နိုင်ငံရေးဟာ ဇိမ်ခံပစ္စည်းမဖြစ်သင့်ဘူး
အာဏာဟာသေနတ်ပြောင်းဝမှာမရှိသင့်ဘူး
ကျနော့်မေတ္တာတရားဟာအငြင်းပယ်ခံမဖြစ်သင့်ဘူး
အခန်းထဲ လှောင်ပိတ်မိနေတဲ့ ‘လေ’ နဲ့အတူ
‘စိတ်’ မှာ မလတ်ဆတ်တော့တဲ့ အနံ့အသက်တွေဟာ ကပ်ညိလို့
လူတန်းစားခွဲခြားမှုကကပ်ပါးပိုးကောင်လို
ခေတ်အဆက်ဆက်အမြစ်တွယ်ကပ်နေတုံးပဲ
ဒီရက်တွေထဲ နေထိုင်ရတာ မကောင်းဘူး
လရောင်ဟာ Sexy မဖြစ်တော့ဘူး
“တိုက်လာတဲ့လေပြေကတောင် သူစိမ်းဆန်နေတယ်” တဲ့
ဓါတ်တိုင်ပေါ်မှာ အနားယူနေတဲ့ ငှက်တစ်ကောင်ကပြောတယ်
ဟောဒီမှာ ယဉ်ကျေးတဲ့ ကမ္ဘာကြီး
အကြမ်းဖက်မှုမှန်သမျှ အတုံးအရုံး ကျရူံးနေတယ်
“လူတွေအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ
လူဆိုးတွေလက်ထဲ မရောက်အောင် ကာကွယ်ကြရမယ်” တဲ့
ဝေါထရိတ်စင်တာ ပြိုကျအပြီးမှာ ဂျော့ဒဘလျူဘွတ်ကပြောခဲ့တယ်
ကျနော်တို့တွေလည်း လူသတ်လက်နက်တွေပြပြီး အကြမ်းဖက်တာခံနေရ
အဲဒီကိစ္စခင်ဗျားတို့ဘယ်လိုလုပ်ကြမှာလဲ
မြင်ကွင်းတွေက ရှင်းလင်းလွန်းလို့မို့
တစ်ခါတခါ အမြင်အာရုံတွေ မှောက်မှားသွားတယ်
ကမ္ဘာကြီး ဘယ်ကို သွားမှာလဲ ဘယ်အထိသွားမှာလဲ
ရှေ့ကို လျှောက်နေပေမဲ့ နောက်ကို ပြန်ရောက်နေသလို ခံစားနေရ
ဒါဝင်ကပြောတော့ “လူဆိုတာ မြောက်က ဆင်းသက်လာတာပါ” တဲ့
ကျောရိုးမဲ့ သတ္တ၀ါတွေကနေ ကျောရိုးရှိ ငါးသတ္တ၀ါတွေအထိ
လူတူမျောက်ဝံမှသည် အာကာသထဲ ဂြိုလ်တုတွေ လွှတ်တင်နိုင်တဲ့ ခေတ်အထိ
နှစ်သန်းပေါင်းများစွာ လူ့သမိုင်းဖြစ်စဉ်ကြီးထဲ
လူသားတွေ မီးကို ရှာဖွေတွေ့ရှိခဲ့တာလဲ အရေးကြီးတာပဲ
မန်ယူနဲ့ ချဲလ်ဆီး ဖလားလုပွဲကလည်း အရေးကြီးတာပဲ
“ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ တော်သူနေ မတော်သူသေကြရမယ်” တဲ့
ဘောဂဗေဓ ပညာရှင်တစ်ယောက်ပြောတဲ့ စကားကို
ကျနော်ကတော့ သဘောမပေါက်ဘူး
ညာဏ်ရည်ထက်မြက်တဲ့သူယုတ်မာတွေနဲ့တွေ့ခဲ့တယ်
နူးညံ့ညင်သာတဲ့မိန်းမလှလေးတွေနဲ့တွေ့ခဲ့တယ်
နှံပြည်စုတ်ကိုလည်းအမြှောက်နဲ့မချိန်ခဲ့ပါ
အင်အားကြီးတဲ့ရန်သူကိုရင်ဆိုင်ဖို့
လုံလောက်တဲ့အင်အားလည်းမရှိခဲ့ပါ
တစ်ခါတစ်လေစိတ်ထဲရှိတာတစ်မျိုးဖွင့်ပြောလိုက်တာတစ်မျိုးဆိုပေမဲ့
ဝတ်မှုံရွှေရည်ကိုမကြိုက်ဘူးလို့ညာမပြောလိုပါ
ဗမာပြည်ကသရုပ်ဆောင်တွေသရုပ်ဆောင်မကောင်းပါဘူးလို့ဘယ်တုံးကမှမပြောခဲ့ပါ
စန်းသော်တာလမင်းကြီးလိုထွန်းလင်းတောက်ပတဲ့စန်းနီလာဝင်းရေ
ဒီတစ်နှစ်ပြာသိုပွဲခွင်အမီသဇင်တွေသင်းရင်ဖြင့်
ခိုင်သဇင်သင်းတို့အငြိမ့်ပွဲကြည့်ချင်တယ်ကွယ်..။..။
ငြိမ်းချမ်းအောင်
(နိုဝင်ဘာ ၂၈၊ ၂၀၁၁)
30 November, 2011
စန်းနီလာဝင်း ၀တ်မှုန်ရွှေရည် ခိုင်သဇင်သင်းတဲ့ညများ
Labels:
My poem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment