20 March, 2009

“ပိတောက်နဲ့ဆောက်တဲ့ နိုင်ငံတော်”


ပိတောက်က ငါ့ရင်ခုန်ဖက်
ဥသြငှက်က မဟူရာ တမန်တော်
ငုဝါပန်းက ငါ့အလွမ်းများ
နွေရက်တွေနဲ့ အဝေးကြီး ဝေးခဲ့သမျှ
အဆွေးကြီးဆွေးခဲ့ရ နှစ်တွေထဲ
ငါက အချစ်နဲ့စစ်ရဲ့
ပဋိပက္ခ အကျဉ်းသား။

အင်တာနက်မှာ
တစ်နှစ်တစ်ခါ ပွင့်တဲ့ ပိတောက်ကို
စိတ်ကူးမှာခူးပြီး
ရူးလောက်အောင် လွမ်းနေရ..

ရေကင်းသံတွေကြားမှ
သတိရတာမဟုတ်ပါဘူး ပိတောက်ရယ်
ခင်လျှက်နဲ့ဝေး
ကြင်လျှက်နဲ့ဆွေးနေရတဲ့ အဖြစ်ပါ။

တန်ခူးလေသွေးမှ
မွှေးမြတာမဟုတ်ပါဘူး ပိတောက်ရယ်
လွမ်းလျှက်နဲ့ခွဲ
ကျွမ်းလျှက်နဲ့လွဲခဲ့ရတဲ့ အဖြစ်ပါ။

သစ္စာနဲ့ ပွင့်တဲ့ ပိတောက်နဲ့
ဆောက်တဲ့ နိုင်ငံတော်မှာ
သူရဲကောင်းစိတ်ဓါတ် “အဓွန့်ရှည်ပါစေ”

ဒေါ်အောင်ဆန်းစုကြည်"ကျန်းမာပါစေ"
ပိတောက်ပန်းများ “ငြိမ်းချမ်းပါစေ”

‘ငုနဲ့ ပိတောက်တို့နွေမှာ လိုင်
စုနဲ့ ခမောက်တို့မေမှာ နိုင်’ ခဲ့တယ်။

ခမောက်က ငါ့နိုင်ငံတော်

စုက ငါ့သေနာပတိ
ဥသြငှက်က ငါ့အလွမ်းများ
အမှန်တရားတွေ ဆွံ့အ
ဖွင့်ဟခွင့်မရခဲ့သမျှ
ပိတောက်က.. အချစ်နဲ့စစ်ရဲ့
မလွတ်မကျွတ်ခြင်း သားကောင်။ ။

ငြိမ်းချမ်းအောင်

မနှစ်က ဧပြီတစ်ရက်နေ့မှာ ပိတောက်တမ်းချင်း ကဗျာတစ်ပုဒ်ရေးခဲ့တယ်။ ဒီနှစ်တော့ နွေဦးက စောတယ်ထင်တယ်။ မနက်တုံးက သွားဖြစ်တဲ့ ဘလောဒ့်နှစ်ခုထဲက တစ်ခုမှာ ရေးထားတယ်၊ 'ဒီမှာ.. ပိတောက်တွေပွင့်နေပြီ' တဲ့။ နောက်ဘလောဒ့်တစ်ခုမှာကျတော့ ငုဝါပန်းပုံတွေ တင်ပေးထားတာ တွေ့ရတယ်။ အမှန်အတိုင်းဝန်ခံရရင် ကျနော်လည်း ငုနဲ့ ပိတောက်ကို အရူးအမူး ချစ်သူတစ်ယောက်ပါ။ မနှစ်ကရေးဖြစ်တဲ့ လွမ်းနေတဲ့ ပိတောက်ဝါ ဆိုတဲ့ ကဗျာလေးက ဒီနေရာမှာပါ။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ..

6 comments:

Anonymous said...

လွမ်းနေတဲ့ရင်ကို အလွမ်းတွေ ထပ်ပေးလိုက်သလိုပါပဲလား ကဇျှာရာရယ်။

လါမ်းလိုက်တာ...

Anonymous said...

လွမ်းနေတဲ့ရင်ကို အလွမ်းတွေ ထပ်ပေးလိုက်သလိုပါပဲလား ကဗျာဆရာရယ်။

လွမ်းလိုက်တာ...

နှင်းပွင့်ဖြူ said...

ဟုတ်တယ်နော်... ပိတောက်နဲ့ဆောက်တဲ့ နိုင်ငံတော် ..
မြန်မာနိုင်ငံနဲ့ ပိတောက်ပန်းက ခွဲလို့မရဘူး။
သင်္ကြန်နဲ့ ပိတောက်ပန်းလိုပေါ့..........

ဆောင်းယွန်းလ said...

ဒီကဗျာကိုတော့ ကိုငြိမ်းချမ်းအောင်ရဲ့ ကဗျာတွေထဲက ကျနော့်ရဲ့ အကြိုက်ဆုံးကဗျာတပုဒ်အဖြစ် သတ်မှတ်လိုက်ပြီ

ကိုအောင် said...

ကဗျာလေးက ဖတ်လို့ အရမ်းကောင်းတယ်ဗျာ။

Anonymous said...

ကဗျာလေးကို ထပ်ခါ ထပ်ခါ လာဖတ်ဖြစ်တယ်။ ပြီးတော့ ပိတောက်၊သင်္ကြန် နဲ့ ငယ်ဘ၀တွေကိုသတိရတယ်၊

"ရေကင်းသံတွေကြားမှ
သတိရတာမဟုတ်ပါဘူး ပိတောက်ရယ်
ခင်လျှက်နဲ့ဝေး
ကြင်လျှက်နဲ့ဆွေးနေရတဲ့ အဖြစ်ပါ။"

တကယ်ကိုပဲ ခင်လျှက်နဲ့ ဝေးပြီး ကြင်လျှက်နဲ့ဆွေးနေရတဲ့ အဖြစ်တွေပါ..