11 April, 2009

ပိရိသေသပ်သော အကြောင်းအရာ

ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားကို မကြည့်ချင်ပါဘူး
'အိုဂါကူရီလန်ကို' ဆိုတဲ့ကလေးမရဲ့ အလှဟာ
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အချစ်ဆိုတဲ့ လောင်စာဆီထည့်ပြီး
ငယ်စဉ်က မောက်မာခဲ့ဖူးတယ်
အခုတော့ ကိလေသာကိုပဲ ပြန်ပြီးလွမ်းနေရ
ငွေကြေးဆိုတာ ရှာဖွေလို့ရတယ်
လူငယ်ဘ၀ဆိုတာက ပြန်မရနိုင်တော့ဘူးမဟုတ်လား
'အင်ဒရီနာလီမာ' ကပြောတယ်
“ကျမက ကက်သလစ်ဘာသာဝင်လေ
လိင်မှုကိစ္စဆိုတာ လက်ထပ်ပြီးမှ လုပ်ရတာမျိုးပါ” တဲ့
စိတ်ကူးကို မီးရို့ရင် ပဲရစ်မြို့ကြီး ပြာကျသွားနိုင်တယ်
ကျနော်က လစ်ဘရယ်မဖြစ်ဘူး
အစွန်းနှစ်ဖက်မှာ တစ်လှည့်စီရပ်ရင်း
အလယ်ဗဟိုကို မရောက်နိုင်ဘူးဖြစ်နေတယ်
ဖြစ်သင့်တာကတခြား ဖြစ်နေတာကတခြားဆိုတော့
ယုံကြည်ရာကို မယုံကြည်သလို
မယုံကြည်ရာကို ယုံကြည်သလို ဟန်လုပ်နေရ
အကြောင်းအရာတွေက နက်နဲလွန်းပါတယ်
ခေါင်းစဉ်တစ်ခုချင်းစီနောက် လျှောက်လိုက်နေမိတော့
ဖြစ်စဉ်တစ်ခုလုံးနဲ့ ဝေးဝေးသွားတယ်
ကိုလိုနီခေတ်မှာလည်း ဧရာဝတီမြစ်ကြီး စီးဆင်းခဲ့တယ်
‘ရွှေဘ’ ခေတ်ကုန်တော့ '၀င်းဦး’ ခေတ်ရောက်လာတယ်
တစ်စက္ကန့်ခြင်း တစ်မိနစ်ခြင်း ရှူသွင်းနေရတဲ့လေထဲမှာ
အမုန်း၊ အာဃာတနဲ့ စစ်မက်ရနံ့တွေ တောက်လောင်နေတယ်
၂၀၀၈ ရုံတင်ဇာတ်ကားတွေ ကြည့်ဖြစ်တယ်
Slumdog Millionaire ထဲက အချစ်ဇာတ်လမ်းကတော့
ခမ်းနားထည်ဝါလွန်းပါတယ်
အချစ်နဲ့ မျှော်လင့်ချက်ကိုထမ်းပိုးလို့
ကမ္ဘာကြီးက ခရီးဆက်နေတယ်
အရင်းအနှီးပါတဲ့ ကဗျာတစ်ပုဒ်ဟာလည်း
ရာစုနှစ်တွေ ဖြတ်သန်းပြီး ခရီးနှင်နေဆဲ
ကျနော်တို့ မသောက်ရဲတဲ့ အဆိပ်ခွက်ဟာ
ကျနော်တို့ လိုက်ရှာနေတဲ့ ပုစ္စ္စာရဲ့ အဖြေပါပဲ
ဘာပဲဖြစ်ဖြစ် ပြတင်းတံခါးတွေ ဖွင့်လိုက်ကြတော့

အိမ်အပြင်မှာ ပိတောက်တို့ဖူးပြီ
နွေဦးသစ်ပြန်ပြီ။ ။

ငြိမ်းချမ်းအောင်

4 comments:

တန်ခူး said...

ကျနော်တို့ မသောက်ရဲတဲ့ အဆိပ်ခွက်ဟာ
ကျနော်တို့ လိုက်ရှာနေတဲ့ ပုစ္စ္စာရဲ့ အဖြေပါပဲ… တဲ့လား…
တကယ်ပဲ အဲဒီလို ဖြစ်နေပြီလား… ရင်တွေမောမောလာတယ်…
ပိတောက်ရနံ့ တွေက အဆိပ်များပြေစေမလားပဲ…

လုံမ said...

ပျော်စရာကဗျာလေးတွေ ပိုပြီးတော့ တောင့်တမိတယ် ကဗျာဆရာရေ...
အထူးသဖြင့်ဒီလိုအချန်မျိုးမှာပေါ့-

"ဖြစ်သင့်တာကတခြား ဖြစ်နေတာကတခြားဆိုတော့
ယုံကြည်ရာကို မယုံကြည်သလို
မယုံကြည်ရာကို ယုံကြည်သလို ဟန်လုပ်နေရ"

မယုံကြည်စရာတွေက ပိုပိုများလာနေလို့
တခါတလေတော့လည်း လက်တွေ့လူ့ဘ၀ရဲ့ အဖြစ်ပျက်တွေကို ခဏလေးပဲဖြစ်ဖြစ် မေ့ထားရင်းနဲ့ပေါ့....

ဆောင်းယွန်းလ said...

ကျနော်တို့ မသောက်ရဲတဲ့ အဆိပ်ခွက်ဟာ
ကျနော်တို့ လိုက်ရှာနေတဲ့ ပုစ္စ္စာရဲ့ အဖြေပါပဲ
ဘာပဲဖြစ်ဖြစ် ပြတင်းတံခါးတွေ ဖွင့်လိုက်ပါတော့
အပြင်ဘက်မှာ ပိတောက်တွေပွင့်နေပြန်ပြီ။

တကြောင်းချင်းကို သေသေချာချာဖတ်ရင်း နက်နက်ရှိုင်း
ရှိုင်းခံစားသွားပါတယ် ကဗျာဆရာရေ...

မိုးမြင့်အောင် said...

ကြိုက်တယ်