(ဖေဖော်ဝါရီ ၁၄ အတွက်ရေးသည်)
“သို့ ချစ်သောဆရီခွန်”
ကြယ်တစ်လုံးကြွေတိုင်း
ကျောက်တုံးတစ်တုံးဖြစ်တဲ့ကမ္ဘာမြေမှာ
ကမ္ဘာဟောင်းတခုပျက်စီးတိုင်း
ကမ္ဘာသစ်တခုဖြစ်ပေါ်လာရိုးလား
အခုငါဖတ်နေတဲ့
ငါ့ဒိုင်ယာရီဟောင်းစာအုပ်ထဲမှာ
မင်းနာမည်ဟာ ၀င့်ဝင့်ကြွားကြွား
အခုငါရပ်နေတဲ့ကတ္တရာလမ်းကလေးပေါ်မှာ
ငါတို့အတိတ်ဟာ ထင်ထင်ရှားရှား။
ခွန်ဆရီခွန်..
လူတစ်ယောက်ဟာဘ၀မှာ
တကြိမ်တခါတော့အချစ်နဲ့တွေ့ဖူးကြမှာပဲ
မင်းဟာငါချစ်သော ငါ့ဆရီခွန်ဖြစ်တယ်။
“ဧပြီ ၁၄၊ ၁၉၉၇..”
လင်းထိန်တောက်ပစူးရှသောနေရောင်ခြည်အောက်မှာ
လူငယ်တစ်ယောက်
နုပျို၊ တက်ကြွ၊ ဖျတ်လတ်၊ လန်းဆန်း
အဖြူနဲ့အမဲ အချစ်နဲ့အမုန်းသာသိသောလူငယ်တစ်ယောက်..
ရေပက်ခံကားတွေကြား..
ရွှင်မြူးအော်ဟစ်ကခုန်နေတဲ့လူတွေကြား..
အ၀ါရောင်လေဟာနယ်ထဲမှာ..
နေ့ခင်းကြောင်တောင် လမင်းထိန်ထိန်သာတာမြင်ခဲ့ဘူးတယ်..
ရင်သပ်လှိုက်မောဖွယ်ရာမင်းအလှကိုမြင်မြင်ခြင်း
ကိုယ်ကျဆုံးသွားခဲ့တာဝန်ခံပါရစေ
ချစ်သောဆရီခွန်
လက်ထဲကရေခွက်ကိုပြပြီးမင်းကိုရေပက်ချင်တဲ့အကြောင်းငါခွင့်တောင်းတော့
ငါ့ရဲတင်းမှုကို အပြုံးနဲ့တုန့်ပြန်မှုက
နူးညံ့ငြင်သာလွန်းတယ်
ကားမှန်တံခါးကိုချ ငါကမ်းပေးတဲ့
စံပယ်ပန်းကုံးကိုလှမ်းယူလိုက်တဲ့
မင်းလက်ခြောင်းကလေးတွေဟာ လှပပြေပြစ်လိုက်တာ
“ဆ၀ါ့ဒီပီမိုင်းခ” တဲ့ မင်းနူတ်ခမ်းလှလှလေးကို အသက်မရှူမိဘဲ ငါဟာငေးမော
ငါတောင်းလို့ မင်းဖုန်းနံပါတ်ကို မင်းငွေစက္ကူ ၁၀၀ ချပ်ပေါ်
ကြည်ကြည်ဖြူဖြူချရေးပေးတော့
အဲဒီပိုက်ဆံလေး ကာလတော်တော်ကြာ ကိုယ်သိမ်းထားဖြစ်ခဲ့တယ်။
သင်္ကြန်အတက်နေ့
မင်းနဲ့ငါအတူတူလျှောက်လည်ဖြစ်ခဲ့တာကစလို့
ရက်မှလတွေကူးတဲ့အခါ
ကိုယ်တို့နှစ်ယောက်ဟာအချစ်အကြောင်းမပြောဖြစ်ကြပဲ
ချစ်သူဖြစ်ခဲ့ကြတယ်ဆိုပါစို့..
ဒီလိုနဲ့ဒီဇာတ်လမ်းမှာ
မြို့ရိုးဟောင်းကျုံးနံဘေးခုံတန်းလေးဟာမင်းသားဖြစ်
စင်ထရယ်အပေါ်ထပ်ကရုပ်ရှင်ရုံဟာအောင်သွယ်ဖြစ်
လမ်မောချောလမ်းမပေါ်ကနွားနို့ဆိုင်ကလေးဟာမင်းသမီးဖြစ်
စီအမ်လ်ယူကမ်းပတ်ထဲကကွေ့တီယိုဆိုင်ကလေးဟာသက်သေဖြစ်
ဒွိုင်ဆူထစ်တောင်ပေါ်ဘုရားရယ်..
နမ်မောချောလမ်းမကြီးပေါ်ကတနင်္ဂနွေဈေးတန်းကလေးရယ်..
မဲပင်းမြစ်နံဘေးကရွာကလေးတွေရယ်ဟာဇာတ်ပို့တွေအသီးသီးဖြစ်ခဲ့..။
ဆရီခွန်ရေ..
မြောက်ပိုင်းနှင်းဆီရဲ့
ဆောင်းချမ်းမြမြညတွေမှာ
တစ်ယောက်လက်တစ်ယောက်ဆွဲ
တစ်ယောက်ရင်ခွင်ထဲတစ်ယောက်တိုးဝင်ရင်း
လွိုင်ကထုံမီးမျှောပွဲကရောင်စုံမီးလုံးတွေလို
မင်းမျက်နှာမှာ ပန်းမျိုးတစ်ရာပွင့် လမင်းတစ်ရာသာခဲ့ဖူးတယ်…
ဘာအနှောင်အဖွဲ့မှမပါပဲ
ရင်ဖွင့်ပြီးဝင်လာတဲ့မင်းအချစ်က
မဟူရာထက်နက်နဲတဲ့အရာမျိုး
တခါတခါ
ငါ့အသားထဲအထိမင်းကိုယ်သင်းနံ့ဟာထဲထဲဝင်ဝင်
သကြားလုံးထက်မင်းနူတ်ခမ်းတွေကချိုမြိန်လို့
ငှက်တောင်မွေးလိုမင်းအရေပြားနူးညံ့ညက်ညောချောမွတ်
မင်းမျက်ဝန်းတွေအစဉ်အမြဲချိုကြည်လဲ့ချစ်ရည်ရွှန်း
ဆရီခွန်
မင်းနှလုံးသားက
နှင်းဆီစိုက်တဲ့မင်းလက်ဖ၀ါးတွေထက်ပိုမိုနူးညံ့
ကိုယ့်လောက်မင်းအပေါ်ဆိုးတဲ့လူရှိမှာမဟုတ်ဘူး
မင်းလောက်ကိုယ့်အပေါ်ကောင်းတဲ့လူမရှိဘူး
ဘ၀ဟာ
မင်းထင်သလောက်သာတောင့်သာယာမရှိခဲ့ဘူးခွန်ဆရီခွန်
မင်းကိုပြုံးပြနေခဲ့ပေမဲ့၊ ကိုယ့်ရင်ထဲမှာနုံးနေတယ်
စိုးရွံ့စိတ်က နာတာရှည်ရောဂါလို
ကိုယ့်ခန္ဒာကိုယ်မှာစွဲကပ်နေတဲ့ သေရာပါဒဏ်ရာ
အခုထိကိုယ့်ကိုနှိပ်စက်တယ်..
နှင်းဆီစိုက်ခင်းပိုင်ရှင်ဘွဲ့ရပြီးစမိန်းမပျိုတစ်ယောက်
ခြေသလုံးအိမ်တိုင်အိတ်ပ်ဇိုင်းတစ်ယောက်
နေ့နဲ့လရွှေနဲ့မြမဖြစ်ခဲ့ကြဘူး..
ကိုယ့်ထက်သာတဲ့ပတ်ဝန်းကျင်ကိုစွန့်ခွာပြီး
မင်းကိုယ့်အနားနေခဲ့တယ်
ကိုယ့်အရိုင်းဆန်မှုမှာ
မင်းပျော်ရွှင်မြူးတူးခဲ့တယ်..
ဒါပေမဲ့
မင်းကတိုယိုတာကားအသစ်ကိုစီးနင်းနေချိန်မှာ
ကိုယ့်မှာကိုယ်ပိုင်စက်ဘီးတစ်စီးမရှိခဲ့ဘူး
မင်းကဘတ်ငွေထောင်ကျော်တန်အင်္ကျီလှလှလေးတွေဝတ်ဆင်နေချိန်မှာ
ကိုယ်ကနိုင်ငံခြားကအလကားပေးပို့လာတဲ့
ဘေထုတ်ထည်တွေဆင်မြန်းလို့
ကိုယ်နဲ့အပြင်တွဲသွားတွဲလာ မင်းသိက္ခာကျခဲ့မှာ အမှန်ပဲ..
မုန့်စားတိုင်း..
ရုပ်ရှင်ကြည့်ဖြစ်တိုင်း..
လျှောက်လည်တိုင်း..
ကုန်ကုန်ပြောရရင်..ကုန်ကုန်ပြောရရင်
မင်းပိုက်ဆံပဲသုံးနေရတာကြာတော့
မင်းဖုန်းဆက်ပြီး အပြင်သွားဖို့ချိန်းမှာတောင်ကိုယ်ကြောက်လာခဲ့တယ်..
ဒါပေမဲ့ ကိုယ်က အဆံမရှိပေမဲ့ ဟန်တော့အပြည့်ပဲ
မင်းအလှမှာယစ်မူးခဲ့ပေမဲ့
မင်းရဲ့ချစ်ကြင်နာမြတ်နိုးမှုမှာအကြိမ်ကြိမ်လဲကျ
ရုန်းထွက်ရန်ခက်လှပေမဲ့
(အခြေအနေအရပ်ရပ်ကိုသိတဲ့အခါ)
ချစ်ရဲ့လားတဲ့ မေးတဲ့မင်းကို
ကိုယ်မင်းကိုမချစ်ဘူးလို့
တနေ့မှာခေါင်းမာမာနဲ့ပြောဖြစ်ခဲ့တယ်..
ကိုယ်ဟာ
စာနာထောက်ထားငဲ့ညှာသနားရမှန်းမသိသော
ဘာဆိုဘာမှမသိသော
တကိုယ်ကောင်းဆန်တဲ့လူမိုက်ပါကွယ်
၁၉၉၉၊ ဇူလိုင်မိုးမည်းသဲမဲစွာရွာသွန်း
ခန္ဒာကိုယ်မှာမိုးရေစက်တွေစိုရွှဲလို့
ဖွေးဖွေးဆွတ်အဖြူရောင်ရှပ်အင်္ကျီပါးလေးမင်းခန္ဒာကိုယ်ထဲစွဲဝင်လို့
မင်းတို့ရိုးရာလက်လုပ် ဆူဗီနီးယား ငှက်ရုပ်ကလေးနှစ်ရုပ်ကိုင်လို့
မင်းရောက်လာခဲ့တယ်
သစ်ကိုင်းပေါ်နားနေတဲ့ငှက်ကလေးတစ်ကောင်ကိုယ့်ကိုပေးတယ်
ကောင်းကင်ထဲထိုးတက်ပျံသန်းတော့မဲ့ ငှက်ကလေးကိုမင်းယူသွားတယ်။
ကိုယ်မသိဘူး။ အဲဒီနေ့ကကိုယ့်ဆီကမင်းအပြီး ထွက်ခွာသွားခဲ့ပြီဆိုတာ။
ဒီလိုနဲ့
ဒီဇာတ်လမ်းမှာ
ကိုယ်ဟာလူကြမ်းလုံးလုံးဖြစ်
ကိုယ့်သမိုင်းဟာအမဲစက်စွန်းထင်းရစ်ခဲ့ပြီ။
ဆရီခွန်ရေ..
ကိုယ်ဟာပြောင်းလဲခဲ့ပြီ။
ကိုယ်ဟာပြောင်းလဲခဲ့ပြီဆရီခွန်။
ပုဂံကိုချစ်သလို
ဇင်းမယ်ကိုလဲ ချစ်တတ်ခဲ့ပြီ
ဧရာဝတီကိုချစ်မိသလို
ချောက်ဖရားနဲ့မယ်ပင်းမြစ်တွေကိုလည်း
ကိုယ်ချစ်တတ်ခဲ့ပါပြီ။
ဗမာဘုရင်ဦးအောင်ဇေယျကိုလေးစားသလို
မင်းတို့မြေ၊ မင်းတို့ရေ၊ မင်းတို့အချုပ်အခြာအာဏာကိုလည်း
ကိုယ်အခုလေးစားတတ်ခဲ့ပါပြီ..ကွယ်။
ချစ်သော ဆရီခွန်ရေ
အရင်တုံးကလို
ကြွေကျလာတဲ့ကြယ်စင်တစ်လုံးကို မင်းပြုံးပြဖြစ်သေးလား
တမျှော်တခေါ်ကျယ်ဝန်းတဲ့မင်းနှင်းဆီခင်းအစပ်ကကွပ်ပစ်မှာထိုင်ပြီး
လရောင်ကိုမင်းငေးမောကြည့်ဖြစ်သေးရဲ့လား
မင်းထိုင်နေတဲ့ခုံတန်းစပ်နားအထိညွတ်ကျလာတတ်တဲ့
ညမွှေးပန်းရနံ့တွေကိုကောအားပါးတရ
မင်းနမ်းရိုက်ဖြစ်သေးရဲ့လား..။
အခုနေပြန်တွေ့ရင်
ကိုယ့်မျက်ဝန်းတွေကနေကိုယ့်ရင်ထဲမင်းမြင်အောင်ကြည့်လှည့်ပါ
ကိုယ့်အပြုအမူကနေ ကိုယ့်နှလုံးသားကိုရအောင်ဖတ်လှည့်ပါ
အမြဲတမ်းပြုံးနေတဲ့မင်းမျက်နှာမှာ ဒီထက်ထပ်ပြီးပြုံးပြစရာမလိုတော့အောင်
ကမ္ဘာမြေမှာမင်းအပြုံးတွေနဲ့လျှံကျနေခဲ့ပြီ..။
ချစ်တယ် ဆရီခွန်
မင်းတို့ပိုင်တဲ့မင်းတို့နိုင်ငံမြေသားစိုင်ကိုဆုပ်ကိုင်ပြီး
ငါပြောမယ်
မင်း စိတ်
မင်း နှလုံးသား
မင်းခန္ဒာကိုယ်
မင်း လုပ်နေတဲ့အလုပ်
အားလုံး..
အားလုံး..
အရာအားလုံးကို ကိုယ်ချစ်တယ်..။
ကိုယ်ဟာ
မြစ်အားလုံးကိုလှိုက်လှိုက်လှဲလှဲချစ်တတ်ခဲ့ပြီ
သစ်ပင်တိုင်းကိုကြင်ကြင်နာနာကြည့်တတ်ခဲ့ပြီ..။
ဟုတ်တယ် ဆရီခွန်
ညီရင်းအစ်ကိုစိတ်ဓါတ်နဲ့
ကြီးကျယ်မြင့်မြတ်တဲ့ မဲခေါင်ဟာ
ကမ္ဘာတည်သရွေ့ စီးဆင်းနေလိမ့်မယ်။
မင်းရိုးသားမှု
စင်ကြယ်မြင့်မြတ်တဲ့မင်းစိတ်ရင်းစေတနာ
ပြီးတော့ မင်းမေတ္တာတရား
မင်းခန္ဒာကိုယ်သွေးကြောမျှဉ်တွေစီးဆင်းနေသ၍
စီးဆင်းနေလိမ့်မယ် ကိုယ်ယုံကြည်တယ်။
သေဘာၤဥၾသသံဟာ
မြစ်ရဲ့ဆည်းလည်းသံပါ
မင်းသွားနေကျ မဲခေါင်မြစ်ကမ်းနံဘေးတစ်နေရာရာမှာ
မင်းရောက်နေခဲ့တယ်ဆိုရင်
ခေါင်တိုင်ကနေ ကောင်းကင်ပေါ်တက်သွားတဲ့
မီးခိုးငွေ့တွေ လေထုထဲပျောက်ကွယ်မသွားခင်
ကိုယ့်ကိုစကားတခွန်းပြောခွင့်ပေးပါ
ကိုယ့်စိတ်ရင်းနဲ့ပြောတဲ့တောင်းပန်စကား
မင်းရှိရာအရပ်ဒေသဆီရောက်နိုင်ပါစေသား...
ဆရီခွန်ရေ..
ဝါရွက်တွေနဲ့လမ်းကလေးပေါ်နင်းလျှောက်ရင်း
အခု
ကိုယ်မင်းကိုသတိရနေတယ်
ကြွေကျနေတဲ့သစ်ရွက်ဝါလေးတွေငေးကြည့်ရင်း
အနိစ္စ သဘောကိုကိုယ်ဆင်ခြင်နေခဲ့မိတယ်...
ကိုယ်ယုံကြည်တယ် ချစ်သောဆရီခွန်
အချစ်ဆိုတာ ရယူခြင်းလဲမဟုတ်ဘူး
ပေးဆပ်ခြင်းလဲမဟုတ်ဘူး
အချစ်ဆိုတာရှေးကုသိုလ်
စိတ်ကောင်းရှိရင်ပေါင်းရမယ်..။…။
ငြိမ်းချမ်းအောင်
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂
(ဧပြီ ၂၀၁၀ တွင် ချင်းမိုင်မြို့မှာရေးခဲ့၊ အဆုံးမသတ်ဖြစ်ခဲ့တဲ့ကဗျာပါ၊ အခု ၂၀၁၂ ချစ်သူများနေ့အတွက် ပြန်ရေးပါတယ်။)
14 February, 2012
မဟူရာတမ်းချင်း (သို့မဟုတ်) ဆရီခွန်သို့ပေးစာ
Labels:
My poem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment