09 September, 2010

ထိပ်တန်းလျှို့ဝှက်ကိုယ်ပိုင်မှတ်စုများ

လမိုက်ခဲ့ပြီ
အိမ်ခေါင်မိုးအုတ်ကြွတ်ပေါ်
မိုးရေစက်တွေတဖျောဖျောကျလို့
ပိန်းပိတ်အောင်မှောင်တဲ့ညအမှောင်ထဲ
သစ်ကိုင်းကိုလေတိုးသံတရှဲရှဲ
အလုံပိတ်အခန်းထဲမှာ
စိတ်လုံခြုံမူမရှိခဲ့ဘူး

နှစ်ကာလများ
အညစ်အကြေးများစွာ
ပိုပြီးထူထပ်သိပ်သည်းမဲမှောင်

မိုးတွေသည်းနေတော့မြင်ကွင်းဟာမသဲကွဲ
တောမကျွမ်းတဲ့မုဆိုး
တောကောင်ပြန်ဖြစ်သွား

အမှိုက်တွေမီးရို့ပြီးပြီ
ကိလေသာအညစ်အကြေးတွေ
မီးမရို့နိုင်သေး
ဘ၀ဆိုတာမြူတစ်မူန်သာဆိုရင်
ခေတ်တခေတ်ကကော
ကျောက်တုံးတစ်တုံးလား

ချွေးစက်ကလေးတစ်ပေါက်ပါပဲ
ချစ်သူခန္ဒာကိုယ်ကထွက်လို့
မက်မက်စက်စက်ချစ်ခဲ့တယ်

စံပယ်ရုံကလေးရေ
ကိုယ့်ကိုကြင်နာပါ..။
တောင်ပေါ်မှာနေ၀င်သွားတာ
ရောင်စုံလိပ်ပျာလေးတွေပျံဝဲနေတာ
ကန်ထဲအလှမွေးငါးကလေးတွေကူးခတ်နေတာ
ငါ့ဒဏ်ရာကိုသက်သာအောင်မစွမ်းဆောင်နိုင်ပါကွယ်..။

မိုက်ရူးရဲဆန်တဲ့အမိန့်သံအောက်မှာ
အနာဂတ်ဟာသွေးသံရဲရဲ
သေရာပါဒဏ်ရာရခဲ့ပြီ

ကိုယ့်ငါးချဉ်မို့ကိုယ်ချဉ်ရတယ်
ချစ်စိတ်ကပြယ်။ ။

ငြိမ်းချမ်းအောင်

1 comment:

ကိုအောင်(ပျူနိုင်ငံ) said...

ကဗျာစာသားတွေက ကောင်းတယ်၊ ပေးထားတဲ့
ခေါင်းစဉ်က တမျိုးများဖြစ်နေသလားလို့၊
နေကောင်းလား ကိုငြိမ်းချမ်းရေ။