29 January, 2008

ငါ ချစ်မက်တဲ့ နှင်းဆီ

အချစ်ရေ…
ကိုယ်ဟာ ငှက်တစ်ကောင်ဆိုရင်
တောတောင် အထပ်ထပ်ကို ဖြတ်ကျော်ပြီး
မင်းရှိရာအရပ်ဆီကို ပျံသန်းလို့သွားလိုက်ချင်ပါရဲ့
မင်းအချစ်ကို အလောတကြီးလိုအပ်မိလို့လေ..။

ခရီးဒေသအကွာအဝေးက
စိတ်သွားတိုင်း ကိုယ်ပါခွင့်မရအောင်
ကိုယ်တို့နှစ်ယောက်ကို စည်းခြားကန့်သတ်
ကိုယ်ကဘယ်လောက်ထိ ကြာကြာစောင့်နေရမှာတဲ့လဲ
ကိုယ်ဟာ မွတ်သိပ်စွာ ဆာလောင်နေသူပါ
ကိုယ်ဟာ အချစ်ငတ်နေသူလေ
ပင်လယ်ပျော် ဖျံတစ်ကောင်လို
ကိုယ့်မှာ ပြင်းပြတဲ့ ဆန္ဒတွေရှိတယ်
တောထဲက ကျားရဲတစ်ကောင်လို
ကိုယ့်မှာ မြဲမြံတဲ့ ခွန်အားတွေရှိတယ်
မင်းရဲ့ ဖော်ရွေလိုက်လျောမှုမှာ
ကိုယ်ဟာတပ်မက်ငြိတွယ်
မင်းရဲ့ ပွင့်လင်း လွတ်လပ်မူမှာ
ကိုယ်ဟာ အတုံးအရုံးကျရူံး
အချစ်က
တို့နှစ်ယောက်ကို
သဘာဝအတိုင်း မဖုံးမကွယ် ပွင့်လင်းစေခဲ့
တစ်ယောက်ခန္ဓာကိုယ်ထဲကို တစ်ယောက်က
ဓါးမြှောင်တစ်ချောင်းလိုစိုက်ဝင် ရှေ့ခရီးဆက်
တစ်ယောက်က တစ်ယောက်ကို လိုအပ်နေတဲ့အထိ
တို့တွေ ဆက်ချစ်ကြမယ်..။

နုနယ်ပျိုမျစ်တဲ့ မင်းရဲ့ရင်ခွင်မှာ
ခိုင်မာမြဲမြံတဲ့ ကိုယ့်ရဲ့ ဇွဲစိတ်ထက်သန်မှုနဲ့
မမောနိုင်မပမ်းနိုင် အချစ်နေ့တွေ ညတွေကို
လက်တွဲ ကူးခပ်ကြမယ်
ကိုယ်တို့ရဲ့ အချစ်ခရီးဟာ
ပင်လယ်ကို လှေငယ်နဲ့ ကျော်ဖြတ်ရသလို
တောလမ်းခရီးကြမ်းကို တောစီးဖိနပ်မပါပဲ ဖြတ်သန်းရသလို
စိန်ခေါ်မှုတွေရှိမယ်၊ ပင်ပမ်းနွမ်းနယ်ကြလိမ့်မယ်
ပင်လယ်ဆားငန်ရေသောက်ပြီး အငမ်းမရ ရေငတ်ဆာလောင်
ခရီးပမ်းတဲ့အခါ အားအင်ကုန်ခမ်း
ကိုယ်မောတဲ့အခါ မင်းကတက်ကိုကိုင်
မင်းမောတဲ့အခါ ကိုယ်ကတက်ကိုကိုင်
အပေးအယူမျှတတဲ့ အချစ်က
လောကနိဗ္ဗာန်ပဲပေါ့ အချစ်ရယ်..။

ကြင်နာသနားတတ်တဲ့ မင်းရဲ့ငဲ့ညှာမှုနဲ့
ကိုယ့်ရဲ့ အထီးကျန်မှု နှစ်တစ်ရာလွင်ပြင်ကို
အမြဲစိမ်းသစ်တောအဖြစ် ဖန်ဆင်းရမယ်
ထာဝရ မိုးခေါင်နေတတ်တဲ့ ကိုယ့်ရဲ့ကန္တာရမှာ
မင်းရဲ့ ဆန္ဒပြင်းပြတဲ့ အနမ်းတွေနဲ့
မိုးတွေကြီး ရေတွေလျှံစေရမယ် အချစ်ရယ်..။

မင်းဟာ ကိုယ့်ရဲ့ ပြီးမြောက်မှုပါ
မင်းရဲ့ ဟန်ဆောင်မှုကင်းတဲ့
ပွင့်လင်း ရိုးရှင်းမှုကို ကိုယ်ကချစ်တယ်။
မင်းဟာ ကိုယ်နမ်းလို့မ၀တဲ့ နှင်းဆီ
မင်းဟာ ကိုယ်ငတ်မပြေတဲ့ ၀တ်ရည်ပေါ့။
အချစ်မှာ ရှက်ကြောက်နေသူတွေကို ထားရစ်ခဲ့မယ်
မင်းရဲ့ ဆန္ဒ ကိုယ့်ရဲ့ ဆန္ဒတွေအပြန်အလှန်ဖြည့်ဆည်း
အချစ်နဲ့ ထာဝရစိမ်းလန်းမယ်
အချစ်နဲ့ ထာဝရနုပျိုရှင်သန်ကြမယ်..။

အချစ်ရေ…
ကိုယ်ဟာ ငါးတစ်ကောင်သာဆိုရင်
အိန္ဒိယ သမုဒ္ဒရာကြီးကိုကျော်ဖြတ်
မမောနိုင်မပန်းနိုင် လက်ပစ်ကူးခပ်
မင်းဆီိကို အရောက်လာခဲ့ချင်တယ်
ကိုယ်ဟာ ဆာလောင်နေသူပါ
ကိုယ့်အသွေးအသားတွေထဲအထိ မင်းကိုလိုအပ်နေမိလို့
ကိုယ်ဟာ အကြာကြီးစောင့်နေခဲ့ရသူလေ..။

ခုတော့…
အရှေ့တိုင်း အရပ်ဌာနေက
ရူးသွပ်မိုက်မဲစွာ မင်းကိုတပ်မက်မိတဲ့ ကိုယ့်ရဲ့ဝိညာဉ်ဟာ
မြို့တွေ ရွာတွေကိုကျော်ဖြတ်
တောအထပ်ထပ် တောင်အသွယ်သွယ်ကိုကျော်ဖြတ်
ပင်လယ် သမုဒ္ဒရာတွေကိုကျော်ဖြတ်လို့
မင်းရှိရာအရပ်ဆီကို ပျံသန်းလို့လာခဲ့ပြီ
ထွေးပို့လို့ကြိုဆိုလေမှာလား မောင့်ဒေ၀ီသခင်မဖုရား……။

ငြိမ်းချမ်းအောင်

7 comments:

Winkabar said...

တယ်မိုက်တဲ့ကဗျာလေးပါလား အစ်ကိုရဲ့။

ကိုယ်မောတဲ့ အခါ မင်းက တက်ကိုကိုင်
မင်းမောတဲ့ အခါ ကိုယ်က တက်ကိုကိုင်
အပေးအယူမျှတတဲ့ အချစ်က
လောက နိဗ္ဗာန်ပဲပေါ့ အချစ်ရယ်..။

အဲတစ်ပိုဒ်လေးတော်တော်ကြိုက်တယ်။ အဓိပ္ပာယ်အရမ်းပြည့်ဝတဲ့ကဗျာလေးပဲအစ်ကိုရယ်။

Saung Yune La (aka) Way said...

မင်းဟာ ကိုယ်နမ်းလို့မ၀တဲ့ နှင်းဆီ
မင်းဟာ ကိုယ်ငတ်မပြေတဲ့ ၀တ်ရည်ပေါ့။
ငါချစ်မက်တဲ့နှင်းဆီ.ကဗျာလေးကခံစားချက်အပြည့်နဲ့
ရေးထားပုံရတယ်နော်...............ကျနော်လည်း
အပြည့်အဝခံစားသွားတယ်ဗျို့

ကောင်းကင်ကို said...

ကိုယ်တို့ရဲ့ အချစ်ခရီးဟာ
ပင်လယ်ကို လှေငယ်နဲ့ ကျော်ဖြတ်ရသလို
တောလမ်းခရီးကြမ်းကို တောစီးဖိနပ်မပါပဲ ဖြတ်သန်းရသလို
စိန်ခေါ်မှုတွေရှိမယ်၊ ပင်ပမ်းနွမ်းနယ်ကြလိမ့်မယ်
ပင်လယ်ဆားငန်ရေသောက်ပြီး အငမ်းမရ ရေငတ်ဆာလောင်
ခရီးပမ်းတဲ့ အခါ အားအင်ကုန်ခမ်း
ကိုယ်မောတဲ့ အခါ မင်းက တက်ကိုကိုင်
မင်းမောတဲ့ အခါ ကိုယ်က တက်ကိုကိုင်
အပေးအယူမျှတတဲ့ အချစ်က
လောက နိဗ္ဗာန်ပဲပေါ့ အချစ်ရယ်..။

ကြင်နာသနားတတ်တဲ့ မင်းရဲ့ငဲ့ညှာမှုနဲ့
ကိုယ့်ရဲ့ အထီးကျန်မှု နှစ်တစ်ရာလွင်ပြင်ကို
အမြဲစိမ်းသစ်တောအဖြစ် ဖန်ဆင်းရမယ်
ထာဝရ မိုးခေါင်နေတတ်တဲ့ ကိုယ့်ရဲ့ ကန္တာရမှာ
မင်းရဲ့ ဆန္ဒပြင်းပြတဲ့ အနမ်းတွေနဲ့
မိုးတွေကြီး ရေတွေလျှံစေရမယ် အချစ်ရယ်..။

မင်းဟာ ကိုယ့်ရဲ့ ပြီးမြောက်မှုပါ
မင်းရဲ့ ဟန်ဆောင်မှုကင်းတဲ့
ပွင့်လင်း ရိုးရှင်းမှုကို ကိုယ်ကချစ်တယ်။
မင်းဟာ ကိုယ်နမ်းလို့မ၀တဲ့ နှင်းဆီ
မင်းဟာ ကိုယ်ငတ်မပြေတဲ့ ၀တ်ရည်ပေါ့။
အချစ်မှာ ရှက်ကြောက်နေသူတွေကို ထားရစ်ခဲ့မယ်

ီကဗျာလေး အရမ်ြးို့က်တယ်ဗျာ။

Z a.k.a ANGELIC-DEVIL said...

အချစ်ရေ…
ကိုယ်ဟာ ငှက်တစ်ကောင်ဆိုရင်
တောတောင် အထပ်ထပ်ကို ဖြတ်ကျော်ပြီး
မင်းရှိရာအရပ်ဆီကို ပျံသန်းလို့သွားလိုက်ချင်ပါရဲ့
မင်းအချစ်ကို အလောတကြီးလိုအပ်မိလို့လေ..။

ကိုယ်မောတဲ့ အခါ မင်းက တက်ကိုကိုင်
မင်းမောတဲ့ အခါ ကိုယ်က တက်ကိုကိုင်
အပေးအယူမျှတတဲ့ အချစ်က
လောက နိဗ္ဗာန်ပဲပေါ့ အချစ်ရယ်..။

မင်းဟာ ကိုယ့်ရဲ့ ပြီးမြောက်မှုပါ
မင်းရဲ့ ဟန်ဆောင်မှုကင်းတဲ့
ပွင့်လင်း ရိုးရှင်းမှုကို ကိုယ်ကချစ်တယ်။
မင်းဟာ ကိုယ်နမ်းလို့မ၀တဲ့ နှင်းဆီ
မင်းဟာ ကိုယ်ငတ်မပြေတဲ့ ၀တ်ရည်ပေါ့။

စာသားလေးတွေက အရမ်းကောင်းတယ်

Mintasay said...

ပြင်းတာမဟုတ်ဘူး အကို...အုဒါနူးညံ့တာ....ကဗျာဆန်လွန်းတာကတော့ ကဗျာဆန်တယ်လို့တောင်မပြောရက်ဖူး......အကို့ခံစားချက်တွေ မြန်မြန်အကောင်အထည်ပေါ်ပါစေဗျာ

Pinkgold said...

မောင့်နန္ဒာဒေ၀ီသခင်မဖုရား……။

အဲဒါ ဘယ်သူလဲဟင်... နန္ဒာလှိုင်နဲ့ အမျိုးတော်လား.. အကိုက အခု လာနေပြီပေ့် ဟုတ်လား.. လမ်းခုလတ်တောင်ရောက် နေပြီဆိုတော့ ကောက်းကင်မှာပျံပြီး အင်တာနက် သုံးလို့ရလား.. မိုက်တယ်ကွာ ခေတ်ကာလတွေ တိုးတက်ပုံများ ပြောပါတယ်

စတာပါ အကိုရေ
ရေရေလည်ညလ် လန်းတယ်

Anonymous said...

I read this poem again and again daily basic as i enjoy reading so much. Thanks you for bringing up such an awesome poem. Keep it up. Welldone for great job..,