15 February, 2008

ဖေဖော်ဝါရီ ကြေကွဲ တေး

၁။

နေ့မှာပူပြီး ညမှာအေးတဲ့ ဆောင်းဟာ
အရှေ့တိုင်း အရပ်ဌာနေ မှာ
ဆောင်းပီသခွင့် မရအောင်
ကျန်းမာရေး ချို့တဲ့နေရှာ။
အ၀ါဖက်ကို ကူးပြောင်းစ
အစိမ်းရောင်ရင့် အရွက်တွေက
ဇရာ သရုပ် ကိုလှစ်ဟလို့ ပြရဲ့။
ဆောင်းဟာ
လက်ကျန် နှင်းစက်တွေကိုလည်း
အပြီးသတ် ရုပ်သိမ်းတော့မဲ့ဟန်နဲ့
နာတာရှည် သက်ပြင်းရှည်ကို သံဝေဂနဲ့ ချလိုက်ပုံ။

ငါတို့ဟာ
ကမ္ဘာမြေကို ဖျက်ဆီးလိုက်ဖို့များ
လူဖြစ်ခဲ့ လေသလား။
ငါ နားတွေ အူတယ်
ငါ ခေါင်းတွေ ပူတယ်
ဒါဟာ သဘာဝပဲလား
ဒါဟာ သဘာဝပါပဲလို့ ကျေးဇူးပြု၍ မပြောကြပါနဲ့။
ကမ္ဘာမြေ
သူ့အတိုင်း စိမ်းလန်းပါစေ
ကမ္ဘာမြေ
သူ့အတိုင်း ငြိမ်းချမ်းပါစေ
ပန်းတွေ ပွင့်လန်းခွင့် ရပါစေ
ငှက်ကလေးတွေ လွတ်လပ်စွာ တေးသီ နိုင်ပါစေ
ငါးကလေးတွေ လွတ်လပ်စွာ ကူးခတ် နိုင်ပါစေ
အာမင်
ကမ္ဘာမြေကို စောင့်ရှောက်ပါ အရှင်။

၂။

ဒီ တစ်ဆောင်းကတော့
အသေအပျောက်များလွန်းတယ်။
ဗုံးတွေ ခွဲတယ်
Gun တွေနဲ့ Shoot တယ်
ရည်ရွယ်ချက်ရှိစွာ လူတွေကိုသတ်တယ်
ရည်ရွယ်ချက်မဲ့စွာ လူတွေကိုသတ်တယ်။

“ငြိမ်းချမ်းရေး”
“ချစ်ခြင်းမေတ္တာ”
“သင်ပုန်းခြေရေး”
“ရန်ငြိုးတွေ ပြေရေး”
“အာဃာတတွေ ကင်းစင်ရေး”
“မုန်းစကို တိုစေ၊ ချစ်စကို ရှည်စေ”
ကာလ ရှည်ရှည်လျှားလျှား
လူတွေရဲ့ ပါးစပ်ဖျားက ထွက်ကျလာတဲ့ စကားလုံးတွေမှာ
အမှန်တရားတွေ တဖြေးဖြေး ပါးလျှား
အလိမ်အညာတွေများ။
ဟေ့
ခွေးကိုက် ခံရတာကို
အဲဒီ ခွေးနဲ့ ဖက်ပြိုင် ကိုက်ဖို့ကလည်း အခက်သား။

၃။

မှတ်မှတ်ရရ
အဲဒီနေ့က
ကမ္ဘာတစ်လွှားက မြီးကောင်ပေါက်တွေ
အာသာရမ္မက် ပြင်းပြတဲ့ ချစ်ခြင်းမေတ္တာနဲ့
“ဘာလင်တိုင်းဒေး” ကျင်းပနေချိန်။
နှင်းဆီဟာ
လူငယ်တွေရဲ့ အချစ်နဲ့ အလိုရမ္မက်မှာ ဓါးစာခံပန်း ဖြစ်ခဲ့ရရှာ။
အဲဒီ ချစ်ခြင်းသင်္ကေတပြ နှင်းဆီဟာ
လူတချို့ရဲ့ နောက်ဆုံး ခရီးအတွက်
ကြေကွဲမှု နိမိတ်ပြသင်္ကေတ ပန်းတွေ
တပြိုင်နက်တည်းမှာပဲ ဖြစ်သွားခဲ့ရပုံ။
ဖေဖော်ဝါရီ အချစ်နတ်သမီးရေ...
သင့်ခြေရင်းမှာ ပန်းတွေကြွေခဲ့ရ
သင့်ခြေရင်းမှာ လူတွေသေခဲ့ရ
အိုဘဲ့ အချစ်နတ်သမီးငဲ့
အသင် ပျော်ရွှင် မြူးတူးနိုင်ပါစေ။


၎။

ရပ်တည်ချက် အစဉ် ခိုင်မာသူ
တောင်ပေါ်နဲ့ မြေပြန့် ချစ်ကြည်သွေးစည်းရေး အလေးထားသူ
ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင် မြူမှုန်မျှမရှိလေသူ
“မြေ” ကို ချစ်မက်သူ
ရာသက်ပန် တော်လှန်ရေးသမား
ကော်သူးလေရဲ့ အတောက်ပဆုံး ကြယ်စင်တစ်ပွင့်
ကရင်တို့ရဲ့ အမျိုးသား ခေါင်းဆောင်
ရေဆန်လမ်းက ပန်းရိုင်းလိပ်ပြာ
အို…… ပဒိုမန်းရှာ
သင်သေသော်လည်း
သင့် ၀ိညာဉ်ဟာ
ကြယ်စင်တစ်ပွင့်အဖြစ်
ဟောဟို မိုးကောင်းကင်ပေါ်မှာ
ထာဝစဉ် လင်းလက်တောက်ပနေပါ။
သူရဲကောင်းကိုချစ်တဲ့ ကျွုပ်တို့ နှလုံးသားမှာ
သင်ဟာ ထာဝရ ရှင်သန်နေမှာ။
သင်၏ ၀ိညာဉ် ငြိမ်းချမ်းပါစေ။
အို… ဗုဒ္ဓ
ကမ္ဘာမြေကို စောင့်ရှောက် နိုင်ပါစေ။


၅။

“ရေစုန်မှာမျှောမလိုက်နဲ့ ရေဆန်ကို ဆန်ပြီး ကူးခတ်” တဲ့
သင် တစ်ခါက သွန်သင်ခဲ့ဖူးတဲ့ စကား
ကျွန်ုပ် ထာဝစဉ် မှတ်သား နာယူနေပါ့မယ်။
သင် ဖြတ်သန်း နင်းလျှောက်ခဲ့တဲ့
တော်လှန်ရေး ခြေရာများ
သင် စိုက်ထူခဲ့တဲ့ မှတ်တိုင်များ
ကျွုပ်တို့ မျိုးဆက် လူငယ်များ
ဆက်လက် ချီတက်သယ်ဆောင်မယ်
အဲဒီ ကတိစကား
ရောက်ရာ ဘုံဘ၀က
သင် ကြားခွင့် ရပါစေသား။


၆။

ဟောဒီကမ္ဘာမှာ လိုအပ်နေတာ
“ငြိမ်းချမ်းရေး” နဲ့ “ချစ်ခြင်းမေတ္တာ”
လူသားတွေ
မေတ္တာတရား ခေါင်းပါး
လောဘရမ္မက်ကြီးမားမှုမှာ
ကမ္ဘာမြေဟာ
အကျည်းတန်ခဲ့ရရှာ
အို.. ဗုဒ္ဓ
ကမ္ဘာမြေကို စောင့်ရှောက်နိုင်ပါစေ
အာမင်။

ငြိမ်းချမ်းအောင်

7 comments:

Anonymous said...

I am terribly sorry. We will never forget him. May he rest in Peace!

ဆောင်းယွန်းလ said...

“ငြိမ်းချမ်းရေး”
“ချစ်ခြင်းမေတ္တာ”
“သင်ပုန်းခြေရေး”
“ရန်ငြိုးတွေ ပပျောက်ရေး”
“အာဃာတတွေ ကင်းစင်ရေး”
“မုန်းစကို တိုစေ၊ ချစ်စကို ရှည်စေ”
ကာလ ရှည်ရှည်လျှားလျှား
လူတွေရဲ့ ပါးစပ်ဖျားက ထွက်ကျလာတဲ့ စကားလုံးများ
အမှန်တရားတွေ တဖြေးဖြေး ပါးလျှား။
ဟေ့
ခွေးကိုက် ခံရတာကို
အဲဒီ ခွေးနဲ့ ဖက်ပြိုင် ကိုက်ဖို့ကလည်း အခက်သား။

ဟုတ်တယ်ဗျာ..ဖေဖော်ဝါရီဟာလည်းကျနော်တို့ကိုကြေ
ကဲစရာတွေပေးသွားခဲ့ပြန်ပေါ့..အပေါ်ကအပိုဒ်လေးကို
အကြိုက်ဆုံးဘဲ ကိုငြိမ်းချမ်းအောင်ရေ.....

စိုးထက် - Soe Htet ! said...

"" ဟေ့
ခွေးကိုက် ခံရတာကို
အဲဒီ ခွေးနဲ့ ဖက်ပြိုင် ကိုက်ဖို့ကလည်း အခက်သား။ ""
မိုက်တယ် :D

Kaung Kin Ko said...

ရပ်တည်ချက် အစဉ် ခိုင်မာသူ
တောင်ပေါ်နဲ့ မြေပြန့် ချစ်ကြည်သွေးစည်းရေး အလေးထားသူ
ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင် မြူမှုန်မျှမရှိလေသူ
“မြေ” ကို ချစ်မက်သူ
ထာဝရ တော်လှန်ရေးသမား
ကော်သူးလေရဲ့ အတောက်ပဆုံး ကြယ်စင်တစ်ပွင့်
ကရင်တို့ရဲ့ အမျိုးသား ခေါင်းဆောင်
ရေဆန်လမ်းက ပန်းရိုင်းလိပ်ပြာ
အို…… ပဒိုမန်းရှာ
သင်သေသော်လည်း သင်၏ ၀ိညာဉ် ဟာ
သင့်ကိုချစ်သော ရဲဘော်တွေရဲ့ နှလုံးသားမှာ
အစဉ်ထာဝရ လင်းလက် တောက်ပနေမှာ။

ဖဒိုမန်းရှာ ကောင်းရာသုဂတိလားပါစေဗျာ။

Winkabar said...

ကြေကွဲတေးက ကြေကွဲစရာပဲအစ်ကိုရယ်။ စိတ်မကောင်းလိုက်တာ။ မကြာခင်အဆင်ပြေပါစေလို့ပဲ ဆုတောင်းရမှာပါပဲ။

Pinkgold said...

စိုင်းစိုင်းခမးလှိုင်ရဲ့ ဖေဖော်ဝါရီမှတ်တမ်းကတောင် အကို့ရဲ့ မှတ်တမ်းကို လက်ဖျားခါလောက်တယ်

Pinkgold said...

စိုင်းစိုင်းခမးလှိုင်ရဲ့ ဖေဖော်ဝါရီမှတ်တမ်းကတောင် အကို့ရဲ့ မှတ်တမ်းကို လက်ဖျားခါလောက်တယ်