17 January, 2009

ခံနိုင်ရည်ကိုစမ်းသပ်ခြင်း (၃)

အလုပ်လုပ်ချင်တယ်
အလုပ်ခန့်မယ့်သူမရှိဘူး
ဗိုက်ဆာတယ်
စားစရာမရှိဘူး
ရည်းစားတစ်ယောက်လောက်လိုချင်တယ်
ပိုက်ဆံမရှိဘူး

လမ်းကြိုလမ်းကြားတွေထဲ
အလေအလွင့်တစ်ယောက်လို
လျှောက်သွားနေမိ
အောက်ကိုငုံ့ကြည့်တော့
ပေါက်နေတဲ့
ငါ့ဖိနပ်တစ်ရံကိုတွေ့တယ်
အပေါ်ကိုမော့ကြည့်တော့
အိုဇုံးလွှာပါးနေတဲ့
ကောင်းကင်ကြီးကိုတွေ့တယ်
ဘေးဘီဝဲယာလှည့်ကြည့်တော့
စစ်ဖြစ်နေတဲ့ ကမ္ဘာကြီးကိုတွေ့ရတယ်

မြို့ထဲသွားဖို့ဘတ်စ်ကားလက်မှတ်မရှိဘူး
နယူးရောက်သွားပြီးအရေးဆိုဖို့
အခွင့်အရေးမရှိဘူး
နတ်ပြည်ရောက်ဖို့ကံဇာတာမရှိဘူး


စိတ်ကူးနဲ့
ရှန်ပိန်ပုလင်းကိုဖောက်

ဆဲဗင်းစတားဟိုတယ်တစ်ခုမှာ
ဇိမ်ခံကြည့်မိတယ်
 

လက်တွေ့မှာ
မီးမလာဘူး
ရေပိုက်ကရေလာရင် 

ဒုလဘ္ဘလို့သတ်မှတ်နေရ

ကမ္ဘာကြီးလုံးတာပြားတာ
အကြောင်းမဟုတ်ဘူး
ငါ့တို့ဘ၀လုံးပါးပါးနေရတဲ့ကိစ္စ
ဘယ်လိုလုပ်ကြမှာလဲ


သူငယ်ချင်းတွေနဲ့တွေ့တော့
စိတ်ဓါတ်ကျစရာစကားတွေကြားရတယ်
ကောင်မလေးတွေနဲ့တွေ့တော့
ကိုယ့်ကိုကိုယ်သနားတယ်
ဗိုင်းရပ်စ်ဝင်နေတဲ့ကမ္ဘာကြီးအကြောင်းစဉ်းစားမိတိုင်း
ဒေါသထွက်တာတရားတယ်

ဒုက္ခသစ္စာတရားကိုနာတယ်
ခန္တီစသီးခံခြင်းနဲ့ စိတ်ကိုဖြေကြည့်တယ်
မေတ္တာသုတ်နဲ့တောင်
မန်းမူတ်လို့မရတော့တဲ့အခြေအနေမှာ
ဘယ်တရားဓမ္မမှ
ငါ့ကိုနားမချနိုင်တော့
 

ချောင်ပိတ်အရိုက်ခံရရင် ခွေးတောင်
အသေခံပြီးပြန်ကိုက်တတ်တယ် ။…..။

ငြိမ်းချမ်းအောင်
11 Jan 2009

5 comments:

ဆောင်းယွန်းလ said...

ကဗျာဆရာ..လက်စောင်းထက်ပါပေ့..
ဒီကဗျာကိုကျနော်ကြိုက်တယ်ဗျာ...
စကားလုံးတွေသုံးထားတာနေရာကျလိုက်ပေဘိ...
စမ်းသပ်ခြင်း၎တို့၅တို့ဆက်လုပ်ပါဗျို့..အားပေးနေတယ်
ခင်မင်လျက်....

Kaung Kin Ko said...

ကောင်းတယ်အစ်ကို။ အားမာန်အပြည့်ပဲ။

ကိုအောင် said...

စမ်းသပ်ခြင်း (၄)နဲ့ (၅)ကို မျှော်နေမယ် ကိုငြိမ်းချမ်း
ရေ။ အားပေးလျက်ပါ။

ATN said...

ဘာပဲဖြစ်ဖြစ် ခံနိုင်ရည်ကတော့ ရှိနေသေးတယ် ဟုတ်လား...

Apprenticeship said...

အင်း ရည်းစားလေးတစ်ယောက်တော့ လိုချင်တာပေါ့ ငါ့မှာလဲ အသဲနဲ့ပဲ ချစ်တတ်ပါတယ်လို့ သွားပြောလိုက် :D :P