09 January, 2009

ခံနိုင်ရည်ကိုစမ်းသပ်ခြင်း (၂)

တစ်နေ့ကိုလေးငါးခြောက်ကြိမ်
ဆာလောင်မွတ်သိပ်တဲ့
အစာအိမ်ရဲ့ စည်းကမ်းပျက်မူကို
တော်လှန်နိုင်ခဲ့ပြီ

ရုပ်ဝတ္တူပစ္စည်းအသစ်အဆန်းတွေကို
လိုချင်တပ်မက်မိတဲ့
စိတ်ရဲ့ အလိုဆန္ဒကို
ပုန်ကန်နိုင်ခဲ့ပြီ

အဖူးအငုံအချောအလှလေးနဲ့သာ
စုံမက်ပေါင်းဖက်လိုတဲ့
နှလုံးသားရဲ့ အာသာရမ္မက်ကိုလည်း
နားချနိုင်ခဲ့ပြီ

အသက်တစ်နှစ်ကြီးခဲ့တာ
သေမင်းကို တစ်ကြိမ်သတိပေးလိုက်တာပဲ

လောဘ ဒေါသ မောဟတွေ တတ်နိုင်သမျှလျှော့ဖို့
ဆန္ဒရှိတိုင်းမဖြစ်နိုင်တဲ့ အခြေအနေကိုလည်း
နားလည်နိုင်ခဲ့ပြီ

ကိုယ့်ကိုကိုယ်သေချာပြီသာဆိုရင်
အိုကေပြီသူငယ်ချင်းတို့

ငါတို့ ခေါင်းနဲ့ဆောင့်မိတဲ့အရာဟာ
အုတ်တံတိုင်းတစ်ခုမဟုတ်တာတော့ သေချာတယ်

သက်တမ်းတစ်ဝက်ကိုလောင်းကြေးထပ်
ဘ၀ကိုပုံအပ်ပြီးမှတော့
အရူံးနဲ့နောက်ကောက်ကျ
ခေါင်းငိုက်စိုက်ချ
လှည့်ပြန်လို့တော့မဖြစ်သေးဘူး

မှန်နေရင်ဆက်လျှောက်မယ်
မှားခဲ့ရင်တစ်ကနေပြန်စကြတာပေါ့ ။………။

ငြိမ်းချမ်းအောင်

3 comments:

ပျူနိုင်ငံ said...

ကိုငြိမ်းချမ်းရယ့် ကဗျာက အရမ်းအဓိပ္ပါယ်ရှိလိုက်
တာ၊ ကောင်းတယ် ကိုငြိမ်းချမ်း အားပေးလျက်ပါ။

ဆောင်းယွန်းလ said...

သက်တမ်းတစ်ဝက်ကိုလောင်းကြေးထပ်
ဘ၀ကိုပုံအပ်ပြီးမှတော့
အရူံးနဲ့နောက်ကောက်ကျ
ခေါင်းငိုက်စိုက်ချ
လှည့်ပြန်လို့တော့မဖြစ်သေးဘူး
ဟုတ်တယ်.သိပ်ကိုမှန်တယ်.သွေးထွက်အောင်ကိုမှန်တာ
ကဗျာမှာမာန်တွေအပြည့်ကိုတွေ့နေရတယ်ဗျ...
ကြိုက်တယ်.ကိုငြိမ်းချမ်းအောင်ရေ့
တချို့ကတော့တစ်ကပြန်မစရဲလို့ကိုခက်နေတာဗျ...

Apprenticeship said...

New Year resolution Kg tal :D :)