03 June, 2008

ကျနော်ကအေးဆေးပါပဲ ကောင်မလေးက မျက်နှာများတယ်

ရာဇ၀င်တွေထဲကလို ကြိုက်ရာလက်နက် ကိုယ်စီနဲ့
“စီးချင်းထိုး” ကြရအောင်လို့
ကျနော်က လူမိုက်တွေကို စိန်ခေါ်ကြည့်မိတယ်
အခန်းထဲ လှောင်ပိတ်မိနေတဲ့ “လေ” နဲ့အတူ
“စိတ်” မှာ မလတ်ဆတ်တော့တဲ့ အနံ့အသက်တွေဟာ ကပ်ညိလို့
“ဒီရက်တွေထဲ နေထိုင်ရတာ မကောင်းဘူး
တိုက်လာတဲ့လေပြေကတောင် သူစိမ်းဆန်နေတယ်” တဲ့
ဓါတ်တိုင်ပေါ်မှာ အနားယူနေတဲ့ ငှက်တစ်ကောင်က ပြောတယ်
ဟောဒီမှာ ယဉ်ကျေးတဲ့ ကမ္ဘာကြီး
အကြမ်းဖက်မှုမှန်သမျှ အတုံးအရုံး ကျရူံးနေတယ်
“လူတွေအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ
လူဆိုးတွေလက်ထဲ မရောက်အောင် ကာကွယ်ကြရမယ်” တဲ့
ဝေါထရိတ်စင်တာ ပြိုကျအပြီးမှာ ဂျော့ဒဘလျူဘွတ်ကပြောခဲ့တယ်
ကျနော်တို့တွေလည်း လူသတ်လက်နက်တွေပြပြီး အကြမ်းဖက်တာခံနေရ
အဲဒီကိစ္စကို ခင်ဗျားတို့ ဘယ်လိုဖြေရှင်းပေး ကြမှာလဲ
မြင်ကွင်းတွေက ရှင်းလင်းလွန်းလို့မို့
တစ်ခါတခါ အမြင်အာရုံတွေ မှောက်မှားသွားတယ်
ကမ္ဘာကြီး ဘယ်ကို သွားမှာလဲ ဘယ်အထိသွားမှာလဲ
ကျနော်က ရှေ့ကို လျှောက်နေပေမဲ့ ခြေလှမ်းတွေက
နောက်ကို ပြန်ရောက်နေသလို ခံစားနေရ
ဒါဝင်ကပြောတော့ “လူဆိုတာ မြောက်က ဆင်းသက်လာတာပါ” တဲ့
ကျောရိုးမဲ့ သတ္တ၀ါတွေကနေ ကျောရိုးရှိ ငါးသတ္တ၀ါတွေအထိ
လူတူမျောက်ဝံမှသည် အာကာသထဲ ဂြိုလ်တုတွေ လွှတ်တင်နိုင်တဲ့ ခေတ်အထိ
နှစ်သန်းပေါင်းများစွာ လူ့သမိုင်းဖြစ်စဉ်ကြီးထဲ
လူသားတွေ မီးကို ရှာဖွေတွေ့ရှိခဲ့တာလဲ အရေးကြီးတာပဲ
မန်ယူနဲ့ ချဲဆီး ဖလားလုပွဲကလည်း အရေးကြီးတာပဲ
လူတွေကတော့ ကိုယ့်ကိစ္စသာ အရေးအကြီးဆုံးလို့ ထင်နေကြတယ်
“ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ တော်သူနေ မတော်သူသေကြရမယ်” တဲ့
ဘောဂဗေဓ ပညာရှင်တစ်ယောက်ပြောတဲ့ စကားကို ကျနော်ကတော့ သဘောမပေါက်ဘူး
ကျနော်က ရိုးရိုးပဲနေပါတယ်
ခေတ်မီအောင်လည်း အားသွန်ခွန်စိုက် မကြိုးစားမိဘူး
ဒီအရွယ်အထိ ကာတွန်းကားတစ်ကား ပြီးအောင် မကြည့်ဖူးသေးဘူး
သီချင်းတစ်ပုဒ်ဆုံးအောင် မဆိုတတ်ဘူး
ဒီလိုပါပဲ
ကျနော်က “စီးချင်းထိုး” ချင်ပေမဲ့
ယဉ်ကျေးတဲ့ ကမ္ဘာကြီးက လက်မခံတော့
ဒီအတိုင်းပဲ ထိုင်ကြည့်နေခဲ့ရ
ကျနော်က မင်းသား မဟုတ်ပေမဲ့
ဇာတ်သိမ်းခန်းတော့ လှချင်တယ်။

ငြိမ်းချမ်းအောင်

2 comments:

အောင်သာငယ် said...

လူတိုင်းဟာ ကိုယ့်ဇာတ်လမ်းမှာ မင်းသားတွေချည်းပါပဲ ညီလေးရ။ တခုပါပဲ - အော်စကာ ရမရ ဆိုတာကတော့ ပရိသတ်ရဲ့ အဆုံးအဖြတ်လည်း လိုအပ်တာပေါ့နော။ ဘာပဲဖြစ်ဖြစ်ကွာ ဒီကဗျာကို အကိုကတော့ အော်စကာပေးလိုက်တယ်။ ချမ်းမြေ့ပါစေ။

ကောင်းကင်ကို said...

ကဗှာလာဖတ်သွားတယ် အစ်ကို