01 June, 2011

ဦးတင်ဦးပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမူ

ဓါတ်ပုံ - ဒီပဲယင်းအ၀င်လမ်း

ဒီပဲယင်း အကြမ်းဖက်မှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီဝင်များ စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် ၂၀၀၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင်
ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၃ ခုနှစ် မေလ ၆ ရက်နေ့တွင် ပါတီစည်းရုံးရေးအတွက် ရန်ကုန်မှနေ၍ ထွက်ခွာလာခဲ့ရာ အထက်မြန်မာပြည်ခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ကသာ၊ မန္တလေးတိုင်း မိုးကုတ်နှင့် မန္တလေး၊ စစ်ကိုင်းတိုင်း မုံရွာမြို့သို့ ရောက်ရှိခဲ့စဉ်ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံခဲ့ကြသည်။

ထို့နောက် မေလ ၃ဝ ရက်နေ့တွင် ဒီပဲယင်း ကျည်ရွာအနီးသို့ ရောက်ရှိစဉ်စစ်အစိုးရဖွဲ့ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ၊ စွမ်းအားရှင်များက အကြမ်းဖက် ရိုက်နှက်ခဲ့သည်နှင့် တွေ့ကြုံ ခဲ့ကြရသည်။

ထိုဖြစ်ရပ်အတွင်း ပါတီအဖွဲ့ဝင်များနှင့် ထောက်ခံအားပေးသူ ဦးရေ ၁၀၀ ၀န်းကျင် သေဆုံးခဲ့ကာ၊ အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း အတိုက်အခံများက ပြောသည်။

သို့သော် စစ်အစိုးရက လူ ၄ ဦး သေဆုံးကာ၊ ၅ဝ ခန့် ဒဏ်ရာရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖြစ်ရပ်ဆိုးတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြန်လည်ပြောဆိုချက်များ တင်ပြလိုက်ရပါသည်။

"ဦးတင်ဦး ပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု"

ဒေါ်အောင်ဆန်းစုကြည် ၂ဝဝ၃ ခုနှစ်ကစပြီး စည်းရုံးရေးထွက်တဲ့ အချိန်တုန်းက အတားအဆီး၊
အပိတ်အပင်တွေ လုပ်တာတွေ ရှိတယ်။ နောက်ပိုင်းမှာကျ ပိုပြီးတော့ လုပ်လာတာကို
တွေ့ရတယ်။ အထူးသဖြင့် ဘယ်မှာများလဲ ဆိုတော့။ စတာက မြစ်ကြီးနားက စပြီးတော့
စွမ်းအားရှင်တို့၊ ကြံ့ဖွံ့တို့၊ ဘာတို့က ကားနောက်ကနေ လိုက်အော်တာတို့၊ ကိုယ်ကို
ထိတာပုတ်တာတို့ကတော့ ရှိတာပေါ့။ ဗန်းမော်ဝင်တုန်းကလည်း အဲဒီလိုပဲ။ နောက်
မိုးကုတ်ဝင်တော့ကာ သိပ်ပြီး လိုက်လာတာ မတွေ့ရဘူး။ မိုးကုတ်ရောက်တော့ မိုးကုတ်သူ
မိုးကုတ်သားတွေက တခဲနက်ကြိုဆိုကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုပြီး
ဆုတောင်းကြတယ်။ အဲဒီလို အောင်မြင်ပြီးတော့ လာတာကို တားစီးချင်တဲ့၊ ပိတ်ဆို့ချင်တဲ့
သဘောတွေက ပြင်းထန်လာတဲ့ သဘောတွေ ရှိတယ်။

ဘယ်မှာစဖြစ်လဲဆိုတော့ မိုးကုတ်ကနေ သပိတ်ကျင်းကို ထွက်လာတဲ့အချိန်မှာ နည်းနည်းလေး
ညနေပိုင်း စောင်းသွားတော့ ဒေါ်အောင်ဆန်းစုကို လာပြီး ကြိုဆိုတဲ့ လူအုပ်ကြီးကလည်း များတယ်။

သတင်းတွေကတော့ ရတယ်။ စာရွက်တွေနဲ့လည်း ရတယ်၊ လူကိုယ်တိုင်လာပြီး
သတင်းပို့တာတွေလည်း ရတယ်။ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ဒုတ်တွေ၊ ဓားတွေ၊
လောက်လေး (ဘတ်ခွ) တွေနဲ့ လာပြီး နှောင့်ယှက်ဖို့ ရှိတယ်။ လမ်းမှာ လာတဲ့ လူတွေကတော့
လောက်လေးတွေနဲ့ ပစ်တာခတ်တွေတော့ စပြီး ဖြစ်နေပြီ။ လာတဲ့ လူတွေက လမ်းမှာ
စစ်တာဆေးတာတွေ ရှိတယ်။ ဒါပေမဲ့ အစည်းအဝေးက ညနေပိုင်းမှာ လူ ၄ဝဝဝ၊ ၅ဝဝဝ လောက်ရှိတယ်။
အောင်မြင်သွားတယ်။

ကျနော်တို့က အဲဒီကနေ ထွက်လာတဲ့ အချိန်ကျတော့ အခြေအနေက တော်တော်ကို ဆိုးတယ်။
ထွက်လာပြီး မကြာခင်မှာ ဒိုင်နာကားကြီးတွေနဲ့ ကျနော်တို့ကားကို ရှေ့နဲ့နောက်နဲ့
ပိတ်ကြီးတော့ အပေါ်မှာရှိတဲ့ အသံချဲ့စက် ၄ ခုလောက် တပ်ထားပြီးတော့၊ အကြီးအကျယ်
အော်ပြီးတော့ နယ်ချဲ့အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒ ကန့်ကွက်ကြ၊ ပြည်ဖျက်မ
စုကြည် ဆိုတာတွေ ဘာတွေကို အော်တယ်။ အဲဒီမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့
ရဲမှူးကြီး၊ တပွင့်၊ နှစ်ပွင့်၊ အကြပ်တွေလည်း ရှိတယ်။

သူတို့က ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ လုပ်တာကို မပြောရဲဘူး။ သူတို့ ကြောက်တယ်။
ကျနော်တို့ကားတွေကို အတင်းပဲ သွားပါသွားပါ ပြောတယ်။ သူတို့က သွားပါသွားပါ
ပြောပေမယ့် ရှေ့ကပိတ်ထားတော့ ဘယ်လိုသွားလို့ ရမလဲ။ အဲဒီနေရာမှာ တော်တော်ကို
မှောင်သွားပြီ။ အဲဒီကနေ ထွက်လာတော့ စဥ့်ကူးကို ဝင်သွားပြီ။ အဲဒီကားကြီးတွေကလည်း
နောက်ကနေ အော်ရင်း လိုက်တယ်။ စဥ့်ကူး အဖွဲ့ချုပ်ရုံးမှာ စည်းရုံးရေး
အဖွဲ့ဝင်တွေနဲ့ တွေ့တယ်။ အဲဒီမှာ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။ အဲဒီမှာ ည ၈ နာရီလောက်
ရောက်သွားပြီ။ အဲဒီအချိန်မှာ ကျနော်တို့တည်းတဲ့ အိမ်ကို လောက်လေးတွေနဲ့ ပစ်တယ်။
ခေါင်မိုးတွေကိုလည်း မှန်တယ်။

ပစ်လိုက်တဲ့ လောက်လေးဆံက ကျနော်တို့နားလည်း ကျတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရဲစခန်းကို
အမှုဖွင့်ဖို့ ပြောတဲ့အခါကျတော့ ကျနော်သွားပြီးတော့ အမှုဖွင့်တယ်။ အမှုဖွင့်တာကို
ရဲစခန်းက လက်မခံဘူး။ လက်မခံတဲ့ အခါကျတော့ ကျနော်က ပြောတာက ပထမ FIR လာပြီးဖွင့်ရင်
တိုင်တဲ့ဟာကို လက်ခံရမယ်၊ လက်မခံရင် တရားစွဲနိုင်တယ်လို့။ အဲဒီတပ်ကြပ်က
ကောင်းပြီဆိုပြီး လူကြီးတွေကိုပြောတော့ လက်ခံမယ်ဆိုပြီး ပြောတော့ ရဲစခန်းမှူးတွေက
လိုက်လာပြီးတော့ အမှုဖွင့်တယ်။

အမှုဖွင့်နေစဉ်အတွင်းမှာ ကားတစီး ဝင်လာတယ်။ ကားပေါ်မှာ ပတ်တီးစည်းထားတဲ့
လူတယောက်ပါတယ်လို့ ရဲတယောက်က လာပြောတော့ ပြာပြာသလဲ ထသွားတယ်။ ဘာဖြစ်လို့ ပြာပြာသလဲ
ထသွားလဲဆိုတော့ ဒဏ်ရာရတဲ့လူက ကြံ့ဖွတ်ထဲတယောက် လောက်လေးခွမှန်လို့
ပတ်တီးစည်းပြီးတော့ လာတိုင်တာ။ ဒီမှာ တိုင်နေတဲ့ တိုင်ချက်က မပြီးသေးဘူး၊
ကမန်းကတန်း ထသွားပြီးတော့ ဟိုဘက်က တိုင်ချက်သွားဖွင့်တာတို့၊ ဘာတို့ လုပ်တယ်။

ဒီဘက်မှာက တိုင်ချက်ဖွင့်တာကိုတော့ ကျန်တဲ့လူနဲ့ ပြီးအောင် လုပ်လိုက်တာပေါ့လေ။
ဆိုလိုတာက ဘာပြောချင်လဲဆိုတော့ အဲဒီအဖွဲ့အစည်းက ကြံ့ဖွတ်တို့၊
စွမ်းအားရှင်တို့ဆိုရင် ဝန်ထမ်းလောက၊ အထူးသဖြင့် ရဲတို့၊ အုပ်ချုပ်ရေးအပိုင်းက
လူတွေက တော်တော်ကို ကြောက်တဲ့သဘော ရှိတယ်။ ဒီကိစ္စကို မေးကြည့်တော့
ဒေါ်အောင်ဆန်စုကြည်ကို ကြိုဆိုတဲ့လူတွေကို သူတို့က ကားနဲ့ ဖြတ်သွားရင်းနဲ့
အပေါ်ကနေပြီးတော့မှ လောက်လေးခွတွေ၊ ခဲတွေနဲ့ ပစ်တယ်။

အောက်ကကောင်တွေကမခံချင်တာနဲ့ နေရာမှာရှိတဲ့ လမ်းဘေးက ကျောက်စရစ်ခဲတွေနဲ့ ပြန်ပစ်လို့
မှန်သွားတယ်လို့ ပြောတာပါ။

အဲဒီညက တော်တော်ကို မှောင်သွားတော့ ဘဘကတော့ တော်တော်ကို စိုးရိမ်တယ်။
စဥ့်ကူးအထွက်နဲ့ ခြေတောက်ပေါက် အသွားမှာ လမ်းမှာ ရိုက်ကြမလားဆိုပြီးတော့
စိုးရိမ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်တဲ့ လုပ်ရပ်တွေက ဆိုးဆိုးရွားရွား
ဖြစ်နေလို့ပါ။ ဒါပေမဲ့ စဥ့်ကူးမှာရှိတဲ့ အမျိုးသမီးအဖွဲ့တွေရော၊
ယောက်ျားတချို့ကရော၊ သံဃာတော်ကရော ခြေထောက်ပေါက်ကို သန်းခေါင်အချိန်လောက်မှာ
လိုက်ပို့ကြတယ်။

ခြေထောက်ပေါက်မှာ တရားပွဲ လုပ်တော့လည်း လူတွေက အုပ်လိုက်လာကြတာပဲ။ အဲဒီလာတဲ့အခါမှာ
တားတာဆီးတာ၊ ခရာတွေမှုတ် ဘာတွေမှုတ်နဲ့၊ လူထုက မကျေမနပ် ဖြစ်နေကြတယ်။ အဲဒီမှာ ဘဘတို့
ပြောရတယ်၊ လမ်းနဲ့ ပတ်သက်ပြီးတော့ အကျယ်ကြီး ပေးထားတာပဲ ဘာဖြစ်လို့ ဒီကားတွေက
မသွားဘဲ၊ မလာဘဲနဲ့ ဘာဖြစ်လို့ ခရာမှုတ်နေရတာလဲလို့ ပြောလိုက်တော့မှ ခရာသံ
တိပ်သွားတယ်။ တရားပွဲတွေဘာတွေ လုပ်ပြီးတော့ ဘဘတို့ မတ္တရာကို ထွက်လာတယ်။
မတ္တရာထွက်လာတဲ့အချိန်မှာ အလားတူပဲ ဖြစ်တယ်။ မတ္တရာ လမ်းမှာတော့ အနှောင့်အယှက်
မရှိဘူး။

ဘာဖြစ်လို့လဲဆိုတော့ လူတွေက နောက်ကနေ တပါထဲ ပါလာခဲ့တယ်။ မတ္တရာရောက်တော့ နေလည်စာ
စားပြီးတော့ လူအုပ်ကြီးက အဖွဲ့ချုပ်ကြိုဆိုတဲ့ တိုက်ရှေ့မှာ ခြံဝင်းကြီး ရှိတယ်။
ခြံဝင်းထဲမှာ လူတွေက ပြည့်နေတယ်။ ခုနတုန်းက လိုက်လာတဲ့ လူတွေက အဲဒီလူအုပ်ထဲ
ဝင်ပြီးတော့ အသံချဲ့စက်တွေ ဖွင့်တယ်၊ သံပုံးတွေ တီးပြီးတော့ ခုနကပြောခဲ့တဲ့
ကြွေးကြော်သံတွေကို ကြွေးကြော်တယ်။ လူတွေက မကျေနပ်ဘဲ သူတို့နဲ့
ကတောက်ကဆဖြစ်ပြီးတော့ အဲဒီနားမှာရှိတဲ့ ကျောင်းတိုက်တွေက သံဃာတော်တွေ၊
ဘုန်းကြီးတွေ ဆင်းလာပြီးတော့ သူတို့ကို လိုက်တားတယ်။ ထော်လာချီကားပေါ်က
ဘုန်းကြီးတွေကို လောက်လေးခွနဲ့ လိုက်ပစ်တယ်။

အော်တဲ့လူတွေက ဘုန်းကြီးတွေလည်း ရောက်လာတော့ သူတို့လည်း အကုန်လုံး ထွက်ပြေးကြတယ်။
မတ္တရာ ထွက်လာပြီးနောက် တလမ်းလုံးက အနှောင့်အယှက် ဖြစ်တော့တာပါပဲ။ မန္တလေးရာက်တော့
တရက်၊ ၂ ရက်နေတော့ ဘာမှမဖြစ်ဘူး။ မန္တလေးက ထွက်တဲ့အချိန် မေလ ၂၉ ရက်နေ့မှာ
မုံရွာဘက်ကို ထွက်တယ်။ မုံရွာဘက်ကို ထွက်တော့ မြင်းမူအရောက်မှာ သတင်းရတယ်။

အဖွဲ့ချုပ်က ဘာပြောလဲဆိုတော့ မုံရွာဘက်မှာ လူတစု စုပြီးတော့ ရိုက်မယ်ပြုမယ်နဲ့
လူစုနေကြတယ်လို့ အဲဒီလို ပြောတယ်။ ပြောတဲ့အခါကျတော့ ရန်ကုန်မှာရှိတဲ့ အဖွဲ့ချုပ်က
ခေါင်းဆောင်တွေကလည်း ဒီသတင်းရတယ်။ ဘဘက ဥက္ကဋ္ဌ ဦးအောင်ရွှေကို ခေါ်တယ်၊ ဦးအောင်ရွှေကလည်း
ဘဘကို ခေါ်ဖို့ ကြိုးစားရင်းနဲ့ နှစ်ယောက်ဆုံတယ်။ ခုနကပြောသလို သတင်းရတယ်။
သတင်းရတဲ့အတွက် သက်ဆိုင်ရာ အကြီးအကဲတွေကိုတော့ သတင်းပို့ထားပြီးပြီ။ ခင်ဗျာတို့
သွားတဲ့အခါ သတိထားသွားပါ၊ စသဖြင့် အဲဒီလို ပြောတယ်။

ဘဘကလည်း ဒီမှာရှိတဲ့ လုံခြုံရေး အသိုင်းအဝိုင်းကိုလည်း အကြောင်းကြားထားပြီးပြီ။

တတ်နိုင်သလောက်လုံခြုံရေးစောင့်ရှောက်ဖို့ ပြောထားတယ်။ အဲဒီလိုပြောပြီးတော့ မြင်းမူကနေ
စထွက်ကြတယ်။ အဲဒီကနေ စထွက်တဲ့ အချိန်ကစပြီး အော်တာတွေ ဘာတွေလည်း ပါတယ်။
မုံရွာမရောက်ခင် မြို့ဝင်မှာကတည်းက လူအုပ်က အများကြီး ဖြစ်နေပြီ။

နေရာတနေရာမှာ ဆန့်ကျင်ဘက် အော်မယ့်သူရော၊ အော်ရုံတင်မကဘူး နှောင့်ယှက်ဖို့
တော်တော် ကြမ်းကြမ်းတမ်းတမ်း နှောင့်ယှက်ဖို့ ပြင်နေတဲ့ လူ ၄-၅-၆ဝ လောက်က
လမ်းအကွေ့လေးနားမှာ ဆန့်ကျင်ဖို့၊ ပြုဖို့ နည်းနည်းလေး အကြမ်းဖက်ချင်တဲ့သဘော
သူတို့ အမူအရာတွေက မကောင်းဘူး။ ကျနော်တို့ကို ဘယ်သူက စောင့်ရှောက်လဲဆိုတော့
မုံရွာက လူငယ်တွေလည်း ပါတယ်။ မြို့လူထုလည်း ပါတယ်။ နောက် မုံရွာက သံဃာတော်တွေရော၊
မန္တလေးဘက်က လိုက်လာတဲ့ သံဃာတွေလည်း ပါတယ်။ ဆိုတော့ သူတို့ ဝိုင်းဝန်းပြီးတော့
အတားအဆီး အပိတ်အပင်လုပ်လိုက်တဲ့အခါ ဘာမှ မဖြစ်သွားဘူး။ အဲဒီအချိန်မှာ
မှောင်စပြုနေပြီ။ အဲဒီကနေ လာလိုက်တာ ဆိုင်းဘုတ်တင်မယ့် နေရာကို ည ၈ နာရီ
နီးပါးလောက်မှာ ရောက်တယ်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လူထုက လာရောက်ထောက်ခံကြိုဆိုတဲ့ အထဲမှာ မိုးကုတ်နဲ့
မုံရွာက အများဆုံး ဖြစ်တယ်။ မုံရွာအဝင်မှာ မှောင်နေတဲ့အတွက်
ဖယောင်းတိုင်တွေထွန်းပြီး လိုက်ကြတဲ့သူတွေက အများကြီးပဲ။ အဲဒီမှာ
အဖွဲ့ချုပ်ရုံးရောက်တယ်။ အဖွဲ့ချုပ်ရုံးမှာ ဆိုင်းဘုတ်တင်ပြီးတော့ကာ မုံရွာအဖွဲ့ချုပ်က
စည်းရုံးရေး ပုဂ္ဂိုလ်တွေကို ဖမ်းချုပ်တယ်။ ခေါ်ပြီးတော့ မေးတယ်။ ဗဟိုကတော့
ကျနော်တို့က အမိန့်ရတယ်။ မြို့နယ်က သက်ဆိုင်ရာ မယကကို ခွင့်မတောင်းဘူးဆိုပြီးတော့
ဖမ်းချုပ်တယ်။

အဲဒီဟာတွေကို ရှင်းရလင်းရတာ လုပ်ပြီးတော့၊ ပြေလည်တော့ သွားတယ်။ ဘဘတို့က ဗဟိုက အမိန့်စာနဲ့
လာတဲ့အတွက် ပြောလည်တော့ သွားပြီ။ ဒါပေမဲ့ အဲဒီမှာစပြီး ပဋိပက္ခလေးတော့ ရှိနေကြပြီ။
တည်းတဲ့ အိမ်ရောက်တော့ ၁၁ နာရီလောက် ရှိပြီ။ အဲဒီမှာ လူငယ်ဖွဲ့စည်းပုံအရလူငယ်ဖွဲ့စည်းရေး လုပ်တယ်။

လုပ်တဲ့အချိန်မှာ အောက်မှာက သင်္ကန်းဝတ်တချို့က တကာမကြီး တွေ့ချင်လို့ ဆင်းခဲ့ပါတို့
ဘာတို့ပေါ့လေ။ နောက်ပြီး တရားဟောပါပေါ့လေ။ ဘုန်းကြီးတို့ စောင့်နေပါတယ်ပေါ့လေ။
ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ပြောတယ်။ ခဏသွားပြီးတော့ ပြေလည်အောင်
လုပ်ပေးပါဆိုပြီးတော့ ပြောတယ်။ အဲဒီမှာ ဘဘဆင်းသွားတယ်။ ဆင်းသွားတဲ့အခါကျတော့
သူတို့ကို တွေ့တယ်။ သူတို့ အမူအရာက မကောင်းဘူး။ ရန်လိုတဲ့ အမူအရာ ဖြစ်နေတယ်။

ဘုန်းကြီးအစစ်တော့ မဟုတ်ဘူး။ သင်္ကန်းဝတ်ထားတဲ့ လူတွေ ဖြစ်တယ်။ သူတို့ရဲ့ အမူအရာက
ရန်မူတဲ့ အမူအရာတွေ ဖြစ်နေတော့ ဘဘက တောင်းပန်တယ်၊ ရှစ်ခိုးပြီးတော့ အရှင်ဘုရား
ညဥ့်လည်း နက်ပါပြီ၊ တကာမကြီးလည်း အလုပ်က မပြီးသေးပါဘူး။ တနေ့လုံးလည်း
ပင်ပန်းနွမ်းနယ်လှပါတယ်။ ဒါပြီးရင်လည်း နည်းနည်းနားဖို့ လိုပါတယ်။ ဆရာတော်အနေနဲ့
မနက် အာရုံဆွမ်းဖိုးပေးပြီးတော့ ပြန်ကြွလာလို့ ရှိရင်လည်း တကာမကြီးကို
တွေ့နိုင်ပါတယ်လို့ လျှောက်ထားတယ်။

မတွေ့နိုင်ဘူး၊ မပြန်နိုင်ဘူး။ ဒီနေ့ည ဒီတကာမကြီးကို မတွေ့ရရင် ကျုပ်မပြန်ဘူး။
ခေါ်လာခဲ့၊ ဆင်းပေးပါ။ တပည့်တော်က ခေါ်ပြီး ဆင်းခိုင်းလို့ မရဘူး။ အပေါ်မှာ သူ
အလုပ်လုပ်နေတယ်။ ပြီးရင် သူ အနားယူပါမယ်။ အလုပ်လုပ်ရင် ည ၁၂ နာရီ၊ ၁ နာရီထိ
ရောက်သွားမယ်။ သူအိပ်ချိန်က ၂ နာရီ၊ ၃ နာရီလောက်ပဲ ရှိမယ်။ ဆရာတော်
သံဃာတော်ရှင်မြတ်များအနေနဲ့ ကျောင်းကို ပြန်ပြီး အေးအေးဆေးဆေး ကြွပါ။ ပြီးတော့မှ
တရေးတမော အိပ်ပြီးတာ့မှ ပြန်လာပါပြောတာကို မရဘူး။ ပူညံပူညံ လုပ်နေတဲ့အခါမှာ
ဘေးနားမှာရှိတဲ့ လူတွေက ရပ်ကြည့်နေကြတာပေါ့။ တခြားတဖက်မှာရှိတဲ့ လူငယ်တွေက
ကျောင်းသားတွေ ရောက်လာကြတယ်။ သူတို့ကလည်း အဲဒီလို ဘုန်းကြီးတွေ လုပ်နေတာကို
မကြိုက်ဘူး။ မကြိုက်တဲ့ အမူအရာကို လူအုပ်က ပြတဲ့အခါကျမှ သူတို့က
ယောင်ချာ၊ယောင်ချာနဲ့ ပြန်သွားကြတယ်။

စိတ်ထဲမှာတော့ သိနေတယ်။ မနက်ဖြန်တော့ တခုတခုတော့ လုပ်မှာပဲဆိုတာ သိနေတယ်လေ။

တကယ်တမ်းကျတော့ ဘေးကနေ လုပ်မယ်ဆိုတဲ့ သတင်းတွေကလည်း ထပ်ထပ်ရနေကြတယ်။ ဒါနဲ့
မုံရွာကနေ ထွက်တော့ လိုက်ပို့တဲ့ လူအုပ်က မနည်းဘူး။ သံဃာတော်တွေရော၊ မုံရွာက
ကျောင်းသားတွေရော၊ မန္တလေး စစ်ကိုင်းဘက်က ပါလာတဲ့ အမျိုးသမီးအဖွဲ့တွေရော
ကားတန်းတွေက အရှည်ကြီးပေါ့။ အဲဒီမှာ ရှေ့ဆက် တော်တော်လေးသွားတဲ့ အခါကျတော့
ဘုတလင်လောက် ရောက်ခါနီးတော့ ဘာသိလဲဆိုတော့ နောက်က လိုက်လာတဲ့ ကားတွေကို ဖမ်းတယ်၊
ဆီးတယ်၊ တားတယ်၊ ပိတ်တယ်တွေ လုပ်တယ်လို့ ကြားတယ်။

အဲဒီနောက် ကားတွေက ပါမလာဘူး။ ကားတော်တော်များများက ပါလာတယ်။
အမြှီးပိုင်းလေးလောက်တော့ ကျန်ခဲ့တယ်။ ဘုတလင်မှာ အစည်းအဝေးလုပ်တယ်။ လူငယ်တွေ
ဖွဲ့စည်းတာတွေ လုပ်တယ်။

ပြီးသွားတဲ့အခါ နောက်အဖွဲ့တွေ မလာသေးတဲ့အတွက်ကြောင့် သွားခေါ်ဖို့ လူလွှတ်လိုက်တဲ့
အခါကျတော့ ဘဘတို့ ရှေ့ဆုံးက လမ်းပြတဲ့ ကားကို ပြန်လွှတ်လိုက်တယ်။ အဲဒီကားလည်း
ပြန်မလာဘူး။ အဲဒီမှာ အခြေအနေကတော့ သိပ်မကောင်းတော့ဘူး။ နည်းနည်းတော့ အဖမ်းအဆီး၊
အချုပ်အနှောင်တွေက များနေပြီ။ ဘုတလင်မှာ အားလုံးပြီးသွားတဲ့ အချိန်မှာ ၄ နာရီခွဲ
ရောက်ပြီ။

ပန်းကုံးဆွတ်တာတို့ လုပ်တာတွေ ရှိသလို တချို့နေရာတွေက ၁ဝဝ-၁၅ဝ လောက်ရှိတဲ့ လူတွေက ၅
နာရီလောက်မှာ ဘုတလင်က ထွက်လာတယ်။ လမ်းမှာရှိတဲ့ ရွာတွေက ကြိုတာတို့၊ တလျှောက်လုံး
မပြတ်ဘူး၊ ရှိနေကြတယ်။ တချို့ရွာတွေက တရားဟောခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က
တရားမဟောနိုင်တော့ပါဘူး။ လာကြိုတဲ့ လူတွေကို လက်ကလေးပြပြီး
ပြန်နှုတ်ဆက်ပြီးလာခဲ့တဲ့ အချိန်မှာ စိုင်ပြင်ကြီးဆိုတဲ့ နေရာကို ရောက်တယ်။ အဲဒီကို
ရောက်တဲ့အချိန်က သိပ်မမှောင်သေးဘူး၊ အလင်းရောင် ရှိတယ်။

ဘယ်အချိန်လောက် ရှိမလဲဆိုတော့ ည ၆ နာရီခွဲလောက် ရှိမယ်။ အလင်းရောင် ကျန်သေးတော့
အဲဒီကို ဝင်လိုက်တယ်။ ဝင်လိုက်ရတဲ့ အကြောင်းအရင်း တခြားမဟုတ်ဘူး။
စိုင်ပြင်ကြီးရွာကို ကိုဝင်းမြင့်အောင် ဒီပဲယင်းရဲ့ လွှတ်တော်ကိုယ်စားလှယ်၊ သူက
အဖမ်းခံထားရတယ်။ သူ့မိသားစုတွေကို အားပေးစကားပြောဖို့ ဝင်လိုက်တယ်။
ဝင်လိုက်တဲ့အချိန်မှာ အပြင်မှာ လူအုပ်ကြီးက အများကြီး ရောက်လာတယ်။

လူကတော့ ၄-၅ဝဝဝ လောက် ရှိမယ်။ တချို့ကလည်း သူတို့ကားနဲ့ သူတို့ ဆိုင်ကယ်တွေနဲ့
လိုက်လာကြတယ်။ ပြန်ခါနီးကျတော့ ထွက်လို့ မရဘူး။ ပြောရဟောရ တောင်းပန်ရ လုပ်ရသေးတယ်။
စကားပြောတဲ့အချိန်မှာ အချိန်လေးက ရသွားတော့ ထွက်တဲ့အချိန်က မှောင်စပြုနေပြီ။
စိုင်ပြင်ကြီးက ထွက်လာတဲ့အချိန်က မှောင်စပြုနေပြီ။ ထွက်တဲ့အချိန်မှာ လမ်းပြတဲ့
ကားက မုံရွာဘက် ပြန်သွားတာ ပြန်မလာတော့ ဒေသခံ လမ်းပြ ဂျစ်ကားလေးက ရှေ့က
မောင်းပြီးတော့ နောက်ကလိုက်တဲ့ ဘဘကား (တောင်းအေစ့်) က ရှေ့ဖြစ်သွားတယ်။

ဘဘကားနောက်က ဒေါ်အောင်ဆန်းစုကြည်ကား၊ နောက်က မန္တလေး စစ်ကိုင်း မုံရွာတို့က
လိုက်ပို့တဲ့ ကားတွေဗျာ။ စိုင်ပြင်ကြီးအထွက်မှာ ကားက တခါရပ်တာ တွေ့လိုက်ရတယ်။
ကျနော်ကလည်း ရပ်စောင့်နေတယ်။ တခါပြန်ထွက်လာတော့ ကျည်ရွာကို ရောက်တယ်။ ကျည်ရွာမှာ
တခါရပ်တယ်။ ကျည်ရွာမှာ ရပ်တဲ့ အချိန်မှာ နည်းနည်းလေး ကြာတယ်။ ၁ဝ မိနစ်၊ ၁၅
မိနစ်လောက် ကြာမယ်ထင်တယ်။ ဘဘက ကားကို ရပ်စောင့်တယ်။ နောက်တော့
ဒေါ်အောင်ဆန်းစုကြည်ကား ထွက်လာပြီး မကြာဘူး သူ့ကားကို ရပ်လိုက်တယ်။ ဘဘတို့ကားလည်း
ရပ်လိုက်တယ်၊ သိပ်မကြာဘူး။ ဒေါ်အောင်ဆန်းစုကြည်နောက်က လိုက်လာတဲ့ ကားတွေ
ရောက်လာတယ်။

ကလေးတွေက မော်တော်ဆိုင်ကယ်နဲ့ ဘုန်းကြီးတွေ တင်လာတာတွေ အများကြီးပဲ။ သူတို့က
အုပ်ကြီးလိုက် ရောက်လာတယ်။ ကျည်ရွာမှာ ရှိနေတဲ့ ကားတွေကို နောက်က လိုက်လာတဲ့
ဒိုင်နာကားပေါ်က လူတွေက ရိုက်ကုန်ပြီ၊ သေတဲ့လူတွေ သေကုန်ပြီ၊ အဘတို့နဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လုံခြုံရေးကို ကျနော်တို့ တာဝန်ယူတယ်တဲ့။ ကလေးတွေက
ကျနော်တို့ကားနဲ့ ဒေါ်အောင်အောင်ဆန်းစုကြည်ကားကို ဝိုင်းပြီးတော့ လုံခြုံရေး
ယူပေးတယ်။

ဘဘကို ကားပေါ်က မဆင်းဖို့ ပြောတယ်။ ဘဘလည်း မဆင်းဘဲ မနေနိုင်ဘူး။ လိုက်သွားပြီးတော့
ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရဦးမယ်။ အခြေအနေသိအောင် ကားပေါ်ကဆင်းပြီး ဒေါ်အောင်ဆန်းစုကြည်
ရှိတဲ့နေရာကို သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားနဲ့ ဘဘကား ရပ်ထားတဲ့နေရာနဲ့
ကိုက်၂ဝ-၂၅ လောက် ဝေးမယ်။ အဲဒီကို ဘဘသွားလိုက်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကား (Double Cap) ပေါ့။ သူက အလယ်ခန်းမှာ ရှိတယ်။ ဘဘက
ကားဘေးရောက်တော့ ကျည်ရွာမှာ ရိုက်ကုန်ပြီးလို့ ပြောတော့ သူ သိတယ်။

ဘဘက အန္တရာယ်ဖြစ်နေတယ်ဆိုတော့ သူ့ကားကို သွားစေချင်တယ်။ ကားကို ဒီပဲယင်းဘက်ကို
မောင်းစေချင်တယ်။ ကျနော်က သွားခိုင်းတာကို သူက မသွားဘူးလို့ ပြောတယ်။ နောက်က
အရိုက်အနှက်ခံနေရတဲ့သူတွေ၊ သူ့ကို ကြိုဆိုတဲ့ လူတွေကို ရိုက်တာနှက်တာတွေကို သူ
လက်မခံဘူး။ ဒါကြောင့်မို့ ဒီလူတွေနဲ့အတူ သူ နေမယ်။ မသွားဘူးဆိုပြီး ပြောတယ်။
စိတ်ထဲမှာတော့ သိပ်စိုးရိမ်သွားတာပေါ့ဗျာ။ မသွားရင်တော့ ဒုက္ခများလိမ့်မယ်ဆိုပြီး၊
နောက်ပိုင်းက အခြေအနေသိအောင် ကြည့်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားနောက်က မန္တလေးကားကို လွန်သွားတဲ့အချိန်မှာ
ဘာမြင်လဲဆိုတော့ မီးအနီးရောင်တွေက အပေါ်မှာ အနီရဲရဲတွေ မီးရှို့ထားတဲ့
မီးလောင်တဲ့ပုံ ဖြစ်နေတယ်။ အဲဒီရှေ့က ကားတွေက မီးထိုးထားတာက မီးက အဖြူရောင်ပေါ့။
အဲဒီမှာက လူတွေက ရုတ်ရုတ်သဲသဲ အော်ကြဟစ်ကြနဲ့ ကမ္ဘာပျက်သလိုပါပဲ။ လမ်းဘေးက
ဖုံတွေကလည်း ထ၊ မီးအလင်းရောင်အောက်မှာ မြင်ကွင်းတွေက ဆိုးဆိုးရွားရွားတွေ
မြင်နေရတယ်။ ဘဘက စိုးရိမ်ပြီးတော့ သိပ်ပြီးတော့ နီးနေပြီဆိုတော့ ပြန်လာတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ကိုသွားဖို့ ပြန်လာတာ။ သူ့ဆီရောက်တော့ အခြေအနေတွေ
အားလုံးပြော ပြတယ်။ သူ မသွားဘူးတဲ့။ အဲဒီလို မသွားဘူး ပြောနေတဲ့အချိန်မှာ
လှမ်းကြည့်လိုက်တော့ နောက်က ကားတကားကို စပြီး ရိုက်နေနပြီ။ ရိုက်တဲ့ အသံတွေ စပြီး
ကြားနေရပြီ။ ဝုန်းဝုန်းနဲ့ ရိုက်သံတွေ ကြားနေရတယ်။ နောက် ဒုတိယကားကိုလည်း
ရိုက်နေပြီ။ ဒေါ်အောင်ဆန်စုကြည်ကား (Double Cap) ရဲ့ တံခါးပေါက်ထိပ်နားကို
ရောက်လာတော့၊ ကိုတိုး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တာဝန်ယူတဲ့ လူငယ်က
ကားပေါ်မှာပါတဲ့ လူငယ်တွေက ကားအောက်ကို ဆင်းပြီး ကာကွယ်ထားတဲ့ သဘော ရှိတယ်။

အဲဒီအချိန်မှာ ကိုတိုးက အော်လိုက်တယ်။ ဘာ အော်လိုက်လဲဆိုတော့ ဒီကားဟာ
နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကား၊
ဘဘကလည်း မင်သက်မိနေရာကနေ သတိရလာပြီး ကုန်းအော်တယ်။ ဟေ့ကောင်တွေ မလုပ်နဲ့၊
မရိုက်နဲ့ဆိုပြီး ကုန်းအော်တယ်။ အော်နေတဲ့အချိန်မှာ စက္ကန့်ပိုင်းလေးလောက်တော့
ရပ်သွားတယ်။

သင်္ကန်းဝတ် ရွယ်သူ ၄-၅ ယောက်လောက်က သင်္ကန်းဝတ် ဒုတ်နဲ့ သူတို့က ရှေ့ကဗျာ။
နောက်ကကောင်တွေက ညာသံပေးတဲ့ အကောင်တွေ၊ လူငယ်လူလတ်ပိုင်းတွေ။ သူတို့က
ပုဆိုးတိုတိုနဲ့ ခါးစည်းထားတယ်။ နောက် လက်မှာ အမှတ်အသားပါတယ်။ လက်မှာက
ဝါးရင်းဒုတ်တွေကို ကိုင်ထားတယ်။ နောက်ကနေ အော်နေတယ်။ ခဲတွေနဲ့ ပစ်တယ်။ ဒီကောင်တွေ
ချကွာဆိုပြီး နောက်ကနေ အော်နေတယ်။ ဒုတိယအကြိမ်ရိုက်ဖို့ လုပ်ရာကနေ ရပ်သွားသေးတယ်။
နောက်ကကောင်တွေက ရိုက်ခိုင်းနေတယ်ဆိုတော့ ရိုက်မှာပဲဆိုတာ ဘဘ တွက်ထားတယ်။

ဘဘက ဒုတ်လွတ်တဲ့ နေရာကို နည်းနည်းလေးရှောင်ပြီးတော့ လှည့်လိုက်တဲ့အခါ နောက်က
ရိုက်တာပဲဆိုပြီး ရှောင်လိုက်တဲ့အခါ ဘဘ လဲကျသွားတယ်။ ဘဘ ခြေထောက်က ခြေကျင်းဝတ်
လည်ပြီးတော့ ထလိုက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားဘောနပ်ရှေ့ရောက်တဲ့
အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကား ထွက်သွားတယ်။ ကျနော်ကတော့ အဲဒီလို
ထွက်သွားတဲ့အချိန်မှာ သိပ်ပြီးတော့ ဝမ်းသာသွားတယ်။ ရိုက်တော့ ရိုက်တယ် မထိဘူးပေါ့။
သူ ဒီသေတွင်းက လွတ်ပြီဆိုပြီး ဝမ်းသာသွားမိတယ်။

ဘဘက ဘဘကားဆီ အပြေးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားကို ရိုက်ရင်းရိုက်ရင်း
လိုက်သွားတော့ မမီဘူး။ သူတို့ပါးစပ်က ဆဲတာဆိုတာ၊ ကြိမ်းတာမောင်းတာတွေ လုပ်ရင်းနဲ့
လိုက်သွားတယ်၊ မမီဘူး။ မမီတဲ့ အခါကတော့ ဘဘစီးလာတဲ့ကားကို လှည့်ပြီးတော့
ရိုက်တာပေါ့နော်။

ဘဘကားကလည်း မောင်းထွက်သွားတော့ မမီလိုက်ဘူး။ ဘဘက ကိုက် ၁၅ ကိုက်လောက်မှာ
ကျန်ရစ်ခဲ့ပြီးတော့ ဘဘကား ထွက်သွားတယ်။ အဲဒီကောင်တွေက မော်တော်ကားကို မမီတဲ့
အခါကျတော့ ဆဲဆိုပြီးတော့ ပြန်လာကြတယ်။ ရိုက်တဲ့ သင်္ကန်းဝတ်တဲ့ ကောင်တွေနဲ့ နောက်က
ညာသံပေးပြီး လုပ်ခိုင်းတဲ့ သူတွေက ပြန်လာကြတယ်။

ကျနော်က လမ်းရဲ့ ညာဘက်ဘေးနားမှာ ငြိမ်ပြီးတော့ နေရတယ်။ သဘောက ညဆိုတော့ မမြင်ဘူး။
လွတ်ရင် ဒီပဲယင်းဆီ ပြေးမယ်ဆိုပြီး ပြင်ထားတယ်။ သူတို့ ဘဘနဲ့ အလှမ်းဝေးတဲ့
နေရာလည်း ရောက်ရော ဒီပဲယင်းဘက်ကို ပြေးတာပဲ။ မောလို့ရှိရင် လမ်းလျှောက်လိုက်၊
အမောလေးဖြေလိုက်၊ ပြေးလိုက်လုပ်တယ်။

ဒီပဲယမ်းဘက်ကို ပြေးလာတဲ့ အချိန်မှာ နောက်ဘက်က အော်သံတွေ ကြားတယ်။ မန်း ၁
ဒီကိုလာစု၊ မန်း ၂ ဟိုဘက်မှာစု ဆိုတဲ့ အသံတွေ ကြားနေရတယ်။ မန်း ၁၊ မန်း ၂ ဆိုတာက
မန္တလေးက ခေါ်လာတဲ့ အကောင်တွေပဲလားဆိုပြီး စဉ်စားစရာ ဖြစ်သွားတယ်။ အဲဒီဟာ
ကြားပြီးနောက်မှာ ရှေ့မှာ လူတယောက် တွေ့တယ်။ ရှေ့မှာတော့ ဒီကောင်တွေ
မရှိသေးဘူးဆိုတာ သိထားတယ်။ ရှေ့မှာ တွေ့ရတဲ့ လူတွေ ငါတို့ဆီဘက်က လွတ်သွားတဲ့ လူတွေ
ဖြစ်နိုင်တယ်ဆိုပြီး လှမ်းမေးလိုက်တော့ ခင်ဦးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာဝင်းအောင်နဲ့ တွေ့တယ်။ ကျနော် ခြေကျင်းဝတ် လည်သွားတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လွတ်သွားတယ်။ သူတို့ လှမ်းရိုက်တာကို ရှောင်လိုက်တဲ့အတွက်
ဒုတ်နဲ့ ထိုးမိတာ ဖြစ်တယ်။ ပါးစပ်မှာ ကွဲသွားတယ်။ သူ့ရင်ဘတ်မှာ သွေးတွေက ရဲနေတာပဲ။

ဒေါက်တာဝင်းအောင် သွားတွေ၊ ဘာတွေ ပျက်စီးသွားတယ်။ ကျနော်မှာ ဖိနပ်မပါတော့
သူ့ဖိနပ်တွေ ဘာတွေ ချွတ်ပေးတယ်။ နှစ်ယောက်အတူတူ သွားတဲ့အခါ ရှေ့နည်းနည်းလေး
ရောက်တဲ့အခါမှာ ၉ နာရီ ထိုးသံ ကြားရတယ်။ အဲဒီ နာရီအသံကြားပြီး မကြာခင်မှာ ဒီပဲယင်း
တပ်ကနေ ပုဒ်မ ၁၄၄ ထုတ်သံကို ကြားလိုက်ရတယ်။ အဲဒီကနေ ဆက်သွားတဲ့အခါကျ မန္တလေးတိုင်းက
လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ကို တွေ့တယ်။

မူလက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကားပေါ်မှာ ရပ်တုန်းက ကိုတိုးအောင်၊ ညာဘက်က ကျနော်၊
ကျနော်နဲ့ ကပ်ပြီး ရပ်နေတဲ့သူက ဦးတင်အောင်ရဲ့ဘေးက မန္တလေးက ကလေးလေး။ အဲဒီကလေးလေးက
သနားစရာ ကောင်းပါတယ်။ သူ့ကို လူကြီးတွေက ရိုက်မယ်လုပ်တော့ အကိုတို့ရယ် ကျနော့်ကို
မရိုက်ပါနဲ့ ကျနော်က ကျောင်းသားလေးပါ။ ကျနော်က မိဘကို လုပ်ကျွေးနေတာပါ။ ကလေး
သဘာဝအတိုင်းပြောတာ၊ တောင်းပန်နေတာ ကျနော် ကြားယောင်နေမိတယ်။ အဲဒီကနေ
ဆက်ပြီးသွားတော့ ဘဘတို့ဘက်က ကားမီးက လင်းလိုက်၊ မှိတ်လိုက်၊ လင်းလိုက်ဆိုတော့၊
ကျနော်တို့ စိတ်ထဲမှာ ထင်တာက ဒေါ်အောင်ဆန်းစုကြည်က လွတ်သွားပြီးတော့ ကျန်တဲ့လူတွေက
သူ့လူကို သူ စောင့်ခေါ်နေတယ် ထင်ပြီးတော့ ဘဘတို့ မြန်မြန်သွားကြတယ်။
ဟိုလည်းရောက်ရော၊ အနားလည်းရောက်ရော၊ ကားတွေက မီးတွေဖွင့်လိုက်တဲ့ အခါကျတော့
ဘဘတို့ကို မီးနဲ့ထိုးထားသလိုဖြစ်ပြီး မီးတွေ လင်းနေတယ်။

ဘဘတို့ကို ရိုက်ဖို့ ဆင်းလာကြတယ်။ ဘဘတို့အနား ရောက်လာတော့ ဘဘက အော်ပြောလိုက်တယ်။
ဟိုက ငါတို့ကို ရိုက်လို့ ငါတို့က အသက်လုပြီးတော့ ထွက်ပြေးလာတယ်။ မင်းတို့က ဒီကနေ
ပိတ်ပြီးတော့ လုပ်မယ်ဆိုတော့ကာ မင်းတို့နဲ့ပတ်သက်ပြီး ငါတို့ ဘာလုပ်လို့လဲ။
ငါတို့မှာ ဘာလက်နက်များ ပါလို့လဲ။

မင်းတို့နဲ့ ငါတို့က ဘာဖြစ်လို့လဲလို့ ပြောလိုက်တော့ တန့်သွားတယ်။
ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ခဏနေဦး။ သူတို့ကို မေးကြည့်ရဦးးမယ်။ အကောင်
နှစ်ကောင် သုံးကောင်လောက်က ပြောတယ်။ ခုနတုန်းက ကားတစီး ဖြတ်သွားတယ်။
အားလုံးပိတ်ဆို့ထားတဲ့ အတားအဆီးကိုလည်း၊ အတင်းတိုက်ပြီးတော့ ထွက်သွားတယ်။
တချို့လူတွေ ထိခိုက်ဒဏ်ရာ ရတယ်။ တချို့ကို ဆေးရုံပို့ရတယ်။

ကျုပ်တို့လူတွေကို သေအောင်လုပ်တဲ့အတွက် ချရမယ်၊ နှက်ရမယ်လို့ အဲဒီလိုပြောတယ်။
ငါတို့က ဟိုက အသက်လုပြေးလာရတယ်။ အခု မင်းတို့က လုပ်မယ်ဆိုရင် ဥပဒေက ကြီးလေးတဲ့
ပြစ်ဒဏ်ခံရမယ်လို့ ဘဘက ပြောတယ်။ ခေါင်းဆောင် လုပ်တဲ့သူက ခင်ဗျား
ဘယ်သွားချင်လဲဆိုတော့ ကျနော်လာရင်းက ဒီပဲယင်း သွားဖို့ပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့
အတူလာတာ၊ သူဘယ်ရောက်လဲဆိုတာ သိခွင့် ရှိတယ်။ သူနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။

အဲဒီလိုပြောတော့ ဟိုအမှောင်ထဲမှာ ထိုင်နေဆိုပြီးတော့ ပြောတယ်။ အပေါ်က ကောင်တကောင်က
ရိုက်မယ်ဆိုပြီး ပြေးဆင်းလာတော့ အပေါ်က ကောင်တွေက ရိုက်ကွာ၊ ထိုးကွာ
နိုင်ငံခြားအားကိုးတဲ့ ကောင်တွေ၊ ဘာတွေညာတွေဆိုပြီး အပေါ်ကောင်တွေက ကြွေးကြော်သံတွေ
အော်နေကြတဲ့အချိန်မှာ ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ပါးစပ်ပိတ်၊ တိတ်စမ်း၊
လုပ်စရာရှိတာ ဒီလူတွေနဲ့ စကားပြောနေတယ်။ မင်းတို့ ပါးစပ်ပိတ်လို့ ပြောတော့
ငြိမ်သွားတယ်။ အဲဒါကိုကြည့်ပြီး ဘဘက စဉ်းစားတာက သူတို့ဟာ အဖွဲ့အစည်းတခုခုက
သင်တန်းပေးထားတဲ့ သူတွေလား။ တပ်ထဲက အဝတ်အစား လဲပြီးတော့မှ လုပ်တာလား၊ ရဲထဲကပဲလား
ဆိုတာကို စဉ်းစားနေမိတယ်။

ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်တဲ့ ကောင်ရဲ့ အမိန့်ဟာ ကွပ်ကဲမှု အနေအထားအရ လိုက်နာမှု
ရှိတယ်။ ချက်ချင်း ပြောတဲ့အခါ ချက်ချင်း ရပ်သွားတာတွေ၊ မသွားနဲ့ဆို မသွားတာတွေ၊
ရပ်ဆို ရပ်တာတွေကို သတိထားကြည့်မိတော့ ဒါဟာ အဖွဲ့အစည်းတခုအနေနဲ့ လာလုပ်တာပဲလို့
အောက်မေ့တယ်။ အဲဒီလို တွေးရင်းနဲ့ ကားသံတွေ ကြားတယ်။

သူတို့ လူတွေထဲက အော်သံတွေ ကြားတယ်။ ရှေ့မှာ လူကြီးတွေ လာတယ်ပြောတဲ့ အချိန်မှာ
ကားတွေ ဝင်လာတယ်။ ဘဘတို့ကို မေးနေတဲ့ အကောင်က ပြန်သွားတယ်။ ဟိုမှာပဲ စကားတွေဘာတွေ
ပြောနေတော့ ဘဘတို့က ထိုင်နေတယ်။ ခဏနေတော့ ဘဘတို့အထဲက ဦးပေါခင်က အခြေအနေက ဘာမှ
မထူးဘူး၊ လူကြီးတွေ လာတယ်လို့လည်း ပြောတယ်။ အဲဒီအချိန်မှာ နည်းနည်းလေးတော့ အခြေအနေ
အေးသွားတယ်။ ကျနော့်အနားကနေ အခြေအနေလေး ချောင်းကြည့်လိုက်ဦးမယ်ဆိုပြီး
သွားကြည့်တယ်။

သူကြည့်ပြီး ပြန်လာပြောတယ်။ ဟုတ်တယ်။ အခုလာတဲ့ အထဲမှာ ရဲအဖွဲ့က လူကြီးတွေလို့
ထင်ရတယ်။

သူတို့ကို မေးစမ်းနေတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို ပြန်ပြီး ပို့ပေးဖို့နဲ့
ဒီမှာရောက်တဲ့ လူတွေကိုလည်း လုံခြုံတဲ့ နေရာပို့ဖို့ ပြောတယ်။ အဲဒီလိုပြောနေရင်းနဲ့
နောက်တခေါက် ပြန်သွားတယ်။ ဟိုက လူကြီးတယောက်က လိုက်လာပြီးတော့ ဘဘတို့ကို
ဒီပဲယင်းကို ပို့ပေးမယ်။ သူတို့က လုံခြုံရေးကို ထိန်းသိမ်းတဲ့ အဖွဲ့ဝင်တွေ
ခင်ဗျားတို့ကို ကျနော်တို့ လိုက်ပို့ပေးမယ်ဆိုပြီးတော့ ကောင်းပြီဆိုပြီး
လက်ခံလိုက်တယ်။ နည်းတနည်းတော့ ယုံကြည်မှုလေးတော့ ဖြစ်သွားတာပေါ့။ ကျကျနန
စည်းလေးကမ်းလေးနဲ့ ပြောတာလေးတွေ ဖြစ်တဲ့အတွက် ကျုပ်တို့ လိုက်မယ်ဆိုပြီး
ပြောလိုက်တယ်။

ဘဘတို့ လုပ်မယ် ပြောတော့ တပ်ကြပ်လေး နှစ်ကောင်ကို ထည့်လိုက်တယ်။ အဲဒီမှာ
ကားမောင်းမယ်ဆိုပြီး မီးထွန်းလိုက်တော့ လမ်းဘေးတဘက် တချက်တွေမှာ လူ ၅ဝ အုပ်၊ ၁ဝဝ
အုပ်လေးတွေက ဒုတ်တွေနဲ့ ရှိသေးတယ်ဗျာ။ ဟိုဘက်ဒီဘက် ပိတ်ပြီးတော့
ညှပ်ပူးညှပ်ပိတ်လုပ်တဲ့ သဘောတော့ ပေါ်တာပေါ့လေ၊ ဟိုဘက်ဒီဘက်က ၅ဝ စီ - ၁ဝဝ စီ၊
လမ်းတဖက်တချက်မှာ ၂ ဖွဲ့လောက် တွေ့တယ်။

အဲဒါ လွန်သွားတဲ့ အခါကျတော့ လမ်းဘေးတဖက်တချက်မှာ မိန်းမကြီး ၂ဝ လောက် ရှိတယ်။
သူတို့က ထမီတိုတိုနဲ့။ အပေါ်က မျက်နှာပေါ်မှာ တဘက်စတွေ ပေါင်းထားတဲ့ မိန်းမတွေက
သူတို့က ဘာအော်လဲဆိုတော့ ပုဆိန်ရိုးတွေ ခွေးတွေ ပြေးပြီ၊ ရှူးရှူးနဲ့ ရယ်ကြမောကြ
ဟားတိုက်ကြ လုပ်ကြတယ်ဗျာ။ သဘောကတော့ ခေါ်လာတဲ့ လူတွေကို လုပ်ခိုင်းတာပဲ။ တကယ်တော့
အောက်တမ်းကြတာပေါ့ဗျာ၊ ဘဘ စိတ်ထဲမှာတော့ အဲဒီမိန်းမတွေက တော်တော်အောက်တမ်းကျတဲ့
မိန်းမတွေလို့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။

အဲဒီလို့နဲ့ ဒီပဲယင်းကို ရောက်တယ်။ ဘဘတို့ကို မယက ရုံးမှာ ထားတယ်။ မယက ရုံးမှာ
ထားရင်းနဲ့ ခဏလောက် နေတော့ ဒိုင်နာကားတစီး ဝင်လာတယ်။ ခြံစည်းရိုးမှာ မီးတိုင်တွေ
ထွန်းထားတာပေါ့ဗျာ။ ဝင်လာတဲ့ ဒိုင်နာကားက အမှောင်ရိပ်ထဲကို ထိုးပြီးရပ်လိုက်တော့
ကားပေါ်ကလူတွေ ဆင်းလာပြီးတော့ အမှောင်ရိပ်ကနေ အသီးသီး ဝင်သွားကြတယ်၊ အဲဒီ ပုံစံ။
ဘယ်လို့လဲဆိုတော့ သူတို့က အင်္ကျင်္ီ လက်ပြတ်ဝတ်ထားတယ်။ ပုဆိုးတိုတို ဝတ်တယ်။
သူတို့လက်ထဲမှာ ဘာမှတော့ ကိုင်ထားတာ မတွေ့ရဘူး။

ကားပေါ်မှာ ထားခဲ့တာ ဖြစ်နိုင်တယ်။ ၂ ယောက် တတွဲ၊ ၃ ယောက် တတွဲ တွဲပြီးတော့
ရုံးနောက်ထဲကို ဝင်သွားကြတယ်။ သဘောကတော့ဗျာ၊ ဒီနေရာက ည နေရာယူခိုင်းပြီးတော့၊
ဒီနေရာမှာ အသုတ်လိုက် ရောက်လာတဲ့ လူ၊ တာဝန်ခံတဲ့သူ ရောက်လာတဲ့ သဘောပေါ့ဗျာ။
အဲဒီလို လုပ်မယ့်ကိုင်မယ့် သူတွေကို အဲဒီနေရာတင် ထားပြုပြီးတော့ လုပ်ခိုင်းတဲ့
သဘောလို့ ကောက်ချက်ချရတာပေါ့၊ အဲဒီကနေ ဘယ်ပို့လိုက်လဲဆိုတော့ ဒီပဲယင်း ရဲစခန်းကို
ပို့လိုက်တယ်။ ရဲစခန်းမှာ ခဏ ထိုင်ခိုင်းပြီးတော့၊ တယောက်က ရဲစခန်းမှူးနဲ့
စကားပြောပြီးတော့ ဘဘတို့ကို အချုပ်ခန်းထဲ ထည့်လိုက်တာပေါ့။

ဘဘကိုကျတော့ အမှုစစ်တဲ့ ရုံးခန်းရှေ့နားက သံဇကာ ကာထားတဲ့ အခန်းမှာ ထားတယ်။ ဘဘနဲ့အတူ
ပါလာတဲ့ လွှတ်တော်ကိုယ်စား ၃ ယောက်ကိုတော့ အချုပ်ခန်းထဲ ထည့်တယ်။ သူတို့ကို
မလုပ်နဲ့ မလုပ်ပါနဲ့ သူတို့နဲ့ ကျနော်က အတူတူ လာခဲ့တာပါပြောတော့ သူတို့က
မလုပ်ပါဘူး။ သူတို့ကို အပြင်မှာပဲ အိပ်ခိုင်းမှာပါ။ သူတို့အတွက်
လုံခြုံအောင်လို့ပါဆိုပြီးတော့ ဘဘလည်း ခုနက ပြောခဲ့တဲ့ အခန်းထဲ ရောက်သွားတယ်။
သူတို့ကိုလည်း အချုပ်ခန်းထဲ ထည့်လိုက်တယ်။ မနက်မိုးလင်းတဲ့ အခါကျတော့ ကားတစီး
ဝင်လာတယ်။ ဒိုင်နာကား ဖင်ထိုးပြီးတော့ ဝင်လာတော့ ဒဏ်ရာရတဲ့ မန္တလေးက ကိုလှဦး၊
နောက်တယောက်က ကျနော့်ကား မောင်းတဲ့ ကိုအောင်စိုးဗျာ။ ကိုအောင်စိုးက ဘယ်သူ့ကို
တွဲချလာလဲဆိုတော့ ကိုတိုးလွင်။ ကိုတိုးလွင်ရဲ့ တကိုယ်လုံးမှာလည်း သွေးတွေ ရဲနေတယ်။
ခေါင်းမှာလည်း သွေးတွေ စီးပြီးတော့ ရဲရဲနီနေတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးယူတဲ့ ကိုတိုးလွင်က အများဆုံး အရိုက်ရတာ ဖြစ်တယ်။
ဆေးဝါး ကုသခွင့်လည်း မပေးပါဘူး။ အကျဉ်းစခန်းထဲ ထည့်တယ်ပေါ့။ မနက်ပိုင်းကျတော့
အဖွဲ့ချုပ်ရုံးတွေကို ချိတ်ပိတ်လိုက်တဲ့အကြောင်း မီရာသတင်းတွေနဲ့ ပြတာပေါ့ဗျာ။
သူတို့က ဘဘတို့ မြင်အောင် ပြတာပေါ့ကွာ။ ဒီလိုမျိုးဖြစ်လို့ အဖွဲ့ချုပ်ရုံးတွေကို
ပိတ်လိုက်ရပါတယ်ဆိုပြီးတော့ လုံခြုံရေး အကြောင်းပြပြီး ပိတ်တာပေါ့။ နေ့ခင်းမှာ ဘဘက
အိုက်လို့ ရေချိုးချင်တာပေါ့။ မိသားစုတွေနေတဲ့ ဘားတိုက်တွေနောက်က လက်လှုပ်တွင်းမှာ
သွားချိုးရတာပေါ့။ သွားချိုးတော့ ဘာကြားလဲဆိုတော့ အိမ်ထောင်လိုင်းမှာနေတဲ့
ဝန်ထမ်းတွေ အချင်းချင်း မနေ့က အဖြစ်အပျက်တွေကို ပြန်ပြောတဲ့ဟာတွေ ကြားတယ်။

ဘယ်လိုကြားလိုက်လဲဆိုတော့ ငါမှာလည်းကွာ ရိုက်ရမယ့်ဟာက အမျိုးသမီးတွေက ငါတို့
ရိုက်မယ်ဆိုတော့ အော်လိုက်တာကွာ၊ အကိုကြီးရယ် မလုပ်ပါနဲ့ဆိုပြီး ဝိုင်းပြီး
အော်ကြဟစ်ကြ၊ ငိုကြရယ်ကြနဲ့ကွာ။ ငါ့မှာက ရိုက်ရတော့မလို၊ ရယ်ရတော့မလို
ဖြစ်နေတယ်ကွာ။ ဒါပေမဲ့ သူတို့က စပ်စပ်ကလေး လုပ်လွှတ်လိုက်တော့ အော်လိုက်ကြတာများကွာ
ဆိုပြီး၊ ပြီးတော့မှ ရယ်မောသံတွေပေါ့ဗျာ၊ ဟားဟား ဟီးဟီးပေါ့ဗျာ။

အော် လက်စတက်တော့ ညက လုပ်တဲ့ အသိုင်းအဝိုင်းက လူတွေက ဒီကကောင်တွေပဲ ထင်တယ်။
ဒီလိုတော့ မှန်းလို့ ရတာပေါ့ဗျာ။ အဲဒီလို သဘောတွေလည်း ရှိတာပေါ့ဗျာ။ ကျနော်လည်း
အဲဒီကနေ ပြန်လာပြီးတော့ FIR ဖွင့်ပြီးတော့ တိုင်ချက်တွေဘာတွေ ပေးခဲ့သေးတယ်ဗျာ၊
အဲဒီည အိပ်ပြီး နောက်တနေ့မှာ ကျနော်တို့ အားလုံးကို ခွဲပြီးတော့ ပို့တယ်။
တချို့လည်း ဘယ်ခွဲပို့လဲဆိုတာကတော့ မသိရဘူး ခေါ်သွားတာပဲ။ ကျနော်က သူတို့နဲ့
အတူတူလိုက်မယ်ဆိုပြီး ပစ္စည်းလေးယူပြီး ထွက်တော့ ကျနော် မလိုက်ရဘူး။
လွှတ်တော်ကိုယ်စားလှယ်တွေလည်း မလိုက်ရဘူး။

ဘဘတို့ကို တနေရာပို့မယ်ဆိုပြီး ၁ ရက်နေ့ ၃ နာရီမှာ ပို့လိုက်တယ်။ ပို့လိုက်တော့
ဘယ်ရောက်သွားလဲဆိုတော့ ကလေးမြို့ အကျဉ်းထောင်ကို ရောက်သွားတော့တယ်။

ဘဘတို့ ရောက်တော့ ပထမဦးဆုံး တွေ့ရတာက ဆရာဝန်ပေါ့။ ဆရာဝန်က လာပြီး ဘာရောဂါတွေ
ရှိသလဲပေါ့ဗျာ၊ မေးတာပေါ့။ ဘဘက ရောဂါရှိသမျှကို ပြောပြတယ်။ ခြေထောက်မှာလည်း
သွေးကြောထုံးရောဂါ ရှိတယ်။ သွေးတိုးနည်းနည်း ရှိတယ်။ နောက်ပြီးတော့ ဂေါတ်လည်း
ရှိတယ်၊ ဆီးချိုလည်း နည်းနည်း ရှိတယ်။ သူတို့လည်း မှတ်တမ်းတင်ထားတာပေါ့ဗျာ။
ဆေးရုံက ဆရာဝန်က ကလေးမြို့က လာတာဗျာ။ ကလေးမြို့က ဆေးရုံက ကလေးထောင်ကို
တယောက်လွှဲထားပေးတယ်။ အဲဒီဆရာဝန်က ဆေးတွေဘာတွေ စစ်ဆေးတယ်။ ကျနော်တို့
ရှိစဉ်ကာလအတွင်းမှာ လာပြီးတော့ စစ်ဆေးတာတွေ လုပ်ပေးပါတယ်။

နောက်ပြီးတော့ သူတို့ လူကြီးတွေက မှာလိုက်ပါတယ်။ ဘဘတို့ အားလုံးအတွက်
လိုချင်တာရှိရင်၊ စားချင်တာရှိရင် မှာပါ၊ သူတို့ အကုန်လုပ်ပေးပါမယ်လို့တော့
ပြောတယ်။ သူတို့ဆီက ကြက်သွန်တို့၊ ကြာဇံတို့ လိုအပ်တဲ့ ပစ္စည်းတွေ လာပေးတယ်။
ဘဘအနေနဲ့ တောင်းတာပြုတာ မလုပ်ဘူး။

နေ့ကြီးရက်ကြီး အခါကြီးတွေ ကျပြန်တော့လည်း ကျနော်တို့ အဖွဲ့သားလေးတွေနဲ့လာပြီး
လုပ်ကိုင်ပေးတဲ့ ကလေးတွေ စားဖို့ကတော့ စမူဆာလေး ဘာလေးညာလေး ၃ဝဝ ဖိုး၊ ၄ဝဝ
ဖိုးလောက်ကတော့ မှာဖူးတယ်။

အဲဒါကိုတာ့ ဘဘက ပိုက်ဆံပေးမယ်လို့ပြောတော့ သူတို့က ပိုက်ဆံမယူဘူး။
တချို့ကိစ္စတွေနဲ့ ပတ်သက်လို့ ဘဘက ပိုက်ဆံပေးတယ်။ ဥပမာ - ထမင်းနဲ့ပတ်သက်တဲ့
ထမင်းချိုင့် သပ်သပ်ရပ်ရပ်လေးဖြစ်ဖို့၊ ရေပုလင်းနဲ့ပတ်သက်လို့ ရေသန့်ဘူးလေး
ဘာလေးတွေအတွက် ပိုက်ဆံပေးတယ်။ ဒါပေမဲ့ သူတို့ ပိုက်ဆံပေးတာတွေနဲ့ပတ်သက်လို့ တခုမှ
မယူပါဘူး။ လိုချင်တာရှိရင် မှာပါ၊ သူတို့လူကြီးက မှာတယ်ပြုတယ်လို့ ပြောတယ်။

တပတ်နှစ်ပတ်လောက်နေတော့ ဒေါ်အောင်ဆန်းစုကြည်က ပို့လိုက်တဲ့ အားရှိမယ့်
အစားအသောက်တွေနဲ့ ဘူးတွေခွက်တွေ ရဖူးပါတယ်။ နှစ်ကြိမ်သုံးကြိမ်လောက် ရဖူးတယ်။
နောက်မှ တော်တော်လေးကြာတဲ့ အခါကျမှ ခြင်ထောင်လေးဘာလေး ပေးတယ်။
အောက်ခင်းဖို့ပြုဖို့ ပေးတယ်။ ကျနော်က ရောက်ရောက်ချင်း တောင်းတာကတော့ ကုတင်
အမြင့်လေး တောင်းတယ်။ ဒါတော့ မပေးပါဘူး။ ကျနော်က အခင်းနဲ့ အိပ်ရတယ်။

အဲဒီလိုနေရင်းနဲ့ ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ ကျတော့ မနက်မနက်တိုင်း နှုတ်ဆက်တော့၊
အသံမကြားရတဲ့ အခါကျတော့ ဘဘမေးကြည့်တော့ သူတို့ ရွှေ့သွားပြီလို့ ပြောတယ်၊ ဘဘ
စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်များ ပို့လိုက်သလဲဆိုပြီးတော့
စိတ်ပူတာပေါ့။ ကျနော်နဲ့ ရင်းနှီးတဲ့ ဆရာဝန်ကို မေးကြည့်တော့ သူတို့ကို
ကောင်းကောင်းမွန်မွန်၊ ကားနဲ့ လာခေါ်တာတွေ တွေ့လိုက်ရတယ်။ သူတို့ကို
ရွှေဘိုထောင်တို့၊ မန္တလေးထောင်တို့ ပို့လိုက်တယ် ထင်တာပေါ့။ နောက်မှာပဲ သိလိုက်ရတယ်၊
လွှတ်လိုက်ပြီဆိုတာ သိလိုက်ရတယ်။

ဘဘကို ဖော်ဖော်ဝါရီလ ၁၃ရက်နေ့ ညတည်းက ပလပ်စတစ်အိပ်တွေ လာပေးတယ်။ မနက်ဖြန်ကျရင်
အဘကို တနေရာ ပို့ဖို့ရှိတယ်။ ဘဘကလည်း ဘယ်ကို ပို့မလဲ မေးကြည့်တော့ သူတို့လည်း
မသိဘူးလို့ ပြောတယ်။ ဘဘစိတ်ထင် အင်းစိန်ကိုများ ပို့မလား၊ ဘဘ စိတ်ထင်နေမိတယ်။
လေယျာဉ်ပျံက မန္တလေးကနေ ရန်ကုန်ရောက်တော့ မင်္ဂလာဒုံက လူတွေ လာကြိုပြီး၊ ကျနော့်ကို
၁ဝ (က) နဲ့ အိမ်မှာ အကျယ်ချုပ်ကျတယ်။ အဲဒါနဲ့ ၆ နှစ်ပေါ့။ လွတ်လာတာ
မကြာသေးဘူးပေါ့ဗျာ။

သင်ပုန်းချေရေး ဒေါ်အောင်ဆန်းစုကြည်ကမ်းလှမ်း

ဘဘ အပြင်ရောက်တဲ့အခါ ပထမဆုံးအကြိမ် ကြားတာက အင်းစိန်ထောင်ကို ရောက်သွားတယ်လို့
ကြားတယ်။ နောက်တော့ အိမ်ချုပ်ချထားတယ်လို့ ကြားတယ်။ အဲဒီတုန်း မစ္စတာ အစ္စမေးလ်လာတဲ့
အချိန်နဲ့ ကိုက်နေတယ်။ လူကြီးတွေက တွေ့ဖို့ ခေါ်တယ်ပြောတော့ ဘဘတို့ လိုက်သွားတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ အဲဒီအချိန်က ညောင်နှစ်ပင် ညီလာခံကလည်း ခေါ်မယ်
လုပ်နေတဲ့ အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်မှူးကြီးသန်းထွန်းတို့၊
ပြည်ထဲရေးဝန်ကြီး ကိုတင်လှိုင်တို့၊ ကိုကျော်ကျော်ဝင်းတို့ လာတွေ့တယ်။

အဓိပ္ပာယ်ကတော့ လာတွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒီပဲယင်းနဲ့ ပတ်သက်တဲ့
ကိစ္စအားလုံးကို သူ့ကို ဘာမှ မပြောဘူး။ သင်ပုန်းချေတဲ့ သဘောကို ပြောလိုက်တယ်။ တဖက်က
ဘာလုပ်ပေးဖို့ လိုလားလဲ ဆိုတော့ကာ၊ ညောင်နှစ်ပင် ညီလာခံတက်ဖို့ ကိစ္စနဲ့ပတ်သက်လို့
နိုင်ငံရေးအကျဉ်းသမားတွေကို လွှတ်ပေးဖို့၊ အဖွဲ့ချုပ် မြို့နယ်မှာရှိတဲ့ ရုံးတွေကို
ဖွင့်ပေးပြီးတော့ လုပ်ရိုးလုပ်စဉ် စည်းရုံးရေး ကိစ္စတွေကို ငြိမ်းချမ်းစွာနဲ့
လုပ်နိုင်ရန် ခွင့်ပြုဖို့၊ နောက်တခုက အဖွဲ့ချုပ်က ညီလာခံကိုယ်စားလှယ်ကို
မိမိအဖွဲ့ချုပ်အနေနဲ့ ရွေးချယ်ခွင့်ပေးဖို့၊ နောက်တခုကတော့ အခုလက်ရှိ ညီလာခံ
ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲဖြစ်ဖြစ်၊ ညီလာခံ
မခေါ်ခင်မှာဖြစ်စေ၊ ခေါ်ပြီးဖြစ်စေ ညှိနှိုင်းဆွေးနွေးဖို့၊
တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ ဟာတွေကို ဘဘတို့က ပြောတယ်။ ခုနက လာပြောတဲ့ သူတွေက
ပြန်သွားတယ်။

ဟိုဘက်က လာပြန်ပြောတယ်။ အမတို့ဘက်က ဒီပဲယင်းကိစ္စနဲ့ပတ်သက်လို့ ဘာမှ မပြောတော့ဘူး၊
သင်ပုန်းချေမယ်လို့ ပြောတဲ့အခါ ဟိုဘက်က သူတို့လူကြီးက အရမ်းဝမ်းသာတယ်လို့ ပြောတယ်
အမရေဆိုပြီး လာပြောတယ်။ အမတို့ဘက်က စီစဉ်စရာရှိတာ ဆက်ပြီး စီစဉ်ပါလို့ ပြောတယ်။
ဘဘတို့ကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြတယ်။ ဘဘတို့ဘက်က ညောင်နှစ်ပင် ညီလာခံကို
တက်ရောက်နိုင်တဲ့ အနေအထားဖြစ်တော့ တက်မယ်ဆိုပြီးတော့ အုပ်စုနှစ်ခု ခွဲလိုက်တယ်။ ညီလာခံမှာ
ဥက္ကဋ္ဌကိုယ်တိုင် ခေါင်းဆောင်ပြီးတော့ တက်မယ်။

အရင်တုန်းက တက်ခဲ့တဲ့ အသက်အရွယ်ကြီးရင့်တဲ့ ပုဂ္ဂိုလ်တွေက ပြန်လာ၊ လူလတ်ပိုင်းက
လူတွေ ပြန်တက်၊ ဥပဒေဆွဲတာတွေကို နားထောင်၊ ရေးစရာ ရှိတာတွေကို ရေးသားမှတ်သားလာ၊
ညီလာခံ ပြီးတဲ့အချိန်က ရုံးချိန်ဆိုရင် ရုံးမှာ တွေ့မယ်။ ရုံးချိန်မဟုတ်လို့ရှိရင်
ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ တွေ့မယ်။

တနေ့လုံး လုပ်ခဲ့တဲ့ ညီလာခံ ကိစ္စတွေကို ပြောကြမယ် ဆိုကြမယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး
နားထောင်၊ ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မလဲဆိုတာ ဆွေးနွေး၊ ဆုံးဖြတ်၊
အတည်ပြုပြီးလို့ရှိရင် အဲဒီညီလာခံတက်တဲ့ လူတွေက ပြောဖို့ဆိုဖို့ အစီအစဉ်တွေလုပ်၊
ဘာညာပေါ့လေ။ နောက် ဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေခဲ့မယ့် ဘဘတို့တတွေက ကျန်ခဲ့မယ်။
လွတ်လာတဲ့ အထဲက ဦးဝင်းတင်၊ ဒေါက်တာသန်းငြိမ်းတို့၊ ဒေါ်မေဝင်းမြင့်တို့ စသဖြင့်
လွတ်လာတဲ့ ပုဂ္ဂိုလ်တွေထဲက ညီလာခံ တက်ခိုင်းသင့်သူတွေကို တက်ခိုင်းပြီးတော့
ဦးဝင်းတင်နဲ့ ကျနော်တို့က အတူတကွ ပြောတဲ့ဆိုတဲ့ ဟာတွေကို နားထောင်ပြီးရင်
တွေ့ဆုံဆွေးနွေးပြီးတော့ ရေးကြခြစ်ကြဖို့ပေါ့ဗျာ။ လွတ်တဲ့အထဲမှာ ကိုကျော်စန်းတို့၊
ဗိုလ်ဝင်းထိန်တို့ စသည်အားဖြင့် နာမည်တွေကတော့ တော်တော်များများ ပြောပါတယ်။
အဲဒါမျိုး အဖွဲ့ ၂ ဖွဲ့ ခွဲလိုက်တယ်။ ညီလာခံတက်မယ့် အထဲမှာ ဦးအောင်ရွှေ
ခေါင်းဆောင်မယ့် အဖွဲ့နဲ့ နောက်မှာ ကျန်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်မယ့်
အဖွဲ့၊ ၂ ဖွဲ့ လုပ်မယ်လို့ စီမံထားတယ်။

ညီလာခံ ဖွင့်ဖို့ နှစ်ရက်လောက်အလို ထင်တယ်။ ကျနော်တို့ကို ခေါ်လို့သွားတယ်။
သူတို့ဘက်က လာသွားတယ်။ အမရေ ဒါနဲ့ ပတ်သက်တာကတော့ အစီအစဉ်ကတော့ အဲဒီအတိုင်း
မဖြစ်ဘူး။ အမတို့ တက်မယ်ဆိုရင် ဒီအတိုင်းပဲ တက်ပါဆိုပြီးတော့ ပြောတယ်။ သဘောကတော့
ပထမဆုံး စီမံတဲ့ ကိစ္စကတော့ သူတို့ လူကြီးတယောက် နေမှာပေါ့။ အဲဒီလို ခွင့်မပြုဘူး၊
သဘောမတူဘူးဆိုတာက တခြားလူကြီးတယောက် ဖြစ်မှာပေါ့။ အဲဒီလိုပဲ ဘဘတို့က
အောက်မေ့တာပေါ့နော်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောတာကတော့ ကျမတို့က
ဒီပဲယင်းကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပျက်တဲ့ အားလုံးကို သင်ပုန်းချေထားတယ်။ ပြောလည်း
မပြောဘူး၊ ဆိုလည်း မဆိုဘူး။ ကျမတို့ဘက်က ခံထားရတဲ့ အကျဉ်းကျခံနေရတဲ့ ပုဂ္ဂိုလ်တွေ၊
အရိုက်ခံရတဲ့ ပုဂ္ဂိုလ်တွေ၊ အသက်မသေခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ နစ်ဆုံးရှုံးမှုတွေ
အားလုံးကို ကျမတို့ဘက်သားတွေကို ပြေလည်အောင် ပြောရမယ့် ကိစ္စ၊ ကျမ အန္တရာယ်ကို
စွန့်ပြီးတော့ ပြောရမှာပါ ဆိုပြီးတော့ သူတို့ကို ပြန်ပြီး ပြောလိုက်တယ်။

ညီလာခံကို တက်ဖို့၊ မတက်ရင် အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝဟာ အဖွဲ့ချုပ်ရဲ့
တာဝန်ဖြစ်တယ်။ ဆိုလိုတာကတော့ ခြိမ်းခြောက်တဲ့ သဘောလည်း ပါတယ်ပေါ့ဗျာ။ အဲဒီတော့
မတက်ဘူး။ ဒီနေ့အတိုင်းအတာက သိတဲ့အတိုင်းပဲ မှတ်ပုံလည်း မတင်ဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူး။
အခြေအနေ အရပ်ရပ်ဟာ အဲဒီ အချိန်တိုင်း ထိခိုက်ခဲ့တာ အမှန်ပဲ။ အဖွဲ့ချုပ်အနေနဲ့ကတော့
ရှေ့ဆက်ပြီး မိမိတို့အဖွဲ့ချုပ် စိတ်ဓာတ်နဲ့ ရပ်တည်ပြီး ပြည်သူလူထုနဲ့ ပတ်သက်လို့
လိုအပ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ကိစ္စတွေကို ဆက်လက်အောင်မြင်သည်အထိ
ကြိုးစားသွားမယ်ဆိုတာကို သန္နိဋ္ဌာန် ချထားတယ်။

ဘဘတို့ ဖြစ်ပျက်ခဲ့ကိစ္စ အဝဝကိုလည်း ပြည်သူလူထုတရပ်လုံး တိုင်းရင်းသား အားလုံး၊
အဲဒီထဲမှာ တပ်မတော်သားတွေ အပါအဝင် ပြည်သူသားလျှင် အမိ၊ ပြည်သူသာလျှင် အဖ
ဖြစ်တဲ့အတွက် တပ်မတော်သားတွေကလည်း ပြည်သူပြည်သားက မွေးဖွားတဲ့ သားသမီးဖြစ်တဲ့
အားလျော်စွာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကျနော်တို့ဟာလည်း
အောင်မြင်သည်အထိ ဆောင်ရွက်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လာတဲ့ အဖွဲ့ချုပ်ဖြစ်တဲ့အတွက်
အဖွဲ့ချုပ်ဟာ အဲဒီစိတ်ဓာတ်နဲ့ ရှင်သန်နေတာမို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့
အဖွဲ့ချုပ်ဝင်တွေ အပေါ်မှာ ပြည်သူပြည်သားများ အားလုံး၊ တိုင်းရင်းသားတွေ အားလုံး၊
တပ်မတော်သားတွေ အားလုံး ဝိုင်းဝန်းပြီးတော့ စာနာထောက်ထားပြီးတော့ နားလည်မှုရှိပြီး
ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ပြောချင်တော့တယ်။

တွေ့ဆုံဆွေးနွေးမှု

ဒီလို တိုက်တာခိုက်တာတွေတော့ မကောင်းဘူး။ ဘယ်သူလုပ်လုပ် ဘဘအနေနဲ့ကတော့ မကြိုက်ဘူး။
ဒါက အဖြေမှ မဟုတ်ပဲဗျာ။ အဖြေက တယောက်နဲ့ တယောက် ယုံကြည်မှု ရဖို့ရာအတွက်
စိတ်ရှည်လက်ရှည်နဲ့ ဆွေးနွေးဖို့ပဲဗျာ။ အဲဒီဟာပဲ။ သူတို့ လုံပမ်းနေတာက
ပါတီထောင်ကတည်းက အဆင့်လိုက် အဆင့်လိုက် မပြတ် တွေ့ဆုံဆွေးနွေးပြီးတော့
အဖြေရှာဖို့အတွက် လုပ်ခဲ့တယ်။ ဒါတင် မကသေးဘူး။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်နယ်တိုင်းမှာရှိတဲ့
လွှတ်တော်ကိုယ်စားများ စုဝေးပြီးတော့ လွှတ်တော်သဘောနဲ့ သူတို့အစိုးရ ရပ်တည်နေတဲ့
ဒီဖက်တို (တရားမဝင်) အစိုးရကနေ၊ တရားဝင် အစိုးရဖြစ်အောင် လွှတ်တော်ကနေ သဘောတူ
ခွင့်ပြုပြီးတော့ တရားဝင် အစိုးရအဖြစ် ကြေညာပေးဖို့ ဒီလို လုပ်ခဲ့တာပဲ။ သူတို့
ဆက်ပြီးတော့ ရွေးကောက်ပွဲပဲ လုပ်လုပ်၊ ဘာပဲလုပ်လုပ် ကျနော်တို့ ပြီးခဲ့တဲ့ ၁၉၉ဝ
ရွေးကောက်ပွဲကို ဂုဏ်ပြုဖို့၊ အသိအမှတ်ပြုဖို့ပဲ။ ဒါပဲ ကျနော်တို့က ပြောနေတာပဲ။
အသိအမှတ်ပြု ဂုဏ်ပြုလိုက်တယ်ဆိုရင် သမိုင်းမှာ အစဉ်အလာကောင်းတွေ ဖြစ်သွားမှာပေါ့။
၉ဝ ခုနှစ် ရလဒ်ကောင်းတွေ ရှိရဲ့သားနဲ့ ထပ်မံပြီးတော့ ရွေးကောက်ပွဲသစ် လုပ်မယ်၊
ရလဒ်သစ် လုပ်မယ် ဆိုတာကတော့ သမိုင်းမှာ မကောင်းဘူးဗျာ။ အင်မတန် သမိုင်းမှာ
အရုပ်ဆိုးတဲ့ ဟာကြီးဗျာ။

အရုပ်ဆိုးတဲ့ ဟာကြီး ဖြစ်တာကို နောင်လာနောက်သားတွ အတွက် မကောင်းသော ပညာပေးမှု၊
မကောင်းသော သင်ခန်းစာလို့ ကျနော်တို့က ယူဆထားတဲ့အတွက် မလုပ်ကောင်းဘူးဗျာ။
နောင်မှာလည်း လုပ်စရာရှိတဲ့ လုပ်ငန်း အဝဝကို ဘာပဲလုပ်လုပ်၊ ဘယ်သူကပဲ လုပ်လုပ်၊
အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားတာကိုပဲ
အားပေးချင်တယ်။ ကျနော်ပြောသလို ဒီပဲယင်းဟာမျိုး အကြမ်းဖက်မှုတွေက ဒီမှာ နှစ်ပေါင်း
၆ဝ ကျော် ရှိပြီဗျာ။ တယောက်နဲ့တယောက် အပြန်အလှန် စကားစစ်ထိုးမှုတွေက
တော်လောက်ပြီဗျာ၊

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေက ချွတ်ချုံကျနေပြီ။ ပြည်သူလူထုနဲ့
ပတ်သက်ပြီးတော့ ကယ်တင်ရမယ့် ကိစ္စမှာ ဟိုဘက်က အကြီးအကဲဖြစ်တဲ့ ပုဂ္ဂိုလ်နဲ့၊
ဒီမိုကရေစီ အင်အားစုတွေနဲ့၊ ပြည်သူလူထုက ထောက်ခံအားပေးတဲ့ အထောက်အခံ
အများဆုံးဖြစ်တဲ့ ကျနော်တို့ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပွဲဝိုင်းမှာထိုင်ပြီး
လျှော့နိုင်သလောက်တွေ လျှော့ပြီးတော့၊ အပေးအယူတွေ လုပ်မယ်ဆိုရင် ဖြစ်ပါတယ်ခင်ဗျာ။
ဘဘကတော့ အဲဒီလိုပဲ မြင်တယ်။

သူတို့မှာ လက်နက်တွေ ရှိလို့၊ ငွေတွေ ရှိလို့၊ ပါးစပ်မှာ အာဏာတွေ ရှိလို့
လုပ်တဲ့ဟာတွေကလည်း အမှန်မဟုတ်ဘူးဗျာ။ အကြမ်းဖက်မှု လုပ်လို့ ပြန်ပြီး
တုံ့ပြန်တယ်ဆိုတာလည်း အဖြေမဟုတ်ဘူးဗျာ။ ဘယ်တော့မှ မပြီးဘူးဗျာ။ ပြီးနိုင်တဲ့
ကိစ္စကတော့ ပြည်သူလူထု အကျိုးစီးပွား၊ နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်း အဘက်ဘက်က
ကျရှုံးနုံနဲ့နေတဲ့ဟာကို ပြန်ပြီး မတ်လာအောင် လုပ်ဖို့ဟာကတော့ တာဝန်ရှိတဲ့
ပုဂ္ဂိုလ်များအနေနဲ့ ကြားလူမပါဘဲ အေးအေးဆေးဆေး တွေ့ပြီးတော့ အပေးအယူ
လုပ်လိုက်ပြီးတော့ လျှော့တန်တာတွေ လျှော့လိုက်ရင် ဖြစ်ပါတယ်ဗျာ။ ဘဘအနေနဲ့
အသက်အရွယ် ကြီးလာပြီဆိုတော့ တိုင်းပြည်မှာ တိုးတက်ကောင်းမွန်ပြီးတော့
အေးအေးချမ်းချမ်း ဖြစ်သွားတာကို မြင်ချင်တယ်ဗျာ၊ ဒါပဲ။

Read More...

29 May, 2011

ဒေ၀စ္ဆရာသေဆုံးခြင်း

ဒေါ်ဒိုင်ယာနာသားလေးတောင်
မင်္ဂလာဆောင်လိုက်ပြီ… မမဒေ၀စ္ဆရာ..

သန်းနှစ်ထောင်ကျော်ပွဲကြည့်ပရိသတ်ထဲမှာ
ကျနော်မပါတာ
အမူးလွန်ပြီးအိပ်ပျော်နေလို့မဟုတ်ပါဘူး
အလုပ်များနေလို့လည်းမဟုတ်ဘူး
ကန့်ကွက်လို့ထောက်ခံလို့ဘာမှမဟုတ်ဘူး
ကျနော့်မှာမယ်မယ်ရရအကြောင်းမရှိဘူး

ကမ္ဘာလောကကြီးက
ဒီနေ့လည်းမနေ့ကအတိုင်းပါပဲ

ဆုပ်ကပ်ကြောင့်လူတွေအလုပ်ပြုတ်နေတာကလွဲလို့
ဆူနာမီကြောင့်လူတွေနည်းနည်းပါးပါးသေတာကလွဲလို့
အရှေ့အလယ်ပိုင်းစစ်ပွဲတွေကလွဲလို့
နွေရာသီမှာမိုးရွာချတတ်တာကလွဲလို့
ကမ္ဘာလောကကြီးပုံမှန်အတိုင်းပါပဲ

ကျနော်တော့ပြောင်းလဲလာတယ် …မမဒေ၀စ္ဆရာ..
ကျနော်ပိုပြီးချစ်တတ်လာတယ်
ပိုပြီး..လွမ်းတတ်..ပိုပြီးတော့လည်း..နူးညံ့တတ်လာတယ်

အသည်းကွဲလို့ငိုကြွေးနေသူတွေကို
ကျနော်လှောင်ရီခဲ့ဖူးတယ်

စိတ်ညစ်လို့အရက်သောက်နေသူတွေကို
ပစ်ပစ်ခါခါကျနော်ရှုံ့ချခဲ့ဖူးတယ်

အခုတော့ ..ကျနော်ဟာ
အခုတော့.. ကျနော်လည်း.. လွမ်းတတ်နေပါရောလား.. မမဒေ၀စ္ဆရာ..

မပြောင်းပါဘူး
ညကြေးမရရင်နေပစေ
ဗီလိန်အဖြစ်မကဘူးဆိုတဲ့ကျနော့်စိတ်ဓါတ်တွေမပြောင်းဘူး

မပြောင်းပါဘူး
ကျနော့်ခန္ဒာကိုယ်ထဲက
ရဲစွေးနီလက်တဲ့သွေးတွေအရောင်မပြောင်းဘူး

ကျနော်ကြားဖူးတယ်
“စစ်ကြေငြာရဲသူဟာ
လိုအပ်ရင်လက်နက်ချရဲသူဖြစ်ရမယ်”တဲ့

မဖြစ်မနေလက်နက်ချရမယ်ဆိုရင်
မမ..ဒေ၀စ္ဆရာ.. ခြေတော်ရင်းမှာ.. ကျနော်မျိုး..လက်နက်ချခွင့်...ပြုပါ
ကျေးဇူးပြုပြီးဦးဆွေးဆံမြေ့ကျနော်ဒူးထောက်ခစားပါရစေ

သုံ့ပန့်အဖြစ်ကျနော့်ကိုသိမ်းပိုက်ပါ
ပိုးစိုးပက်စက်ကျနော်ချစ်တတ်ခဲ့ပြီ ..မမဒေ၀စ္ဆရာ

တစ်..ချစ်ခြင်းမေတ္တာ
နှစ်.. ချစ်ခြင်းမေတ္တာ
သုံး.. ချစ်ခြင်းမေတ္တာ
ကျနော်ဘာမှထပ်မလိုချင်တော့ဘူး

အမုန်းနဲ့သေခြင်းတရား
သေခြင်းတရားကိုကျနော်ရွေးမယ်

အချစ်တတ်ဆုံးလူသားအဖြစ်
ဂုဏ်သိက္ခာရှိစွာကျနော်ကျဆုံးမယ်

လူစုံတဲ့အခါ ရေစက်ချ အမျှဝေပေးပါ
ပိုးစုန်းကြူးကလေးအားဖြစ်ပစေ
ကျနော့်ခန္ဒာကိုယ်လောင်ကျွမ်းတဲ့မီးအလင်းနဲ့
ကမ္ဘာမြေချင်းလင်းပါစေသား….။..။

ငြိမ်းချမ်းအောင်

Read More...

22 May, 2011

"မြန်မာပြည်ဟု ခေါ်သည်"

ပဋိပက္ခကိုပိုးမွေးသလိုမွေးပြီး
မေတ္တာတရားနဲ့ဝေးနေတဲ့နိုင်ငံ

အစတွေဆွဲထုတ်ပြီး
အဆုံးထိမရောက်နိုင်တဲ့နိုင်ငံ

တောင်းယူချင်သူနဲ့တိုက်ယူချင်သူ
နုနုလေးဖက်ချင်သူနဲ့ခပ်ကြမ်းကြမ်းဖက်ချင်သူတွေကြား
ဝိ၀ါဒကွဲပြားနေတဲ့နိုင်ငံ

ဆဋ္ဌသင်္ဂါယနာတင်ထားပါတယ်ဆိုပြီး
ဘုန်းကြီးခေါင်းရိုက်ခွဲလိုက်တဲ့နိုင်ငံ

ဝရမ်းပြေးနဲ့ဖာသည်မ
ဝါဆိုလပြည့်ညဇရပ်ပျက်ပေါ်
မှောက်မှားရင်း
သန္ဓေတည်မွေးဖွား*
ငတိသားတွေမင်းလုပ်တဲ့နိုင်ငံ

“တတိုင်းပြည်လုံးအုံကြွတော်လှန်မှဖြစ်တော့မယ်”
"ပြည်သူလူထုကြီးကဘာလုပ်နေတာလဲ”
“ချလိုက်ပါတော့လား၊ နှက်လိုက်ပါတော့လား" ဆိုပြီး
မိုင်ထောင်သောင်းအဝေးကနေ လှမ်းလှမ်းမြှောက်ပေးတဲ့
ပြည်ချစ်သားတို့ မွေးဖွားရာနိုင်ငံ

အနှိပ်ခန်း၊ ပြည့်တန်ဆာတန်း
ဒုက္ခသည်၊ ပြည်တွင်းစစ်
နိုင်ငံရေးအကျဉ်းသား၊ ကလေးစစ်သား
ရွှေ့ပြောင်းအလုပ်သမား၊ လစ်ဘင်းတူဂဲသား
အဲဒါတွေကလွဲလို့ မယ်မယ်ရရထုတ်ကြွားစရာမရှိတဲ့နိုင်ငံ

ဆွဲလဲသံတွေဆွံ့အ၊ ခေါင်းလောင်းသံတွေအကျဉ်းကျနေတဲ့..နိုင်ငံ
ရွှေတိဂုံတောင်စိတ်ချလက်ချဆွမ်းဘုဉ်းမပေးနိုင်တဲ့..နိုင်ငံ
ဧရာဝတီကိုသောကမျက်ရည်နဲ့တာဖို့ထားတဲ့..နိုင်ငံ
မေမေကြီးအကျဉ်းကျပြီး၊ သားတွေအဝေးရောက်နေတဲ့..နိုင်ငံ
ချစ်သူကိုစောင့်နေတဲ့မိန်းမပျိုလေးသွေးဆုံးသွားတဲ့..နိုင်ငံ

*သခင်စိုး

ငြိမ်းချမ်းအောင်

Read More...

07 May, 2011

ကျနော်နှင့် ပလီစိချောက်ချက်များ

အိုဘားမားကိုဘုရားလိုကိုးကွယ်ချင်သူတွေရှိတယ်
ဘင်လာဒင်ကိုသူရဲကောင်းလိုထင်နေသူတွေရှိတယ်
အကြမ်းဖက်မူကိုနှိမ်နင်းဖို့အကြမ်းဖက်သမားတွေရှိတယ်
အကြမ်းဖက်သမားကိုနှိမ်နင်းဖို့အကြမ်းဖက်မူတွေရှိတယ်

အခြေအနေတွေပိုမိုရှင်းလင်းလာ
အင်အားဟာအမှန်တရားဖြစ်လာ
ခွန်အားကြီးမှရှင်သန်နိုင်တဲ့အခြေအနေတွေရှိလာ

ခေတ်ကိုကမကောင်းတာပါလို့
ဒီလိုပဲကျနော်ကကိုယ်အသုံးမကျတာနဲ့
ခေတ်ကိုအပြစ်ပုံချနေကျ
ပလီစိချောက်ချက်လျှောက်ပြောနေကျ

ဒို့များနိုင်ငံတော်သမိုင်းမှာတော့
အတိုက်အခံကမကြာမကြာကွဲတယ်
စစ်တပ်ကွဲမဲ့နေ့ကိုလူထုပရိသတ်ကြီးစောင့်နေတယ်

ဖွတ်တွေမိကျောင်းဖြစ်တော့ဘာဖြစ်လဲ
ကင်းလိပ်ချောတွေဂေါ်ဇီလာဖြစ်တော့ကောဘာဖြစ်သေးလဲ

ခြေလှမ်းတိုင်းဟာပန်းတိုင်မဟုတ်မှန်းသိခဲ့ပြီ
လှေကားထစ်တိုင်းအတက်မဟုတ်တာသိခဲ့ပြီ
မိန်းမလှလေးတွေပြောတိုင်းယုံကြည်လို့မရတာသိခဲ့ပြီ

နိုင်ငံရေးကိစ္စတွေခဏထားလိုက်
ကဗျာဆရာတွေညီညွတ်တဲ့နေ့
တိုင်းပြည်သစ်တစ်ခုအုတ်မြစ်ချကြတာပေါ့၊

ညိုချောရေ..
အနောက်တောင်ထောင့်မှာမိုးတွေညို့မှဖြင့်မျက်ရည်မစို့နဲ့ဦး
အချစ်တလင်းပြင်မှာစစ်မခင်းချင်ဘူးကွယ်
တောင်းယူလို့မရ၊ တိုက်ယူလို့မရတာ
အချစ်ပါပဲ၊ နောက်ထပ်ဘာကျန်သေးလဲ?

ငြိမ်းချမ်းအောင်

Read More...

19 April, 2011

ငါသေဆုံးမဲ့နေ့

မနက်လင်းတော့
ငါရှိနေသေးတယ်
မနေ့ညကအိပ်ရာဝင်တဲ့အထိ
ငါအကောင်းကြီးပါပဲ
ငါအိပ်နေတဲ့ရှစ်နာရီကိုးနာရီအတွင်းမှာ
လေသင်တုန်းဖြတ်ပြီးတော့လည်းသေနိုင်တယ်
နှလုံးသွေးကြောပြတ်ပြီးလည်းသေနိုင်တယ်
အိပ်ရာထဲအဆိပ်ပြင်းတဲ့မြွေဝင်ကိုက်လို့လည်းသေနိုင်တယ်
ငလျှင်လူပ်ပြီးအိမ်ပြိုကျလို့လည်းသေနိုင်တယ်
ဆူနာမီရေကြီးလို့လည်းသေနိုင်တယ်
လုပ်ကြံသတ်ဖြတ်ခံရလို့လည်းသေနိုင်တယ်
ဘာကြောင့်မှန်းသေချာမသိပဲလည်းသေနိုင်တယ်
သေရမှာကြောက်လို့တော့မဟုတ်ဘူး
သီတင်းလေးပတ်အတွင်းမှာငါသိတဲ့လူတွေလက်ငါးချောင်းစာလောက်သေသွားတယ်
ငါမသိတဲ့လူတွေလည်းစက္ကန့်တိုင်းမိနစ်တိုင်းသေနေတာပဲ
အခုတော့ငါလက်ခံလိုက်ပြီ
ငါလည်းအချိန်မရွေးသေနိုင်တယ်။

ငြိမ်းချမ်းအောင်
အေပရာယ် ၃၊ ၂၀၁၁

Read More...

10 April, 2011

အလွမ်း

မစားသင့်တဲ့သစ်သီးတစ်လုံး..
မနမ်းသင့်တဲ့ပန်းတစ်ပွင့်..
မပြောသင့်တဲ့စကားတစ်ခွန်း..
မလှမ်းသင့်တဲ့ခြေတစ်လှမ်း..
မချစ်သင့်တဲ့ချစ်သူတစ်ယောက်..
လောကမှာ တကယ်ရှိခဲ့တယ်..။

အဲဒီသစ်သီးကို မစားသင့်တာ
မချိုမြိန်လို့မဟုတ်ဘူး..

အဲဒီပန်းကို မနမ်းသင့်တာ
မမွှေးမြလို့မဟုတ်ဘူး..

အဲဒီစကားကို မပြောသင့်တာ
မပြောချင်လို့မဟုတ်ဘူး..

အဲဒီခြေလှမ်းကို မလှမ်းသင့်တာ
မလှမ်းချင်လို့မဟုတ်ဘူး..

အဲဒီချစ်သူကို မချစ်သင့်တာ
မချစ်ခဲ့လို့မဟုတ်ဘူး..

လောကမှာ လုပ်ချင်လျှက်ကယ်နဲ့
မလုပ်ပဲနေလိုက်ရတဲ့ အဖြစ်တွေရှိခဲ့တယ်..။

ငြိမ်းချမ်းအောင်

Read More...

05 February, 2011

“တကယ်ဆိုရင်… အချစ်ပဲလိုတယ်”

ချမ်းချမ်းကပြောတယ်
“တကယ်ဆိုရင် အချစ်ပဲလိုတယ်” တဲ့
ဟုတ်တယ်တကယ်ဆိုရင် အချစ်ပဲလိုတယ်
အီဂျစ်မှာဖြစ်နေတဲ့တိုက်ပွဲတွေရပ်ဖို့
တကယ်ဆိုရင် အချစ်ပဲလိုတယ်
သမ္မတမူဘာရပ်ရာထူးကနူတ်ထွက်ပေးဖို့
တကယ်ဆိုရင် အချစ်ပဲလိုတယ်
မေတ္တာထားတတ်ဖို့ အချစ်စိတ်မွေးမြူလိုက်ဖို့
တကယ်ဆိုရင် အချစ်ပဲလိုတယ်
မြန်မာပြည်မှာ
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖျက်သိမ်းဖို့
တကယ်ဆိုရင်အချစ်ပဲလိုတယ်
စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့
တကယ်ဆိုရင်အချစ်ပဲလိုတယ်
အမေရိကားမှာ
အိမ်ယာမဲ့တွေ အိမ်ပေါ်ပြန်ရောက်ဖို့
တကယ်ဆိုရင် အချစ်ပဲလိုတယ်
စာနာစိတ်ထားတတ်ဖို့ တကယ်ဆိုရင်အချစ်ပဲလိုတယ်
ရာသီဥတုတွေပိုကောင်းမွန်လာဖို့
သစ်ပင်တွေပြန်စိုက်ဖို့ အိုဇုံးလွှာကြီးဖာထေးဖို့
တကယ်ဆိုရင် အချစ်ပဲလိုတယ်
စစ်ပွဲတွေရပ်ဖို့ အကြမ်းဖက်မူတွေပပျောက်ဖို့
တကယ်ဆိုရင် အချစ်ပဲလိုတယ်
ဆင်းရဲမွဲတေမူပြဿနာဖြေရှင်းဖို့ အငတ်ဘေးကင်းဝေးဖို့
တကယ်ဆိုရင် အချစ်ပဲလိုတယ်
အမျိုးသမီးနဲ့ကလေးငယ်တွေလုံခြုံငြိမ်းချမ်းဖို့
တကယ်ဆိုရင် အချစ်ပဲလိုတယ်
အစွန်းရောက်ကက်ပီတယ်လစ်ဇင်ကျဆုံးခါနီးပြီလား
တကယ်ဆိုရင် အချစ်ပဲလိုတယ်
အာဏာရှင်တွေလက်အောက်ကရုန်းထွက်လွတ်မြောက်ဖို့
တကယ်ဆိုရင် အချစ်ပဲလိုတယ်
ပြီးတော့ရှိသေးတယ်
အဆိုတော်မလေး
ချမ်းချမ်းကျွန်တော်နဲ့အဆင်ပြေဖို့ဆိုရင်
တကယ်ဆိုရင် အချစ်ပဲလိုတယ် :))။

*** “တကယ်ဆိုရင်… အချစ်ပဲလိုတယ်” စာသားမူပိုင်ရှင်မှာ တေးရေး မေသော်၊ တေးဆို ချမ်းချမ်း ရဲ့ သီချင်းခွေ တိုင်တယ်ဖြစ်ပါတယ်…

ဖေဖော်ဝါရီ ၃၊ ၂၀၁၁
ငြိမ်းချမ်းအောင်

Read More...

23 January, 2011

သမီးလေး ယမုံသော်အတွက် ၂၁ ရာစုဖတ်စာ

သမီးလေးတို့ ၂၁ ရာစု ကျောင်းသင်ခန်းစာမှာ
သူရဲကောင်းတွေအကြောင်းပါချင်မှပါလိမ့်မယ်

သမီးလေးတို့ ၂၁ ရာစု ကျောင်းမှာ
စွန့်လွှတ်ပေးဆပ်သူတွေအကြောင်းထက်
စွန့်စားခေါင်းပုံဖြတ်သူတွေအကြောင်း
သင်ယူချင်သင်ယူရလိမ့်မယ်

နောင်နှစ်ပေါင်း ၂၀ လောက်ကြာရင်လည်း
သခင်အောင်ဆန်း၊ ကိုဗဟိန်းထက်
လမ်းထိပ်က အတိုးချေးစားတဲ့အဒေါ်ကြီးကို
လူသိများချင်ပိုများလာလိမ့်မယ်

အဲဒီအဒေါ်ကြီးက လူရာပိုဝင်ချင် ၀င်လာလိမ့်မယ်

ရဲဘော်တစ်ယောက်ကျဆုံးတိုင်း
ခွပ်ခေါင်းအလံအုပ်ပြီး
ကျွန်တော်တို့ နူတ်ဆက်ဦးညွှတ်အလေးပြု လိုက်ကြရုံ ဒီလောက်ပဲလား..

စင်ရော်တွေ ကျောက်ဆောင်ကွယ်မှာ အိပ်တန်းရှာနေပြီ
အနောက်ဖက်မိုးကုပ်စက်ဝိုင်းထဲနေလုံးကြီးငုတ်ကနဲဝင်သွားသလို
ဘ၀ဆိုတာ ရေတစ်ပွက်စာပဲ

ကျွန်တော်ဆုတောင်းတယ်
ချစ်တတ်တဲ့နှလုံးသားတွေဟာ
ကမ္ဘာမြေမှာ မြေဆီမြေသြဇာအဖြစ်ပြန်လည်ရှင်သန်ထမြောက်ပြီး
အချစ်ကင်းမဲ့တဲ့နှလုံးသားတွေဟာ
ကမ္ဘာမြေမှာ အက်ဆစ်အဆိပ်ဓါတ်အဖြစ် ပျောက်ကွယ်တိမ်ကောသွားပါစေသား!!!

ချစ်ခြင်းဖြင့်သာ ကြွယ်ဝသော ကမ္ဘာမြေ ထာဝရ တည်တံ့နိုင်ပါစေ!!!

သွားနှင့်တော့ ကိုသော်ဇင်ရေ..
သမီးလေး ယမုံသော်တို့မောင်နှမတွေမေးလာခဲ့ရင်
သူရဲကောင်းတစ်ယောက်တစ်ကယ်ရှိခဲ့တယ်ဆိုတာ
ကျွန်တော်တို့ပြောပြလိုက်ပါ့မယ်

ကမ္ဘာမြေထုနဲ့ထပ်တူထပ်မျှ
ကောင်းကင်ပေါ်ကကြယ်စင်အလင်းတန်းတွေနဲ့အတူတကွ
သင့်နောက်ဆုံးခရီးကို ၀မ်းနည်းညှိုးငယ်စွာ
နူတ်ဆက်လိုက်ပါတယ်
Good Bye!!!

ငြိမ်းချမ်းအောင်

ကျန်ရစ်သူမိသားစုနှင့်ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲစွာဖြင့်။
ဇန်န၀ါရီ ၂၂၊ ၂၀၁၁

Read More...

03 January, 2011

"မင်္ဂလာနှစ်သစ်ပါ ကမ္ဘာကြီး"

“မင်္ဂလာနှစ်သစ်ပါ ကမ္ဘာကြီး…”
ဒီလိုပဲ..စိုးရိမ်ပူပင်စိတ်တွေနဲ့
နှစ်သစ်တစ်ခုထဲ ငါခြေကျွံကျခဲ့ပြန်ပြီ။

အမှန်အတိုင်းပြောရရင်
၂၀၁၀ မှာ
ငါလိုချင်တာတွေ မရခဲ့ဘူး
ငါမလိုချင်တာတွေတော့ရခဲ့တယ်၊
ငါလုပ်ချင်တာတွေမလုပ်ခဲ့ရဘူး
ငါမလုပ်ချင်တာတွေတော့လုပ်ခဲ့ရတယ်။

စိတ်ညစ်တာကတော့
သေကောင်ပေါင်းလဲပါပဲ “နှင်းရယ်…”
ချစ်တတ်တဲ့စိတ်သာမရှိရင် ငါငုတ်တုတ်သေသွားနိုင်တယ်
ချစ်တတ်တဲ့စိတ်သာမရှိရင် ငါအငွေ့ပျံပြီးလွင့်ပျောက်သွားနိုင်တယ်

“နှင်းရယ်…”

မင်းမျက်နှာကြည့်နေရတာလောက် သာယာနာပျော်ဖွယ်ကောင်းတဲ့အချိန်မရှိပါဘူး
မင်းအကြောင်းစဉ်းစားနေရတာလောက် ရင်ခုန်ကြည်နူးဖွယ်ကောင်းတဲ့အရာမရှိခဲ့ဘူး

ဖြစ်နိုင်ရင်
အ၀တ်အသစ်လဲသလို
၂၀၁၁ မှာ
ဘ၀ကို အသစ်ပြန်လဲပစ်လိုက်ချင်တယ်

တကယ်ပါ
၂၀၁၀ ထဲမှာ
ကျွန်တော်စိုက်ခဲ့တဲ့နှင်းဆီပင်လေးပိုးကျပြီးသေသွားတယ်

၂၀၁၀ ထဲမှာ
ကျွန်တော်ပျိုးခဲ့တဲ့စံပယ်ပင်လေးလည်းမရှင်သန်ခဲ့ရှာဘူး

ကျွန်တော်စိုးရိမ်တယ်
ကြုံလှီသေးကွေးတဲ့ ကျွန်တော့်သစ်ခွပင်ကလေးတွေ
ကျွန်တော်မရှိခိုက် ဘယ်သူရေလောင်းပေးမှာလဲ

ဘာပဲဖြစ်ဖြစ်
“မင်္ဂလာနှစ်သစ်ပါ ကမ္ဘာကြီး…”
ကျွန်တော်ယဉ်ကျေးစွာ နှုတ်ဆက်ဖြစ်ခဲ့တယ်။

ငြိမ်းချမ်းအောင်

Read More...

02 January, 2011

A letter from an ABSDF official

လုပ်ဖော်ကိုင်ဖက်ရဲဘော်များ ခင်ဗျား..

အားလုံးကျန်းမာကြပါစေလို့ ဆုတောင်းရင်း မိတ်ဆက်လိုပါတယ်။ ကျနော့ အမည်က ဆလိုင်းယော အောင်ဖြစ်ပြီး ယခုထက်ထိ မကဒတ (ကျောင်းသားတပ်မတော်) မှာဆက်လက် တာဝန်ထမ်း ဆောင်နေတဲ့ ရဲဘော်တဦးပါ။

အခါအခွင့်သင့်တဲ့အတွက်ယနေ့ မကဒတ (ကျောင်းသားတပ်မတော်) အခြေအနေကို မိတ်ဆက် ပေးခြင်ပါတယ်။ အချို့လည်း သိကြမယ်လို့ မျှော်လင့်ပါတယ်။ မကဒတ (ကျောင်းသားတပ်မတော်) ရဲ့သက်တမ်းဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ ဆိုလျင်(၂၂)နှစ်ပြည့်မှာဖြစ်ပါတယ်။

ဒီ (၂၂)နှစ် တာကာလမှာ ယနေ့ အခြေအနေဟာ အခက်အခဲဆုံး အခြေအနေနှင့် ရင်ဆိုင်နေရတဲ့ကာလလို့ ပြောရင်မမှား နိုင်ပါ ဘူး။ မည့်သည့် NGOs များရဲ့အကူအညီမှ မရှိဘဲရပ်တည်နေရတဲ့ အခြေအနေပါ။ လူအင်အား ကျဆင်းမှု၊ ရုပ်ဝတ္ထုအင်အား ကျ ဆင်းမှု၊ နိုင်ငံရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရတဲ့ ကာလဖြစ်သလို ခေါင်းဆောင်မှုအပေါ်လည်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေ ရတဲ့ ကာလလည်းဖြစ်ပါတယ်။ မကဒတကို လက်နက်ကိုင်တော်လှန်ရေးလုပ်ဘို့ ၁၉၈၈ ခုနှစ် ၈၈၈၈ လူထု အရေး တော်ပုံကြီးက တာဝန်ပေးခဲ့တာဖြစ်တယ် မွေးဖွားပေးခဲ့တာဖြစ်တယ်။ မကဒတ (ကျောင်းသားတပ်မတော်) ဟာ ကမ္ဘာမြေကြီးနှင့် မြန်မာ့မြေ ပေါ်မှာ တကယ်တည်ရှိခဲ့တယ်။

ကမ္ဘာနှင့် မြန်မာ့သမိုင်းမှာ တကယ် ပေါ်ထွန်းခဲ့တာဖြစ်တယ်။ ယနေ့ထက်ထိ ဆက်လက်တည်ရှိနေဆဲ ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရနိုင်တဲ့ အမှန်တရားဖြစ်ပါတယ်။ အနှစ်(၂၀)ကာလအတွင်းမှာ လက်လှမ်းမှီသလောက် ပြုစုထားတဲ့မှတ်တမ်းများအရ ကျဆုံး၊ ဒဏ်ရာနှင့် သေဆုံးသူဦးရေ (၁,၀၀၅)ယောက်ရှိသွားပြီဖြစ်ပါတယ်။ အဲဒီရဲဘော်တွေဟာ ကျနော်တို့ တိုင်းပြည်ရဲ့လိုအပ် ချက်ဖြစ်တဲ့ ဒီမိုကရေစီရေးအတွက်၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် အနစ်နာခံပေးဆပ် စွန့်လွှတ် ခဲ့သူများဖြစ် တယ်ဆိုတာ ကျနော်တို့အားလုံး မငြင်းနိုင်ပါဘူး။

မကဒတ(ကျောင်းသားတပ်မတော်) ပျောက်ရင် ထိုရဲဘော်တွေရဲ့ အနစ်နာခံ ပေးဆပ်မှုတွေလည်း သူ့အလိုလိုပျောက်သွား မှာ ဖြစ်ပါတယ်။ ထိုအချက်ကို စစ်အာဏာရှင်တွေက လိုလားနေတာဖြစ်တယ်။ စစ်အာဏာရှင်တွေရဲ့အကြောက်ဆုံး ရန်သူဟာ မက ဒတ (ကျောင်းသားတပ်မတော်) ဖြစ်တယ်။

ထိုရဲဘော်တွေအတွက် ဘယ်သူတွေမှာတာဝန်ရှိပါသလဲ။
ကျနော်တို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ယုံကြည်လက်ခံထားပါတယ်။ လက်ရှိ မကဒတ (ကျောင်းသားတပ်မတော်)တခုတည်း မှာတင် တာဝန်ရှိတာမဟုတ်ပါ။ မကဒတနှင့် ပက်သက်ခဲ့သူများ အားလုံးမှာ တာဝန်ရှိတယ်လို့ ထင်ပါတယ် ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားတို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် ဒီမိုကရေစီကိုမြတ်နိုးတဲ့ မြန်မာနိုင်ငံသူ/သား အားလုံးမှာ တာဝန်ရှိပါတယ်။

ယနေ့ကာလသည် ကျနော်တို့ အကြားမှာ တယောက်နှင့် တယောက်အပြစ်တင် ဝေဖန်ရမည့် အချိန်ကာလ မဟုတ်ပါ။ သွေးစည်းရမည့်အချိန်ဖြစ်ပါတယ်။ ကျနော်တို့တတွေရဲ့ ခွပ်ဒေါင်းစိတ်ဓါတ် ကိုပြသရမည့် အချိန်ကာလ လည်းဖြစ်ပါတယ်။

အဲဒီတော့ မကဒတ (ကျောင်းသားတပ်မတော်) ဆက်လက်ရှင်သန်နိုင်ရေး တည်ရှိရေး တနည်း အားဖြင့် တိုက်ပွဲဝင်ခွပ်ဒေါင်းအလံ ဆက် လက်လွှင့်ထူနိုင်ရေးဟာ ကျနော်တို့ အတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ ထို့အတူကျနော်တို့ တိုင်းပြည်အတွက်လည်း အရေးကြီး သော အချိန် ကာလကိုရောက်ရှိနေပြီဟု မှတ်ယူပါတယ်။

ကျနော်တို့ တိုင်းပြည်ရဲ့ကံကြမ္မာဟာ ကျနော်တို့ လက်ထဲမှာဘဲရှိပါတယ် မည့်သည့် နိုင်ငံခြားတိုင်းပြည်ကမှ ၀င်ရောက်ကူညီဖြေရှင်း ပေးမည် မဟုတ်ပါ။ ကျနော်တို့ ကိုယ်တိုင်ဖန်တီးယူရမှာဖြစ်ပါတယ်။

ကျနော်တို့ရဲ့ လုံးလထုတ် ကြိုးစား မှုမပါဘဲ မည်သည့် ပြောင်းလဲမှုမျိုးမှ မဖြစ်နိုင်သလို မည်သည့် နိုင်ငံခြားတိုင်းပြည်များ ထံမှလည်း အကူအညီများ ရရှိနိုင် မည် မဟုတ်ပါ။

မကဒတမှ တတိယနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာ သွားသူများ အရေအတွက်မှာ မနည်းပါ။ ယနေ့ မကဒတ (ကျောင်းသားတပ်မတော်) ဆက်လက်ရှင်သန် ရပ်တည်ရေးအတွက် ထိုသူများ၏ အကူအညီများ လိုအပ်လျက်ရှိတယ်ဆိုသည်မှာ သေချာပါတယ်။ ထို့ကြောင့် လုပ်ဖော် ကိုင်ဖက်များအနေဖြင့် ကျနော့၏ တင်ပြချက်ကို လေးနက်စွာ စဉ်းစားပေးကြဘို့ ပန်းကြားအပ်ပါတယ်။

လေးစားစွာဖြင့်

ဆလိုင်းယောအောင်
မကဒတ

မှတ်ချက်။ ။ လက်လှမ်းမှီသလောက် ဆက်လက်ဖြန့်ချီပေးကြဘို့ မေတ္တာရပ်ခံအပ်ပါတယ်။

Read More...

19 December, 2010

ငါးတစ်ကောင်ရဲ့ဒုက္ခ

ကိုးလက်မတစ်ပေခွဲပတ်လည်အကျယ်အ၀န်းမှာ
မိုင်ပေါင်းထောင်သောင်းများစွာကူးခတ်နေရ
အဖော်တွေဆီဘယ်နေ့ရောက်မှာလဲ
အထီးကျန်ငါးကလေးဟာ
စိတ်မှန်းနဲ့ရမ်းယော်မျှော်မှန်း
နေ့စဉ်မိုင်ပေါင်းများစွာကူးခတ်နေတယ်
နန်းတော်လိုအချွန်အတက်တွေနဲ့
အိမ်သေးသေးလေးတစ်လုံးလည်းရှိတယ်
အခင်းကြမ်းပြင်မှာလှပတဲ့ရောင်စုံကျောက်ခဲလေးတွေရှိတယ်
ပန်းခြံနဲ့ကျောက်ခက်ကြိုကျောက်ခက်ကြား
အတုတွေနဲ့အလှဆင်ယင်ထားတဲ့ရေလှောင်ကန်လေးထဲမှာ
ငါးကလေးဟာအဖော်မဲ့တစ်ကောင်တည်းပဲ
နာရီတိုင်းမိနစ်တိုင်းကူးခတ်လို့နေခဲ့တယ်
ရွှေရောင်အသွေးအမွေးလည်းရှိတယ်
ကြည်စင်တဲ့အရေခွံလည်းရှိတယ်
တပ်မက်တိမ်းညွတ်ဖွယ်စွဲဆောင်နိုင်စွမ်းလည်းရှိတယ်
သူဟာ သူမတူအောင်လှပတဲ့အလှပိုင်ရှင်ငါးကလေးပေါ့
လှောင်ကန်ကိုနေ့စဉ်ရေလဲမယ်
ငါးကလေးကိုအစာကြွေးမယ်
နည်းနည်းအားတဲ့အခါ ငါးကလေးကူးခတ်နေတာထိုင်ကြည့်ရင်း
အပမ်းဖြေမယ်
လူတစ်ယောက်လား၊ နှစ်ယောက်လား
မိသားစုတစ်စုလား
စိတ်အာသာပြေဖို့
ငါးကလေးဟာလှောင်ကန်ထဲမှာ
မိုင်ထောင်ပေါင်းများစွာ မမောမပမ်းကူးခတ်လို့နေခဲ့တယ်။

ငြိမ်းချမ်းအောင်

Read More...

16 December, 2010

သံမဏိပိုးမျှဉ်လမ်းခွဲ

တစ်နေ့ခွဲရမှာပဲ
ကောင်မလေးရေ
တစ်နေ့တော့ခွဲရမှာပဲကွယ်

ဒီသံသယာဆိုတဲ့ခရီးရှည်ထဲ
မင်းလည်းတစ်ယောက်တည်း
ငါလည်းတစ်ယောက်တည်း

တည်မြဲခြင်းဆိုတာ
တစ်နေ့တော့ခွဲရမှာပဲ
ကောင်မလေးရေ
တစ်နေ့တော့ခွဲရမှာပဲ

ချစ်လည်းခွဲ
မုန်းလည်းခွဲ
ပြုံးလည်းခွဲ
မဲ့လည်းခွဲ
ပျော်လည်းခွဲ
ပျင်းလည်းခွဲ

တစ်ယောက်ယောက်က
တစ်ယောက်ယောက်ကိုလမ်းခွဲ
တစ်ယောက်ယောက်ကို
တစ်ယောက်ယောက်ကလမ်းခွဲ

တစ်နေ့တော့ခွဲရမှာပဲ
ကောင်မလေးရေ
တစ်နေ့တော့ခွဲရမှာပါပဲကွယ်။ ။

ငြိမ်းချမ်းအောင်

Read More...

04 December, 2010

ဆေးစက်ကျရာ ဆွဲထားတဲ့ကဗျာ

ဆေးသားတွေစွန်းထင်သွားအောင်
ကဗျာနဲ့ ပန်းချီကားကိုဖျန်းပက်လိုက်တယ်။

ဒီကမောင်ကြီးရယ်လေ
ချစ်လိုက်ရတာ
“နှင်း..” ရယ်။

ညကမက်တဲ့ဆောင်းအိပ်မက်ထဲမှာ
"နှင်း.." ရယ်လေ
အဖြူရောင်ဆွတ်ဆွတ်ဖွေးဖွေးအုလို့က

ကိုယ့်ကိုလက်ယပ်ပြီးခေါ်နေတယ်။

စိတ်ညစ်တယ် “နှင်း..” ရယ်
လမ်းထိပ်ကချီးမွမ်းနေကျအဒေါ်ကြီး
ကွယ်ရာမှာ နှင်းအကြောင်းမကောင်းပြောနေတာ
ကိုယ်နားနဲ့ဆတ်ဆတ်ကြားခဲ့ရတယ်။
 

အသိဉာဏ်ဆိုတဲ့ကန့်လန့်ကာပါးပါးလေးသာ ခြားမနေတော့ရင်
လူနဲ့တိရစ္ဆာန်ဘာကွာခြားတော့မှာလဲ
မသိစိတ်များစွာစိတ်ရုပ်နာမ်နှစ်ပါးနဲ့တည်ဆောက်ထားတဲ့လူ့ဘုံလောကကြီး
ငါ့အကြောင်းတောင်ငါမသိသေးတာ
မနက်ဖြန်ခါဘာဖြစ်မယ်ဆိုတာငါမသိနိုင်ဘူး။

အဲဒီတိုးလျိုးပေါက်မြင်နေရတဲ့အခန်းငယ်ထဲ
ချစ်သူ “နှင်း..” များပုန်းအောင်နေလေမလား
စိတ်ကူးယဉ်မိသူငါသာ ရူးမိုက်သူဖြစ်တော့တယ်။

“နှင်း..ရေ”
“နှင်း..ရေ”
ကိုယ့်လက်နဲ့ဆုပ်ကိုင်မိသောအရာများ
ရွှေဖြစ်ပါစေသား
ရေငတ်သူရေရစေ..
အစာငတ်သူအစာရစေ..
ကိုယ့်မျက်ဝန်းနဲ့အကြည့်ချင်းဆုံမိသော မျက်လုံးများ
အားအင်အသစ်ဖြစ်စေသား။

ယာခင်းထဲကခြေသွားလမ်းကလေးအဆုံး
သပ်သပ်ရပ်ရပ်တောင်ယာတဲလေးတစ်လုံး
ဘ၀ကိုစိတ်သောကပူလောင်ခြင်းနဲ့ကင်းဝေးရာ
ငြိမ်းအေးချမ်းမြအဆုံးသတ်ချင်သလား
စွန့်လွှတ်မူတိုင်းမှာ စွန့်စားမူပါခဲ့တယ်။

အသက်ကြီးလာလေကိလေသာအမိုက်တွေနည်းပါးလေ
အသက်ကြီးလာလေကုသိုလ်စိတ်ပွားများလေ
အဲဒီဂုဏ်မောက်တဲ့လူ့ဘ၀။

သေခါနီးလူနာကို Long Live သွားလုပ်နေရင်
နောက်ပြောင်တာနဲ့တူမနေဘူးလား
ငါကလည်းလူတစ်မျိုး ဆောင်းဦးပေါက်ခြံမီးရို့တဲ့
မီးခိုးတွေရဲ့ရနံ့ကိုခံစားလို့ရတယ်
စားသောက်ဆိုင်ကညှော်နံ့ကိုခံစားလို့မရဘူး။

ဆေးသားတွေစွန်းထင်သွားအောင်
ကဗျာကို ပန်းချီကားနဲ့ပက်ဖျန်းလိုက်တယ်။

ဒီကမောင်ကြီးရယ်လေ
ချစ်လိုက်ရတာ
“နှင်း..ရယ်”။


ငြိမ်းချမ်းအောင်

Read More...

26 November, 2010

"သူမဟာ မြန်မာပြည် ဖြစ်တယ်"

စာဖတ်သူ said...

ကဗျာဆရာကတော့ အချစ်ကဗျာရေးတာပါပဲ။ စာဖတ်သူကတော့ ဒီကဗျာကို ဖတ်ပြီး ကိုယ်လေးစားတဲ့ အမျိုးသမီးကို အစားထိုးထည့်ကြည့် မိတယ်။ ပြီးတော့ ခုလို ပြန်ရေးကြည့်မိတယ်။ မူရင်း ကဗျာရဲ့အနှစ်သာရ ပျက်ပြယ်သွားခဲ့ရင် ဆောရီးပါပဲ။
++++++++++++++++++++++++++++
"သူမဟာ မြန်မာပြည် ဖြစ်တယ်"

ပြည်တွင်းယက်ထည် ချည်လုံချည်သာ ၀င်ဆင်ပါသော ...
ပြည်သူများအရေး အလေးပေးကာ တနေ့ငါးနာရီ သတင်းနားထောင်သော ...
နက်မှောင်နွယ်ဖြာ ဆံကေသာမှာ မာလာပန်းခက် ဆင်မြန်းတတ်သော ...
သူမသည်သာ မြန်မာပြည် အစစ် ဖြစ်ကြီးဖြစ်တယ်။

တခါတွေ့က တသက်မမေ့စရာ မစွမ်းသာသော ...
မေတ္တာဓာတ်ပြည့် ကရုဏာငွေ့လွှမ်း တင့်တယ်ဆန်းသော ...
သူမသည်သာ မြန်မာပြည် အစစ် ဖြစ်ကြီးဖြစ်တယ်။

တိမ်မျှင်ကင်းပ လှပပြာလွင် မိုးကောင်းကင်ထက် ကြည်လင်လတ်သော ...
ပြည့်ရွှန်းတောက်ပ လပြည့်ညထက် ချမ်းမြေ့အေးမြ သာယာလှသော …
ကတ္တီပါနက်ပြာ မိုးဝဠာမှ ကြယ်တာရာထက် ပိုလင်းလက်သော ...
နေမင်းသူရိန် ရောင်ဝါရှိန်ထက် လင်းထိန်တောက်ပ နွေးထွေးလှသော ...
ဖိုးအနဂ္ဂ ထိုက်တန်လှစွာ ရတနာထက် ပိုမြင့်မြတ်သော ...
သူမသည်သာ မြန်မာပြည် အစစ် ဖြစ်ကြီးဖြစ်တယ်။

ရနံ့စုံစွာ ပန်းမာလာထက် လွန်စွာမွှေးကြိုင် သင်းပျံ့လှိုင်သော …
ခက်ထန်သူအား နူးညံ့သွားအောင် စွမ်းဆောင်နိုင်သော …
ဣတ္ထိများစွာ လူတကာထက် သာလွန်မြတ်သော ...
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီးဖြစ်တယ်။

သေအံ့မူးစွာ လူမမာကို ညင်သာနှစ်သိမ့် ပေးစွမ်းစိမ့်သော ...
ဂီတသံစဉ် တေးဝိညာဉ်ထက် သာယာမြည်ချို နှုတ်ခွန်းဆိုသော ...
ထက်မြက်တောက်ရွှန်း ကြည်မျက်ဝန်းမှာ အားမာန်ပါသော ...
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီး ဖြစ်တယ်။

စမ်းရေသံလို မြည်သံချို၍ မေတ္တာပြည့်သော ...
ဂုဏ်ကျက်သရေ ကိုယ်နေလန်းဆန်း ရွှေရောင်လွှမ်းသော ...
ထက်မြက်စကား ခွန်အားများစွာ ပေးစွမ်းပါသော ...
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီးဖြစ်တယ်။

အသက် ခြောက်ဆယ့်ငါး
ထိုမိန်းမသားရဲ့
အင်အားမဟာ
မြန်မာအပြင်
ကမ္ဘာပင် လွှမ်းခဲ့ ...

အိုနေသော်လဲ
ပျိုဆဲမိခင် … အိုမိခင်ငဲ့
ခြေရာခွက်ထဲ
ရေနည်းသော်ငြား
ပင်လယ်မှားမှတ်
ကူးခတ်နေသူ
ထိုလူစုအား
အမှန်အမှား ခွဲခြားပါလှည့်
ခွဲပေးလှည့်လော့ … ။

ပါးရေနားရေ
တွန့်ကြေသော်ငြား
ခွန်အားရှိဆဲ ပျိုဆဲမိခင်
အို မိခင်ငဲ့ …
ကောင်းကင်ယံထက်
လင်းလက်သော်တာ
ငွေစန္ဒာအား
ရငြားပါစေ ထိုးဟောင်နေသော
တောခွေးနှင့်တူ
ထိုလူတွေအား
အမှန်အမှား ခွဲခြားပါလှည့်
ခွဲပေးလှည့်လော့ … ။

နိုင်ငံ့အရေး
တိုင်းရေးဟုသာ
ဆိုနေပါလည်း
မိမိအရေး ကိုယ်ရေးသာကြည့်
အတ္တပြည့်သူ
ထိုလူတွေအား
အမှန်အမှား ခွဲခြားပါလှည့်
ခွဲပေးလှည့်လော့ … ။

အလင်းကိုရှောင်
အမှောင်ထဲတိုး
အဆိုးဘက်သာ ဦးတည်ပါသော
ဒီလောကသား
လူအများတွက်
လင်းလက်ရောင်ရွှန်း
ထွန်းညှိပေးပါ
ညှိပေးပါလော့ ... ။

ကမ္ဘာတ၀ှမ်း
ငြိမ်းချမ်းပါစေ ...
တောင်းဆုချွေရင်း
မြန်မာပြည်စစ်စစ်
ဖြစ်ကြီးဖြစ်သူ
ထိုသူမအား
ချမ်းမြေ့စေသား
အေးစေသားဟု
ဦးညွှတ်ဆုတောင်း
မေတ္တာလောင်းသည်
နှစ်ထောင်းအားရ ရှိစေသောဝ်။
++++++++++++++++++++++++++
p.s
မကြိုက်ရင် ဖျက်လိုက်နိုင်ပါတယ်။ ကဗျာဆရာရေးတဲ့ စာပိုဒ် တပိုဒ်ချင်းနဲ့ လိုက်ဖက်အောင် ကြိုးစားရေးကြည့်ထားတာပါ။ (စာပိုဒ် အားလုံးတော့မဟုတ်ပါဘူး။)

Read More...

24 November, 2010

“သူမဟာ အမေရိကတိုက်ဖြစ်တယ်”

ဘနားနားရီပတ်ဘလစ်ဂျင်းဘောင်းဘီဖင်ကြပ်အမြဲဝတ်သော
တစ်ပတ်မှာသုံးခါ Gym ကိုလာတတ်သော
Tamming နဲ့မိုင်းမိုင်းညိုညိုအရောင်အဆင်းရှိသော
သူမဟာ အမေရိကတိုက်ဖြစ်တယ်..

တစ်ခါတွေ့ရင်တစ်သက်မေ့ဖို့ရာမဖြစ်နိုင်သော
ညှို့ဓါတ်ပိုင်ရှင်… ဓါတ်မသဘာဝအပြည့်ရှိသူ
သူမဟာ အမေရိကတိုက်ဖြစ်တယ်..

မိုးရွာပြီးစ ကမ္ဘာမြေထက်သန့်ရှင်းလတ်ဆတ်သော
လပြည့်ညကြယ်တာရာတို့ထက်လင်းလက်တောက်ပသော
လမင်းတစ်ရာထက် ချင်းလင်းဝင်းပသော
နေဆယ်ဆင်းမက ထိန်လင်းရွှန်းပသော
ရတီအများဆုံးစိန်ပွင့်တွေထက်အဖိုးအနဂ္ဂထိုက်တန်သော
သူမဟာ အမေရိကတိုက်ဖြစ်တယ်..

ပန်းပွင့်တကာတို့ထက်မွှေးကြိုင်သင်းပျံ့သော
စစ်ထိုးခါနီးယောင်္ကျားရင့်မာကြီးတို့အားတားဆီးနိုင်စွမ်းသော
မိန်းမမြတ်အားလုံးရဲ့အထွတ်အမြတ်ဖြစ်သော
သူမဟာ အမေရိကတိုက်ဖြစ်တယ်..

သေအံ့မူးလူနာတွေကိုပြုံးပျော်ရွှင်မြူးနှစ်သိမ့်ကြည်နူးစေနိုင်သော
ဂီတတကာတို့ထက်ယစ်မူးသာယာနာပျော်ဖွယ်ကောင်းသော
သားသမင်တို့ရဲ့မျက်ဝန်းလိုနှစ်လိုဖွယ်ဖြစ်သော
သူမဟာ အမေရိကတိုက်ဖြစ်တယ်..

စမ်းချောင်းရေစီးသံလိုညက်ညောညင်သာသော
ရွှေအဆင်းလိုဝါ၀င်းသောအသားစိုင်တို့ရဲ့ပိုင်ရှင်ဖြစ်သော
ချစ်ဖွယ်သောစကားကို တွတ်တီးတွတ်တာဆိုတတ်သော
သူမဟာ အမေရိကတိုက်ဖြစ်တယ်..

ကြွကြွရွရွညက်ညောညင်သာလှမ်းလျှောက်တတ်သော
ရင်သပ်ရှုမောဖွယ်၊ နှစ်သက်ကြည်နူးဖွယ်၊ တပ်မက်တွယ်ညိဖွယ်အလှဘုရင်မ
သူမဟာ အမေရိကတိုက်ဖြစ်တယ်

ကောင်မလေးရယ်
ငါဟာ
နွားခြေရာခွက်ကို သမုဒ္ဒရာရေပြင်မှတ်ပြီး
မမောမပမ်းကူးသန်းနေမိသူလား

ငါဟာ
ပိုင်ဆိုင်ခွင့်မရလို့
လရောင်ကို ထိုးထိုးဟောင်နေတဲ့ တောခွေးအတစ်ကောင်လား

ကောင်မလေးရယ်
အချစ်ဆိုတာ
ဇက်ကြိုးဖြေလွှတ်ပေးလိုက်တဲ့ပြိုင်မြင်းတစ်ကောင်းလို
ကဆုန်စိုင်းဝိုင်းဒိုင်းကြဲပြေးလွှားပေါက်ကွဲတတ်တဲ့အရာမျိုးလား

ဒါမှမဟုတ်
နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့မိုက်မိုက်မဲမဲစွဲလန်း
တိတ်တိတ်ကလေးကြိတ်လွမ်းနေရတာမျိုးလား

ချစ်တယ်ကောင်မလေးရယ်
လူသားစစ်စစ်ဧကန်ဖြစ်တဲ့ငါ့သဘောထားအမှန်ကိုတင်ပြခွင့်ပေးပါ
နားနဲ့မနာဖ၀ါးနဲ့သာကြားနာပါတော့
လုံးကျစ်ဖုထစ်မင်းတင်ပါးလေးကိုချစ်တယ်
ရင်ဖိုမသန်းခုံးထမောက်ကြွမင်းရင်သားတွေချစ်တယ်
မင်းဖောဌသအာရုံအားလုံးကိုချစ်တယ်
ဆေးမဆိုးပန်းရောင်သန်းလက်သည်းခြေသည်းတွေကိုချစ်တယ်
မိမွေးတိုင်းဖမွေးတိုင်းရွှေဝါရောင်ဆံနွယ်ခွေကလေးတွေချစ်တယ်

နှစ်ဆယ့်တစ်နှစ်အရွယ်အဲဒီအမျိုးသမီးငယ်ဟာ
နှစ်ဆယ့်တစ်ရာစု ကမ္ဘာကြီးဖြစ်ခဲ့ပါသလား

တာဝတိသာက နတ်သမီးတစ်ပါးကို ငါမမြင်ဖူးဘူး
ဘုံကြိုးပြတ်တဲ့နတ်မျိုးနွယ်သီချင်းကို ငါကြားဖူးတယ်

မိန်းမတစ်ယောက်ဟာ အချင်းတင်မက
အဆင်းပါလိုအပ်တာ ငါနားလည်လိုက်ပြီ။

မြန်မာပြည်သားဖြစ်ရလို့ငါဂုဏ်ယူနေမယ်
မင်းချစ်သူဖြစ့်ခွင့်မရတာငါဝမ်းနည်းတယ်။

ဆောင်းလေကြမ်းတွေရိုင်းရိုင်းကြမ်းကြမ်းတိုက်ခတ်နေတဲ့
အခုလိုရာသီမျိုးမှာ
ငါ့ရင်ဘတ်အုံကြီး ပူလောင်ကြွတ်ဆတ်လာတဲ့အထိ
မင်းကိုသတိယလိုက်တာ။

အလင်းထက်အမှောင်အမိုက်များတဲ့လောကမှာ
အကောင်းထက်အဆိုးဘက်ကိုဦးတည်နေတဲ့လောကမှာ
အဖြစ်ထက်အပျက်များတဲ့လောကမှာ
ကမ္ဘာကြီးငြိမ်းချမ်းပါစေ..
ချစ်စွာသော ထိုသူငယ်မလည်း ငြိမ်းချမ်းပါစေသား..
ချစ်စွာသော ထိုသူငယ်မလည်း ငြိမ်းချမ်းပါစေသား..
ချစ်စွာသော ထိုသူငယ်မလည်း ငြိမ်းချမ်းပါစေသား..

ငြိမ်းချမ်းအောင်

Read More...