27 May, 2008

ငါတို့ နိုင်ငံကို ပြန်ပေးပ ဧရာဝတီ

ကိုဇာဂနာ ပြောတာက
“ဘမ်ကီမွန်းလာမှ အခြေအနေတွေက ပိုပြီးဆိုးသွားတယ်” တဲ့
ကားလမ်းဘေးတစ်လျှောက်က ဒုက္ခသည်တွေကို
ဝေးရာကို မောင်းထုတ် တောထုတ် ခြောက်လှန့်ထုတ်
မြို့ပေါ်က ဒုက္ခသည်တွေကို ရွာပျက်တွေဆီ အတင်းအကြပ်ပြန်ပို့
ရိုက်နှက် ကန်ကျောက် သေနတ်ပြ ခြိမ်းခြောက်ပြီး ပြန်ပို့
“ခွက်စွဲတောင်းရမ်းတာ မင်းတို့အတွက် အကြောင်းမဟုတ်ဘူး
မင်းတို့လုပ်ရပ်ကြောင့် နိုင်ငံတော် သိက္ခာကျရသတဲ့”
ဒုက္ခသည်တွေကို အစားအစာတွေပို့ပြီး ပြန်လာတဲ့
ပုဂ္ဂလိက အလှူရှင်ကားတွေကို လမ်းကနေဖြတ်ဖမ်း
နိုင်ငံတော်အကြီးအကဲတွေ သိက္ခာကျအောင် လုပ်တဲ့အတွက်
ကားသမားတွေကို ရုံးတင်စစ်ဆေးရမယ် တဲ့…

သတင်းမှန်တွေကို သွေးအေးအေးနဲ့ နားထောင်နိုင်ဖို့
ကျနော့်မှာ ကြံ့ခိုင်တဲ့ နှလုံးသားမရှိဘူး
ယုတ်မာရက်စက်မူတွေကို ဥပေက္ခာပြုနိုင်လောက်အောင်
တည်ကြည်တဲ့ သမာဓိ ကျနော့်မှာ မရှိခဲ့ဘူး….

နာဂစ်ကို သားသမီးမြေး (၁၂) ယောက် ပေးလိုက်ရတဲ့
အမယ်အိုတစ်ယောက်က အခုလို ဆုတောင်းခဲ့တယ်
“…ဧရာဝတီရေ
ဝဋ်ရှိရင်လည်း ပြေပါ
ကြွေးရှိရင်လည်း ကျေပါ
နောင်ဘ၀ဆိုတာများ ရှိခဲ့ရင်…..တဲ့”

အင်း...
နောင်ဘ၀ဆိုတာများရှိခဲ့ရင်….
နောင်ဘ၀ဆိုတာများ တကယ်သာ ရှိခဲ့ရင်….

မနက်မိုးလင်းလာတဲ့ အခါ
ညနေ မှောင်ရီဖျိုးဖျ မိုးချုပ်တဲ့အခါ
ရေဒီယိုတွေကို နားထောင်ရမှာ ကြောက်နေမိတယ်
ကွန်ပြူတာဖွင့်ရမှာ လက်တွန့်နေမိခဲ့
ဒါ တကယ်မှဟုတ်ရဲ့လား…
ငါ နားကြားများလွဲတာလား…
အမြင်များအာရုံများ မှောက်မှားသလား…
ဒီကောင်တွေ လူမှ ဟုတ်ရဲ့လား…
“လား” ပေါင်းများစွာနဲ့ နေ့တွေ.. ညတွေ ကုန်ဆုံးနေကြတယ်
ဧရာဝတီမှာတော့ အလောင်းတွေက နေရာအနှံ့ပြန့်ကျဲနေဆဲပဲ….

သိန်းစိန်ကပြောတော့
“ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်သွားပါပြီ..” တဲ့
ဒုက္ခသည်တွေကတော့
အိပ်စရာ နေစရာမရှိလို့ ကွင်းပြင်ထဲမှာ အမိုးအကာမရှိ နေကြရတယ်..
သောက်ရေတစ်ခွက်ရဖို့ ကလေးတွေ တန်းစီနေရတယ်..
လူသူအရောက်အပေါက်နည်းတဲ့
သွားလာရခက်ခဲတဲ့
ရာပေါင်းများစွာသော ရွာတွေကို
ကယ်ဆယ်ရေး အကူအညီတွေ ရောက်မလာခဲ့ကြဘူး..
ဒုက္ခသည်တွေရဲ့ ၇၅ ရာခိုင်နူန်းဟာ အကူအညီတွေ မရကြသေးဘူး..
အစာရေစာမဲ့ ဒုက္ခသည်အများစုကြီးဟာ သေဆုံးမဲ့ အချိန်ကို
သွေးအေးအေးအေးနဲ့ စောင့်ဆိုင်းနေကြရ..
အားနွဲ့တဲ့ မိန်းမတွေ ရင်ဘတ်ကို ထုထုပြီး ငိုနေကြ..
အားကောင်းမောင်းသန် ယောင်္ကျားရင့်မကြီးတွေ
အံကိုတင်းတင်းကြိတ် လက်သီးကိုကျစ်ကျစ်ဆုပ်ပြီး မျက်ရည်တွေတွေကျ..
ညဘက်ဆို ကလေးတွေကငိုတယ်
သပိတ်မသွတ်ရလို့ မကျွတ်မလွတ်သေးတဲ့ တစ္ဆေ သူရဲတွေက
တေးသီချင်းတွေ သီဆိုတယ်….

မိဘမဲ့သွားတဲ့ ကလေးတွေရဲ့ အနာဂတ်ဟာလည်း စိုးရိမ်ဖွယ်ရာပဲ
ယောက်ျားလေးတွေက..
ပညာမဲ့ အသိညာဏ်မဲ့ အတွေးအခေါ်မဲ့တဲ့
ရမ်းကားတဲ့ နအဖ မုဒိမ်းတပ်က
လက်မရွံ့ စစ်သားလေးတွေ ဖြစ်လာနိုင်တယ်
မိန်းကလေးတွေက..
မြို့ကြီးတွေမှာ
အိမ်နီးချင်းနိုင်ငံတွေမှာ
ရောင်းစားခံရပြီး
ပြည့်တန်ဆာမကလေးတွေ ဖြစ်လာမဲ့ အန္တရာယ်ရှိနေတယ်…..

“ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအတွက်
အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ လိုအပ်တယ်” တဲ့
အရှက်မရှိ အလွယ်တကူ ပြောထွက်တဲ့စကား
ရန်ကုန်လေဆိပ်မှာ ဆိုက်ကပ်လာတဲ့ လေယာဉ် ၁၄၆ စင်းပေါ်က
ကယ်ဆယ်ရေးပစ္စည်းတွေဟာ ဒုက္ခသည်တွေဆီ ရောက်မလာခဲ့ကြ..
နိုင်ငံခြားသား ကူညီကယ်ဆယ်ရေးလုပ်သားတွေကို ဗီဇာထုတ်မပေးချင်လို့
ဘန်ကောက်သံရုံးကို ကိုယ့်ဖာသာကိုယ် မီးပြန်ရို့ကြ..
ထိုင်းရဲက ပြောတော့ ဗီဇာအဆောက်အဦးကို မီးမစွဲပါဘူးတဲ့
မြန်မာသံရုံးကပြောတော့ ဗီဇာဌာနကိုပါ မီးလောင်သွားသတဲ့…..

ဧရာဝတီရေ…
ငါ့ နိုင်ငံကို ပြန်ပေးပ
ငါတို့ မြစ်ဝကျွန်းပေါ်ဒေသကြီးကို ပြန်ပေးပါ
ငါတို့ လယ်ယာမြေတွေ ငါတို့ကိုပြန်ပေးပါ
ငါတို့ ကျွဲနွားတွေ ငါးဖမ်းစက်လှေတွေ ပြန်ပေးပါ
ငါတို့ တောသူတောင်သား လယ်သမားတွေကို ပြန်ပေးပါ
ဆင်းရဲပေမဲ့ ရိုးသားဖြူစင်တဲ့ ငါတို့ ဘ၀တွေကို ပြန်ပေးပါ
ထမင်းကြမ်းခဲကို ယပ်ခပ်ပြီးစားရတဲ့ နေ့ရက်တွေကို ပြန်ပေးပါ….
တစ်ခါက ဧရာဝတီ ညတွေကို ပြန်ပေးပါ….

ငါတို့
အတိတ်ဘ၀က မဲမှောင်ပြီး
အနာဂတ်ဟာ မှောင်မိုက်နေခဲ့….

နာဂစ်က တစ်ဘ၀စာပဲ သတ်သွားခဲ့ပေမဲ့
စစ်အာဏာရှင်က သားစဉ်မြေးဆက်
ဘ၀အဆက်အဆက် သတ်ဖို့ ပြင်ဆင်နေခဲ့ပြီ……။

ငြိမ်းချမ်းအောင်

Read More...

14 May, 2008

နေပြည်တော်ကို ထိအောင်ပစ်

မုန်တိုင်းကတော့ စဲပြီ
အလောင်း ဒုက္ခသည် နဲ့
ကပ်ရောဂါ ပိုးမွှားတွေသာ ချန်ထားရစ်ခဲ့
ဟောဒီမှာ
ပင်လယ်လိုကြီးသော အပူမီးများ
ကောင်းကင်လိုကျယ်သော ဒုက္ခများ
အဆုံးအစမဲ့ သောကများ
ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို အတိအကျရေးပြနိုင်ဖို့
စကားလုံးတွေ ချို့တဲ့နေဆဲ
ဒုက္ခသည်တွေကို ကယ်တင်ဖို့
ကမ္ဘာကြီးဟာ နှေးကွေးလေးလံနေဆဲ။

နာဂစ်ရေ..
နေပြည်တော်ကို မှန်အောင်ပစ်ပါ
နာဂစ်ရေ..
နေပြည်တော်ကို ထိအောင်ပစ်ပါ
မုန်တိုင်းမှာ မျက်စိမပါတော့ ပစ်မှတ်ဟာ လွဲချော်သွားခဲ့
စက်ကွင်းမလွတ်တဲ့
သူဆင်းရဲတွေသာ
သေဒဏ်အစီရင်ခံခဲ့ရရှာတယ်
အလွမ်းများ မျက်ရည်များ ရင်နာကြေကွဲဖွယ်ရာများ
ဖြေလို့ မပြေတဲ့ အပူမီးများ
“မုန်တိုင်းမှာလည်း အောက်ဆီဂျင်ရှိတယ်” ဆိုတဲ့
ငတိနဲ့တွေ့ချင်တယ်
သူ့ဆီမှာ အောက်ဆီဂျင်နည်းနည်းလောက် တောင်းမလို့
ပြီးတော့ “ဒုက္ခက ပျားရည်စက်လိုချိုသတဲ့”
သွေးရူးသွေးတမ်းစကား
ဘယ်ငနဲကများ ပြောသွားခဲ့တာလဲ
အပြောလွယ်သလောက် အလုပ်ခက်တဲ့ လောကကြီး
လုပ်လို့ဖြစ်တဲ့ အလုပ်ကို ငါတို့က မလုပ်ခဲ့လေတော့
အခုတော့ သေကြေကြ ပျက်စီးကြ ဆုံးရူံးကြရ။

ဂျော့ဒဘလျူဘွတ်ရေ..
နေပြည်တော်ကို နူကလီးယားဗုံးကြဲပါ
မိစ္ဆာအရိုင်းအစိုင်းကောင်တွေကို သုတ်သင်ရှင်းလင်းပါ
R2P နဲ့ Airlift လုပ်ပါ
နေတိုးတပ်တွေလွှတ်ပေးပါ
ကုလသမဂ္ဂကြီးရေ..
ငြိမ်းချမ်းရေးတပ်တွေ အမြန်ဆုံးလွှတ်ပေးပါ
လုံခြုံရေးကောင်စီမှာ ဖြစ်တဲ့နည်းနဲ့ အတည်ပြုချက် ရယူပါ
မြို့တော်သန့်ရှင်းရေးအတွက် လမ်းပေါ်ကခွေးလေခွေးလွင့်တွေကို သုတ်သင်ရသလို
ကမ္ဘာမြေ သန့်ရှင်းရေးအတွက်
နေပြည်တော်က ခွေးဝဲစားတွေကို သုတ်သင်ရှင်းလင်းပါ
နေပြည်တော်က တရားခံတွေကို အသေပစ်ပါ
မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရအောင်ဝင်ပါ
တခြားနည်းလမ်းမရှိတော့လို့
ငါတို့ မှာ နောက်ထပ်သေဆုံးစရာ အသက်တွေ မရှိတော့လို့
ငါတို့ တိုက်ပွဲမှာ ပင်ပမ်းနွမ်းနယ်နေပြီမို့
ငါတို့ တော်လှန်ရေး ခရီးပမ်းနေပြီမို့
ငါတို့ ပြည်သူတွေကို အချိန်မီ ကယ်တင်နိုင်ဖို့
ငါတို့ ပြည်သူတွေမှာ ဘီလူးသဘက်တွေကို ဆန့်ကျင်ဖို့ ခွန်အားမရှိတော့လို့
နေပြည်တော်ကို အမြန်ဆုံး သိမ်းပိုက်ပါ
နေပြည်တော်ကို အမြန်ဆုံး ၀င်တိုက်ပါ
ငါတို့ ပြည်သူတွေရဲ့ အဖြစ်ချင်ဆုံး ရင်ထဲက ဆန္ဒပါ
နေပြည်တော်ကို အမြန်ဆုံးသာပစ်ပါ
ငါတို့ ပြည်သူတွေရဲ့ လိုလားတောင့်တချက်ပါ
မင်းဆိုးကို မိုးကြိုးပစ်ပါ
အကြမ်းဖက်သမားတွေကို သေအောင်သတ်ပါ။

မုန်တိုင်းစဲတဲ့အခါ လေပြေလာမှာလား
ခိုးဝှက်ထားတဲ့ နိုင်ငံတကာအကူအညီတွေနဲ့
နအဖ ဒေါက်တိုင်တွေ ကြွယ်ဝချမ်းသာလာမှာလား
ဒေါသထွက်နေတဲ့ အနောက်ကမ္ဘာက နေပြည်တော်ကို တကယ် ပစ်တော့မလား
ကူးစက်ရောဂါပိုးမွှားတွေနဲ့…
မျှော်လင့်ချက်တွေနဲ့…
နာကျည်းမှုတွေနဲ့…
တောက်ခေါက်သံတွေနဲ့…
ဒေါသတွေနဲ့…
စိတ်လျှော့လိုက်တဲ့ သက်ပြင်းချသံတွေနဲ့…
ငိုကြွေးသံတွေနဲ့…
အပြင်ဘက်မှာတော့ နာဂစ် မုန်တိုင်းကစဲသွားပြီ
ငါတို့ ရင်ထဲမှာ သောက မုန်တိုင်းတွေ အပြင်းထန်ဆုံး တိုက်ခတ်နေဆဲ။

ငြိမ်းချမ်းအောင်

Read More...

12 May, 2008

Birthday

ငါ့ရင်ဘတ်ကို နာဂစ်လိုင်းတွေ တ၀ုန်းဝုန်းလာဆောင့်တယ်
လူသေအလောင်းတွေက
ရေထဲမှာမျောနေတယ်
ကိုင်းပင်တွေမှာ ညိနေတယ်
ရေကျသွားတဲ့ လယ်ကွင်း တွေထဲမှာ တုံးလုံးပက်လက်
အမြစ်ကျွတ်ပါမသွားတဲ့ သစ်ပင်ထိပ်ဖျားတွေမှာလည်းကပ်ညိလို့
ကွင်းပြင်က ပုတ်ပွနေတဲ့ အလောင်းတွေကို ကုန်းသတ္တ၀ါတွေကစားတယ်
မြစ်ချောင်းတွေထဲက ပုတ်ပွနေတဲ့ အလောင်းတွေကို ငါးတွေကစားတယ်
တမျှော်တခေါ် မြင်းကွင်းတစ်ခုလုံး အနိန္ဓာရုံသက်သက်ပဲ။

ငါ့အာရုံအားလုံးကို “ရီဖရယ်ဒမ်မဲလိမ်ပွဲ” ဆိုတဲ့ မုန်တိုင်းက တဒိုင်းဒိုင်းလာဆောင့်တယ်
လူတွေကို သေနတ်ထောက်ပြီး ထောက်ခံမဲပေးခိုင်းတယ်
လည်ပင်းညှစ်ပြီး ထောက်ခံမဲပေးခိုင်းတယ်
ပြန်ပေးဆွဲပြီး ထောက်ခံမဲပေးခိုင်းတယ်
လိမ်လည်ပြီးထောက်ခံမဲပေးခိုင်းတယ်
ချော့မော့ဖျောင်းဖျပြီးထောက်ခံမဲပေးခိုင်းတယ်
ဗြောင်ထောက်ခံမဲပေးခိုင်းတယ်
မသိမသာထောက်ခံမဲပေးခိုင်းတယ်
၉၀ ရာခိုင်နူန်း ပလပ် ထောက်ခံပါတယ်လို့
ပြည်တွင်းကလာတဲ့ အစီရင်ခံစာတွေက ညွှန်ပြနေကြတယ်
ငါခံနိုင်ရည် မရှိတော့ဘူး
ငါတင်းမခံနိုင်တော့ဘူး
ငါ့စိတ်အပေါ်ကို အဆောက်အဦးတွေ တစ်ခုပြီးတစ်ခု ပြိုကျနေတယ်
ငါကွန်ပြူတာကိုပိတ်လိုက်တယ်
မီးခလုတ်တွေအားလုံးပိတ်လိုက်တယ်
ရေဒီယိုပိတ်လိုက်တယ်
ဖုန်းပိတ်လိုက်တယ်
ငါဘာမှ မမြင်ရတော့ဘူး
ငါဘာမှ မကြားရတော့ဘူး
ခဏကလေးပဲဖြစ်ဖြစ် ငါအတိတ်မေ့ရောဂါ ရဖို့လိုအပ်နေတယ်။

ငါသတိရလာတဲ့အခါ
တစ္ဆေသရဲတွေနေတဲ့ ကျွန်းကလေး တစ်ခုပေါ်မှာရောက်နေတယ်
ငါ့ဘေးနားမှာ အစာရေစာမရလို့ သေအံ့ဆဲဆဲ လူမမာတွေ ညည်းနေကြတယ်
မြေမမြှုပ်ရသေးတဲ့ အလောင်းတွေလည်း ပြန့်ကျဲလို့
ငါအားတင်းပြီးထထိုင်လိုက်တယ်
ဒီကနေ့ ငါ့မွေးနေ့မှာ ကဗျာတစ်ပုဒ်နဲ့ ကမ္ဘာမြေကို ဂုဏ်ပြုရမယ်
ပြီးရင် ခါတိုင်းနှစ်တွေလိုပဲ မွေးနေ့ပွဲကို တိတ်တဆိတ်ကျင်းပဖို့လုပ်ရမယ်
ခါတိုင်းနှစ်တွေနဲ့ မတူတာက
ငါ့နိုင်ငံက နာဂစ်မုန်တိုင်းကြောင့် တစ္ဆေသူရဲ ဖြစ်သွားသူတွေ
ငါ့မွေးနေ့ကို တိတ်တဆိတ်လာရောက် ချီးမြင့်ကြတာပဲ
သူတို့မျက်နှာတွေမှာ ရုတ်တရက် သေဆုံးမှုအတွက်
ကြေကွဲဝမ်းနည်းနေတာမတွေ့ရပါဘူး
ငတ်မွတ်ဆင်းရဲခြင်းဆိုတဲ့ဝဋ္ဋ်ဒုက္ခက လွတ်မြောက်ခြင်းနဲ့
မချစ်မနှစ်သက်တဲ့ သူတွေ အုပ်ချုပ်တဲ့ တိုင်းပြည်က
အမြန်ဆုံး ကျွတ်လွတ်ခွင့်ရခြင်းဟာ နိဗ္ပာန်ရောက်ခြင်းပဲဆိုတာ
သူတို့တွေ စဉ်းစားကောင်းစဉ်းစားနေလိမ့်မယ်
လူတွေက မွေးနေ့ကိုသာ သတိရပြီး
သေ မဲ့နေ့ကို မေ့နေကြတယ်
ငါ့လူငယ်ဘ၀ဟာ ကျနေလိုပဲ ရုတ်ခနဲ ကုန်ဆုံးသွားတယ်
ငါ့နုနယ်ပျိုမျစ်ခြင်းဟာ အမိမြေနဲ့ ဝေးရာ တိုင်းတပါးမှာ ကုန်ဆုံးသွားတယ်
ငါနှမြောတွန့်တိုခြင်းမဖြစ်မိပါဘူး
ဒီနေ့ငါ့မွေးနေ့မှာ ဘာစကားမှ လက်ဆောင်ပါးစရာလည်းမရှိပါဘူး
လူတွေဟာ သေဆုံးဖို့ အတွက်ရှင်သန်နေကြတယ်
ရှင်သန်ဖို့အတွက် သေဆုံးနေကြတယ်။

စိတ်ဓါတ်ကို မြေကြီးထဲအထိ နှိမ့်ချကြည့်လိုက်တယ်
စိတ်ဓါတ်ကို မိုးပေါ်ရောက်အောင် တွန်းတင်ကြည့်လိုက်တယ်
ငါလုပ်လို့ရနေသားပဲ
ငါ့စိတ်နဲ့ ငါ့ခန္ဒာကိုယ်က သဘောထားချင်းတိုက်ဆိုင်နေသားပဲ
ဘာစိတ်ညစ်စရာများရှိလို့လဲ
ငါနေတဲ့ ကမ္ဘာဂြိုလ်မှာ
ပင်လယ်ကြီးက ပြာလို့
တိမ်တွေကလည်း တောက်လို့ ပလို့
မြက်ခင်းပြင်တွေကလည်း စိမ်းလို့ လန်းလို့
ဟော.. အရှေ့ဆီမှာ ရောင်နီပျို့လာပြီ
ငါခရီးဆက်ရပေဦးမယ်
သီအိုရီအတိုင်းဆိုရင်တော့ မုန်တိုင်းစဲရင် လေပြေညှင်းလာစမြဲပဲ။

ငြိမ်းချမ်းအောင်
ဒီကနေ့ကျရောက်သောမွေးနေ့အတွက်

Read More...

08 May, 2008

မိုးညနေခင်း

မိုးရွာထဲကို ငါငေးကြည့်နေမိ
မိုးရွာထဲမှာ ဖြတ်လျှောက်သွားတဲ့
အရေပြား မွဲခြောက်ခြောက် လူမမာရုပ်ပေါက်နေတဲ့
အမျိုးသမီးတွေကို ငါငေးကြည့်နေမိ
လက်ထဲမှာ ဟင်းချက်စရာ တိုလီမုတ်စ ပစ္စည်းတွေ ဆွဲလို့
ကလေးတွေ လက်ကို ဆွဲလို့
စက်ရုံဆင်းချိန် ညနေခင်းဈေးတစ်ခုက ပြန်လာကြတဲ့
အသက်အရွယ်မျိုးစုံ မြန်မာအမျိုးသမီးတွေ

ငါရောက်နေတာက
မြန်မာပြည်သား (၁.၇) သန်းကို ထမ်းပိုးထားရတဲ့
မြန်မာဆိုရင် နှာခေါင်းရှုံ့တတ်တဲ့ တိုင်းပြည်တစ်ခုမှာ
ငါနေနေတာက
ပုလိပ်အဖမ်းကြမ်းပြီး
သူစိမ်းဆန်တဲ့ မြို့တစ်မြို့မှာ
အဲဒီနိုင်ငံမှာ
ဈေးသည်က ဖောက်သည်ကို ငတ်သလို
ပုလိပ်တွေက ငွေကိုငတ်တယ်
အဲဒီနိုင်ငံမှာ
အလိုမတူပဲ ဇိမ်ခန်းမှာ ရောင်းစားခံလိုက်ရတဲ့
မြန်မာအမျိုးသမီးငယ်တွေရှိတယ်
ကျောင်းတက်ခေါင်းလောင်းသံကို မကြားဖူးတဲ့
တရားမ၀င် မြန်မာအလုပ်သမား ကလေးငယ်တွေရှိတယ်
အဲဒီနိုင်ငံမှာ
မြန်မာတွေရဲ့ အမျိုးသားရေးဂုဏ်သိက္ခာနဲ့ ပုဂ္ဂလ္လိကမာနဟာ
တစ်စစီ ရိုက်ချိုးခံထားရတယ်။
ဆင်းရဲမွဲတေတဲ့အခါ
ဘ၀ဟာ ခြောက်ခြားဖွယ်ရာ အနိန္ဓာရုံပဲ
တချို့က သုခတွေစံစား
တချို့က ဒုက္ခတွေခံစားလို့

ငါလွမ်းနေမိတယ်
ငါလွမ်းနေမိတာ
ဈေးကြီးပေးဝယ်ရတဲ့ ၀ီစကီ ပုလင်းတစ်လုံး မဟုတ်ဘူး
ကုန်ဆုံးခဲ့တဲ့ အတိတ်ဘ၀ မဟုတ်ဘူး
ဖုန်ထူပြီး ဗွက်ပေါတဲ့ ငါ့မွေးရပ်ဒေသ မြေလတ်က မြို့ကလေးမဟုတ်ဘူး
သူငယ်ချင်းတွေမဟုတ်ဘူး ငယ်ချစ်ဦးမဟုတ်ဘူး
တကယ်တော့ ငါလွမ်းနေမိတာ သေချာလှတယ်မဟုတ်ပေမဲ့
မျှော်လင့်ခွင့်ရှိတဲ့ အနာဂတ်ပါ
ငါစဉ်းစားနေမိတယ်
မငိုပဲနဲ့ လူတွေဟာ ဘာကြောင့် မျက်ရည်ကျရတာလဲ
မြန်မာအလုပ်သမားတွေရဲ့ ခန္ဒာကိုယ်က ထွက်တဲ့
နံစော်တဲ့ ချွေးနံ့တွေထဲမှာ မျှော်လင့်ချက်တွေရှိနေတယ်
သူတို့နိုင်ငံသားတွေဆီကရတဲ့ အကောင်းစားရေမွှေးဆွတ်ထားတဲ့ ကိုယ်သင်းရနံ့မှာ
ခေါင်းပုံဖြတ်ခံလိုက်ရတဲ့ တရားမ၀င်အလုပ်သမားတွေရဲ့ လုပ်အားခတွေရှိတယ်

ဆန္ဒနဲ့ လက်တွေ့ဘ၀ဟာ တစ်ထပ်တည်းဘယ်တော့ ကျမှာတဲ့လဲ
လူအများနဲ့ သဘောထားချင်းမတိုက်ဆိုင်တဲ့အခါ ရေငုံနူတ်ပိတ်နေရမလားငါစဉ်းစား
ဒီထက်ပိုကောင်းတာမရှိလို့ ရှိတာကိုပဲ ရွေးချယ်လိုက်ရ
ဖြစ်သင့်ပေမဲ့ ဖြစ်မလာတဲ့အခါ ဒီလိုပဲ ဖြေသိမ့်နေရ
တကယ်တော့ ရှင်သန်းခြင်းဆိုတာ မမြင်ရတဲ့ အခွင့်အလမ်းတစ်ခုပါပဲ
ငါကထိုင်ခုံမှာထိုင်နေတယ်
ငါ့မျက်လုံးတွေက မိုးရွာထဲကို ဆက်ငေးကြည့်နေဆဲ
အဲဒီအချိန်မှာ
ငါ့ကို စိတ်တိုင်းမကျတော့တဲ့ ငါ့ကိုယ်စောင့်နတ်ဟာ စိတ်ကောက်ပြီး
အဝေးကို ထွက်ပြေးသွားလေရဲ့။

28 April, 2008 – 6:30 PM
ငြိမ်းချမ်းအောင်

Read More...