16 August, 2009

လရောင် အဝေး

မနေ့ညက
အခန်းထဲဝင်လာတဲ့လရောင်
ငါ့အတွက်
သိပ်ပြီး.. တောက်ပြောင်လွန်းတယ်..။

တစ်ညပြီး.. နောက်..တစ်ည
တစ်လပြီး.. နောက်..တစ်လ
လကွယ်ညတွေ ကုန်လွန်သွားရင်
ငါ့ပြတင်းမှာ
လရောင် ဆက်ဆက်သာလိမ့်ဦးမယ်..။

လရောင်ဟာ
ဂုဏ်ပကာသနမမောက်ဘူး
အသားအရောင်မခွဲခြားဘူး
လရောင်မှာ လိင်တူအခွင့်အရေးရှိတယ်
ပြီးတော့ ငြိမ်းချမ်းရေးလည်းရှိတယ်..။

လရောင်နဲ့တွေ့ဖို့
မာစီဒီးကားကြီးစီးလာစရာမလိုဘူး
စိန်လက်စွပ်ကြီး ၀တ်ထားစရာမလိုဘူး..။

ဒါပေမဲ့
အကျဉ်းထောင်ထဲက အိပ်ဆောင်တွေမှာ
ဆုံးရူံးခဲ့ရတဲ့ လရောင်ကို
အစား ဘယ်သူပြန်ပေးမှာလဲ..။

တော်သေးရဲ့
လရောင်မှာ
ဇီဇ၀ါတွေ မွှေးမြလို့မို့
ငါ့နေ့တွေ အဓိပ္ပါယ်ပြည့်ဝလာခဲ့ရတယ်..။

ငြိမ်းချမ်းအောင်

3 comments:

ဆောင်းယွန်းလ said...

ဒါပေမဲ့
အကျဉ်းထောင်ထဲက အိပ်ဆောင်တွေမှာ
ဆုံးရူံးခဲ့ရတဲ့ လရောင်ကို
အစား ဘယ်သူပြန်ပေးမှာလဲ..

ထိခိုက်ကြေကွဲစရာကောင်းလိုက်တာဗျာ....

Moe Hlaing Nya said...

အကျဉ်းထောင်ထဲက လရောင်ကို
အလင်းလှောင်အိပ်ဆိုပြီး ညီရေးဖို့
ကြိုးစားဖူးတယ်...
ကော်ရစ်ဒါမှာ ရေးအိုးကို လှဲချပြီး
လရောင်ကိုဖမ်းခဲ့ရတဲ့ လူအချို့အကြောင်း
ဘာအလင်းမှ မရနိုင်တဲ့ဘ၀မှာ
လရောင်ဟာ အသက်တမျှ တန်ဖိုးကြီးတယ်အစ်ကို

Nyein Chan Aung said...

ကိုဆောင်း.. Comment အတွက်ကျေးဇူးဗျို့။ ကိုဆောင်းဆီကို ရောက်တယ်။ ဒီရက်ထဲ အလုပ်များနေလို့ အချိန်လုနေရတဲ့ အတွက် Comment မထားဖြစ်ခဲ့တာဗျာ။

မိုးလိုင်ညရေ.. ညီ့ဆီကို မကြာမကြာရောက်ပါတယ်။ ရေးအားကောင်းတာ အားကျတယ် ညီရေ။ Comment အတွက်ကျေးဇူး..