24 November, 2008

လူကြိုက်များတဲ့သီချင်း

နေရောင်ခြည်အလင်းနဲ့
တဖိတ်ဖိတ်တောက်ပနေတဲ့ကောင်းကင်အောက်မှာ
လမ်းဘေးကအလေ့ကျပန်းတစ်ပွင့်တောင်မှ
မြင်ရတာရင်သပ်ရှုမောဖွယ်

အဟောင်းအမြင်းအဆောက်အအုံတွေကိုဖြိုဖျက်
အဆန်းအသစ်နည်းပညာတွေနဲ့ခရီးဆက်ခဲ့
မဟာလူသားတွေရဲ့စွမ်းပကား
အတားအဆီးအကန့်အသတ်မှန်သမျှကျော်ဖြတ်ခဲ့

ငါတို့
လကမ္ဘာကိုရောက်ခဲ့ပြီ
ဟိမ၀န္တာတောင်ကိုတက်ခဲ့ပြီ
ပစိဖိတ်သမုဒ္ဒရာကြီးကိုဖြတ်ကူးခဲ့ပြီ

အပူဒဏ်ကိုတွန်းလှန်ဖို့
လေအေးပေးစက်တွေလဲရှိပြီ
အအေးဒဏ်ကိုအလဲထိုးဖို့
အပူပေးစက်တွေလည်းရှိပြီ
ရာသီစာသီးပင်တွေ
ရာသီမရွေးစားသုံးလို့ရပြီ

တယ်လီပသီမလိုဘူး
ဘိုးဘိုးအောင်နဲ့ဘိုးမင်းခေါင်ကို အပူကပ်စရာမလိုဘူး
ယုတ်စွအဆုံး ၀ါယာကြိုးခွေတွေလည်းမလိုဘူး
ကွန်ပြူတာဖွင့်လိုက်ဖို့ပဲလိုတယ်
ဝါရှင်တန်ပိုစ့်ဖတ်လို့ရပြီ
ဘန်ကောက်ပိုစ့်ဖတ်လို့ရပြီ
ဘလောဒ့်တွေဖတ်လို့ရပြီ

တစ်ခုပဲ
အယူတိမ်းနေတဲ့နတ်စိမ်း
အယူလွဲနေတဲ့သရဲသဘက်တွေကို
တရားမပြနိုင်သေးတာ ၀မ်းနည်းဖွယ်
မသုတ်သင်နိုင်သေးတာ ရင်နာဖွယ်

ဟစ်တလာသေတော့
ဒုတိယကမ္ဘာစစ်ကြီးအဆုံးသတ်သွားခဲ့တယ်
နေ၀င်းသေတော့ အသုဘ လိုက်ပို့သူမရှိခဲ့ဘူး
ပိုပေါ့စ်သေတော့ ကမ်ဘောဒီးယန်းပြည်သူတွေ ၀မ်းမနည်းခဲ့ကြဘူး

စင်းနီတုံးပေါ်က ငါးတစ်ကောင်ရဲ့ မျက်လုံးမျိုးနဲ့မကြည့်နဲ့
ရေထဲစုံးစုံးနစ်မြုပ်မသွားခင်အချိန်အထိ
မျှော်လင့်ချက်ဟာ တလက်လက်ရှင်သန်နေဆဲ

တိုက်ပွဲမှာအနိုင်ရသွားတဲ့ စစ်သူကြီးရဲ့
မောက်မာရိုင်းပျတဲ့စကားလုံးမျိုးတွေမသုံးနဲ့
တိုက်ပွဲရှိနေသ၍ အရူံးအနိုင်ရှိနေသေးတယ်

လေပြည်မှာအောက်ဆီဂျင်မရှိရင်လည်း
မုန်တိုင်းမှာအောက်ဆီဂျင်ရှာကြရုံပေါ့

လမ်းဘေးမှာတောင်းစားနေရတဲ့
သူတောင်းစားတွေကိုကြင်နာပါ
မသမာတဲ့နည်းနဲ့ အလုပ်ဖြစ်နေတဲ့
ခေတ်ပျက်သူဌေးတွေကို ရှောင်ခွါပါ

လမ်းတွေရှိနေသ၍ဆက်လျှောက်နေရမယ်
တောင်တွေရှိနေသ၍ဆက်တက်နေရမယ်
သမုဒ္ဒရာတွေရှိနေသ၍ကူးဖြတ်နေရမယ်

မနက်ဖြန်ဆိုတဲ့
မိုးကောင်းကင်အောက်မှာ
မဖြစ်နိုင်တာမရှိဘူး
မဖြစ်သေးတာပဲရှိတယ်

ငြိမ်းချမ်းအောင်

4 comments:

ဆောင်းယွန်းလ said...

တိုက်ပွဲမှာအနိုင်ရသွားတဲ့ စစ်သူကြီးရဲ့
မောက်မာရိုင်းပျတဲ့စကားလုံးမျိုးတွေမသုံးနဲ့
တိုက်ပွဲရှိနေသ၍ အရူံးအနိုင်ရှိနေသေးတယ်

ကြိုက်တယ်ဗျာ..ဟုတ်တယ်တိုက်ပွဲရှိနေသ၍ အရှုံးအနိုင်
ဆိုတာရှိနေမှာဘဲ..ကျနော်တို့မရှုံးပါဘူး.လောလောဆယ်
မှာတိုက်ပွဲတာရှည်နေတာသာဖြစ်တယ်.
စိတ်ဓာတ်ရေးရာအရကျနော်တို့ကအနိုင်ရနေပါတယ်.
နောက်ဆုံးမှာအောင်ပွဲရောက်ဖို့မလွဲပါဘူးဗျာ....

ကိုအောင် said...

လူကြိုက်များတဲ့ သီချင်းကို လာဖတ်သွားပါတယ်
ကောင်းပါတယ် အားပေးလျက်ပါ။

Kaung Kin Ko said...

ကဗျာဖတ်ပြီး အားအင်တွေ တက်ကြွလာတယ် အစ်ကို။

Anonymous said...

ရောက်တယ်ကိုထွဋ္ဋ်ရေ ကဗျာတွေခံစားသွားတယ်