09 December, 2008

အရိုးခံအလှနဲ့ တောကစပယ်

မြို့ကြီးသူနဲ့မတူ
တစ်မူခြား
အရိုးခံသဘာဝနဲ့
တောစံပယ်ပန်းအလှရေ

မိုင်အထောင်အသောင်းကိုဖြတ်လို့
မင်းရှိရာအရပ်ဆီ
ချစ်သ၀ဏ်လွှာပါးလိုက်ပါရဲ့
ချစ်နှမ ကြားရပါစေတော့

နွားရိုင်းသွင်းချိန်
နေညိုညနေချမ်း
ရေခပ်ဆင်းလာ
တောပန်းအလှကို
ချစ်စကားပြောရင်
စိတ်ဆိုးမှာလား

စိတ်ကူးနဲ့တင်
အရိုးခံအလှမှာ
ကိုယ့်ခံတပ်ကလေး
ပြိုကျသွားပြီ
ရွာကြီးသူစံပယ်နွဲ့ရေ
ရိုးမြေကျပေါင်းပရစေလား

အသားတော်ညိုပြာညက်နဲ့
မင်းပါးပြင်နှစ်ဖက်က
ရွှေဘိုသနပ်ခါးပါးကွက်ကျား
မြင်ရစဉ်တစ်ခဏ
မြတ်နိုးစိတ်ဟာ
ထိမ်းမနိုင်သိမ်းမရ

ရွာတစ်ရိုးမှာ
မင်းဖြတ်လျှောက်စဉ်
မင်းဆံကေသာဦးက
စံပယ်တစ်ခက်
လေဝေ့တော့
နဖူးပေါ်ကပိုကယိုဝဲကျ
ငါ့ရင်မှာ
ငြိမ်းချမ်းလှပါဘိတော့

မင့်အပြုံးမှာ
မိတ်ကပ်ပါးပါးလိမ်းမထားပါလား..

အမ်ထရာဆောင်း ရိုက်ကြည့်စရာမလိုပဲ
မင့်ရင်ထဲထိ တိုးလျှိုးပေါက် မြင်နေရပါလား..

မင့်အနာဂတ်စီမံကိန်းမှာ
ရွှေတွေ ငွေတွေ မပါ
အရောင်တွေခြယ်မထားပါလား
အဲဒါ..
ကိုယ်မောကြီးပမ်းကြီး ရှာဖွေနေခဲ့တဲ့အရာ

အို.. ချစ်နှမရေ
တမန်းဆီနံ့သင်းပျံ့ပျံ့ မင်းခြေဖ၀ါးကိုဆုပ်နယ်ပရစေ
ကောက်နှံကိုင်တဲ့ မင်းလက်ကြမ်းကြမ်းတွေနမ်းရိုက်ပရစေ
ချွေးနံ့သင်းတဲ့ မင်းကိုယ်ခန္ဒာ ထွေးပွေ့ပရစေ
မောင်ကြီးအချစ်ဟာ အရိုးခံပါကွဲ့
ယုံလိုက်တော့ စပယ်နွဲ့ရေ

“ကျွန်ကလား မယားတောသူ” ရှေးရိုးစကား
မင်းတို့အရပ်သူတွေကိုညွှန်းရော့သလား
အရိုးခံသဘာဝနဲ့ တောစံပယ်ပန်းအလှရေ
မင်းကိုချစ်ကြင်မိတဲ့စိတ်
ကိုယ်တော့ တစ်ပြားသားမှ
လျှော့မပေးနိုင်တော့ဘူး။..................။

ဝန်ခံချက်။ ။ ငယ်ငယ်ကကြားဖူးနေကျ ကျေးလက်တေးတွေကို လွမ်းဆွတ်သောစိတ်ဖြင့် ဒီကဗျာကို ရေးဖွဲ့ပါတယ်။

ငြိမ်းချမ်းအောင်

2 comments:

ပျူနိုင်ငံ said...

ရွာကြီးသူ စံပယ်နွဲ့ ဆိုတဲ့ စကားလုံးလေ
လှတယ်ဗျာ ကိုငြိမ်းချမ်းရေ။

ဆောင်းယွန်းလ said...

ကဗျာလေးကောင်းတယ်.ကိုငြိမ်းချမ်းအောင်ရေ..
တောစံပယ်လေးတစ်ပွင့်ကိုလွမ်းဆွတ်တသနေပုံရတယ်
အစစအရာရာအဆင်ပြေပါစေဗျာ..
ခင်မင်လျက်