06 September, 2013

စာကလေးဖြစ်တယ်..လင်းတငှက်ဖြစ်တယ်

နိုင်ငံရေးကနူတ်ခမ်းနီဆိုးလို့
မိတ်ကပ်အဖွေးသားနဲ့ထွက်လာတယ်
ရွှေဆွဲကြိုးတ၀င်းဝင်း
လက်ညှိုးတထောင်ထောင်
အမိန့်တွေပေးရင်းထွက်လာတယ်
ငြိမ်းချမ်းရေးစင်မြင့်ထက်မှာ
ဇာတ်မင်းသားလေးမောင်ဖိုးချစ်ကွေးနေအောင်ကနေတယ်
မေခလာမမျှော်နဲ့
မေခလာမြှုံးမိသွားပြီ
ပင်လယ်လှိုင်းလေကြားရဲစွမ်းခဲ့တဲ့မေခလာ
ချောင်းအကွယ်မြောင်းစွယ်မှာရေတိမ်နစ်ရှာပြီ
စိတ်မကောင်းစရာပဲ
သမ္မတကြီးမိန့်ခွန်းကမောင်စေတန်စာမျက်နှာလောက်
စိတ်လှုပ်ရှားစရာမရှိတာ
စိတ်မကောင်းစရာပဲ
လက်ပံတောင်းတောင်ကြီးပျောက်ဆုံးသွားမှာ
စိတ်မကောင်းစရာပဲ
ခရိုနီကသိန်းတစ်ထောင်လှူပြီး
ဆင်းရဲသားတွေကျပ်တစ်ထောင်အပိုမရှိတာ
စိတ်မကောင်းစရာပဲ
သက်မွန်မြင့်မှသည်အိချောပိုအထိ
မျဉ်းကွေးကောက်ကြောင်းပေါ်လည်ပတ်နေတဲ့ကမ္ဘာကြီး
ဝတ်မှုန်ရွှေရည်ခေတ်ကနေရွှေမှုန်ရတီခေတ်အထိ
ပြောင်းလဲလာတဲ့မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ
သမ္မတတွေကိုယ်တိုင်မတက်နိုင်ရင်
သ၀ဏ်လွှာရအောင်တောင်းဆိုပြီး
ရပ်တည်ချက်ကသေးစားထားတဲ့ထရံစုတ်တချပ်လို
ပြိုကျသွားတဲ့မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ
ကဲ ဘာလိုသေးလဲအချစ်ရေ
ငြိမ်းချမ်းရေးလုပ်တမ်းကစားဖို့
ငြိမ်းချမ်းရေးစင်တာလည်းရှိပြီ
ပုံပြောကောင်းတဲ့လွှတ်တော်ဥက္ကဌကြီးလည်းရှိပြီ
အဖားလွန်လို့ဖွတ်ဖြစ်သွားတဲ့နိုင်ငံရေးသမားတွေလည်းရှိပြီ
ဘာလိုသေးလဲအချစ်ရေ
လူစုံရင်အရက်ပုလင်းဖွင့်ပြီး
ဖဲဝိုင်းထောင်လိုက်ကြစို့ရဲ့
ဘာလိုသေးလဲအချစ်ရေ
စားဖားတွေညီညွတ်နေပြီ
အခွင့်အရေးသမားတွေလက်မထောင်ကြပြီ

ကဲ ဘာလိုသေးလဲ အချစ်ရေ
စာရွက်အစစ်ပေါ်မှာ ငြိမ်းချမ်းရေးအတုရေးထိုးလိုက်တယ်
မနက်ဖြန်နေသာမှာလား
ရွာရန်ရာနှုန်း ၈၅

ငြိမ်းချမ်းအောင်
စက်တင်ဘာ ၄၊ ၂၀၁၃ 
ပြန်ခေါက်ထားပါ...

Read More...