16 November, 2008

ခေါင်းမာသူတစ်ယောက်နှင့်ဆွေးနွေးခြင်း

ခင်ဗျားတို့ကခဏခဏခေါ်တယ်
ကျနော်တို့ကလာရတာမလွယ်ဘူး
ခရီးတစ်ခေါက်ထွက်တိုင်း
အောက်ထစ်အနှစ်(၂၀)ကြမ်းခင်းဈေးပေါက်တယ်
တွေ့ရင်လည်းပါးစပ်ကအမြှုပ်တစီစီထွက်အောင်
ခင်ဗျားမို့မပြီးနိုင်မစီးနိုင်ပြောနိုင်လွန်းတယ်
ခင်ဗျားစကားတွေကြားရတာများလို့ အလွတ်တောင်မှတ်မိနေပြီ
ကျနော်တို့ကဟိုမှာ ပြောတိုင်းလုပ်လို့ရတာမဟုတ်ဘူး
အခြေအနေကြည့်ပြီးအကောင်းဆုံးမီးစင်ကြည့်ကနေရ
စာရွက်တစ်ရွက်ပရင့်စ်ထုတ်ဖို့
ကြေငြာချက်တစ်စောင်ထွက်ဖို့
ကဗျာစာအုပ်တစ်အုပ်ဖြစ်ဖို့
အစည်းအဝေးတစ်ခါလုပ်ဖို့
ခင်ဗျားတို့နဲ့ဖုန်းစကားပြောဖို့
အောက်ထစ်အနှစ်(၂၀)ကြမ်းခင်းဈေးပေါက်တယ်ဆိုတာသဘောပေါက်
ကျုပ်သွေးဘယ်လောက်ရဲရဲ
ဟိုအထဲရောက်ရင် သူတို့လက်ခုပ်ထဲကရေ
အောင်သပြေကကျော်ရင်
အခက်ခဲဆုံးစာမေးပွဲတစ်ခု အောင်တယ်လို့မှတ်
ဟိုဟာကြီးထဲမှာဟိုဟာလေးထပ်ကျဖို့က ကျုပ်အတွက်သေချာပြီးသား
လောက်ကောင်ရောတဲ့ထမင်း အပ်နဖားလောက်စိမ်းစားငပိနဲ့
ကျော်ဖြတ်ရမဲ့အနှစ်(၂၀)
ထမင်းတင်မဟုတ်ဘူး သတင်းပါငတ်ဖို့သေချာပြီးသား
ဖျားနာလို့ဆေးထိုးတဲ့အခါ အိပ်စ်အိုင်ဗွီပိုးကူးစက်နိုင်သေးတယ်
တကယ်လို့ ကျုပ်သာအထဲရောက်သွားခဲ့ရင်
အမေနဲ့ညီမလေးကို ခွေးမသားတွေ နှိပ်စက်ကြဦးမယ်
သူရဲဘောကြောင်လို့ ပြောနေတာမဟုတ်ဘူး
သွေးရဲလို့မပြေးပဲ အနီးကပ်တိုက်စစ်ဆင်နွှဲနေတာ
ကိုယ့်ကိုကိုယ်သရဏဂုံတင်ပြီးမှ ဒီစကားတွေပြောနေတာ
ဒီကိုတစ်ခါတခါလာဖို့ ညီမလေးစက်ဘီးပေါင်နှံရတယ်
ခင်ဗျားတို့လို လေယာဉ်စီးပြီး ခရီးထွက်နေနိုင်တာမဟုတ်ဘူး…။

ငြိမ်းချမ်းအောင်

နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော လုပ်ဖော်ကိုင်ဖက်ရဲဘော်တစ်ယောက်အတွက် ရည်ရွယ်ရေးဖွဲ့ပါတယ်။

3 comments:

ဆောင်းယွန်းလ said...

သူရဲဘောကြောင်လို့ ပြောနေတာမဟုတ်ဘူး
သွေးရဲလို့မပြေးပဲ အနီးကပ်တိုက်စစ်ဆင်နွှဲနေတာ
ဟုတ်တယ်ဗျာ.တကယ်တမ်းအသက်နဲ့ဘဝနဲ့ရင်းပြီးတိုက်ပွဲဝင်နေရတာကအထဲကရဲဘော်တွေပါ.သူတို့လောက်ကျနော်တို့မစွန့်စားအနစ်နာမခံနိုင်ကြတာအသေအချာဘဲ..ရဲရဲတောက်သွေးနဲ့တိုက်ပွဲအစစ်အမှန်တွေကိုပုံဖော်ရေး
နေတဲ့ရဲဘော်တွေကိုလေးစားပါတယ်.သူငယ်ချင်းတွေထဲကထောင်ကျဘူးတဲ့ရဲတော်တွေပြော
ပြတာနားထောင်ရတိုင်းရင်ထဲမကောင်းဘူးဗျာ....

ကဗျာလေးဖတ်ပြီးကြေကွဲရပါတယ်ကိုငြိမ်းချမ်းအောင်
ရေ...

ကိုအောင် said...

ကောင်းတယ် ကိုငြိမ်းချမ်း လာဖတ်သွားပါတယ်။

ယောနသံစင်ရော် said...

ကိုငြိမ်းချမ်းအောင်...ဒါပထမဆုံး အလည်လာခြင်းပါ။ ကဗျာလေးကို တင်စားထားတဲ့ နမိတ်ပုံ စာလုံးရွေးချယ်မှုကို နှစ်ချိုက်မိပါတယ်။