26 February, 2009

ဆုတ်ကပ်

စတားဘတ်ခ်ျ ကော်ဖီဆိုင်
လမ်းမကြီးပေါ်မှာ
ကျနော်လျှောက်သွားနေမိတယ်။

ဒေ၀ါလီခံရတော့မယ့်
မြို့တော်ကြီး
တိုက်အိမ်ကြီးတွေ မလှဘူးလား
ကက်ပီတယ်ဟေးလ် အဆောက်အဦးကြီးရေ
ခင်ဗျားကိုဖူးမျှော်ဖို့ ကျနော်အရောက်လာခဲ့တယ်။

ပြုတ်ပြုတ်ပြုန်းကြတယ်
ဇန်န၀ါရီလမှာ လူခြောက်သိန်း
အလုပ်ပြုတ်လာတယ်။

ဒီမှာ မိတ်ဆွေ
ခင်ဗျား အက်စ်တွန်မာတင်
ကားကြီးရော ရောင်းမှာလား

ဈေးကွက်မှာလေလံတင်လိုက်လေ။

အိပ်ကပ်ထဲမှာ ပိုက်ဆံမရှိဘူး
ဘဏ်ကဒ်ထဲမှာ ပိုက်ဆံမရှိဘူး
အမေရိကန်အစိုးရဆီမှာလည်း ပိုက်ဆံမရှိဘူး။

ဆောင်းညစ်ညစ်မှာ
နေကခြစ်ခြစ်တောက်ပူတယ်
ရင်ပူတယ်။ ကိုယ်ပူတယ်
ပိုတိုးမက်ခ်ျမြစ်ထဲမှာ
ရေဆင်းကူးချင်တယ်။

ငွေစက္ကူဆိုတာ အတုရှိတယ်
ကံကြမ္မာဆိုတာက အတုမရှိဘူး။

ဂျော့ပ်တောင်းတက္ကသိုလ်ရှေ့မှာ
လမ်းသလားနေတဲ့ ကောင်မလေးရေ
မေစီကုန်တိုက်ကြီးထဲက လုပ်သေနတ်တစ်လက်နဲ့
ငါ့ရင်ဝတည့်တည့်ကိုသာ ပစ်ထည့်လိုက်ပါတော့။

ဒီနှစ်လည်း ကိုတွတ်ပီတစ်ယောက်
ကံမကောင်းရှာဘူးတဲ့
ထီကမပေါက်ဘူး
ချစ်သူကစိတ်ကောက်နေတယ်။

သေမဲ့ နှစ်မှာ
တောပြောင်းမိခဲ့တယ်။ ။

ငြိမ်းချမ်းအောင်

3 comments:

ကိုအောင်(ပျူနိုင်ငံ) said...

စိတ်ကောက်နေတဲ့ ချစ်သူကို ပြန်ချော့လိုက်လေ
ကိုထွတ် ...။

ဆောင်းယွန်းလ said...

ကိုယ်ချင်းစာပါတယ် ကဗျာဆရာရေ...
ခံစားရတယ်...ရင်ဝကိုအလုံးလိုက်ပြိုပြိုကျလာတဲ့ ဆုပ်ကပ်ကြီးပါပဲ...

ကောင်းကင်ကို said...

အစ်ကိုရေ ကဗျာကတော့ ကောင်းတယ်ဗျာ။ ဒါပေမယ့် ခံစားရတာတော့ မသက်သာလောက်ဘူးဗျာ။ အဆင်ပြေပါစေဗျာ။