23 March, 2009

အန်အယ်လ်ဒီ

သူ့လက်ဖျံမှာထိုးတဲ့ဆေးမင်ကြောင်ကအောင်ဆန်းစုကြည်
သူ့မဟာမိတ်ကမင်းကိုနိုင်နဲ့သူရဲကောင်းများ
သူ့ရင်ဘတ်ထဲမှာပြည်သူသာအမိပြည်သူသာအဖ
သူရင်းနှီးမြှုပ်နှံထားတာတိုင်းချစ်ပြည်ချစ်စိတ်ဓါတ်
သူ့ပန်ကြားလွှာမှာမတရားတဲ့အမိန့်အာဏာဟူသမျှတာဝန်အရဖီဆန်ကြ
သူကိုးကွယ်တဲ့ဘာသာကအမှန်တရားကိုချစ်မြတ်နိုးခြင်း
သူကျွမ်းကျင်တတ်မြောက်တာဗြဟ္မစိုရ်တရားလေးပါး
သူမေ့လို့မရတာ ၉၀-ရွေးကောက်ပွဲရလာဒ်
သူကြွေးကြော်လိုက်တာ နွေဦးဟာခူးဆွတ်ရဲသူအတွက်သာဖြစ်တယ်။ ။

ငြိမ်းချမ်းအောင်

Read More...

20 March, 2009

“ပိတောက်နဲ့ဆောက်တဲ့ နိုင်ငံတော်”


ပိတောက်က ငါ့ရင်ခုန်ဖက်
ဥသြငှက်က မဟူရာ တမန်တော်
ငုဝါပန်းက ငါ့အလွမ်းများ
နွေရက်တွေနဲ့ အဝေးကြီး ဝေးခဲ့သမျှ
အဆွေးကြီးဆွေးခဲ့ရ နှစ်တွေထဲ
ငါက အချစ်နဲ့စစ်ရဲ့
ပဋိပက္ခ အကျဉ်းသား။

အင်တာနက်မှာ
တစ်နှစ်တစ်ခါ ပွင့်တဲ့ ပိတောက်ကို
စိတ်ကူးမှာခူးပြီး
ရူးလောက်အောင် လွမ်းနေရ..

ရေကင်းသံတွေကြားမှ
သတိရတာမဟုတ်ပါဘူး ပိတောက်ရယ်
ခင်လျှက်နဲ့ဝေး
ကြင်လျှက်နဲ့ဆွေးနေရတဲ့ အဖြစ်ပါ။

တန်ခူးလေသွေးမှ
မွှေးမြတာမဟုတ်ပါဘူး ပိတောက်ရယ်
လွမ်းလျှက်နဲ့ခွဲ
ကျွမ်းလျှက်နဲ့လွဲခဲ့ရတဲ့ အဖြစ်ပါ။

သစ္စာနဲ့ ပွင့်တဲ့ ပိတောက်နဲ့
ဆောက်တဲ့ နိုင်ငံတော်မှာ
သူရဲကောင်းစိတ်ဓါတ် “အဓွန့်ရှည်ပါစေ”

ဒေါ်အောင်ဆန်းစုကြည်"ကျန်းမာပါစေ"
ပိတောက်ပန်းများ “ငြိမ်းချမ်းပါစေ”

‘ငုနဲ့ ပိတောက်တို့နွေမှာ လိုင်
စုနဲ့ ခမောက်တို့မေမှာ နိုင်’ ခဲ့တယ်။

ခမောက်က ငါ့နိုင်ငံတော်

စုက ငါ့သေနာပတိ
ဥသြငှက်က ငါ့အလွမ်းများ
အမှန်တရားတွေ ဆွံ့အ
ဖွင့်ဟခွင့်မရခဲ့သမျှ
ပိတောက်က.. အချစ်နဲ့စစ်ရဲ့
မလွတ်မကျွတ်ခြင်း သားကောင်။ ။

ငြိမ်းချမ်းအောင်

မနှစ်က ဧပြီတစ်ရက်နေ့မှာ ပိတောက်တမ်းချင်း ကဗျာတစ်ပုဒ်ရေးခဲ့တယ်။ ဒီနှစ်တော့ နွေဦးက စောတယ်ထင်တယ်။ မနက်တုံးက သွားဖြစ်တဲ့ ဘလောဒ့်နှစ်ခုထဲက တစ်ခုမှာ ရေးထားတယ်၊ 'ဒီမှာ.. ပိတောက်တွေပွင့်နေပြီ' တဲ့။ နောက်ဘလောဒ့်တစ်ခုမှာကျတော့ ငုဝါပန်းပုံတွေ တင်ပေးထားတာ တွေ့ရတယ်။ အမှန်အတိုင်းဝန်ခံရရင် ကျနော်လည်း ငုနဲ့ ပိတောက်ကို အရူးအမူး ချစ်သူတစ်ယောက်ပါ။ မနှစ်ကရေးဖြစ်တဲ့ လွမ်းနေတဲ့ ပိတောက်ဝါ ဆိုတဲ့ ကဗျာလေးက ဒီနေရာမှာပါ။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Read More...

18 March, 2009

Kyi Maung Than - The Letter to World Poetry Day

(မိုးမခမှ ကူးယူဖော်ပြသည်)

ကမ္ဘာ့ကဗျာနေ့အတွက် သ၀ဏ်လွှာ

ကြည်မောင်သန်း

မတ် ၁၈၊ ၂၀၀၉


၂၀၀၉ ခုနှစ် ကမ္ဘာ့ကဗျာနေ့ ရက်မြတ် အခါသမယတွင် ကမ္ဘာ့ ကဗျာဆရာအားလုံး ကဗျာလုပ်ငန်းခွင်များ အောင်မြင်ဖြစ်ထွန်းကြလျက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေဟု နှုတ်ခွန်းဆက်သအပ်ပါသည်။


ရေးဖော် ကဗျာဆရာ အပေါင်းတို့ခင်ဗျား …

ကမ္ဘာ့ကဗျာနေ့အတွက် ကဗျာတစ်ပုဒ် ရေးလိုပါတယ်

ဒါပေမယ့် ဘယ်လိုကဗျာ ရေးရမှန်းမသိ

ထုံးစံအတိုင်း ရေးဖော် ကဗျာဆရာများ

ကမ္ဘာ့ကဗျာနေ့မှာ ကျန်းမာ ချမ်းသာကြပါစေလို့ပေါ့ဗျာ …


ဒါပေမယ့် ကဗျာဆရာတွေ ကျန်းမာ ချမ်းသာကြပါရဲ့လား

ကဗျာဆရာတွေ ကဗျာတွေရေးကြ

မဂ္ဂဇင်းတွေကို ကဗျာတွေ ပို့ကြ

ကဗျာစာအုပ်တွေ ထုတ်ကြ

ကဗျာတွေကို ဝေဖန်ကြ ဆွေးနွေးကြ

ကဗျာဆရာတွေကို ဆုပေးကြ ဒဏ်ပေးကြ

ကဗျာဆရာတွေ ငြင်းကြ ခုန်ကြ ရန်ဖြစ်ကြ

ကဗျာဆရာတွေ မူးကြ ရူးကြ အော်ဟစ်ကြ

ကဗျာဆရာတွေ သေကြ ရှင်ကြ မသေမရှင် ဖြစ်ကြ


ဒီလိုနဲ့ ကဗျာလောကကြီး အသက်ဝင်နေဆဲပါပဲ

ဒီလိုနဲ့ ကမ္ဘာပေါ်မှာ ကဗျာဆရာတွေနဲ့ ကဗျာတွေ ရှိနေဆဲပါပဲ

ဒီနေ့အထိ ကမ္ဘာပေါ်မှာ ကဗျာ လိုအပ်ချက် အနုပညာအနေနဲ့ ရှိနေဆဲပါပဲ

စာသင်ခန်းများစွာ ကဗျာတွေကို သင်ကြားပို့ချဆဲပါပဲ


ဆောက်လုပ်ရေး လုပ်ငန်းခွင်က မဆလာသယ်တဲ့ ကောင်မလေးအတွက်

ကဗျာဟာ လိုအပ်ချင်မှ လိုအပ်ပါလိမ့်မယ်

စီးပွားရေးလုပ်ငန်းရှင် သူဋ္ဌေးကြီးတစ်ဦးအတွက်

ကဗျာဟာ လိုအပ်ချင်မှ လိုအပ်ပါလိမ့်မယ်

ဒါပေမယ့် ကဗျာတပ်မက်သူ ကဗျာဖတ်သူ ကဗျာချစ်သူများအတွက်

ရှေးယခင်မှ ယခုအထိ ကဗျာဟာ လိုအပ်နေဆဲပါပဲ။


မိမိတို့ ဘိုးဘွားများ လက်ထက်မှ စပြီး

ကဗျာယဉ်ကျေးမှု ထွန်းကားခဲ့ရာမှာ

ဒီနေ့အထိ ကဗျာအတွက် ဘ၀ပျက်သူတွေ ရှိနေဆဲပါပဲ

ဒီနေ့အထိ ကဗျာအတွက် အသက်စွန့်သူတွေ ရှိနေဆဲပါပဲ

ဒီနေ့အထိ ကဗျာအတွက် ထွက်ပြေးရသူတွေ ရှိနေဆဲပါပဲ

ဒီနေ့အထိ ကဗျာအတွက် အကျဉ်းကျသူတွေ ရှိနေဆဲပါပဲ

ဒီနေ့အထိ ကဗျာအတွက် နာရီပေါင်းများစွာ အလုပ်လုပ်နေသူတွေ ရှိနေဆဲပါပဲ


တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာမှာ

ကဗျာဟာ အဓိက လိုအပ်ချက်တရပ်ဖြစ်နေဆဲပါပဲ


ဒါကြောင့်မို့ ကဗျာကို အခြေခံပြီး

အခြားအနုပညာ ကဏ္ဍများကိုလည်း

ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဦးတည်ချက် ချမှတ်ကြ …

ကမ္ဘာ့ကဗျာစားသုံးသူများရဲ့ လိုအပ်ချက်ကိုလည်း တတပ်တအား ဖြည့်ဆည်းကြ …


နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ

ကဗျာဟာ အဓိက လိုအပ်ချက်ဖြစ်တယ်

ကဗျာ တည်ငြိမ်တိုးတက်ရေးနဲ့ ဖွံ့ဖြိုးရေးကို

နှောင့်ယှက်ဟန့်တားနေတဲ့ ပြည်တွင်း ပြည်ပ အဖျက်သမားများ အန္တရာယ်ကို

ကဗျာဆရာတွေ စုပေါင်း ကာကွယ် တိုက်ဖျက်ကြ …


ဒီလို ကမ္ဘာ့ကဗျာနေ့ အခါသမယမှာ

ကဗျာဆရာများ လုပ်ငန်းခွင် သာယာရေး

အကျိုးစီးပွား ဖြစ်ထွန်းရေး

ကာယစိတ္တ နှစ်ဖြာ ကျန်းမာချမ်းသာကြစေရေး

ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

( ကမ္ဘာ့ကဗျာနေ့ကို ကြိုဆိုဂုဏ်ပြုပါ၏ )

Read More...

12 March, 2009

ငါ အချိန်ဖြုန်းနေမိ

နေ၀င်တာနဲ့ နေထွက်တာကို စောင့်ကြည့်ရင်း ငါအချိန်ဖြုန်းနေမိ
ကဗျာလိုလို စာလိုလိုတွေရေးရင်း ငါအချိန်ဖြုန်းနေမိ
ကွန်ပြူတာတစ်လုံးနဲ့ လင်မယားလိုလို၊ ရည်းစားလိုလို ပေါင်းဖော်ရင်း ငါအချိန်ဖြုန်းနေမိ
ကော်ဖီသောက်လိုက် ထမင်းစားလိုက် ငါအချိန်ဖြုန်းနေမိ
ငါမဖတ်ချင်တဲ့ စာအုပ်တွေဖတ်ရင်း ငါအချိန်ဖြုန်းနေမိ
(လိုရမယ်ရဆိုပြီး) ငါမတက်ချင်တဲ့သင်တန်းတွေတက်ရင်း ငါအချိန်ဖြုန်းနေမိ
ငါးမွေးလိုက် ဓါးသွေးလိုက် ငါအချိန်ဖြုန်းနေမိ
ငါမပျော်ရွှင်တဲ့ နေ့ရက်တွေမှာ ငါအချိန်ဖြုန်းနေမိ
အပေါင်းအသင်းတွေနဲ့ ငြင်းခုန်လိုက် စကားများလိုက် ငါအချိန်ဖြုန်းနေမိ
သတင်းတွေဖတ်လိုက် အတင်းတွေပြောလိုက် ငါအချိန်ဖြုန်းနေမိ
လေချွန်လိုက် သက်ပြင်းချလိုက် ငါအချိန်ဖြုန်းနေမိ
ဖြစ်သလိုလုပ်ပြီး၊ လုပ်သလိုမဖြစ်တဲ့အခါ ကြေကွဲရင်း ငါအချိန်ဖြုန်းနေမိ
တစ်ခါတခါလည်း ကံစီမံရာအတိုင်းပေါ့ကွာလို့ ခပ်ပေါ့ပေါ့တွေးရင်း ငါအချိန်ဖြုန်းနေမိ
စိတ်ကူးယဉ်လိုက် စိတ်ဓါတ်ကျလိုက် ငါအချိန်ဖြုန်းနေမိ
ဒေါသထွက်လိုက် သောကဖက်လိုက် ငါအချိန်ဖြုန်းနေမိ
ရသလောက်ပဲလုပ်ပြီး၊ လုပ်သလောက်မရတဲ့အခါ စိတ်ပျက်ရင်း ငါအချိန်ဖြုန်းနေမိ
ဟားတိုက်ရယ်မောလိုက် ၀မ်းနည်းပူဆွေးလိုက် ငါအချိန်ဖြုန်းနေမိ
ဆံပင်ဖြူတွေနူတ်လိုက် လက်သည်းခြေသည်းညှပ်လိုက် ငါအချိန်ဖြုန်းနေမိ
တရားရှာလိုက် ဓါးရှာလိုက် ငါအချိန်ဖြုန်းနေမိ
ရန်သူကို အလံဖြူလွှင့်တဲ့ကောင်တွေကို ဆဲရေးတိုင်းထွာရင်း ငါအချိန်ဖြုန်းနေမိ
နွေဦးကို စောင့်စားရင်း နှာစေးလိုက် မိုးမိလိုက် ငါအချိန်ဖြုန်းနေမိ
လူ့ဘ၀ဆိုတာ လူ့ဘ၀ပါပဲကွာ ငါအချိန်ဖြုန်းနေမိ

ငြိမ်းချမ်းအောင်
ပြန်ခေါက်ထားပါ

Read More...

08 March, 2009

ပယင်းရောင်နေ့များ

စူပါ-ပါဝါ လက်နက်နိုင်ငံတော်ကြီး
မြို့ပြဆောင်းညမှာ
ပုဆိုးခြုံကွေးရင်း၊ ငါ ဆွေးနေမိရဲ့

ဘယ်သူယုံမှာလဲ
အိုဘားမားနဲ့ ငါနဲ့ တစ်မြို့တည်းသားတွေပါလို့ပြောရင်
ရုပ်ကြမ်းကြီးနဲ့ နွဲ့နေတာ မဟုတ်ရပါဘူးကွာ
ဘယ်သူ ယုံမှာတဲ့လဲ
ငါ့မှာ ရည်းစားမရှိပါဘူးလို့ပြောရင်

ဂျာနယ်လစ်တွေ
လော်ဘီလစ်တွေ
အလုပ်ဖြစ်နေတဲ့ ခေတ်မှာ
မှော်ဆရာတွေ၊ လူညာတွေ
အလုပ်ဖြစ်နေတဲ့ ခေတ်မှာ

ကဗျာရွှေခေတ်ဘယ်တော့ဖြစ်မှာလဲ

စိတ်မပျက်နဲ့၊ သူငယ်ချင်း
အမေရိကန်စီးပွားပျက်ကပ်မှာ
သူဌေးသမီးလည်း သွေးမကြီးနိုင်ပါဘူး

အနောက်မှာကျောင်းမတက်ဖူးရင်
ဗိုလ်လိုမမှုတ်တတ်ရင်
လူတလုံးသူတလုံး မဖြစ်တော့ဘူးလား

စိတ်ကူးက မသစ်တော့ဘူး
မျိုးဆက်က မသစ်တော့ဘူး
ငါ့ကဗျာတွေ သစ်ဖို့
ကဗျာနဲ့ငါ မျက်နှာပြန်သစ်နေရ
ပင်ပမ်းလှပါပြီကွယ်

ရာဇ၀င်မှာ
ဘုရင့်နောင် ဖောင်ဖျက်ခဲ့ဖူးတယ်
ငါတို့ခေတ်မှာ
သူရဲကောင်းကို ရုပ်တုထုပြီး ကိုးကွယ်ရမယ်

သစ္စာဖောက်တွေမရှိပဲ သစ္စာဆိုဖို့ လိုပါ့မလား
သစ္စာဆိုပြီး သစ္စာဖောက်သွားတာလည်းရှိတယ်

ရွာသူနှောက်ယှက်ရင် ရွာသူကို တောထုတ်မယ်
ရူးချင်ယောင်ဆောင်ရင် အရူးထောင်ပို့ရမယ်
ထူနေတဲ့ အရေခွံကို ဓါးနဲ့ နာနာထစ်မယ်

ကျောက်ထွင်း အက္ခရာတိုင်း
သမိုင်းမဟုတ်ဘူး သူငယ်ချင်း

မဲဆောက်မှာ အိမ်သာကျဉ်းတူးရလို့ပဲဖြစ်ဖြစ်
အမေရိကားမှာ ဆူရှီလိပ်ရလို့ပဲဖြစ်ဖြစ်
မင်း ခြေတစ်လှမ်းဟာ
ကုဋေတစ်သန်း တန်ပါစေ။ ။

ငြိမ်းချမ်းအောင်

Read More...