မြို့ကြီးသူနဲ့မတူ
တစ်မူခြား
အရိုးခံသဘာဝနဲ့
တောစံပယ်ပန်းအလှရေ
မိုင်အထောင်အသောင်းကိုဖြတ်လို့
မင်းရှိရာအရပ်ဆီ
ချစ်သ၀ဏ်လွှာပါးလိုက်ပါရဲ့
ချစ်နှမ ကြားရပါစေတော့
နွားရိုင်းသွင်းချိန်
နေညိုညနေချမ်း
ရေခပ်ဆင်းလာ
တောပန်းအလှကို
ချစ်စကားပြောရင်
စိတ်ဆိုးမှာလား
စိတ်ကူးနဲ့တင်
အရိုးခံအလှမှာ
ကိုယ့်ခံတပ်ကလေး
ပြိုကျသွားပြီ
ရွာကြီးသူစံပယ်နွဲ့ရေ
ရိုးမြေကျပေါင်းပရစေလား
အသားတော်ညိုပြာညက်နဲ့
မင်းပါးပြင်နှစ်ဖက်က
ရွှေဘိုသနပ်ခါးပါးကွက်ကျား
မြင်ရစဉ်တစ်ခဏ
မြတ်နိုးစိတ်ဟာ
ထိမ်းမနိုင်သိမ်းမရ
ရွာတစ်ရိုးမှာ
မင်းဖြတ်လျှောက်စဉ်
မင်းဆံကေသာဦးက
စံပယ်တစ်ခက်
လေဝေ့တော့
နဖူးပေါ်ကပိုကယိုဝဲကျ
ငါ့ရင်မှာ
ငြိမ်းချမ်းလှပါဘိတော့
မင့်အပြုံးမှာ
မိတ်ကပ်ပါးပါးလိမ်းမထားပါလား..
အမ်ထရာဆောင်း ရိုက်ကြည့်စရာမလိုပဲ
မင့်ရင်ထဲထိ တိုးလျှိုးပေါက် မြင်နေရပါလား..
မင့်အနာဂတ်စီမံကိန်းမှာ
ရွှေတွေ ငွေတွေ မပါ
အရောင်တွေခြယ်မထားပါလား
အဲဒါ..
ကိုယ်မောကြီးပမ်းကြီး ရှာဖွေနေခဲ့တဲ့အရာ
အို.. ချစ်နှမရေ
တမန်းဆီနံ့သင်းပျံ့ပျံ့ မင်းခြေဖ၀ါးကိုဆုပ်နယ်ပရစေ
ကောက်နှံကိုင်တဲ့ မင်းလက်ကြမ်းကြမ်းတွေနမ်းရိုက်ပရစေ
ချွေးနံ့သင်းတဲ့ မင်းကိုယ်ခန္ဒာ ထွေးပွေ့ပရစေ
မောင်ကြီးအချစ်ဟာ အရိုးခံပါကွဲ့
ယုံလိုက်တော့ စပယ်နွဲ့ရေ
“ကျွန်ကလား မယားတောသူ” ရှေးရိုးစကား
မင်းတို့အရပ်သူတွေကိုညွှန်းရော့သလား
အရိုးခံသဘာဝနဲ့ တောစံပယ်ပန်းအလှရေ
မင်းကိုချစ်ကြင်မိတဲ့စိတ်
ကိုယ်တော့ တစ်ပြားသားမှ
လျှော့မပေးနိုင်တော့ဘူး။..................။
ဝန်ခံချက်။ ။ ငယ်ငယ်ကကြားဖူးနေကျ ကျေးလက်တေးတွေကို လွမ်းဆွတ်သောစိတ်ဖြင့် ဒီကဗျာကို ရေးဖွဲ့ပါတယ်။
ငြိမ်းချမ်းအောင်
09 December, 2008
အရိုးခံအလှနဲ့ တောကစပယ်
“ကိုယ့်ကိုကိုယ်မုန်းမိတဲ့ မဟာအမုန်းတွေ” ဆိုပါလား
ခေါင်းစဉ်ကြီးက ကြောက်စရာကြီးဗျာ။ အမုန်းတောင်မှ “မဟာ” အမုန်းဆိုတော့ ခေါင်းစဉ်ကြည့်ပြီး နည်းနည်းတော့ လန့်မိတယ်။
ဟုတ်တယ်ဗျာ။ ဒါပေမဲ့ ကျနော်လည်း ဒီရက်ထဲ ကဗျာရေးရတာ အဆင်မပြေဘူး။ စိတ်ကူးတစ်စတလေကို အမိအရ ဖမ်းဆုပ်ဖို့ လုပ်ပေမဲ့ မအောင်မြင်ဘူး။
ဒီအချိန်မှာ ကိုဆောင်းယွန်းလက တဂ်လာတော့လည်း သူ့တဂ်တဲ့ “မဟာ အမုန်း” ကိစ္စကြီးကိုပဲ ချရေးလိုက်ရတော့တာပေါ့ဗျာ။ ကိုယ့်အားနည်းချက်ကို သူတစ်ပါးကို ဖွင့်ပြောရတာ ကောင်းတဲ့ ကိစ္စတော့မဟုတ်ဘူး။ ဒါပေမဲ့ တတ်နိုင်ဘူးဗျာ။
တကယ်တော့ (ဒီအချက်တွေကြောင့်) ကိုယ့်ကိုကိုယ်မုန်းတယ်တော့လည်း မဟုတ်ဘူးပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် လူဖြစ်လာပြီဆိုတော့လည်း ဒီစိတ်ဒီခန္ဒာကိုယ်ကြီးကိုယ်သယ်ဆောင်ပြီး မသေမချင်း လူဆက်လုပ်နေရ ဦးမှာ မဟုတ်လား။ ဒီတော့ ကိုယ့်ကိုကိုယ်တော့ (ကောင်းကွက် ကလေးတွေ ရှာကြံပြီးပဲဖြစ်ဖြစ်) ဆက်ချစ်နေဦးမှ တော်ကာကျမယ် ကိုယ့်လူရေ။
ဒါပေမဲ့ဗျာ ကျနော့်မှာ အားနည်းချက်တွေ အများကြီးရှိနေတယ်။ အဲဒီအားနည်းချက် တချို့တလေကို ကျနော်ချရေးကြည့်တာပါ။ အံ့သြစရာကောင်းတာက ကျနော့်ကိုယ်ကျနော် မကြိုက်တဲ့ အချက်တွေက ကိုဆောင်းယွန်းလရဲ့သူ့ကိုယ်သူ မကြိုက်တဲ့အချက်တွေနဲ့ တော်တော်ကြီးကို သွားတူနေတယ်။ ကိုယ့်ကိုကိုယ်မကြိုက်တာကများပြီး၊ ကြိုက်တာက တော်တော်ကိုနည်းနေတာကိုး။ ကိုဆောင်းရေးပြီးသားအချက်တွေကို အတတ်နိုင်ဆုံး ရှောင်ပြီးတော့ အချက်ဆယ်ချက်ကို ဖျစ်ဖျစ်ညှစ်ညှစ် ဆွဲထုတ်ကြည့်မိတော့ အောက်ပါအတိုင်းတွေ့ရတယ်။
၁။ ဒစ်ပလိုမေစီကို ရှေ့တန်းမတင်ခြင်း
ကျနော်က တစ်ခုခု ကိုမကြေနပ်ရင် မြိုသိပ်မထားတတ်ဘူး။ မကြိုက်ရင်မကြိုက်တဲ့အကြောင်း အဲဒီလူရှေ့တင် ဗြောင်ဖွင့်ပြောတတ်တယ်၊ ကျနော်ပြောတာကို အပြောခံရတဲ့လူက မခံနိုင်လို့ လူချင်းဖက် သတ်ရရင်သတ်ရရော။
၂။ ခေါင်းမာခြင်း
ခေါင်းမာတယ်။ ကျနော့်ကိုဝေဖန်လာခဲ့ရင် ဝေဖန်မူတွေကို အသိအမှတ်ပြု နားထောင်တတ် ပေမဲ့ ကျနော့်စဉ်းစားချက်ကို လွယ်လွယ်နဲ့မပြောင်းတတ်ဘူး။ ကိုယ်မှန်တယ်ထင်ရင် တစ်ယောက်နဲ့အများ အတိုက်အခံလုပ်တတ်တယ်။ များရာဘက်ကို မပါတတ်ဘူး။
၃။ အကူအညီတောင်းလာရင် ဟင့်အင်းလို့ ငြင်းဆန်ရမှာ အားနာခြင်း၊ နိမ့်ကျသူကို သနားတတ်ခြင်း
ကျနော့်ကို အကူအညီတောင်းလာရင် ဟင့်အင်းလို့ ငြင်းဆန်ရမှာ အားနာတတ်တယ်။ အဲဒါကြောင့် လုပ်ပေးပါ့မယ်လို့ ကတိပေးပြီး တကယ်လုပ်မပေးနိုင်တဲ့ ကိစ္စတွေရှိတယ်။ အဲဒါကြောင့် မျက်နှာပျက်စရာတွေလည်း ကြုံခဲ့ရဖူးတယ်။ ပြီးတော့ နိမ့်ကျသူကို လွယ်လွယ်သနားတတ်တယ်။
၎။ အောက်မကျို့တတ်ခြင်း
အခွင့်အရေးတခုခု ရဖို့အတွက် တစ်စုံတစ်ယောက်ကို အောက်ကျို့ဖို့ကိစ္စက ကျနော်လုံးဝကို မလုပ်တဲ့အရာပဲ။ သူများပေးမှ ရမယ်ဆိုရင် ကျနော် မယူချင်ဘူး။
၅။ ဒေါသကြီးခြင်း
မာနကို စော်ကားထိပါးလာတယ်လို့ ခံစားရရင် သီးမခံတတ်ဘူး။ စိတ်မရှည်တတ်ဘူး။ ပြီးတော့ ချက်ခြင်းရှင်းချင်တယ်။
၆။ အဟောင်းတချို့ကိုအသစ်ထက်ပိုကြိုက်တယ်၊ လွယ်လွယ်နဲ့လည်း အထင်မကြီးတတ်ဘူး
ကျနော်ကတော့ ကိုယ့်ကိုကိုယ် conservative လို့မထင်မိဘူး။ ဒါပေမဲ့ ကောင်းမွန်တဲ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမူဓလေ့စရိုက် အဟောင်းအမြင်းတွေကို ဆုပ်ကိုင်ထားမိတယ်။ အသစ်အဆန်းတွေကို လွယ်လွယ်ကူကူနဲ့ လက်မခံတတ်ဘူး။ ပြီးတော့ ကိုယ့်ကိုကိုယ် အထင်မကြီးမိပေမဲ့၊ တစ်ပါးသူတစ်ယောက်ကိုလည်း လွယ်လွယ်ကူကူနဲ့တော့ အထင်မကြီးတတ်ဘူး။
၇။ စဉ်းစားတွေးခေါ်ရတာကိုပဲနှစ်သက်တယ်၊ ဟိုက်-တက်ဂနိုလော်ဂျီ၊ သိပ္ပံပညာစတာတွေကို စိတ်မ၀င်စား
စဉ်းစားတွေးခေါ်မူနဲ့ဆိုင်တဲ့ အသိပညာကိစ္စတွေကို ပိုပြီးစိတ်ဝင်စားတယ်။ ခေတ်မီနည်းပညာ ကွန်ပြူတာ၊ သိပ္ပံပညာရပ် စတဲ့အတတ်ပညာအသစ်အဆန်းတွေကို ကျနော် စိတ်ဝင်စားလို့ မရတာ ခက်တယ်။ ခေတ်မမီဘူးလို့ဆိုရမှာပေါ့။
၈။ စကားနည်းလွန်းခြင်း
ပြောစရာမရှိရင် ဒီအတိုင်းထိုင်နေတတ်တယ်။ အလပ္ပသလပ္ပ စကားတွေဖောင်မဖွဲ့တတ်ဘူး။ ပြီးတော့ ကျနော်ကစပြီး မိတ်ဆွေဖွဲ့မိတာသိပ်မရှိဘူး။ တစ်ချို့က ကျနော့်ကို ငကြောင်လို့ ကင်ပွန်း တပ်ကြတယ်။ လူနည်းစုကတော့ မာနကြီးတယ်တဲ့။ တကယ်တော့ ကျနော်က သီးခြားနေတတ်တာပါ။
၉။ ရွေးချယ်လွန်းခြင်း
အင်္ကျီအ၀တ်အစား ၀ယ်တာကအစ၊ တိုလီမုတ်စ ပစ္စည်လေးတွေဝယ်တာအဆုံး ကျနော်က ရွေးချယ်လွန်းတယ်။ တစ်ခုခုကို စိတ်တိုင်းမကျချင်ဘူး။ ၀ယ်ပြီးပြန်ရင်လည်း မကြိုက်လို့ မသုံးပဲထားတဲ့ ပစ္စည်းတွေရှိတယ်။ ဒါကြောင့်လည်း ရွယ်တူတွေ တစ်ယောက်ပြီး တစ်ယောက်အိမ်ထောင်တွေကျ၊ ကလေးသုံးလေးယောက်ရနေချိန်မှာ ကျနော်ကခုထိ ချစ်သူမရှိသေးတာနေမှာ (ဟဲဟဲ စိတ်မရှိပါနဲ့.. ကြုံတုန်းလေးကြော်ငြာဝင်လိုက်တာ)
၁၀။ အသန့်အပြန့်ကြိုက်လွန်းခြင်း
လူတော်တော်များများကတော့ သန့်ပြန့်မူကို ကြိုက်ကြမှာပါ။ ဒါပေမဲ့ ကျနော်က နည်းနည်းပိုတယ်လို့ဆိုရမယ်။ ရေရှိတဲ့ နေရာတွေမှာဆိုရင် မကြာမကြာ လက်ကို ရေဆေးနေရမှ ကျေနပ်တယ်။ အ၀တ်တွေ တစ်ခါဝတ်ပြီးရင် ပြန်မ၀တ်ချင်တော့ဘူး။ ပစ်စလက်ခတ်နေတတ်သူတွေ၊ ညစ်ပတ်တဲ့သူတွေကိုလည်း မကြိုက်ဘူး။ ဒီအကျင့်က တချို့အခြေအနေတွေမှာ ပြဿနာတက်နိုင်တယ်။
လောလောဆယ်တော့ ဒီလောက်ပဲ။ လာအားပေးတဲ့ မိတ်ဆွေတွေကို ကျေးဇူးပဲဗျို့..။
ငြိမ်းချမ်းအောင်
28 November, 2008
ရှည်လျှားသောဆောင်းရက်များနဲ့ အဝေးကရွာကလေး
ကျနော့်အိမ်က ဟိုင်းဝေးလမ်းမကြီး ဘေးနားမှာ ကပ်ရက်ရှိတယ်။ အိပ်ခန်းနှစ်ခန်းပါပြီး၊ အပေါ်ထပ် အောက်ထပ်နှစ်ထပ်ရှိတဲ့ အလယ်အလတ်မကြီးမသေး အိမ်တစ်လုံးပါ။ ကျနော့်အိမ် ဘေးမှာခေတ်မီပုံစံ ဆောက်လုပ်ထားတဲ့ ရွာလူကြီးရဲ့ ဆေးဖြူသုတ် တိုက်အိမ်ကြီးတစ်လုံး ရှိပါတယ်။ ကျနော့်အိမ်ရဲ့ နောက်ဖက်မှာတော့ ရွာလူကြီးမိဘတွေရဲ့အိမ်၊ အဲဒီအိမ်မှာ အဖိုးကြီးအဖွားကြီး နှစ်ယောက် နေထိုင်ကြတယ်။
ကျယ်ဝန်းတဲ့ ခြံဝန်းထဲမှာ အိမ်သုံးလုံးဟာ ဖိုခနောက်ပုံစံမျိုး ဆောက်လုပ်ထားတာပါ။ တကယ်တော့ အိမ်သုံးလုံးစလုံးကို ရွာလူကြီး မိဘတွေကပိုင်ဆိုင်ကြတယ်။ သူတို့ဟာ လယ်ဧကများစွာ၊ အိမ်ခြံမြေများစွာပိုင်ဆိုင်တဲ့ တောသူဌေးတွေဖြစ်ပါတယ်။ အိမ်ရှင်အဖိုးကြီး အဖွားကြီးဟာ ရွာသားတွေအပေါ် သြဇာအလွန် ညောင်းပါတယ်။ သက်ဦးဆံပိုင်စနစ်လွှမ်းမိုးမင်းမူနေဆဲ လူ့ပတ်ဝန်းကျင်မှာ ပိုက်ဆံရှိတဲ့ သူတွေဆီမှာ ပစ္စည်းမဲ့တွေက ရိုကျိုးခယ နေကြဆဲ။
ကျနော့်အိမ်ကလေးက ရွာရဲ့ အစွန်ဆုံး (ရွာထိပ်) မှာရှိပြီး၊ ရွာထဲကိုဝင်တဲ့ အဓိက လမ်းမကြီး ကကျနော့် အိမ်ရှေ့ ကနေ ဖြတ်ဖောက်ထား ပါတယ်။ အိမ်ဒေါင့် ခြံစည်းရိုး အပြင်ဖက်မှာ ပိုက်ဆံ အကြွေစေ့ထည့်ပြီးဆက်ရတဲ့ တယ်လီဖုန်းရုံလေး တစ်ခုရှိတယ်။ တယ်လီဖုန်း ရုံလေးကို ပုဂ္ဂလိက တယ်လီဖုန်း ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တာ ဖြစ်ပြီး၊ ဖုန်းရုံလေးရဲ့ အကာမှန်ထူထူ တွေဟာ ရွာခံ ကာလသား လူငယ်တွေရဲ့ ခဲလုံးနဲ့ကျောက်ခဲစာတွေကြောင့် မကြာခဏ ကွဲကြေကြရတယ်။ မကြာခဏ အသစ်လဲလှယ် ရတယ်။
အဲဒီတယ်လီဖုန်းရုံကလေးဟာ ရွာရဲ့အမည်နာမနဲ့တည်ရှိရာကို ဖော်ပြထားတဲ့ ဆိုင်းဘုတ်ကြီးအောက်မှာ ရှိပြီး၊ အဲဒီနေရာတစ်ဝိုင်ဟာ ရွာကာလသား၊ ကာလသမီးတွေ ညပိုင်းအရက်ဝိုင်းဖွဲ့တတ်တဲ့ နေရာလည်းဖြစ်တယ်။ ခြေခင်းလက်ခင်းသာတဲ့ တစ်ချို့ရက်တွေမှာ ရွာထဲက ဆယ်ကျော်သက်ကောင်လေး၊ ကောင်မလေးတွေဟာ ညသန်းခေါင်သန်းလွဲအထိ စုဝေးတတ် ကြတယ်။ ၀ိုင်းဖွဲစားသောက် ကခုန်ပျော်ပါးတတ်ကြတယ်။ လူငယ်တွေ ကြားက ဆက်ဆံရေး ဟာတော်တော် ပွင့်လင်းပုံရှိတယ်။ တစ်ခါတစ်ခါတော့လည်း အော်ကြီးဟစ်ကျယ် ရန်ဖြစ်တတ်ကြပြီး၊ အုပ်စုလိုက် တိုက်ခိုက်တတ်ကြတယ်။
ကျနော့်အိမ်ကလေးရဲ့တစ်ဖက် ဟိုင်းဝေးလမ်းမ ဟိုဖက်ခြမ်းမှာတော့ သားသတ်ရုံ တစ်ခုရှိတယ်။ ညနေပိုင်း နေ၀င်ရီတရော အချိန်တွေ ရောက်ရင် ကျွဲတွေ၊ နွားတွေကို သားသတ်ရုံ ကလေးဆီ ကားတွေနဲ့ လာပို့ကြတယ်။ ခေါင်းဖြတ်စက်ထဲကို မရောက်ခင် ငယ်သံပါ အောင်စူးစူးဝါးဝါး အော်ဟစ်လိုက်တဲ့ ကျွဲနွား အသံတွေကို ကျနော့်အိမ်ကလေးကနေ တစ်ခါတရံ ကြားရတတ်တယ်။
သားသတ်ရုံပိုင်ရှင်တွေဟာ ကျွဲနွားတွေကိုသတ်ဖို့ဖြတ်ဖို့နဲ့ ကုန်ချောဖြစ်လာအောင် ခုတ်ဖို့ထစ်ဖို့ မြန်မာ အလုပ်သမား လူငယ်တွေကို ငှားရမ်းထားကြတယ်။ တစ်ချို့နေ့တွေမှာ သားသတ်ရုံ မီးဖို မီးခိုးခေါင်တိုင်က ထွက်လာတဲ့ မီးခိုးငွေ့တွေနဲ့ အသားကင်နံ့ စူးစူးဝါးဝါးကို ကျနော့်အိမ်ကလေးကနေ ရနေတတ်တယ်။ ရောင်းမကုန်တဲ့ အသားတွေ ပုတ်သိုးမသွားအောင် မီးဖုတ်လိုက်ပြီးမှ ပြန်ရောင်းကြတယ်။ အိမ်ကလေး နောက်ဖက် ၀ရံတာကလေးကနေ ဟိုင်းဝေးလမ်းမကိုဖြတ်ပြီး ဟိုဘက်ကိုမျှော်ကြည့်ရင် သားသတ်ရုံက မြင်ကွင်းတွေကို မြင်နေရတယ်။
ကျနော့်အိမ်ကလေးရှိရာဘက်အခြမ်းမှာ ပင်မရွာမကြီးတည်ရှိပြီး၊ သားသတ်ရုံဖက်အခြမ်းမှာ နောက်တိုး အိမ်စုလေးတွေရှိတယ်။ အိမ်စုလေးတွေ ဆိုပေမဲ့ တိုက်အိမ်တွေ၊ ကျွန်းအိမ်ကြီးတွေ၊ အိမ်ကြီးအိမ် ကောင်းတွေ။ သားသတ်ရုံရဲ့နံဘေးဝန်းကျင်မှာ လယ်ကွင်းတွေ ရှိတယ်။ ကျနော့် အိမ်ရှေ့ကနေထွက်၊ ဟိုင်းဝေးလမ်းမ ပေါ်တက် ပြီး ငါးမိနစ်လောက် လမ်းလျှောက်သွားရင် သားသတ်ရုံဖက်အခြမ်းမှာ ကျနော့်ရုံးရှိတယ်။ ကျွန်းတိုင်လုံး တွေနဲ့ အုတ်ပတ်ကားတက်ပြီး ရဲတိုက်ပုံစံဆောက်ထားတဲ့ သုံးထပ်အဆောက်အအုံဟာ ခန့်ညားလှ တယ်။ အိမ်ပိုင်ရှင် ဟာရွာလူကြီးရဲ့ ညီဝမ်းကွဲတော်စပ်ပြီး၊ သူလည်း လယ်မြေများစွာ၊ အိမ်ခြံမြေများစွာ ပိုင်ဆိုင်သူပဲ။ လူအများစုဟာ မြို့နဲ့အတန်ငယ်အလှမ်းဝေးတဲ့ အဲဒီရွာကလေးမှာ မနေလိုကြတဲ့အတွက် အိမ်ငှားခ ဈေးသက်သာတယ်လို့ ဆိုရမယ်။
မကြာသေးခင်နှစ်တွေက ကျနော်တို့ရုံးနဲ့ သားသတ်ရုံအကြားက လယ်ကွင်းတစ်ချို့ကို ငှားပြီး၊ ထိုင်ဝမ်စီးပွားရေး သမားတွေဟာ အထည်ချုပ်စက်ရုံတစ်ခု လာတည်တယ်။ စက်ရုံစတည်တဲ့ အချိန်မှာ မိုးတွေစရွာနေပြီ။ ဂေါ်ထိုးကားကြီးတွေ၊ မြေသယ်ကားကြီးတွေ၊ စက်ပစ္စည်းတွေ အကူအညီနဲ့ လယ်ကွင်းကို မြေခဲတွေဖို့ကြပြီး၊ ကြီးမားတဲ့ စက်ရုံကြီးတစ်ခုကို တက်သုတ်ရိုက် ဆောက်ခဲ့တယ်။ သိန်းပေါင်းများကုန်ကျမဲ့ ဆေးသားအပြာရောင် သုတ် စက်ရုံကြီးဟာ အဲဒီနှစ်က မိုးကုန်သွားတဲ့အချိန်မှာပဲ မြန်မာအလုပ်သမားတွေ ရာပေါင်းများစွာနဲ့ စတင် လည်ပတ် တော့တာပဲ။
စက်ရုံက စွန့်ပစ်ပစ္စည်းတွေ၊ ပြီးတော့ စက်ရုံမှာပဲ အလုပ်သမားတွေက နေထိုင်ကြတာဆိုတော့ သူတို့စွန့်ပစ်တဲ့ အမိုက်တွေ၊ အညစ်အကြေးတွေနဲ့ တစ်ချိန်က သဘာဝအတိုင်းသာယာခဲ့တဲ့ တောသဘာဝအလှအပတွေဟာ အဲဒီပတ်ဝန်းကျင်လေးမှာ ပျောက်ဆုံးသွားတော့မှာပဲလို့ ကျနော်က ကျနော့်ရဲဘော်တွေကို ပြောခဲ့မိ သေးတယ်။ ကျနော်တို့ရုံးအနောက်ဖေး ၀ရန်တာ ကနေပြီးကြည့်ရင် စက်ရုံဝင်းကို အပေါ်စီး ကနေ မြင်နေရတယ်။ စက်ရုံ ဆင်းချိန် တွေမှာဆိုရင် အလုပ်သမားတွေ လူပ်ရှားနေတာကိုပါ မြင်ရတတ်တယ်။
ပြီးတော့ လူတွေများလာရင် ပုလိပ်တွေရူပ်လာပြီး ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်လေး ရူပ်ထွေး သွားမှာကို ကျနော်တွေးပူနေခဲ့မိတယ်။ မကြာပါဘူး.. စက်ရုံနောက်ဖေးလယ်ကွင်းထဲမှာ လူသတ်မူတစ်ခုဖြစ်တယ်။ အဲဒီနောက်ပိုင်း စက်ရုံ စတင်လည်ပတ်ချိန်ကစပြီး ရေတွက်ရင် လေးငါးလ အတွင်းမှာပဲ စက်ရုံလည်ပတ်မူတစ်ခုလုံး ရပ်ဆိုင်းသွားခဲ့တော့တယ်။ ဘာကြောင့် ရပ်ဆိုင်းသွားတယ်ဆိုတာ မသိပေမဲ့ စက်ရုံမှာ မှီခိုနေရတဲ့ မြန်မာလုပ်သားတွေ၊ သူတို့ကိုမှီခိုနေရတဲ့ မိသားစုတွေကတော့ ထုံးစံအတိုင်း ရေကြည်ရာမြက်နုရာ အလုပ်အကိုင်ရနိုင်တဲ့ နေရာသစ်ကို ထွက်ခွာသွားကြ ရတော့တယ်...
ညနေပိုင်း အလုပ်ပြီးချိန်တွေမှာ ညောင်းညာပင်ပမ်းမူတွေကို ဖြေဖျောက်ဖို့ ဒုတိယထပ် အနောက်ဖေး ဘက်က ၀ရံတာလေးမှာကျနော် အမြဲတမ်း တိတ်တဆိတ်ရပ်တန့်ပြီး လေညင်း ခံဖြစ်တယ်။ အဲဒီရုံး ၀ရန်တာလေးကနေ ကြည့်ရင် အနောက်ဖေးဘက်မှာ တမျှော်တခေါ် လယ်ကွင်းပြင်ကြီးကို မြင်တွေ့ရတယ်။ မြင်ကွင်းရှူခင်းတွေက ရာသီလိုက်ပြီးပြောင်းလဲသွားကြတယ်။
မိုးရာသီမှာဆိုရင် စိမ်းလန်းတဲ့ ကတ္တီပါလယ်ကွင်းတွေ.. တမန်းဆီနံ့၊ ကောက်ပင်ရနံ့တွေကို သယ်ဆောင် လာတဲ့လေညင်း.. တစ်ခါတစ်ခါ ကောက်စိုက်သမတွေသီဆိုတဲ့ သီချင်းသံကိုပါ လေညင်းက ဆောင်ယူ လာတတ်သေးတယ်။ လယ်ကွင်းအစပ်မှာ လယ်သမားတွေ စိုက်ထားတဲ့ ကျွန်းသစ်တောဝိုင်း ကလေး တစ်ခုလည်း ရှိသေးတယ်။ မိုးရာသီမှာတော့ လယ်ကွင်းတွေထဲက မြောင်းကလေးတွေနဲ့ ဟိုင်းဝေးလမ်းမဘေးတစ်လျှောက် မြောင်းဘေးတွေမှာ ဒေသခံအမျိုးသမီးတွေ ငါးမျှားတံကိုယ်စီနဲ့ ငါးမျှားနေကြတာတွေ့ကြရတယ်။ ဒီဒေသမှာ အမျိုးသားတွေက ငါးမမျှားပဲ၊ အမျိုးသမီးတွေကပဲ ငါးမျှားတတ်ကြတယ်။
ဆောင်းရာသီတွေမှာဆိုရင် ပဲပင်၊ ပြောင်းပင်၊ ကြံပင်၊ ဆေးရွက်ကြီးပင်၊ ဖရဲပင်တွေကို တမျှော်တခေါ် မြင်နေရတဲ့ မြင်ကွင်းဟာ စိမ်းစိမ်း စိုစိုနဲ့ ဘယ်တော့ကြည့်ကြည့် ရိုးမသွားခဲ့ဘူး။ ဆောင်းစိုက်ခင်းတွေကိုဖြတ်ပြီး တိုက်ခတ် လာတဲ့လေညင်းရနံ့က တမျိုး ထူးခြားတယ်… ညိုးညိုးညံ့ညံ့ကလေး။
အိမ်နောက်ဖေးက မာလကာ၊ သံပရာ၊ နာနတ်၊ မန်ကျည်းပင်တွေပေါ်က ငှက်ကလေးတွေရဲ့ တေးဂီတသံကိုပါ ညနေခင်းတွေမှာ ကြားရ တတ်တယ်။ အဲဒီအခါမျိုးတွေမှာဆိုရင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတတ်ပြီး၊ ငှက်သံတွေနဲ့အတူ ကျနော်ဟာ အားလုံးကို မေ့နေ တတ်တယ်။
ကျနော်တို့ရုံးနဲ့ အထည်ချုပ်စက်ရုံကြားမှာ မြေနီခင်းထားတဲ့ လမ်းကလေးရှိသေးတယ်။ လမ်းဘေးဝဲယာ မှာရှိတဲ့ တမျှော် တခေါ် လယ်ကွင်း တွေကိုဖြတ်ပြီး မြေနီလမ်းကလေးကနေ ဆယ်မိနစ်လောက် ဆိုင်ကယ်နဲ့ သွားလိုက် မယ်ဆိုရင် ဒေသခံ ကျေးရွာသုံး လေးရွာက စုပေါင်း တည်ထားတဲ့ ထုံးဖြူစေတီကလေး တစ်ဆူရှိတယ်။ နိုဝင်ဘာ လမှာ ဘုရားပွဲ နှစ်စဉ် လုပ်နေကြ။ စေတီတ၀ိုက်ဟာ အေးချမ်းသာယာပြီး၊ သီးပင်စားပင်တွေ၊ တောင်သူတွေ ပိုင်တဲ့ လက်လုပ်ငါးမွေးကန်တွေနဲ့ ပြည့်နေတယ်။ ဆောင်းညနေခင်း တွေမှာဆိုရင်တော့ လယ်သမားတွေရို့တဲ့ တောင်ယာ မီးခိုးငွေ့တွေနဲ့ စေတီပတ်ဝန်းကျင် တစ်ခုလုံးဟာ အုံ့မိုင်းနေတတ်တယ်။
မနက်စောစောအိမ်ကနေရုံးကို လမ်းလျှောက်ပြီးသွားနေကျ။ ညနေမှောင်ရီဖြိုးဖျအချိန်၊ အလုပ်တွေပြီးလို့ ၀ရံတာကလေးမှာရပ်ပြီး အတွေးနယ်ချဲ့လို့ဝတဲ့အချိန်ကျမှ အိမ်ကလေးကို လမ်းလျှောက်ပြန်သွားနေကျ။ နွေနွေမိုးမိုးဆောင်းဆောင်း မပျက်မကွက် စူးစူးနစ်နစ် ကျနော် လုပ်ခဲ့ဘူးတယ်။
ကျနော့်အိမ်ဘေး ဟိုင်းဝေးလမ်းမကြီးကနေ မြောက်ဘက်ကိုဆက်သွားမယ်ဆိုရင် အသီးအနှံ တွေနဲ့ ပန်းအမျိုးမျိုး အများဆုံး ထွက်ရှိရာ ဖြစ်တဲ့ ဖုတ်ဖတ်ဆိုတဲ့ တောင်သူ မြို့ကလေးကို ရောက်တယ်။ အဲဒီကနေဆက်သွားရင် အုန်းဖျန်အမည်ရတဲ့ ဒုက္ခသည်စခမ်းနဲ့ အဲဒီကနေ ဆက်သွားမယ်ဆိုရင် နိုဖိုးဆိုတဲ့ ဒုက္ခသည်စခမ်းရှိတယ်။ နိုဖိုး ဒုက္ခသည်စခမ်းကို သွားမယ် ဆိုရင်တော့ တစ်ရက်ခရီး နီးနီးကြာတယ်။ တောင်ပတ်လမ်းဆိုတော့ အကွေ့ အကောက် တွေများတယ်။ မိုးတွင်းဆိုရင် ကားတွေမကြာခဏ တိမ်းမှောက်တတ်ကြတယ်။
အိမ်ဘေးဟိုင်းဝေးလမ်းမကြီးကနေပြီး တောင်ဘက်ကိုသွားရင်တော့ မြို့တော်တည်ရှိရာကို ရောက်တယ်။ အဲဒီခရီးကလည်း တရက်နီးနီး ကြာတယ်။
အဲဒီပတ်ဝန်းကျင်တ၀ိုက်က ရွာသူရွာသားတွေက တောင်သူလယ်သမားတွေများတယ်။ တောင်သူဆိုပေမဲ့ ငွေကြေးပြည့်စုံကြတယ်။ တနှစ်ကို သုံးသီးစား စိုက်ကြတယ်။ ကားစီး နိုင်ကြတယ်။ လယ်ထဲအထိမြေနီခင်း လမ်းတွေဖောက်ထားတယ်။ ကားတွေ ဆိုင်ကယ် တွေနဲ့ လယ်ထဲကိုသွားတယ်။ ကိုယ်ပိုင်ရေစုပ်စက်တွေနဲ့ ရေတင်ပြီး အသီးအနှံတွေ စိုက်ကြတယ်။
ကျွဲနွားတွေနဲ့ လယ်မလုပ်ကြတော့ဘူး၊ ခေတ်မီစက်ပစ္စည်း နည်းကိရိယာတွေနဲ့ ထွန်ယက် စိုက်ပျိုးကြတယ်။ လူရှိတဲ့နေရာတိုင်းမှာ လျှပ်စစ်မီးရှိတယ်၊ တယ်လီဖုန်းလိုင်းရှိတယ်၊ ရေပိုက်နဲ့ သွယ်ယူထားတဲ့ ကောင်းမွန်တဲ့ ရေပေးဝေရေးစနစ်ရှိတယ်။ နယ်စပ်အစွန်အဖျား ရွာငယ်လေး တစ်ရွာကနေ နိုင်ငံတကာကို အင်တာနက် အီးမေးကနေတစ်ဆင့် အဆက် အသွယ်လုပ်လို့ ရတယ်။ ဖုန်းဆက်လို့ရတယ်။
ရုပ်ဝတ္တူဖွံ့ဖြိုးတိုးတက်ပေမဲ့ ရွာသားတွေရဲ့ အသိပညာကတော့ မြို့ကြီးသားတွေနဲ့ ရင်ဘောင်မတန်း နိုင်သေးတာ ၀န်ခံရမယ်။ ကျေးလက် သဘာဝ ပျော်ပျော်ပါးပါး နေတတ်ကြ တယ်။ အရက်ကလေး တမြမြနဲ့နေကြတယ်။ ရွာက ဆံပင်ညှပ်ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်တွေမှာ နေ့လည်နေ့ခင်းဖက်ဆိုရင် သက်လတ်နဲ့ သက်ကြီးပိုင်း အမျိုးသားတွေ စုရုံးစုရုံးနဲ့ နေကြတယ်။ တက္ကသိုလ်ပညာ သင်ယူသူ ရှားပါးနေဆဲပဲ။ လွယ်လွယ်ကူကူ တတ်ဆင်လို့ရပေမဲ့ အင်တာနက် အီးမေးလ်သုံးစွဲသူ အနည်းအကျဉ်းပဲ ရှိနေသေးတယ်။
ရွာကနေ ဟိုင်းဝေးလမ်းမကြီးနဲ့ ဆန့်ကျင်ဘက်ကို သွားမယ်ဆိုရင်တော့ လယ်ကွင်းပြင် တွေကြားထဲမှာ ရွာနဲ့ မြို့ကလေးကို ဆက်သွယ် ထားတဲ့ ကတ္တရာခင်းလမ်းမငယ် တစ်ခုရှိတယ်။ ရွာသားတွေက အဲဒီလမ်းကလေးကနေ မြို့ကိုကားတွေ၊ ဆိုင်ကယ်တွေနဲ့ ဈေးဝယ် သွားကြတယ်။ အဲဒီရွာငယ်ကလေးထဲမှာကိုပဲ စက်ရုံအလုပ်ရုံ ငယ်ငယ်လေးတွေ လေးငါးခြောက်ခု ရှိတယ်။ အားလုံးမှာ မြန်မာပြည်သား အလုပ်သမားတွေကို ခန့်ထားတယ်။
ရွာကလေးကနေ ဟိုင်းဝေးလမ်းမကြီးကိုဖြတ်ပြီး တောင်ဘက်ကို သွားမယ်ဆိုရင်တော့ ငါးမိနစ်လောက်ပဲ ဝေးတဲ့နေရာမှာ နောက်ထပ် ရွာကလေး တစ်ရွာရှိသေးတယ်။ အဲဒီရွာဟာ တစ်ချိန်က ဦးနုရဲ့ ပီသုံးလုံး ပါတီရဲဘော်တွေ အခြေစိုက်တဲ့ ဌာနချုပ်စခန်း ဖြစ်တယ်။ ဦးသွင်ဦးဆောင် တဲ့ အလယ်ပိုင်းတိုင်းစခန်းပေါ့။ အဲဒီတုံးက ဦးသွင်တို့အုပ်စုဟာ ရွာထဲမှာတင် အေကေ သေနတ်တွေ ကိုင်တွယ်ပြီး နေထိုင်ကြတယ်လို့ သိရတယ်။
အဲဒီရွာမှာ ရွာနီးချုပ်စပ်ကို ရေပေးဝေတဲ့ ဆည်တစ်ခုရှိတယ်။ ဆည်ထိပ်မှာ ဦးနုတည်ခဲ့တယ် ဆိုတဲ့ ဘုရားတစ်ဆူလည်း ရှိတယ်။ ဘုရားက အတော်အတန် ကြီးပေမဲ့ ဒေသခံ အာဏာပိုင် တွေက ပြန်လည်ပြုပြင်မူ မလုပ်ကြဘူး။ ဦးနုကိုယ်တိုင်လည်း အပြီးသတ်အောင် တည်သွားနိုင်ခဲ့တာ မဟုတ်ဘူး။
ညပိုင်းလူခြေတိတ် ချိန်တွေမှာဆိုရင် ကတ္တရာလမ်းမကြီးပေါ်မှာ အော်ဟစ်ပြေးလွှားနေတဲ့ ကားသံတွေကို ကျနော့်အိမ်ကလေးကနေ ဆူညံစွာကြားနေရ တတ်ပါတယ်။ ပုစင်းရင်ကွဲ သံတွေ.. တစ်ခါတစ်ခါ စူးစူးဝါးဝါး ထိုးဟောင်တတ်တဲ့ ခွေးအူသံတွေကလွဲရင် ရွာကလေး ဟာ အမှောင်ထုအောက်မှာ တိတ်ဆိတ်နေတတ်တယ်။ တစ်ခါတခါမှာတော့ မူးယစ်နေတဲ့ ကားသမားက လမ်းပေါ်က ဆိုင်ကယ် မောင်းသူ၊ လမ်းလျှောက်သူတွေကို ၀င်တိုက်သွားတာ တွေကလွဲရင် ရွာကလေးဟာ အေးချမ်းပါတယ်။
ဒီလိုနဲ့ ကာလတွေကြာလာတော့ ရွာကလေးဟာ ကျနော့်ဇာတိမွေးရပ်လိုဖြစ်လာတယ်။ ဒေသခံရွာသားတွေ ကလည်း ကျနော်တို့ကို သိကြတယ်။ ရန်မမူကြဘူး။ ဖော်ရွေကြတယ်။ ဆောင်းရက်တွေမှာ သခွပ်ပွင့်ကောက်၊ ညနေခင်း မြေနီလမ်းကလေးတွေမှာ လမ်း လျှောက်၊ နွေရက်တွေမှာ တမာရွက်နုခူး၊ စေတီကလေးကိုသွားဖူး၊ မိုးရက်တွေမှာ ဒေသခံတွေဖမ်းလာတဲ့ ဖားငါးတွေကို ချက်ပြုတ် စားသောက်ရင်းနဲ့ ရွာကလေးဟာ ကျနော့်ရဲ့ ဒုတိယအိမ် ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ခုတော့ ရွာကလေးဟာ ကျနော့်ဘ၀ထဲကို ထဲထဲဝင်ဝင် တိုးဝင် လာခဲ့ပြီး.. လယ်ကွင်းတွေပတ်လည်ဝိုင်းထားတဲ့ နယ်စပ်အစွန်အဖျားက ရွာငယ်ကလေးအပေါ်မှာ ကျနော့်ရဲ့ ခင်မင်တွယ်တာမူဟာ ကြီးမားသထက် ကြီးမား လာခဲ့တာ ငြင်းဆန်လို့ မရနိုင် တော့ပါဘူး။
မှတ်ချက်။ ။ ဤပိုစ့်တွင်အသုံးပြုထားသောပုံမှာ အင်တာနက်ကနေရှာထားတဲ့ ထိုင်းရွာကလေးတစ်ရွာရဲ့ပုံ ဖြစ်ပါတယ်။
ငြိမ်းချမ်းအောင်
24 November, 2008
လူကြိုက်များတဲ့သီချင်း
နေရောင်ခြည်အလင်းနဲ့
တဖိတ်ဖိတ်တောက်ပနေတဲ့ကောင်းကင်အောက်မှာ
လမ်းဘေးကအလေ့ကျပန်းတစ်ပွင့်တောင်မှ
မြင်ရတာရင်သပ်ရှုမောဖွယ်
အဟောင်းအမြင်းအဆောက်အအုံတွေကိုဖြိုဖျက်
အဆန်းအသစ်နည်းပညာတွေနဲ့ခရီးဆက်ခဲ့
မဟာလူသားတွေရဲ့စွမ်းပကား
အတားအဆီးအကန့်အသတ်မှန်သမျှကျော်ဖြတ်ခဲ့
ငါတို့
လကမ္ဘာကိုရောက်ခဲ့ပြီ
ဟိမ၀န္တာတောင်ကိုတက်ခဲ့ပြီ
ပစိဖိတ်သမုဒ္ဒရာကြီးကိုဖြတ်ကူးခဲ့ပြီ
အပူဒဏ်ကိုတွန်းလှန်ဖို့
လေအေးပေးစက်တွေလဲရှိပြီ
အအေးဒဏ်ကိုအလဲထိုးဖို့
အပူပေးစက်တွေလည်းရှိပြီ
ရာသီစာသီးပင်တွေ
ရာသီမရွေးစားသုံးလို့ရပြီ
တယ်လီပသီမလိုဘူး
ဘိုးဘိုးအောင်နဲ့ဘိုးမင်းခေါင်ကို အပူကပ်စရာမလိုဘူး
ယုတ်စွအဆုံး ၀ါယာကြိုးခွေတွေလည်းမလိုဘူး
ကွန်ပြူတာဖွင့်လိုက်ဖို့ပဲလိုတယ်
ဝါရှင်တန်ပိုစ့်ဖတ်လို့ရပြီ
ဘန်ကောက်ပိုစ့်ဖတ်လို့ရပြီ
ဘလောဒ့်တွေဖတ်လို့ရပြီ
တစ်ခုပဲ
အယူတိမ်းနေတဲ့နတ်စိမ်း
အယူလွဲနေတဲ့သရဲသဘက်တွေကို
တရားမပြနိုင်သေးတာ ၀မ်းနည်းဖွယ်
မသုတ်သင်နိုင်သေးတာ ရင်နာဖွယ်
ဟစ်တလာသေတော့
ဒုတိယကမ္ဘာစစ်ကြီးအဆုံးသတ်သွားခဲ့တယ်
နေ၀င်းသေတော့ အသုဘ လိုက်ပို့သူမရှိခဲ့ဘူး
ပိုပေါ့စ်သေတော့ ကမ်ဘောဒီးယန်းပြည်သူတွေ ၀မ်းမနည်းခဲ့ကြဘူး
စင်းနီတုံးပေါ်က ငါးတစ်ကောင်ရဲ့ မျက်လုံးမျိုးနဲ့မကြည့်နဲ့
ရေထဲစုံးစုံးနစ်မြုပ်မသွားခင်အချိန်အထိ
မျှော်လင့်ချက်ဟာ တလက်လက်ရှင်သန်နေဆဲ
တိုက်ပွဲမှာအနိုင်ရသွားတဲ့ စစ်သူကြီးရဲ့
မောက်မာရိုင်းပျတဲ့စကားလုံးမျိုးတွေမသုံးနဲ့
တိုက်ပွဲရှိနေသ၍ အရူံးအနိုင်ရှိနေသေးတယ်
လေပြည်မှာအောက်ဆီဂျင်မရှိရင်လည်း
မုန်တိုင်းမှာအောက်ဆီဂျင်ရှာကြရုံပေါ့
လမ်းဘေးမှာတောင်းစားနေရတဲ့
သူတောင်းစားတွေကိုကြင်နာပါ
မသမာတဲ့နည်းနဲ့ အလုပ်ဖြစ်နေတဲ့
ခေတ်ပျက်သူဌေးတွေကို ရှောင်ခွါပါ
လမ်းတွေရှိနေသ၍ဆက်လျှောက်နေရမယ်
တောင်တွေရှိနေသ၍ဆက်တက်နေရမယ်
သမုဒ္ဒရာတွေရှိနေသ၍ကူးဖြတ်နေရမယ်
မနက်ဖြန်ဆိုတဲ့
မိုးကောင်းကင်အောက်မှာ
မဖြစ်နိုင်တာမရှိဘူး
မဖြစ်သေးတာပဲရှိတယ်
ငြိမ်းချမ်းအောင်
21 November, 2008
ဂုရုသို့... ချယ်ရီသ၀ဏ်
ဂုရုရေ..
စိမ်းလန်းတဲ့ ရှမ်းရိုးမတောင်တန်းတွေမှာ
ခုချိန်ဆို ချယ်ရီပန်းတွေပွင့်နေလောက်ပြီ..
မြေပြန့်သားကြီးအသည်းဆိုင်ကို
စွဲကိုင်ရစ်သူ မိန်းမသား
ခုနစ်ပြည်ထောင်မင်းအပေါင်းလက်မိုင်ချနိုင်တယ်
ရိုးရာဗုံနဲ့လက်ဖက်ပန်းခူးကကြိုးကကွက်တွေရဲ့မှော်အတတ်မှာ
မြေပြန့်သားကြီးကျဆုံးသွားခဲ့ပါသလား
ရှမ်းကုန်းပြင်မြင့်
ပဲပုတ်ဆားထောင်းထမင်း
တောင်ပေါ်ရိုးရာဗုံသံ
ငွေနဲ့ယက်တဲ့သင်္ကန်းအလှတွေကို
အရူးအမူးချစ်တတ်ခဲ့သူ
လက်ဖက်တွေပွင့်တဲ့အရပ်ကို
လိုက်ခဲ့ပါရစေလို့
တခုတ်တရ ကမ်းလှမ်းခဲ့ပေမဲ့
တောင်ပေါ်သူ ပန်းချယ်ရီချောအလှက
အဆင်းမလှတဲ့မောင်ကြီးကို
ယောင်လို့တောင်စိတ်မယိုင်ခဲ့လေတော့
မောင့်ထိုက်နဲ့မောင့်ကံပေါ့ခင်
ချယ်ရီပန်းကိုမြင်မှ
ဘ၀ကအသစ်တစ်ဖန်ပြန်လည်မွေးဖွားလာခဲ့
ရန်သူကိုဘယ်တော့မှဒူးမထောက်ခဲ့ပေမဲ့
ချယ်ရီပင်အောက် ဒူးထောက်ခဲ့ဖူးတာ
ရင်ထဲကပြင်းပြတဲ့အချစ်ဆန္ဒကြောင့်ပါ မိချယ်ရီ
ကြုံသလိုနေ ဖြစ်သလိုစား
ကိုယ့်တပ်ရှိရာအရပ်ကို
ကိုယ့်ဇာတိမွေးရပ်လို့သတ်မှတ်
“လက်နက်ကိုင်တိုက်ပွဲနဲ့
လူထုလူပ်ရှားမူပေါင်းစပ်ရေး”
အလံအောက်မှာ
ဆံချည်တစ်မျှဉ်မှ မသွေဖည်ခဲ့ပါဘူး
ရေထဲမိုးထဲ
အနှစ် (၂၀) ခရီးကြမ်းထဲ
အလံမလှဲ
ရေဆန်ကို ဆုန်ကန်တက်ခဲ့တယ်
သမိုင်းပေးတာဝန်ကျေပွန်ဖို့
မိဝေးဖဝေး တနယ်တကျေးမှာ
စစ်ရေးကိစ္စတွေနဲ့လုံးပမ်း
အချစ်ရေးကိစ္စတွေမှာ
မောင်ကြီးဟာအဖြစ်မရှိသူပါ ပန်းချယ်ရီ
ခုတော့
ချယ်ရီနဲ့လွဲခဲ့လို့
ဒေါနလက်ကိုဆွဲပြီးဘ၀ကြမ်းကို အားခဲဖြတ်မယ်ကြံခါမှ
ကံမလှသူမြေပြန့်သားမောင်ကြီးဟာ
စစ်ရေးလည်းမသာ
အချစ်ရေးလည်းချာခဲ့ပြီမို့
ဒေါနရေ.. ဒီဘ၀မှာဖြင့် ကိုယ့်ကိုမေ့လိုက်ပါတော့..
ဂုရုရေ..
စိမ်းလန်းတဲ့ ရှမ်းရိုးမတောင်တန်းတွေမှာ
ခုချိန်ဆို ချယ်ရီပန်းတွေပွင့်နေလောက်ပြီ..
ငြိမ်းချမ်းအောင်
18 November, 2008
ကျနော့်ရဲ့အလိုက်ကမ်းဆိုးမသိမူများ
တိမ်ပြာတဲ့တနင်္ဂနွေတစ်နေ့မှာ
အညောင်းမိနေတဲ့စိတ်ကို အနားပေးဖို့
ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံးပြတိုက်တစ်ခုကို
အလည်ရောက်ခဲ့တယ်
တိုတောင်းပြီး
လုပ်စရာတွေက သိပ်ကိုများတဲ့လူ့ဘ၀မှာ
သက်တမ်းပြည့်တာဝန်ယူပြီးသွားတဲ့
နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့
လောကအမြင်ကိုမေးစမ်းကြည့်ချင်တယ်
“ပိုက်ကွန်ထဲကရုန်းထွက်လွတ်မြောက်သွားတဲ့
ငါးတွေအကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့
တံငါသည် စီမီနာတစ်ခုလောက်လုပ်ကြည့်ချင်တယ်
အိပ်မက်နဲ့လက်တွေ့ဘ၀ဟာအလှမ်းကွာဝေးနေဆဲ
အောက်ဆီဂျင်မရှိတဲ့နေ့တွေမှာလည်း
ကျနော်တို့ဟာဆက်လျှောက်နေရဆဲ
စိတ်တိုင်းမကျဘူး
မကြေနပ်ဘူး
နွေဦးကဘယ်တော့ရောက်မှာလဲ
ပီပီပြင်ပြင်မဖြစ်သေးတဲ့ဆောင်းမှာတောင်
ကျနော်ကအအေးကြိုမိနေတယ်
ယဉ်ကျေးမူများကူးလူးဆက်နွယ်သည်ပဲဆိုပါစို့
ဒေသခံတစ်ယောက်နဲ့ ချိန်းတွေ့မိတယ်
သူ့မှာအရသာခံတတ်တဲ့ လျှာပါလာတာမသေချာဘူး
ကျနော်က အရောင်လွင့်ဂျင်းဘောင်းဘီတစ်ထည်
သူပြောတဲ့စကားလုံးတွေကိုအရသာခံဖို့
ကျနော့်မှာ အပိုနားရွက်တစ်စုံပါမသွားခဲ့တာဆိုးတယ်
သူသွားခဲ့တဲ့ကျောင်းရဲ့ ခမ်းနားထည်ဝါမူဟာ
ကျနော့်ကိုဖျားလောက်တယ်
ကျနော့်ရဲ့အလိုက်ကမ်းဆိုးမသိမူကတော့
သူ့အတွက် အသစ်အဆန်းတစ်ခုခုဖြစ်နေမယ်ထင်ရဲ့
လကမ္ဘာပေါ်ကကျောက်တုံးနမူနာတစ်ကို
ကျနော့်လက်နဲ့ကိုင်တွယ်စမ်းသပ်ကြည့်မိတယ်
ဒိုင်နိုဆောသတ္တ၀ါတွေထက်အိန္ဒိယကရောက်လာတဲ့
စိန်တုံးကြီးကို လူတွေပိုပြီးစိတ်ဝင်စားနေတာသေချာတယ်
၁၉၆၉မှာ အပိုလို ၁၁ ထဲပါသွားတဲ့ အာကာသယာဉ်မူး
အမ်းစထရောင်းဆိုတာ ကျနော်မေ့နေတော့
သူမက အပေါ်စီးကနေ ကျနော့်ကိုတချက်ကြည့်တယ်
နိုင်ငံတကာရှားပါးပစ္စည်းတွေက
အမေရိကားမှာဘယ်လိုဖြစ်ပြီးစုပြုံရောက်ရှိနေရတာလဲ
ကွန်ဖြူးရှပ်ကနေအဲလ်ဘတ်ကမူးအထိ
မက်ခီယာဘီလီကနေမက်ကနာယားမားအထိ
စပင်နိုဇာနဲ့ဟေရာကလိုက်တပ်
ကားလ်မက့်နဲ့ဒေးဗစ်ဟယွမ်း
သူအထင်သေးတာ မခံနိုင်လို့
ကျနော်အလွတ်ရွတ်ပြဖြစ်တဲ့ စကားလုံးများ
သူမက ကျနော့်ထက်ပိုပြီးလက်တွေ့ကျတယ်
အိုဘားမားကို ပိုပြီးစိတ်ဝင်စားပုံပြတယ်
အီရတ်ကိစ္စမှာ သူမနဲ့ကျနော် အနည်းငယ်သဘောထားကွဲကြပေမဲ့
ဗီယက်နမ်စစ်မှာ ကျနော်တို့သဘောထားချင်းတိုက်ဆိုင်ခဲ့ကြတယ်
သူမအသက်ရှူသံပြင်းပြင်းတွေမှာကျနော်ကျဆုံးသွားခဲ့ပါသလား
ကျနော့်လက်ဖ၀ါးထဲကိုင်ဆုပ်ထားတဲ့ သူမလက်ဖြူဖြူတစ်စုံကပူနွေးနေခဲ့ပြီး
သူမကိုဆုပ်ကိုင်ထားတဲ့ကျနော့်လက်တစ်စုံကအေးစက်နေကြတယ်
ယောဂလေ့ကျင့်ခန်းတွေအကြောင်း
ခန္ဒာကိုယ်ကိုစနစ်တကျထိန်းသိမ်းဖို့လိုအပ်ကြောင်း
ကျနော်တို့ဆွေးနွေးဖြစ်ကြတယ်
ကလေးတွေကိုချစ်တဲ့သူမက
အိမ်ထောင်တစ်ခုတည်ဆောက်ပြီး
ကလေးငယ်လေးတွေကို
ပြုစုပျိုးထောင်ချင်တဲ့အကြောင်းပြောတဲ့အခါ
သူမရဲ့သူမတူအောင်ပွင့်လင်းမူက
ကျနော့်ကိုအရှက်ရစေတယ်
ကျနော့်ရဲ့အူကြောင်ကြောင်နိုင်မှုက
သူမကိုစိတ်ပျက်စေမယ်ထင်တယ်
ကျနော်တို့နှစ်ယောက်ရဲ့ တနင်္ဂနွေဟာ
ဝါရှင်တန်ပြတိုက်(၂)ခုမှာ အဆုံးသတ်သွားတယ်
ကျနော်တို့နှစ်ယောက်ရဲ့ အာသာဖြေဖျောက်မူဟာ
အပြန်ရထားပေါ်မှာ တစ်ယောက်ခန္ဒာကိုယ်ထဲတစ်ယောက်
အတွင်းကျကျပူးကပ်တိုးခွေ့ရင်း မိုးချုပ်သွားတယ်
ရထားစီးရာမှာ ကော်ဖီသောက်ရာမှာ
ကိုယ့်အဖိုးအခ ကိုယ်ထုတ်ပေးရတဲ့ယဉ်ကျေးမှုက
ကျနော့်တို့နှစ်ယောက်ရှေ့ဆက်ရမဲ့ခရီးကို
အတားအဆီးဖြစ်ခဲ့ပါသလား
အဆုံးသတ်မှာတော့ သေချာခဲ့ပြီ
ကျနော့်နာတာရှည်ဝေဒနာဟာ
ဆေးမြီးတိုကုထုံးတွေနဲ့မသက်သာနိုင်တော့ဘူးဆိုတာပါပဲ
ကဲ..ရှိစေတော့
ပိတ်နေတဲ့တံခါးတွေဖွင့်ဖို့
လှောင်အိမ်ထဲက ငှက်တွေလွှတ်ဖို့
လောင်မြိုက်နေတဲ့မီးတွေ ငြိမ်းသတ်ဖို့
လူ့ဘ၀ကို ကျနော် အရောက်လာခဲ့တယ်
မကျေနပ်တဲ့သူ လဲသေလို့ရတယ်။...။
ငြိမ်းချမ်းအောင်
16 November, 2008
ခေါင်းမာသူတစ်ယောက်နှင့်ဆွေးနွေးခြင်း
ခင်ဗျားတို့ကခဏခဏခေါ်တယ်
ကျနော်တို့ကလာရတာမလွယ်ဘူး
ခရီးတစ်ခေါက်ထွက်တိုင်း
အောက်ထစ်အနှစ်(၂၀)ကြမ်းခင်းဈေးပေါက်တယ်
တွေ့ရင်လည်းပါးစပ်ကအမြှုပ်တစီစီထွက်အောင်
ခင်ဗျားမို့မပြီးနိုင်မစီးနိုင်ပြောနိုင်လွန်းတယ်
ခင်ဗျားစကားတွေကြားရတာများလို့ အလွတ်တောင်မှတ်မိနေပြီ
ကျနော်တို့ကဟိုမှာ ပြောတိုင်းလုပ်လို့ရတာမဟုတ်ဘူး
အခြေအနေကြည့်ပြီးအကောင်းဆုံးမီးစင်ကြည့်ကနေရ
စာရွက်တစ်ရွက်ပရင့်စ်ထုတ်ဖို့
ကြေငြာချက်တစ်စောင်ထွက်ဖို့
ကဗျာစာအုပ်တစ်အုပ်ဖြစ်ဖို့
အစည်းအဝေးတစ်ခါလုပ်ဖို့
ခင်ဗျားတို့နဲ့ဖုန်းစကားပြောဖို့
အောက်ထစ်အနှစ်(၂၀)ကြမ်းခင်းဈေးပေါက်တယ်ဆိုတာသဘောပေါက်
ကျုပ်သွေးဘယ်လောက်ရဲရဲ
ဟိုအထဲရောက်ရင် သူတို့လက်ခုပ်ထဲကရေ
အောင်သပြေကကျော်ရင်
အခက်ခဲဆုံးစာမေးပွဲတစ်ခု အောင်တယ်လို့မှတ်
ဟိုဟာကြီးထဲမှာဟိုဟာလေးထပ်ကျဖို့က ကျုပ်အတွက်သေချာပြီးသား
လောက်ကောင်ရောတဲ့ထမင်း အပ်နဖားလောက်စိမ်းစားငပိနဲ့
ကျော်ဖြတ်ရမဲ့အနှစ်(၂၀)
ထမင်းတင်မဟုတ်ဘူး သတင်းပါငတ်ဖို့သေချာပြီးသား
ဖျားနာလို့ဆေးထိုးတဲ့အခါ အိပ်စ်အိုင်ဗွီပိုးကူးစက်နိုင်သေးတယ်
တကယ်လို့ ကျုပ်သာအထဲရောက်သွားခဲ့ရင်
အမေနဲ့ညီမလေးကို ခွေးမသားတွေ နှိပ်စက်ကြဦးမယ်
သူရဲဘောကြောင်လို့ ပြောနေတာမဟုတ်ဘူး
သွေးရဲလို့မပြေးပဲ အနီးကပ်တိုက်စစ်ဆင်နွှဲနေတာ
ကိုယ့်ကိုကိုယ်သရဏဂုံတင်ပြီးမှ ဒီစကားတွေပြောနေတာ
ဒီကိုတစ်ခါတခါလာဖို့ ညီမလေးစက်ဘီးပေါင်နှံရတယ်
ခင်ဗျားတို့လို လေယာဉ်စီးပြီး ခရီးထွက်နေနိုင်တာမဟုတ်ဘူး…။
ငြိမ်းချမ်းအောင်
နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော လုပ်ဖော်ကိုင်ဖက်ရဲဘော်တစ်ယောက်အတွက် ရည်ရွယ်ရေးဖွဲ့ပါတယ်။
11 November, 2008
မေမေနဲ့ စကားစမြည်
အေဒီအက်လ်အယ် ၀ိုင်ယာလက်
အင်တာနက် ဟိုက်စပိတွေလည်း တပ်ပြီးပြီ
စကိုင်းပိ ဂျီတော့ ဗွီဇက်အိုချက်တင်း တယ်လီကွန်ဖရင့်
ကွန်မြူနကေးရှင်းချယ်နယ်တွေလည်း တည်ဆောက်ပြီးပြီ
စတက်ဒက်ဂျီ အိုင်ဒီယော်လော်ဂျီ ပေါ်လစီ ထရိန်နင် ၀ပ်ရှော့ စီမီနာ
အသိပညာ အတတ်ပညာလက်နက်တွေလည်းစုံသလောက်ရှိခဲ့ပြီ
ကျနေတဲ့ စိတ်ဓါတ် ညစ်ထေးဟောင်းနွမ်း နေတဲ့ရင်ခုန်သံကို
ပေါ်လစ်သုတ်အရောင်တင်ဖို့ နည်းလမ်းမရှိသေး
ပုဆိုးခြုံထဲက လက်သီး
အကဲဖြတ်တစ်ယောက်ရဲ့ ဟိတ်ကြီးဟန်ကြီးစကားသံ
အသံသာပြီး အဆံမပါတဲ့ ကြေငြာချက်
သံခင်းတမံခင်း ၀တ်ကြေတမ်းကြေ တောင်းဆိုသံ
ကြည်ကွယ်မျက်ကွယ်စည်းဝေးပွဲ
သင်းကွပ်ခံထားရတဲ့ယူအမ်အဆမ်ဘလီ
ရာသီစာအမီ ကတိုက်ကရိုက် ထွက်ပေါ်လာတဲ့ ရှော့တန်းစတက်ဒက်ဂျီ
မေမေရေ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာဦးမှာလား
ကျနော်တို့ အိုဘားမားကို တကယ်အားကိုးနိုင်မှာလား
လွယ်လွယ်ကူကူနဲ့ အပြောင်းအလဲလုပ်နိုင်မယ်ဆိုရင်
ကျနော်တို့လည်း လုပ်ချင်တယ်မေမေ
ခါးသက်တဲ့ အတိတ်
မရေရာသေးတဲ့ အနာဂတ်
ကျယ်ကျယ်လောင်လောင်ချလိုက်တဲ့သက်ပြင်း
မညီညွတ်နိုင်သေးတဲ့ ညီညွတ်ရေး
ပွင့်လန်းခွင့်မရတဲ့ လောင်းတန်းစတက်ဒက်ဂျီ
အကြပ်အတည်းကြားက ဘဏ္ဍာရေး
လျော့နည်းလာတဲ့ မန်းပါဝါ တွေနဲ့
ကျနော်တို့အောင်ပွဲမရနိုင်သေးဘူး မေမေ
ဘယ်နေရာမှာ မှားခဲ့တာလဲ
လက်နက်လည်းကိုင်ပြီးပြီ
ကွန်ပြူတာလည်းကိုင်ပြီးပြီ
ကျနော်တို့နောက်ထပ်ဘာကိုင်စရာ ကျန်သေးလဲမေမေ
ပန်းပျိုးတဲ့လက်တွေလည်း ပန်းဆိပ်သင့်ကြ
ဗမာပြည်ဖွတ်မွဲပြာထိုင်ဖြစ်စဉ်မှာ
ကျနော်တို့ဟာ တရားခံတွေမဟုတ်ပါဘူးမေမေ
စစ်ဗိုလ်ချုပ်တွေသာ တရားခံအစစ်ဖြစ်ကြောင်းပါ
အမှောင်ခေတ်ကသမိုင်းတင်ရစ်လိမ့်မယ်
ကလေးငယ်တွေအတွက်ပေးချင်တဲ့ အနာဂတ်လက်ဆောင်
အဖိုးအဖွားတွေမျှော်လင့်နေတဲ့ ဒီမိုကရေစီနဲ့ ထာဝရငြိမ်းချမ်းရေး
အလှမ်းဝေးနေဆဲပဲ မေမေ
မေမေရေ
၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်လိုအဖြေထွက်မှာလဲ
အန်အယ်ဒီရွေးကောက်ပွဲဝင်မှာလား
ယူအန်အေရွေးကောက်ပွဲဝင်မှာလား
ဒီမိုကရေစီတမတ်သား ပါလီမန်တကယ်ပေါ်လာတော့မှာလား
နယ်စပ်က ဖက်ဒရယ်ကွန်စတီကျူးရှင်းလည်း အလုပ်မဖြစ်ဘူးမေမေ
နယ်စပ်က ယူအန်-အန်စိ ပရိုဂရမ်မှာလည်း အကွဲအပြဲတွေရှိနေတာမကောင်းဘူးမေမေ
ဒီကေဘီအေနဲ့ နအဖ တပ်တွေပေါင်းပြီး ကေအန်ယူကို အနိုင်ကျင့်နေကြတယ်မေမေ
အခုလေးတင်ပဲ ကျောင်းသားခေါင်းဆောင်တွေ ထောင် ၆၅-နှစ် ချခံလိုက်ရတယ်မေမေ
ဘာတစ်ခုမှ အရသာမဖြစ်တဲ့နေ့ရက်တွေမှာ
မြင်မြင်သမျှဟာ ရူခင်းအသေတွေပဲ
အာရုံမလာဘူး
ကွန်ပြူတာမျက်နှာပြင်ဟာအသေ
ရေဒီယိုကသတင်းတွေအသေ
နှလုံးသားအသေ
ဘ၀အသေ
ကျနော့်စိတ်ကူးစိတ်သန်းတွေလည်း သေနေကြတယ်မေမေ
ရေရှည်စစ်အတွက်ပြင်ဖို့ဆိုရင်
နယူးအိုင်ဒီရော်လော်ဂျီ
နယူးဘလဒ်
နယူးမက်သပ်တွေ လိုအပ်နေတာ
သေချာပါတယ်မေမေ။..….။
မဇ္ဇျိမ ဒီဇင်ဘာလ 15 ရက် 2008 တနင်္လာနေ့။
http://www.mizzimaburmese.com/yatha-bank/poem/2147-2008-12-15-11-44-49.html
ငြိမ်းချမ်းအောင်
09 November, 2008
ဇာတ်လမ်းနှစ်ပုဒ်
ဇာတ်လမ်းတစ်ပုဒ်မှာ
သူမက လူကုံထံ နတ်သမီး
ကျနော်က တန်ဖိုးထားမခံရတဲ့ စွန့်ပစ်ပစ္စည်း
သူမစီးတဲ့ ကားတန်ဖိုးကို ကျနော်တစ်ခါမှ စိတ်ကူးမကြည့်မိဘူး
ကျနော်မက်တဲ့ အိပ်မက်တွေအကြောင်း သူမက စိတ်မ၀င်စားဘူး
သူမသုံးတဲ့ ရေမွှေးအမည်နာမကို ကျနော်မသိဘူး
ကျနော်သုံးတဲ့ အပေါစား ဆပ်ပြာခဲအမှတ်တံဆိပ် သူမအာရုံမှာမရှိဘူး
သူမဆိုးတဲ့ လက်သည်းဆိုးဆေး ဒီဇိုင်းမျိုး ကျနော်တစ်ခါမှ မမြင်ဖူးဘူး
ကျနော့် တောဂိုက်ကို (အချိန်တွေကြာလာတာနဲ့အမျှ) သူမ မကြည်ဖြူတော့ဘူး
သူမ အပေါင်းအသင်းတွေကို ကျနော် ကြည့်မရဘူး
ကျနော့် အပေါင်းအသင်းတွေကို သူမ အထင်မကြီးဘူး
သူမက ကျနော်နဲ့ လျှောက်လည်ချင်တယ်၊ တွတ်ထိုးချင်တယ်
ကျနော်က သူမကို (ကျနော်အလုပ်လုပ်နေတဲ့အခါ) နံဘေးမှာ တိတ်တဆိတ်ထိုင်နေစေချင်တယ်
သူမက အတွေ့ကို မက်မောတယ်
ကျနော်က အငွေ့ကို တန်ဖိုးထားတယ်
သူမအတွက် ကျနော်ဟာ အလုပ်အကိုင်မယ်မယ်ရရ မရှိသူ
ဒါမှမဟုတ် ၀င်ငွေမရှိတဲ့ အလုပ်ကို လုပ်ကိုင်နေသူ
ကျနော့်အတွက် သူမဟာ မိဘပိုက်ဆံထိုင်ဖြုန်းနေသူ
ဒါမှမဟုတ် ဘ၀ကို ပေါ့ပျက်ပျက်ဖြတ်သန်းချင်သူ
တစ်ယောက်ကို တယောက်နားလည်ဖို့ မကြိုးစားမိခဲ့ကြဘူး
ကျနော့်မှာ ကုန်ထုတ်လုပ်မူမရှိဘူး
သူမမှာ ကိုယ်ပိုင်ဝင်ငွေမရှိဘူး
ကျနော်တို့နှစ်ယောက်ပေါင်းဖက်ရင်
ရေရှည်တည်တံ့တဲ့ ဘ၀တစ်ခု ဖြစ်မှာ မသေချာဘူး
ဒီလိုနဲ့ သူမနဲ့ကျနော် လမ်းခွဲခဲ့ပါတယ်။
ဇာတ်လမ်းတစ်ပုဒ်မှာ
သူမက နေ့စားလရှင်း စက်ရုံအလုပ်သမ
ကျနော်က အနာဂတ်ဝါဒီ ဂုဏ်သရေရှိ လူကြီးလူကောင်း
ဒေသအခေါ်အရ ဘွဲ့ရခေတ်ပညာတတ် သူမဟာ
ကျနော့်အမြင်မှာ အသိပညာဏ်နုံနဲသူ
သူမပြောတဲ့ စကားတွေကို ကျနော် ခံစားလို့မရဘူး
ကျနော်ပြောတဲ့ စကားတွေကို သူမ သဘောမပေါက်ဘူး
ကျနော်က အနာဂတ်အကြောင်းစဉ်းစားနေတဲ့အခါ
သူမက သူမလုပ်အားခကို စိတ်ကူးနဲ့ ဈေးတွက်တွက်နေတတ်တယ်
သူမမှာ လှပတဲ့ မျက်နှာနဲ့ အချိုးအစားပြေပြစ်တဲ့ ခန္ဒာကိုယ်ရှိတယ်
ကျနော့်မှာ ချီတုံချတုံဖြစ်နေတဲ့ စိတ်ကူးတွေရှိတယ်
သူမအနာဂတ်က ကျနော့်အတွက် ကျဉ်းမြောင်းလွန်းတယ်
ကျနော့်အနာဂတ်က သူမအတွက်ကြီးကျယ်လွန်းတယ်
သူလုပ်တဲ့အလုပ်ကို ကျနော်မလုပ်နိုင်ဘူး
ကျနော်လုပ်တဲ့အလုပ်ကို သူနားမလည်ဘူး
သူ့မှာ သူမကို မှီခိုနေတဲ့ မိသားစုကြီးရှိတယ်
ကျနော်က အနာဂတ်အတွက် စဉ်းစားနေရတယ်
သူမမှာ အမှီအခိုကင်းတဲ့ လွတ်လပ်ခြင်းမရှိဘူး
ကျနော့်မှာ မျက်ကန်းတစ္ဆေမကြောက် မိုက်ရဲတဲ့ သတ္တိမရှိဘူး
သူမနဲ့ ကျနော်ပေါင်းဖက်ရင်
ရေရှည်တည်တံ့တဲ့ ဘ၀တစ်ခုဖြစ်မှာ မသေချာဘူး
ဒီလိုနဲ့ ကျနော်နဲ့သူမ လမ်းခွဲခဲ့ပါတယ်။
အချစ်မှာ စိတ်ကူးယဉ်မူထက်ပိုပြီး
လက်တွေ့ကျတဲ့
အဓိပ္ပါယ်တွေရှိတယ်…။
ငြိမ်းချမ်းအောင်
၈ သြဂုတ် ၂၀၀၈
13 October, 2008
မိုဒီလျာနီ
လန်းဆန်းတက်ကြွနေတဲ့အခါ
မင်းသားတစ်ပါးလို ထည်ဝါခန့်ငြားပြီး
သူစိတ်ဓါတ်ကျတဲ့အခါ
တစ္ဆေတစ်ကောင်လို အရုပ်ဆိုးအကျည်းတန်တယ်
သူ့နှလုံးသားက ရောင်စုံသက်တန့်တစ်ခုလို
တဖိတ်ဖိတ်တောက်ပလို့
သူ့အသွေးအသားထဲမှာတော့
အရောင်တွေ အရိပ်တွေ ရနံ့တွေ
မြစ်ရေလို တရဟောဖြတ်သန်းစီးဆင်း
တစ်ခါတစ်ခါ တောရိုင်းတိရစ္ဆာန်တစ်ကောင်လို ဆူညံပေါက်ကွဲတတ်ပြီး
တစ်ခါတစ်ခါ သင်္ချိုင်းတစ်စပြင်တစ်ခုလို တိတ်ဆိတ်ငြိမ်သက်တတ်သူ
"မိုဒီလျာနီ"
မျက်တွင်းဟောက်ပက် နံရိုးပြိုင်းပြိုင်း
အနုပညာ တစ္ဆေတစ်ကောင်
ကင်းဘတ်စပေါ်ကျလာတဲ့ ရောင်စုံ ဆေးစက်တွေမှာ
သူ့ဝိညာဉ်ဟာ ကပ်ညိလို့
သူ့ဆီမှာ အချစ်က ပေါင်မုန့်အသိုးတစ်လုံး
သူ့ဆီမှာ အချစ်က တစ်ရှူးအဟောင်းတစ်ခု
တစ်ခါတခါ
အချစ်က သူ့အတွက် နှင်းဆီဖြူတစ်ပွင့်လည်းဖြစ်ရဲ့
ညပေါင်းများစွာ
ရင်ခွင်ပေါင်းများစွာ
မှောင်မိုက်နေတဲ့ မောင့်မတ် အခန်းကျဉ်းထဲမှာ
အရိုးကွဲအောင်အေးတဲ့ ပါရီဆောင်း နှင်းထုအောက်မှာ
ကိုယ်လုံးတီး ကိုယ်ဟန်ပြမယ်လေးရဲ့ မျက်လုံးတွေထဲမှာ
မောကြီးပမ်းကြီး သူရှာဖွေနေခဲ့တဲ့ အရာ
အလှနဲ့ သစ္စာလား
အချစ်နဲ့ အနုပညာလား..
ကမ္ဘာမြေအတွက် အချစ်နဲ့အသစ်တွေကိုပဲ အမြဲတမ်းပေးခဲ့တယ်
သူပြန်ရခဲ့တာက အဟောင်းအမြင်းအပုတ်အသိုးတွေ
ဓါးတစ်ချောင်းလို ချွန်ထက်တဲ့ အနုပညာ
သာမန်မျက်စိနဲ့ကြည့်ရင် မြင်တွေ့နိုင်မှာမဟုတ်ဘူး
ဘယ်သူ့မျက်နှာမှသူမကြည့်ဘူး
သွေဖည်မူမရှိဘူး၊ ရှေ့ကိုပဲ မရပ်မနားသွားခဲ့
ထက်မြက်တဲ့ အနုပညာကို
သာမန်နှလုံးသားနဲ့ ခံစားကြည့်လို့ မတွေ့ထိနိုင်ဘူး
မာနဟာ အသွေးအသားထဲမှာ
မွေဟောက်တစ်ကောင်လိုပါးပြင်းထောင်ထ
သူ့အနုပညာဟာ သူ့မာနအရောင်အသွေးလို
အလံတလူလူ လွင့်လို့
တစ်လောကလုံးကို နာကျည်းနေတဲ့ တစ္ဆေတစ်ကောင်
တစ်လောကလုံးနဲ့ ရန်တုဖက်ပြိုင်ဝံ့သူတစ်ယောက်
အချစ်ကိုတွေ့ရှိခြင်းဟာလည်း
ယဉ်ကျေးတဲ့ လူသားအဖြစ်ကို ရရှိခြင်းပါပဲ
“ဂျင်ပ်း…ရေ”
ငါ့မျက်လုံးတွေထဲ မင်းမြင်အောင်ကြည့်လှည့်ပါ
အချစ်က ရမ္မက်ထက် ပိုပြီးသိမ်မွေ့တဲ့အရာ
ငါ့နောက်ဆုံးနေ့ရက်တွေမှာ
ပေါင်မုန့်နဲ့ စပျစ်သီးတွေက အရေးမကြီးပါဘူး
ဓမ္မတေးသီချင်းတွေက အရေးမကြီးပါဘူး
အရက်ပြင်းပြင်းတစ်လုံး
ချစ်သူတစ်ယောက်
ပြီးတော့
မီးလိုလောင်မြိုက်နေတဲ့ ငါ့အနုပညာ
နောက်ထပ်ပြီးတော့ကော ဘာတွေလိုအပ်သေးလို့လဲ…
ဘ၀တစ်ခုရခဲ့တယ်
ဘ၀တစ်ခုကို အနိုင်နဲ့ပိုင်းပြီး
တဖက်သတ်အဆုံးသတ် စီရင်သွားခဲ့တယ်…။
မိုဒီလျာနီ ၁၉ ရာစု အီတလီပန်းချီဆရာ
ငြိမ်းချမ်းအောင်
24 September, 2008
ဘ၀၏ ပထမဦးဆုံးများ
“ဘ၀၏ပထမဦးဆုံးများ” …. တဲ့။ လွမ်းမောဖွယ် ကောင်းပါသည်။ ငယ်ဘ၀ မွေးဖွားလာချိန်မှ ယနေ့ကာလအထိ ကြုံဆုံခဲ့ရသည့် အဖြစ်အပျက်များကို ပြန်လည် စဉ်းစား တူးဖော်ရသည်မှာ ပျော်ရွှင်ဖွယ်ကောင်းသလို လူတစ်ယောက်၏ မှတ်မိနိုင်စွမ်းကို စမ်းသပ်စစ်ဆေးခြင်းဖြစ်၍ တနည်းအားဖြင့် စိန်ခေါ်မူတစ်ခုဟုလည်း ဆိုနိုင်ပါသည်။ ရင်းနှီးသော ဘလောဒ့်ဂါ ကိုအောင်သာငယ်က ဤခေါင်းစဉ်အားရေးပါရန် သတိတယ ကျနော့်ကို တက်ဂ်ထား၍ ၄င်းအားကျေးဇူးတင်မိသည်။ ကျေးဇူးပဲအစ်ကိုရေ….
ပထမဆုံး မက်ခဲ့ဖူးတဲ့အိပ်မက် - ကဗျာဆရာ၊ စာရေးဆရာ ဖြစ်ရန် (အလယ်တန်းကျောင်းသားဘ၀တွင်)
လူ့လောကထဲသို့ ပထမဦးဆုံး ရောက်ရှိလာသည့်အရပ်ဒေသ - ကျောင်းတော်ရာကျေးရွာ
ပထမဦးဆုံးကစားခဲ့သော ဂိမ်း - သားရေပင်ပစ်ခြင်း
ပထမဦးဆုံး သတိထားနှစ်သက်မိသော အရာများ - ခြေသွားလမ်းကလေးများ၊ လှပ၍သာယာသော ညနေခင်းများ၊ လယ်ကွင်းများ (မူလတန်းကျောင်းသားဘ၀တွင်)
ပထမဦးဆုံး သူငယ်ချင်း - ခင်မောင်ဝင်း (သာဒင်ကြီးဟု အများကခေါ်သည်)၊ မိန်းကလေးများနှင့် မည်ကဲ့သို့ပေါင်းသင်းဆက်ဆံရမည် မသိ၍ ငယ်စဉ်က မိန်းကလေးသူငယ်ချင်းမရှိခဲ့ပါ)
ပထမဦးဆုံးဆရာမနာမည် - ဒေါ်မြင့်မြင့်မြင့်စန်း
ပထမဦးဆုံးဖတ်ဖူးသော စာပေ - ရွှေသွေး၊ မိုးသောက်ပန်းဂျာနယ် (နှစ်စောင်လုံး တစ်ပြိုင်တည်းဖတ်သည်)
ပထမဦးဆုံး ရင်ခုန်မိသူ - အင်္ဂါနေ့တွင်မွေးဖွားသူဖြစ်သည်။ ဖြောင့်စင်းမဲနက်သော ဆံပင်ရှည်ရှည်များနှင့် ဘယ်ဘက်ပါးပြင်ပေါ်တွင် မှည့်နက်ကလေးတစ်လုံးပါကာ ပိန်ပိန်သွယ်သွယ်နှင့် ခန္ဒာကိုယ်ကျော့ရှင်းပြေပြစ်သော အမျိုးသမီးငယ်တစ်ဦးဖြစ်ပါသည်။ သူမသည် ကျနော်တို့မြို့ငယ်ကလေးတွင် ကာလသားများ အကြား၌ ထင်ပေါ်ကျော်ကြား၍ ပြည်ကောလိပ်တွင် မေဂျာကွင်းဖြစ်ခဲ့ဖူးပါသည်။ ရိုးသားစွာ ၀န်ခံရလျှင် ယနေ့တိုင်သူမလောက် လှပပြေပြစ်၍ ကျက်သရေရှိသော မိန်းကလေးကို မတွေ့မိသေးပါခင်ဗျာ။ ယခုအခါ သူမမှာ ကလေးနှစ်ယောက်နှင့်ဖြစ်သည်ဟု သိရပါသည်။ သူမက ကျနော့်ကို ချစ်တာ မသေချာပေမဲ့ ကျနော်က သူမကို ချစ်ခဲ့တာသေချာပါသည်။
ပထမဦးဆုံးဝန်ခံစကား - ခင်ဗျားကို ကျနော်ချစ်မိနေပြီ (သူမသည် ကျနော့်ထက် ၂ နှစ်ခန့်ပိုကြီးသောကြောင့် ခင်ဗျားကျနော်နှင့် စကားပြောပါသည်)
ပထမဦးဆုံး ကျောင်းပြေးခဲ့သော အချိန်ကာလ - (၈) တန်းကျောင်းသားဘ၀တွင်ဖြစ်ပါသည်
ပထမဦးဆုံးသောက်ဖူးသော အရက် - ဆန်ကိုချက်ထားသော တောအရက်ပြင်းဖြစ်ပါသည်။ ၁၉၈၉ ခုနှစ် ဧပြီလ
ပထမဦးဆုံးသောက်ဖူးသော ဆေးလိပ် - မာဘိုရိုလိုက် (အထက်တန်းကျောင်းသားအရွယ်တွင် သူငယ်ချင်းများ ဆေးလိပ်စသောက်ကြရာ၊ ကျနော်သည် မာဘိုရိုသောက်နိုင်မှဆေးလိပ်သောက်မည်ဟုစိတ်မှဆုံးဖြတ်ခဲ့ပါသည်။ ထိုစဉ်က သုံးရက်တစ်ခါ၊ လေးရက်တစ်ခါသာ မာဘိုရိုစီးကရက်ကို သောက်နိုင်သဖြင့် ကြုံရာဆေးလိပ်သောက်သော သူငယ်ချင်းများ ဆေးလိပ်စွဲခဲ့သော်လည်း မာဘိုရိုသောက်နိုင်မှသာ ဆေးလိပ်သောက်သော ကျနော်မစွဲခဲ့ပါ.. ကျေးဇူးပဲ မာဘိုရိုရေ..)
ပထမဦးဆုံးရဖူးသောဆု - (၄) တန်းနှစ်တွင် (ရှားရှားပါးပါး) ပထမဆုရဖူးပါသည်။
ပထမဦးဆုံးကိုင်တွယ်ပစ်ခတ်ဖူးသော လက်နက် - သားရေပင်၊ လေးခွ (မည်သည်ကို အရင်ကိုင်တွယ်ပစ်ခတ်ခဲ့သည်ကို အတိအကျမမှတ်မိတော့ပါ)
ပထမဦးဆုံးပစ်ခတ်ဖူးသော လူသတ်လက်နက် - အေကေ ၄၇ (လူကိုပစ်ခတ်ခြင်းမဟုတ်ပါ၊ ငှက်ပစ်ခြင်းသာဖြစ်ပါသည်)
ပထမဦးဆုံးထိုင်ဖူးသော လက်ဖက်ရည်ဆိုင် - “ရွှေကဖီး” ဟု အမည်ရပါသည်
ပထမဦးဆုံးဝင်ငွေရှာဖူးသော အလုပ် - ဆယ်တန်းကျောင်းသားဘ၀တွင် သင်ခန်းစာများကို လက်ရေးသေးသေးလေးများဖြင့် ကူး၍ စာအုပ်ငယ်လေးများအဖြစ်ချုပ်ကာ၊ စာအုပ်ငယ်ပေါင်းများစွာ ကော်ပီကူးပြီး စာခိုးချရန် ဆယ်တန်းကျောင်းသားများကို ရောင်းချခြင်း
ပထမဦးဆုံးရောက်ရှိသော နိုင်ငံခြားတိုင်းပြည် - ထိုင်း
ပထမဦးဆုံး စိုက်ခဲ့သော သစ်ပင် - ပြောင်းဖူးပင်၊ စံပယ်ပန်းပင် (မိုးဦးကျစ ကာလတစ်ခုတွင် ထိုအပင်များကို ကျနော်စိုက်ခဲ့တာ မှတ်မိသည်။ မည်သည့်အပင်ကို ဗွေဆော်ဦး စိုက်ခဲ့သည်ဆိုသည်ကို အတိအကျမမှတ်မိတော့ပါ)
ပထမဦးဆုံးစိတ်ဝင်စားမိသော နိုင်ငံရေးဝါဒ - မာတ်စ်ဝါဒ
ပထမဦးဆုံး သတိထားမိသော သီချင်း - မိုးရေတက်ရေ တဖွေးဖွေး ကွင်းကျယ်အဝေးပြေး၊ လယ်စောင့်တဲလေးခြေတံရှည် မိုးကုပ်အောက်မှာနေ၊ ကြာဖြူတပွင့် ငုံတပွင့် တဲနဲ့ ပနံတင့်… စသည့်သီချင်း.. တွံတေးသိန်းတန်သီဆိုသည်ထင်ပါသည်
ပထမဦးဆုံးသွားရောက်လည်ပတ်ဖူးသော ဘလော့ဒ် - နစ်နေမန်း
ပထမဦးဆုံး ဘလောဒ့်မိတ်ဆွေ - အလွမ်းအိမ်
ပထမဦးဆုံးအကြိမ် လူ့ဘ၀ကို စိတ်နာကျည်းခြင်း - ၄ နှစ်ခွဲအရွယ်တွင် အမေမှ ညီမလေးကို မွေးဖွားသောကြောင့် ကျနော်နို့မစို့ရတော့ပါ။ နို့ဖြတ်ခံလိုက်ရပါသည်။ ထိုအချိန်တွင် ကျနော်ဒေါသူပုန်ထခဲ့သည်.. ညီမလေးကို လွှင့်ပစ်ရန် အမေ့အား ပူဆာခဲ့သည်ကို မှတ်မိနေပါသည်။
20 September, 2008
စံပယ်ပန်းကလေး
တစ်စုံတရာ ရယူဖို့ ဆန္ဒမရှိပါဘူး
ပေးဆပ်ဖို့အတွက်သက်သက် ရောက်လာခဲ့ကြ
ဒီမှာ..
မွှေးရနံ့တွေကိုယူပါ
အလှအပတွေကိုယူပါ
ဖြူစင်မူတွေကိုလည်းယူပါ
ဘုရားပဲတင်တင်
သဘောကျရင် သီတံနဲ့သီပြီး
သခင်မ ဆံကေသာမှာ
ပန်ဆင်ချင် ပန်ဆင်လိုက်ပေါ့
ဘာပဲလုပ်လုပ် ပန်းကလေး ကြေနပ်တယ်..
ပင်ယံထက်ကခူးပြီး နမ်းရိုက်ချင်နမ်းရိုက်
မြေမှာချပြီး ခြွေနင်းချင် ခြွေနင်းလိုက်ပါ
အာဃာတမထား
အမုန်းမပွားပဲ
နှစ်စဉ် အချိန်မီ တစ်ခေါက်
ကမ္ဘာမြေဆီ အရောက်လာခဲ့ပါ့မယ်
အနင်းခြွေခံ ပန်းကလေးများ……..။
ငြိမ်းချမ်းအောင်
07 August, 2008
ဆူးခြစ်ရာများ
တစ်ခါတစ်ခါများ
ဘ၀ဟာ အဓိပ္ပါယ်မဲ့သလိုပဲ
ရစ်ဘီးကြိုးက ပြတ်သွားတဲ့ စက္ကူစွန်တစ်ကောင်ဟာ
လွတ်လပ်ခွင့်ရသွားတာမဟုတ်ပဲ
ဘ၀အဆုံးသတ်သွားတာပဲ
အချစ်က ပုန်းအောင်းနေတဲ့ ရန်သူလို
အလစ်အငိုက် တိုက်ခိုက်တတ်တဲ့ အရာ
ငါ မစဉ်းစားပဲနဲ့ မင်းအကြောင်း ဘာကြောင့် အာရုံမှာ ရောက်ရောက်လာရတာလဲ
ငါမကြည့်ပဲနဲ့ မင်းမျက်နှာ ဘာလို့ မြင်မြင်နေရတာလဲ
ကောင်းကင်တစ်ခုလုံး အမှောင်ပိတ်ဖုံးလို့
ကြယ်တွေ တစ်စင်းပြီးတစ်စင်း ကြွေကျနေတယ်
ရွေးချယ်ခွင့်ဟာ အလှမွေးကန်ထဲက ငါးတစ်ကောင်လို အသက်ရှူကြပ်လို့
အနိုင်ရသူသာ မှန်ကန်သူအစစ်ဖြစ်ကြောင်း သတ်မှတ်လိုက်ကြတယ်
မြုံနေတဲ့ သစ်စေ့
မီးမကူးတော့တဲ့ ဂက်စ်မီးခြစ်
ကျည်မထွက်တော့တဲ့ သေနတ်
အမိုက်ပုံးထဲ လွှင့်ပစ်လိုက်တာ ကောင်းပါတယ်
ငါဘယ်တုံးကမှ ဒစ်ပလိုမေစီကို ရှေ့တန်းမတင်ခဲ့ဘူး
ငါမင်းကို သတိမရဘူးလို့ လိမ်ညာမပြောချင်ဘူး
ညည မင်းနာမည် ယောင်ယောင် အော်မိမှာတောင်စိုးရတယ်
မင်းကြောင့် ငါ့အိပ်ချိန်တွေ နည်းသွားတယ်
မင်းကြောင့် ငါ့အာရုံတွေ ထွေပြားနေတယ်
ငါ့ကိုယ်ငါတောင် နားမလည်သေးတာ
မင်းကို ငါ နားလည်တာ မဖြစ်နိုင်ဘူး
ငါ အငိုက်မိတဲ့အခါ ငါ့အသံမှာ ငါ့စိတ်ကိုရှာတွေ့နိုင်တယ်
အသံမထွက်ပဲ ငါဆိုညဉ်းနေတဲ့သီချင်းဟာ လွမ်းတေးတစ်ပုဒ်ပဲ
ငါ ပစ်လွှတ်လိုက်တဲ့မြားက စိုက်ဝင်ဖို့နေရာ ရှာဖွေနေရဆဲ။ ။
ငြိမ်းချမ်းအောင်
28 July, 2008
အလွမ်းများနဲ့
နေ၀င်သွားပြီ
အထီးကျန်သူရဲ့ ညနေခင်းထဲ
လက်ကျန်အလင်းရောင် တစ်စနဲ့
မြက်ခင်းတွေက စိမ်းမြနေဆဲ
ဟိုမှာ..
အိပ်တန်းအ၀င်စောတဲ့ ငှက်တွေ
ဟိုင်းဝေးလမ်းမမှာ တရိပ်ရိပ်ပြေးလွှားနေတဲ့ ကားတွေ
ရည်ရွယ်ချက် တစ်စုံတရာတော့ ရှိတန်ကောင်းရဲ့
ကြီးပြီးကျယ်တဲ့ ကမ္ဘာကြီး
ငါ့မှာ တောင်ပံက မရှိတော့
ဘယ်အရပ်ဒေသကိုမှ ခြေမဆန့် နိုင်ခဲ့ဘူး
ဂေါ်ဂင်က စိတ်ညစ်ညူးလာတဲ့အခါတိုင်း
တဟီဟီကို သွားတယ်
ငါက စိတ်ဓါတ်ကျတဲ့အခါ
ဟုန်ထောင်နဲ့ နှစ်ပါးသွားတယ်
ကိုယ်ဟာ
ဖျားနာနေသူပါ .. ညီမလေး
ကိုယ်ဟာ
တစ်ခြမ်းက ဟောင်းနွမ်းပြီး
တစ်ခြမ်းက သစ်လွင်နေဆဲ
ဂျင်းဘောင်းဘီတစ်ထည်ပါ
လူ့ဘ၀ဟာ ၀တ္တူတစ်ပုဒ်လိုပဲ
အရောင်းသွက်စာရင်းဝင်ချင်ရင်
သုတပါးပါး ရသများများထည့်ပေးဖို့လိုတယ်
အနံ့အသက်ဆိုးတဲ့ လေကိုပဲ
အဆုပ်ထဲ မောကြီးပမ်းကြီး ရှူသွင်းနေခဲ့ရ
ငါနေတဲ့ အရပ်မှာ
လေကောင်းလေသန့် မရှိတာ ဆိုးတယ်
လူတစ်ယောက်ဟာ စိတ်အားငယ်တဲ့အခါ
တစ်စုံတယောက်ကိုပဲ ဖြစ်ဖြစ် တစ်စုံတရာကိုပဲဖြစ်ဖြစ်
အလွယ်တကူနဲ့ တွယ်မိတွယ်ရာ တွယ်ညိတတ်ပါသလား
အချစ်ဆိုတာ
အသွေးအသားဆန္ဒ
တောင်းဆိုမူ သက်သက်မဟုတ်ဘူးလို့
ကျနော်က သဘောပေါက်ပါတယ်
ဒီလိုနဲ့..
တက်ဈေးတွေများပြီး
နေပျော်စရာမကောင်းတော့တဲ့ ကမ္ဘာကြီးရဲ့
ခြောက်ခြောက်သွေ့သွေ့ ဘ၀တစ်ခုမှာ
ကျနော်လည်း စမ်းတ၀ါးဝါး ခရီးဆက်နေဆဲ
ရိတ်သိမ်းခွင့်မရှိရင်လည်း စိုက်ပျိုးမယ်
နေပါစေ
ကျနော့်ကို ဖေးကူဖို့မလိုဘူး
ကျနော်ကသာ ထူမမယ်
ကျနော့်ကို ခံစားဖို့မလိုဘူး
ကျနော်ကသာ ခံစားမယ်........။
ငြိမ်းချမ်းအောင်
23 June, 2008
သစ်ရွက်ပေါ် တင်ကျန်ရစ်သော မိုးရေစက်များ၏ စိတ်ကူး
မျက်လုံးထဲ ရွှေငါးတွေ မကူးခတ်တော့တာ ကြာပြီ
အစိမ်းရောင် မြက်ခင်းများ
ပီကာဆိုထားခဲ့တဲ့ ပန်းချီကား
ကျနော့်ကို ခံစားချက် တစ်စုံတရာ မပေးနိုင်ကြ
ဒီရက်တွေထဲ ကဗျာတွေမရေးဖြစ်ခဲ့
လူတွေနဲ့ စကားမပြောဖြစ်ခဲ့
အခန့်မသင့်ရင်
အမဲလိုက်ခွေးတစ်ကောင်လည်း
တောခြောက်တာ ခံရနိုင်တယ်
ကိုယ်ခံပညာသင်ယူတတ်မြောက်ထားသူ တစ်ယောက်ဟာလည်း
ခြောင်းရိုက်တာ ခံရနိုင်တယ်
သားကောင်မရမချင်း လှည့်မပြန်နိုင်ဘူးတဲ့
မာနကြီးတဲ့ မုဆိုးတစ်ယောက်က အခုလိုကြုံးဝါးတယ်
ငါးမရလို့ ရေချိုးပြန်တာ
ညံ့ဖျဉ်းတဲ့ တံငါသည်တွေရဲ့ အလုပ်ပဲလို့
ကျနော်က စဉ်းစားကြည့်မိတယ်
မိန်းကလေးရေ..
တစ်ခုခုကို မရွေးချယ် ရသေးသ၍
တစ်ခုခုကို ရွေးချယ်ခွင့် ရှိနေသေးတယ်
မင်းရွာသွန်းလေသမျှ
ငါ့ ကန္တာရမှာ မိုးတွေသာခေါင်ခဲ့
မင်းဖျန်းဆွတ်လေသမျှ
ငါ့ ဥယာဉ်မှာ စိုစွတ်ခွင့်မရခဲ့
လမသာ လေမတိုး နှင်းမကျ ပန်းမပွင့်
ကန္တာရ ကိုင်းပင်တွေသာ ရင့်ရော်ကြမ်းတမ်းလာခဲ့..
ဘ၀ဆိုတာ
ဘောလုံးကစားသလို
အချိန်အကန့်အသတ် သတ်မှတ်ချက် မရှိဘူး
အချိန်ပို ကစားခွင့်လည်း မရှိဘူး
ရပ်နေတဲ့ မော်တော်ကား တစ်စင်းပဲဖြစ်ဖြစ်
နားနေတဲ့ ငှက်တစ်ကောင်ပဲဖြစ်ဖြစ်
ခရီးဆက်ဖို့ အားယူနေတယ်
လူတစ်ယောက်..
ကမ္ဘာကြီးရဲ့ မည်သည့်အရပ်ဒေသကို ရောက်ရှိနေသည်ဖြစ်စေ
တစ်ခုခုကို အရသာ ဖြစ်ဖို့ လိုတယ်
ဘာပဲဖြစ်ဖြစ်..
ငါတို့ တန်ရာတန်ကြေးတော့ ရမှ ဖြစ်လိမ့်မယ်…..။
ငြိမ်းချမ်းအောင်
03 June, 2008
ကျနော်ကအေးဆေးပါပဲ ကောင်မလေးက မျက်နှာများတယ်
ရာဇ၀င်တွေထဲကလို ကြိုက်ရာလက်နက် ကိုယ်စီနဲ့
“စီးချင်းထိုး” ကြရအောင်လို့
ကျနော်က လူမိုက်တွေကို စိန်ခေါ်ကြည့်မိတယ်
အခန်းထဲ လှောင်ပိတ်မိနေတဲ့ “လေ” နဲ့အတူ
“စိတ်” မှာ မလတ်ဆတ်တော့တဲ့ အနံ့အသက်တွေဟာ ကပ်ညိလို့
“ဒီရက်တွေထဲ နေထိုင်ရတာ မကောင်းဘူး
တိုက်လာတဲ့လေပြေကတောင် သူစိမ်းဆန်နေတယ်” တဲ့
ဓါတ်တိုင်ပေါ်မှာ အနားယူနေတဲ့ ငှက်တစ်ကောင်က ပြောတယ်
ဟောဒီမှာ ယဉ်ကျေးတဲ့ ကမ္ဘာကြီး
အကြမ်းဖက်မှုမှန်သမျှ အတုံးအရုံး ကျရူံးနေတယ်
“လူတွေအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ
လူဆိုးတွေလက်ထဲ မရောက်အောင် ကာကွယ်ကြရမယ်” တဲ့
ဝေါထရိတ်စင်တာ ပြိုကျအပြီးမှာ ဂျော့ဒဘလျူဘွတ်ကပြောခဲ့တယ်
ကျနော်တို့တွေလည်း လူသတ်လက်နက်တွေပြပြီး အကြမ်းဖက်တာခံနေရ
အဲဒီကိစ္စကို ခင်ဗျားတို့ ဘယ်လိုဖြေရှင်းပေး ကြမှာလဲ
မြင်ကွင်းတွေက ရှင်းလင်းလွန်းလို့မို့
တစ်ခါတခါ အမြင်အာရုံတွေ မှောက်မှားသွားတယ်
ကမ္ဘာကြီး ဘယ်ကို သွားမှာလဲ ဘယ်အထိသွားမှာလဲ
ကျနော်က ရှေ့ကို လျှောက်နေပေမဲ့ ခြေလှမ်းတွေက
နောက်ကို ပြန်ရောက်နေသလို ခံစားနေရ
ဒါဝင်ကပြောတော့ “လူဆိုတာ မြောက်က ဆင်းသက်လာတာပါ” တဲ့
ကျောရိုးမဲ့ သတ္တ၀ါတွေကနေ ကျောရိုးရှိ ငါးသတ္တ၀ါတွေအထိ
လူတူမျောက်ဝံမှသည် အာကာသထဲ ဂြိုလ်တုတွေ လွှတ်တင်နိုင်တဲ့ ခေတ်အထိ
နှစ်သန်းပေါင်းများစွာ လူ့သမိုင်းဖြစ်စဉ်ကြီးထဲ
လူသားတွေ မီးကို ရှာဖွေတွေ့ရှိခဲ့တာလဲ အရေးကြီးတာပဲ
မန်ယူနဲ့ ချဲဆီး ဖလားလုပွဲကလည်း အရေးကြီးတာပဲ
လူတွေကတော့ ကိုယ့်ကိစ္စသာ အရေးအကြီးဆုံးလို့ ထင်နေကြတယ်
“ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ တော်သူနေ မတော်သူသေကြရမယ်” တဲ့
ဘောဂဗေဓ ပညာရှင်တစ်ယောက်ပြောတဲ့ စကားကို ကျနော်ကတော့ သဘောမပေါက်ဘူး
ကျနော်က ရိုးရိုးပဲနေပါတယ်
ခေတ်မီအောင်လည်း အားသွန်ခွန်စိုက် မကြိုးစားမိဘူး
ဒီအရွယ်အထိ ကာတွန်းကားတစ်ကား ပြီးအောင် မကြည့်ဖူးသေးဘူး
သီချင်းတစ်ပုဒ်ဆုံးအောင် မဆိုတတ်ဘူး
ဒီလိုပါပဲ
ကျနော်က “စီးချင်းထိုး” ချင်ပေမဲ့
ယဉ်ကျေးတဲ့ ကမ္ဘာကြီးက လက်မခံတော့
ဒီအတိုင်းပဲ ထိုင်ကြည့်နေခဲ့ရ
ကျနော်က မင်းသား မဟုတ်ပေမဲ့
ဇာတ်သိမ်းခန်းတော့ လှချင်တယ်။
ငြိမ်းချမ်းအောင်
27 May, 2008
ငါတို့ နိုင်ငံကို ပြန်ပေးပ ဧရာဝတီ
ကိုဇာဂနာ ပြောတာက
“ဘမ်ကီမွန်းလာမှ အခြေအနေတွေက ပိုပြီးဆိုးသွားတယ်” တဲ့
ကားလမ်းဘေးတစ်လျှောက်က ဒုက္ခသည်တွေကို
ဝေးရာကို မောင်းထုတ် တောထုတ် ခြောက်လှန့်ထုတ်
မြို့ပေါ်က ဒုက္ခသည်တွေကို ရွာပျက်တွေဆီ အတင်းအကြပ်ပြန်ပို့
ရိုက်နှက် ကန်ကျောက် သေနတ်ပြ ခြိမ်းခြောက်ပြီး ပြန်ပို့
“ခွက်စွဲတောင်းရမ်းတာ မင်းတို့အတွက် အကြောင်းမဟုတ်ဘူး
မင်းတို့လုပ်ရပ်ကြောင့် နိုင်ငံတော် သိက္ခာကျရသတဲ့”
ဒုက္ခသည်တွေကို အစားအစာတွေပို့ပြီး ပြန်လာတဲ့
ပုဂ္ဂလိက အလှူရှင်ကားတွေကို လမ်းကနေဖြတ်ဖမ်း
နိုင်ငံတော်အကြီးအကဲတွေ သိက္ခာကျအောင် လုပ်တဲ့အတွက်
ကားသမားတွေကို ရုံးတင်စစ်ဆေးရမယ် တဲ့…
သတင်းမှန်တွေကို သွေးအေးအေးနဲ့ နားထောင်နိုင်ဖို့
ကျနော့်မှာ ကြံ့ခိုင်တဲ့ နှလုံးသားမရှိဘူး
ယုတ်မာရက်စက်မူတွေကို ဥပေက္ခာပြုနိုင်လောက်အောင်
တည်ကြည်တဲ့ သမာဓိ ကျနော့်မှာ မရှိခဲ့ဘူး….
နာဂစ်ကို သားသမီးမြေး (၁၂) ယောက် ပေးလိုက်ရတဲ့
အမယ်အိုတစ်ယောက်က အခုလို ဆုတောင်းခဲ့တယ်
“…ဧရာဝတီရေ
ဝဋ်ရှိရင်လည်း ပြေပါ
ကြွေးရှိရင်လည်း ကျေပါ
နောင်ဘ၀ဆိုတာများ ရှိခဲ့ရင်…..တဲ့”
အင်း...
နောင်ဘ၀ဆိုတာများရှိခဲ့ရင်….
နောင်ဘ၀ဆိုတာများ တကယ်သာ ရှိခဲ့ရင်….
မနက်မိုးလင်းလာတဲ့ အခါ
ညနေ မှောင်ရီဖျိုးဖျ မိုးချုပ်တဲ့အခါ
ရေဒီယိုတွေကို နားထောင်ရမှာ ကြောက်နေမိတယ်
ကွန်ပြူတာဖွင့်ရမှာ လက်တွန့်နေမိခဲ့
ဒါ တကယ်မှဟုတ်ရဲ့လား…
ငါ နားကြားများလွဲတာလား…
အမြင်များအာရုံများ မှောက်မှားသလား…
ဒီကောင်တွေ လူမှ ဟုတ်ရဲ့လား…
“လား” ပေါင်းများစွာနဲ့ နေ့တွေ.. ညတွေ ကုန်ဆုံးနေကြတယ်
ဧရာဝတီမှာတော့ အလောင်းတွေက နေရာအနှံ့ပြန့်ကျဲနေဆဲပဲ….
သိန်းစိန်ကပြောတော့
“ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်သွားပါပြီ..” တဲ့
ဒုက္ခသည်တွေကတော့
အိပ်စရာ နေစရာမရှိလို့ ကွင်းပြင်ထဲမှာ အမိုးအကာမရှိ နေကြရတယ်..
သောက်ရေတစ်ခွက်ရဖို့ ကလေးတွေ တန်းစီနေရတယ်..
လူသူအရောက်အပေါက်နည်းတဲ့
သွားလာရခက်ခဲတဲ့
ရာပေါင်းများစွာသော ရွာတွေကို
ကယ်ဆယ်ရေး အကူအညီတွေ ရောက်မလာခဲ့ကြဘူး..
ဒုက္ခသည်တွေရဲ့ ၇၅ ရာခိုင်နူန်းဟာ အကူအညီတွေ မရကြသေးဘူး..
အစာရေစာမဲ့ ဒုက္ခသည်အများစုကြီးဟာ သေဆုံးမဲ့ အချိန်ကို
သွေးအေးအေးအေးနဲ့ စောင့်ဆိုင်းနေကြရ..
အားနွဲ့တဲ့ မိန်းမတွေ ရင်ဘတ်ကို ထုထုပြီး ငိုနေကြ..
အားကောင်းမောင်းသန် ယောင်္ကျားရင့်မကြီးတွေ
အံကိုတင်းတင်းကြိတ် လက်သီးကိုကျစ်ကျစ်ဆုပ်ပြီး မျက်ရည်တွေတွေကျ..
ညဘက်ဆို ကလေးတွေကငိုတယ်
သပိတ်မသွတ်ရလို့ မကျွတ်မလွတ်သေးတဲ့ တစ္ဆေ သူရဲတွေက
တေးသီချင်းတွေ သီဆိုတယ်….
မိဘမဲ့သွားတဲ့ ကလေးတွေရဲ့ အနာဂတ်ဟာလည်း စိုးရိမ်ဖွယ်ရာပဲ
ယောက်ျားလေးတွေက..
ပညာမဲ့ အသိညာဏ်မဲ့ အတွေးအခေါ်မဲ့တဲ့
ရမ်းကားတဲ့ နအဖ မုဒိမ်းတပ်က
လက်မရွံ့ စစ်သားလေးတွေ ဖြစ်လာနိုင်တယ်
မိန်းကလေးတွေက..
မြို့ကြီးတွေမှာ
အိမ်နီးချင်းနိုင်ငံတွေမှာ
ရောင်းစားခံရပြီး
ပြည့်တန်ဆာမကလေးတွေ ဖြစ်လာမဲ့ အန္တရာယ်ရှိနေတယ်…..
“ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအတွက်
အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ လိုအပ်တယ်” တဲ့
အရှက်မရှိ အလွယ်တကူ ပြောထွက်တဲ့စကား
ရန်ကုန်လေဆိပ်မှာ ဆိုက်ကပ်လာတဲ့ လေယာဉ် ၁၄၆ စင်းပေါ်က
ကယ်ဆယ်ရေးပစ္စည်းတွေဟာ ဒုက္ခသည်တွေဆီ ရောက်မလာခဲ့ကြ..
နိုင်ငံခြားသား ကူညီကယ်ဆယ်ရေးလုပ်သားတွေကို ဗီဇာထုတ်မပေးချင်လို့
ဘန်ကောက်သံရုံးကို ကိုယ့်ဖာသာကိုယ် မီးပြန်ရို့ကြ..
ထိုင်းရဲက ပြောတော့ ဗီဇာအဆောက်အဦးကို မီးမစွဲပါဘူးတဲ့
မြန်မာသံရုံးကပြောတော့ ဗီဇာဌာနကိုပါ မီးလောင်သွားသတဲ့…..
ဧရာဝတီရေ…
ငါ့ နိုင်ငံကို ပြန်ပေးပ
ငါတို့ မြစ်ဝကျွန်းပေါ်ဒေသကြီးကို ပြန်ပေးပါ
ငါတို့ လယ်ယာမြေတွေ ငါတို့ကိုပြန်ပေးပါ
ငါတို့ ကျွဲနွားတွေ ငါးဖမ်းစက်လှေတွေ ပြန်ပေးပါ
ငါတို့ တောသူတောင်သား လယ်သမားတွေကို ပြန်ပေးပါ
ဆင်းရဲပေမဲ့ ရိုးသားဖြူစင်တဲ့ ငါတို့ ဘ၀တွေကို ပြန်ပေးပါ
ထမင်းကြမ်းခဲကို ယပ်ခပ်ပြီးစားရတဲ့ နေ့ရက်တွေကို ပြန်ပေးပါ….
တစ်ခါက ဧရာဝတီ ညတွေကို ပြန်ပေးပါ….
ငါတို့
အတိတ်ဘ၀က မဲမှောင်ပြီး
အနာဂတ်ဟာ မှောင်မိုက်နေခဲ့….
နာဂစ်က တစ်ဘ၀စာပဲ သတ်သွားခဲ့ပေမဲ့
စစ်အာဏာရှင်က သားစဉ်မြေးဆက်
ဘ၀အဆက်အဆက် သတ်ဖို့ ပြင်ဆင်နေခဲ့ပြီ……။
ငြိမ်းချမ်းအောင်
14 May, 2008
နေပြည်တော်ကို ထိအောင်ပစ်
မုန်တိုင်းကတော့ စဲပြီ
အလောင်း ဒုက္ခသည် နဲ့
ကပ်ရောဂါ ပိုးမွှားတွေသာ ချန်ထားရစ်ခဲ့
ဟောဒီမှာ
ပင်လယ်လိုကြီးသော အပူမီးများ
ကောင်းကင်လိုကျယ်သော ဒုက္ခများ
အဆုံးအစမဲ့ သောကများ
ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို အတိအကျရေးပြနိုင်ဖို့
စကားလုံးတွေ ချို့တဲ့နေဆဲ
ဒုက္ခသည်တွေကို ကယ်တင်ဖို့
ကမ္ဘာကြီးဟာ နှေးကွေးလေးလံနေဆဲ။
နာဂစ်ရေ..
နေပြည်တော်ကို မှန်အောင်ပစ်ပါ
နာဂစ်ရေ..
နေပြည်တော်ကို ထိအောင်ပစ်ပါ
မုန်တိုင်းမှာ မျက်စိမပါတော့ ပစ်မှတ်ဟာ လွဲချော်သွားခဲ့
စက်ကွင်းမလွတ်တဲ့
သူဆင်းရဲတွေသာ
သေဒဏ်အစီရင်ခံခဲ့ရရှာတယ်
အလွမ်းများ မျက်ရည်များ ရင်နာကြေကွဲဖွယ်ရာများ
ဖြေလို့ မပြေတဲ့ အပူမီးများ
“မုန်တိုင်းမှာလည်း အောက်ဆီဂျင်ရှိတယ်” ဆိုတဲ့
ငတိနဲ့တွေ့ချင်တယ်
သူ့ဆီမှာ အောက်ဆီဂျင်နည်းနည်းလောက် တောင်းမလို့
ပြီးတော့ “ဒုက္ခက ပျားရည်စက်လိုချိုသတဲ့”
သွေးရူးသွေးတမ်းစကား
ဘယ်ငနဲကများ ပြောသွားခဲ့တာလဲ
အပြောလွယ်သလောက် အလုပ်ခက်တဲ့ လောကကြီး
လုပ်လို့ဖြစ်တဲ့ အလုပ်ကို ငါတို့က မလုပ်ခဲ့လေတော့
အခုတော့ သေကြေကြ ပျက်စီးကြ ဆုံးရူံးကြရ။
ဂျော့ဒဘလျူဘွတ်ရေ..
နေပြည်တော်ကို နူကလီးယားဗုံးကြဲပါ
မိစ္ဆာအရိုင်းအစိုင်းကောင်တွေကို သုတ်သင်ရှင်းလင်းပါ
R2P နဲ့ Airlift လုပ်ပါ
နေတိုးတပ်တွေလွှတ်ပေးပါ
ကုလသမဂ္ဂကြီးရေ..
ငြိမ်းချမ်းရေးတပ်တွေ အမြန်ဆုံးလွှတ်ပေးပါ
လုံခြုံရေးကောင်စီမှာ ဖြစ်တဲ့နည်းနဲ့ အတည်ပြုချက် ရယူပါ
မြို့တော်သန့်ရှင်းရေးအတွက် လမ်းပေါ်ကခွေးလေခွေးလွင့်တွေကို သုတ်သင်ရသလို
ကမ္ဘာမြေ သန့်ရှင်းရေးအတွက်
နေပြည်တော်က ခွေးဝဲစားတွေကို သုတ်သင်ရှင်းလင်းပါ
နေပြည်တော်က တရားခံတွေကို အသေပစ်ပါ
မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရအောင်ဝင်ပါ
တခြားနည်းလမ်းမရှိတော့လို့
ငါတို့ မှာ နောက်ထပ်သေဆုံးစရာ အသက်တွေ မရှိတော့လို့
ငါတို့ တိုက်ပွဲမှာ ပင်ပမ်းနွမ်းနယ်နေပြီမို့
ငါတို့ တော်လှန်ရေး ခရီးပမ်းနေပြီမို့
ငါတို့ ပြည်သူတွေကို အချိန်မီ ကယ်တင်နိုင်ဖို့
ငါတို့ ပြည်သူတွေမှာ ဘီလူးသဘက်တွေကို ဆန့်ကျင်ဖို့ ခွန်အားမရှိတော့လို့
နေပြည်တော်ကို အမြန်ဆုံး သိမ်းပိုက်ပါ
နေပြည်တော်ကို အမြန်ဆုံး ၀င်တိုက်ပါ
ငါတို့ ပြည်သူတွေရဲ့ အဖြစ်ချင်ဆုံး ရင်ထဲက ဆန္ဒပါ
နေပြည်တော်ကို အမြန်ဆုံးသာပစ်ပါ
ငါတို့ ပြည်သူတွေရဲ့ လိုလားတောင့်တချက်ပါ
မင်းဆိုးကို မိုးကြိုးပစ်ပါ
အကြမ်းဖက်သမားတွေကို သေအောင်သတ်ပါ။
မုန်တိုင်းစဲတဲ့အခါ လေပြေလာမှာလား
ခိုးဝှက်ထားတဲ့ နိုင်ငံတကာအကူအညီတွေနဲ့
နအဖ ဒေါက်တိုင်တွေ ကြွယ်ဝချမ်းသာလာမှာလား
ဒေါသထွက်နေတဲ့ အနောက်ကမ္ဘာက နေပြည်တော်ကို တကယ် ပစ်တော့မလား
ကူးစက်ရောဂါပိုးမွှားတွေနဲ့…
မျှော်လင့်ချက်တွေနဲ့…
နာကျည်းမှုတွေနဲ့…
တောက်ခေါက်သံတွေနဲ့…
ဒေါသတွေနဲ့…
စိတ်လျှော့လိုက်တဲ့ သက်ပြင်းချသံတွေနဲ့…
ငိုကြွေးသံတွေနဲ့…
အပြင်ဘက်မှာတော့ နာဂစ် မုန်တိုင်းကစဲသွားပြီ
ငါတို့ ရင်ထဲမှာ သောက မုန်တိုင်းတွေ အပြင်းထန်ဆုံး တိုက်ခတ်နေဆဲ။
ငြိမ်းချမ်းအောင်
12 May, 2008
Birthday
ငါ့ရင်ဘတ်ကို နာဂစ်လိုင်းတွေ တ၀ုန်းဝုန်းလာဆောင့်တယ်
လူသေအလောင်းတွေက
ရေထဲမှာမျောနေတယ်
ကိုင်းပင်တွေမှာ ညိနေတယ်
ရေကျသွားတဲ့ လယ်ကွင်း တွေထဲမှာ တုံးလုံးပက်လက်
အမြစ်ကျွတ်ပါမသွားတဲ့ သစ်ပင်ထိပ်ဖျားတွေမှာလည်းကပ်ညိလို့
ကွင်းပြင်က ပုတ်ပွနေတဲ့ အလောင်းတွေကို ကုန်းသတ္တ၀ါတွေကစားတယ်
မြစ်ချောင်းတွေထဲက ပုတ်ပွနေတဲ့ အလောင်းတွေကို ငါးတွေကစားတယ်
တမျှော်တခေါ် မြင်းကွင်းတစ်ခုလုံး အနိန္ဓာရုံသက်သက်ပဲ။
ငါ့အာရုံအားလုံးကို “ရီဖရယ်ဒမ်မဲလိမ်ပွဲ” ဆိုတဲ့ မုန်တိုင်းက တဒိုင်းဒိုင်းလာဆောင့်တယ်
လူတွေကို သေနတ်ထောက်ပြီး ထောက်ခံမဲပေးခိုင်းတယ်
လည်ပင်းညှစ်ပြီး ထောက်ခံမဲပေးခိုင်းတယ်
ပြန်ပေးဆွဲပြီး ထောက်ခံမဲပေးခိုင်းတယ်
လိမ်လည်ပြီးထောက်ခံမဲပေးခိုင်းတယ်
ချော့မော့ဖျောင်းဖျပြီးထောက်ခံမဲပေးခိုင်းတယ်
ဗြောင်ထောက်ခံမဲပေးခိုင်းတယ်
မသိမသာထောက်ခံမဲပေးခိုင်းတယ်
၉၀ ရာခိုင်နူန်း ပလပ် ထောက်ခံပါတယ်လို့
ပြည်တွင်းကလာတဲ့ အစီရင်ခံစာတွေက ညွှန်ပြနေကြတယ်
ငါခံနိုင်ရည် မရှိတော့ဘူး
ငါတင်းမခံနိုင်တော့ဘူး
ငါ့စိတ်အပေါ်ကို အဆောက်အဦးတွေ တစ်ခုပြီးတစ်ခု ပြိုကျနေတယ်
ငါကွန်ပြူတာကိုပိတ်လိုက်တယ်
မီးခလုတ်တွေအားလုံးပိတ်လိုက်တယ်
ရေဒီယိုပိတ်လိုက်တယ်
ဖုန်းပိတ်လိုက်တယ်
ငါဘာမှ မမြင်ရတော့ဘူး
ငါဘာမှ မကြားရတော့ဘူး
ခဏကလေးပဲဖြစ်ဖြစ် ငါအတိတ်မေ့ရောဂါ ရဖို့လိုအပ်နေတယ်။
ငါသတိရလာတဲ့အခါ
တစ္ဆေသရဲတွေနေတဲ့ ကျွန်းကလေး တစ်ခုပေါ်မှာရောက်နေတယ်
ငါ့ဘေးနားမှာ အစာရေစာမရလို့ သေအံ့ဆဲဆဲ လူမမာတွေ ညည်းနေကြတယ်
မြေမမြှုပ်ရသေးတဲ့ အလောင်းတွေလည်း ပြန့်ကျဲလို့
ငါအားတင်းပြီးထထိုင်လိုက်တယ်
ဒီကနေ့ ငါ့မွေးနေ့မှာ ကဗျာတစ်ပုဒ်နဲ့ ကမ္ဘာမြေကို ဂုဏ်ပြုရမယ်
ပြီးရင် ခါတိုင်းနှစ်တွေလိုပဲ မွေးနေ့ပွဲကို တိတ်တဆိတ်ကျင်းပဖို့လုပ်ရမယ်
ခါတိုင်းနှစ်တွေနဲ့ မတူတာက
ငါ့နိုင်ငံက နာဂစ်မုန်တိုင်းကြောင့် တစ္ဆေသူရဲ ဖြစ်သွားသူတွေ
ငါ့မွေးနေ့ကို တိတ်တဆိတ်လာရောက် ချီးမြင့်ကြတာပဲ
သူတို့မျက်နှာတွေမှာ ရုတ်တရက် သေဆုံးမှုအတွက်
ကြေကွဲဝမ်းနည်းနေတာမတွေ့ရပါဘူး
ငတ်မွတ်ဆင်းရဲခြင်းဆိုတဲ့ဝဋ္ဋ်ဒုက္ခက လွတ်မြောက်ခြင်းနဲ့
မချစ်မနှစ်သက်တဲ့ သူတွေ အုပ်ချုပ်တဲ့ တိုင်းပြည်က
အမြန်ဆုံး ကျွတ်လွတ်ခွင့်ရခြင်းဟာ နိဗ္ပာန်ရောက်ခြင်းပဲဆိုတာ
သူတို့တွေ စဉ်းစားကောင်းစဉ်းစားနေလိမ့်မယ်
လူတွေက မွေးနေ့ကိုသာ သတိရပြီး
သေ မဲ့နေ့ကို မေ့နေကြတယ်
ငါ့လူငယ်ဘ၀ဟာ ကျနေလိုပဲ ရုတ်ခနဲ ကုန်ဆုံးသွားတယ်
ငါ့နုနယ်ပျိုမျစ်ခြင်းဟာ အမိမြေနဲ့ ဝေးရာ တိုင်းတပါးမှာ ကုန်ဆုံးသွားတယ်
ငါနှမြောတွန့်တိုခြင်းမဖြစ်မိပါဘူး
ဒီနေ့ငါ့မွေးနေ့မှာ ဘာစကားမှ လက်ဆောင်ပါးစရာလည်းမရှိပါဘူး
လူတွေဟာ သေဆုံးဖို့ အတွက်ရှင်သန်နေကြတယ်
ရှင်သန်ဖို့အတွက် သေဆုံးနေကြတယ်။
စိတ်ဓါတ်ကို မြေကြီးထဲအထိ နှိမ့်ချကြည့်လိုက်တယ်
စိတ်ဓါတ်ကို မိုးပေါ်ရောက်အောင် တွန်းတင်ကြည့်လိုက်တယ်
ငါလုပ်လို့ရနေသားပဲ
ငါ့စိတ်နဲ့ ငါ့ခန္ဒာကိုယ်က သဘောထားချင်းတိုက်ဆိုင်နေသားပဲ
ဘာစိတ်ညစ်စရာများရှိလို့လဲ
ငါနေတဲ့ ကမ္ဘာဂြိုလ်မှာ
ပင်လယ်ကြီးက ပြာလို့
တိမ်တွေကလည်း တောက်လို့ ပလို့
မြက်ခင်းပြင်တွေကလည်း စိမ်းလို့ လန်းလို့
ဟော.. အရှေ့ဆီမှာ ရောင်နီပျို့လာပြီ
ငါခရီးဆက်ရပေဦးမယ်
သီအိုရီအတိုင်းဆိုရင်တော့ မုန်တိုင်းစဲရင် လေပြေညှင်းလာစမြဲပဲ။
ငြိမ်းချမ်းအောင်
ဒီကနေ့ကျရောက်သောမွေးနေ့အတွက်
08 May, 2008
မိုးညနေခင်း
မိုးရွာထဲကို ငါငေးကြည့်နေမိ
မိုးရွာထဲမှာ ဖြတ်လျှောက်သွားတဲ့
အရေပြား မွဲခြောက်ခြောက် လူမမာရုပ်ပေါက်နေတဲ့
အမျိုးသမီးတွေကို ငါငေးကြည့်နေမိ
လက်ထဲမှာ ဟင်းချက်စရာ တိုလီမုတ်စ ပစ္စည်းတွေ ဆွဲလို့
ကလေးတွေ လက်ကို ဆွဲလို့
စက်ရုံဆင်းချိန် ညနေခင်းဈေးတစ်ခုက ပြန်လာကြတဲ့
အသက်အရွယ်မျိုးစုံ မြန်မာအမျိုးသမီးတွေ
ငါရောက်နေတာက
မြန်မာပြည်သား (၁.၇) သန်းကို ထမ်းပိုးထားရတဲ့
မြန်မာဆိုရင် နှာခေါင်းရှုံ့တတ်တဲ့ တိုင်းပြည်တစ်ခုမှာ
ငါနေနေတာက
ပုလိပ်အဖမ်းကြမ်းပြီး
သူစိမ်းဆန်တဲ့ မြို့တစ်မြို့မှာ
အဲဒီနိုင်ငံမှာ
ဈေးသည်က ဖောက်သည်ကို ငတ်သလို
ပုလိပ်တွေက ငွေကိုငတ်တယ်
အဲဒီနိုင်ငံမှာ
အလိုမတူပဲ ဇိမ်ခန်းမှာ ရောင်းစားခံလိုက်ရတဲ့
မြန်မာအမျိုးသမီးငယ်တွေရှိတယ်
ကျောင်းတက်ခေါင်းလောင်းသံကို မကြားဖူးတဲ့
တရားမ၀င် မြန်မာအလုပ်သမား ကလေးငယ်တွေရှိတယ်
အဲဒီနိုင်ငံမှာ
မြန်မာတွေရဲ့ အမျိုးသားရေးဂုဏ်သိက္ခာနဲ့ ပုဂ္ဂလ္လိကမာနဟာ
တစ်စစီ ရိုက်ချိုးခံထားရတယ်။
ဆင်းရဲမွဲတေတဲ့အခါ
ဘ၀ဟာ ခြောက်ခြားဖွယ်ရာ အနိန္ဓာရုံပဲ
တချို့က သုခတွေစံစား
တချို့က ဒုက္ခတွေခံစားလို့
ငါလွမ်းနေမိတယ်
ငါလွမ်းနေမိတာ
ဈေးကြီးပေးဝယ်ရတဲ့ ၀ီစကီ ပုလင်းတစ်လုံး မဟုတ်ဘူး
ကုန်ဆုံးခဲ့တဲ့ အတိတ်ဘ၀ မဟုတ်ဘူး
ဖုန်ထူပြီး ဗွက်ပေါတဲ့ ငါ့မွေးရပ်ဒေသ မြေလတ်က မြို့ကလေးမဟုတ်ဘူး
သူငယ်ချင်းတွေမဟုတ်ဘူး ငယ်ချစ်ဦးမဟုတ်ဘူး
တကယ်တော့ ငါလွမ်းနေမိတာ သေချာလှတယ်မဟုတ်ပေမဲ့
မျှော်လင့်ခွင့်ရှိတဲ့ အနာဂတ်ပါ
ငါစဉ်းစားနေမိတယ်
မငိုပဲနဲ့ လူတွေဟာ ဘာကြောင့် မျက်ရည်ကျရတာလဲ
မြန်မာအလုပ်သမားတွေရဲ့ ခန္ဒာကိုယ်က ထွက်တဲ့
နံစော်တဲ့ ချွေးနံ့တွေထဲမှာ မျှော်လင့်ချက်တွေရှိနေတယ်
သူတို့နိုင်ငံသားတွေဆီကရတဲ့ အကောင်းစားရေမွှေးဆွတ်ထားတဲ့ ကိုယ်သင်းရနံ့မှာ
ခေါင်းပုံဖြတ်ခံလိုက်ရတဲ့ တရားမ၀င်အလုပ်သမားတွေရဲ့ လုပ်အားခတွေရှိတယ်
ဆန္ဒနဲ့ လက်တွေ့ဘ၀ဟာ တစ်ထပ်တည်းဘယ်တော့ ကျမှာတဲ့လဲ
လူအများနဲ့ သဘောထားချင်းမတိုက်ဆိုင်တဲ့အခါ ရေငုံနူတ်ပိတ်နေရမလားငါစဉ်းစား
ဒီထက်ပိုကောင်းတာမရှိလို့ ရှိတာကိုပဲ ရွေးချယ်လိုက်ရ
ဖြစ်သင့်ပေမဲ့ ဖြစ်မလာတဲ့အခါ ဒီလိုပဲ ဖြေသိမ့်နေရ
တကယ်တော့ ရှင်သန်းခြင်းဆိုတာ မမြင်ရတဲ့ အခွင့်အလမ်းတစ်ခုပါပဲ
ငါကထိုင်ခုံမှာထိုင်နေတယ်
ငါ့မျက်လုံးတွေက မိုးရွာထဲကို ဆက်ငေးကြည့်နေဆဲ
အဲဒီအချိန်မှာ
ငါ့ကို စိတ်တိုင်းမကျတော့တဲ့ ငါ့ကိုယ်စောင့်နတ်ဟာ စိတ်ကောက်ပြီး
အဝေးကို ထွက်ပြေးသွားလေရဲ့။
28 April, 2008 – 6:30 PM
ငြိမ်းချမ်းအောင်
27 April, 2008
အနီးအဝေး မိုင်တိုင်များ
အချစ်နဲ့ အမုန်းသာ မရှိတော့ရင်
ဘ၀က ငြီးငွေ့ဖွယ်ရာပင်။
ဖြတ်သန်းခဲ့တယ်
ပျားရည်ဆမ်းမထားတဲ့ မွဲခြောက်ခြောက် အထီးကျန်နေ့ရက်တွေ
တစ်ခါတစ်ခါတော့လည်း မချိပြုံးပြုံးရင်း
တစ်ခါတစ်ခါတော့လည်း ထင်းမီးဖိုလှုံရင်း။
ခင်မင်တဲ့ မိတ်ဆွေတွေနဲ့ ဆုံမိတဲ့အခါတိုင်း
အချစ်ရေးကိစ္စကို မေးမေးနေကြ
အကြောင်းပြချက် ရေရေရာရာ မရှိပေမဲ့
ယနေ့တိုင် လူပျိုဘ၀ကို ခုံမင်နေမိဆဲ။
ရှင်သန်ခဲ့ကြတယ်
မွေးလာကတည်းက သေဆုံးချိန်အထိ
တစ်စုံတစ်ရာကို မျှော်လင့်ရင်းနဲ့
အဲဒီမျှော်လင့်ချက်သာ မရှိတော့ရင်
လူတစ်ယောက်ဟာ
ရေသောက်မြစ် အဖြတ်ခံလိုက်ရတဲ့ သစ်ပင်တစ်ပင်လိုပဲ။
ဘယ်အရာကများ သေချာခဲ့လို့လဲ
မနက်ဖြန်ဆိုတာ ဘယ်သူမှ ကြိုတင်မမြင်ရတဲ့ အရာ
မရောက်သေးတဲ့ ကမ္ဘာတစ်ခုပဲ။
လူတွေရဲ့ အိုင်ဒီရော်လော်ဂျီတွေ
အချိန်နဲ့အမျှ ပြောင်းလဲနေတယ်
အခိုင်အမာတည်ဆောက်ထားခဲ့တဲ့ ခံစစ်စည်းရိုးတွေတောင်
အတုံးအရုံး ပြိုကျခဲ့ရတယ်။
ပါးစပ်က ထွက်ကျလာတဲ့ စကားတစ်ခွန်းအတွက်
တာဝန်ခံဖို့ လိုအပ်တယ်
ရေးလိုက်တဲ့ ကဗျာတစ်ပုဒ်အတွက်
တာဝန်ယူဖို့ လိုအပ်တယ်
လှမ်းလိုက်တဲ့ ခြေတစ်လှမ်းဟာ
သေနင်္ဂဗြူဟာမြောက်ဖို့ လိုအပ်ကောင်းလိုအပ်မယ်
လူတစ်ယောက်ဟာ ဘာမှမသိရင်လည်း
အကြောက်အလန့်ရှိမှာ မဟုတ်တော့ဘူး။
နေရာတိုင်းမှာ
မိုက်သွေးတွေ ကြွပြနေဖို့ မလိုအပ်ပေမဲ့
တစ်စုံတစ်ရာ ရဖို့ဆိုရင်
မိုက်စိတ်ကို မွေးမြူကြရလိမ့်မယ်။
နောက်ကျိနေတဲ့ အတွေးစတွေကို
တစ်ကန့်စီ ရှင်းထုတ်ဖို့
အနည်ထိုင်နေတဲ့ သွေးကို
ရဲဆေးတင်ပေးဖို့ လိုနေတယ်။
ဘီလူးတွေစောင့်ရှောက်တဲ့ မြို့တော်ကို
အကျအရှုံးမရှိပဲ
လွယ်လင့်တကူနဲ့တော့ သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။
ငြိမ်းချမ်းအောင်
19 April, 2008
အရောင်လွင့် မုန်တိုင်း
မင်း အပြုံးက
အဆိပ်လူးထားတဲ့ ပဒိုင်းသီး
နမ်းရိုက်မိရုံနဲ့ ရူးသွပ်စေနိုင်တယ်
မင်း အကြည့်က
စနိုက်ပါတပ်ထားတဲ့ ကာဘိုင်သေနတ်
အသံမထွက်ပဲနဲ့ သားကောင်ရဲ့ ချက်ကောင်းကို ထိအောင် ပစ်ချနိုင်တယ်
မင်းက မင်းရှင်သန်ကြီးထွားရာ ပတ်ဝန်းကျင် စေ့ဆော်မှုအတိုင်း
ကျင်လည်ကျက်စား သက်ဝင်လူပ်ရှားခဲ့ရသူ
မင်းနှလုံးသားက လျှပ်စစ်ဓါတ်မကူးတော့တဲ့ ၀ါယာကြိုးခွေအပျက်
အဲဒီနှလုံးသားက ချစ်ခြင်းမုန်းခြင်း ခံစားချက်မရှိဘူး
မင်းအထင်ကြီးတာက
လူရှေ့မှာ ပါးစပ်ကအမြှုပ်တစီစီထွက်အောင်
ကြွားလုံးထုတ်တတ်တဲ့ ငတိတွေ
အဲဒီငတိတွေလေမှာ မင်းဟာမျောလွင့်
ခေတ်မီတယ်လို့ ထင်ထားတဲ့ မင်းဟာ
ခေတ်နောက် ပြတ်ကျန်နေရစ်ခဲ့
နောက်ဆုံးပေါ် အ၀တ်အစားတွေ ၀တ်ဆင်ထားတဲ့ မင်းကိုယ်ခန္ဒာ
နောက်ဆုံးပေါ် အတွေးအခေါ်တွေ တပ်ဆင်မထားခဲ့
ငါတို့ ဆွေးနွေးနေတဲ့ တိုင်းရေးပြည်ရေး အကြောင်းအရာ
မင်းအာရုံမှာ စက္ကန့်ပိုင်းကလေးတောင်မှ အရိပ်ထင်ပုံ မရဘူး
ဆေးဆိုးထားတဲ့ လက်သည်းတွေကို ဖြန့်ခင်းလို့
မင်းစဉ်းစားနေတာက
နူတ်ခမ်းဆိုးဆေးတောင့်နဲ့ အ၀တ်အစား ဒီဇိုင်းလှလှတွေအကြောင်း
ပြီးတော့ အမဲကောင်တွေကို အချဉ်ဖမ်းဖို့အကြောင်း
ကောင်မလေးရေ
ကျားမြင်တိုင်း နွားမထင်နဲ့
မင်းသိဖို့လိုအပ်တာက
နေရာဒေသ အကွာအခြားမှာ
တန်ဖိုးသတ်မှတ်ချက်တွေ
ယဉ်ကျေးမှု အရောင်အသွေးတွေ ကွဲပြားခြားနားတတ်တဲ့အကြောင်း။
အချိန်ရရင်
ကျားစာဖြစ်သွားတဲ့ မုဆိုး တွေအကြောင်းနဲ့
ငါးစာ ဖြစ်သွားတဲ့ တံငါ တွေအကြောင်းလည်း
မင်းကို ပြောပြချင်တယ်
ပြီးတော့
မင်းမျက်နှာ၊ မင်းကိုယ်ခန္ဒာ “ပေါင်းတင်” သလို
မင်းဦးဏှောက်နဲ့ မင်းနှလုံးသားမှာ ကပ်ညိနေတဲ့ “ချေးညှော်” တွေကို ချွတ်ဆေးနဲ့ချွတ်ပြီး
အရောင်ပြန်တင်ဖို့ လိုအပ်တဲ့အကြောင်း
မင်း “မာယာ” မှာ “သားကောင်ရှာရေဒါ” တပ်ဆင်ထားဖို့ လိုအပ်ကြောင်း။
ငြိမ်းချမ်းအောင်
16 April 2008 - Evening
15 April, 2008
အမှတ်တရများ
ဘာလက်နက်မှ မရှိရင်တော့ ခံရတော့တာပဲ
ငွေကြေး
ဥစ္စာပစ္စည်း
အတတ်ပညာ
ဘာတစ်ခုမှ မရှိရင်တော့
ကံဆိုးပြီသာမှတ်။
ရိုးသားမှုသက်သက်နဲ့ အလုပ်မဖြစ်တော့ဘူး
ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်ဆိုတာ
ရီစရာ အကောင်းဆုံး ပျက်လုံးတစ်ခုသာပဲ။
မေတ္တာသုတ်ကို အာဂုံဆောင်ထားရုံနဲ့လည်း
အန္တရာယ်ကင်းပြီလို့ မထင်လေနဲ့
ဝှက်ဖဲထား မကစားရင်တော့
ရူံးပွဲနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ရလိမ့်မယ်။
သိက္ခာနဲ့သီလကို ချရောင်းတာ ၀ယ်မဲ့ သူမရှိဘူး
လူတွေက ကျော်ကြားမှုနောက်ကို လိုက်တယ်
ကျော်ကြားမှုနောက်ကို ငွေကလိုက်တယ်
ငွေများများရှိတဲ့ နေရာကို ငွေတွေလိုက်တယ်
ငွေမရှိတဲ့ နေရာကို ဘာငွေမှမလာဘူး
ခန္ဒာကိုယ်ပဲရှိလို့ ဒီခန္ဒာကိုယ်ပဲ ရောင်းစားရတော့တာပေါ့
ပစ္စုပ္ပန်မှာ ကြုံသလို ရှင်သန်တယ်
မနက်ဖြန်ကတော့ ကံစီမံတဲ့ အတိုင်းပဲ။
ဒီဘ၀မှာတင် ငရဲခံနေရသူတွေအတွက်
နောင်ဘ၀က ငရဲကို တွေးကြောက်နေမှာ မဟုတ်တော့။
လူ့ဘ၀ဆိုတာ
ဘုရားသခင် အပျင်းပြေလွှတ်တင်လိုက်တဲ့
စွန်တစ်ကောင်ပါပဲ
ရစ်ဘီးက သူ့လက်ထဲမှာ။
ငြိမ်းချမ်းအောင်
08 April, 2008
၂၁-ရာစု အ၀င်ဝက မင်း ဖတ်ဖို့ ကဗျာ
“ရင်ဘတ်ထဲမှာ ခွဲထည့်ထားလို့ ရရင် ထားလိုက်ချင်တယ်” တဲ့
သူပြောတော့လည်း ယုံခဲ့ရ
ဒီလိုနဲ့
ငါ့အနာဂတ် တစ်ခုလုံးကို
လုံးလုံး ပုံအပ်ခဲ့မိပါတယ်။
“မိုးလောက်ကြီးချစ်သတဲ့” လား
ကောင်မလေးရေ
မင်းရဲ့ နူတ်ခမ်းပါးကလေးက တစ်ဆင့်
မင်းရဲ့ အဇ္ဇတ္တကို ငါရှာဖွေတတ်ခဲ့ပါပြီ
ကုန်လွန်ခဲ့တဲ့ ငါ့ သက္ကရာဇ်တွေကို နှမြောတယ်
ဧရာဝတီကို မင်းချစ်သလို ငါလည်း ချစ်တယ်
မြန်မာပြည်ကြီးကို မင်းလည်း ချစ်တယ် ငါလည်း ချစ်တယ်
ဒါပေမဲ့
ကောင်မလေးရေ
အချစ်ဆိုတာ ကောက်ရိုးမီးတောက်သလို ထ, ထ တောက်တဲ့အရာ မဟုတ်ဘူး
ဟောဒီ
ရာစုသစ်မှာ
မြန်မာပြည် ခပ်ညံ့ညံ့လက်ဖက်ရည်ဆိုင်က ရိုးရိုးလက်ဖက်ရည် တစ်ခွက်လိုပဲ
လူတွေရင်ဘတ်ထဲက အချစ်တွေ ပေါ့ပျက်ပျက်ဖြစ်သွားတာ မင်းလက်ခံလိုက်ပါ။
သင်္ကြန် လက်ဆေးမိုး ရွာမှ
ပိတောက်တွေ ပွင့်ခွင့်ရတာပါကွာ
ဆင်ဖမ်းမယ် ကျားဖမ်းမယ်
စကားလုံးတွေ ငါ့အာရုံထဲ ပစ်ပစ် မထည့်ပါနဲ့
ရာသီမှန်မှ အပင်သန်ခွင့်ရမှာ
အခုမှ ရေတွင်းတူးပြီး အခုချက်ခြင်း ရေကြည်သောက်လို့ မရပါဘူး။
တောအုပ်ကြောင့် ပုတ်သင်ညိုတွေ အရောင်ပြောင်းတတ်တယ်
မင်းကတော့ ရာသီအပြောင်းမှာ ၀တ်စုံ မကြာခဏ ပြောင်းဝတ်ခဲ့
ရာသီစာ သီးပင်တွေ မင်းက မကြာမကြာ စိုက်ပျိုး
မင်းစိုက်တဲ့ သီးပင်တွေက တစ်ရာသီစာပဲ ခံလေတော့
မီးစင်ကြည့်ကတတ်တဲ့ မင်းရဲ့ မူဝါဒကို ရပ်လိုက်ပါတော့။
High-speed ခေတ်ကြီးမှာ
ဒီကနေ့ မင်းကို
မနေ့တုံးက ငါက
နားလည်အောင် ဖတ်ဖို့ ပရိုဂရမ်ဆော့ဝဲလ် မရှိသေးဘူး။
ငြိမ်းချမ်းအောင်
04 April, 2008
မဲရုံဆီသို့ ကန့်ကွက်စို့ အတာသင်္ကြန်သီချင်းများ
မြန်မာပြည်တွင်းက ဂီတအနုပညာရှင်များရဲ့ ရွှေဝါရောင်စက်တင်ဘာတေးဂီတအဖွဲ့၏ ဒုတိယခြေလှမ်းအဖြစ် “မဲရုံဆီသို့ ကန့်ကွက်စို့” အမည်ရ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်တေးသီချင်း (၂) ပုဒ်ကိုဖန်တီးထားပါတယ်။ မိုးမခ မီဒီယာမှ တဆင့်ကူးယူဖော်ပြပါတယ်။ အောက်ကလခ့်တွေမှာ နားဆင်ပါ။
၁။ မဲရုံဆီသို့ ကန့်ကွက်စို့
၂။ တောင်ပေါ်မြေပြန့် ကန့်ကွက်ကြမယ်
01 April, 2008
လွမ်းနေတဲ့ ပိတောက်ဝါ
ကောင်းကင်ကို တွန်းဖွင့်ကြည့်တော့
တစ်ပင်လုံးဝါ၀ါဝင်း
တစ်ခွင်လုံးစိန်းစိန်းစို
တောင်လည်းစို
တောလည်းစိန်း
တိမ်လည်းညို
တိုက်လာတဲ့ လေထဲမှာတောင်
လွမ်းရိပ်တွေကဝေ့ဝေ့၀ဲ
တစ်နှစ်ခင်းလုံး ဇွဲခတ်ပြီး အောင့်ထားရပုံမျိုးနဲ့
ချစ်ခြင်းနဲ့ ပွင့်လာတဲ့ ပန်းတွေ
လောကတစ်ခွင်လုံး ထိန်ထိန်ညီးလို့။
သင်္ကြန်မိုးပြေးနဲ့အတူ
ရောက်လာတဲ့ အို.. ပိတောက်ဝါ
ချိန်ခါသင့်လို့ ပွင့်တာလား
တူးပို့နဲ့လန်းဖို့ ရောက်လာသလား
တန်ခူးလေနဲ့ မြူးဖို့ ၀ါဝါထိန် တောက်ခဲ့တာလား
ရှာပုံတော်အလွမ်းဇာတ်ကို တစ်ခန်းရပ်ဖို့ လာလေသလား
ဖော်ဝေးသူကို မျှော်ငေးပူဆွေးဖို့ ရောက်လာကြတာများလား။
တစ်မြေစီ ဝေးကွာခြားပြီမို့
သွေဖည်တိမ်းကာ စိမ်းပါသလား အချစ်ရယ်
ဟောဒီမှာ … နွေဦး
မင်း.. ခူးယူလိုက်ပါ
ဟောဒီမှာ … ဧပရာယ်ဖူး
မင်း.. မြူးတူးပျော်ရွှင်ပါ
ဟောဒီမှာ … ပိတောက်ဦးတွေ
မင်း.. ဆွတ်ယူဆင်မြန်းပါလေ။
ဟောဒီ မြေကမ္ဘာမှာ
မျက်ရည်တွေရှိသလို
အပျော်အပြုံး တွေလည်းရှိပါတယ်
ဒဏ်ရာဒဏ်ချက်တွေရှိသလို
ချိုမြိန်တဲ့ နေ့ရက်တွေလည်း ရှိမှာ
လူ့ဘ၀ ရခဲလှ ခဏတာမှာ
အပျော်တွေကို စိုက်ပျိုးပါ
အပြုံးတွေနဲ့ အလှဆင်ပါ
အချစ်ဦးမို့ မေ့လို့မရပါ ချစ်သော ပိတောက်ဝါ။
သစ္စာမဖောက်တဲ့ ပိတောက်တွေက
တစ်နှစ်တစ်ခါ ရောက်လာခဲ့ပေမဲ့
လွမ်းရေးထက် ၀မ်းရေးခက်တဲ့ ခေတ်ကြပ်ကြီးထဲ
အချစ်ရေးထက် စစ်ရေးကခက်ပြီမို့
တိုင်းရေးပြည်ရေး ရတက်မအေးနိုင်လို့
တစ်ယောက်ပျိုကညာရဲ့ ကေသာဦးမှာ
ပိတောက်ပျိုအ၀ါကို ခူးဆွတ်ကာ ပန်ဆင်ပေးလိုပေမဲ့
ပြည်တော်ပြန် အ၀င်ခက်သမို့
ရွှေပြည်တော် မျှော်တိုင်းဝေးနေဆဲသာမို့
ဆယ်မိုးဆယ်နွေ ရှည်ကျော်ခဲ့ အလွမ်းရက်ရှည်ခရီးထဲ
ရည်မျှော်ကာ မပျော်ရက်နိုင်သူကို
ချစ်ဦးသူခင်က
ပန်းကြွေပိတောက်တွေနဲ့အတူ
လွမ်းနေလောက်ပြီပေါ့။
ငြိမ်းချမ်းအောင်
27 March, 2008
နံရံကိုထိမှန်၍ ပြန်ထွက်လာသော အသံများ၏ ညီမျှခြင်း
အိပ်မရလို့ စဉ်းစားနေမိတာ မဟုတ်ဘူး
စဉ်းစားနေမိလို့ အိပ်မရတာပါ။
လပြည့်ညမှာ အတောက်ပဆုံးကြယ်တစ်ပွင့်ကို လိုက်ရှာနေမိသလိုမျိုး
ညက အမြင်အာရုံကို အလှနဲ့ လှည့်စားနိုင်တယ်။
ကွန်ပြူတာမှာ ကစားရတဲ့ ဂိမ်းတစ်ခုလို အိုဗာဖြစ်သွားမှာတော့ မဟုတ်ဘူး
စာမေးပွဲတစ်ခုလို အချိန်အကန့်အသတ်လည်းမရှိဘူး
နောက်ကျမူတိုင်းမှာတော့ ဒဏ်ရာဒဏ်ချက်တွေကိုယ်စီနဲ့။
တွက်မိတဲ့ ပုစ္ဆာအားလုံးမှာ အဖြေက တစ်ခုပဲထွက်ခဲ့တယ်။
အသက်ချင်းထပ်ထားရတဲ့ ပြေးတမ်းလိုက်တမ်း ကစားပွဲတွေမှာတော့
သရီးဒီဖန်သားပြင်ပေါ်မှာကြည့်ရတဲ့ သည်းထိတ်ရင်ဖိုဟောလိဝုဒ် အက်ရှင်ဇာတ်ကားတွေလို
ဇာတ်သိမ်းခန်း ပါမလာခဲ့ဘူး။
အက်ဆစ်မိုးတွေ ကွက်ကြားရွာချပေးနေတဲ့ ဟောဒီမိုးကောင်းကင်အောက်မှာ
ဘ၀တွေက စုတ်ပြတ်နုံချာလွန်းတယ်။
လွန်ခဲ့တဲ့ သုံးနှစ်က လူငယ်တွေနဲ့ စကားပြောဖြစ်တယ်
လွန်ခဲ့တဲ့ တစ်နှစ်က လူငယ်တွေနဲ့ စကားပြောဖြစ်တယ်
လွန်ခဲ့တဲ့ တစ်ပတ်က လူငယ်တွေနဲ့ စကားပြောဖြစ်တယ်
လူငယ်တွေ ရုန်းကန်နေကြတယ်....
လူငယ်တွေ လွတ်မြောက်ချင်ကြတယ်......
လူငယ်တွေ တရားခံအစစ်ကို ရှာတွေ့ပါတယ်....
လူငယ်တွေ ပြိုင်တူတွန်းနိုင်မဲ့ ရက်ကိုစောင့်နေဆဲ.....
လူငယ်တွေရဲ့ ပစ္စုပ္ပန်နဲ့အနာဂတ်ဟာ မြူတွေလိုေ၀၀ါးနေမြဲ။
သူရဲကောင်းစိတ်ဓါတ်ဟာ
ထောင်နံရံတွေကနေ ပဲ့တင်ထပ်ပြီး ပြန်ထွက်လာတယ်
“ဘယ်တော့မှ ဒူးထောက် အညံ့ခံမှာ မဟုတ်ဘူး” တဲ့
သူရဲကောင်းသွေးဟာ အနီရောင်အလံတစ်ခုအဖြစ် ကောင်းကင်ပေါ်မှာ တလူလူလွှင့်နေတယ်။
အမှောင်ခေတ်တစ်ခုလုံး သင်္ခြိုင်းကုန်းတစ်ခုလိုပါပဲ
ကန်းနေတဲ့ အနာဂတ်နဲ့
ပြန်မရနိုင်တော့တဲ့ အတိတ်နဲ့အတူ
ကွယ်သွားတဲ့ အမြင်အာရုံနဲ့ ပျက်စီးသွားတဲ့ ဦးဏှောက်တွေကို စာအုပ်ထဲမှာချရေးထားတယ်။
ဝိညာဉ်တွေစောင့်ရှောက်တဲ့ မြို့တော်မှာ တစ္ဆေကြောက်စရာတောင် မလိုတော့ဘူး။
လူတိုင်း ကိုယ်ချင်းစာစိတ်ထားကြရင် ကောင်းမှာပဲ
လမ်းဘေးက ခွေးလေလွင့်တစ်ကောင်ကိုပဲဖြစ်ဖြစ် စာနာစိတ်ထားပါ။
သင်ကောက်ယူဖယ်ရှားလိုက်တဲ့ အမိုက်တစ်စဟာ
ပုရွက်ဆိတ်တစ်ကောင်ရဲ့ စံနန်းဂူဝကို ပိတ်ဖုံးထားတဲ့ သေမင်းနံရံ တံတိုင်းတစ်ခုလည်း ဖြစ်နိုင်တယ်။
တိုတောင်းလှတဲ့ ဘ၀မှာ လမ်းပေါ်မှာ ပိတ်နေတဲ့ အမိုက်တွေကို ရှင်းလိုက်ပါ
အလှတရားတွေကို ဖျက်ဆီးနေတဲ့ သတ္တ၀ါတွေကို သုတ်သင်ဖယ်ရှားပစ်ပါ
သင့်ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ပါ
အဓိပ္ပါယ်ရှိတဲ့ ရှင်သန်ခြင်းဆိုတာ ခေတ်က သင့်ပခုန်းပေါ်တင်ပေးလိုက်တဲ့ တာဝန်ကို
ကျေပွန်စွာ ထမ်းဆောင်ခြင်းပါပဲ
လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ ပန်းကလေးတစ်ပွင့်တောင်မှ တတ်နိုင်သလောက်
လောကကို အလှဆင်ပါတယ်။ ။
မတ် ၂၆ ရွှေဝါရောင်တော်လှန်ရေး (၆) လပြည့်အတွက် ရည်စူးရေးဖွဲ့သည်။
ငြိမ်းချမ်းအောင်
24 March, 2008
အလွမ်းနဲ့ရေးတဲ့ သီချင်းတစ်ပုဒ်
အသာတကြည်မရလို့
အကြမ်းဖက်လိုစိတ်က မကြာခဏခေါင်းထောင်ထတယ်
စိတ်ထဲမှာ ရှိတာကို ရှိတဲ့အတိုင်း လက်တုန့်ပြန်မိတော့
နိုင်ငံရေးလုပ်မယ်ဆိုရင် အရေထူဖို့ အရင်ကြိုးစားလိုက်ပါဦး ညီလေးရာတဲ့
ဆရာကြီးလေသံနဲ့ ကဲ့ရဲ့စကားဆိုတာကို ခံရတယ်
လမ်းပေါ်မှာခလုတ်တိုက်မိရင် တိုက်မိတဲ့အရာဝတ္တူ ခြေထောက်နဲ့ပိတ်ကန်လိုက်တယ်
လမ်းသွားရင်း ဟောင်တဲ့ခွေးကို ခဲနဲ့ကောက်ထုတယ်
မကျေနပ်တာကို မကျေနပ်ဘူးကွလို့ ဗြောင်ဖွင့်ပြောလိုက်တယ်
ရွှေပြည်အေးတရားဟောနေတဲ့ ပုဂ္ဂိုလ်ရဲ့ မျက်နှာကို တံတွေးနဲ့ ထွေးချင်တယ်
သူပုန်ထတာ အချိန်နေရာဒေသ ရွေးနေစရာမလိုဘူး
ဘယ်နည်းနဲ့ပဲ နိုင်နိုင် အနိုင်ရလိုစိတ် ငယ်ငယ်ကထားခဲ့ဖူးတယ်
ရန်ရန်ချင်းမတုန့်နှင်းရဘူးတဲ့
ရန်သူကို ရန်သူလို မမြင်မိတဲ့နေ့ကစပြီး ခံရတော့တာပဲ
အိပ်မက်ထဲမှာ ယောင်ယောင်ပြီး ကန်သွင်းခဲ့တဲ့ ဂိုးတွေ
နိုးလာတိုင်း လွမ်းဆွတ်နေမိတယ်
ကိုယ်ဖော့ပြီးစဉ်းစားတယ်
ခဲဆွဲပြီးစဉ်းစားတယ်
စိတ်ကိုဖွင့်ထားတယ်
နှလုံးသားကို ဖွင့်ထားတယ်
အနွေးအင်္ကျီထူထူ ၀တ်ထားတယ်
ကိုယ်ခံပညာ နည်းနည်းပါးပါး သင်ထားတယ်
လူရှေ့မှာ ဆွေးနွေးလို့ ရအောင် စာတိုပေစတွေ မတောက်တခေါက် ဖတ်ထားတယ်
မူးမှပဲ အော်အော် ဆဲလို့ကောင်းတော့ တစ်ခါတစ်ခါတော့လည်း မူးမိတာပေါ့
မူးတိုင်းလည်း နံရံကို လက်သီးနဲ့ ပစ်ပစ်ထိုးလိုက်တယ်
ရွေးချယ်စရာ မတွေ့လို့ ဘာကိုမှ မရွေးချယ်မိသေးတာပါ
ခြေမတွေ့လို့ စောစောစီးစီး ထွက်ထိုင်နေမိတာ
မနက်ဖြန်ဆိုတဲ့မမြင်ရတဲ့အနာဂတ်နဲ့
ဓါတ်တိုင်ကမီးအရောင်ပြန်ဟပ်ပြီးလင်းနေတဲ့ကာင်းကင်အောက်မှာ
ဘယ်အရာမှအစီအစဉ်တကျမရှိကြဘူး။
ငြိမ်းချမ်းအောင်
21 March, 2008
မတ် ၁၃ အသားကင်ဆိုင် နွေဦးညနေခင်း
အဲဒီညပေါ့
အလိုမတူပဲ လမင်းကို ငါ ချစ်တင်းနှောခဲ့မိတာ
နွေဦးက ရူးလောက်အောင် ဖမ်းစား
အဝေးက ငါစောင့်မျှော်နေခဲ့ ရောက်လာလတ္တံ့သော အ၀ါရောင်အလင်းတစ်စ
ငါ့ ခန္ဒာကိုယ်က နာကျင်ခြင်းမဲ့ အိုကြီးအိုမ ၀ိညာဉ်တစ်စ
လေထဲမှာ တဖျတ်ဖျတ်လွင့်လို့ ပေါင်းဖက်မွေ့ကြ
အဲဒီတဒင်္ဂမှာ ညက ငါ့ကို ပျားရည်နဲ့ ၀မ်းချခဲ့။
မြက်ခင်းပြင်ပေါ်မှာ
ကြယ်တွေ လင်းလက်မနေခဲ့ပါ
သူကလေးရဲ့ မျက်လုံးတွေပဲ တဖျတ်ဖျတ်တောက်ပလို့နေကြ
သူစိမ်းဆန်ပေမဲ့ ယဉ်ကျေးပြူငှာတဲ့ ရေမွှေးရနံ့သင်းပျံ့ပျံ့ကလေး
ရင်ထဲအထိ တိုးလျှိုးပေါက် ချဉ်းနင်းဝင်ရောက်
ဖမ်းစားနိုင်လွန်းတယ်
အဖွင့်အပိတ်မြန်ပြီး အလိုမကျတဲ့ စကားတွေပြောတတ်တဲ့ နူတ်ခမ်းပါးကလေး
ငါ သတိလက်လွတ် ငေးကြည့်နေမိတဲ့အရာ
သူကလေးရဲ့ ဆေးရောင်စုံခြယ်သ လှပတဲ့မျက်နှာ
အဲဒီခဏကလေးမှာ
တပ်မက်စိတ်ဟာ မီးတစ်စလို ရင်ကိုလောင်မြိုက်
နှလုံးသားဟာ ပရမ်းပတာ မြူးတူးခုန်ပေါက်လို့
သံချေးတက် ဓါးမတစ်ချောင်းဟာ
ရေခဲစိမ်ပန်းသီးကို ခွဲစိတ်ဖို့ မသင့်တော်ပါဘူးကွာ
ဖမ်းဆုပ်ဖို့ ခက်တဲ့ အဲဒီ အလင်းတစ်စကိုပဲ
အငမ်းမရ ငါဟာ ဖမ်းဆုပ်
ကလေးရယ်
မင်းမျက်လုံးတွေ ရီဝေနေခဲ့
အချစ်က ရင်ဘတ်ထဲအထိ ၀င်ကြည့်မှ မြင်ရတဲ့ အရာမျိုး
အဲဒီ ခါးသက်လွန်းတဲ့ဝေဒနာ
အလွမ်းဆိုတာ အလင်းထက် ပိုမြန်တတ်သလား
မဝေးလိုပေမဲ့ ဝေးခဲ့ရ
မထားလိုပေမဲ့ ထားခဲ့ရ
မင်းအပါးက ထပြန်လာခဲ့ရပေမဲ့
သူပုန်ဆန်နေကျ ကိုယ့်ဝိညာဉ်ဟာ အခုထိ ကိုယ့်ဆီ ပန်ရောက်မလာတော့။
ငြိမ်းချမ်းအောင်
17 March, 2008
မီးတွေ မငြိမ်းတော့ဘူး
အရေပြားပေါ်က ချွေးတွေတိတ်ဖို့
မိုးစက်မိုးပေါက်တွေ လိုသလို
ကမ္ဘာကြီးပူနွေးလာမှုကို ဟန့်တားဖို့
လောဘနဲ့ရမ္မက်မီးတွေ ငြိမ်းသတ်ဖို့လိုတယ်။
ချွေးစက်တွေဟာ ခန္ဒာကိုယ်ကထွက်တဲ့
ဝမ်းတွင်း ချော်ရည်ပူတွေ
လောဘရမ္မက်က မီးတစ်စလို
လူ့ခန္ဒာကိုယ်ကနေ စကြ၀ဠာအနှံ့
တငွေ့ငွေ့ လောင်မြိုက်တယ်။
လောဘနဲ့ဖွဲ့တည်တဲ့မီး
ဒေါသကြောင့်ဖြစ်ပေါ်တဲ့မီး
မောဟနဲ့ယက်ဖွဲ့တဲ့မီး
သောကနဲ့လောင်မြိုက်တဲ့မီး
တဏှာကြောင့်ပေါ်ပေါက်တဲ့ရာဂမီးတွေဟာ
ပူလောင်လွန်းလှချေရဲ့။
တင်းတိမ်ရောင့်ရဲစိတ်ထားပါမှ ငြိမ်းအေးမယ်
မေတ္တာရေစင်ဖျန်းပါမှ မီးတွေငြိမ်းနိုင်မယ်။
“နိဗ္ပာန်ရောက်ကြောင်းတရား” ဟာလည်း
လောင်မြိုက်နေတဲ့ မီးတွေကို မတားနိုင် မဆီးနိုင်
“ငဲ့ညှာမှုနဲ့ ကိုယ်ချင်းစာစိတ်” ရှိမှ မီးရှိန်တွေ လျှော့ကျမယ်
မီးအမှောင်တိုက်တွေ ပိတ်ဖုံးနေမှဖြင့် စုံလုံးကန်းတော့တာပဲ
“ကိလေသာအညစ်အကြေး” တွေဟာ
မီးပြင်းထိုးနေတဲ့ “ထင်း” မျိုးတွေပေါ့။
မီးတွေ မီးတွေ ပူလောင်လှချေရဲ့
မင်းရဲ့အလှဟာလည်း မီးပါပဲ အချစ်ရယ်
တဏှာကြောင့်ဖြစ်ပေါ်တဲ့ ရာဂမီးဟာ
ငရဲမီးတစ်စလိုပဲ ရင်ကိုလောင်မြိုက်နိုင်ရဲ့။
“ငါ ဆိုတဲ့ အတ္တစိတ်အစွဲ” ဟာလည်း မီးပါပဲ
“အနိုင်ရလိုမှုနဲ့ ထင်ပေါ်ကျော်ကြားလိုစိတ်” ဟာလည်း မီးတွေပဲ
“လိုချင်တပ်မက်မှုနဲ့ ချမ်းသာကြွယ်ဝလိုစိတ်” ဟာလည်း မီးတွေပေါ့
“မနာလိုဝန်တိုမစ္ဆိယစိတ်” ဟာ မီးလိုလောင်မြိုက်
အဲဒီ မီးတွေဟာ ဖောက်ပြန်ရူးသွပ်စေတယ်
တင်းတိမ်ရောင့်ရဲစိတ် မရှိသေးသ၍ မီးတွေဆက်လောင်နေဦးမယ်။
အချစ်ရေ မင်းကို ချစ်မိတာလည်း မီးပါပဲ
အချစ်က မီးတစ်စလို အပူတိုက်သွင်းနိုင်ရဲ့
မင်းရဲ့ အမုန်းဟာလည်း မီးပါပဲ
မင်းအမုန်းကြောင့် ငါ့ရင်မှာ ပူလောင်လှချည်ရဲ့။
အစာရေစာရှားပါးခြင်းနဲ့ ငတ်မွတ်ခေါင်းပါးခြင်းဟာလည်းမီးပါပဲ
သဘာဝဘေးအန္တရာယ်နဲ့ ကပ်ရောဂါတွေဟာလည်း မငြိမ်းနိုင်တဲ့ မီးတွေပဲပေါ့ကွယ်။
မွေးဖွားလာကတည်းက သေဆုံးချိန်အထိ
လောင်မြိုက်နေတဲ့ မီးတွေ မီးတွေ
အဲဒီမီးတွေကြောင့် စစ်ပွဲတွေ ဖြစ်ခဲ့
အဲဒီမီးတွေကြောင့် လူတွေသေခဲ့
အဲဒီမီးတွေကြောင့် ရာသီဥတုတွေဖောက်ပြားခဲ့
အဲဒီမီးတွေကြောင့် အိုဇုန်းလွှာကြီး ပါးခဲ့
အဲဒီမီးတွေကြောင့် ကျင့်ဝတ်သိက္ခာနဲ့သီလတွေ ကျိုးပေါက်ခဲ့
အဲဒီမီးတွေကြောင့် အလိမ်အညာအဖျီးအဖြန်းနဲ့မသမာမှုတွေ ပေါ်ပေါက်ခဲ့
အဲဒီမီးတွေကြောင့် ခိုးဆိုးလုယက်မှုနဲ့ အကျဉ်းထောင်တွေပေါ်ပေါက်ခဲ့
အဲဒီမီးတွေဟာ အာဏာရှင်နဲ့ ရာဇ၀တ်သားတွေကို မွေးထုတ်ပြန်တယ်
အဲဒီမီးတွေဟာ စိတ်ဖောက်ပြန်သူတွေနဲ့ အစွန်းရောက်ဝါဒီတွေကို မွေးဖွားပေးခဲ့
အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေဟာလည်း မီးတွေပေါ့
ဝါဒမှိုင်း လူမျိုးရေးအမြင်ကျဉ်းမြောင်းမှုနဲ့ ဘာသာရေးအစွဲ စစ်ပွဲ တွေဟာလည်း မီးတွေပဲပေါ့ကွယ်။
အချစ်ရေ မေတ္တာရေစင်နဲ့ မီးတွေကို ငြိမ်းသတ်ပါ
မင်း အမုန်းကြောင့် ပူလောင်လှချေရဲ့
အချစ်ရေ မီးလောင်ရာ လေမပင့်လိုက်ပါနဲ့
မီးပြင်းထိုး လောင်တိုက် သွင်းသူတွေကြောင့်
မငြိမ်းသော မီးတွေ မီးတွေ စကြ၀ဠာအနှံ့ လောင်မြိုက်နေခဲ့ပြီ...........။
ငြိမ်းချမ်းအောင်
12 March, 2008
Vote “No”
အချစ်ရေ..
မသေချာ မရေရာတဲ့ သက္ကရာဇ်တွေထဲ
အနေကြာခဲ့ နှစ်တွေမြဲလို့
“လုပ်သမျှ” ကို မယုံရဲ
“ပြောသမျှ” ကို သံသယစိတ်အစွဲနဲ့
လောကအပေါ်အဆိုးမြင်
မဲမဲမြင်ရန်လိုစိတ်ဝင်မိတဲ့ ကိုယ့်ကို
လူဆိုးကြီးလို့ မထင်လိုက်နဲ့ဦး။
ကတိက၀တ်တွေဟာလည်း
အဖိအညှစ်တွေပါပဲ အချစ်ရယ်..
အဖြူနဲ့ အမဲကိုလည်း
ဗြောင်လိမ်ဝံ့ရဲသူတွေက
အကြံအဖံ အကဲမစမ်းပဲ
အမှန်အကန်အသဲတခြမ်းနဲ့
Referendum မဲမှတ်တမ်းကို
အတိအကျ ရှိသမျှ ကြေငြာပေးမယ်လို့
ဘယ်သူကများ အာမခံဝံ့မှာတဲ့လဲ။
အလိမ်အညာ အဖျီးအဖျန်းတွေနဲ့
ဗေဒင်ယတြာ နည်းလမ်းတွေချဲ့
အသေအချာ အတိအကျစီမံပြီး
ပလီပလာ ပေါက်ကရ လေကန်ပြီး
စီမံခန့်ခွဲ သူတို့ကြောင့်
တိုင်းပြည်လည်း မွဲသထက်မွဲ
အရေပြားတွေလည်း မဲသထက်မဲ
အသည်းနှလုံးတွေလည်း ကွဲသထက်ကွဲ
ကျောမွဲ မျက်နှာမွဲ အလှမွဲ အခြေအနေမှာ
သန်းခေါင်ထက်လည်းပိုပြီး
ညဥ့် မနက်နိုင်တော့ပါဘူး အချစ်ရယ်။
ကိုယ်တို့ဘ၀က
ကျွန်ဖြစ်ပြီးမှ
နွံနစ်လည်းမထူးတော့ပါဘူး..
အလိမ် ခံရတာများလွန်းလို့
လူတွေလည်း ပိန်လိန်နေပါပြီ
အထုအထောင်းခံရတာများလို့
ထုသားပေသားလည်းကျနေပါပြီ..
ဥပါဒါဏ်ကြောင့် ဥပါဒ်ဖြစ်ပေမဲ့
လူလိမ်တွေ ကြီးစိုးတဲ့ခေတ်မှာ
ဖြစ်သမျှအကြောင်းအကောင်းချည်ပဲသာမို့
ထူးပြီး စိတ်ညစ်မနေပါနဲ့တော့ အချစ်ရယ်။
ရွေးချယ်စရာဆိုတာလည်း
ဈေးဝယ်သလိုပါပဲကွယ်..
ကြေးကြီးကြီးပေးဝယ်မှ
စိတ်တိုင်းကျပစ္စည်းတွေရမယ်
အမှည့်လွန် သစ်သီးကိုလည်းမစားနဲ့
နုငယ်လွန်းတဲ့ အသီးနဲ့လည်း မကစားနဲ့
အိမ်ရှင်မတစ်ယောက်ဟာ
စစ်သူကြီးတစ်ယောက်လိုပါပဲ
အခြေအနေကိုခြုံငုံ တွက်ချက်ပြီးမှ စစ်ထွက်ရသလို
အသေအချာ ဆန်းစစ်ပြီးမှ ဈေးဝယ်ပါ အချစ်ရယ်။
ဈေးတွက်အတွက်လွန်နေရင်လည်း
ချွေးထွက်အထွက်လွန်ပေလိမ့်မယ်
နေမြင့်လို့ဈေးကွဲတဲ့အခါ
လျော့ဈေးနဲ့ ချရောင်းရမယ်
ချွေးနဲ့ရေးတော့ ချွေးသမိုင်း
သွေးနဲ့ရေးတော့ သွေးသမိုင်း ပေါ့ကွယ်
“လေထိုးရင် လေရမယ်..
ငွေထိုးရင် ငွေရမယ်” ဆိုတဲ့
လောင်းကစားဝိုင်းက “ဒိုင်လူကြီး” ပြောတဲ့ စကား
အမှန်ပါပဲ အချစ်ရယ်။
အချစ်ရေ..
ကွန်စတီကျူးရှင်း အသစ်က
ကျွန်စနစ် ခေတ်တခေတ်ကို
အတိအကျ ထူထောင်တော့မှာမို့
ကျွန်မစစ်ပေမဲ့
ကျွန်ဖြစ်နေတဲ့
ကိုယ်တို့တတွေ
ရှိသမျှဇွဲ အားမာန်ခဲလို့
ကန့်ကွက်ကြရအောင်ပါ အချစ်ရာ။
စစ်ဗိုလ်တစ်မတ်သားပါလီမန်မှာ
ယူနီဖောင်းကြီးတလွှားလွှား
ပစ္စတိုကြီး တကားကားနဲ့
ဆစ်တို ပုကွ လူလုံးမလှတဲ့
ငတိများကသာ
ကြီးစိုးတော့မှာမို့
ယီးတီးယားတားလုပ်မိရင်
သေနတ်ကြီးများနဲ့ ထပစ်နေမှဖြင့်
ခက် ခက်ရချည်သေးရဲ့ အချစ်ရယ်။
ဒီတော့ အချစ်ရေ..
“မထူးဘူး” ဆိုပြီးလည်း
စိတ်ပျက်လက်ပျက်နဲ့
မျက်နှာမလွှဲ လိုက်ပါနဲ့ဦး
မျှော်လင့်ချက်မလက်တလက်
သံသယစိတ် တစ်ဝက်တစ်ပျက်နဲ့ပဲ
လောလောဆယ်
စကားနည်း ရန်စဲ
တိတ်တိတ်ကလေးပဲ (ဖြစ်ဖြစ်)
မဲရုံကို ဒို့တတွေ သွားလို့
“ကန့်ကွက်မဲ” ကလေး ပေးလိုက် ကြပါဦးစို့ကွာ….။
ငြိမ်းချမ်းအောင်
09 March, 2008
ကချေသည် (၂)
ညကပဲ
ကြွရွလွန်းတာလား
လကပဲ
ရင်ခုန်ယစ်မူးစေသလား
မင်းကပဲ
လှပလွန်းလေသလား
မြင်သူတကာကို ရင်ဘ၀င်လှိုက်ဆူ
သည်းအူညွတ်ပြောင်း ဖမ်းစားနိုင်စွမ်းတဲ့
အို.. မင်းသမီးရယ်
ဂီတစာဆို ကိုသက်ဦးရဲ့ ဒေ၀စ္ဆရာ သီချင်းထဲကလို
“ ပြစ်မျိုးမှဲ့မထင် နတ်သွင်မူယာ ”
မင်းဟာ
ကောင်းကင်ဘုံခုနစ်ဆင့်က
ဘုံကြိုးပြတ်လာတဲ့
နတ်ဒေ၀ီ တစ်ပါးလေလား
ဆိုင်းချက်နဲ့ အညီ
ခန္ဒာကိုယ် လှုပ်လီလဲ့
ခေါင်းခါးခြေလက် စည်းချက်နဲ့အညီ
ကန့်လန့်ကာကြီး ကျမလာခင်
ငွေလမင်းနဲ့အပြိုင် လှချင်တိုင်းလှနေတဲ့
မင်းမျက်နှာလေးကို ကိုယ်ဟာ အားပါးတရ ငေးကြည့်
စွဲမက်ဖွယ် မင်းခန္ဒာကိုယ်အလှမှာ ရင်ခုန်တွယ်ငြိ
ကန့်လန့်ကာကြီး ပိတ်ဖုံးသွားတဲ့အခါ
ငါ့ အပါးကနေ မင်း အပြီးတိုင် ပျောက်ဆုံးသွားတော့မှာ
ဟောဟို အရှေ့ဖက်ကောင်းကင်မှာ
ရောင်နီပျို့လို့ မိုးလင်းလာတဲ့အခါ
မင်းက ထွက်ခွာသွားတော့မှာ
ငါ့ရင်မှာ ဆွတ်ကြင် လွမ်းစိတ်ဝင်မိပါရဲ့
ကချေသည် ဒေ၀ီ မင်းသမီးလေးရေ....။
ကိုယ်ဟာ မင်းအပါးမှာ နေခွင့်မရှိသူပါ
ကိုယ်ဟာ ဇာတ်ဆရာမဟုတ်သလို
ဂီတစာဆို လည်းမဟုတ်ပါ
ကိုယ်ဟာ အပြောကောင်းတဲ့ မင်းသားကြီး ဦးဖိုးစိန်မဟုတ်သလို
ရွှေမန်းတင်မောင်လိုလဲ အဆိုကောင်းသူ မဟုတ်ပါ
ခြေထိုးကောင်းတဲ့ ဦးအောင်မောင်းကြီးလိုလည်း မင်းကျအောင် ကမပြတတ်ပါ မင်းသမီးလေးရေ
ကိုယ်ဟာ မင်းရဲ့ ပရိသတ်များစွာထဲက တစ်ယောက်သာမို့
အချိန်တန်တဲ့အခါ တို့တွေ ခွဲကြရပြန်အုံးတော့မှာ
ဆက်ပြီးကပါ မင်းသမီးရယ်
မိုးမလင်းခင် အချိန်လေးမှာ ကြိုးစားပြီးကလိုက်ပါအုံး
မင်းရဲ့ ကောင်းခြင်းငါးဖြာ အလှမှာ
ဒီတစ်ညဖြစ်ဖြစ်၊ ခဏဖြစ်ဖြစ်
ကိုယ်ကျဆုံးပါရစေ
စိန်ရောင်ပျိုးပြက် ၀င်းလက်တဲ့
မျက်နက်ဝန်းတွေ ဒေါင့်ကပ်လို့ ကိုယ့်ကိုကြည့်ပါ
သောက်ရှူးကြယ်အလား ရွှန်းရွှန်းစားစား မင့်အပြုံးတွေနဲ့
ကြီးတောင့်ကြီးမား ဒီကောင့်နှလုံးသားကို ညှို့ယူဖမ်းစားပါ
ဟောလိဝုဒ်က မိန်းမချောတွေကို ကိုယ်မတပ်မက်ပါဘူး
ခန္ဒာကိုယ်ဖွံ့ထွားတဲ့ ဘောလိဝုဒ် မင်းသမီးတွေကို ကိုယ်မလိုချင်ပါဘူး
အာရှပဂေး ကိုရီးယားမင်းသမီးလေးတွေရဲ့ အလှမှာလည်း ကိုယ်မကျရှုံးချင်ဘူး
ကိုယ့်နှလုံးသားက မင်းကိုပဲ လိုအပ်မိလို့
ကိုယ့်ညခင်းတွေမှာ မင်းရှိမှ ပြည့်စုံမှာမို့
ကိုယ်ဟာ မင်းအနုပညာကို တန်ဖိုးထားမိသူမို့
မင့်အပြုံးမှာ ကိုယ်ဟာ ရင်ခုန်မိလို့
ကိုယ့်အတွက်
မင်းရဲ့ ပရိတ်သတ်ကြီးအတွက်
ဆက်ပြီးကလိုက်ပါအုံး
လရောင်နဲ့ အတူ
ကြယ်စင်တွေရဲ့ အလင်းရောင်နဲ့ အတူ
မင်းပျောက်ဆုံးသွားတဲ့အခါ
ကိုယ့်အမြင်အာရုံကနေ မင်းထွက်ခွာသွားတဲ့အခါ
ကိုယ့်ကို မင်းထားရစ်ခဲ့တဲ့အခါ
နေ့အချိန် အလင်းရောင်ထဲမှာလည်း မင်းအရိပ်ကို ဆက်လက်ရှာဖွေနေမိအုံးမှာ
ကိုယ်ဟာ မင်းကို ချစ်ခဲ့မိလို့ပါ မောင့်ကချေသည် ဒေ၀ီ မင်းသမီးလေးရေ.....။
ငြိမ်းချမ်းအောင်
26 February, 2008
သို့ ... ချစ်သော တိုရှီဘာ
အို… ဆာမူရိုင်း သွေးနဲ့ မွေးဖွားလာတဲ့ တိုရှီဘာ
မင်းအသည်းနှလုံးကို ထွင်းဖောက်မဲ့
အဆိပ်လူးမြား အစင်းစင်း
မင်းအသားကို ပါးပါးလှီးမဲ့
မိုးကြိုးသွား ဓါးအစင်းစင်း
မင်းရင်ဝတည့်တည့် ပစ်ခွင်းလာတဲ့
ကျည်ဆန် ဗုံးဆန် နောက်ဆုံးပေါ်လက်နက်ဆန်းတွေကို
ဆာမူရိုင်းသွေးမို့ အံကြိတ်ခံနိုင်ပေတော့တာ။
ရန်သူတွေရဲ့ ခြောင်းမြောင်းလုပ်ကြံမှုကို
သုံးကြိမ်တိုင် အငိုက်မိခံခဲ့ရတဲ့ တိုရှီဘာရေ
ငါ့ရဲ့ ပေါ့ဆမှုကြောင့် မင်းရင်ဝမှာ အဆိပ်သင့်ပြီလား
မင်းနှလုံးသားတွေ သွေးခုန်နူန်းမှန်သေးရဲ့လား
မင်းဦးနှောက်ကော အလုပ်လုပ်နိုင်အုံးမှာလား
မင်းရဲ့ ၀မ်းတွင်းကလီဆာတွေရော ပုံမှန်လည်ပတ်နိုင်ရဲ့လား
မင်းခန္ဓာကိုယ်က သွေးစိမ်းရှင်ရှင်ပန်းထွက်နေပြီလား
အို.. တိုရှီဘာ...
လက်ထပ်ပေါင်းသင်းခါစ ဇနီးမောင်နှံတွေလို
သုံးနှစ်တာကာလအတွင်း မင်းနဲ့ငါ အနေနီးခဲ့ကြတယ်
တနေ့ကို ဆယ်နာရီလောက် ငါတို့ မခွဲခဲ့ကြဘူး
မင်းဟာ ငါ့ဘ၀ထဲ အနက်ရိုင်းဆုံး ချဉ်းနင်းဝင်ရောက်
ငါ့ တနေ့တာအလုပ်တွေရဲ့ ၈၅ ရာခိုင်နူန်းကို မင်းကပဲ ပြီးမြောက်စေတယ်
မင်းဟာ ငါ့ရဲ့ ဒုတိယ ဦးနှောက်
မင်းဟာ ငါ့ရဲ့ ဒေတာတွေအားလုံး သိမ်းဆည်းသိုမှီးရာ
မင်းဟာ ငါ့အတွက် အရင်းနှီးဆုံးမိတ်ဆွေ
မင်းဟာ ငါ့အချစ်ဆုံး ငယ်ပေါင်း
မင်းဟာ ငါ့သစ္စာခံ သွေးသောက်ရဲဘော်
တစ်ခါ တစ်ခါ မင်းက ငါ့ရဲ့ ချစ်သူတစ်ယောက်လည်းဖြစ်ပေရဲ့
ငါပျင်းတဲ့ အခါ မင်းက ရုပ်ရှင်သဘင်ဂီတနဲ့ ဖျော်ဖြေတယ်
တစ်ခါ တစ်ခါ မင်းက ငါ့ရဲ့ ဆရာ
ငါ့ကို ကမ္ဘာကြီးအကြောင်း နေ့စဉ်ပြောပြသူ
အတတ်ပညာ၊ အသိပညာတွေလည်း ငါ့ကို သင်ပေးရဲ့
တစ်ခါ တစ်ခါ မင်းဟာ ငါ့ရဲ့နောက်လိုက်ကောင်းပေါ့
ငါ ဖွင့်မှ မင်းပွင့်တယ်
ငါ ခိုင်းတာ မင်းလုပ်တယ်
ငါ့ကို ကလန်ကဆန်မလုပ်ခဲ့ဘူး
မင်းမရှိရင် ငါ့ဦးနှောက် တစ်ခြမ်းပျက်ရချည်ရဲ့ တိုရှီဘာရေ…
ဂျပန်မှာ မွေးတဲ့ မင်းဟာ
ဂျပန်မလှလှကလေး တစ်ယောက်ထက်
ငါ့အတွက် အဓိပ္ပါယ်ပိုရှိပါတယ်
မင်းတို့ အရပ်က ဖူဂျီတောင်ကြီးကို ငါ မတပ်မက်ပါဘူး
ချယ်ရီတွေပွင့်ဖူးတဲ့ (နာမည်ကျော်) နွေဦးရာသီကို ငါ မလိုချင်ပါဘူး
ငါ့ အတွက် လိုအပ်တာ မင်းပဲ တိုရှီဘာ
ငါ မင်းကို မစွန့်ပစ်ပါရစေနဲ့ဦး
မင်းဦးနှောက်ထဲက မှတ်တမ်းမှတ်ရာတွေ ငါ့အတွက်ထားခဲ့ဦး
ပြီးရင် ငါ မင်းကို ချန်ခဲ့ရလိမ့်မယ် ချစ်သောတိုရှီဘာ
ရဲဘော်ရဲဘက်တစ်ယောက် ကျဆုံးတိုင်း
အလောင်းဖက်ပြီး ငိုကြွေးနေတဲ့ အစဉ်အလာ
ငါတို့ ရာဇ၀င်မှာ မရှိစေရ
တက်ကျိုးရင် တက်အသစ်လုပ်မယ်
တိုရှီဗာနဲ့ မရရင် ဆိုနီ နဲ့ ခရီးဆက်မယ်
နော့… နဲ့ မရရင် ပလပ် လိပ်တက်စ်ဘားရှင်းနဲ့ ခံကတုတ်စည်းရိုးကို ပြန်ပြင်ရမယ်
ခံစစ်ကို ခိုင်ခိုင်မြဲမြဲတည်ဆောက်မယ်
ထိုးစစ်ကို အပြင်းအထန်ပြန်ဆင်နွှဲရမယ်
ဝိုင်ယာလက်သွေးကြောတွေထဲက ပရိယာယ်နဲ့ ၀င်ရောက်လာတဲ့ ရန်သူကို
မြို့ပြထိုးဖောက်စစ်ဆင်ရေးနဲ့ ပြန်ခြေမှုန်းရမယ်
ရန်သူတွေ ကျဆုံးရမယ်။
အို.. ချစ်သောတိုရှီဘာ…
လမ်းတစ်ဝက်မှာ ချန်ထားရစ်ခဲ့ရတာ မခင်တွယ်လို့ မဟုတ်ရပါ
ဆာမူရိုင်းသွေးမို့ မင်း ငါ့ကို နားလည်ခွင့်လွှတ်နိုင်မှာပါ
ချစ်သောတိုရှိဘာ။...။
ငြိမ်းချမ်းအောင်
ကွန်းမန့်များတွင် ထားရစ်ခဲ့သော ဗိုင်းရပ်စ် များကို ကျနော့်စက်ထဲရှိ အန်တီဗိုင်းရပ်စ် ပရိုဂရမ်မှ ကြံ့ကြံ့ခံ တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ပါသည်။ လုံးဝအနိုင်ရခဲ့သည်တော့မဟုတ်ပါ။ ရန်သူ့ကျည်ဆန်သည် အပေါ်ယံရှပ်ထိသွား ခဲ့ပါသည်။ ကျနော်နှင့်မသက်ဆိုင်သော အီးမေးလ်များ၊ အုပ်စုအီးမေးလ်များ မှတဆင့်ဝင်လာသော မေးလ်များကို ကျနော် ဖွင့်မကြည့်တတ်ပါ၊ သို့သော် သတိထားနေသည့် ကြားမှ မိတ်ဆွေတစ်ယောက်နာမည်နှင့် ပို့လာသော အီးမေးလ် (၄င်း၏ ကလေး ဓါတ်ပုံများဖြစ်ပါသည်၊ ဖွင့်ကြည့်ပါဟု ဆိုလာသော အီးမေးလ်) ကိုဖွင့်မိခဲ့ရာ ကျနော့် တိုရှီဘာ ကွန်ပြူတာကလေး ဗိုင်းစ်ရပ်ထိသွားခဲ့ပါသည်။ ချက်ကောင်းကို ထိသွားပုံရသည်။ ဒဏ်ရာ တော်တော်ပြင်းသည်။ စ၀ယ်စဉ်ကတည်းက ဒီတစ်ကြိမ်ပါဆိုလျှင် သုံးကြိမ်မြောက် ခြောင်းမြောင်း လုပ်ကြံခံရခြင်းဖြစ်သည်။ ပထမဦးဆုံးအကြိမ်က ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး၊ ဆေးရုံတွင် တစ်လကျော်ကျော် အတွင်းလူနာအဖြစ် တက်ရောက်ကုသ ခဲ့ရသော တိုရှီဘာကလေး ယခုတစ်ကြိမ် အငိုက်အမိတိုက်ခိုက် ခံလိုက်ရသောအခါ ပြန်လည် နလန်ထူလာရန် သိပ်မလွယ် ကူတော့ပါ။
25 February, 2008
Announcement
မိတ်ဆွေများ ခင်ဗျာ...
သတိပေးစရာ ရှိလို့ပါ။ ကျနော့် ဘလောဂ့်ကို ဗိုင်းရပ်စ်နှင့် တိုက်စစ်ဆင်ခံနေရပါတယ်။ ဦးတည်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ကျနော့်ကို လာရောက်တိုက်ခိုက်တာ သုံးကြိမ်ရှိပါပြီ။
၁။ နွေးဦးကြိုတေးသံ ကဗျာရဲ့ အောက်ဆုံး ကွန်းမန့်ဟာ ဗိုင်းရပ်စ်ပါ။
၂။ ဖေဖော်ဝါရီကြေကွဲတေး ကဗျာ “၆” ခုမြောက်ကွန်းမန့် ဟာ ဗိုင်းရပ်စ်ပါ။
၃။ အခုနောက်ဆုံး ဖေဖော်ဝါရီ ဖော်တင်း ကဗျာ ပထမဦးဆုံးကွန်းမန့်ဟာ ဗိုင်းရပ်စ်ပါ။
သူတို့ပြောတဲ့အတိုင်း ဒီနေရာကို နှိပ်ကြည့်ပါတို့... ဒီမှာ ကြည့်ပါ တို့ ဆိုတာတွေကို သွားမကြည့်ပါနဲ့။ ကြည့်လိုက်ရင် မိမိစက်မှာ ရှိတဲ့ အန်တီဗိုင်းရပ်စ်ပရိုဂရမ်က မနိုင်ဘူးဆိုရင် မိမိကွန်ပြူတာမှာ ဗိုင်းရပ်စ် ၀င်သွားတော့တာပါပဲ။ ကျနော့်ဘလော်ဂ့်မှာ လာလည်ပြီး သူတို့ ပြောတဲ့အတိုင်း လုပ်လိုက်မိတဲ့ အမျိုးသမီးတစ်ယောက် ထိသွားပြီးပါပြီ။ သူ့ကွန်ပြူတာထဲက ဒေတာတွေ အကုန်လုံး ပျက်သွားတယ်လို့ သူ ပြန်ပြောပြပါတယ်။ ကျနော့်ဘလော်ဂ့်မှာ လာရောက်လည်ပတ်ရုံ၊ ကွန်းမန့်ဘောက်မှာ ကွန်းမန့်ရေးရုံ၊ စီဗောက်ထဲမှာအော်ရုံနဲ့တော့ ဗိုင်းရပ်စ် မရပါဘူး။ သူတို့ ဖွင့်ခိုင်းတာကို မဖွင့်သေးသ၍ ဘာမှ မဖြစ်ပါဘူး။
ဒီဖေဖော်ဝါရီလထဲမှာ စစ်အစိုးရနဲ့ နောက်လိုက်တွေဟာ အီးမေး၊ ဘလော့်ဂ့်တွေကို ဦးတည် တိုက်ခိုက် လာနေပါတယ်။ စက်တင်ဘာ တော်လှန်ရေးကာလမှာ ဘလော့်တွေရဲ့ အရေးပါ အရာရောက်ခဲ့ပုံကို ရန်ငြိုးဖွဲ့ ပုံရပါတယ်။ ပြီးတော့ သတင်းစီးဆင်းမှုကို ဖြတ်တောက်ဖို့ ဦးတည်ပုံရပါတယ်။ ပြည်တွင်းထဲက ပညာတတ်လူငယ် ဘလော်ဂ့်ဂါတွေနဲ့ အင်တာနက်သုံးသူတွေကို အဓိက ဦးတည် တိုက်စစ်ဆင်တာ ဖြစ်နိုင်ပါတယ်။ ၄င်းတို့ဟာ ပြည်သူလူထုကို သတင်းမှန်တွေ ပြန်ပေးနိုင်တဲ့ အဓိက သတင်းဆိုးလ် တစ်ခုဖြစ်နေလို့ပါ။ ဒါ့အပြင် ၄င်းတို့ ထံကနေပြီး ပြည်တွင်းထဲက သတင်းတွေ၊ ဓါတ်ပုံတွေ ပြင်ပ သတင်းဌာနတွေကို စီးဆင်းနေတယ်လို့ ထင်နေလို့ဖြစ်ပါတယ်။ အခု ရန်ကုန်မှာ အင်တာနက်စပိတွေ အရမ်းနှေးနေပြီလို့ ကြားရပါတယ်။ ကျနော်တို့ အတိုက်အခံတွေရဲ့ အီးမေးတွေလည်း အတိုက်အခိုက်ခံနေရပါတယ်။
လာမဲ့ မေလမှာလုပ်မဲ့ Referendum အတွက် စစ်အစိုးရဟာ စတင်ပြင်ဆင်နေတာ တွေ့ရပါတယ်။ ၄င်းတို့ ရဲ့ ဒေးတူဒေး လှုပ်ရှားမှုတွေကို တတ်နိုင်သမျှ သတင်းအမှောင်ချလိုပုံ ရပါတယ်။ ပြီးခဲ့တဲ့နှစ် ရွှေဝါရောင်တ်ာလှန်ရေး ကာလက ထိုင်းနိုင်ငံအခြစိုက် The Irrawaddy မဂ္ဂဇင်းနဲ့ အိန္ဒိယနိုင်ငံအခြေစိုက် Mizzima မဂ္ဂဇင်းတွေ အတိုက်ခံခဲ့ရပါတယ်။ အခုလည်း သတင်းဌာနတွေကိုပါ ဦးတည်တိုက်ခိုက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အင်တာနက်ဆိုက်ဘာ စစ်ဆင်ရေးကို တိုးမြှင့်မဲ့ အလားအလာရှိပါတယ်။
ပြည်တွင်းထဲက ဘလော့်ဂါ လူငယ်တွေ လုံခြုံရေးသတိ အထူးရှိဖို့ လိုပါလိမ့်မယ်။
အားလုံး သတိထားနိုင်ဖို့ သတိပေးလိုက်ပါတယ်။
ငြိမ်းချမ်းအောင်
၂၅ ဖေဖော်ဝါရီ ၂၀၀၈။
19 February, 2008
နွေဦးကြို တေးသံ
ချွေးနံ့ သေးနံ့တွေနဲ့ ရောနေတဲ့
မဲဆောက် အထည်ချုပ် စက်ရုံကြီးထဲက ကောင်မလေးရေ
ရွှေရောင် အိပ်မက်တွေကို ထမ်းပိုးရင်း
ဒုက္ခမြစ်မှာ သောကသစ်ပင်တွေ မင်းစိုက်ပျိုးနေပြီလား။
မျှော်လင့်ချက်တွေ တထမ်းတပိုးနဲ့
နယ်စပ်မျဉ်းကို ကျော်ဖြတ်
အမိအဖ မောင်ညီမ တွေအတွက်
အရဲစွန့်ပြီး လာခဲ့တဲ့မင်းဟာ
လက်တွေ့မှာ မင်းထင်သလို အခြေအနေမလှလို့
သက်မတွေ ချနေရပြီလား။
ကမ္ဘာလောကကြီးက
မင်းထင်သလောက်
မရိုးရှင်းဘူးကွဲ့ မိန်းကလေးရဲ့
ဘ၀ဆိုတာ တိုက်ပွဲတစ်ခုဆိုပေမဲ့
လက်ရုံးရည် တစ်ခုကိုအားကိုး
တိုက်ပွဲဝင်ရဲတဲ့ သတ္တိရှိရုံနဲ့
မပြည့်စုံနိုင်ဘူး
နှလုံးရည် တစ်ခုကိုအားကိုး
ကြံ့ကြံ့ခံနိုင်တဲ့ သတ္တိရှိရုံနဲ့
မလုံလောက်နိုင်ဘူး
အပေးရှိမှ အယူရှိမယ်
အလျှော်ရှိမှ အစားရှိမယ် ဆိုပေမဲ့
ပေးတိုင်းလည်း ပြန်မရနိုင်ဘူး
လျှော်တိုင်းလည်း ပြန်မစားရနိုင်တာတွေရှိတယ်
အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား ပတ်ဝန်းကျင်မှာ
မင်းအဆီ မင်းအသားကို မြိုဖို့
လူစင်စစ်က ကျားဖြစ်သွားတဲ့
အကြမ်းဖက်သမားတွေရှိတယ်။
မာယာများတဲ့ တောမှာ
မင်း မောဟိုက် နွမ်းနယ်နေပြီလား
ရေဆန်မှာကူးခတ်ရင်း
မင်း လက်ပမ်း ကျနေပြီလား
လုပ်တိုင်းမဖြစ်လို့
မင်း စိတ်ညစ်နေပြီလား
တန်ရာတန်ကြေးမရလို့
မင်း ရွာကို ပြန်ပြေးချင်နေပြီလား
အလုပ်ရှင်က လုပ်ခ ရှင်းမပေးလို့
မင်း ဒေါသထွက်နေပြီလား
နှမချင်းမစာနာ၊ ကိုယ့်အမျိုးသားချင်း မယိုင်းပင်းလို့
လူတွေအကြောင်း မင်းသဘောပေါက်နေပြီလား
အလုပ်မရှိတဲ့ရက်တွေမှာ ဟိုတွေး ဒီတွေနဲ့
ဖြတ်လမ်းက ငွေရှာရေးအတွက်
မင်းစိတ်တွေ ယိုင်နဲ့လို့များ နေလေသလား
အစားအသောက် အနေအထိုင် နုံချာလို့
မင်းအရေပြားတွေ မွဲခြောက်နေပြီလား
အပေါစားမိတ်ကပ်နဲ့ နူတ်ခမ်းနီကိုဆိုးလို့
ခေတ်တစ်ခုလုံးကို အရွဲ့တိုက်ပြစ်လိုက်ဖို့များ မင်းစဉ်းစားနေသလား။
စက်ရုံပိတ်လို့ အော်ဒါလိုက်သူတွေ
သွေးသားလှုံ့ဆော်လို့..
အခြေအနေပေးလို့..
မိဝေးဖဝေးမှာ အရမ်းကို လွတ်လပ်လို့..
တစ်ညတာ.. တစ်လတာ
အပျော်ချစ်တွေရှိတဲ့ ပတ်ဝန်းကျင်မှာ
မင်း မသာယာမိပါစေနဲ့။
ညနေခင်း စက်ရုံဆင်းချိန်တွေမှာ
တစ်ယောက်တည်း လမ်းမသလားလေနဲ့
အလုပ်သမား လက်မှတ်မရှိရင်
ဈေးထဲကိုလည်း မသွားမိစေနဲ့
ထိုင်းပုလိပ်နဲ့ လမ်းသရဲတွေဟာ
မာဖီးယားတွေကွဲ့
မင်းငွေကြေး
မင်းကိုယ်ခန္ဓာ
မင်းအသွေးအသားကို
သူတို့တွေ
ဓါးပြတိုက်ကြ ပေလိမ့်မယ်။
တောင့်ထားကွဲ့ ကောင်မလေးရဲ့
လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ
ငွေကြေးနဲ့ တိုင်းတာလို့ မရနိုင်ပါဘူး
မင်းသိက္ခာ၊ မင်းကိုယ်ကျင့်တရား
လုံးပါး မပါးစေနဲ့။
အမှောင်ညကို လွန်မြောက်ရင်
အလင်းရောက်လာမှာပါ
မင်းခွန်အားကို စုစည်း
မင်းသမာဓိကို လုံခြုံပါစေ
ဒုက္ခကို အံတု
သောကကို ခြေဖျက်
“ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့သာ နှလုံးသွင်း”
ခေတ်တခုလုံးကို လှောင်ပြုံးရင်း
ရဲရဲသာ ခရီးဆက်ပါ
မင်းချစ်တဲ့ နွေဦးဟာ
မကြာခင် ရောက်လာရမှာ
မင်းခူးဆွတ်ဖို့ စောင့်ရစ်တော့ ကောင်မလေးရေ။ ။
ငြိမ်းချမ်းအောင်
15 February, 2008
ဖေဖော်ဝါရီ ကြေကွဲ တေး
၁။
နေ့မှာပူပြီး ညမှာအေးတဲ့ ဆောင်းဟာ
အရှေ့တိုင်း အရပ်ဌာနေ မှာ
ဆောင်းပီသခွင့် မရအောင်
ကျန်းမာရေး ချို့တဲ့နေရှာ။
အ၀ါဖက်ကို ကူးပြောင်းစ
အစိမ်းရောင်ရင့် အရွက်တွေက
ဇရာ သရုပ် ကိုလှစ်ဟလို့ ပြရဲ့။
ဆောင်းဟာ
လက်ကျန် နှင်းစက်တွေကိုလည်း
အပြီးသတ် ရုပ်သိမ်းတော့မဲ့ဟန်နဲ့
နာတာရှည် သက်ပြင်းရှည်ကို သံဝေဂနဲ့ ချလိုက်ပုံ။
ငါတို့ဟာ
ကမ္ဘာမြေကို ဖျက်ဆီးလိုက်ဖို့များ
လူဖြစ်ခဲ့ လေသလား။
ငါ နားတွေ အူတယ်
ငါ ခေါင်းတွေ ပူတယ်
ဒါဟာ သဘာဝပဲလား
ဒါဟာ သဘာဝပါပဲလို့ ကျေးဇူးပြု၍ မပြောကြပါနဲ့။
ကမ္ဘာမြေ
သူ့အတိုင်း စိမ်းလန်းပါစေ
ကမ္ဘာမြေ
သူ့အတိုင်း ငြိမ်းချမ်းပါစေ
ပန်းတွေ ပွင့်လန်းခွင့် ရပါစေ
ငှက်ကလေးတွေ လွတ်လပ်စွာ တေးသီ နိုင်ပါစေ
ငါးကလေးတွေ လွတ်လပ်စွာ ကူးခတ် နိုင်ပါစေ
အာမင်
ကမ္ဘာမြေကို စောင့်ရှောက်ပါ အရှင်။
၂။
ဒီ တစ်ဆောင်းကတော့
အသေအပျောက်များလွန်းတယ်။
ဗုံးတွေ ခွဲတယ်
Gun တွေနဲ့ Shoot တယ်
ရည်ရွယ်ချက်ရှိစွာ လူတွေကိုသတ်တယ်
ရည်ရွယ်ချက်မဲ့စွာ လူတွေကိုသတ်တယ်။
“ငြိမ်းချမ်းရေး”
“ချစ်ခြင်းမေတ္တာ”
“သင်ပုန်းခြေရေး”
“ရန်ငြိုးတွေ ပြေရေး”
“အာဃာတတွေ ကင်းစင်ရေး”
“မုန်းစကို တိုစေ၊ ချစ်စကို ရှည်စေ”
ကာလ ရှည်ရှည်လျှားလျှား
လူတွေရဲ့ ပါးစပ်ဖျားက ထွက်ကျလာတဲ့ စကားလုံးတွေမှာ
အမှန်တရားတွေ တဖြေးဖြေး ပါးလျှား
အလိမ်အညာတွေများ။
ဟေ့
ခွေးကိုက် ခံရတာကို
အဲဒီ ခွေးနဲ့ ဖက်ပြိုင် ကိုက်ဖို့ကလည်း အခက်သား။
၃။
မှတ်မှတ်ရရ
အဲဒီနေ့က
ကမ္ဘာတစ်လွှားက မြီးကောင်ပေါက်တွေ
အာသာရမ္မက် ပြင်းပြတဲ့ ချစ်ခြင်းမေတ္တာနဲ့
“ဘာလင်တိုင်းဒေး” ကျင်းပနေချိန်။
နှင်းဆီဟာ
လူငယ်တွေရဲ့ အချစ်နဲ့ အလိုရမ္မက်မှာ ဓါးစာခံပန်း ဖြစ်ခဲ့ရရှာ။
အဲဒီ ချစ်ခြင်းသင်္ကေတပြ နှင်းဆီဟာ
လူတချို့ရဲ့ နောက်ဆုံး ခရီးအတွက်
ကြေကွဲမှု နိမိတ်ပြသင်္ကေတ ပန်းတွေ
တပြိုင်နက်တည်းမှာပဲ ဖြစ်သွားခဲ့ရပုံ။
ဖေဖော်ဝါရီ အချစ်နတ်သမီးရေ...
သင့်ခြေရင်းမှာ ပန်းတွေကြွေခဲ့ရ
သင့်ခြေရင်းမှာ လူတွေသေခဲ့ရ
အိုဘဲ့ အချစ်နတ်သမီးငဲ့
အသင် ပျော်ရွှင် မြူးတူးနိုင်ပါစေ။
၎။
ရပ်တည်ချက် အစဉ် ခိုင်မာသူ
တောင်ပေါ်နဲ့ မြေပြန့် ချစ်ကြည်သွေးစည်းရေး အလေးထားသူ
ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင် မြူမှုန်မျှမရှိလေသူ
“မြေ” ကို ချစ်မက်သူ
ရာသက်ပန် တော်လှန်ရေးသမား
ကော်သူးလေရဲ့ အတောက်ပဆုံး ကြယ်စင်တစ်ပွင့်
ကရင်တို့ရဲ့ အမျိုးသား ခေါင်းဆောင်
ရေဆန်လမ်းက ပန်းရိုင်းလိပ်ပြာ
အို…… ပဒိုမန်းရှာ
သင်သေသော်လည်း
သင့် ၀ိညာဉ်ဟာ
ကြယ်စင်တစ်ပွင့်အဖြစ်
ဟောဟို မိုးကောင်းကင်ပေါ်မှာ
ထာဝစဉ် လင်းလက်တောက်ပနေပါ။
သူရဲကောင်းကိုချစ်တဲ့ ကျွုပ်တို့ နှလုံးသားမှာ
သင်ဟာ ထာဝရ ရှင်သန်နေမှာ။
သင်၏ ၀ိညာဉ် ငြိမ်းချမ်းပါစေ။
အို… ဗုဒ္ဓ
ကမ္ဘာမြေကို စောင့်ရှောက် နိုင်ပါစေ။
၅။
“ရေစုန်မှာမျှောမလိုက်နဲ့ ရေဆန်ကို ဆန်ပြီး ကူးခတ်” တဲ့
သင် တစ်ခါက သွန်သင်ခဲ့ဖူးတဲ့ စကား
ကျွန်ုပ် ထာဝစဉ် မှတ်သား နာယူနေပါ့မယ်။
သင် ဖြတ်သန်း နင်းလျှောက်ခဲ့တဲ့
တော်လှန်ရေး ခြေရာများ
သင် စိုက်ထူခဲ့တဲ့ မှတ်တိုင်များ
ကျွုပ်တို့ မျိုးဆက် လူငယ်များ
ဆက်လက် ချီတက်သယ်ဆောင်မယ်
အဲဒီ ကတိစကား
ရောက်ရာ ဘုံဘ၀က
သင် ကြားခွင့် ရပါစေသား။
၆။
ဟောဒီကမ္ဘာမှာ လိုအပ်နေတာ
“ငြိမ်းချမ်းရေး” နဲ့ “ချစ်ခြင်းမေတ္တာ”
လူသားတွေ
မေတ္တာတရား ခေါင်းပါး
လောဘရမ္မက်ကြီးမားမှုမှာ
ကမ္ဘာမြေဟာ
အကျည်းတန်ခဲ့ရရှာ
အို.. ဗုဒ္ဓ
ကမ္ဘာမြေကို စောင့်ရှောက်နိုင်ပါစေ
အာမင်။
ငြိမ်းချမ်းအောင်
12 February, 2008
အချစ်မဲ့ လိပ်ပြာ
အထီးကျန်လွန်းလို့
အဖော်ရှာမယ်စိတ်ကူးနဲ့
နှလုံးသားအင်ဂျင်ကို နှိုးကြည့်မိတယ်
လူပျိုပေါက်အရွယ်ကလို တက်ကြွမြူးထူးမှုမရှိတဲ့ ၀ိညာဉ်ဟာ
လတ်ဆတ်စွင့်ကားတဲ့ ပန်းပွင့်လေးတွေဆီ
ဝတ်မူန်ကူးဖို့ ထွက်သွားလေရဲ့
လူပျိုပေါက်အရွယ်တုံးက ပန်းပွင့်တွေရဲ့အလှကိုသာ
စိတ်ဝင်စားတတ်ခဲ့တဲ့ ၀ိညာဉ်ဟာ
အခုတော့ ပင်စည်ရဲ့ကြံ့ခိုင်မှုကို
ပိုမိုအလေးထားတတ်လာခဲ့
ပန်းပွင့်တွေ အရောင်စုံ အသွေးစုံ ဆိုက်စုံ ဂိုက်စုံ
ပွင့်အာခါစ အဖွံ့ထွားဆုံး အလှပဆုံး ပန်းကလေးတစ်ပွင့်မှာ
ဝိညာဉ်ဟာ ခိုနားလိုက်တယ်
မိတ်ဖွဲ့တယ်
ပန်းကလေးက အပြုံးနဲ့တုံ့ပြန်တယ်
ဝတ်ရည်ချိုမြနဲ့ ဧည့်ဝတ်ပြုရှာရဲ့
ပန်းကလေးရဲ့ နှစ်လိုလိုက်လျှောမှုမှာ
နှစ်ပေါင်းများစွာ အိပ်မောကျနေရရှာတဲ့ဝိညာဉ်ဟာ
ကြေနပ်သွားတယ်
ဆတ်ကနဲလည်း တစ်ချက်တုန်သွားရဲ့
နှစ်ပေါင်းများစွာကရှာနေခဲ့တဲ့ ပန်းကလေးကိုတွေ့ရပြီ
ဝိညာဉ်ဟာ
ဝမ်းသာအားရ ဆုံးဖြတ်ချက်ချလိုက်တယ်
ဝိညာဉ်ဟာ
ဝတ်မှုန်ကူးဖို့ အသင့်ဖြစ်ပြီဖြစ်ကြောင်း
နှလုံးသားကို မက်ဆေ့ခ်ျလှမ်းပို့တယ်
ပြီးတော့ မပြောဖြစ်တာကြာပြီဖြစ်တဲ့ စကားတစ်ခွန်း
ဝိညာဉ်ရဲ့ နှုတ်ဖျားကထွက်ကျလာခဲ့
အားသွန်ခွန်စိုက် ပြောချလိုက်တဲ့စကားက
“ပန်းကလေးကို ချစ်တယ်” တဲ့
ပန်းခင်းကြီးတစ်ခုလုံး ငြိမ်သက်သွားတော့တယ်
ဒါပေမဲ့....
ရင်တစ်ချက် ခုန်လှုပ်အပြီးမှာ
နှလုံးသားဟာ ပြန်လည်ငြိမ်သက်သွားခဲ့
အဲဒီ အခိုက်အတန့်ကလေးမှာပဲ သိလိုက်ရတာက
ဝိညာဉ်နဲ့ နှလုံးသား အချိတ်အဆက်ကင်းမဲ့
ဝိညာဉ်က ပို့လိုက်တဲ့ မက်ဆေ့ခ်ျဟာ
နှလုံးသားကို ရောက်မလာခဲ့တော့
အထိတ်တလန့်နဲ့ပဲ လက်ခံလိုက်ရတယ်
နှလုံးသားဟာ သေဆုံးသွားခဲ့ပြီ
အနိန္ဓာရုံတွေ ရင့်ရော်ခက်ထန် ကြမ်းတမ်းမှုတွေရဲ့ ကြားမှာ
နူးညံ့လွန်းတဲ့ နှလုံးသားဟာ တကယ်သေဆုံးသွားခဲ့ပါပြီ
သိက္ခာရှိတဲ့ ၀ိညာဉ်ဟာ
ပန်းပွင့်လေးကို နှုတ်လွန်သွားတဲ့ ကတိစကားကြောင့်
လူသားမဆန်တော့တဲ့ ခန္ဒာကိုယ်ကနေ
အဝေးကို အပြီးတိုင်ထွက်ခွာသွားခဲ့
နောက်ဆုံးတော့..
သေဆုံးသွားပြီဖြစ်တဲ့ နှလုံးသားရယ်
စဉ်းစားတွေးတောဖို့အတွက်သာ အသုံးချတတ်တဲ့ဦးနှောက်ရယ်
သွေးသားဆန္ဒလိုအပ်ချက်ပဲရှိတော့တဲ့ ခန္ဒာကိုယ်တစ်ခုဟာ
အထီးကျန်စွာ ကျန်ရစ်ခဲ့တော့တယ်။
ငြိမ်းချမ်းအောင်
10 February, 2008
ပင်လယ် (၁)
မိုးရွာမဲ့ရက်ကို လက်ချိုး ရေတွက်နေစရာ မလိုဘူး
ရေခမ်းသွားမှာကိုလည်း တွေးပူစရာ မလိုဘူး
လူမသိသူမသိ တိမ်ကောသွားရတဲ့ မြောင်းကောအိုင်တွေမျိုးလည်း မဟုတ်ဘူး
ပင်လယ်မှာ ကြီးကျယ်တဲ့ သမိုင်းရှိတယ်၊ ခမ်းနားထည်ဝါတဲ့ သိက္ခာရှိတယ်
မြစ်တွေကသာ ပင်လယ်မှာ လာစီးဆင်းရလေတယ်
ကြီးရင်လည်း အကြီးဆုံး၊ ကျယ်ရင်လည်း အကျယ်ဆုံး
ဒါမှ ပင်လယ် ပီသ ပေလိမ့်မပေါ့။
ငြိမ်းချမ်းအောင်
06 February, 2008
ငါက စနက်တံဖြုတ်ထားတဲ့ ကောင်
ကောင်မလေးရေ…
ငါ့ကို ပြင်းတယ်လို့ လာမပြောနဲ့
ငါက နောက်ဆုံးပေါ် ဟိုက်ဒရိုဂျင်ဗုံးထက်
ပိုမို ပြင်းထန်တဲ့ကောင်
ငါက စနက်တံဖြုတ်ထားတဲ့ကောင်
ငါက ဆာလောင်နေတဲ့ကောင်
ငါက ပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ကောင်။
ငါဟာ စစ်သွေးကြွ မဟုတ်ဘူး
ငါဟာ အကြမ်းဖက်သမား မဟုတ်ဘူး
ငါဟာ ဘာသာရေး အစွန်းရောက် မဟုတ်ဘူး
ငါ နောင်ဘ၀ကို မယုံကြည်ပါဘူး။
တကယ်တော့
အိုဗာဖြစ်နေတဲ့ ဂိမ်းကို
ငါက တသသ လွမ်းနေမိတာ
ငါက မပြတ်သားမိတာ
ငါက အတိတ်မေ့ရောဂါ ရနေတာ
ငါက အခြေအနေအရ
ရူးချင်ယောင် ဆောင်ထားရတာ
ငါက လိုအပ်ချက်အရ
ခွေးသေကောင်ပုတ်ကြီးကို
အောင့်ပြီး နမ်းနေရတာ
ငါက မနက်ဖြန်အကြောင်း
မစဉ်းစားပဲ မေ့ချင်ယောင်ဆောင်ထားတာ။
ကောင်မလေးရေ…
ငါ့ ပရိသတ်က ကလပ်စ်စစ်တွေမကြိုက်လို့
ငါ ကလေးကြိုက်ပုံပြင်တွေ ပြောနေရတာပါ
ငါက လုပ်သလိုမဖြစ်လို့ ဖြစ်သလို လုပ်နေရတာ
ငါက မိုက်ရိုင်းစော်ကားချင်လို့ မဟုတ်ပါဘူး
အခြေအနေက ငါ့ကို တောင်းဆိုနေလို့ပါ
ငါ မိုက်သွေးတွေ ကြွနေတာ မဟုတ်ဘူး
လိုအပ်လို့ မိုက်ပြနေရတာ
ငါ့ နှလုံးသားက နူးညံ့ပါတယ်
ငါက အခြေအနေအရ ကြမ်းတမ်းနေရတာ
ငါက အချစ်ကြီးသူပါ
မချစ်မိအောင် နေ နေရတာ။
ကောင်မလေးရေ…
ငါ့ကို ပြင်းတယ်လို့ လာမပြောနဲ့
ငါက ငါ့ သွေးတွေ ပွက်ပွက်ဆူနေတဲ့အထိ
ဆာလောင်နေတဲ့ကောင်
ငါက ငါ့အသားတွေ ပူချစ်နေတဲ့အထိ
ပဋ္ဋိပက္ခ ဖြစ်နေတဲ့ကောင်
ငါက နူကလီးယားဗုံးထက်
ပိုမို ပြင်းထန်တဲ့ ကောင်။
ငြိမ်းချမ်းအောင်
29 January, 2008
ငါ ချစ်မက်တဲ့ နှင်းဆီ
အချစ်ရေ…
ကိုယ်ဟာ ငှက်တစ်ကောင်ဆိုရင်
တောတောင် အထပ်ထပ်ကို ဖြတ်ကျော်ပြီး
မင်းရှိရာအရပ်ဆီကို ပျံသန်းလို့သွားလိုက်ချင်ပါရဲ့
မင်းအချစ်ကို အလောတကြီးလိုအပ်မိလို့လေ..။
ခရီးဒေသအကွာအဝေးက
စိတ်သွားတိုင်း ကိုယ်ပါခွင့်မရအောင်
ကိုယ်တို့နှစ်ယောက်ကို စည်းခြားကန့်သတ်
ကိုယ်ကဘယ်လောက်ထိ ကြာကြာစောင့်နေရမှာတဲ့လဲ
ကိုယ်ဟာ မွတ်သိပ်စွာ ဆာလောင်နေသူပါ
ကိုယ်ဟာ အချစ်ငတ်နေသူလေ
ပင်လယ်ပျော် ဖျံတစ်ကောင်လို
ကိုယ့်မှာ ပြင်းပြတဲ့ ဆန္ဒတွေရှိတယ်
တောထဲက ကျားရဲတစ်ကောင်လို
ကိုယ့်မှာ မြဲမြံတဲ့ ခွန်အားတွေရှိတယ်
မင်းရဲ့ ဖော်ရွေလိုက်လျောမှုမှာ
ကိုယ်ဟာတပ်မက်ငြိတွယ်
မင်းရဲ့ ပွင့်လင်း လွတ်လပ်မူမှာ
ကိုယ်ဟာ အတုံးအရုံးကျရူံး
အချစ်က
တို့နှစ်ယောက်ကို
သဘာဝအတိုင်း မဖုံးမကွယ် ပွင့်လင်းစေခဲ့
တစ်ယောက်ခန္ဓာကိုယ်ထဲကို တစ်ယောက်က
ဓါးမြှောင်တစ်ချောင်းလိုစိုက်ဝင် ရှေ့ခရီးဆက်
တစ်ယောက်က တစ်ယောက်ကို လိုအပ်နေတဲ့အထိ
တို့တွေ ဆက်ချစ်ကြမယ်..။
နုနယ်ပျိုမျစ်တဲ့ မင်းရဲ့ရင်ခွင်မှာ
ခိုင်မာမြဲမြံတဲ့ ကိုယ့်ရဲ့ ဇွဲစိတ်ထက်သန်မှုနဲ့
မမောနိုင်မပမ်းနိုင် အချစ်နေ့တွေ ညတွေကို
လက်တွဲ ကူးခပ်ကြမယ်
ကိုယ်တို့ရဲ့ အချစ်ခရီးဟာ
ပင်လယ်ကို လှေငယ်နဲ့ ကျော်ဖြတ်ရသလို
တောလမ်းခရီးကြမ်းကို တောစီးဖိနပ်မပါပဲ ဖြတ်သန်းရသလို
စိန်ခေါ်မှုတွေရှိမယ်၊ ပင်ပမ်းနွမ်းနယ်ကြလိမ့်မယ်
ပင်လယ်ဆားငန်ရေသောက်ပြီး အငမ်းမရ ရေငတ်ဆာလောင်
ခရီးပမ်းတဲ့အခါ အားအင်ကုန်ခမ်း
ကိုယ်မောတဲ့အခါ မင်းကတက်ကိုကိုင်
မင်းမောတဲ့အခါ ကိုယ်ကတက်ကိုကိုင်
အပေးအယူမျှတတဲ့ အချစ်က
လောကနိဗ္ဗာန်ပဲပေါ့ အချစ်ရယ်..။
ကြင်နာသနားတတ်တဲ့ မင်းရဲ့ငဲ့ညှာမှုနဲ့
ကိုယ့်ရဲ့ အထီးကျန်မှု နှစ်တစ်ရာလွင်ပြင်ကို
အမြဲစိမ်းသစ်တောအဖြစ် ဖန်ဆင်းရမယ်
ထာဝရ မိုးခေါင်နေတတ်တဲ့ ကိုယ့်ရဲ့ကန္တာရမှာ
မင်းရဲ့ ဆန္ဒပြင်းပြတဲ့ အနမ်းတွေနဲ့
မိုးတွေကြီး ရေတွေလျှံစေရမယ် အချစ်ရယ်..။
မင်းဟာ ကိုယ့်ရဲ့ ပြီးမြောက်မှုပါ
မင်းရဲ့ ဟန်ဆောင်မှုကင်းတဲ့
ပွင့်လင်း ရိုးရှင်းမှုကို ကိုယ်ကချစ်တယ်။
မင်းဟာ ကိုယ်နမ်းလို့မ၀တဲ့ နှင်းဆီ
မင်းဟာ ကိုယ်ငတ်မပြေတဲ့ ၀တ်ရည်ပေါ့။
အချစ်မှာ ရှက်ကြောက်နေသူတွေကို ထားရစ်ခဲ့မယ်
မင်းရဲ့ ဆန္ဒ ကိုယ့်ရဲ့ ဆန္ဒတွေအပြန်အလှန်ဖြည့်ဆည်း
အချစ်နဲ့ ထာဝရစိမ်းလန်းမယ်
အချစ်နဲ့ ထာဝရနုပျိုရှင်သန်ကြမယ်..။
အချစ်ရေ…
ကိုယ်ဟာ ငါးတစ်ကောင်သာဆိုရင်
အိန္ဒိယ သမုဒ္ဒရာကြီးကိုကျော်ဖြတ်
မမောနိုင်မပန်းနိုင် လက်ပစ်ကူးခပ်
မင်းဆီိကို အရောက်လာခဲ့ချင်တယ်
ကိုယ်ဟာ ဆာလောင်နေသူပါ
ကိုယ့်အသွေးအသားတွေထဲအထိ မင်းကိုလိုအပ်နေမိလို့
ကိုယ်ဟာ အကြာကြီးစောင့်နေခဲ့ရသူလေ..။
ခုတော့…
အရှေ့တိုင်း အရပ်ဌာနေက
ရူးသွပ်မိုက်မဲစွာ မင်းကိုတပ်မက်မိတဲ့ ကိုယ့်ရဲ့ဝိညာဉ်ဟာ
မြို့တွေ ရွာတွေကိုကျော်ဖြတ်
တောအထပ်ထပ် တောင်အသွယ်သွယ်ကိုကျော်ဖြတ်
ပင်လယ် သမုဒ္ဒရာတွေကိုကျော်ဖြတ်လို့
မင်းရှိရာအရပ်ဆီကို ပျံသန်းလို့လာခဲ့ပြီ
ထွေးပို့လို့ကြိုဆိုလေမှာလား မောင့်ဒေ၀ီသခင်မဖုရား……။
ငြိမ်းချမ်းအောင်
19 January, 2008
ပန်း
ပန်းကလေး
အငုံဘ၀မှာပဲ
နေလို့ရရင်ကောင်းမယ်။
အငုံက
အပွင့်ထက်
ပိုပြီးနူးညံ့တယ်
လောကဓံကို
အရိုးခံအတိုင်း တုန့်ပြန်တယ်။
အပွင့်က
လှသွေးကြွယ်တယ်
မာယာများတယ်
ဖျားယောင်းသွေးဆောင်တတ်တယ်
လေယူရာတိမ်း
ယိမ်းတတ်ပြန်တယ်။
ပန်းပင်ရဲ့ ဘဝ
ပန်းလှလှတွေ
ပွင့်ဝေပေးဖို့။
ပန်းမပွင့်တဲ့ အပင်ဟာ
အမြုံပဲ။
အပွင့်မလှတဲ့ အကိုင်းဟာ
မျက်နှာမွဲ။
ပန်းတစ်ပွင့်ရဲ့ ဖြစ်စဉ်မှာ
ငုံပြီးရင် ပွင့်
ပွင့်ပြီးရင် ကြွေ
ဒါ သဘာဝပါပဲ။
ပန်းပွင့်ကလေးမှာ
ရွေးချယ်စရာမဲ့။
ငြိမ်းချမ်းအောင်
14 January, 2008
၂၀၀၈ နှစ်ဦး အစီရင်ခံစာ
လူထုအရေးဆိုသံများ
လမ်းမတွေပေါ်
ပွင့်အံလျှံကျ
မိစ္ဆာတို့ ဖိန့်ဖိန့်တုန်အောင်ကြောက်တဲ့
သံမဏိလက်သီးပြင်းပြင်းများ
တစ်ချက်ပြီး… တစ်ချက်ဲ
ဒါ.. ကိုထင်ကျော် စလိုက်တဲ့ မီးပွား
စက်တင်ဘာ အရေးအခင်းဖြစ်တယ်
ဒါ.. ကိုမင်းကိုနိုင်ရို့လိုက်တဲ့ မီးတုတ်
လူထုလူပ်ရှားမူဖြစ်တယ်
ဒါဟာ.. သံဃာတွေဦးဆောင်တဲ့ တော်လှန်ရေး
ရွှေဝါရောင် အရေးတော်ပုံဟေ့ ။
တော်လှန်ရေးသစ်က
ဒီရေလိုင်းလုံးတွေလို
ဝုန်းဒိုင်းကြဲ
အိပ်မောကျနေသူတွေကို
ရိုက်ပုတ်လူပ်နိုး
မျှော်လင့်ချက်အသစ်တွေ
ရုဒ်မက်အသစ်တွေနဲ့
တစ်ဖန်ရှင်သန် နိုးထလာခဲ့ရပြန် ။
သွေးစက်တွေနဲ့
ခဏခဏ လိမ်းကျံခံထားရတဲ့
လမ်းမတွေဟာ
မိစ္ဆာတွေကို ကျိန်စာတိုက်တယ်
လမ်းမတွေဟာ
အဖိနှိပ်ခံတွေဖက်က
ရည်တည်တယ်
အဖိနှိပ်ခံတွေနဲ့
ထပ်တူထပ်မျှ ခံစားတယ်
လမ်းမတွေဟာ
အဖိနှိပ်ခံတွေရဲ့ အောင်ပွဲကို
စောင့်နေခဲ့ပြီ ။
တစ်ရက်ပြီး…. တစ်ရက်
အချိန်တွေ အကုန်မြန်လွန်းခဲ့
တချို့လူတွေအတွက်
မေ့မေ့ပျောက်ပျောက် ဖြစ်ကောင်းရဲ့
သံဃာတွေနဲ့ ကျောင်းသားတွေအတွက်တော့
ကမ္ဘာကြေတောင် ဥဒါန်းမကြေတဲ့ပွဲ ။
သွေးမတိတ်သေးတဲ့
သမိုင်းက
ဒဏ်ရာအနာတရတွေကို
မှတ်တမ်းတင်ထားလိုက်တယ် ။
ပြီး.. အသစ်ရေးဖို့ အသင့် စောင့်နေခဲ့ ။
“ မြန်မာပြည်အရေးဟာ
ကမ္ဘာ့အစီအစဉ်ရဲ့
ထိပ်ဆုံးမှာ ဆက်ရှိနေရမယ် ” တဲ့
အနောက်ကမ္ဘာကပြောတယ် ။
စိုးရိမ်မူ၊ သနားညှာတာမူ၊ ပံ့ပိုးကူညီမူတွေရဖို့
ဘုန်းကြီးတွေ…. ကျောင်းသားတွေ
တိုင်းပြည်ကို အသက်စွန့်ပြီး
ချစ်ရဲသူတွေ
စွန့်လွှတ်ပေးဆပ်သွားခဲ့ကြ ။
“ ရုဒ်မက် အတိုင်းဆက်သွားမယ် " တဲ့
အိုနာကျိုးကန်း မိစ္ဆာကပြောတယ်
သူ့ကိုကြည့်တော့ ယိုင်နဲ့နဲ့
ဘုန်းကြီးသွေးနဲ့ ရာဇပ္ပလ္လင်ကို ဆေးခဲ့ရတဲ့
မိစ္ဆာအိုဟာ
စိတ်ခြောက်ခြားနေတယ်
သူ့ကိုယ်သူ ယုံကြည်မူတွေ
အောက်ဆုံးအထိ
လျှောကျသွားတယ်
ရူးကြောင်ကြောင်ဖြစ်နေတယ် ။
အာဆီယံနိုင်ငံတွေက
ရပ်တည်ချက် အမျိုးမျိုးပြောင်းတယ်
တရုတ်က
ရူးချင်ယောင်ဆောင်တယ်
ခုတော့..
မြန်မာ့အရေးဟာ
မြန်မာပြည်သူတွေရဲ့ လက်ထဲမှာ
ဝကွက် ရောက်ရှိနေရှာ ။
အခြေအနေတွေကတော့
ဝရုန်းသုန်းကား
ဝုန်းဒိုင်းကြဲပဲ
ပိုစတာ ကမ်ပိမ်းတွေ
စတစ်ကာကမ်ပိမ်းတွေ
အစိုးရ ဆန့်ကျင်ရေးစာရွက်စာတမ်းတွေ
နေရာအနှံ့ ပြန့်ကျဲနေတယ် ။
ရှော့ဝေ့ရေဒီယိုမှာ
ရပ်ကွက်ထဲမှာ
Taxi ပေါ်မှာ
တယ်လီဖုန်းလိုင်းပေါ်မှာ
အစိုးရမကောင်းကြောင်းတွေပြောနေကြတယ်
လူထုက
အစိုးရကို စိန်ခေါ်လိုက်တယ်
အစိုးရက
တဖြည်းဖြည်း နောက်ဆုတ်ပေးနေရတယ် ။
ခံရတာ များလွန်းလို့
ကျားနာခဲ ခဲကြလိမ့်မယ်
အသာတကြည်မပေးလို့
ရသလို ယူကြရတော့မယ်
“ ရရင်ရ၊ မရရင်ချ ” မူကို ကိုင်စွဲကြရတော့မယ်
အရေးတော်ပုံမှာ
ပါဝင်ကြဖို့ လူထုကြီးက
စိတ်လူပ်ရှားနေတယ်
ခေါင်းဆောင်ကို မျှော်နေတယ်
ဒီတစ်ခါ တိုက်ပွဲတွေမှာ
အင်တိုက်အားတိုက် ပါဝင်ကြမယ်လို့
ကတိပေးသူတွေလည်း ရှိရဲ့ ။
ဆယ်စုနှစ် နှစ်ခုနီးပါး ရှည်ကြာသွားတဲ့
ကစားပွဲဟာ
အဆုံးသတ်ချိန် နီးကပ်လာခဲ့
လူထုအတွက် နောက်ဆုတ်စရာ
နေရာလပ် မကျန်တော့သလို
အခွင့်ထူးခံ စစ်ဗိုလ်တစ်စု အတွက်
ရှေ့တိုးစရာ ကွက်လပ်မကျန်တော့
ကစားကွက်ကုန်သွားခဲ့ပြီ ။
စိတ်ဓာတ်ပျက်ပြားနေတဲ့
စစ်တပ်ဟာ
အရေးတော်ပုံမှာ
ပြည်သူလူထုနဲ့ ပူးပေါင်းလိမ့်မယ်
စစ်တပ်အတွက်
တခြားထွက်ပေါက်လည်း
ကင်းမဲ့ ။
ကျိန်စာမိနေတဲ့ စစ်ဗိုလ်တစ်စုကတော့
တိုင်းပြည်ကို
ပရမ်းပတာ စီမံခန့်ခွဲနေဆဲ
သွေးရူးသွေးတန်း ရှေ့ဆက်နေဆဲ
လူ့အခွင့်အရေးလူပ်ရှားသူကို
ထောင်ဆယ်နှစ်ချလိုက်တယ်
ဖိအားတွေကြောင့်
ဆယ်ရက်နဲ့ ပြန်လွှတ်ပေးလိုက်ပြန်တယ်
သတင်းစီးဆင်းမူကို ထိမ်းချုပ်ဖို့
စိတ်ကူးယဉ်တယ်
လူထုဒေါသကိုကြောက်လို့
ရူးချင်ယောင်ဆောင်လိုက်ရပြန်တယ်
ခံစစ်နဲ့ ကစားနေရတယ်
နောက်ကို တထစ်ပြီးတထစ် ဆုတ်ပေးနေရတယ် ။
တိုင်းပြည်ကတော့
ပြဿနာ မျိုးစုံ
ကူးစက်ရောဂါမျိုးစုံနဲ့
သေအံ့ ဆဲဆဲ ။
စနက်တံ
အဖြုတ်ခံလိုက်ရတဲ့
ဗုံးတစ်လုံးလို
ပေါက်ကွဲလု တဲတဲ ။
ကမ္ဘာ့ ပစ္စက္ခအခြေအနေအောက်မှာ
စစ်အာဏာရှင်တွေအတွက်
နေရာ ကျဉ်းသွားခဲ့
အာရှမှာ
မြန်မာဟာ
အထီးတည်း စစ်အာဏာရှင်အဖြစ်
ကြွင်းကျန်ရစ်တယ် ။
ဆင်းရဲမွဲတေလွန်းတဲ့
လူထုကြီးဟာ
သမိုင်းသစ်ဖွင့်လှစ်တော့မယ် ။
နိုင်ငံရေးအသိနိုးကြားလာတဲ့
လူထုကြီးဟာ
သမိုင်းသစ်ရေးခြစ်ရတော့မယ် ။
လုံးဝ နောက်မဆုတ်နဲ့
ရှေ့ဆက် တက်ရမယ်
ရှေ့ဆက်ပြီး… တက်ကြရမယ်
တိုက်ပွဲအရှိန်ကို မြှင့်တင်ကြရမယ်
အောင်စိတ်ကို ခိုင်ခိုင်မြဲမြဲကိုင်စွဲ
အောင်ပွဲက ဒို့ကိုစောင့်နေပြီ ။
သေချာတယ်
“ဒီ…. ၂၀၀၈” ဟာ
စစ်အာဏာရှင်တွေရဲ့ နိဂုံးပဲ
စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမယ်
ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမယ်ဟေ့…… ။
ငြိမ်းချမ်းအောင်
၁၄ ဇန်န၀ါရီ ၂၀၀၈