18 March, 2009

Kyi Maung Than - The Letter to World Poetry Day

(မိုးမခမှ ကူးယူဖော်ပြသည်)

ကမ္ဘာ့ကဗျာနေ့အတွက် သ၀ဏ်လွှာ

ကြည်မောင်သန်း

မတ် ၁၈၊ ၂၀၀၉


၂၀၀၉ ခုနှစ် ကမ္ဘာ့ကဗျာနေ့ ရက်မြတ် အခါသမယတွင် ကမ္ဘာ့ ကဗျာဆရာအားလုံး ကဗျာလုပ်ငန်းခွင်များ အောင်မြင်ဖြစ်ထွန်းကြလျက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေဟု နှုတ်ခွန်းဆက်သအပ်ပါသည်။


ရေးဖော် ကဗျာဆရာ အပေါင်းတို့ခင်ဗျား …

ကမ္ဘာ့ကဗျာနေ့အတွက် ကဗျာတစ်ပုဒ် ရေးလိုပါတယ်

ဒါပေမယ့် ဘယ်လိုကဗျာ ရေးရမှန်းမသိ

ထုံးစံအတိုင်း ရေးဖော် ကဗျာဆရာများ

ကမ္ဘာ့ကဗျာနေ့မှာ ကျန်းမာ ချမ်းသာကြပါစေလို့ပေါ့ဗျာ …


ဒါပေမယ့် ကဗျာဆရာတွေ ကျန်းမာ ချမ်းသာကြပါရဲ့လား

ကဗျာဆရာတွေ ကဗျာတွေရေးကြ

မဂ္ဂဇင်းတွေကို ကဗျာတွေ ပို့ကြ

ကဗျာစာအုပ်တွေ ထုတ်ကြ

ကဗျာတွေကို ဝေဖန်ကြ ဆွေးနွေးကြ

ကဗျာဆရာတွေကို ဆုပေးကြ ဒဏ်ပေးကြ

ကဗျာဆရာတွေ ငြင်းကြ ခုန်ကြ ရန်ဖြစ်ကြ

ကဗျာဆရာတွေ မူးကြ ရူးကြ အော်ဟစ်ကြ

ကဗျာဆရာတွေ သေကြ ရှင်ကြ မသေမရှင် ဖြစ်ကြ


ဒီလိုနဲ့ ကဗျာလောကကြီး အသက်ဝင်နေဆဲပါပဲ

ဒီလိုနဲ့ ကမ္ဘာပေါ်မှာ ကဗျာဆရာတွေနဲ့ ကဗျာတွေ ရှိနေဆဲပါပဲ

ဒီနေ့အထိ ကမ္ဘာပေါ်မှာ ကဗျာ လိုအပ်ချက် အနုပညာအနေနဲ့ ရှိနေဆဲပါပဲ

စာသင်ခန်းများစွာ ကဗျာတွေကို သင်ကြားပို့ချဆဲပါပဲ


ဆောက်လုပ်ရေး လုပ်ငန်းခွင်က မဆလာသယ်တဲ့ ကောင်မလေးအတွက်

ကဗျာဟာ လိုအပ်ချင်မှ လိုအပ်ပါလိမ့်မယ်

စီးပွားရေးလုပ်ငန်းရှင် သူဋ္ဌေးကြီးတစ်ဦးအတွက်

ကဗျာဟာ လိုအပ်ချင်မှ လိုအပ်ပါလိမ့်မယ်

ဒါပေမယ့် ကဗျာတပ်မက်သူ ကဗျာဖတ်သူ ကဗျာချစ်သူများအတွက်

ရှေးယခင်မှ ယခုအထိ ကဗျာဟာ လိုအပ်နေဆဲပါပဲ။


မိမိတို့ ဘိုးဘွားများ လက်ထက်မှ စပြီး

ကဗျာယဉ်ကျေးမှု ထွန်းကားခဲ့ရာမှာ

ဒီနေ့အထိ ကဗျာအတွက် ဘ၀ပျက်သူတွေ ရှိနေဆဲပါပဲ

ဒီနေ့အထိ ကဗျာအတွက် အသက်စွန့်သူတွေ ရှိနေဆဲပါပဲ

ဒီနေ့အထိ ကဗျာအတွက် ထွက်ပြေးရသူတွေ ရှိနေဆဲပါပဲ

ဒီနေ့အထိ ကဗျာအတွက် အကျဉ်းကျသူတွေ ရှိနေဆဲပါပဲ

ဒီနေ့အထိ ကဗျာအတွက် နာရီပေါင်းများစွာ အလုပ်လုပ်နေသူတွေ ရှိနေဆဲပါပဲ


တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာမှာ

ကဗျာဟာ အဓိက လိုအပ်ချက်တရပ်ဖြစ်နေဆဲပါပဲ


ဒါကြောင့်မို့ ကဗျာကို အခြေခံပြီး

အခြားအနုပညာ ကဏ္ဍများကိုလည်း

ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဦးတည်ချက် ချမှတ်ကြ …

ကမ္ဘာ့ကဗျာစားသုံးသူများရဲ့ လိုအပ်ချက်ကိုလည်း တတပ်တအား ဖြည့်ဆည်းကြ …


နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ

ကဗျာဟာ အဓိက လိုအပ်ချက်ဖြစ်တယ်

ကဗျာ တည်ငြိမ်တိုးတက်ရေးနဲ့ ဖွံ့ဖြိုးရေးကို

နှောင့်ယှက်ဟန့်တားနေတဲ့ ပြည်တွင်း ပြည်ပ အဖျက်သမားများ အန္တရာယ်ကို

ကဗျာဆရာတွေ စုပေါင်း ကာကွယ် တိုက်ဖျက်ကြ …


ဒီလို ကမ္ဘာ့ကဗျာနေ့ အခါသမယမှာ

ကဗျာဆရာများ လုပ်ငန်းခွင် သာယာရေး

အကျိုးစီးပွား ဖြစ်ထွန်းရေး

ကာယစိတ္တ နှစ်ဖြာ ကျန်းမာချမ်းသာကြစေရေး

ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

( ကမ္ဘာ့ကဗျာနေ့ကို ကြိုဆိုဂုဏ်ပြုပါ၏ )

2 comments:

ကိုအောင် said...

တကယ့်ကို မသိလိုက်ဘူးဗျာ အလုပ်တွေ များနေလို့
ဝေမျှပေးတာ ကျေးဇူး ကိုငြိမ်းချမ်း။

ဆောင်းယွန်းလ said...

ကိုလှသန်းကတော့ ဘာပဲရေးရေးထိမိနေတော့တာပဲ
ကောင်းတယ်ဗျာ..
မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုငြိမ်းချမ်းအောင်ရေ