07 February, 2009

ကျွမ်းကျင်သည့်အလုပ်အကိုင်

အလုပ်အကိုင်ဆိုတဲ့ကွက်လပ်မှာ
ကဗျာဆရာလို့ ခပ်တည်တည်ချရေးလိုက်တယ်
ဘာဖြစ်လဲ
အာဏာသိမ်းစစ်ခေါင်းဆောင်ဖြစ်ရတာထက်
ကဗျာဆရာဖြစ်ရတာဂုဏ်ယူစရာကောင်းပါတယ်
စီရော်နယ်ဒိုက
တစ်ပတ်ကို ပေါင်နှစ်သိန်းခွဲ ၀င်ငွေရနေချိန်မှာ
ကျနော်ကတစ်နှစ်ကို ပေါင်နှစ်ရာ့ငါးဆယ်တောင် ကိုယ်ပိုင်ဝင်ငွေမရှိခဲ့ဘူး
ကျွမ်းကျင်တဲ့အလုပ်အကိုင်ဆိုလို့
ကဗျာတွေမတောက်တခေါက်ရေးတတ်တာပဲရှိတယ်
အနုပညာလက်နက်နဲ့ ခံစစ်စည်းရိုးကိုမသေမသပ်ကာထားတယ်
ယုံကြည်မူတစ်ခုနောက်ကောက်ကောက်ပါအောင်လိုက်ခဲ့တယ်
နေပူမရှောင်မိုးရွာမရှောင်စီးတော်မြင်းတစ်ကောင်လို အသုံးတော်ခံခဲ့တယ်
လူဆိုတာပညာတတ်လေပိုပြီးဖောက်ပြန်တတ်လေပဲ
သွေးနားထင်ရောက်နေတဲ့ ကွက်စိပ်ဆရာတစ်ယောက်ကိုတွေ့ဖူးတယ်
သနားစရာကောင်းပါတယ်
မှတ်ကျောက်အတိုက်ခံရဲတဲ့ အညတရတစ်ယောက်နဲ့တွေ့ဖူးတယ်
သူ့အတွက်ကျနော်ဂုဏ်ယူတယ်
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ကျောင်းသုံးစာအုပ်မှာ ကျနော်ကဗျာတွေရေးတယ်
လွန်ခဲ့တဲ့ဆယ်နှစ်က မှတ်တမ်းစာအုပ်မှာ ကျနော်ကဗျာတွေရေးတယ်
အခုကွန်ပြူတာမှာ ကျနော်ကဗျာတွေရေးတယ်
အနိမ့်အမြင့် အတက်အကျ မရှိတဲ့
လောကဓံဆိုတာ
ကျနော်ချရေးလိုက်တဲ့ကဗျာတွေပါပဲ။………….။

ငြိမ်းချမ်းအောင်...

5 comments:

ဆောင်းယွန်းလ said...

လူဆိုတာပညာတတ်လေပိုပြီးဖောက်ပြန်လေပဲ
သွေးနားထင်ရောက်နေတဲ့ ကွက်စိပ်ဆရာတစ်ယောက်ကိုတွေ့ဖူးတယ်
သနားစရာကောင်းပါတယ်
မှတ်ကျောက်အတိုက်ခံရဲတဲ့ အညတရတစ်ယောက်နဲ့တွေ့ဖူးတယ်
သူ့အတွက်ကျနော်ဂုဏ်ယူတယ်
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ကျောင်းသုံးစာအုပ်မှာ ကျနော်ကဗျာတွေရေးတယ်
လွန်ခဲ့တဲ့ဆယ်နှစ်က မှတ်တမ်းစာအုပ်မှာ ကျနော်ကဗျာတွေရေးတယ်
အခုကွန်ပြူတာမှာ ကျနော်ကဗျာတွေရေးတယ်
အနိမ့်အမြင့် အတက်အကျ မရှိတဲ့
လောကဓံဆိုတာ
ကျနော်ချရေးလိုက်တဲ့ကဗျာတွေပါပဲ

ကောင်းလိုက်တဲ့ စာသားတွေပါလား ကဗျာဆရာရေ...နက်နက်ရှိုင်းရှိုင်းကိုကြိုက်တယ်ဗျာ...

ကောင်းကင်ကို said...

အစ်ကိုရေ။ မြန်မာပြည်က ကဗျာဆရာတွေဆို ပေါင်နှစ်ရာ့ငါးဆယ်မပြောနဲ့ ။ ဘတ် နှစ်ရာ့ငါးဆယ်တောင် ဝင်ငွေမရှိဘူးဗျ။ ကျွန်တော်တော့ တစ်လကို ဘတ်တစ်ထောင် ဝင်ငွေရှိတယ်။ ကဗျာရေးလို့ ရတာတော့ မဟုတ်ဘူး။ စာသွားသင်ပေးလို့ ရတာ။ :D

ပျူနိုင်ငံ said...

ကိုငြိမ်းချမ်းကဗျာလေး လာဖတ်သွားပါတယ် အားပေး
လျက်ပါ။

Anonymous said...

ကောင်းလိုက်တဲ့ ကဗျာလို့ပဲ ပြောချင်တော့တယ်ကိုငြိမ်းချမ်းရေ

အားပေးလျှက်ပါ

မိုးလှိုင်ည said...

အစ်ကိုရေ ကဗျာက ဖမ်းစားသွားတယ် ရင်ဘတ်တစ်ခုလုံး
ပြိုပျက်နေပေမယ့် လင်းလက် တောက်ပနေတဲ့ အစ်ကိုမျက်ဝန်းကို
မြင်ယောင်မိတယ် လေးစားပါတယ်အစ်ကို
ခင်မင်စွာဖြင့်
မိုးလှိုင်ည