04 August, 2011

အိပ်မက်ပေးလို့ရေးရတဲ့ကဗျာ

နိဗ္ပာန်မရောက်ချင်ဘူး ဒီတပတ်ထွက်မဲ့ဂဏန်းသိချင်တယ်
ရှေ့ကိုဆက်သွားရင်းလမ်းပျောက်သွားတဲ့ကမ္ဘာဂြိုလ်ပေါ်မှာ
လူသားတစ်ယောက်တောမှောက်ခံရတဲ့အဖြစ်ဟာမဆန်းကြယ်
အသက်ကိုဉာဏ်မစောင့်ဘူးကျန်းမာရေးအာမခံကုမ္ပဏီစောင့်တယ်
အနာဂတ်ကိုနူကလီးယားလက်နက်စောင့်တယ် အလှကိုစပွန်ဆာစောင့်ပြီး အင်တာနက်ကဇိမ်ခံပစ္စည်းဖြစ်နေတုံးမှာပဲ ရူးချင်ယောင်ဆောင်ရင်းရူးသွပ်သွားခြင်းများ
လိမ်စရာမရှိကိုယ့်ပေါင်ကိုယ်ပြန်လိမ်ရင်း မုန့်ကြိုးလိမ်ဖြစ်သွားခြင်းများအပါအ၀င်
၂၁ ရာစုတောက်ခေါက်သံဇာတ်ကားကြီးမှာ ဒီပဲယင်း-၂၀၀၇-ကာလီဖိုးနီးယား လွတ်လပ်ရေး ကြေငြာစာတမ်းတွေပါတယ် မြန်မာဆိုတာသမိုင်းလှတဲ့ အာဇာနည်မျိုးဆိုလား ဗမာ့ကြွေး ကြော်သံသီချင်း နားထောင်ဖို့ရာ နားရှက်ခဲ့ခြင်းတွေပါတယ် သူဌေးဖြစ်ဖို့နဲ့သူဌေး ကတော်ဖြစ်ဖို့ ဘယ်ဟာကပိုပြီး လွယ်ကူမလဲ အရွယ်လွန်တဲ့အထိအချိန်ယူ စဉ်းစားမနေနဲ့ ရိုးသားနိုးကြား သူပုန်မလေးမေရီသကြား ပြန်မလာတော့ဘူးကွယ်သီချင်း ဟစ်လို့ခုတော့အမေရိကားမှာ ဘောင်းဘီဖင်ကြပ်နဲ့ ဂိုက်ပေး နည်းနည်းကြမ်းတယ်ကွယ် အရိပ်ကိုအယောင်ထင် ရွှေသမင်အလိုက်မှားတာလား ကြော်ငြာဟာထုတ်ကုန်ပစ္စည်းထက် အရေးပါလာတဲ့ခေတ်မှာ ကျမတို့ကုမ္ပဏီထုတ် ကွန်ဒုံးတွေဟာ ဘယ်လိုကောင်းပါတယ် ဘာညာ ဘာတွေပဲပြောပြော ကိုယ်လိုအပ်တာ ကွန်ဒုံးမဟုတ်ဘူး ကွန်ဒုံးကြော်ငြာတဲ့ ကောင်မလေးဆိုတာလည်း သေချာခဲ့ပြီ ယောင်တိယောင်ချာလူဖြစ်လာပြီး အူတိအူကြောင် သေဆုံးသွားတဲ့အဖြစ်တွေမှာ တစ်ခါပဲဝတ်ပြီး မာရီလင်မွန်ရိုး ချွတ်ထားပစ်ခဲ့တဲ့ အတွင်းခံတစ်ထည်လောက် ကိုယ့်ဘ၀ဟာ တန်ကြေးမပေါက်လို့လည်း ၀မ်းမနည်းတော့ဘူး မေတ္တာခြုံလို့လုံပါ့မလား လိုရမယ်ရ ထိုးလို့ခုတ်လို့ပစ်လို့ခတ်လို့ရတဲ့ လက်နက်တခုခု ဆောင်ထားရင်တော့ လက်တွေ့ပိုကျတာပေါ့ အချစ်ကရှေးဟောင်းပစ္စည်း ပွတ်သပ်ကိုင်တွယ် လို့လည်းမရဘူး ဒဏ္ဍာရီဆန်တယ် ယဉ်ကျေးမှုအဆင့်အတန်းမြင့်တယ် ဓလေ့ထုံးစံ ဆိုတာကလည်း တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုတော့ လူ့အခွင့်အရေး ကဏ္ဍမှာဂလိုဘယ်မဆန်သေးလည်း လိင်စားသုံးမှုကဏ္ဍမှာ အစွမ်းကုန်တန်းတူလာတာပဲ ၀မ်းသာပေးရတော့မလိုလို လူပျိုဆိုတော့စိတ်ထဲရှိတာရှိတဲ့အတိုင်း ပြောလို့ကောင်းပေမဲ့ တီတီတာတာ ပလီပလာတွေလည်း မပြောတော့ပါဘူး ကျနော်က လူကြီးလူကောင်းပါ ကျနော့်စိတ်ကိုက ဖောက်ပြန်နေတာ ပျော်အောင်နေပါသားရယ် ပျော်အောင်နေရင်း ကျွန်တော်ပျော့ပြဲသွားပြီ တိုက်စစ်တွေ မအောင်မြင်ခဲ့လည်း ကြာပေါကြီးကြောင်မဖြစ်အောင် ခံစစ်စစ်မျက်နှာမှာ ရွပ်ရွပ်ချွံချွံ ကျွန်တော်တိုက်ပွဲဝင်လျှက်ပါမေမေ ဗင့်ဆင့်ဗန်ဂိုးနဲ့ဟိုးမား ဘယ်သူပိုပြီး ကြီးကျယ်ခမ်းနားသလဲ သေဆုံးသွားပြီဖြစ်တဲ့ ဆရာ့ဆရာတွေကိုလည်း ရန်တိုက်မပေး ချင်တော့ဘူး ပန်းချီကားတွေလို တစ်ချိန်ချိန်မှာ ကဗျာတွေဈေးကောင်းရလာရင် ကဗျာဆရာတွေလည်း ဈေးကွက်ဝင် ရောင်းကုန်ဖြစ် မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ ခုတော့ရှင့်ကဗျာတွေ ကျမသိပ်ကြိုက်တာပဲ ဖောလည်း ဒေါက်ဖိနပ်တစ်ရံလောက် ကဗျာဟာဈေးမမြောက်တဲ့ခေတ်မှာ လည်ကုပ်ပေါ်ဓါးသွား ဒုတ်ကနဲကျမလာမချင်း မျှော်လင့်ခြင်းတွေ ရှင်သန်နေဆဲ ဆိုသော်ငြားလည်း မျှော်လင့်ခြင်းကိုပဲ မျှော်လင့်နေခြင်းက မမျှော်လင့်တော့တဲ့အဖြစ်မှာ မျှော်လင့်နေခြင်းကို မျှော်လင့်ခြင်းကလည်း မျှော်လင့်မနေတော့ပါဘူး

ငြိမ်းချမ်းအောင်

No comments: