လူယုတ်မာဆိုတာ
လက်သီးနဲ့ထိုးလို့မနာဘူး
ဓါးနဲ့ထိုးမှ နာတာ။
လိုအပ်ရင်လူထူတဲ့အခါလက်ညှိုးငေါက်ငေါက်ထိုးပြောဖို့လိုတယ်။
ပရိသတ်ကြီးခင်ဗျာ
ဒီကဗျာအဆုံးသတ်ပြီးရင်
ကျနော်သေလို့ရပါပြီ
ကျနော်ကဂျော်နီဒိထက်ရုပ်ပိုဖြောင့်ပေမဲ့
ဒီဘ၀မှာ မင်းသားဖြစ်ဖို့လည်းနောက်ကျခဲ့ပြီ
မင်းသမီးယောင်္ကျားဖြစ်ဖို့လည်းနောက်ကျခဲ့ပြီ
ချစ်သူများ မုန်းသူများ
ရန်သူများ မိတ်ဆွေများ
ဘ၀မှာ
ပျော်သလိုလည်းနေခဲ့ပြီ
တော်သလိုလည်းဖြေခဲ့ပြီ
ချစ်စွာသောဒီဇင်ဘာပန်းများ
အရည်ရွှမ်းသောသစ်သီးဝလံများ
အောင်မြင်ပျော်ရွှင်နေသူများ
နာရေးသတင်းတွေဖတ်ကြပါ
တယ်လီဗွီးရှင်းဖွင့်ပြီးမိုးလေ၀သသတင်းနားထောင်ပါ
ဝမ်းနည်းပူဆွေးနေသူများ
ဘုရားကျောင်းမှာ
ခေါင်းလောင်းထိုးပြီးဝတ်ပြုဆုတောင်းပါ
အပုတ်ကောင်ရုပ်ဆောင်ထားတဲ့ကမ္ဘာကြီး
၂၀၁၁ မှာ
ကဒါဖီအလောင်းမြေကျခဲ့ပြီ
၂၀၁၁ မှာ
ဘင်လာဒင်ခန္ဒာကိုယ်ကို ၀တ်ပြုမှုထုံးစံအရ
တရိုတသေ ဆေးကြောပြီး ရိုသေလေးစားစွာ ပင်လယ်ထဲ ချခဲ့ပြီ
၂၀၁၁ မှာ
အာရပ်နွေဦးဖူးပွင့်ခဲ့ပြီ
၂၀၁၁ မှာ
ကမ္ဘာဂြိုလ်ပေါ်လူသား သန်း ၇ ထောင် ပြည့်ခဲ့ပြီ
၂၀၁၁ မှာ
မြန်မာကဗျာဆရာလှသန်း
လမ်းခုလတ်မှာ ကျကျန်ရစ်ခဲ့ပြီ
၂၀၁၁ မှာ
ဗြိတိန်တော်ဝင်လက်ထပ်ပွဲမှသည်
အာဖဂန်နိုင်ငံသူ ရိုရှမ်းကဆမ်းဆိုတဲ့
၈-နှစ်သမီးလေး လက်ထပ်ပွဲအထိ
၂၀၁၁ မှာ
ဒုဗ္ဘိက္ခန္တရကပ်ဆိုး ဆိုက်ကပ်နေတဲ့ အာဖရိကဦးချိုဒေသ
ဒုက္ခသည်တွေမှသည်
တနာရီကို ဒေါ်လာနှစ်သိန်းကုန်ကျခံမောင်းနှင်ရတဲ့
အဲယားလ်ဖို့ဝမ်းအထိ
ကျနော်တို့ သတင်းတွေလည်းစားသုံးခဲ့ပြီ
ကမ္ဘာမှာ
အဖြစ်တွေလည်းစုံခဲ့ပြီ
အညစ်တွေလည်းပုံခဲ့ပြီ
မိုးတွေလည်းရွာခဲ့ပြီ
အညှိုးတွေလည်းကြာခဲ့ပြီ
ကမ္ဘာမှာ
အရိုင်းတွေလည်းမွှေခဲ့ပြီ
သမိုင်းတွေလည်းကြေခဲ့ပြီ
၂၀၁၁ မှာ
ကျနော်တို့
ရှေ့ကိုဆက်လျှောက်ဖို့
နောက်ကိုလည်းပြန်ဆုတ်ခဲ့ပြီ
၂၀၁၁ မှာ
ကျနော်တို့
ယူစရာရှိတာယူဖို့
(ရဖို့မသေချာ)
ပေးစရာရှိတာအားလုံးပေးခဲ့ပြီ
၂၀၁၁ မှာ
အလုပ်မဖြစ်ပဲ အဖြစ်လုပ်နေတာတွေထားခဲ့ပြီ
၂၀၁၁ မှာ
အသံသာတာမကြည့်ပဲအဆံပါတာကြည့်ခဲ့ပြီ
နှင်းဆီကိုချိုးဘုရားမှာထိုးဖို့
နှင်းဆီတွေလည်းပျိုးခဲ့ပြီ
တောင်တက်ဖို့ဖောင်ဖျက်ခဲ့ပြီ
ပရိသတ်ကြီးခင်ဗျာ
မြွေပွေးခါးပိုက် ပိုက်ထားတာထက်
ခက်ခဲမယ်ဆိုရင်
မိန်းမတစ်ယောက်နဲ့လက်ထပ်ပေါင်းသင်းမနေလိုတော့ပါ
ရူံးနိမ့်ခဲ့တဲ့သမိုင်းကို
ပေထက်အက္ခရာမတင်စေလိုပါ
ပရိသတ်ကြီးခင်ဗျာ
ဘယ်ငတိမှဘီလီယံနာမဖြစ်သင့်ပါ
ဘယ်မိသားစုမှညစာမနက်စာတွေးပူနေရတာမဖြစ်သင့်ပါ
“ရူးချင်ယောင်ဆောင်လို့ရတယ်
သေချင်ယောင်ဆောင်လို့မရဘူး” ဆိုပါလား
ဘုရား..ဘုရား..
ဟေ့လူ၊ ကိုလှသန်း
ကွန်ဒုံတွေမရှိပဲ ရှေ့ဆက်လို့မဖြစ်တော့တဲ့ ကမ္ဘာမှာ
ခင်ဗျားမရှိတော့
ကျနော်စိတ်အားငယ်မိတာအမှန်ပဲ..။…။
ငြိမ်းချမ်းအောင်
ဒီဇင်ဘာ ၁၇၊ ၂၀၁၁
18 December, 2011
ပြက်လုံး
Labels:
My poem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment