26 February, 2009

ဆုတ်ကပ်

စတားဘတ်ခ်ျ ကော်ဖီဆိုင်
လမ်းမကြီးပေါ်မှာ
ကျနော်လျှောက်သွားနေမိတယ်။

ဒေ၀ါလီခံရတော့မယ့်
မြို့တော်ကြီး
တိုက်အိမ်ကြီးတွေ မလှဘူးလား
ကက်ပီတယ်ဟေးလ် အဆောက်အဦးကြီးရေ
ခင်ဗျားကိုဖူးမျှော်ဖို့ ကျနော်အရောက်လာခဲ့တယ်။

ပြုတ်ပြုတ်ပြုန်းကြတယ်
ဇန်န၀ါရီလမှာ လူခြောက်သိန်း
အလုပ်ပြုတ်လာတယ်။

ဒီမှာ မိတ်ဆွေ
ခင်ဗျား အက်စ်တွန်မာတင်
ကားကြီးရော ရောင်းမှာလား

ဈေးကွက်မှာလေလံတင်လိုက်လေ။

အိပ်ကပ်ထဲမှာ ပိုက်ဆံမရှိဘူး
ဘဏ်ကဒ်ထဲမှာ ပိုက်ဆံမရှိဘူး
အမေရိကန်အစိုးရဆီမှာလည်း ပိုက်ဆံမရှိဘူး။

ဆောင်းညစ်ညစ်မှာ
နေကခြစ်ခြစ်တောက်ပူတယ်
ရင်ပူတယ်။ ကိုယ်ပူတယ်
ပိုတိုးမက်ခ်ျမြစ်ထဲမှာ
ရေဆင်းကူးချင်တယ်။

ငွေစက္ကူဆိုတာ အတုရှိတယ်
ကံကြမ္မာဆိုတာက အတုမရှိဘူး။

ဂျော့ပ်တောင်းတက္ကသိုလ်ရှေ့မှာ
လမ်းသလားနေတဲ့ ကောင်မလေးရေ
မေစီကုန်တိုက်ကြီးထဲက လုပ်သေနတ်တစ်လက်နဲ့
ငါ့ရင်ဝတည့်တည့်ကိုသာ ပစ်ထည့်လိုက်ပါတော့။

ဒီနှစ်လည်း ကိုတွတ်ပီတစ်ယောက်
ကံမကောင်းရှာဘူးတဲ့
ထီကမပေါက်ဘူး
ချစ်သူကစိတ်ကောက်နေတယ်။

သေမဲ့ နှစ်မှာ
တောပြောင်းမိခဲ့တယ်။ ။

ငြိမ်းချမ်းအောင်

Read More...

18 February, 2009

သောင်းရင်းမှာ အိမ်ပြန်နောက်ကျခဲ့ပြီ သင်တိုင်းဖြူ

နောင်နှစ်ခါ
တန်ဆောင်မုန်းမှာ
ပွဲမကြည့်ချင်ဘူး
နောက်တစ်ခါ
နယူးရီးယားမှာ
ပြန်တွေ့ချင်တယ်
ချစ်ရတဲ့ သင်တိုင်းဖြူရေ။

လူရွှင်တော်တွေပြောတဲ့
ဆန်ဆုံစား ကံကုန်သွား
ဇာတ်လမ်းမျိုးမဟုတ်ဘူး
ဘ၀ဆိုတဲ့ သံသယာမှာ
မင်းနဲ့ငါ ဆုံခဲ့ကြ
အဲဒီ မီးပုံပွဲတစ်ည
ငါ့အပျိုမလေး မင်းကရှက်သွေးဖြာ
မင်းအရပ်က ရှည်သွယ်
မင်းအသားက ၀ါဝင်း
ပြစ်မျိုးမှဲ့မထင်
မင်းခန္ဒာကိုယ်အချိုးအဆက်
ရိုက်ဖိုကြီးငယ်အသွယ်သွယ်မှာ
ငါကအသက်ရှူတာတောင်မှား
ငါကရင်ခုန်သံတောင်စည်းချက်မှား
ထင်းမီးဖိုအလင်းရောင်မှာ
ဖားစည်တီးသံက မြူးလို့ကြွ
စည်းချက်နဲ့အညီ
မင်းကခန္ဒာကိုယ်လူပ် ယိမ်းလို့က
မင်းလက်ထဲကအဖြူရောင်ပုဝါစလေးလူပ်ခါက
မင်းအကမှာ… မင်းအလှမှာ
ငါက ခေါင်ရည်မသောက်ပဲယစ်မူး
အဲဒီညက ငါအချစ်ရည်ပါ မူးခဲ့တယ်။
 

ဓါတ်ခွဲကြည့်ဖို့မလိုအပ်တဲ့ ကိစ္စထဲမှာ
အချစ်ဆိုတဲ့အကြောင်းအရာပါတယ်
ငါ့အကြည့်မှာ မင်းကခေါင်းငုံ့ ရှက်သွေးဖြာ
အလို..သောင်ရင်းတောင်ရင်ခုန်သွား
အဝေးကဇွဲကပင်လူပျိုသိုးကြီးခမျာ ကျိတ်ပြီးမျက်လွှာချ
ဒီဘဝ
နောက်ဘဝ
ဘ၀အဆက်ဆက် ပေါင်းဖက်ချင်တယ်
မြင်မြင်ချင်းချစ်မိတာ ရှေးရေစက်မို့ထင်ရဲ့။

ငါ့အချစ်က
ပထ၀ီမြေကြီးထက်ပိုပြီးလေးနက်တယ်
မင်းအချစ်က
အမုန်းတံတိုင်းကြီးကိုကျော်ခွပြီးအရောက်လာခဲ့တယ်
လက်ချည်ပွဲမှာထပ်တွေ့တော့
ရင်ထဲက ဆန္ဒတွေပွင့်အံထွက်ခဲ့
“ဒေးမူကလည်းအကျောကိုချစ်ပါတယ်” တဲ့
ရိုးသားပွင့်လင်းတဲ့ အဖြေစကားမှာ
ငါ့အနာဂတ်ဟာ ဟင်းလင်းပဲ။

မင်းတို့ရိုးရာက သင်တိုင်း
ငါတို့ရိုးရာက ပင်နီနဲ့တိုက်ပုံ
မင်းကိုးကွယ်တာက သခင်ယေရူ
ငါကိုးကွယ်တာက ဗုဒ္ဓဘုရားသခင်
ဘာသာ၊ လူမျိုး၊ ယဉ်ကျေးမူအစဉ်အလာမတူညီကြတာ
အချစ်ကို မြူတစ်မူန်စာတောင် မမှေးမှိန်နိုင်ခဲ့ဘူး။

အမိမြေနဲ့အဝေးမှာ နှစ်တွေကြာ
အနောက်တိုင်းနဲ့ကူးလူးဆက်ဆံခဲ့ကြ
ဖားတစ်ပိုင်းငါးတစ်ပိုင်းယဉ်ကျေးမူမှာ
ငါတို့ချစ်ခြင်းမေတ္တာဟာ မညစ်နွမ်းခဲ့ပါဘူး
ပိုစ့်မော်ဒန် အယောင်ဆောင်ထားတဲ့
လစ်ဗင်းတူဂဲသား Living together သရုပ်ပြက်ဝါဒကို
ငါတို့ သဘောမတူခဲ့ကြဘူးလေ။

မင်းကြိုက်တဲ့တာလဘောဟင်းနဲ့ငပိထောင်းကိုငါလည်းကြိုက်တယ်
မင်းချစ်တဲ့ဒုက္ခသည်စခမ်းလေးကိုငါလည်းချစ်တယ်
မင်းနေချင်တဲ့တောင်ပေါ်ဒေသမှာပြန်အခြေချဖို့ငါသဘောတူတယ်
မင်းတို့အလံတော်ကို ငါဦးညွှတ်တယ်
နွေဦးမှာ ပွင့်တဲ့ ပိတောက်ကို မင်းခေါင်းမှာ ပန်ပေးချင်တယ်
မင်းစိတ်တိုတဲ့အခါ ဒေါနတစ်ခက်နဲ့ ငါနှစ်သိမ့်မယ်
ငါဒေါသထွက်တဲ့အခါ မင်းအကြင်နာလက်နဲ့ချော့မြူကွယ်
မင်းငိုရင် ငါချော့မယ်
မင်းပျော်ရင် ငါပြုံးမယ်
သောင်းရင်းမှာ အိမ်ပြန်နောက်ကျနေသူကို ခွင့်လွှတ်ပါ သင်တိုင်းဖြူ။

ရိုးသားဖြူစင်တဲ့
မင်းနှလုံးသားနုနုမှာ
ဘာအရောင်မှ အလိမ်းကျံမခံရစေချင်ဘူး
ဖြောင့်မတ်မှန်ကန်တဲ့
မင်းအတွေးအခေါ်မှာ
အမှောင့်ပယောဂတွေ ပူးဝင်မခံရစေချင်ဘူး
ဘုန်းကြီးတွေ အရိုက်ခံရတော့ မင်းကငိုတယ်
မင်းတို့ရွာတွေ မီးရို့ခံရတော့ ငါကဒေါသထွက်တယ်
နိုင်ငံရေးသမားတွေ နှစ်ရှည်ထောင်ဒဏ်ချခံရတော့မင်းကစုပ်သပ်တယ်
မင်းတို့တောင်ပေါ်သူတွေမုဒိမ်းကျင့်ခံရတော့ငါကတောက်ခေါက်တယ်
တို့နှစ်ယောက်လုံးလူသားဆန်ခဲ့ပါတယ်။

မဲဆောက်မှာ နောက်ဆုံးတွေ့တဲ့အခေါက်က
မင်းမျက်နှာမသာမယာ
မင်းက မင်းလူမျိုးအတွက်
ပူပင်သောကတွေရောက်
မင်းလုပ်နေတဲ့ အလုပ်တွေအကြောင်းငါ့ကိုရှင်းပြ
၈-နှစ်သမီးလေး မုဒိမ်းကျင့်ခံရတဲ့ အကြောင်းတောင်ပါသေး
ငါက မင်းမျက်နှာကို ငေးမော
မင်းနဖူးပေါ်က ကပိုကယိုဆံစတွေကို ငေးမော
အနာဂတ်ကိုငေးမော
ပြီးတော့ စိတ်ထဲမှာ သက်ပြင်းတွေကျိတ်ပြီးချ
တူနှစ်ကိုယ်နီးနိုင်မဲ့ရက်တွေအတွက်
စိတ်မစောမိတော့ဘူး သင်တိုင်းဖြူ။

တနေ့တစ်ရက်တောင် မခွဲခွာချင်ပေမဲ့
တစ်ခါတစ်လေ တစ်နှစ်တစ်ကြိမ်တောင်
တို့တွေပြန်မတွေ့ဖြစ်ကြဘူး
မင်းက မင်းအလုပ်တွေကို အကြောင်းပြ
ငါက မင်းကိုသတိရ ကျိတ်ပြီးလွမ်း
ဖုန်းဆက်လို့မရတဲ့ အရပ်ဒေသတွေကို
မင်းကမကြာမကြာ ခရီးထွက်
ငါက မင်းအတွက်စိုးရိမ် ဘုရားမှာပန်းလှူ ကျိတ်ပြီးဆုတောင်း
ဒေးမူရေ.. အလွမ်းဆိုတာ သံသယာမှာ
မလွတ်မကျွတ်ခြင်းတရားပါပဲ။

ဒီတစ်နှစ်တော့
ငါကမင်းကိုခွဲခွာ
မင်းတို့ပွဲတော်တွေရှိရာ
အချိန်မီပြန်မရောက်နိုင်ခဲ့
မင်းဆီက စာမလာ သတင်းမပါး
ဒေးမူတစ်ယောက်..နေမှကောင်းရဲ့လား
အဆင်မှပြေရဲ့လား
ဝါရှင်တန်ဆောင်းညမှာ
မီးကိုမှိတ် အမှောင်ထဲမှာ မင်းကိုကျိတ်သတိရ ငါကငို
ဒီတစ်ညလည်း
အိပ်နိုင်တော့မယ်မထင်ဘူး ချစ်ရတဲ့သင်တိုင်းဖြူရေ။………………။

ငြိမ်းချမ်းအောင်

Read More...

07 February, 2009

ကျွမ်းကျင်သည့်အလုပ်အကိုင်

အလုပ်အကိုင်ဆိုတဲ့ကွက်လပ်မှာ
ကဗျာဆရာလို့ ခပ်တည်တည်ချရေးလိုက်တယ်
ဘာဖြစ်လဲ
အာဏာသိမ်းစစ်ခေါင်းဆောင်ဖြစ်ရတာထက်
ကဗျာဆရာဖြစ်ရတာဂုဏ်ယူစရာကောင်းပါတယ်
စီရော်နယ်ဒိုက
တစ်ပတ်ကို ပေါင်နှစ်သိန်းခွဲ ၀င်ငွေရနေချိန်မှာ
ကျနော်ကတစ်နှစ်ကို ပေါင်နှစ်ရာ့ငါးဆယ်တောင် ကိုယ်ပိုင်ဝင်ငွေမရှိခဲ့ဘူး
ကျွမ်းကျင်တဲ့အလုပ်အကိုင်ဆိုလို့
ကဗျာတွေမတောက်တခေါက်ရေးတတ်တာပဲရှိတယ်
အနုပညာလက်နက်နဲ့ ခံစစ်စည်းရိုးကိုမသေမသပ်ကာထားတယ်
ယုံကြည်မူတစ်ခုနောက်ကောက်ကောက်ပါအောင်လိုက်ခဲ့တယ်
နေပူမရှောင်မိုးရွာမရှောင်စီးတော်မြင်းတစ်ကောင်လို အသုံးတော်ခံခဲ့တယ်
လူဆိုတာပညာတတ်လေပိုပြီးဖောက်ပြန်တတ်လေပဲ
သွေးနားထင်ရောက်နေတဲ့ ကွက်စိပ်ဆရာတစ်ယောက်ကိုတွေ့ဖူးတယ်
သနားစရာကောင်းပါတယ်
မှတ်ကျောက်အတိုက်ခံရဲတဲ့ အညတရတစ်ယောက်နဲ့တွေ့ဖူးတယ်
သူ့အတွက်ကျနော်ဂုဏ်ယူတယ်
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ကျောင်းသုံးစာအုပ်မှာ ကျနော်ကဗျာတွေရေးတယ်
လွန်ခဲ့တဲ့ဆယ်နှစ်က မှတ်တမ်းစာအုပ်မှာ ကျနော်ကဗျာတွေရေးတယ်
အခုကွန်ပြူတာမှာ ကျနော်ကဗျာတွေရေးတယ်
အနိမ့်အမြင့် အတက်အကျ မရှိတဲ့
လောကဓံဆိုတာ
ကျနော်ချရေးလိုက်တဲ့ကဗျာတွေပါပဲ။………….။

ငြိမ်းချမ်းအောင်...

Read More...