09 January, 2008

နှင်းနှင့်အတူ အမှောင်ညကို ဖြတ်သန်းခြင်း

ဒီတစ်ည
ခါတိုင်းထက်
နှင်းတွေပိုများတယ်
အမှောင်ထဲမှာ
နှင်းက အဖြူ
ဝရံတာကနေကျော်ကြည့်တော့
အိမ်ဘေးက ဟိုင်းဝေးလမ်းမမှာ
နှင်းတွေပြွတ်သိပ်ကျလာပုံ။
ဟိုင်းဝေးဟိုဘက်ခြမ်းမှာ
သားသတ်ရုံ
ညနေက နောက်ဆုံးရောက်လာတဲ့
ခိုင်းနွားအို နှစ်ကောင်
ဒီတစ်ည
သူတို့ရဲ့ နောက်ဆုံးညအဖြစ်
အိပ်စက်ကြတော့မယ်
မနက်လင်းလို့
နေခြည်ဖျာကျလာတဲ့အခါ
နှင်းတွေနဲ့အတူ
သူတို့လည်း
ပျောက်ဆုံးသွားကြလိမ့်မယ်။

ငါက မလွတ်လပ်လို့
ငါ့ကဗျာတွေလွတ်လပ်ခွင့်ပြုပါ
ငါ့ရင်ထဲမှာ မွန်းကြပ်လွန်းလို့
စကားလုံးတွေအဖြစ် အန်ထုတ်ခွင့်ပြုပါ
ငါက မွေးဖွားလာကတည်းက
ပျော်ရွှင်မှုတွေဆိတ်သုဉ်းခဲ့ရ
ငါ့ကို မွေးဖွားခဲ့တဲ့တိုင်းပြည်က
ငါ့စိတ်ကိုအကျဉ်းချတယ်၊ ငါ့ကိုနှိပ်စက်တယ်
ငါတို့ မျိုးဆက်ကို ရှင်လျှက်နဲ့သေစေတယ်
ငါ နေထိုင်တဲ့ခေတ်က
ငါ့နှလုံးသားကို ကန့်သတ်တယ်
ငါ ပါဝင်ပတ်သက်ခွင့်ရတဲ့ ဘ၀က
ငါ့ကဗျာတစ်ချို့ကို ကန့်ကွက်တယ်
ငါဟာ ပုထုဇဉ်လူသားပါ
ချစ်ခြင်း၊ မုန်းခြင်း၊ လွတ်လပ်ခြင်းကို
ခံစားတတ်သူ
ငါ ခံစားရတာကို ခံစားရသလို
ငါ့ကဗျာထဲမှာ ချရေးချင်တယ်
ငါ့ကဗျာတွေဟာ
ငါ့ရဲ့ ကြေငြာစာတမ်း
တွေဝေစေတဲ့ အကြောင်းအရာတွေမပါ
အချစ်အကြောင်း၊ ခေတ်အကြောင်း
ငါ ခံစားသလို ငါတွေး
ငါ မြင်သလို ငါရေးမယ်။

ဒီတစ်ည
နှင်းတွေက ပိတ်ပိတ်သည်းသည်း
အမှောင်ညဟာ
နှင်းကြောင့် ဖြူစင်လင်းလက်
တစ်နေ့လုံး
အပူတွေစုပ်ယူထားရတဲ့ ကတ္တရာလမ်းမဟာ
နှင်းကြောင့် အေးမြလာတယ်
တကယ်တော့
ကမ္ဘာမြေရဲ့ ငိုရိုက်မှုမှာ
‘နှင်း’ ဟာဖြစ်တည်လာခဲ့
ကမ္ဘာမြေက နှင်းကို
မျက်ရည်အဖြစ် အန်ချတယ်။

နှင်းရဲ့ မမြဲတတ်တဲ့ သဘောကပဲ
ငါ့ကို သံဝေဂ ရစေပြန်တယ်
အို... ဘာပဲဖြစ်ဖြစ်
ငါ.. နှင်း...ကို... ချစ်..တယ်…
“အချစ်” တဲ့
လွယ်လွယ်နဲ့ ပြောလို့တော့ မဖြစ်နိုင်တဲ့ စကား
အဲဒီ အချစ်ဆိုတာ ထာဝရ တည်တံ့မှုလား
ထာဝရ ဆိုတာလည်း ယေဘူယျသတ်မှတ်ချက်ပါပဲ
ဒဗလျူအိတ်အို အစီရင်ခံစာမှာ
မြန်မာတွေရဲ့ သက်တမ်းက
“၅၂ နှစ်” တဲ့
ငါသေဆုံးသွားတဲ့အခါ
ကမ္ဘာမြေမှာ
ငါ ချစ်တဲ့ နှင်းတွေ ကျန်ရစ်လိမ့်မယ်
ငါ သေဆုံးသွားတဲ့အခါ
လူတစ်ချို့ ၀မ်းနည်းကောင်း ၀မ်းနည်းလိမ့်မယ်
ငါ့အကြောင်း စကားဝိုင်းဖွဲ့ချင်
ဝိုင်းဖွဲ့ကြလိမ့်မယ်
နှစ်အနည်းငယ် ကြာတဲ့အခါ
ငါ မရှင်သန်ခဲ့ဖူးသလို
မေ့ပျောက်သွားကြလိမ့်မယ်
လူတစ်ယောက်ရှင်သန်ခြင်း
သေဆုံးခြင်းဆိုတာ
ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခု။

နှင်းရေ..
အိပ်မက်ထဲအထိ
ငါက နှင်းကို စွဲလမ်းချင်သူ
ငါ ဖြူစင်ခွင့်မရသမျှ
နှင်းရဲ့ ဖြူစင်မှုကို အားကျတယ်
ငါ မှောင်မိုက်သမျှ
နှင်းရဲ့ ခြင်းလင်းဝင်းပခြင်းကို တမ်းတတယ်
နှင်းရဲ့ အဖြေစကားမှာ
ငှက်တွေထပျံတယ်
လယ်ကွင်းထဲက
စပါးပင်တွေကလဲ
ယိမ်းနွဲ့ကခုန်
ငါ ဒီတစ်ည
အိပ်လို့ရပါ့မလား။

ဒီတစ်ည
ငါနေထိုင်ခဲ့ဖူးတဲ့
မြောက်ပိုင်းနှင်းဆီကို လွမ်းတယ်
ငါမွေးဖွားရာ အညာကိုလည်း လွမ်းတယ်
ဒီတစ်ဆောင်းကုန်ရင်
အနွေးအင်္ကျီတွေ ပြန်သိမ်းထားရမယ်
ပြီးရင် နောက်တစ်ဆောင်းကို ထပ်ပြီးစောင့်ရုံ
ငါက နှင်းနဲ့သာ ရှင်သန်လိုသူ
နွေဦးဝင်ရင်
နှင်းတွေပျောက်ဆုံးသွားကြလိမ့်မယ်
ဒီ.. အမှောင်ညရဲ့ အပြင်ဖက်မှာတော့
နှင်းတွေက ဝေကောင်းဆဲ။ ။

ငြိမ်းချမ်းအောင်
၈ ဇန်န၀ါရီ ၂၀၀၈

3 comments:

Anonymous said...

နှင်းကျတဲ့ ညတစ်ည အကြောင်းကို ပိုင်နိုင်စွာ ရေးဖွဲ့နိုင်ပါပေတယ်။ ခင်ဗျားဟာ ထူးချွန်တဲ့ ကဗျာ ဆရာတစ်ယောက်ပါပဲ။ နှင်းဆိုတာကကော ဘယ်သူလဲ၊ အဲဒီနှင်းဟာ သက်ရှိလား၊ သက်မဲ့လား၊ ကဗျာ ဆရာရဲ့ ဖန်တီးမူသက်သက်လား...
လား...လား...လား

pandora said...

ဖြတ်သန်းသင့်ပါတယ် ဘ၀မှာ နှင်းတွေဝေတဲ့အချိန်လည်း ရှိဦးမှပေါ့

Z a.k.a ANGELIC-DEVIL said...

ငါ ဖြူစင်ခွင့်မရသမျှ
နှင်းရဲ့ ဖြူစင်မှုကို အားကျတယ်
ငါ မှောင်မိုက်သမျှ
နှင်းရဲ့ ခြင်းလင်းဝင်းပခြင်းကို တမ်းတတယ်
အဲဒီနေရာလေးကို အရမ်းကြိုက်တယ်...ဒီကဗျာလေးက ကောင်းတယ်....နောက်ထပ်အကောင်းစားလေးတွေ ထပ်ရေးနိုင်ပါစေ...