ ရှိတယ်။ ကျနော့် အိမ်ရှေ့ကနေထွက်၊ ဟိုင်းဝေးလမ်းမ ပေါ်တက် ပြီး ငါးမိနစ်လောက် လမ်းလျှောက်သွားရင် သားသတ်ရုံဖက်အခြမ်းမှာ ကျနော့်ရုံးရှိတယ်။ ကျွန်းတိုင်လုံး တွေနဲ့ အုတ်ပတ်ကားတက်ပြီး ရဲတိုက်ပုံစံဆောက်ထားတဲ့ သုံးထပ်အဆောက်အအုံဟာ ခန့်ညားလှ တယ်။ အိမ်ပိုင်ရှင် ဟာရွာလူကြီးရဲ့ ညီဝမ်းကွဲတော်စပ်ပြီး၊ သူလည်း လယ်မြေများစွာ၊ အိမ်ခြံမြေများစွာ ပိုင်ဆိုင်သူပဲ။ လူအများစုဟာ မြို့နဲ့အတန်ငယ်အလှမ်းဝေးတဲ့ အဲဒီရွာကလေးမှာ မနေလိုကြတဲ့အတွက် အိမ်ငှားခ ဈေးသက်သာတယ်လို့ ဆိုရမယ်။

မကြာသေးခင်နှစ်တွေက ကျနော်တို့ရုံးနဲ့ သားသတ်ရုံအကြားက လယ်ကွင်းတစ်ချို့ကို ငှားပြီး၊ ထိုင်ဝမ်စီးပွားရေး သမားတွေဟာ အထည်ချုပ်စက်ရုံတစ်ခု လာတည်တယ်။ စက်ရုံစတည်တဲ့ အချိန်မှာ မိုးတွေစရွာနေပြီ။ ဂေါ်ထိုးကားကြီးတွေ၊ မြေသယ်ကားကြီးတွေ၊ စက်ပစ္စည်းတွေ အကူအညီနဲ့ လယ်ကွင်းကို မြေခဲတွေဖို့ကြပြီး၊ ကြီးမားတဲ့ စက်ရုံကြီးတစ်ခုကို တက်သုတ်ရိုက် ဆောက်ခဲ့တယ်။ သိန်းပေါင်းများကုန်ကျမဲ့ ဆေးသားအပြာရောင် သုတ် စက်ရုံကြီးဟာ အဲဒီနှစ်က မိုးကုန်သွားတဲ့အချိန်မှာပဲ မြန်မာအလုပ်သမားတွေ ရာပေါင်းများစွာနဲ့ စတင် လည်ပတ် တော့တာပဲ။

စက်ရုံက စွန့်ပစ်ပစ္စည်းတွေ၊ ပြီးတော့ စက်ရုံမှာပဲ အလုပ်သမားတွေက နေထိုင်ကြတာဆိုတော့ သူတို့စွန့်ပစ်တဲ့ အမိုက်တွေ၊ အညစ်အကြေးတွေနဲ့ တစ်ချိန်က သဘာဝအတိုင်းသာယာခဲ့တဲ့ တောသဘာဝအလှအပတွေဟာ အဲဒီပတ်ဝန်းကျင်လေးမှာ ပျောက်ဆုံးသွားတော့မှာပဲလို့ ကျနော်က ကျနော့်ရဲဘော်တွေကို ပြောခဲ့မိ သေးတယ်။ ကျနော်တို့ရုံးအနောက်ဖေး ၀ရန်တာ ကနေပြီးကြည့်ရင် စက်ရုံဝင်းကို အပေါ်စီး ကနေ မြင်နေရတယ်။ စက်ရုံ ဆင်းချိန် တွေမှာဆိုရင် အလုပ်သမားတွေ လူပ်ရှားနေတာကိုပါ မြင်ရတတ်တယ်။

ပြီးတော့ လူတွေများလာရင် ပုလိပ်တွေရူပ်လာပြီး ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်လေး ရူပ်ထွေး သွားမှာကို ကျနော်တွေးပူနေခဲ့မိတယ်။ မကြာပါဘူး.. စက်ရုံနောက်ဖေးလယ်ကွင်းထဲမှာ လူသတ်မူတစ်ခုဖြစ်တယ်။ အဲဒီနောက်ပိုင်း စက်ရုံ စတင်လည်ပတ်ချိန်ကစပြီး ရေတွက်ရင် လေးငါးလ အတွင်းမှာပဲ စက်ရုံလည်ပတ်မူတစ်ခုလုံး ရပ်ဆိုင်းသွားခဲ့တော့တယ်။ ဘာကြောင့် ရပ်ဆိုင်းသွားတယ်ဆိုတာ မသိပေမဲ့ စက်ရုံမှာ မှီခိုနေရတဲ့ မြန်မာလုပ်သားတွေ၊ သူတို့ကိုမှီခိုနေရတဲ့ မိသားစုတွေကတော့ ထုံးစံအတိုင်း ရေကြည်ရာမြက်နုရာ အလုပ်အကိုင်ရနိုင်တဲ့ နေရာသစ်ကို ထွက်ခွာသွားကြ ရတော့တယ်...

ညနေပိုင်း အလုပ်ပြီးချိန်တွေမှာ ညောင်းညာပင်ပမ်းမူတွေကို ဖြေဖျောက်ဖို့ ဒုတိယထပ် အနောက်ဖေး ဘက်က ၀ရံတာလေးမှာကျနော် အမြဲတမ်း တိတ်တဆိတ်ရပ်တန့်ပြီး လေညင်း ခံဖြစ်တယ်။ အဲဒီရုံး ၀ရန်တာလေးကနေ ကြည့်ရင် အနောက်ဖေးဘက်မှာ တမျှော်တခေါ် လယ်ကွင်းပြင်ကြီးကို မြင်တွေ့ရတယ်။ မြင်ကွင်းရှူခင်းတွေက ရာသီလိုက်ပြီးပြောင်းလဲသွားကြတယ်။

မိုးရာသီမှာဆိုရင် စိမ်းလန်းတဲ့ ကတ္တီပါလယ်ကွင်းတွေ.. တမန်းဆီနံ့၊ ကောက်ပင်ရနံ့တွေကို သယ်ဆောင် လာတဲ့လေညင်း.. တစ်ခါတစ်ခါ ကောက်စိုက်သမတွေသီဆိုတဲ့ သီချင်းသံကိုပါ လေညင်းက ဆောင်ယူ လာတတ်သေးတယ်။ လယ်ကွင်းအစပ်မှာ လယ်သမားတွေ စိုက်ထားတဲ့ ကျွန်းသစ်တောဝိုင်း ကလေး တစ်ခုလည်း ရှိသေးတယ်။ မိုးရာသီမှာတော့ လယ်ကွင်းတွေထဲက မြောင်းကလေးတွေနဲ့ ဟိုင်းဝေးလမ်းမဘေးတစ်လျှောက် မြောင်းဘေးတွေမှာ ဒေသခံအမျိုးသမီးတွေ ငါးမျှားတံကိုယ်စီနဲ့ ငါးမျှားနေကြတာတွေ့ကြရတယ်။ ဒီဒေသမှာ အမျိုးသားတွေက ငါးမမျှားပဲ၊ အမျိုးသမီးတွေကပဲ ငါးမျှားတတ်ကြတယ်။

ဆောင်းရာသီတွေမှာဆိုရင် ပဲပင်၊ ပြောင်းပင်၊ ကြံပင်၊ ဆေးရွက်ကြီးပင်၊ ဖရဲပင်တွေကို တမျှော်တခေါ် မြင်နေရတဲ့ မြင်ကွင်းဟာ စိမ်းစိမ်း စိုစိုနဲ့ ဘယ်တော့ကြည့်ကြည့် ရိုးမသွားခဲ့ဘူး။ ဆောင်းစိုက်ခင်းတွေကိုဖြတ်ပြီး တိုက်ခတ် လာတဲ့လေညင်းရနံ့က တမျိုး ထူးခြားတယ်… ညိုးညိုးညံ့ညံ့ကလေး။

အိမ်နောက်ဖေးက မာလကာ၊ သံပရာ၊ နာနတ်၊ မန်ကျည်းပင်တွေပေါ်က ငှက်ကလေးတွေရဲ့ တေးဂီတသံကိုပါ ညနေခင်းတွေမှာ ကြားရ တတ်တယ်။ အဲဒီအခါမျိုးတွေမှာဆိုရင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတတ်ပြီး၊ ငှက်သံတွေနဲ့အတူ ကျနော်ဟာ အားလုံးကို မေ့နေ တတ်တယ်။

ကျနော်တို့ရုံးနဲ့ အထည်ချုပ်စက်ရုံကြားမှာ မြေနီခင်းထားတဲ့ လမ်းကလေးရှိသေးတယ်။ လမ်းဘေးဝဲယာ မှာရှိတဲ့ တမျှော် တခေါ် လယ်ကွင်း တွေကိုဖြတ်ပြီး မြေနီလမ်းကလေးကနေ ဆယ်မိနစ်လောက် ဆိုင်ကယ်နဲ့ သွားလိုက် မယ်ဆိုရင် ဒေသခံ ကျေးရွာသုံး လေးရွာက စုပေါင်း တည်ထားတဲ့ ထုံးဖြူစေတီကလေး တစ်ဆူရှိတယ်။ နိုဝင်ဘာ လမှာ ဘုရားပွဲ နှစ်စဉ် လုပ်နေကြ။ စေတီတ၀ိုက်ဟာ အေးချမ်းသာယာပြီး၊ သီးပင်စားပင်တွေ၊ တောင်သူတွေ ပိုင်တဲ့ လက်လုပ်ငါးမွေးကန်တွေနဲ့ ပြည့်နေတယ်။ ဆောင်းညနေခင်း တွေမှာဆိုရင်တော့ လယ်သမားတွေရို့တဲ့ တောင်ယာ မီးခိုးငွေ့တွေနဲ့ စေတီပတ်ဝန်းကျင် တစ်ခုလုံးဟာ အုံ့မိုင်းနေတတ်တယ်။

မနက်စောစောအိမ်ကနေရုံးကို လမ်းလျှောက်ပြီးသွားနေကျ။ ညနေမှောင်ရီဖြိုးဖျအချိန်၊ အလုပ်တွေပြီးလို့ ၀ရံတာကလေးမှာရပ်ပြီး အတွေးနယ်ချဲ့လို့ဝတဲ့အချိန်ကျမှ အိမ်ကလေးကို လမ်းလျှောက်ပြန်သွားနေကျ။ နွေနွေမိုးမိုးဆောင်းဆောင်း မပျက်မကွက် စူးစူးနစ်နစ် ကျနော် လုပ်ခဲ့ဘူးတယ်။

ကျနော့်အိမ်ဘေး ဟိုင်းဝေးလမ်းမကြီးကနေ မြောက်ဘက်ကိုဆက်သွားမယ်ဆိုရင် အသီးအနှံ တွေနဲ့ ပန်းအမျိုးမျိုး အများဆုံး ထွက်ရှိရာ ဖြစ်တဲ့ ဖုတ်ဖတ်ဆိုတဲ့ တောင်သူ မြို့ကလေးကို ရောက်တယ်။ အဲဒီကနေဆက်သွားရင် အုန်းဖျန်အမည်ရတဲ့ ဒုက္ခသည်စခမ်းနဲ့ အဲဒီကနေ ဆက်သွားမယ်ဆိုရင် နိုဖိုးဆိုတဲ့ ဒုက္ခသည်စခမ်းရှိတယ်။ နိုဖိုး ဒုက္ခသည်စခမ်းကို သွားမယ် ဆိုရင်တော့ တစ်ရက်ခရီး နီးနီးကြာတယ်။ တောင်ပတ်လမ်းဆိုတော့ အကွေ့ အကောက် တွေများတယ်။ မိုးတွင်းဆိုရင် ကားတွေမကြာခဏ တိမ်းမှောက်တတ်ကြတယ်။

အိမ်ဘေးဟိုင်းဝေးလမ်းမကြီးကနေပြီး တောင်ဘက်ကိုသွားရင်တော့ မြို့တော်တည်ရှိရာကို ရောက်တယ်။ အဲဒီခရီးကလည်း တရက်နီးနီး ကြာတယ်။

အဲဒီပတ်ဝန်းကျင်တ၀ိုက်က ရွာသူရွာသားတွေက တောင်သူလယ်သမားတွေများတယ်။ တောင်သူဆိုပေမဲ့ ငွေကြေးပြည့်စုံကြတယ်။ တနှစ်ကို သုံးသီးစား စိုက်ကြတယ်။ ကားစီး နိုင်ကြတယ်။ လယ်ထဲအထိမြေနီခင်း လမ်းတွေဖောက်ထားတယ်။ ကားတွေ ဆိုင်ကယ် တွေနဲ့ လယ်ထဲကိုသွားတယ်။ ကိုယ်ပိုင်ရေစုပ်စက်တွေနဲ့ ရေတင်ပြီး အသီးအနှံတွေ စိုက်ကြတယ်။

ကျွဲနွားတွေနဲ့ လယ်မလုပ်ကြတော့ဘူး၊ ခေတ်မီစက်ပစ္စည်း နည်းကိရိယာတွေနဲ့ ထွန်ယက် စိုက်ပျိုးကြတယ်။ လူရှိတဲ့နေရာတိုင်းမှာ လျှပ်စစ်မီးရှိတယ်၊ တယ်လီဖုန်းလိုင်းရှိတယ်၊ ရေပိုက်နဲ့ သွယ်ယူထားတဲ့ ကောင်းမွန်တဲ့ ရေပေးဝေရေးစနစ်ရှိတယ်။ နယ်စပ်အစွန်အဖျား ရွာငယ်လေး တစ်ရွာကနေ နိုင်ငံတကာကို အင်တာနက် အီးမေးကနေတစ်ဆင့် အဆက် အသွယ်လုပ်လို့ ရတယ်။ ဖုန်းဆက်လို့ရတယ်။

ရုပ်ဝတ္တူဖွံ့ဖြိုးတိုးတက်ပေမဲ့ ရွာသားတွေရဲ့ အသိပညာကတော့ မြို့ကြီးသားတွေနဲ့ ရင်ဘောင်မတန်း နိုင်သေးတာ ၀န်ခံရမယ်။ ကျေးလက် သဘာဝ ပျော်ပျော်ပါးပါး နေတတ်ကြ တယ်။ အရက်ကလေး တမြမြနဲ့နေကြတယ်။ ရွာက ဆံပင်ညှပ်ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်တွေမှာ နေ့လည်နေ့ခင်းဖက်ဆိုရင် သက်လတ်နဲ့ သက်ကြီးပိုင်း အမျိုးသားတွေ စုရုံးစုရုံးနဲ့ နေကြတယ်။ တက္ကသိုလ်ပညာ သင်ယူသူ ရှားပါးနေဆဲပဲ။ လွယ်လွယ်ကူကူ တတ်ဆင်လို့ရပေမဲ့ အင်တာနက် အီးမေးလ်သုံးစွဲသူ အနည်းအကျဉ်းပဲ ရှိနေသေးတယ်။

ရွာကနေ ဟိုင်းဝေးလမ်းမကြီးနဲ့ ဆန့်ကျင်ဘက်ကို သွားမယ်ဆိုရင်တော့ လယ်ကွင်းပြင် တွေကြားထဲမှာ ရွာနဲ့ မြို့ကလေးကို ဆက်သွယ် ထားတဲ့ ကတ္တရာခင်းလမ်းမငယ် တစ်ခုရှိတယ်။ ရွာသားတွေက အဲဒီလမ်းကလေးကနေ မြို့ကိုကားတွေ၊ ဆိုင်ကယ်တွေနဲ့ ဈေးဝယ် သွားကြတယ်။ အဲဒီရွာငယ်ကလေးထဲမှာကိုပဲ စက်ရုံအလုပ်ရုံ ငယ်ငယ်လေးတွေ လေးငါးခြောက်ခု ရှိတယ်။ အားလုံးမှာ မြန်မာပြည်သား အလုပ်သမားတွေကို ခန့်ထားတယ်။

ရွာကလေးကနေ ဟိုင်းဝေးလမ်းမကြီးကိုဖြတ်ပြီး တောင်ဘက်ကို သွားမယ်ဆိုရင်တော့ ငါးမိနစ်လောက်ပဲ ဝေးတဲ့နေရာမှာ နောက်ထပ် ရွာကလေး တစ်ရွာရှိသေးတယ်။ အဲဒီရွာဟာ တစ်ချိန်က ဦးနုရဲ့ ပီသုံးလုံး ပါတီရဲဘော်တွေ အခြေစိုက်တဲ့ ဌာနချုပ်စခန်း ဖြစ်တယ်။ ဦးသွင်ဦးဆောင် တဲ့ အလယ်ပိုင်းတိုင်းစခန်းပေါ့။ အဲဒီတုံးက ဦးသွင်တို့အုပ်စုဟာ ရွာထဲမှာတင် အေကေ သေနတ်တွေ ကိုင်တွယ်ပြီး နေထိုင်ကြတယ်လို့ သိရတယ်။

အဲဒီရွာမှာ ရွာနီးချုပ်စပ်ကို ရေပေးဝေတဲ့ ဆည်တစ်ခုရှိတယ်။ ဆည်ထိပ်မှာ ဦးနုတည်ခဲ့တယ် ဆိုတဲ့ ဘုရားတစ်ဆူလည်း ရှိတယ်။ ဘုရားက အတော်အတန် ကြီးပေမဲ့ ဒေသခံ အာဏာပိုင် တွေက ပြန်လည်ပြုပြင်မူ မလုပ်ကြဘူး။ ဦးနုကိုယ်တိုင်လည်း အပြီးသတ်အောင် တည်သွားနိုင်ခဲ့တာ မဟုတ်ဘူး။

ညပိုင်းလူခြေတိတ် ချိန်တွေမှာဆိုရင် ကတ္တရာလမ်းမကြီးပေါ်မှာ အော်ဟစ်ပြေးလွှားနေတဲ့ ကားသံတွေကို ကျနော့်အိမ်ကလေးကနေ ဆူညံစွာကြားနေရ တတ်ပါတယ်။ ပုစင်းရင်ကွဲ သံတွေ.. တစ်ခါတစ်ခါ စူးစူးဝါးဝါး ထိုးဟောင်တတ်တဲ့ ခွေးအူသံတွေကလွဲရင် ရွာကလေး ဟာ အမှောင်ထုအောက်မှာ တိတ်ဆိတ်နေတတ်တယ်။ တစ်ခါတခါမှာတော့ မူးယစ်နေတဲ့ ကားသမားက လမ်းပေါ်က ဆိုင်ကယ် မောင်းသူ၊ လမ်းလျှောက်သူတွေကို ၀င်တိုက်သွားတာ တွေကလွဲရင် ရွာကလေးဟာ အေးချမ်းပါတယ်။

ဒီလိုနဲ့ ကာလတွေကြာလာတော့ ရွာကလေးဟာ ကျနော့်ဇာတိမွေးရပ်လိုဖြစ်လာတယ်။ ဒေသခံရွာသားတွေ ကလည်း ကျနော်တို့ကို သိကြတယ်။ ရန်မမူကြဘူး။ ဖော်ရွေကြတယ်။ ဆောင်းရက်တွေမှာ သခွပ်ပွင့်ကောက်၊ ညနေခင်း မြေနီလမ်းကလေးတွေမှာ လမ်း လျှောက်၊ နွေရက်တွေမှာ တမာရွက်နုခူး၊ စေတီကလေးကိုသွားဖူး၊ မိုးရက်တွေမှာ ဒေသခံတွေဖမ်းလာတဲ့ ဖားငါးတွေကို ချက်ပြုတ် စားသောက်ရင်းနဲ့ ရွာကလေးဟာ ကျနော့်ရဲ့ ဒုတိယအိမ် ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ခုတော့ ရွာကလေးဟာ ကျနော့်ဘ၀ထဲကို ထဲထဲဝင်ဝင် တိုးဝင် လာခဲ့ပြီး.. လယ်ကွင်းတွေပတ်လည်ဝိုင်းထားတဲ့ နယ်စပ်အစွန်အဖျားက ရွာငယ်ကလေးအပေါ်မှာ ကျနော့်ရဲ့ ခင်မင်တွယ်တာမူဟာ ကြီးမားသထက် ကြီးမား လာခဲ့တာ ငြင်းဆန်လို့ မရနိုင် တော့ပါဘူး။

မှတ်ချက်။ ။ ဤပိုစ့်တွင်အသုံးပြုထားသောပုံမှာ အင်တာနက်ကနေရှာထားတဲ့ ထိုင်းရွာကလေးတစ်ရွာရဲ့ပုံ ဖြစ်ပါတယ်။

ငြိမ်းချမ်းအောင်

Read More...

24 November, 2008

လူကြိုက်များတဲ့သီချင်း

နေရောင်ခြည်အလင်းနဲ့
တဖိတ်ဖိတ်တောက်ပနေတဲ့ကောင်းကင်အောက်မှာ
လမ်းဘေးကအလေ့ကျပန်းတစ်ပွင့်တောင်မှ
မြင်ရတာရင်သပ်ရှုမောဖွယ်

အဟောင်းအမြင်းအဆောက်အအုံတွေကိုဖြိုဖျက်
အဆန်းအသစ်နည်းပညာတွေနဲ့ခရီးဆက်ခဲ့
မဟာလူသားတွေရဲ့စွမ်းပကား
အတားအဆီးအကန့်အသတ်မှန်သမျှကျော်ဖြတ်ခဲ့

ငါတို့
လကမ္ဘာကိုရောက်ခဲ့ပြီ
ဟိမ၀န္တာတောင်ကိုတက်ခဲ့ပြီ
ပစိဖိတ်သမုဒ္ဒရာကြီးကိုဖြတ်ကူးခဲ့ပြီ

အပူဒဏ်ကိုတွန်းလှန်ဖို့
လေအေးပေးစက်တွေလဲရှိပြီ
အအေးဒဏ်ကိုအလဲထိုးဖို့
အပူပေးစက်တွေလည်းရှိပြီ
ရာသီစာသီးပင်တွေ
ရာသီမရွေးစားသုံးလို့ရပြီ

တယ်လီပသီမလိုဘူး
ဘိုးဘိုးအောင်နဲ့ဘိုးမင်းခေါင်ကို အပူကပ်စရာမလိုဘူး
ယုတ်စွအဆုံး ၀ါယာကြိုးခွေတွေလည်းမလိုဘူး
ကွန်ပြူတာဖွင့်လိုက်ဖို့ပဲလိုတယ်
ဝါရှင်တန်ပိုစ့်ဖတ်လို့ရပြီ
ဘန်ကောက်ပိုစ့်ဖတ်လို့ရပြီ
ဘလောဒ့်တွေဖတ်လို့ရပြီ

တစ်ခုပဲ
အယူတိမ်းနေတဲ့နတ်စိမ်း
အယူလွဲနေတဲ့သရဲသဘက်တွေကို
တရားမပြနိုင်သေးတာ ၀မ်းနည်းဖွယ်
မသုတ်သင်နိုင်သေးတာ ရင်နာဖွယ်

ဟစ်တလာသေတော့
ဒုတိယကမ္ဘာစစ်ကြီးအဆုံးသတ်သွားခဲ့တယ်
နေ၀င်းသေတော့ အသုဘ လိုက်ပို့သူမရှိခဲ့ဘူး
ပိုပေါ့စ်သေတော့ ကမ်ဘောဒီးယန်းပြည်သူတွေ ၀မ်းမနည်းခဲ့ကြဘူး

စင်းနီတုံးပေါ်က ငါးတစ်ကောင်ရဲ့ မျက်လုံးမျိုးနဲ့မကြည့်နဲ့
ရေထဲစုံးစုံးနစ်မြုပ်မသွားခင်အချိန်အထိ
မျှော်လင့်ချက်ဟာ တလက်လက်ရှင်သန်နေဆဲ

တိုက်ပွဲမှာအနိုင်ရသွားတဲ့ စစ်သူကြီးရဲ့
မောက်မာရိုင်းပျတဲ့စကားလုံးမျိုးတွေမသုံးနဲ့
တိုက်ပွဲရှိနေသ၍ အရူံးအနိုင်ရှိနေသေးတယ်

လေပြည်မှာအောက်ဆီဂျင်မရှိရင်လည်း
မုန်တိုင်းမှာအောက်ဆီဂျင်ရှာကြရုံပေါ့

လမ်းဘေးမှာတောင်းစားနေရတဲ့
သူတောင်းစားတွေကိုကြင်နာပါ
မသမာတဲ့နည်းနဲ့ အလုပ်ဖြစ်နေတဲ့
ခေတ်ပျက်သူဌေးတွေကို ရှောင်ခွါပါ

လမ်းတွေရှိနေသ၍ဆက်လျှောက်နေရမယ်
တောင်တွေရှိနေသ၍ဆက်တက်နေရမယ်
သမုဒ္ဒရာတွေရှိနေသ၍ကူးဖြတ်နေရမယ်

မနက်ဖြန်ဆိုတဲ့
မိုးကောင်းကင်အောက်မှာ
မဖြစ်နိုင်တာမရှိဘူး
မဖြစ်သေးတာပဲရှိတယ်

ငြိမ်းချမ်းအောင်

Read More...

21 November, 2008

ဂုရုသို့... ချယ်ရီသ၀ဏ်

ဂုရုရေ..
စိမ်းလန်းတဲ့ ရှမ်းရိုးမတောင်တန်းတွေမှာ
ခုချိန်ဆို ချယ်ရီပန်းတွေပွင့်နေလောက်ပြီ..

မြေပြန့်သားကြီးအသည်းဆိုင်ကို
စွဲကိုင်ရစ်သူ မိန်းမသား
ခုနစ်ပြည်ထောင်မင်းအပေါင်းလက်မိုင်ချနိုင်တယ်
ရိုးရာဗုံနဲ့လက်ဖက်ပန်းခူးကကြိုးကကွက်တွေရဲ့မှော်အတတ်မှာ
မြေပြန့်သားကြီးကျဆုံးသွားခဲ့ပါသလား

ရှမ်းကုန်းပြင်မြင့်
ပဲပုတ်ဆားထောင်းထမင်း
တောင်ပေါ်ရိုးရာဗုံသံ
ငွေနဲ့ယက်တဲ့သင်္ကန်းအလှတွေကို
အရူးအမူးချစ်တတ်ခဲ့သူ

လက်ဖက်တွေပွင့်တဲ့အရပ်ကို
လိုက်ခဲ့ပါရစေလို့
တခုတ်တရ ကမ်းလှမ်းခဲ့ပေမဲ့
တောင်ပေါ်သူ ပန်းချယ်ရီချောအလှက
အဆင်းမလှတဲ့မောင်ကြီးကို
ယောင်လို့တောင်စိတ်မယိုင်ခဲ့လေတော့
မောင့်ထိုက်နဲ့မောင့်ကံပေါ့ခင်

ချယ်ရီပန်းကိုမြင်မှ
ဘ၀ကအသစ်တစ်ဖန်ပြန်လည်မွေးဖွားလာခဲ့
ရန်သူကိုဘယ်တော့မှဒူးမထောက်ခဲ့ပေမဲ့
ချယ်ရီပင်အောက် ဒူးထောက်ခဲ့ဖူးတာ
ရင်ထဲကပြင်းပြတဲ့အချစ်ဆန္ဒကြောင့်ပါ မိချယ်ရီ

ကြုံသလိုနေ ဖြစ်သလိုစား
ကိုယ့်တပ်ရှိရာအရပ်ကို
ကိုယ့်ဇာတိမွေးရပ်လို့သတ်မှတ်
“လက်နက်ကိုင်တိုက်ပွဲနဲ့
လူထုလူပ်ရှားမူပေါင်းစပ်ရေး”
အလံအောက်မှာ
ဆံချည်တစ်မျှဉ်မှ မသွေဖည်ခဲ့ပါဘူး

ရေထဲမိုးထဲ
အနှစ် (၂၀) ခရီးကြမ်းထဲ
အလံမလှဲ
ရေဆန်ကို ဆုန်ကန်တက်ခဲ့တယ်
သမိုင်းပေးတာဝန်ကျေပွန်ဖို့
မိဝေးဖဝေး တနယ်တကျေးမှာ
စစ်ရေးကိစ္စတွေနဲ့လုံးပမ်း
အချစ်ရေးကိစ္စတွေမှာ
မောင်ကြီးဟာအဖြစ်မရှိသူပါ ပန်းချယ်ရီ

ခုတော့
ချယ်ရီနဲ့လွဲခဲ့လို့
ဒေါနလက်ကိုဆွဲပြီးဘ၀ကြမ်းကို အားခဲဖြတ်မယ်ကြံခါမှ
ကံမလှသူမြေပြန့်သားမောင်ကြီးဟာ
စစ်ရေးလည်းမသာ
အချစ်ရေးလည်းချာခဲ့ပြီမို့
ဒေါနရေ.. ဒီဘ၀မှာဖြင့် ကိုယ့်ကိုမေ့လိုက်ပါတော့..

ဂုရုရေ..
စိမ်းလန်းတဲ့ ရှမ်းရိုးမတောင်တန်းတွေမှာ
ခုချိန်ဆို ချယ်ရီပန်းတွေပွင့်နေလောက်ပြီ..

ငြိမ်းချမ်းအောင်

Read More...

18 November, 2008

ကျနော့်ရဲ့အလိုက်ကမ်းဆိုးမသိမူများ

တိမ်ပြာတဲ့တနင်္ဂနွေတစ်နေ့မှာ
အညောင်းမိနေတဲ့စိတ်ကို အနားပေးဖို့
ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံးပြတိုက်တစ်ခုကို
အလည်ရောက်ခဲ့တယ်

တိုတောင်းပြီး 
 
လုပ်စရာတွေက သိပ်ကိုများတဲ့လူ့ဘ၀မှာ

သက်တမ်းပြည့်တာဝန်ယူပြီးသွားတဲ့
နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့
လောကအမြင်ကိုမေးစမ်းကြည့်ချင်တယ်

“ပိုက်ကွန်ထဲကရုန်းထွက်လွတ်မြောက်သွားတဲ့
ငါးတွေအကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့
တံငါသည် စီမီနာတစ်ခုလောက်လုပ်ကြည့်ချင်တယ်

အိပ်မက်နဲ့လက်တွေ့ဘ၀ဟာအလှမ်းကွာဝေးနေဆဲ
အောက်ဆီဂျင်မရှိတဲ့နေ့တွေမှာလည်း
ကျနော်တို့ဟာဆက်လျှောက်နေရဆဲ

စိတ်တိုင်းမကျဘူး

မကြေနပ်ဘူး
နွေဦးကဘယ်တော့ရောက်မှာလဲ
ပီပီပြင်ပြင်မဖြစ်သေးတဲ့ဆောင်းမှာတောင်
ကျနော်ကအအေးကြိုမိနေတယ်

ယဉ်ကျေးမူများကူးလူးဆက်နွယ်သည်ပဲဆိုပါစို့
ဒေသခံတစ်ယောက်နဲ့ ချိန်းတွေ့မိတယ်
သူ့မှာအရသာခံတတ်တဲ့ လျှာပါလာတာမသေချာဘူး
ကျနော်က အရောင်လွင့်ဂျင်းဘောင်းဘီတစ်ထည်

သူပြောတဲ့စကားလုံးတွေကိုအရသာခံဖို့
ကျနော့်မှာ အပိုနားရွက်တစ်စုံပါမသွားခဲ့တာဆိုးတယ်
သူသွားခဲ့တဲ့ကျောင်းရဲ့ ခမ်းနားထည်ဝါမူဟာ
ကျနော့်ကိုဖျားလောက်တယ်
ကျနော့်ရဲ့အလိုက်ကမ်းဆိုးမသိမူကတော့
သူ့အတွက် အသစ်အဆန်းတစ်ခုခုဖြစ်နေမယ်ထင်ရဲ့

လကမ္ဘာပေါ်ကကျောက်တုံးနမူနာတစ်ကို
ကျနော့်လက်နဲ့ကိုင်တွယ်စမ်းသပ်ကြည့်မိတယ်
ဒိုင်နိုဆောသတ္တ၀ါတွေထက်အိန္ဒိယကရောက်လာတဲ့
စိန်တုံးကြီးကို လူတွေပိုပြီးစိတ်ဝင်စားနေတာသေချာတယ်
၁၉၆၉မှာ အပိုလို ၁၁ ထဲပါသွားတဲ့
အာကာသယာဉ်မူး
အမ်းစထရောင်းဆိုတာ ကျနော်မေ့နေတော့
သူမက အပေါ်စီးကနေ ကျနော့်ကိုတချက်ကြည့်တယ်
နိုင်ငံတကာရှားပါးပစ္စည်းတွေက
အမေရိကားမှာဘယ်လိုဖြစ်ပြီးစုပြုံရောက်ရှိနေရတာလဲ

ကွန်ဖြူးရှပ်ကနေအဲလ်ဘတ်ကမူးအထိ
မက်ခီယာဘီလီကနေမက်ကနာယားမားအထိ
စပင်နိုဇာနဲ့ဟေရာကလိုက်တပ်
ကားလ်မက့်နဲ့ဒေးဗစ်ဟယွမ်း
သူအထင်သေးတာ မခံနိုင်လို့
ကျနော်အလွတ်ရွတ်ပြဖြစ်တဲ့ စကားလုံးများ
သူမက ကျနော့်ထက်ပိုပြီးလက်တွေ့ကျတယ်
အိုဘားမားကို ပိုပြီးစိတ်ဝင်စားပုံပြတယ်

အီရတ်ကိစ္စမှာ သူမနဲ့ကျနော် အနည်းငယ်သဘောထားကွဲကြပေမဲ့
ဗီယက်နမ်စစ်မှာ ကျနော်တို့သဘောထားချင်းတိုက်ဆိုင်ခဲ့ကြတယ်
သူမအသက်ရှူသံပြင်းပြင်းတွေမှာကျနော်ကျဆုံးသွားခဲ့ပါသလား
ကျနော့်လက်ဖ၀ါးထဲကိုင်ဆုပ်ထားတဲ့ သူမလက်ဖြူဖြူတစ်စုံကပူနွေးနေခဲ့ပြီး
သူမကိုဆုပ်ကိုင်ထားတဲ့ကျနော့်လက်တစ်စုံကအေးစက်နေကြတယ်

ယောဂလေ့ကျင့်ခန်းတွေအကြောင်း
ခန္ဒာကိုယ်ကိုစနစ်တကျထိန်းသိမ်းဖို့လိုအပ်ကြောင်း
ကျနော်တို့ဆွေးနွေးဖြစ်ကြတယ်
ကလေးတွေကိုချစ်တဲ့သူမက
အိမ်ထောင်တစ်ခုတည်ဆောက်ပြီး
ကလေးငယ်လေးတွေကို
ပြုစုပျိုးထောင်ချင်တဲ့အကြောင်းပြောတဲ့အခါ
သူမရဲ့သူမတူအောင်ပွင့်လင်းမူက
ကျနော့်ကိုအရှက်ရစေတယ်
ကျနော့်ရဲ့အူကြောင်ကြောင်နိုင်မှုက
သူမကိုစိတ်ပျက်စေမယ်ထင်တယ်

ကျနော်တို့နှစ်ယောက်ရဲ့ တနင်္ဂနွေဟာ
ဝါရှင်တန်ပြတိုက်(၂)ခုမှာ အဆုံးသတ်သွားတယ်
ကျနော်တို့နှစ်ယောက်ရဲ့ အာသာဖြေဖျောက်မူဟာ
အပြန်ရထားပေါ်မှာ တစ်ယောက်ခန္ဒာကိုယ်ထဲတစ်ယောက်
အတွင်းကျကျပူးကပ်တိုးခွေ့ရင်း မိုးချုပ်သွားတယ်

ရထားစီးရာမှာ ကော်ဖီသောက်ရာမှာ
ကိုယ့်အဖိုးအခ ကိုယ်ထုတ်ပေးရတဲ့ယဉ်ကျေးမှုက
ကျနော့်တို့နှစ်ယောက်ရှေ့ဆက်ရမဲ့ခရီးကို
အတားအဆီးဖြစ်ခဲ့ပါသလား
အဆုံးသတ်မှာတော့ သေချာခဲ့ပြီ
ကျနော့်နာတာရှည်ဝေဒနာဟာ
ဆေးမြီးတိုကုထုံးတွေနဲ့မသက်သာနိုင်တော့ဘူးဆိုတာပါပဲ

ကဲ..ရှိစေတော့
ပိတ်နေတဲ့တံခါးတွေဖွင့်ဖို့
လှောင်အိမ်ထဲက ငှက်တွေလွှတ်ဖို့
လောင်မြိုက်နေတဲ့မီးတွေ ငြိမ်းသတ်ဖို့
လူ့ဘ၀ကို ကျနော် အရောက်လာခဲ့တယ်
မကျေနပ်တဲ့သူ လဲသေလို့ရတယ်။...။

ငြိမ်းချမ်းအောင်

Read More...

16 November, 2008

ခေါင်းမာသူတစ်ယောက်နှင့်ဆွေးနွေးခြင်း

ခင်ဗျားတို့ကခဏခဏခေါ်တယ်
ကျနော်တို့ကလာရတာမလွယ်ဘူး
ခရီးတစ်ခေါက်ထွက်တိုင်း
အောက်ထစ်အနှစ်(၂၀)ကြမ်းခင်းဈေးပေါက်တယ်
တွေ့ရင်လည်းပါးစပ်ကအမြှုပ်တစီစီထွက်အောင်
ခင်ဗျားမို့မပြီးနိုင်မစီးနိုင်ပြောနိုင်လွန်းတယ်
ခင်ဗျားစကားတွေကြားရတာများလို့ အလွတ်တောင်မှတ်မိနေပြီ
ကျနော်တို့ကဟိုမှာ ပြောတိုင်းလုပ်လို့ရတာမဟုတ်ဘူး
အခြေအနေကြည့်ပြီးအကောင်းဆုံးမီးစင်ကြည့်ကနေရ
စာရွက်တစ်ရွက်ပရင့်စ်ထုတ်ဖို့
ကြေငြာချက်တစ်စောင်ထွက်ဖို့
ကဗျာစာအုပ်တစ်အုပ်ဖြစ်ဖို့
အစည်းအဝေးတစ်ခါလုပ်ဖို့
ခင်ဗျားတို့နဲ့ဖုန်းစကားပြောဖို့
အောက်ထစ်အနှစ်(၂၀)ကြမ်းခင်းဈေးပေါက်တယ်ဆိုတာသဘောပေါက်
ကျုပ်သွေးဘယ်လောက်ရဲရဲ
ဟိုအထဲရောက်ရင် သူတို့လက်ခုပ်ထဲကရေ
အောင်သပြေကကျော်ရင်
အခက်ခဲဆုံးစာမေးပွဲတစ်ခု အောင်တယ်လို့မှတ်
ဟိုဟာကြီးထဲမှာဟိုဟာလေးထပ်ကျဖို့က ကျုပ်အတွက်သေချာပြီးသား
လောက်ကောင်ရောတဲ့ထမင်း အပ်နဖားလောက်စိမ်းစားငပိနဲ့
ကျော်ဖြတ်ရမဲ့အနှစ်(၂၀)
ထမင်းတင်မဟုတ်ဘူး သတင်းပါငတ်ဖို့သေချာပြီးသား
ဖျားနာလို့ဆေးထိုးတဲ့အခါ အိပ်စ်အိုင်ဗွီပိုးကူးစက်နိုင်သေးတယ်
တကယ်လို့ ကျုပ်သာအထဲရောက်သွားခဲ့ရင်
အမေနဲ့ညီမလေးကို ခွေးမသားတွေ နှိပ်စက်ကြဦးမယ်
သူရဲဘောကြောင်လို့ ပြောနေတာမဟုတ်ဘူး
သွေးရဲလို့မပြေးပဲ အနီးကပ်တိုက်စစ်ဆင်နွှဲနေတာ
ကိုယ့်ကိုကိုယ်သရဏဂုံတင်ပြီးမှ ဒီစကားတွေပြောနေတာ
ဒီကိုတစ်ခါတခါလာဖို့ ညီမလေးစက်ဘီးပေါင်နှံရတယ်
ခင်ဗျားတို့လို လေယာဉ်စီးပြီး ခရီးထွက်နေနိုင်တာမဟုတ်ဘူး…။

ငြိမ်းချမ်းအောင်

နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော လုပ်ဖော်ကိုင်ဖက်ရဲဘော်တစ်ယောက်အတွက် ရည်ရွယ်ရေးဖွဲ့ပါတယ်။

Read More...

11 November, 2008

မေမေနဲ့ စကားစမြည်

အေဒီအက်လ်အယ် ၀ိုင်ယာလက်
အင်တာနက် ဟိုက်စပိတွေလည်း တပ်ပြီးပြီ
စကိုင်းပိ ဂျီတော့ ဗွီဇက်အိုချက်တင်း တယ်လီကွန်ဖရင့်
ကွန်မြူနကေးရှင်းချယ်နယ်တွေလည်း တည်ဆောက်ပြီးပြီ
စတက်ဒက်ဂျီ အိုင်ဒီယော်လော်ဂျီ ပေါ်လစီ ထရိန်နင် ၀ပ်ရှော့ စီမီနာ
အသိပညာ အတတ်ပညာလက်နက်တွေလည်းစုံသလောက်ရှိခဲ့ပြီ
ကျနေတဲ့ စိတ်ဓါတ် ညစ်ထေးဟောင်းနွမ်း နေတဲ့ရင်ခုန်သံကို
ပေါ်လစ်သုတ်အရောင်တင်ဖို့ နည်းလမ်းမရှိသေး

ပုဆိုးခြုံထဲက လက်သီး
အကဲဖြတ်တစ်ယောက်ရဲ့ ဟိတ်ကြီးဟန်ကြီးစကားသံ
အသံသာပြီး အဆံမပါတဲ့ ကြေငြာချက်
သံခင်းတမံခင်း ၀တ်ကြေတမ်းကြေ တောင်းဆိုသံ
ကြည်ကွယ်မျက်ကွယ်စည်းဝေးပွဲ
သင်းကွပ်ခံထားရတဲ့ယူအမ်အဆမ်ဘလီ
ရာသီစာအမီ ကတိုက်ကရိုက် ထွက်ပေါ်လာတဲ့ ရှော့တန်းစတက်ဒက်ဂျီ
မေမေရေ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာဦးမှာလား
ကျနော်တို့ အိုဘားမားကို တကယ်အားကိုးနိုင်မှာလား
လွယ်လွယ်ကူကူနဲ့ အပြောင်းအလဲလုပ်နိုင်မယ်ဆိုရင်
ကျနော်တို့လည်း လုပ်ချင်တယ်မေမေ

ခါးသက်တဲ့ အတိတ်
မရေရာသေးတဲ့ အနာဂတ်
ကျယ်ကျယ်လောင်လောင်ချလိုက်တဲ့သက်ပြင်း
မညီညွတ်နိုင်သေးတဲ့ ညီညွတ်ရေး
ပွင့်လန်းခွင့်မရတဲ့ လောင်းတန်းစတက်ဒက်ဂျီ
အကြပ်အတည်းကြားက ဘဏ္ဍာရေး
လျော့နည်းလာတဲ့ မန်းပါဝါ တွေနဲ့
ကျနော်တို့အောင်ပွဲမရနိုင်သေးဘူး မေမေ

ဘယ်နေရာမှာ မှားခဲ့တာလဲ
လက်နက်လည်းကိုင်ပြီးပြီ
ကွန်ပြူတာလည်းကိုင်ပြီးပြီ
ကျနော်တို့နောက်ထပ်ဘာကိုင်စရာ ကျန်သေးလဲမေမေ

ပန်းပျိုးတဲ့လက်တွေလည်း ပန်းဆိပ်သင့်ကြ
ဗမာပြည်ဖွတ်မွဲပြာထိုင်ဖြစ်စဉ်မှာ
ကျနော်တို့ဟာ တရားခံတွေမဟုတ်ပါဘူးမေမေ
စစ်ဗိုလ်ချုပ်တွေသာ တရားခံအစစ်ဖြစ်ကြောင်းပါ
အမှောင်ခေတ်ကသမိုင်းတင်ရစ်လိမ့်မယ်

ကလေးငယ်တွေအတွက်ပေးချင်တဲ့ အနာဂတ်လက်ဆောင်
အဖိုးအဖွားတွေမျှော်လင့်နေတဲ့ ဒီမိုကရေစီနဲ့ ထာဝရငြိမ်းချမ်းရေး
အလှမ်းဝေးနေဆဲပဲ မေမေ

မေမေရေ
၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်လိုအဖြေထွက်မှာလဲ
အန်အယ်ဒီရွေးကောက်ပွဲဝင်မှာလား
ယူအန်အေရွေးကောက်ပွဲဝင်မှာလား
ဒီမိုကရေစီတမတ်သား ပါလီမန်တကယ်ပေါ်လာတော့မှာလား
နယ်စပ်က ဖက်ဒရယ်ကွန်စတီကျူးရှင်းလည်း အလုပ်မဖြစ်ဘူးမေမေ
နယ်စပ်က ယူအန်-အန်စိ ပရိုဂရမ်မှာလည်း အကွဲအပြဲတွေရှိနေတာမကောင်းဘူးမေမေ
ဒီကေဘီအေနဲ့ နအဖ တပ်တွေပေါင်းပြီး ကေအန်ယူကို အနိုင်ကျင့်နေကြတယ်မေမေ
အခုလေးတင်ပဲ ကျောင်းသားခေါင်းဆောင်တွေ ထောင် ၆၅-နှစ် ချခံလိုက်ရတယ်မေမေ

ဘာတစ်ခုမှ အရသာမဖြစ်တဲ့နေ့ရက်တွေမှာ
မြင်မြင်သမျှဟာ ရူခင်းအသေတွေပဲ
အာရုံမလာဘူး
ကွန်ပြူတာမျက်နှာပြင်ဟာအသေ
ရေဒီယိုကသတင်းတွေအသေ
နှလုံးသားအသေ
ဘ၀အသေ
ကျနော့်စိတ်ကူးစိတ်သန်းတွေလည်း သေနေကြတယ်မေမေ

ရေရှည်စစ်အတွက်ပြင်ဖို့ဆိုရင်
နယူးအိုင်ဒီရော်လော်ဂျီ
နယူးဘလဒ်
နယူးမက်သပ်တွေ လိုအပ်နေတာ
သေချာပါတယ်မေမေ။..….။

မဇ္ဇျိမ ဒီဇင်ဘာလ 15 ရက် 2008 တနင်္လာနေ့။
http://www.mizzimaburmese.com/yatha-bank/poem/2147-2008-12-15-11-44-49.html

ငြိမ်းချမ်းအောင်

Read More...

09 November, 2008

ဇာတ်လမ်းနှစ်ပုဒ်

ဇာတ်လမ်းတစ်ပုဒ်မှာ
သူမက လူကုံထံ နတ်သမီး
ကျနော်က တန်ဖိုးထားမခံရတဲ့ စွန့်ပစ်ပစ္စည်း
သူမစီးတဲ့ ကားတန်ဖိုးကို ကျနော်တစ်ခါမှ စိတ်ကူးမကြည့်မိဘူး
ကျနော်မက်တဲ့ အိပ်မက်တွေအကြောင်း သူမက စိတ်မ၀င်စားဘူး
သူမသုံးတဲ့ ရေမွှေးအမည်နာမကို ကျနော်မသိဘူး
ကျနော်သုံးတဲ့ အပေါစား ဆပ်ပြာခဲအမှတ်တံဆိပ် သူမအာရုံမှာမရှိဘူး
သူမဆိုးတဲ့ လက်သည်းဆိုးဆေး ဒီဇိုင်းမျိုး ကျနော်တစ်ခါမှ မမြင်ဖူးဘူး
ကျနော့် တောဂိုက်ကို (အချိန်တွေကြာလာတာနဲ့အမျှ) သူမ မကြည်ဖြူတော့ဘူး
သူမ အပေါင်းအသင်းတွေကို ကျနော် ကြည့်မရဘူး
ကျနော့် အပေါင်းအသင်းတွေကို သူမ အထင်မကြီးဘူး
သူမက ကျနော်နဲ့ လျှောက်လည်ချင်တယ်၊ တွတ်ထိုးချင်တယ်
ကျနော်က သူမကို (ကျနော်အလုပ်လုပ်နေတဲ့အခါ) နံဘေးမှာ တိတ်တဆိတ်ထိုင်နေစေချင်တယ်
သူမက အတွေ့ကို မက်မောတယ်
ကျနော်က အငွေ့ကို တန်ဖိုးထားတယ်
သူမအတွက် ကျနော်ဟာ အလုပ်အကိုင်မယ်မယ်ရရ မရှိသူ
ဒါမှမဟုတ် ၀င်ငွေမရှိတဲ့ အလုပ်ကို လုပ်ကိုင်နေသူ
ကျနော့်အတွက် သူမဟာ မိဘပိုက်ဆံထိုင်ဖြုန်းနေသူ
ဒါမှမဟုတ် ဘ၀ကို ပေါ့ပျက်ပျက်ဖြတ်သန်းချင်သူ
တစ်ယောက်ကို တယောက်နားလည်ဖို့ မကြိုးစားမိခဲ့ကြဘူး
ကျနော့်မှာ ကုန်ထုတ်လုပ်မူမရှိဘူး
သူမမှာ ကိုယ်ပိုင်ဝင်ငွေမရှိဘူး
ကျနော်တို့နှစ်ယောက်ပေါင်းဖက်ရင်
ရေရှည်တည်တံ့တဲ့ ဘ၀တစ်ခု ဖြစ်မှာ မသေချာဘူး
ဒီလိုနဲ့ သူမနဲ့ကျနော် လမ်းခွဲခဲ့ပါတယ်။

ဇာတ်လမ်းတစ်ပုဒ်မှာ
သူမက နေ့စားလရှင်း စက်ရုံအလုပ်သမ
ကျနော်က အနာဂတ်ဝါဒီ ဂုဏ်သရေရှိ လူကြီးလူကောင်း
ဒေသအခေါ်အရ ဘွဲ့ရခေတ်ပညာတတ် သူမဟာ
ကျနော့်အမြင်မှာ အသိပညာဏ်နုံနဲသူ
သူမပြောတဲ့ စကားတွေကို ကျနော် ခံစားလို့မရဘူး
ကျနော်ပြောတဲ့ စကားတွေကို သူမ သဘောမပေါက်ဘူး
ကျနော်က အနာဂတ်အကြောင်းစဉ်းစားနေတဲ့အခါ
သူမက သူမလုပ်အားခကို စိတ်ကူးနဲ့ ဈေးတွက်တွက်နေတတ်တယ်
သူမမှာ လှပတဲ့ မျက်နှာနဲ့ အချိုးအစားပြေပြစ်တဲ့ ခန္ဒာကိုယ်ရှိတယ်
ကျနော့်မှာ ချီတုံချတုံဖြစ်နေတဲ့ စိတ်ကူးတွေရှိတယ်
သူမအနာဂတ်က ကျနော့်အတွက် ကျဉ်းမြောင်းလွန်းတယ်
ကျနော့်အနာဂတ်က သူမအတွက်ကြီးကျယ်လွန်းတယ်
သူလုပ်တဲ့အလုပ်ကို ကျနော်မလုပ်နိုင်ဘူး
ကျနော်လုပ်တဲ့အလုပ်ကို သူနားမလည်ဘူး
သူ့မှာ သူမကို မှီခိုနေတဲ့ မိသားစုကြီးရှိတယ်
ကျနော်က အနာဂတ်အတွက် စဉ်းစားနေရတယ်
သူမမှာ အမှီအခိုကင်းတဲ့ လွတ်လပ်ခြင်းမရှိဘူး
ကျနော့်မှာ မျက်ကန်းတစ္ဆေမကြောက် မိုက်ရဲတဲ့ သတ္တိမရှိဘူး
သူမနဲ့ ကျနော်ပေါင်းဖက်ရင်
ရေရှည်တည်တံ့တဲ့ ဘ၀တစ်ခုဖြစ်မှာ မသေချာဘူး
ဒီလိုနဲ့ ကျနော်နဲ့သူမ လမ်းခွဲခဲ့ပါတယ်။

အချစ်မှာ စိတ်ကူးယဉ်မူထက်ပိုပြီး
လက်တွေ့ကျတဲ့
အဓိပ္ပါယ်တွေရှိတယ်…။

ငြိမ်းချမ်းအောင်
၈ သြဂုတ် ၂၀၀၈

Read More...

13 October, 2008

မိုဒီလျာနီ

လန်းဆန်းတက်ကြွနေတဲ့အခါ
မင်းသားတစ်ပါးလို ထည်ဝါခန့်ငြားပြီး
သူစိတ်ဓါတ်ကျတဲ့အခါ
တစ္ဆေတစ်ကောင်လို အရုပ်ဆိုးအကျည်းတန်တယ်
သူ့နှလုံးသားက ရောင်စုံသက်တန့်တစ်ခုလို
တဖိတ်ဖိတ်တောက်ပလို့
သူ့အသွေးအသားထဲမှာတော့
အရောင်တွေ အရိပ်တွေ ရနံ့တွေ
မြစ်ရေလို တရဟောဖြတ်သန်းစီးဆင်း
တစ်ခါတစ်ခါ တောရိုင်းတိရစ္ဆာန်တစ်ကောင်လို ဆူညံပေါက်ကွဲတတ်ပြီး
တစ်ခါတစ်ခါ သင်္ချိုင်းတစ်စပြင်တစ်ခုလို တိတ်ဆိတ်ငြိမ်သက်တတ်သူ
"မိုဒီလျာနီ"
မျက်တွင်းဟောက်ပက် နံရိုးပြိုင်းပြိုင်း
အနုပညာ တစ္ဆေတစ်ကောင်
ကင်းဘတ်စပေါ်ကျလာတဲ့ ရောင်စုံ ဆေးစက်တွေမှာ
သူ့ဝိညာဉ်ဟာ ကပ်ညိလို့
သူ့ဆီမှာ အချစ်က ပေါင်မုန့်အသိုးတစ်လုံး
သူ့ဆီမှာ အချစ်က တစ်ရှူးအဟောင်းတစ်ခု
တစ်ခါတခါ
အချစ်က သူ့အတွက် နှင်းဆီဖြူတစ်ပွင့်လည်းဖြစ်ရဲ့
ညပေါင်းများစွာ
ရင်ခွင်ပေါင်းများစွာ
မှောင်မိုက်နေတဲ့ မောင့်မတ် အခန်းကျဉ်းထဲမှာ
အရိုးကွဲအောင်အေးတဲ့ ပါရီဆောင်း နှင်းထုအောက်မှာ
ကိုယ်လုံးတီး ကိုယ်ဟန်ပြမယ်လေးရဲ့ မျက်လုံးတွေထဲမှာ
မောကြီးပမ်းကြီး သူရှာဖွေနေခဲ့တဲ့ အရာ
အလှနဲ့ သစ္စာလား
အချစ်နဲ့ အနုပညာလား..

ကမ္ဘာမြေအတွက် အချစ်နဲ့အသစ်တွေကိုပဲ အမြဲတမ်းပေးခဲ့တယ်
သူပြန်ရခဲ့တာက အဟောင်းအမြင်းအပုတ်အသိုးတွေ
ဓါးတစ်ချောင်းလို ချွန်ထက်တဲ့ အနုပညာ
သာမန်မျက်စိနဲ့ကြည့်ရင် မြင်တွေ့နိုင်မှာမဟုတ်ဘူး
ဘယ်သူ့မျက်နှာမှသူမကြည့်ဘူး
သွေဖည်မူမရှိဘူး၊ ရှေ့ကိုပဲ မရပ်မနားသွားခဲ့
ထက်မြက်တဲ့ အနုပညာကို
သာမန်နှလုံးသားနဲ့ ခံစားကြည့်လို့ မတွေ့ထိနိုင်ဘူး
မာနဟာ အသွေးအသားထဲမှာ
မွေဟောက်တစ်ကောင်လိုပါးပြင်းထောင်ထ
သူ့အနုပညာဟာ သူ့မာနအရောင်အသွေးလို
အလံတလူလူ လွင့်လို့
တစ်လောကလုံးကို နာကျည်းနေတဲ့ တစ္ဆေတစ်ကောင်
တစ်လောကလုံးနဲ့ ရန်တုဖက်ပြိုင်ဝံ့သူတစ်ယောက်
အချစ်ကိုတွေ့ရှိခြင်းဟာလည်း
ယဉ်ကျေးတဲ့ လူသားအဖြစ်ကို ရရှိခြင်းပါပဲ
“ဂျင်ပ်း…ရေ”
ငါ့မျက်လုံးတွေထဲ မင်းမြင်အောင်ကြည့်လှည့်ပါ
အချစ်က ရမ္မက်ထက် ပိုပြီးသိမ်မွေ့တဲ့အရာ
ငါ့နောက်ဆုံးနေ့ရက်တွေမှာ
ပေါင်မုန့်နဲ့ စပျစ်သီးတွေက အရေးမကြီးပါဘူး
ဓမ္မတေးသီချင်းတွေက အရေးမကြီးပါဘူး
အရက်ပြင်းပြင်းတစ်လုံး
ချစ်သူတစ်ယောက်
ပြီးတော့
မီးလိုလောင်မြိုက်နေတဲ့ ငါ့အနုပညာ
နောက်ထပ်ပြီးတော့ကော ဘာတွေလိုအပ်သေးလို့လဲ…

ဘ၀တစ်ခုရခဲ့တယ်
ဘ၀တစ်ခုကို အနိုင်နဲ့ပိုင်းပြီး
တဖက်သတ်အဆုံးသတ် စီရင်သွားခဲ့တယ်…။

မိုဒီလျာနီ ၁၉ ရာစု အီတလီပန်းချီဆရာ

ငြိမ်းချမ်းအောင်

Read More...

24 September, 2008

ဘ၀၏ ပထမဦးဆုံးများ

“ဘ၀၏ပထမဦးဆုံးများ” …. တဲ့။ လွမ်းမောဖွယ် ကောင်းပါသည်။ ငယ်ဘ၀ မွေးဖွားလာချိန်မှ ယနေ့ကာလအထိ ကြုံဆုံခဲ့ရသည့် အဖြစ်အပျက်များကို ပြန်လည် စဉ်းစား တူးဖော်ရသည်မှာ ပျော်ရွှင်ဖွယ်ကောင်းသလို လူတစ်ယောက်၏ မှတ်မိနိုင်စွမ်းကို စမ်းသပ်စစ်ဆေးခြင်းဖြစ်၍ တနည်းအားဖြင့် စိန်ခေါ်မူတစ်ခုဟုလည်း ဆိုနိုင်ပါသည်။ ရင်းနှီးသော ဘလောဒ့်ဂါ ကိုအောင်သာငယ်က ဤခေါင်းစဉ်အားရေးပါရန် သတိတယ ကျနော့်ကို တက်ဂ်ထား၍ ၄င်းအားကျေးဇူးတင်မိသည်။ ကျေးဇူးပဲအစ်ကိုရေ….

ပထမဆုံး မက်ခဲ့ဖူးတဲ့အိပ်မက် - ကဗျာဆရာ၊ စာရေးဆရာ ဖြစ်ရန် (အလယ်တန်းကျောင်းသားဘ၀တွင်)

လူ့လောကထဲသို့ ပထမဦးဆုံး ရောက်ရှိလာသည့်အရပ်ဒေသ - ကျောင်းတော်ရာကျေးရွာ

ပထမဦးဆုံးကစားခဲ့သော ဂိမ်း - သားရေပင်ပစ်ခြင်း

ပထမဦးဆုံး သတိထားနှစ်သက်မိသော အရာများ - ခြေသွားလမ်းကလေးများ၊ လှပ၍သာယာသော ညနေခင်းများ၊ လယ်ကွင်းများ (မူလတန်းကျောင်းသားဘ၀တွင်)

ပထမဦးဆုံး သူငယ်ချင်း - ခင်မောင်ဝင်း (သာဒင်ကြီးဟု အများကခေါ်သည်)၊ မိန်းကလေးများနှင့် မည်ကဲ့သို့ပေါင်းသင်းဆက်ဆံရမည် မသိ၍ ငယ်စဉ်က မိန်းကလေးသူငယ်ချင်းမရှိခဲ့ပါ)

ပထမဦးဆုံးဆရာမနာမည် - ဒေါ်မြင့်မြင့်မြင့်စန်း

ပထမဦးဆုံးဖတ်ဖူးသော စာပေ - ရွှေသွေး၊ မိုးသောက်ပန်းဂျာနယ် (နှစ်စောင်လုံး တစ်ပြိုင်တည်းဖတ်သည်)

ပထမဦးဆုံး ရင်ခုန်မိသူ - အင်္ဂါနေ့တွင်မွေးဖွားသူဖြစ်သည်။ ဖြောင့်စင်းမဲနက်သော ဆံပင်ရှည်ရှည်များနှင့် ဘယ်ဘက်ပါးပြင်ပေါ်တွင် မှည့်နက်ကလေးတစ်လုံးပါကာ ပိန်ပိန်သွယ်သွယ်နှင့် ခန္ဒာကိုယ်ကျော့ရှင်းပြေပြစ်သော အမျိုးသမီးငယ်တစ်ဦးဖြစ်ပါသည်။ သူမသည် ကျနော်တို့မြို့ငယ်ကလေးတွင် ကာလသားများ အကြား၌ ထင်ပေါ်ကျော်ကြား၍ ပြည်ကောလိပ်တွင် မေဂျာကွင်းဖြစ်ခဲ့ဖူးပါသည်။ ရိုးသားစွာ ၀န်ခံရလျှင် ယနေ့တိုင်သူမလောက် လှပပြေပြစ်၍ ကျက်သရေရှိသော မိန်းကလေးကို မတွေ့မိသေးပါခင်ဗျာ။ ယခုအခါ သူမမှာ ကလေးနှစ်ယောက်နှင့်ဖြစ်သည်ဟု သိရပါသည်။ သူမက ကျနော့်ကို ချစ်တာ မသေချာပေမဲ့ ကျနော်က သူမကို ချစ်ခဲ့တာသေချာပါသည်။

ပထမဦးဆုံးဝန်ခံစကား - ခင်ဗျားကို ကျနော်ချစ်မိနေပြီ (သူမသည် ကျနော့်ထက် ၂ နှစ်ခန့်ပိုကြီးသောကြောင့် ခင်ဗျားကျနော်နှင့် စကားပြောပါသည်)

ပထမဦးဆုံး ကျောင်းပြေးခဲ့သော အချိန်ကာလ - (၈) တန်းကျောင်းသားဘ၀တွင်ဖြစ်ပါသည်

ပထမဦးဆုံးသောက်ဖူးသော အရက် - ဆန်ကိုချက်ထားသော တောအရက်ပြင်းဖြစ်ပါသည်။ ၁၉၈၉ ခုနှစ် ဧပြီလ

ပထမဦးဆုံးသောက်ဖူးသော ဆေးလိပ် - မာဘိုရိုလိုက် (အထက်တန်းကျောင်းသားအရွယ်တွင် သူငယ်ချင်းများ ဆေးလိပ်စသောက်ကြရာ၊ ကျနော်သည် မာဘိုရိုသောက်နိုင်မှဆေးလိပ်သောက်မည်ဟုစိတ်မှဆုံးဖြတ်ခဲ့ပါသည်။ ထိုစဉ်က သုံးရက်တစ်ခါ၊ လေးရက်တစ်ခါသာ မာဘိုရိုစီးကရက်ကို သောက်နိုင်သဖြင့် ကြုံရာဆေးလိပ်သောက်သော သူငယ်ချင်းများ ဆေးလိပ်စွဲခဲ့သော်လည်း မာဘိုရိုသောက်နိုင်မှသာ ဆေးလိပ်သောက်သော ကျနော်မစွဲခဲ့ပါ.. ကျေးဇူးပဲ မာဘိုရိုရေ..)

ပထမဦးဆုံးရဖူးသောဆု - (၄) တန်းနှစ်တွင် (ရှားရှားပါးပါး) ပထမဆုရဖူးပါသည်။

ပထမဦးဆုံးကိုင်တွယ်ပစ်ခတ်ဖူးသော လက်နက် - သားရေပင်၊ လေးခွ (မည်သည်ကို အရင်ကိုင်တွယ်ပစ်ခတ်ခဲ့သည်ကို အတိအကျမမှတ်မိတော့ပါ)

ပထမဦးဆုံးပစ်ခတ်ဖူးသော လူသတ်လက်နက် - အေကေ ၄၇ (လူကိုပစ်ခတ်ခြင်းမဟုတ်ပါ၊ ငှက်ပစ်ခြင်းသာဖြစ်ပါသည်)

ပထမဦးဆုံးထိုင်ဖူးသော လက်ဖက်ရည်ဆိုင် - “ရွှေကဖီး” ဟု အမည်ရပါသည်

ပထမဦးဆုံးဝင်ငွေရှာဖူးသော အလုပ် - ဆယ်တန်းကျောင်းသားဘ၀တွင် သင်ခန်းစာများကို လက်ရေးသေးသေးလေးများဖြင့် ကူး၍ စာအုပ်ငယ်လေးများအဖြစ်ချုပ်ကာ၊ စာအုပ်ငယ်ပေါင်းများစွာ ကော်ပီကူးပြီး စာခိုးချရန် ဆယ်တန်းကျောင်းသားများကို ရောင်းချခြင်း

ပထမဦးဆုံးရောက်ရှိသော နိုင်ငံခြားတိုင်းပြည် - ထိုင်း

ပထမဦးဆုံး စိုက်ခဲ့သော သစ်ပင် - ပြောင်းဖူးပင်၊ စံပယ်ပန်းပင် (မိုးဦးကျစ ကာလတစ်ခုတွင် ထိုအပင်များကို ကျနော်စိုက်ခဲ့တာ မှတ်မိသည်။ မည်သည့်အပင်ကို ဗွေဆော်ဦး စိုက်ခဲ့သည်ဆိုသည်ကို အတိအကျမမှတ်မိတော့ပါ)

ပထမဦးဆုံးစိတ်ဝင်စားမိသော နိုင်ငံရေးဝါဒ - မာတ်စ်ဝါဒ

ပထမဦးဆုံး သတိထားမိသော သီချင်း - မိုးရေတက်ရေ တဖွေးဖွေး ကွင်းကျယ်အဝေးပြေး၊ လယ်စောင့်တဲလေးခြေတံရှည် မိုးကုပ်အောက်မှာနေ၊ ကြာဖြူတပွင့် ငုံတပွင့် တဲနဲ့ ပနံတင့်… စသည့်သီချင်း.. တွံတေးသိန်းတန်သီဆိုသည်ထင်ပါသည်

ပထမဦးဆုံးသွားရောက်လည်ပတ်ဖူးသော ဘလော့ဒ် - နစ်နေမန်း

ပထမဦးဆုံး ဘလောဒ့်မိတ်ဆွေ - အလွမ်းအိမ်

ပထမဦးဆုံးအကြိမ် လူ့ဘ၀ကို စိတ်နာကျည်းခြင်း - ၄ နှစ်ခွဲအရွယ်တွင် အမေမှ ညီမလေးကို မွေးဖွားသောကြောင့် ကျနော်နို့မစို့ရတော့ပါ။ နို့ဖြတ်ခံလိုက်ရပါသည်။ ထိုအချိန်တွင် ကျနော်ဒေါသူပုန်ထခဲ့သည်.. ညီမလေးကို လွှင့်ပစ်ရန် အမေ့အား ပူဆာခဲ့သည်ကို မှတ်မိနေပါသည်။

Read More...

20 September, 2008

စံပယ်ပန်းကလေး

တစ်စုံတရာ ရယူဖို့ ဆန္ဒမရှိပါဘူး
ပေးဆပ်ဖို့အတွက်သက်သက် ရောက်လာခဲ့ကြ
ဒီမှာ..
မွှေးရနံ့တွေကိုယူပါ
အလှအပတွေကိုယူပါ
ဖြူစင်မူတွေကိုလည်းယူပါ
ဘုရားပဲတင်တင်
သဘောကျရင် သီတံနဲ့သီပြီး
သခင်မ ဆံကေသာမှာ
ပန်ဆင်ချင် ပန်ဆင်လိုက်ပေါ့
ဘာပဲလုပ်လုပ် ပန်းကလေး ကြေနပ်တယ်..

ပင်ယံထက်ကခူးပြီး နမ်းရိုက်ချင်နမ်းရိုက်
မြေမှာချပြီး ခြွေနင်းချင် ခြွေနင်းလိုက်ပါ
အာဃာတမထား
အမုန်းမပွားပဲ
နှစ်စဉ် အချိန်မီ တစ်ခေါက်
ကမ္ဘာမြေဆီ အရောက်လာခဲ့ပါ့မယ်
အနင်းခြွေခံ ပန်းကလေးများ……..။

ငြိမ်းချမ်းအောင်

Read More...

07 August, 2008

ဆူးခြစ်ရာများ

တစ်ခါတစ်ခါများ
ဘ၀ဟာ အဓိပ္ပါယ်မဲ့သလိုပဲ
ရစ်ဘီးကြိုးက ပြတ်သွားတဲ့ စက္ကူစွန်တစ်ကောင်ဟာ
လွတ်လပ်ခွင့်ရသွားတာမဟုတ်ပဲ
ဘ၀အဆုံးသတ်သွားတာပဲ

အချစ်က ပုန်းအောင်းနေတဲ့ ရန်သူလို
အလစ်အငိုက် တိုက်ခိုက်တတ်တဲ့ အရာ
ငါ မစဉ်းစားပဲနဲ့ မင်းအကြောင်း ဘာကြောင့် အာရုံမှာ ရောက်ရောက်လာရတာလဲ
ငါမကြည့်ပဲနဲ့ မင်းမျက်နှာ ဘာလို့ မြင်မြင်နေရတာလဲ

ကောင်းကင်တစ်ခုလုံး အမှောင်ပိတ်ဖုံးလို့
ကြယ်တွေ တစ်စင်းပြီးတစ်စင်း ကြွေကျနေတယ်
ရွေးချယ်ခွင့်ဟာ အလှမွေးကန်ထဲက ငါးတစ်ကောင်လို အသက်ရှူကြပ်လို့
အနိုင်ရသူသာ မှန်ကန်သူအစစ်ဖြစ်ကြောင်း သတ်မှတ်လိုက်ကြတယ်

မြုံနေတဲ့ သစ်စေ့
မီးမကူးတော့တဲ့ ဂက်စ်မီးခြစ်
ကျည်မထွက်တော့တဲ့ သေနတ်
အမိုက်ပုံးထဲ လွှင့်ပစ်လိုက်တာ ကောင်းပါတယ်
ငါဘယ်တုံးကမှ ဒစ်ပလိုမေစီကို ရှေ့တန်းမတင်ခဲ့ဘူး
ငါမင်းကို သတိမရဘူးလို့ လိမ်ညာမပြောချင်ဘူး
ညည မင်းနာမည် ယောင်ယောင် အော်မိမှာတောင်စိုးရတယ်
မင်းကြောင့် ငါ့အိပ်ချိန်တွေ နည်းသွားတယ်
မင်းကြောင့် ငါ့အာရုံတွေ ထွေပြားနေတယ်

ငါ့ကိုယ်ငါတောင် နားမလည်သေးတာ
မင်းကို ငါ နားလည်တာ မဖြစ်နိုင်ဘူး
ငါ အငိုက်မိတဲ့အခါ ငါ့အသံမှာ ငါ့စိတ်ကိုရှာတွေ့နိုင်တယ်
အသံမထွက်ပဲ ငါဆိုညဉ်းနေတဲ့သီချင်းဟာ လွမ်းတေးတစ်ပုဒ်ပဲ
ငါ ပစ်လွှတ်လိုက်တဲ့မြားက စိုက်ဝင်ဖို့နေရာ ရှာဖွေနေရဆဲ။ ။

ငြိမ်းချမ်းအောင်

Read More...

28 July, 2008

အလွမ်းများနဲ့

နေ၀င်သွားပြီ
အထီးကျန်သူရဲ့ ညနေခင်းထဲ
လက်ကျန်အလင်းရောင် တစ်စနဲ့
မြက်ခင်းတွေက စိမ်းမြနေဆဲ

ဟိုမှာ..
အိပ်တန်းအ၀င်စောတဲ့ ငှက်တွေ
ဟိုင်းဝေးလမ်းမမှာ တရိပ်ရိပ်ပြေးလွှားနေတဲ့ ကားတွေ
ရည်ရွယ်ချက် တစ်စုံတရာတော့ ရှိတန်ကောင်းရဲ့

ကြီးပြီးကျယ်တဲ့ ကမ္ဘာကြီး
ငါ့မှာ တောင်ပံက မရှိတော့
ဘယ်အရပ်ဒေသကိုမှ ခြေမဆန့် နိုင်ခဲ့ဘူး

ဂေါ်ဂင်က စိတ်ညစ်ညူးလာတဲ့အခါတိုင်း
တဟီဟီကို သွားတယ်

ငါက စိတ်ဓါတ်ကျတဲ့အခါ
ဟုန်ထောင်နဲ့ နှစ်ပါးသွားတယ်

ကိုယ်ဟာ
ဖျားနာနေသူပါ .. ညီမလေး

ကိုယ်ဟာ
တစ်ခြမ်းက ဟောင်းနွမ်းပြီး
တစ်ခြမ်းက သစ်လွင်နေဆဲ
ဂျင်းဘောင်းဘီတစ်ထည်ပါ

လူ့ဘ၀ဟာ ၀တ္တူတစ်ပုဒ်လိုပဲ
အရောင်းသွက်စာရင်းဝင်ချင်ရင်
သုတပါးပါး ရသများများထည့်ပေးဖို့လိုတယ်

အနံ့အသက်ဆိုးတဲ့ လေကိုပဲ
အဆုပ်ထဲ မောကြီးပမ်းကြီး ရှူသွင်းနေခဲ့ရ
ငါနေတဲ့ အရပ်မှာ
လေကောင်းလေသန့် မရှိတာ ဆိုးတယ်

လူတစ်ယောက်ဟာ စိတ်အားငယ်တဲ့အခါ
တစ်စုံတယောက်ကိုပဲ ဖြစ်ဖြစ် တစ်စုံတရာကိုပဲဖြစ်ဖြစ်
အလွယ်တကူနဲ့ တွယ်မိတွယ်ရာ တွယ်ညိတတ်ပါသလား
အချစ်ဆိုတာ
အသွေးအသားဆန္ဒ
တောင်းဆိုမူ သက်သက်မဟုတ်ဘူးလို့
ကျနော်က သဘောပေါက်ပါတယ်

ဒီလိုနဲ့..
တက်ဈေးတွေများပြီး
နေပျော်စရာမကောင်းတော့တဲ့ ကမ္ဘာကြီးရဲ့
ခြောက်ခြောက်သွေ့သွေ့ ဘ၀တစ်ခုမှာ
ကျနော်လည်း စမ်းတ၀ါးဝါး ခရီးဆက်နေဆဲ

ရိတ်သိမ်းခွင့်မရှိရင်လည်း စိုက်ပျိုးမယ်
နေပါစေ
ကျနော့်ကို ဖေးကူဖို့မလိုဘူး
ကျနော်ကသာ ထူမမယ်
ကျနော့်ကို ခံစားဖို့မလိုဘူး
ကျနော်ကသာ ခံစားမယ်........။

ငြိမ်းချမ်းအောင်

Read More...

23 June, 2008

သစ်ရွက်ပေါ် တင်ကျန်ရစ်သော မိုးရေစက်များ၏ စိတ်ကူး

မျက်လုံးထဲ ရွှေငါးတွေ မကူးခတ်တော့တာ ကြာပြီ
အစိမ်းရောင် မြက်ခင်းများ
ပီကာဆိုထားခဲ့တဲ့ ပန်းချီကား
ကျနော့်ကို ခံစားချက် တစ်စုံတရာ မပေးနိုင်ကြ
ဒီရက်တွေထဲ ကဗျာတွေမရေးဖြစ်ခဲ့
လူတွေနဲ့ စကားမပြောဖြစ်ခဲ့
အခန့်မသင့်ရင်
အမဲလိုက်ခွေးတစ်ကောင်လည်း
တောခြောက်တာ ခံရနိုင်တယ်
ကိုယ်ခံပညာသင်ယူတတ်မြောက်ထားသူ တစ်ယောက်ဟာလည်း
ခြောင်းရိုက်တာ ခံရနိုင်တယ်
သားကောင်မရမချင်း လှည့်မပြန်နိုင်ဘူးတဲ့
မာနကြီးတဲ့ မုဆိုးတစ်ယောက်က အခုလိုကြုံးဝါးတယ်
ငါးမရလို့ ရေချိုးပြန်တာ
ညံ့ဖျဉ်းတဲ့ တံငါသည်တွေရဲ့ အလုပ်ပဲလို့
ကျနော်က စဉ်းစားကြည့်မိတယ်
မိန်းကလေးရေ..
တစ်ခုခုကို မရွေးချယ် ရသေးသ၍
တစ်ခုခုကို ရွေးချယ်ခွင့် ရှိနေသေးတယ်
မင်းရွာသွန်းလေသမျှ
ငါ့ ကန္တာရမှာ မိုးတွေသာခေါင်ခဲ့
မင်းဖျန်းဆွတ်လေသမျှ
ငါ့ ဥယာဉ်မှာ စိုစွတ်ခွင့်မရခဲ့
လမသာ လေမတိုး နှင်းမကျ ပန်းမပွင့်
ကန္တာရ ကိုင်းပင်တွေသာ ရင့်ရော်ကြမ်းတမ်းလာခဲ့..
ဘ၀ဆိုတာ
ဘောလုံးကစားသလို
အချိန်အကန့်အသတ် သတ်မှတ်ချက် မရှိဘူး
အချိန်ပို ကစားခွင့်လည်း မရှိဘူး
ရပ်နေတဲ့ မော်တော်ကား တစ်စင်းပဲဖြစ်ဖြစ်
နားနေတဲ့ ငှက်တစ်ကောင်ပဲဖြစ်ဖြစ်
ခရီးဆက်ဖို့ အားယူနေတယ်
လူတစ်ယောက်..
ကမ္ဘာကြီးရဲ့ မည်သည့်အရပ်ဒေသကို ရောက်ရှိနေသည်ဖြစ်စေ
တစ်ခုခုကို အရသာ ဖြစ်ဖို့ လိုတယ်
ဘာပဲဖြစ်ဖြစ်..
ငါတို့ တန်ရာတန်ကြေးတော့ ရမှ ဖြစ်လိမ့်မယ်…..။

ငြိမ်းချမ်းအောင်

Read More...

03 June, 2008

ကျနော်ကအေးဆေးပါပဲ ကောင်မလေးက မျက်နှာများတယ်

ရာဇ၀င်တွေထဲကလို ကြိုက်ရာလက်နက် ကိုယ်စီနဲ့
“စီးချင်းထိုး” ကြရအောင်လို့
ကျနော်က လူမိုက်တွေကို စိန်ခေါ်ကြည့်မိတယ်
အခန်းထဲ လှောင်ပိတ်မိနေတဲ့ “လေ” နဲ့အတူ
“စိတ်” မှာ မလတ်ဆတ်တော့တဲ့ အနံ့အသက်တွေဟာ ကပ်ညိလို့
“ဒီရက်တွေထဲ နေထိုင်ရတာ မကောင်းဘူး
တိုက်လာတဲ့လေပြေကတောင် သူစိမ်းဆန်နေတယ်” တဲ့
ဓါတ်တိုင်ပေါ်မှာ အနားယူနေတဲ့ ငှက်တစ်ကောင်က ပြောတယ်
ဟောဒီမှာ ယဉ်ကျေးတဲ့ ကမ္ဘာကြီး
အကြမ်းဖက်မှုမှန်သမျှ အတုံးအရုံး ကျရူံးနေတယ်
“လူတွေအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ
လူဆိုးတွေလက်ထဲ မရောက်အောင် ကာကွယ်ကြရမယ်” တဲ့
ဝေါထရိတ်စင်တာ ပြိုကျအပြီးမှာ ဂျော့ဒဘလျူဘွတ်ကပြောခဲ့တယ်
ကျနော်တို့တွေလည်း လူသတ်လက်နက်တွေပြပြီး အကြမ်းဖက်တာခံနေရ
အဲဒီကိစ္စကို ခင်ဗျားတို့ ဘယ်လိုဖြေရှင်းပေး ကြမှာလဲ
မြင်ကွင်းတွေက ရှင်းလင်းလွန်းလို့မို့
တစ်ခါတခါ အမြင်အာရုံတွေ မှောက်မှားသွားတယ်
ကမ္ဘာကြီး ဘယ်ကို သွားမှာလဲ ဘယ်အထိသွားမှာလဲ
ကျနော်က ရှေ့ကို လျှောက်နေပေမဲ့ ခြေလှမ်းတွေက
နောက်ကို ပြန်ရောက်နေသလို ခံစားနေရ
ဒါဝင်ကပြောတော့ “လူဆိုတာ မြောက်က ဆင်းသက်လာတာပါ” တဲ့
ကျောရိုးမဲ့ သတ္တ၀ါတွေကနေ ကျောရိုးရှိ ငါးသတ္တ၀ါတွေအထိ
လူတူမျောက်ဝံမှသည် အာကာသထဲ ဂြိုလ်တုတွေ လွှတ်တင်နိုင်တဲ့ ခေတ်အထိ
နှစ်သန်းပေါင်းများစွာ လူ့သမိုင်းဖြစ်စဉ်ကြီးထဲ
လူသားတွေ မီးကို ရှာဖွေတွေ့ရှိခဲ့တာလဲ အရေးကြီးတာပဲ
မန်ယူနဲ့ ချဲဆီး ဖလားလုပွဲကလည်း အရေးကြီးတာပဲ
လူတွေကတော့ ကိုယ့်ကိစ္စသာ အရေးအကြီးဆုံးလို့ ထင်နေကြတယ်
“ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ တော်သူနေ မတော်သူသေကြရမယ်” တဲ့
ဘောဂဗေဓ ပညာရှင်တစ်ယောက်ပြောတဲ့ စကားကို ကျနော်ကတော့ သဘောမပေါက်ဘူး
ကျနော်က ရိုးရိုးပဲနေပါတယ်
ခေတ်မီအောင်လည်း အားသွန်ခွန်စိုက် မကြိုးစားမိဘူး
ဒီအရွယ်အထိ ကာတွန်းကားတစ်ကား ပြီးအောင် မကြည့်ဖူးသေးဘူး
သီချင်းတစ်ပုဒ်ဆုံးအောင် မဆိုတတ်ဘူး
ဒီလိုပါပဲ
ကျနော်က “စီးချင်းထိုး” ချင်ပေမဲ့
ယဉ်ကျေးတဲ့ ကမ္ဘာကြီးက လက်မခံတော့
ဒီအတိုင်းပဲ ထိုင်ကြည့်နေခဲ့ရ
ကျနော်က မင်းသား မဟုတ်ပေမဲ့
ဇာတ်သိမ်းခန်းတော့ လှချင်တယ်။

ငြိမ်းချမ်းအောင်

Read More...

27 May, 2008

ငါတို့ နိုင်ငံကို ပြန်ပေးပ ဧရာဝတီ

ကိုဇာဂနာ ပြောတာက
“ဘမ်ကီမွန်းလာမှ အခြေအနေတွေက ပိုပြီးဆိုးသွားတယ်” တဲ့
ကားလမ်းဘေးတစ်လျှောက်က ဒုက္ခသည်တွေကို
ဝေးရာကို မောင်းထုတ် တောထုတ် ခြောက်လှန့်ထုတ်
မြို့ပေါ်က ဒုက္ခသည်တွေကို ရွာပျက်တွေဆီ အတင်းအကြပ်ပြန်ပို့
ရိုက်နှက် ကန်ကျောက် သေနတ်ပြ ခြိမ်းခြောက်ပြီး ပြန်ပို့
“ခွက်စွဲတောင်းရမ်းတာ မင်းတို့အတွက် အကြောင်းမဟုတ်ဘူး
မင်းတို့လုပ်ရပ်ကြောင့် နိုင်ငံတော် သိက္ခာကျရသတဲ့”
ဒုက္ခသည်တွေကို အစားအစာတွေပို့ပြီး ပြန်လာတဲ့
ပုဂ္ဂလိက အလှူရှင်ကားတွေကို လမ်းကနေဖြတ်ဖမ်း
နိုင်ငံတော်အကြီးအကဲတွေ သိက္ခာကျအောင် လုပ်တဲ့အတွက်
ကားသမားတွေကို ရုံးတင်စစ်ဆေးရမယ် တဲ့…

သတင်းမှန်တွေကို သွေးအေးအေးနဲ့ နားထောင်နိုင်ဖို့
ကျနော့်မှာ ကြံ့ခိုင်တဲ့ နှလုံးသားမရှိဘူး
ယုတ်မာရက်စက်မူတွေကို ဥပေက္ခာပြုနိုင်လောက်အောင်
တည်ကြည်တဲ့ သမာဓိ ကျနော့်မှာ မရှိခဲ့ဘူး….

နာဂစ်ကို သားသမီးမြေး (၁၂) ယောက် ပေးလိုက်ရတဲ့
အမယ်အိုတစ်ယောက်က အခုလို ဆုတောင်းခဲ့တယ်
“…ဧရာဝတီရေ
ဝဋ်ရှိရင်လည်း ပြေပါ
ကြွေးရှိရင်လည်း ကျေပါ
နောင်ဘ၀ဆိုတာများ ရှိခဲ့ရင်…..တဲ့”

အင်း...
နောင်ဘ၀ဆိုတာများရှိခဲ့ရင်….
နောင်ဘ၀ဆိုတာများ တကယ်သာ ရှိခဲ့ရင်….

မနက်မိုးလင်းလာတဲ့ အခါ
ညနေ မှောင်ရီဖျိုးဖျ မိုးချုပ်တဲ့အခါ
ရေဒီယိုတွေကို နားထောင်ရမှာ ကြောက်နေမိတယ်
ကွန်ပြူတာဖွင့်ရမှာ လက်တွန့်နေမိခဲ့
ဒါ တကယ်မှဟုတ်ရဲ့လား…
ငါ နားကြားများလွဲတာလား…
အမြင်များအာရုံများ မှောက်မှားသလား…
ဒီကောင်တွေ လူမှ ဟုတ်ရဲ့လား…
“လား” ပေါင်းများစွာနဲ့ နေ့တွေ.. ညတွေ ကုန်ဆုံးနေကြတယ်
ဧရာဝတီမှာတော့ အလောင်းတွေက နေရာအနှံ့ပြန့်ကျဲနေဆဲပဲ….

သိန်းစိန်ကပြောတော့
“ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်သွားပါပြီ..” တဲ့
ဒုက္ခသည်တွေကတော့
အိပ်စရာ နေစရာမရှိလို့ ကွင်းပြင်ထဲမှာ အမိုးအကာမရှိ နေကြရတယ်..
သောက်ရေတစ်ခွက်ရဖို့ ကလေးတွေ တန်းစီနေရတယ်..
လူသူအရောက်အပေါက်နည်းတဲ့
သွားလာရခက်ခဲတဲ့
ရာပေါင်းများစွာသော ရွာတွေကို
ကယ်ဆယ်ရေး အကူအညီတွေ ရောက်မလာခဲ့ကြဘူး..
ဒုက္ခသည်တွေရဲ့ ၇၅ ရာခိုင်နူန်းဟာ အကူအညီတွေ မရကြသေးဘူး..
အစာရေစာမဲ့ ဒုက္ခသည်အများစုကြီးဟာ သေဆုံးမဲ့ အချိန်ကို
သွေးအေးအေးအေးနဲ့ စောင့်ဆိုင်းနေကြရ..
အားနွဲ့တဲ့ မိန်းမတွေ ရင်ဘတ်ကို ထုထုပြီး ငိုနေကြ..
အားကောင်းမောင်းသန် ယောင်္ကျားရင့်မကြီးတွေ
အံကိုတင်းတင်းကြိတ် လက်သီးကိုကျစ်ကျစ်ဆုပ်ပြီး မျက်ရည်တွေတွေကျ..
ညဘက်ဆို ကလေးတွေကငိုတယ်
သပိတ်မသွတ်ရလို့ မကျွတ်မလွတ်သေးတဲ့ တစ္ဆေ သူရဲတွေက
တေးသီချင်းတွေ သီဆိုတယ်….

မိဘမဲ့သွားတဲ့ ကလေးတွေရဲ့ အနာဂတ်ဟာလည်း စိုးရိမ်ဖွယ်ရာပဲ
ယောက်ျားလေးတွေက..
ပညာမဲ့ အသိညာဏ်မဲ့ အတွေးအခေါ်မဲ့တဲ့
ရမ်းကားတဲ့ နအဖ မုဒိမ်းတပ်က
လက်မရွံ့ စစ်သားလေးတွေ ဖြစ်လာနိုင်တယ်
မိန်းကလေးတွေက..
မြို့ကြီးတွေမှာ
အိမ်နီးချင်းနိုင်ငံတွေမှာ
ရောင်းစားခံရပြီး
ပြည့်တန်ဆာမကလေးတွေ ဖြစ်လာမဲ့ အန္တရာယ်ရှိနေတယ်…..

“ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအတွက်
အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ လိုအပ်တယ်” တဲ့
အရှက်မရှိ အလွယ်တကူ ပြောထွက်တဲ့စကား
ရန်ကုန်လေဆိပ်မှာ ဆိုက်ကပ်လာတဲ့ လေယာဉ် ၁၄၆ စင်းပေါ်က
ကယ်ဆယ်ရေးပစ္စည်းတွေဟာ ဒုက္ခသည်တွေဆီ ရောက်မလာခဲ့ကြ..
နိုင်ငံခြားသား ကူညီကယ်ဆယ်ရေးလုပ်သားတွေကို ဗီဇာထုတ်မပေးချင်လို့
ဘန်ကောက်သံရုံးကို ကိုယ့်ဖာသာကိုယ် မီးပြန်ရို့ကြ..
ထိုင်းရဲက ပြောတော့ ဗီဇာအဆောက်အဦးကို မီးမစွဲပါဘူးတဲ့
မြန်မာသံရုံးကပြောတော့ ဗီဇာဌာနကိုပါ မီးလောင်သွားသတဲ့…..

ဧရာဝတီရေ…
ငါ့ နိုင်ငံကို ပြန်ပေးပ
ငါတို့ မြစ်ဝကျွန်းပေါ်ဒေသကြီးကို ပြန်ပေးပါ
ငါတို့ လယ်ယာမြေတွေ ငါတို့ကိုပြန်ပေးပါ
ငါတို့ ကျွဲနွားတွေ ငါးဖမ်းစက်လှေတွေ ပြန်ပေးပါ
ငါတို့ တောသူတောင်သား လယ်သမားတွေကို ပြန်ပေးပါ
ဆင်းရဲပေမဲ့ ရိုးသားဖြူစင်တဲ့ ငါတို့ ဘ၀တွေကို ပြန်ပေးပါ
ထမင်းကြမ်းခဲကို ယပ်ခပ်ပြီးစားရတဲ့ နေ့ရက်တွေကို ပြန်ပေးပါ….
တစ်ခါက ဧရာဝတီ ညတွေကို ပြန်ပေးပါ….

ငါတို့
အတိတ်ဘ၀က မဲမှောင်ပြီး
အနာဂတ်ဟာ မှောင်မိုက်နေခဲ့….

နာဂစ်က တစ်ဘ၀စာပဲ သတ်သွားခဲ့ပေမဲ့
စစ်အာဏာရှင်က သားစဉ်မြေးဆက်
ဘ၀အဆက်အဆက် သတ်ဖို့ ပြင်ဆင်နေခဲ့ပြီ……။

ငြိမ်းချမ်းအောင်

Read More...