08 March, 2009

ပယင်းရောင်နေ့များ

စူပါ-ပါဝါ လက်နက်နိုင်ငံတော်ကြီး
မြို့ပြဆောင်းညမှာ
ပုဆိုးခြုံကွေးရင်း၊ ငါ ဆွေးနေမိရဲ့

ဘယ်သူယုံမှာလဲ
အိုဘားမားနဲ့ ငါနဲ့ တစ်မြို့တည်းသားတွေပါလို့ပြောရင်
ရုပ်ကြမ်းကြီးနဲ့ နွဲ့နေတာ မဟုတ်ရပါဘူးကွာ
ဘယ်သူ ယုံမှာတဲ့လဲ
ငါ့မှာ ရည်းစားမရှိပါဘူးလို့ပြောရင်

ဂျာနယ်လစ်တွေ
လော်ဘီလစ်တွေ
အလုပ်ဖြစ်နေတဲ့ ခေတ်မှာ
မှော်ဆရာတွေ၊ လူညာတွေ
အလုပ်ဖြစ်နေတဲ့ ခေတ်မှာ

ကဗျာရွှေခေတ်ဘယ်တော့ဖြစ်မှာလဲ

စိတ်မပျက်နဲ့၊ သူငယ်ချင်း
အမေရိကန်စီးပွားပျက်ကပ်မှာ
သူဌေးသမီးလည်း သွေးမကြီးနိုင်ပါဘူး

အနောက်မှာကျောင်းမတက်ဖူးရင်
ဗိုလ်လိုမမှုတ်တတ်ရင်
လူတလုံးသူတလုံး မဖြစ်တော့ဘူးလား

စိတ်ကူးက မသစ်တော့ဘူး
မျိုးဆက်က မသစ်တော့ဘူး
ငါ့ကဗျာတွေ သစ်ဖို့
ကဗျာနဲ့ငါ မျက်နှာပြန်သစ်နေရ
ပင်ပမ်းလှပါပြီကွယ်

ရာဇ၀င်မှာ
ဘုရင့်နောင် ဖောင်ဖျက်ခဲ့ဖူးတယ်
ငါတို့ခေတ်မှာ
သူရဲကောင်းကို ရုပ်တုထုပြီး ကိုးကွယ်ရမယ်

သစ္စာဖောက်တွေမရှိပဲ သစ္စာဆိုဖို့ လိုပါ့မလား
သစ္စာဆိုပြီး သစ္စာဖောက်သွားတာလည်းရှိတယ်

ရွာသူနှောက်ယှက်ရင် ရွာသူကို တောထုတ်မယ်
ရူးချင်ယောင်ဆောင်ရင် အရူးထောင်ပို့ရမယ်
ထူနေတဲ့ အရေခွံကို ဓါးနဲ့ နာနာထစ်မယ်

ကျောက်ထွင်း အက္ခရာတိုင်း
သမိုင်းမဟုတ်ဘူး သူငယ်ချင်း

မဲဆောက်မှာ အိမ်သာကျဉ်းတူးရလို့ပဲဖြစ်ဖြစ်
အမေရိကားမှာ ဆူရှီလိပ်ရလို့ပဲဖြစ်ဖြစ်
မင်း ခြေတစ်လှမ်းဟာ
ကုဋေတစ်သန်း တန်ပါစေ။ ။

ငြိမ်းချမ်းအောင်

7 comments:

ATN said...

ဇော်ကြီးကိုများ ပြေနေလေသလား...

ဒါမှ မဟုတ် အကို့ကိုများ ပြောနေလေသလား...း)

အိမ်လည် မရောက်တာတောင် ကြာနေပြီ
ငါ့ညီလည်း မအားဘူး ထင်တယ်
အဆင်ပြေပါစေ

ဆောင်းယွန်းလ said...

ဂျာနယ်လစ်တွေ
လော်ဘီလစ်တွေ
အလုပ်ဖြစ်နေတဲ့ ခေတ်မှာ၊
မှော်ဆရာတွေ၊ လူညာတွေ
အလုပ်ဖြစ်နေတဲ့ ခေတ်မှာ၊
အလုပ်မဖြစ်တာဆိုလို့
ကဗျာဆရာရယ်၊ ကဗျာရယ်ပဲ ကျန်တယ်။
ကဗျာဆရာရယ်..ကဗျာရယ်...ဟုတ်တယ်...
တချို့ကတော်လှန်ရေးကို ငွေနဲ့ရှာတယ်..
ကျနော်တို့က စိတ်နဲ့ရှာတယ်လေဗျာ..ဒါပဲကွာတာပါ

ကဗျာတပုဒ်လုံးကို သွေးထွက်အောင်ကြိုက်တယ်ဗျာ...

Anonymous said...

(“ဇော်ကြီးပြောတာလား..အကို့ကိုများ ပြောသလားလို့ မမေးနေနဲ့လေ...ကဗျာတပုတ်နဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာဖြစ်ချင်ဖြစ်နေမှာပေါ့...)

ဂျာနယ်လစ်ယောင်ယောင်..စာရေးသူယောင်ယောင်လည်း အလုပ်မဖြစ်ပါဘူး။

ဘယ်လောက်ယောင်လည်း..ဆို တော်လှန်ရေးကို ဘာနဲ့ ရှာရမှန်းတောင် မသိလို့ စစ်တပ်ကို ပြန် ၀ယ်ဖို့ ငွေတွေအများကြီး လိုချင်နေတဲ့စိတ်ကတော့ ခုတလော တော်တော်ကြီးစိုးနေတယ်။

ကဲ..နောက်ဆုံးပေမယ့် အရေးပါတဲ့ ကွန်းကို မဲန့်ပါရစေ။

ကဗျာဖတ်လို့ ပိုချောသွားအောင် အဖြတ်အရပ်.အနားသပ်လေးတွေကို နဲနဲ ဂရုစိုက်ပြင်ပေးစေချင်တယ်။

Anonymous said...

"သစ္စာဖောက်တွေမရှိပဲ သစ္စာဆိုဖို့ လိုပါ့မလား
သစ္စာဆိုပြီး သစ္စာဖောက်သွားတာလည်းရှိတယ်၊"

ကြိုက်တယ် ကဗျာစာသားတွေကို၊

ကိုအောင် said...

ဒီကဗျာက တကယ့်ရှယ်ပါဘဲ၊ ကျနော်လည်း ခဏခဏ
ပြန်ပြီး ရွတ်နေမိတယ်။

Nyein Chan Aung said...

ဟုတ်ကဲ့ မခွာညို၊ နောက်ရေးဖြစ်တဲ့ ကဗျာတွေကြရင်၊ ဂရုစိုက်လိုက်ပါ့မယ်၊ ခုလို ပွင့်ပွင့်လင်းလင်း လာပြောပေးတဲ့ အတွက် ကျေးဇူး။

Anonymous said...

ကဗျာတွေအားလုံးကို သတိထားဖြစ်တယ်