31 October, 2007

Resuming of Saffron Revolution in Burma

ခေတ္တငုတ်လျှိုးသွားသော စက်တင်ဘာရွှေဝါရောင် တော်လှန်ရေး ပြန်လည် အသက်ဝင်လာတော့မည်

ယနေ့မနက် ဒေသစံတော်ချိန် (၉) နာရီခန့်တွင် ဗမာပြည်အထက်ပိုင်း မကွေးတိုင်း ပခုက္ကူမြို့တွင် ဘုန်းတော်ကြီး အပါး (၂၀၀) ခန့် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြပွဲ လုပ်ခဲ့ပါသည်။ ပခုက္ကူရှိ ဘုန်းတော်ကြီး ကျောင်းများမှ ဘုန်းတော်ကြီး အပါး (၂၀၀) ခန့်သည် သာသနာ့အလံ (၃) လက်ကို ကိုင်ဆောင်၍…ဗိုလ်ချုပ်လမ်း..သီတာလမ်း တစ်လျောက် သုံးပါးစီ စီတန်း၍ “လူအချင်းချင်းနှိပ်စက်ခြင်းကင်းရှင်းကြပါစေ….” “တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ…” ဟူသော ရွတ်ဖတ်သံများဖြင့် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ယနေ့မနက်တွင် စစ်အစိုးရမှလည်း ပခုက္ကူမြို့တွင် အတင်းအကြပ် လူထုထောက်ခံပွဲ တစ်ခုကို လုပ်ခဲ့သည်။ ဒေသခံပြည်သူများကို “ထောက်ခံပွဲ တက်ရောက်လျှင် ကျပ် ၁၅၀၀ ပေးမယ်… မတက်ရောက်ရင် ကျပ် ၃၀၀၀ ဒဏ်ဆောင်ရမယ်” ဟုပြောဆိုခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ အမျိုးသားညီလာခံ ထောက်ခံ ပွဲကိုလက်ခံပြီး၊ သံဃာတော်များ ဆန္ဒပြမူကို ဆန့်ကျင်ခဲ့သော အာဏာပိုင်များ၏ လုပ်ရပ်ကို ဆန့်ကျင် ကန့်ကွက် သောအနေဖြင့် သံဃာတော်များက စီတန်းလမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ အာဏာပိုင်များအနေဖြင့် ညီလာခံထောက်ခံပွဲကို လက်ခံလျှင် သံဃာတော်များ၏ ငြိမ်းချမ်းသော လမ်းလျှောက် ဆန္ဒပြပွဲကိုလည်း လက်ခံ ရမည်ဖြစ်ကြောင်း သံဃာတော်များမှ ပခုက္ကူအာဏာပိုင်များထံ အကြောင်းကြားခဲ့သည်။

ပခုက္ကူမြို့သည် ဘုန်းတော်ကြီးများ ဦးဆောင်သော စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးစတင်ခဲ့ရာ မြို့လည်း ဖြစ်ပါသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒပြသော ရဟန်းသံဃာများကို စစ်အစိုးရ မှ အကြမ်းဖက် နှိမ်နင်းခြင်း၊ ဘုန်းတော်ကြီးများကို လမ်းဘေးဓါတ်တိုင်များတွင် ကြိုးတုတ်ထားခြင်း တို့ကြောင့် မြန်မာနိုင်ငံတ၀န်းလုံးရှိ ရဟန်းသံဃာများ စစ်အစိုးရအား ဒေါသထွက်ခဲ့အပြီး၊ သပိတ်မှောက် ကံဆောင်ပွဲများ ဖြစ်ပေါ်ခဲ့သည်။

ဦးဆောင်သံဃာတော် တစ်ပါးမှ ဆန္ဒပြပွဲ အပြီးတွင် ဒီဗွီဘီနှင့်အင်တာဗျူး ပြုလုပ်ရာတွင် ပြည်သူလူထုကို မကြောက်ဖို့….နောင်လာသားသမီးများ အတွက်စဉ်းစားဖို့ မိန့်ကြားသွားခဲ့ပါသည်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရဟန်းသံဃာတော်များနှင့် ပြည်သူများ မိမိတို့လိုအင်ဆန္ဒများ အတွက် ရဲရဲဝံ့ဝံ့ဖော်ထုတ် ကြရန်လည်း တိုက်တွန်း သွားခဲ့သည်။

တောင်းဆိုချက်များမှာ စက်တင်ဘာလအတွင်းက တောင်းဆိုခဲ့သည့်အတိုင်း

၁။ ကုန်ဈေးနူန်းများချပေးရန်
၂။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်
၃။ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးပွဲများအမြန်ပြုလုပ်ရန်

No comments: