09 December, 2008

အရိုးခံအလှနဲ့ တောကစပယ်

မြို့ကြီးသူနဲ့မတူ
တစ်မူခြား
အရိုးခံသဘာဝနဲ့
တောစံပယ်ပန်းအလှရေ

မိုင်အထောင်အသောင်းကိုဖြတ်လို့
မင်းရှိရာအရပ်ဆီ
ချစ်သ၀ဏ်လွှာပါးလိုက်ပါရဲ့
ချစ်နှမ ကြားရပါစေတော့

နွားရိုင်းသွင်းချိန်
နေညိုညနေချမ်း
ရေခပ်ဆင်းလာ
တောပန်းအလှကို
ချစ်စကားပြောရင်
စိတ်ဆိုးမှာလား

စိတ်ကူးနဲ့တင်
အရိုးခံအလှမှာ
ကိုယ့်ခံတပ်ကလေး
ပြိုကျသွားပြီ
ရွာကြီးသူစံပယ်နွဲ့ရေ
ရိုးမြေကျပေါင်းပရစေလား

အသားတော်ညိုပြာညက်နဲ့
မင်းပါးပြင်နှစ်ဖက်က
ရွှေဘိုသနပ်ခါးပါးကွက်ကျား
မြင်ရစဉ်တစ်ခဏ
မြတ်နိုးစိတ်ဟာ
ထိမ်းမနိုင်သိမ်းမရ

ရွာတစ်ရိုးမှာ
မင်းဖြတ်လျှောက်စဉ်
မင်းဆံကေသာဦးက
စံပယ်တစ်ခက်
လေဝေ့တော့
နဖူးပေါ်ကပိုကယိုဝဲကျ
ငါ့ရင်မှာ
ငြိမ်းချမ်းလှပါဘိတော့

မင့်အပြုံးမှာ
မိတ်ကပ်ပါးပါးလိမ်းမထားပါလား..

အမ်ထရာဆောင်း ရိုက်ကြည့်စရာမလိုပဲ
မင့်ရင်ထဲထိ တိုးလျှိုးပေါက် မြင်နေရပါလား..

မင့်အနာဂတ်စီမံကိန်းမှာ
ရွှေတွေ ငွေတွေ မပါ
အရောင်တွေခြယ်မထားပါလား
အဲဒါ..
ကိုယ်မောကြီးပမ်းကြီး ရှာဖွေနေခဲ့တဲ့အရာ

အို.. ချစ်နှမရေ
တမန်းဆီနံ့သင်းပျံ့ပျံ့ မင်းခြေဖ၀ါးကိုဆုပ်နယ်ပရစေ
ကောက်နှံကိုင်တဲ့ မင်းလက်ကြမ်းကြမ်းတွေနမ်းရိုက်ပရစေ
ချွေးနံ့သင်းတဲ့ မင်းကိုယ်ခန္ဒာ ထွေးပွေ့ပရစေ
မောင်ကြီးအချစ်ဟာ အရိုးခံပါကွဲ့
ယုံလိုက်တော့ စပယ်နွဲ့ရေ

“ကျွန်ကလား မယားတောသူ” ရှေးရိုးစကား
မင်းတို့အရပ်သူတွေကိုညွှန်းရော့သလား
အရိုးခံသဘာဝနဲ့ တောစံပယ်ပန်းအလှရေ
မင်းကိုချစ်ကြင်မိတဲ့စိတ်
ကိုယ်တော့ တစ်ပြားသားမှ
လျှော့မပေးနိုင်တော့ဘူး။..................။

ဝန်ခံချက်။ ။ ငယ်ငယ်ကကြားဖူးနေကျ ကျေးလက်တေးတွေကို လွမ်းဆွတ်သောစိတ်ဖြင့် ဒီကဗျာကို ရေးဖွဲ့ပါတယ်။

ငြိမ်းချမ်းအောင်

Read More...

“ကိုယ့်ကိုကိုယ်မုန်းမိတဲ့ မဟာအမုန်းတွေ” ဆိုပါလား

ခေါင်းစဉ်ကြီးက ကြောက်စရာကြီးဗျာ။ အမုန်းတောင်မှ “မဟာ” အမုန်းဆိုတော့ ခေါင်းစဉ်ကြည့်ပြီး နည်းနည်းတော့ လန့်မိတယ်။

ဟုတ်တယ်ဗျာ။ ဒါပေမဲ့ ကျနော်လည်း ဒီရက်ထဲ ကဗျာရေးရတာ အဆင်မပြေဘူး။ စိတ်ကူးတစ်စတလေကို အမိအရ ဖမ်းဆုပ်ဖို့ လုပ်ပေမဲ့ မအောင်မြင်ဘူး။

ဒီအချိန်မှာ ကိုဆောင်းယွန်းလက တဂ်လာတော့လည်း သူ့တဂ်တဲ့ “မဟာ အမုန်း” ကိစ္စကြီးကိုပဲ ချရေးလိုက်ရတော့တာပေါ့ဗျာ။ ကိုယ့်အားနည်းချက်ကို သူတစ်ပါးကို ဖွင့်ပြောရတာ ကောင်းတဲ့ ကိစ္စတော့မဟုတ်ဘူး။ ဒါပေမဲ့ တတ်နိုင်ဘူးဗျာ။

တကယ်တော့ (ဒီအချက်တွေကြောင့်) ကိုယ့်ကိုကိုယ်မုန်းတယ်တော့လည်း မဟုတ်ဘူးပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် လူဖြစ်လာပြီဆိုတော့လည်း ဒီစိတ်ဒီခန္ဒာကိုယ်ကြီးကိုယ်သယ်ဆောင်ပြီး မသေမချင်း လူဆက်လုပ်နေရ ဦးမှာ မဟုတ်လား။ ဒီတော့ ကိုယ့်ကိုကိုယ်တော့ (ကောင်းကွက် ကလေးတွေ ရှာကြံပြီးပဲဖြစ်ဖြစ်) ဆက်ချစ်နေဦးမှ တော်ကာကျမယ် ကိုယ့်လူရေ။

ဒါပေမဲ့ဗျာ ကျနော့်မှာ အားနည်းချက်တွေ အများကြီးရှိနေတယ်။ အဲဒီအားနည်းချက် တချို့တလေကို ကျနော်ချရေးကြည့်တာပါ။ အံ့သြစရာကောင်းတာက ကျနော့်ကိုယ်ကျနော် မကြိုက်တဲ့ အချက်တွေက ကိုဆောင်းယွန်းလရဲ့သူ့ကိုယ်သူ မကြိုက်တဲ့အချက်တွေနဲ့ တော်တော်ကြီးကို သွားတူနေတယ်။ ကိုယ့်ကိုကိုယ်မကြိုက်တာကများပြီး၊ ကြိုက်တာက တော်တော်ကိုနည်းနေတာကိုး။ ကိုဆောင်းရေးပြီးသားအချက်တွေကို အတတ်နိုင်ဆုံး ရှောင်ပြီးတော့ အချက်ဆယ်ချက်ကို ဖျစ်ဖျစ်ညှစ်ညှစ် ဆွဲထုတ်ကြည့်မိတော့ အောက်ပါအတိုင်းတွေ့ရတယ်။

၁။ ဒစ်ပလိုမေစီကို ရှေ့တန်းမတင်ခြင်း

ကျနော်က တစ်ခုခု ကိုမကြေနပ်ရင် မြိုသိပ်မထားတတ်ဘူး။ မကြိုက်ရင်မကြိုက်တဲ့အကြောင်း အဲဒီလူရှေ့တင် ဗြောင်ဖွင့်ပြောတတ်တယ်၊ ကျနော်ပြောတာကို အပြောခံရတဲ့လူက မခံနိုင်လို့ လူချင်းဖက် သတ်ရရင်သတ်ရရော။

၂။ ခေါင်းမာခြင်း

ခေါင်းမာတယ်။ ကျနော့်ကိုဝေဖန်လာခဲ့ရင် ဝေဖန်မူတွေကို အသိအမှတ်ပြု နားထောင်တတ် ပေမဲ့ ကျနော့်စဉ်းစားချက်ကို လွယ်လွယ်နဲ့မပြောင်းတတ်ဘူး။ ကိုယ်မှန်တယ်ထင်ရင် တစ်ယောက်နဲ့အများ အတိုက်အခံလုပ်တတ်တယ်။ များရာဘက်ကို မပါတတ်ဘူး။

၃။ အကူအညီတောင်းလာရင် ဟင့်အင်းလို့ ငြင်းဆန်ရမှာ အားနာခြင်း၊ နိမ့်ကျသူကို သနားတတ်ခြင်း

ကျနော့်ကို အကူအညီတောင်းလာရင် ဟင့်အင်းလို့ ငြင်းဆန်ရမှာ အားနာတတ်တယ်။ အဲဒါကြောင့် လုပ်ပေးပါ့မယ်လို့ ကတိပေးပြီး တကယ်လုပ်မပေးနိုင်တဲ့ ကိစ္စတွေရှိတယ်။ အဲဒါကြောင့် မျက်နှာပျက်စရာတွေလည်း ကြုံခဲ့ရဖူးတယ်။ ပြီးတော့ နိမ့်ကျသူကို လွယ်လွယ်သနားတတ်တယ်။

၎။ အောက်မကျို့တတ်ခြင်း

အခွင့်အရေးတခုခု ရဖို့အတွက် တစ်စုံတစ်ယောက်ကို အောက်ကျို့ဖို့ကိစ္စက ကျနော်လုံးဝကို မလုပ်တဲ့အရာပဲ။ သူများပေးမှ ရမယ်ဆိုရင် ကျနော် မယူချင်ဘူး။

၅။ ဒေါသကြီးခြင်း

မာနကို စော်ကားထိပါးလာတယ်လို့ ခံစားရရင် သီးမခံတတ်ဘူး။ စိတ်မရှည်တတ်ဘူး။ ပြီးတော့ ချက်ခြင်းရှင်းချင်တယ်။

၆။ အဟောင်းတချို့ကိုအသစ်ထက်ပိုကြိုက်တယ်၊ လွယ်လွယ်နဲ့လည်း အထင်မကြီးတတ်ဘူး

ကျနော်ကတော့ ကိုယ့်ကိုကိုယ် conservative လို့မထင်မိဘူး။ ဒါပေမဲ့ ကောင်းမွန်တဲ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမူဓလေ့စရိုက် အဟောင်းအမြင်းတွေကို ဆုပ်ကိုင်ထားမိတယ်။ အသစ်အဆန်းတွေကို လွယ်လွယ်ကူကူနဲ့ လက်မခံတတ်ဘူး။ ပြီးတော့ ကိုယ့်ကိုကိုယ် အထင်မကြီးမိပေမဲ့၊ တစ်ပါးသူတစ်ယောက်ကိုလည်း လွယ်လွယ်ကူကူနဲ့တော့ အထင်မကြီးတတ်ဘူး။

၇။ စဉ်းစားတွေးခေါ်ရတာကိုပဲနှစ်သက်တယ်၊ ဟိုက်-တက်ဂနိုလော်ဂျီ၊ သိပ္ပံပညာစတာတွေကို စိတ်မ၀င်စား

စဉ်းစားတွေးခေါ်မူနဲ့ဆိုင်တဲ့ အသိပညာကိစ္စတွေကို ပိုပြီးစိတ်ဝင်စားတယ်။ ခေတ်မီနည်းပညာ ကွန်ပြူတာ၊ သိပ္ပံပညာရပ် စတဲ့အတတ်ပညာအသစ်အဆန်းတွေကို ကျနော် စိတ်ဝင်စားလို့ မရတာ ခက်တယ်။ ခေတ်မမီဘူးလို့ဆိုရမှာပေါ့။

၈။ စကားနည်းလွန်းခြင်း

ပြောစရာမရှိရင် ဒီအတိုင်းထိုင်နေတတ်တယ်။ အလပ္ပသလပ္ပ စကားတွေဖောင်မဖွဲ့တတ်ဘူး။ ပြီးတော့ ကျနော်ကစပြီး မိတ်ဆွေဖွဲ့မိတာသိပ်မရှိဘူး။ တစ်ချို့က ကျနော့်ကို ငကြောင်လို့ ကင်ပွန်း တပ်ကြတယ်။ လူနည်းစုကတော့ မာနကြီးတယ်တဲ့။ တကယ်တော့ ကျနော်က သီးခြားနေတတ်တာပါ။

၉။ ရွေးချယ်လွန်းခြင်း

အင်္ကျီအ၀တ်အစား ၀ယ်တာကအစ၊ တိုလီမုတ်စ ပစ္စည်လေးတွေဝယ်တာအဆုံး ကျနော်က ရွေးချယ်လွန်းတယ်။ တစ်ခုခုကို စိတ်တိုင်းမကျချင်ဘူး။ ၀ယ်ပြီးပြန်ရင်လည်း မကြိုက်လို့ မသုံးပဲထားတဲ့ ပစ္စည်းတွေရှိတယ်။ ဒါကြောင့်လည်း ရွယ်တူတွေ တစ်ယောက်ပြီး တစ်ယောက်အိမ်ထောင်တွေကျ၊ ကလေးသုံးလေးယောက်ရနေချိန်မှာ ကျနော်ကခုထိ ချစ်သူမရှိသေးတာနေမှာ (ဟဲဟဲ စိတ်မရှိပါနဲ့.. ကြုံတုန်းလေးကြော်ငြာဝင်လိုက်တာ)

၁၀။ အသန့်အပြန့်ကြိုက်လွန်းခြင်း

လူတော်တော်များများကတော့ သန့်ပြန့်မူကို ကြိုက်ကြမှာပါ။ ဒါပေမဲ့ ကျနော်က နည်းနည်းပိုတယ်လို့ဆိုရမယ်။ ရေရှိတဲ့ နေရာတွေမှာဆိုရင် မကြာမကြာ လက်ကို ရေဆေးနေရမှ ကျေနပ်တယ်။ အ၀တ်တွေ တစ်ခါဝတ်ပြီးရင် ပြန်မ၀တ်ချင်တော့ဘူး။ ပစ်စလက်ခတ်နေတတ်သူတွေ၊ ညစ်ပတ်တဲ့သူတွေကိုလည်း မကြိုက်ဘူး။ ဒီအကျင့်က တချို့အခြေအနေတွေမှာ ပြဿနာတက်နိုင်တယ်။

လောလောဆယ်တော့ ဒီလောက်ပဲ။ လာအားပေးတဲ့ မိတ်ဆွေတွေကို ကျေးဇူးပဲဗျို့..။

ငြိမ်းချမ်းအောင်

Read More...