13 October, 2008

မိုဒီလျာနီ

လန်းဆန်းတက်ကြွနေတဲ့အခါ
မင်းသားတစ်ပါးလို ထည်ဝါခန့်ငြားပြီး
သူစိတ်ဓါတ်ကျတဲ့အခါ
တစ္ဆေတစ်ကောင်လို အရုပ်ဆိုးအကျည်းတန်တယ်
သူ့နှလုံးသားက ရောင်စုံသက်တန့်တစ်ခုလို
တဖိတ်ဖိတ်တောက်ပလို့
သူ့အသွေးအသားထဲမှာတော့
အရောင်တွေ အရိပ်တွေ ရနံ့တွေ
မြစ်ရေလို တရဟောဖြတ်သန်းစီးဆင်း
တစ်ခါတစ်ခါ တောရိုင်းတိရစ္ဆာန်တစ်ကောင်လို ဆူညံပေါက်ကွဲတတ်ပြီး
တစ်ခါတစ်ခါ သင်္ချိုင်းတစ်စပြင်တစ်ခုလို တိတ်ဆိတ်ငြိမ်သက်တတ်သူ
"မိုဒီလျာနီ"
မျက်တွင်းဟောက်ပက် နံရိုးပြိုင်းပြိုင်း
အနုပညာ တစ္ဆေတစ်ကောင်
ကင်းဘတ်စပေါ်ကျလာတဲ့ ရောင်စုံ ဆေးစက်တွေမှာ
သူ့ဝိညာဉ်ဟာ ကပ်ညိလို့
သူ့ဆီမှာ အချစ်က ပေါင်မုန့်အသိုးတစ်လုံး
သူ့ဆီမှာ အချစ်က တစ်ရှူးအဟောင်းတစ်ခု
တစ်ခါတခါ
အချစ်က သူ့အတွက် နှင်းဆီဖြူတစ်ပွင့်လည်းဖြစ်ရဲ့
ညပေါင်းများစွာ
ရင်ခွင်ပေါင်းများစွာ
မှောင်မိုက်နေတဲ့ မောင့်မတ် အခန်းကျဉ်းထဲမှာ
အရိုးကွဲအောင်အေးတဲ့ ပါရီဆောင်း နှင်းထုအောက်မှာ
ကိုယ်လုံးတီး ကိုယ်ဟန်ပြမယ်လေးရဲ့ မျက်လုံးတွေထဲမှာ
မောကြီးပမ်းကြီး သူရှာဖွေနေခဲ့တဲ့ အရာ
အလှနဲ့ သစ္စာလား
အချစ်နဲ့ အနုပညာလား..

ကမ္ဘာမြေအတွက် အချစ်နဲ့အသစ်တွေကိုပဲ အမြဲတမ်းပေးခဲ့တယ်
သူပြန်ရခဲ့တာက အဟောင်းအမြင်းအပုတ်အသိုးတွေ
ဓါးတစ်ချောင်းလို ချွန်ထက်တဲ့ အနုပညာ
သာမန်မျက်စိနဲ့ကြည့်ရင် မြင်တွေ့နိုင်မှာမဟုတ်ဘူး
ဘယ်သူ့မျက်နှာမှသူမကြည့်ဘူး
သွေဖည်မူမရှိဘူး၊ ရှေ့ကိုပဲ မရပ်မနားသွားခဲ့
ထက်မြက်တဲ့ အနုပညာကို
သာမန်နှလုံးသားနဲ့ ခံစားကြည့်လို့ မတွေ့ထိနိုင်ဘူး
မာနဟာ အသွေးအသားထဲမှာ
မွေဟောက်တစ်ကောင်လိုပါးပြင်းထောင်ထ
သူ့အနုပညာဟာ သူ့မာနအရောင်အသွေးလို
အလံတလူလူ လွင့်လို့
တစ်လောကလုံးကို နာကျည်းနေတဲ့ တစ္ဆေတစ်ကောင်
တစ်လောကလုံးနဲ့ ရန်တုဖက်ပြိုင်ဝံ့သူတစ်ယောက်
အချစ်ကိုတွေ့ရှိခြင်းဟာလည်း
ယဉ်ကျေးတဲ့ လူသားအဖြစ်ကို ရရှိခြင်းပါပဲ
“ဂျင်ပ်း…ရေ”
ငါ့မျက်လုံးတွေထဲ မင်းမြင်အောင်ကြည့်လှည့်ပါ
အချစ်က ရမ္မက်ထက် ပိုပြီးသိမ်မွေ့တဲ့အရာ
ငါ့နောက်ဆုံးနေ့ရက်တွေမှာ
ပေါင်မုန့်နဲ့ စပျစ်သီးတွေက အရေးမကြီးပါဘူး
ဓမ္မတေးသီချင်းတွေက အရေးမကြီးပါဘူး
အရက်ပြင်းပြင်းတစ်လုံး
ချစ်သူတစ်ယောက်
ပြီးတော့
မီးလိုလောင်မြိုက်နေတဲ့ ငါ့အနုပညာ
နောက်ထပ်ပြီးတော့ကော ဘာတွေလိုအပ်သေးလို့လဲ…

ဘ၀တစ်ခုရခဲ့တယ်
ဘ၀တစ်ခုကို အနိုင်နဲ့ပိုင်းပြီး
တဖက်သတ်အဆုံးသတ် စီရင်သွားခဲ့တယ်…။

မိုဒီလျာနီ ၁၉ ရာစု အီတလီပန်းချီဆရာ

ငြိမ်းချမ်းအောင်

5 comments:

ဆောင်းယွန်းလ said...

အချစ်ကိုတွေ့ရှိခြင်းဟာလည်း
ယဉ်ကျေးတဲ့ လူသားအဖြစ်ကို ရရှိခြင်းပါပဲ
“ဂျင်ပ်း…ရေ”
ငါ့မျက်လုံးတွေထဲ မင်းမြင်အောင်ကြည့်ပါ
အချစ်က ရမ္မက်ထက် ပိုပြီးသိမ်မွေ့တဲ့အရာ
ငါ့နောက်ဆုံးနေ့ရက်တွေမှာ
ပေါင်မုန့်နဲ့ စပျစ်သီးတွေက အရေးမကြီးပါဘူး
ဓမ္မတေးသီချင်းတွေက အရေးမကြီးပါဘူး
အရက်ပြင်းပြင်းတစ်လုံး
ချစ်သူတစ်ယောက်
ပြီးတော့
မီးလိုလောင်မြိုက်နေတဲ့ ငါ့အနုပညာ
နောက်ထပ်ပြီးတော့ကော ဘာတွေလိုအပ်သေးလို့လဲ…
အလှနဲ့သစ္စာကိုဘဲရရ..အချစ်နဲ့အနူပညာကိုဘဲတွေ့တွေ့
သူဟာသူ့ဘဝကိုကျေနပ်ပုံရတယ်နော်...ကဗျာလေးကောင်းတယ်ဗျာ...

Honey said...

ကဗျာအသစ်လေးကို လာခံစားသွားပါတယ်
ဘ၀တစ်ခုရခဲ့တယ်
ဘ၀တစ်ခုကို အနိုင်နဲ့ပိုင်းပြီး
တဖက်သတ်အဆုံးသတ် စီရင်သွားခဲ့တယ်…
အဲဒီစာလေးကို တော်တော်သဘောကျတယ်
ဆက်ရေးပါဦး

Apprenticeship said...

ဟိ ယဉ်ကျေးတဲ့လူသားအဖြစ် အမြန်ရရှိနိုင်ပါစေ :P

chaos said...

အချစ် အမုန်း
ဘဝ
တိုက်ပွဲ
အနုပညာ
တကယ်ပဲ ထောင့်စုံနေတဲ့ ကဗျာလေးနော် အစ်ကို
ကြိုက်တယ်

ကောင်းကင်ကို said...

ကဗျာဖတ်သွားတယ် အစ်ကို။